Sunday, July 25, 2010

ကြယ်နီ အပိုင်း (၁၃)

ကန်ရာသီ တော်သလင်းလ၏ တစ်နေ့သော နံနက်စောစောအချိန်ဖြစ်ပါသည်။
ကိုဒေါင်းစိန်သည် အိမ်ရှေ့ဘက်တွင် ထွန်းထားသော မီးခွက်ရှေ့၌ငုတ်တုတ်ကလေးထိုင်ကာ လက်ဖက်ရည် သောက်နေလေသည်။ အချိန်မှာ စောလွန်းလှသေး၍ ပတ်ဝန်းကျင်တွင် လူသံ သူသံများ ဆိတ်သုဉ်း နေပါ၏။ သို့သော် သူတို့ရပ်ရွာတွင် သည်အချိန် သည်အခါ၌ ကြားရမြဲဖြစ်သော ဘုရားရှိခိုးသံ၊ ကြေးစည်သံ ကလေးများကိုကား ကွက်တိ ကွက်ကျား ကြားရစ ပြုပေပြီ။

သူ့အိမ်နှင့် မျက်စောင်းထိုးအိမ်မှ ဦးဘိုးဂေါင်သည် ဘုရားရှိခိုးပြီးနောက် အမျှပေးဝေကာ မေတ္တာပင် ပို့နေလေပြီ။ ဆိတ်ငြိမ်သော အရုဏ်ဦးအချိန်ဝယ် သာယာနာပျော်ဖွယ်သော ဦးဘိုးဂေါင်၏ မေတ္တာ တေးသံ သည် ပျံ့ဝဲနေလေပြီ။ ဒုက္ခဒေါမနဿ၊ သောက ပရိဒေ၀ မီးတို့ဖြင့် တောက်လောင်လျက်ရှိ သော လူအပေါင်း အား ဦးဘိုးဂေါင်သည် သူ၏ မေတ္တာရေစင်ဖြင့် ပက်ဖျန်းနေလေပြီ။ သို့သော် လူ အပေါင်းအား တောက်လောက် လျက်ရှိသော အနိဋ္ဌာရုံ မီးတောက်များသည် ငြိမ်းသွားပါ၏လော။ သြော် ... မငြိမ်းပါသေး။

ငြိမ်းသည်ဖြစ်စေ၊ မငြိမ်းသည်ဖြစ်စေ။ ဦးဘိုးဂေါင်ကတော့ သူ့ယုံကြည်ချက်အရ မေတ္တာကိုသာ နေ့စဉ် ပို့ပါသည်။ သူ့ပတ်ဝန်းကျင်၌ အနိဋ္ဌာရုံ မီးတောက်များ ပို၍ တောက်လောင်နေသည်ကို မြင်ရလေလေ၊ သူက မေတ္တာ ကိုသာ ကြိုးစား ပို့လေလေ ဖြစ်သည်။

ကိုဒေါင်းစိန်ကား သောက်မည်ဟု ပါးစပ်ဆီသို့ မြှောက်ယူလာသော လက်ဖက်ရည်ပန်းကန်ထဲမှ လက်ဖက်ရည် ကို မသောက်မိဘဲ ငိုင်နေမိသည့်တိုင်အောင် ဦးဘိုးဂေါင်၏ မေတ္တာတေးသံဝယ် ယစ် မူးနေလေပြီ။ နေ့စဉ် နေ့တိုင်း ကြားနေရခြင်း ဖြစ်သောကြောင့် မေတ္တာပို့ထဲ၌ ပါဝင်သော ဆိုလိုသည့် အနက် အဓိပ္ပာယ်များ ကို နားလည်နေသည့်တိုင် နားရည်ဝကာ နားယဉ်နေပေပြီ။ မျက်မှောက်တွင် ရင်ဆိုင် နေရသော ဒုက္ခ ဒေါမနဿ၊ သောက ပရိဒေ၀တို့ကို ခေတ္တမျှ မေ့လျော့ သွားသည့်တိုင် ဦးဘိုးဂေါင်၏ မေတ္တာ တေးသံဝယ် ကြည်နူးနေမိရာမှ မေတ္တာတေးသံသည် ပျောက် ကွယ်သွား၍ မျက်မှောက်ကို ပြန်၍ မျက်နှာမူ လိုက်သည့်အခါ၌ ဟစ်လို့သာ ငိုလိုက်ချင်အောင် ဖြစ် သွားရပြန်၏။

