Sunday, July 25, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၄၁)

အခန်း (၄၁) ဂျော့ရှယ်လဗီ

    ထို့နောက် နှစ်ရက်မြောက်သောနေ့တွင် လူငယ်တစ်ယောက်သည် မြင်းလှည်းတစ်စီးကို မောင်းနှင်လျက် လက်ဂရီး၏ ခြံဝင်းတွင်းသို့ ၀င်လာခဲ့လေသည်။ ထိုသူကား ဂျော့ရှယ်လဗီတည်း။
    ဦးလေးတွမ်၏ ဒုတိယမြောက်သော သခင်ဖြစ်သော စိန့်ကလဲယား ကွယ်လွန်ပြီးနောက် ဦးလေးတွမ် ရင်ဆိုင် ရအံ့သော အဖြစ်အပျက်ကို မစ္စအော်ဖီလီယာသည် ဦးလေးတွမ်၏ ပထမ သခင်မဖြစ်သော မစ္စက်ရှယ်လဗီ ထံသို့ စာရေးပေးပို့ခဲ့၏။ သို့ရာတွင် ထိုစာသည် စာတိုက်တခု၌ တလကျော် နှစ်လနီးပါးမျှ အောင်း နေခဲ့သည်ဖြစ်ရာ မစ္စက်ရှယ်လဗီ စာလက်ခံရသောအချိန်၌ ဦးလေးတွမ်အဖို့ မြစ်နီမြစ်ကမ်းဘေးက ရွှံ့နွံ့ များကြားတွင် လမ်းစပျောက်နေခဲ့ပြီ ဖြစ်လေသည်။

    မစ္စက်ရှယ်လဗီအဖို့တွင်လည်း ထိုစာကို အလေးအနက်ထား၍ ဖတ်ရှုခဲ့ရသည့်တိုင်အောင် ထိုစာ လက်ခံရရှိသောအချိန်၌ မစ္စတာရှယ်လဗီ အပြင်းအထန် ဖျားနာနေသဖြင့် ဦးလေးတွမ့် ကိစ္စ ကို ရုတ်တရက် မဆောင်ရွက်နိုင်ပဲ ရှိခဲ့ရသည်။ သို့စေကာမူ မစ္စက်ရှယ်လဗီသည် အော်ဖီလီယာ၏ စာ၌ ဖော်ပြ ထားသော ရှေ့နေထံသို့ စာရေး၍ စိန့်ကလဲယား၏ အစေခံများသည် မည်သူ့ထံသို့ ရောင်းပစ်လိုက်ကြောင်း စုံစမ်းခဲ့ သေးသည်။

    ထို့နောက် များမကြာမီပင် မစ္စတာရှယ်လဗီ ကွယ်လွန်အနိစ္စ ရောက်လာလေသည်။ ထိုအခါ မစ္စက်ရှယ်လဗီသည် အရွယ်ရောက်လာပြီဖြစ်သော သား ဂျော့ ရှယ်လဗီ၏ အကူအညီဖြင့် ခင်ပွန်းဖြစ်သူ၏ လုပ်ငန်း များကို စာရင်းရှင်းရပြန်လေပြီ။ ထိုအတွင်းမှာပင် စိန့်ကလဲယား၏ ရှေ့နေ ထံမှ ပြန်စာကို လက်ခံ ရရှိ၏။ ထိုစာ၌ တွမ့်ကို လေလံပွဲတွင် ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း၊ မည်သူ ၀ယ်ယူသွားသည်ဟု အတိ အကျ မသိရကြောင်း ပါရှိ၏။ ထိုအခါ သားအမိနှစ်ယောက် စလုံး စိတ်မကောင်း ဖြစ်ကြရပြန်လေသည်။ ထို့ကြောင့် လအနည်းငယ်ခန့်ကြာသောအခါတွင် ဂျော့ ရှယ်လဗီသည် အလုပ်ကိစ္စဖြင့် တောင်ပိုင်းသို့ လာခဲ့၏။ ထိုအခါ ဂျော့သည် တောင်ပိုင်း၌ ဦးလေးတွမ်ကို ရှာဖွေစုံစမ်းပြီး ပြန်လည် ၀ယ်ယူရန်အတွက် ငွေကို အသင့်ယူခဲ့၏။ ဤသို့ဖြင့် ဂျော့ ရှယ်လဗီသည် စုံစမ်း၍ လက်ဂရီးထံသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

    ဂျော့သည် လက်ဂရီး၏ အိမ်တွင်းသို့ ၀င်ခဲ့သည်။ လက်ဂရီးအား အနားယူခန်း၌ တွေ့ရ၏။ လက်ဂရီးသည် ဂျော့ အား ခရီးဦးကြို ပြုသည်။
    "ခင်ဗျား နယူးအောလင်းကနေပြီး တွမ်ဆိုတဲ့ ကျွန်တယောက် ၀ယ်ခဲ့တယ်သိရလို့ပါ။ အဲဒီ လူဟာ ကျနော့် အဖေခြံမှာ လုပ်သွားတဲ့ လူပါ။ အဲဒါ ကျနော် ပြန်ဝယ်လို့ ရနိုင်မလား လာခဲ့တာပါ ဘဲ"
    လက်ဂရီးသည် မျက်စိမျက်နှာ ပျက်သွား၏။

    "ဟုတ်တယ်။ ငါ အဲဒီလူကို ၀ယ်လာတယ်။ ငါ့အဖို့တော့ မဟာအမှားဘဲဗျို့။ သူ့ကို ၀ယ်မိ တာ ကောင်း ကောင်း ထိတာဘဲ။ လူက အလကားလူဘဲ။ ငါ့အိမ်က ကောင်မနှစ်ယောက် လွတ်ပြေး အောင် ကူညီတယ်။ အဲဒီ ကောင်မတွေ ဘယ်မှာလဲ ဆိုတာလဲ မပြောဘူး။ ဒါနဲ့ ငါဒီကောင့်ကို အကြီးအကျယ် တီးတဲ့လိုက်တယ်။ သေခါ တောင် နီးနေပြီ။"
    လက်ဂရီး စကားကြောင့် ဂျော့ရှယ်လဗီ၏ မျက်နှာတွင် ဒေါသသွေး ဖြာလာသည်။

    "ခု သူဘယ်မလဲ။ ကျုပ် သူ့ကို တွေ့ချင်တယ်"
    "ဟိုဘက် တန်းလျားကြီးထဲမှာဗျ" ဂျော့၏ မြင်းကို ကိုင်လျက် စောင့်နေသော နီးဂရိုး ကလေး တယောက် က ၀င်ပြောလိုက်သည်။
    လက်ဂရီးသည် နီးဂရိုးကလေးဆီသို့ ရောက်လာပြီး နီးဂရိုးကလေးအား ဆဲဆို ကြိမ်းမောင်း ကန်ကျောက် ပစ်လိုက်သည်။ ဂျော့သည် ဘာမျှ မပြောဘဲ နီးဂရိုးကလေးပြောပြရာ တန်းလျားဆီ သို့ ထွက်ခဲ့၏။

    ဦးလေးတွမ်သည် တန်းလျားထဲ၌ လဲနေသည်မှာ နှစ်ရက်ကြာခဲ့ပြီ ဖြစ်၏။ အားနည်း ပင်ပန်းနေသဖြင့် ဝေဒနာ ကိုပင်လျှင် မေ့လျော့နေ၏။ ညအခါများ၌ သူ၏ အဖော်အပေါင်းများသည် သူ့ထံသို့ တိတ်တဆိတ် ရောက်လာကြကာ အကူအညီပေးကြ၏။ အချို့သည် သူ့အတွက် ဆုတောင်းကြ၏။ အချို့သည် ငိုယိုကြ၏။

    ကက်ဆီ သည် အထပ်ခိုးမှနေ၍ အကြောင်းစုံကို ကြားရမြင်ရပြီး ဖြစ်သဖြင့် တညတွင် စွန့်စား၍ ဦးလေးတွမ် ရှိရာသို့ လာခဲ့သည်။ သူနှင့် အယ်မလင်အတွက် ဒုက္ခတွေ့နေရသော ဦးလေးတွမ်အတွက် ယူကျုံးမရ ဖြစ်ကာ ငိုကြွေးရ၏။ ဦးလေးတွမ်အတွက် ဖုရားသခင်၌ပင် ဆုတောင်းခဲ့သေး၏။