ဦးဘိုးဂေါင်က သတ္တ၀ါ အပေါင်းတို့သည် ရန်မရှိကြပါစေနဲ့ တဲ့။ သို့သော် သူတို့၌ ဘေးရန်များသည် ၀ိုင်းပတ်လျက် ရှိကြပါ၏။ အင်းအင်စပက်တော်၏ရန်၊ သူကြီးမင်း ရန်၊ အင်းသားကြီး ရန်၊ ရန်မျိုးစုံလို့။ နောက်ပြီး ဆင်းရဲခြင်း အပေါင်းမှ ကင်းလွတ်ကြပါစေသတည်း တဲ့။ သို့သော် သူတို့ သည် ဆင်းရဲခြင်း နွံအတွင်း ၌ နစ်သထက် နစ်နေရပါသည်။ ပြီးတော့လည်း စိုးရိမ်ကြောင့်ကြခြင်းမရှိကြပါစေကုန်သတည်း တဲ့။

သို့သော် သူတို့သည် အမြဲတစေ စိုးရိမ်ပူပန်နေ ကြရပါသည်။ ငတ်မှာကို စိုးရိမ်နေကြရသည်။ အင်စပက်တော်မင်း ပိုက်ဖမ်းမိသွားမှာကို စိုးရိမ်နေ ကြရသည်။ ခုပဲ အင်စပက်တော်မင်းက ကွင်းထဲမှာ ပိုက်ချမှု နှင့် ရုံးတင် တရားစွဲဆိုထားလို့ မနေ့က သူကြီးမင်းက နက်ဖြန် တရားသွားဆိုင်ရမည်ဟု သူတို့အား လာအကြောင်း ကြားသွားသည့်အတွက် ယနေ့ မြို့တက်ပြီး တရားဆိုင်ရမည်။ ဒဏ်ငွေများ ဘယ်လောက် တပ်မလဲ၊ ထောင်များ ချနေဦးမှာ လားဟုလည်း စိုးရိမ်နေရသည်။ သူ့ရင်သွေး နှစ်ဦးမှာလည်း ဘာကစပြီး ဘယ်လို ဖြစ်သည်မသိ။ တစ်ညလုံး ၀မ်းသွားပြီး တညည်းညည်း တညူညူဖြစ်နေရာ မယ်စိန်မှာ တစ်ညလုံး မအိပ်ရဘဲ ပြုစု နေရသည်။ လက်ထဲမှာရှိသော ငွေကလေးများလည်း တစ်တိတစ်တိနှင့် ကုန်ပြီဖြစ်ရာ ဆရာ ကောင်း သမားကောင်း မခေါ်နိုင်၍ တစ်စုံတစ်ခု ဖြစ်သွားမျာ စိုးရိမ်ရသည်။

သူသည် သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိတော့သည်။ ငါးရစ်ပြီးစအချိန်နှင့် အိမ်သစ်ကလေး ဆောက်ပြီးစ အချိန်၌ သူ အမျိုးမျိုး စိတ်ကူးယဉ်ထားသော စိတ်ကူးယဉ် အိပ်မက်များမှာ လွင့်ပျောက် သွားလေပြီ။ စိတ်အားပျော့သူ တစ်ယောက်ပီပီ ၀မ်းသာရမည့်အခါ အကြီးအကျယ် ၀မ်းသာပစ်လိုက်သလို၊ ဒုက္ခ နှင့် ရင်ဆိုင်ရသည့်အခါများ၌လည်း မကြံတတ် မစည်တတ်အောင်ကို ၀မ်းနည်းအားငယ်နေမိသည်။