    ဂျော့သည် တန်းလျားတွင်းသို့ ၀င်လာ၏။ ဦးလေးတွမ်ကို မြင်လိုက်ရသည်နှင့် ဦးခေါင်း သည် မိုက်ကနဲ ဖြစ်သွား သည်။ ရင်ထဲမှာလည်း နာကျင်သွား၏။
    "ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါ့မလား" သူသည် မြင်ရသော အဖြစ်ကို မယုံနိုင်သေးဟန် ရှိ၏။ နှုတ်က ရေရွတ်ရင်း ဦးလေးတွမ်ဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး "ဦးလေးတွမ်။  အို၊ ဦးလေးတွမ် ရယ်" တသသ ခေါ်ကြည့် သည်။

    ဦးလေးတွမ်၏ ဦးခေါင်းသည် အနည်းငယ် လှုပ်ရှားလာသည်။ ဖုရားရှိခိုးတပိုဒ်ကို ရွတ်ဆို နေသည်။
    "ဦးလေးတွမ်။ ထကြည့်စမ်းပါအုံး ဦးလေးတွမ်။ ကျနော့်ကို ကြည့်စမ်းပါအုံး။ ဂျော့လေ ဦးလေးတွမ်။ ဦးလေးတွမ် ကျနော့်ကို သိတယ် မဟုတ်လား"
    ဦးလေးတွမ်သည် မျက်လုံးကို အားယူပြီး ဖွင့်သည်။
    "သခင်ကလေးဂျော့" သူ့အသံသည် တိမ်ဝင်သွားသည်။

    ဦးလေးတွမ်သည် တဖြည်းဖြည်း သတိပြန်လည်လာသည်။ အားတက်လာသည်။ လက်ကို အားယူပြီး ပိုက်ထား သည်။ မျက်ရည်များ သွယ်ကျလာသည်။
    "ကောင်းချီးပေးတော်မူပါ အရှင်မြတ်။ သူတို့သည် ဖုရားတပည့်တော်အား ဘယ်အခါမျှ မေ့ဖျောက် ပစ် ကြမည် မဟုတ်ပါ။ ဒီအတွက် ဖုရားတပည့်တော် သေရမည်ကို ကျေနပ်နှစ်သိမ့်နိုင်ပါ သည် အရှင်ဖုရား။ တပည့်တော် အား ကောင်းချီပေးပါ အရှင်ဖုရား"

    "အို၊ ဦးလေးတွမ် မသေရဘူး။ ဦးလေးတွမ် ဒါကို မတွေ့ပါနဲ့။ ကျနော်လေ ခု ဦးလေးတွမ် ကို ၀ယ်ယူ မလို့ လာတာ ဦးလေးတွမ်။ ကျနော် ဦးလေးတွမ်ကို အိမ်ကို ပြန်ခေါ်သွားမလို့"
    "အို၊ သခင်လေးရယ်။ သခင်လေး အလာ နောက်ကျသွားပြီ။ ကျုပ်ကို ဖုရားသခင်က ဆောင်ကျဉ်း တော့မယ်။ ကျုပ်တောင်းတခဲ့တဲ့ ဗိမာန်ကို ကျုပ် ရောက်ရတော့မယ်။ ကောင်းကင် ဘုံဟာ ကင်တတတ်ကီ က တဲကလေးထက် ကောင်းပါတယ် သခင်လေး"

    "အို၊ အို ဦးလေးတွမ် ဦးလေးတွမ် မသေရဘူး။ ဦးလေးတွမ် ခံစာနေရတာ မြင် မြင် မြင်ရ တော့ ကျ ကျ ကျနော် ရင်နာ လှတယ် ဦးလေးတွမ်ရယ်၊ သနားစရာပါလား ဦးလေးတွမ်"
    "ကျုပ်ဟာ သနားစရာ မဟုတ်ဘူး သခင်လေး။ ဟုတ်တယ်၊ ဟိုတုန်းကတော့ ကျုပ်ဟာ သနားစရာဘဲ။ ဒါပေမယ့် ခု မဟုတ်ဘူး။ ခု ကျုပ် ကောင်းကင်ဘုံကို ရောက်ရတော့မယ်။ ကျုပ် အောင်ပွဲရပြီ သခင်ကလေး"
    ဂျော့သည် စကား မဆက်နိုင်လောက်အောင် ဆို့နင့်နေရပေပြီ။

    ဦးလေးတွမ်သည် ဆက်ပြောနေ၏။
    "အဖွားကြီးချလိုကိုတော့ ဒီအဖြစ်တွေ ပြန်မပြောလိုက်ပါနဲ့ သခင်လေးရယ်။ ကျုပ်ဟာ ကောင်းကင်ဘုံကို ရောက်သွားပြီးဖြစ်တဲ့ အကြောင်း၊ ကျုပ်ဘေးမှာ ဖုရားသခင် အမြဲရှိသင့် အကြောင်းသာ ပြောပါ။ အော်၊ ကျုပ် ခလေးတွေ။ ကျုပ် ဒင်းတို့အတွက် ပူဆွေးခဲ့ရလှပါပြီ။ သူတို့ လေးတွေကို ပြော ပြော ပြောပါသခင်။ ကျုပ် နောက်ကို လိုက်ခဲ့ကြပါလို့။ သခင်နဲ့ သခင်မကိုလဲ ကျုပ် ချစ်မြတ်နိုးလျက်ရှိတဲ့အကြောင်း၊ အားလုံးကိုဘဲ ကျုပ်သတိရ တဲ့အကြောင်း ပြောပြောပါ သခင်လေးရယ်"

    ထိုအခိုက်မှာပင် လက်ဂရီးသည် ဦးလေးတွမ်၏ အခန်းဝသို့ ရောက်လာသည်။
    ဂျော့သည် တံခါးဝကို လှမ်းကြည့်ပြီး
    "လူယုတ်မာကြီး။ ခင်ဗျား တနေ့ အပြစ်ခံရမှာဘဲ" ပြောချလိုက်သည်။
    "ဒီလိုမပြောပါနဲ့ သခင်လေးရယ်။ သူ ဖုရားသခင်ရဲ့ တပည့်သား ဖြစ်ချင်ဖြစ်လာမှာဘဲ" ဦးလေးတွမ်က ပြောသည်။
    "မဖြစ်ဘူး။ ဒင်းလို လူမျိုးကို ကျုပ် ကောင်းကင်ဘုံမှာ မတွေ့ချင်ဘူး"
    တွမ်သည် အားပြတ်သွားသည်။ အသက်ရှူ မြန်လာသည်။ သူ့မျက်နှာပြင်သည် တောက်ပ နေဟန် ရှိ၏။

    စကားတခွန်းကို အားယူ၍ ပြောပြန်သည်။ ခရစ်တော်၏ မေတ္တာတရားကို အောက်မေ့ ဆင်ခြင်လိုက်ခြင်း ဖြစ်သည်။ အားယူ၍ ပြုံးထားသည်။ ထိုနောက် ငြိမ်ဆိတ်သွားလေတော့သည်။
    ဂျော့သည် ဦးလေးတွမ် အနားတွင် မတ်တတ်ရပ်လိုက်ပြီး လက်ဂရီးဘက်သို့ လှည့်၍
    "ခင်ဗျား သူ့ကို ကြိုက်သလောက် နှိပ်စက်ပြီးပြီ။ ကဲ၊ ဒီတာ့ အလောင်းကိုဘဲ ကျုပ်ကို ရောင်း။ ကျုပ်အလောင်း ကို သွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ရလိမ့်မယ်" ပြောလိုက်သည်။