' ဒေါင်းစိန်ရေ၊ သွားကြစို့ဟေ့ '
ကိုလူမောင်နှင့်တကွ အခြားပိုက်သမားများသည် မြို့သို့ တရားဆိုင်သွားရန် သူ့အားခေါ်နေပေပြီ။ သူသည် မီးခွက်ကိုယူ၍ ထိုင်ရာမှ ထလိုက်ကာ ' ဟုတ်ကဲ့ လာမယ်ဗျို့၊ ခဏကလေး ဆိုင်းပါဦး ' ဟု လှမ်းဟစ် လိုက်ပြီးနောက် အိပ်ခန်းထဲသို့ ၀င်ခဲ့၏။ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင်ကား မယ်စိန် သည် ခြေပစ် လက်ပစ် နှင့် အိပ်မောကျနေလေပြီ။ တစ်ညလုံး ၀မ်းတပြစ်ပြစ် သွားနေသော ကလေး နှစ်ဦးအား မအိပ်မနေ ပြုစု ခဲ့ရ၍ ယခုမူ ပင်ပန်းနွမ်းနယ်လွန်းလှသဖြင့် ဟန်မဆောင်နိုင်ဘဲ အိပ်ပျော်သွားဟန် တူပါ၏။ သူသည် မယ်စိန် အား နှိုးရမည်ကိုပင် မနှိုးရက်အောင်ဖြစ်ကာ ငိုင်နေမိ၏။ မယ်စိန်၏ ဘေးမှာတော့ ဒီလုံးအောက် ၈ နှစ်ရွယ် နှင့် ၆ နှစ်ရွယ် ကလေးနှစ်ဦးသည် ၀မ်းသွားလွန်း၍ အားအင်များ ဆုတ်ယုတ်နေဟန်ဖြင့် မှိန်းနေကြ၏။

နောက်ဆုံးတွင် ဒေါင်းစိန်သည် မနှိုးမဖြစ်တော့၍ မယ်စိန်ကို လှုပ်ကာ လှုပ်ကာ နှိုးရတော့၏။ အတန်ကြာအောင် နှိုးမှပင် မယ်စိန်သည် မျက်လုံးပြူးတူး ပြဲတဲဖြင့် ထ ထိုင်၏။ သူက ဓနုဖြူသို့ တရားဆိုင် သွားတော့ မည်ဖြစ်ကြောင်း ပြောကြားလိုက်ရာ မယ်စိန်သည် ဦးဘမောင်ထံမှ ငါးပေးဖြင့် ယူထားသော ငွေတစ်ဆယ် ကို ထုတ်ပေးလိုက်၏။
' မယ်စိန်ရေ၊ ကလေးနှစ်ယောက်အတွက် မပေါ့နဲ့ကွာ၊ ဦးဘမောင်ဆီက ငါးပေးနဲ့ ငွေထပ်ယူပြီး ဆရာလေး ဘာလေး ခေါ်ပါ၊ အင်စပက် နှောက်ယှက်လို့ နေ့ခင်းဘက် ပိုက်မချနိုင်ရင် ညဘက်ကို ချပြီး ဆပ်လိုက်တာ ပေါ့နော် '

' အို တော်သာ ပိုက်မှုကို ကိစ္စပြီးအောင် ကြည့်လုပ်ခဲ့ပါ၊ ဒီကလေးနှစ်ယောက်အတွက်တော့ ကျုပ် ကြည့်ပြီး စီမံမှာပေါ့၊ ဒီနေ့ပဲ အရပ်ဆရာ ကိုတုတ်ပေါကို ခေါ်ကုမယ်လေ၊ ဒီအနီးအနားမှာ တခြား ဆရာကောင်း သမားကောင်း ဆိုလို့လည်း ရှိမှ မရှိဘဲကိုး '