    "နီးဂရိုး အသေကောင်တွေကို ငါဘယ်တော့မှ မရောင်းဘူး။ အေး၊ မင်း လိုချင်ရင် ယူသွား၊ ကြိုက်တဲ့ နေရာမှာ မြှုပ်"
    ထို့နောက် ဂျော့သည် အနားတွင် လာကြည့်နေသော နီးဂရိုးများ၏ အကူအညီဖြင့် ဦးလေးတွမ်၏ အလောင်း ကို သူ့ ရထားပေါ်သို့တင်သည်။ ဂျော့သည် သူ့အပေါ်အင်္ကျီကို အလောင်းချမည့်နေရာတွင် ဖြန့်ခင်း ပေးထားသည်။

    "ဒီကိစ္စနဲ့ ပတ်သက်လို့ ကျုပ် ခင်ဗျားကို တရားရုံးမှာ တိုင်ရလိမ့်မယ်"
    "တိုင်ပေါ့။ ဘယ်မလဲ မင့်းဘက်က သက်သေ"
    ဂျော့သည် သတိလစ်သွားသည်။ မှန်သည်။ လက်ဂရီး၏ခြံ အနား၌ လူဖြူဟူ၍ လက်ဂရီးမှ အပ မည်သူမျှ မရှိ။ တရားရုံး၌ တရားဝင် သက်သေလိုက်နိုင်မှာလည်း လူဖြူသာ ဖြစ်၏။ နီးဂရိုးများ သက်သေ လိုက်သည် ကို တရားရုံးက အသိအမှတ်မပြု။ ဤအချက်ကို ဂျော့ သတိမေ့သွားခြင်း ဖြစ် သည်။

    "ဒီ နီးဂရိုး အသေကောင်များကို ရေကြီးခွင်ကျယ်လုပ်လို့"
    လက်ဂရီး စကားသည် ယမ်းပုံကို မီးကျလိုက်ခြင်း ဖြစ်လေသည်။ ဂျော့သည် လှည်းပေါ်မှ နေ၍ လက်ဂရီးကို တချက် လှမ်းရိုက်လိုက်ပြီး လှည်းကို မောင်းနှင်သွားလေတော့သည်။
    ထို့နောက် ဂျော့သည် ဦးလေးတွမ်၏အလောင်းကို ခပ်လှမ်းလှမ်းရှိ တောင်ကုန်းကလေး ပေါ်၌ သူနှင့် အတူ ပါလာသော လက်ဂရီးခြံက အစေခံများ၏ အကူအညီဖြင့် မြှုပ်နှံ သင်္ဂြိုဟ်လိုက် ၏။
    ဂျော့သည် သင်္ချိုင်းမြေ၌ ဒူးထောက် ထိုင်ချလိုက်ပြီး ဖုရားသခင်အား တိုင်တည်၍ သစ္စာ စကား ဆိုလိုက် လေသည်။
    "ကျွန်ုပ်သည် ထာဝရဖုရားသခင်အား တိုင်တည်၍ သစ္စာဆိုပါသည်။ ယခုအချိန်မှစ၍ ကျွန်ုပ်သည် ဤ နိုင်ငံ မှ ကျွန်စနစ်ဆိုးကြီး ပပျောက်ရေးကို ဆောင်ရွက်ပါမည် အရှင်ဖုရား"

အခန်း (၄၂) ဆက်ရန်
.

4 comments:

Anonymous said...

ဟင်..ဦးလေးတွမ်သေသွားပီ....

နှမျောလိုက်တာ..

အမရာ..ဖတ်ရတာလဲတိုလိုက်တာ..

မြတ်နိုး

အမုန်းမရှိတဲ့ကမ္ဘာ said...
This comment has been removed by the author.
လသာည said...

ဦးလေးတွမ် လွတ်မြောက်သွားပြီ...

ဧပရယ်လ်ပူး@ပူးတေ said...

အင်း ဂျော့ ရောက်လာပေမယ့် နောက်ကျသွားပြီနော်....

ဦးလေးတွမ် သနားပါတယ်... ဟို ၂ ယောက်လဲ ဘယ်လို ဆက်ဖြစ်မယ်မသိ..

ဖတ်ရတာ မွန်းကျပ်လိုက်တာ....