မယ်စိန် ပြောတာ ဟုတ်လှသည်။ သူတို့ရွာ၌ ကောင်းလျှင် အရပ်ဆရာကိုတုတ်ပေါ၊ မကောင်းလျှင် လည်း အရပ်ဆရာကိုတုတ်ပေါ။ သည် ကိုတုတ်ပေါကိုသာ ရေလဲနှင့် သုံးနေရသည်။ သူ ကု၍ မတော်တဆ ပျောက်ကင်း သွားသူလည်းရှိသည်။ သို့သော် သူ သတ်၍ သေသူက သူ ကု၍ ပျောက် ကင်းသူထက် ရာခိုင်နှုန်း အားဖြင့် ပိုများသည်။ သို့လျက်နှင့်လည်း အရေးကြုံလျှင် သူ့ကိုသာ ဆွဲထုတ်ကြရသည်။ အခြား နာမည်ကြီး သော ဆရာပုတို့၊ ဆရာညွန့်တို့လို ဆေးဆရာများမှာ သူတို့ ရွာနှင့် ၆ မိုင်ခန့် ဝေးသော ရွာ၌ ရှိပါသော်လည်း တကူးတက ဖြစ်နေသောကြောင့် လည်းကောင်း၊ ကြေးကြီးသောကြောင့် လည်းကောင်း တော်ရုံတန်ရုံနှင့် မခေါ်ဖြစ်ကြ။ အရပ်ဆရာ ကိုတုတ်ပေါမှာမူ ပေးသမျှယူ၍ မရှိသေးလို့ နေလိုက်ပါဦး ဆိုလျှင်လည်း နေသူဖြစ်၏။ ထို့ကြောင့် ပင်သူ့အကြောင်းကို သိလျက်နှင့် သူ့ကိုသာ ဆွဲထုတ်ကြရခြင်းဖြစ်သည်။

' အေးကွယ်၊ မင်း တော်သလိုသာ ကြည့်လုပ်လိုက်ပေါ့၊ ကဲ ဒါဖြင့် ငါ သွားတော့မယ်နော်၊ ကမ်းနား မှာ ကိုလူမောင် တို့ စောင့်နေရတာ အားနာစရာ '
မယ်စိန်က ခေါင်းညိတ်ပြလိုက်သဖြင့် သူသည် ခမောက်တစ်လုံးကို ဆွဲဆောင်း၍ တက်တစ်ချောင်းကိုပါ ဆွဲပြီး ကမ်းနားသို့ ဆင်းခဲ့၏။ ကမ်းနားတွင်ကား ကိုလူမောင်နှင့် အခြားပိုက်သမားသုံးယောက်သည် လှေတစ်စင်းနှင့်သူ့အား စောင့်နေသည်ကို တွေ့မြင်ရ၏။ ဥပုသ်ဇရပ်၌ နိုင်ငံရေးစကားများကို အာပေါင် အာရင်း သန်သန်နှင့် ပြောဟောခဲ့သော လူငယ်ကို လည်းလှေထဲ၌ တွေ့မြင်ရ၏။ ထိုလူငယ်ကား ရွာရှိ စာကြည့်တိုက်မှူးဖြစ်၍ နောက်ဆုံးပေါ် စာအုပ် များကို ၀ယ်ရန် မြို့သို့ လိုက်မည်ဟု ဆိုသည်။

လှေကို ကမ်းစပ်မှ ခွာလေပြီ။ ကိုလူမောင်က လှေပဲ့မှ လှော်၍ ကိုဒေါင်းစိန်နှင့်အခြား ပိုက်သမား များက လှေဦးအနီးရှိ ကန့်များမှ ထိုင်၍ လှော်ကြ၏။ လူငယ်မှာမူ လှေလယ်၌ ငုတ်တုတ်ကလေး ထိုင်၍ လိုက်ပါလာသည်။ မည်သူမျှ စကားမပြောကြ။

အရှေ့အရပ်ဝယ် ထွန်းသစ်အံ့သော ရောင်ခြည်သည် ထွက်ပြူစလာသေးသော်လည်း ရှေ့ပြေး ရောင်ခြည်မျှင်ကလေးများကား သမ်းစ ပြုနေပေပြီ။ လှေလှော်သူများကား ခိုကပ်နေခြင်း မရှိဘဲ တစွပ်စွပ် တက်သံ ပေး၍ တက်ရေးညီညီဖြင့် လှော်နေကြပေပြီ။ လှေလှော်ကျင့်သားရထားသော ယောက်ျားကြီး လေးယောက် လှော်ခတ်ခြင်း ဖြစ်သောကြောင့် လှေကလေးမှာ ရေပေါ်ရှပ်၍ တရိပ် ရိပ်ပြေးနေလေပြီ။ ဒိုက်ဖောင်များ၊ ဗေဒါပင်အုပ်များကို တိုးဝှေ့သွားရသည့်အခါ၌ လှေအရှိန်သည် တန့်သွား၏။ ထိုအခါမျိုးဝယ် ' ယေက်ျားဘသား ' ဟု သံပြိုင်ကြွေးကြော် အားယူ၍ ' ရီလေး လေး' သံတိုင်ညှိကာ တိုး၍ပင် အားစိုက်လှော်ကြသောကြောင့် အတားအဆီးများမှာ လွင့်စဉ်ရှောင်ဖယ် သွားရ၏။ သည်လိုနှင့် နေကလေး အပြူတွင် သူတို့ သွားရာလမ်းကြောင်း၏ တစ်ဝက်ခရီးဖြစ်သော 'မယ်ဘာလ' ညောင်ပင်သို့ ရောက်ခဲ့ပြီလေ။

' ဟေ့ကောင်တွေ၊ ပါလာတဲ့ ကွမ်းယာကလေးများနဲ့အမေ ' မယ်ဘာလ'ကို တင်မြှောက်ပသပြီး တရားဆိုင်တဲ့အခါမှာ ရှောရှော ရှူရှူနဲ့ ကိစ္စပြီးသွားအောင် ကူညီဝိုင်းလို့ မှိုင်း မ ပါလို့ ဆုမွန်ကောင်းများ တောင်းကြကွ '
လှေပဲ့မှ ကိုလူမောင်က လှေဦးမှ လူများအား လှမ်း၍ သတိပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း အင်္ကျီအိတ်တွင်းမှ အသင့်ယာလာသော ကွမ်းယာကလေးကို ယူထုတ်လိုက်၏။ ဤတွင်မှ ကိုဒေါင်း စိန်နှင့် တကွ အခြားသူများလည်း မိမိတို့ ယူဆောင်လာသော ကွမ်းယာကလေးများကို အသီးသီး ကိုင်မြှောက်၍ ' အမေ မယ်ဘာလခင်ဗျား၊ တပည့်သားမြေးများက ကွမ်းယာကို တင်မြှောက် ပသ ပါတယ်၊ တရားဆိုင် တဲ့အခါူမှာ အေးအေးချမ်းချမ်းနှင့် ကိစ္စပြီးသွားအောင် ကူညီဝိုင်းလို့ မှိုင်းမတော် မူပါ အမေ မယ်ဘာလ ခင်ဗျား 'ဟု ရွတ်ဆိုနေကြ၏။

ကွင်းပိုင်ရှင် မယ်ဘာလ မှီခိုနေထိုင်ရာ ညောင်ပင်ဟု သူတို့ အစွဲပြုထားသော ညောင်ပင်မှာ ဘေးမှ ညောင်ပင်ငယ် လေးငါးပင် ၀ိုင်းရလျက် ရှိ၍ အလယ်မှ ညောင်ပင်ကြီးတစ်ပင်က ထီးထီးကြီး အုပ်မိုးလျက် ရှိပါသည်။ ထိုညောင်ပင်အောက်၌ နတ်စင်တစ်စင်ရှိ၍ အတွင်း၌ အမျိုးအမည် မခွဲခြား နိုင်သော နတ်ရုပ် လေးငါးရုပ် ရှိသည်။ မယ်ဘာလ အမည်ရှိသော မိန်းမတစ်ယောက်ကို ကုလား သတ်၍ သေရာမှ ဤညောင်ပင်၌ နတ်စိမ်းဖြစ်နေသည်ဟု အယူရှိကာ ' မယ်ဘာလ ' ဟု ခေါ်တွင် ခြင်းဖြစ်သည်။ ကုလားသတ်၍ သေရခြင်း ဖြစ်သောကြောင့် ကုလားများကို စိတ်နာလျက်ရှိသူ ဖြစ်သဖြင့် သူ့ပိုင်နယ် အတွင်း ၌ ကုလားစကားပြောလျှင် အမျက်ထွက်ပြီး ဖမ်းစားတတ်သည်ဟု အဆိုရှိသည်။ သို့သော်လည်း ညောင်ပင် နှင့် မနီးမဝေး၌ ကုလားများသည် ဘေးရန်ကင်းစွာဖြင့် လယ်ယာလုပ်ကိုင်နေထိုင်ကြပေသည် တကား။

ရေလမ်းခရီး သွားသူများကလည်း လှိုင်းလေထန်ခြင်း မရှိဘဲ ခရီးလမ်းသာယာစေရန် ရည်မှန်းပသ ကြသည်။ တရားဆိုင်သွားသူများကလည်း တရားနိုင်ရန် ရည်မှန်းပသကြသည်။ နွားပျောက်သူက လည်း ပျောက်သော နွားကို ပြန်တွေ့ရန် ပသကြသည်။ တံငါသည်များကလည်း သားငါးများ ပို၍ ရှာဖွေရနိုင်ရန် ပသ ကြသည်။

လှေလယ်၌ ငြိမ်သက်စွာ လိုက်ပါလာသော လူငယ်ကား သူတို့၏ အပြုအမူကို သရော်လိုသော အပြုံးမျိုးဖြင့် ပြုံးကြည့် နေရာမှ နောက်တွင် လူကြီးက ကလေးအမိုက်အမဲများအား သနားကြင်နာစွာ ကြည့်နေပုံမျိုးသို့ ပြောင်းလဲ သွားသည်။ သူက အမှန်တရားကို ရှာဖွေနေသော ခေတ်လူငယ်ပီပီ မြေကြီးနှင့်ဝေးကွာနေသော နတ် ကို အယုံအကြည်ရှိသူ မဟုတ်ပေ။

' ဗျို့ ကိုဒေါင်းစိန်တို့ ကိုလူမောင်တို့၊ ခင်ဗျားတို့ မယ်ဘာလဟာ အလကား မယ်ဘာလဆိုတာ ကျုပ် လက်တွေ့ ပြရင် ခင်ဗျားတို့ ယုံမလား '
မည်သူမျှ ပြန်မဖြေဘဲ လူငယ်အားသာ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေကြ၏။ ဤတွင် လူငယ်သည် ထိုင်ရာ မှ ထ လိုက်၍ ' ခင်ဗျားတို့ အဆိုရှိတယ် မဟုတ်လား။ ဟော ကျုပ်က မယ်ဘာလကို ကုလားမယားလို့ ကုလား နဲ့ ပေးစားပြီး၊ ဟောဒီလို ကုလားသီချင်းဆို၊ ဟောဒီလို ကုလားက က ပြလိုက်ဦးမယ် '

ပြောပြောဆိုဆိုပင် လူငယ်သည် ' ရမ်မာပူလေးလေး တေလေဆပ်၊ ဘေလေဆပ် 'ဆိုကာ ကုလားမ လေးများ က သကဲ့သို့ ဘယ်လက်ကို တင်ပါးဆုံတွင်ထားပြီး ဘယ်လက်ကို မြှောက်၍ လက်ညိုး ကလေးထောင်က ဟိုဟို ဒီဒီ ဝှေ့ယမ်းရင်း ခါးကို အချက်ကျကျ ဘယ်ညာယိမ်းနွဲ့၍ ကနေ၏။ ကိုဒေါင်းစိန် တို့ကား မယ်ဘာလကို ကြောက်လျက်နှင့်ပင် အောင့်အည်းမနေနိုင်ဘဲ အားရ ပါးရ ရယ်မော နေကြ၏။

အတန်ကြာ၍ လှေကို ဆက်လက် လှော်ထွက်လာခဲ့ကြရာတွင် လူငယ်သည် လှေလယ်မှထိုင်၍ နတ်၊ စုန်း၊ ကဝေ၊ တစ္ဆေ၊ အင်းအိုင် မန္တရား၊ လက္ခဏာ၊ ဗေဒင် စသော ပဒေသရာဇ် ယဉ်ကျေးမှု လောင်းရိပ်ကြီးသည် တောရွာ ရှိ တောသူ တောင်သားများအား အမြင်မှန်မရအောင် ပိတ်ဖုံးထားပြီး တိုးတက်မှု မရှိအာင်လည်း ကာဆီး ထားကြောင်း၊ ဤပဒေသရာဇ် ယဉ်ကျေးမှု အစဉ်အလာ အစွဲ အလမ်းများကို အမြစ်ပါလှန်ပြီး ဖြိုဖျက် ပစ်နိုင် မှ တောသူ တောင်သားများ တိုးတက်နိုင်မည် ဖြစ် ကြောင်း စသည်ဖြင့် ကိုဒေါင်းစိန်တို့ ကောင်းကောင်း နားမလည်သော စကားကြီးများကို သုံးကာ ဟောပြောရင်း လိုက်ပါလာ၏။ တောရွာရှိ တောသူ တောင်သားများ၏ လူတန်းစေ့ မနေနိုင်ပုံ၊ အသိပညာကင်းမဲ့ပုံတို့ကို ဟောရင်း ပြောရင်းဖြင့် ကိုဒေါင်းစိန် တို့၏ ဆိုးဝါးလှသော တံငါသည် ဘ၀သို့ စကားစ ရောက်လာ၏။

' အဲဒီ လူတန်းစေ့ မနေနိုင်တဲ့ တောသူ တောင်သားတွေထဲမှာ ခင်ဗျားတို့ တံငါသည်တွေက အဆိုး ဆုံးဆို ပါတော့ဗျာ၊ အပင်ပန်းဆုံး လူတွေဖြစ်ပြီး အဆင်းရဲဆုံး လူတွေ ဖြစ်နေရတယ်။ တံငါသည် တွေဆိုပြီး လက်ရှိ လူ့အဖွဲ့အစည်းထဲမှာ ပါဝင်ခွင့်မရအောင် ၀ိုင်းပယ်ထားခြင်း ခံနေရတယ်။ ဒီ တိုင်းပြည်အဖို့ အထူးလိုအပ်တဲ့ လူသုံးကုန်တွေကို ထုတ်လုပ်ပေးနေတဲ့ လူတွေဖြစ်ပါလျက်နဲ့ ထိုက် သင့်တဲ့ အကျိုးခံစားခွင့်ကို ခင်ဗျားတို့ မမျှော်လင့် နိုင်ဘဲ မိုက်ရိုင်းတဲ့ တုံ့ပြန်မှုကိုသာ ခံယူနေရတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ကျုပ်တို့ အကြောင်းရှာ ရမယ် '

လူငယ်၏ မျက်နှာပေါ် လူငယ်တို့၏ စောစောက ကလေးကလက် အမူအရာများ လုံးဝ ပျောက်ကွယ်သွား၍ လူငယ်တို့၏ စိတ်အားထက်သန်ခြင်းမျိုးဖြင့် သွေးရောင်လျှမ်းနေသော မျက်နွှာင် မျက်မှောင်ကြီးကို ကုတ်ထားကာ စိတ်ပါလက်ပါ ပြောဆိုနေ၏။ စောစောက စကားများ တွင် စိတ်မ၀င်စားသော ကိုဒေါင်းစိန် တို့မှာလည်း ယခု သူတို့၏ ဘ၀နှင့် ဟပ်မိ၍ သူတို့ လက်ရှိ ခံစားနေရသော ဝေဒနာကို ထုတ်ဖော် ပြောကြားလိုက်သည့်အခါ၌ကား လှေလှော်ကို တန့်ရပ်ကာ နားထောင်မိသည်အထိ စိတ်ဝင်စား လာကြ၏။

' အဲဒီအကြောင်းရင်းက ဘာလဲ၊ ခင်ဗျားတို့ လူစဉ်မမီအောင် လူချင်းမတူအောင် စုတ်ချာ ငတ်ပြတ် နေရတဲ့ အကြောင်းရင်းက ဘာလဲ '
လူငယ်သည် သူ့စကားကို ပြန်ကောက်၍ ပြောလာရာမှ ဤနေရာတွင် ခေတ္တ ရပ်တန့်လိုက်ကာ ကိုဒေါင်းစိန် တို့ထံမှ အဖြေများ ရနိုင်မလားဟု သူတို့အားလုံး၏ မျက်နှာကို တစ်ဦးစီ လိုက်လံစူးစမ်း ကြည့်ရှု နေ၏။ အတန်ကြာ၍ မည်သူ့ထံကမှ အဖြေရရှိပုံ မပေါ်မှ သူ့စကားကို ပြန်ဆက်၏။

' အဲဒီအကြောင်းရင်းဟာ ကံမဟုတ်ဘူး၊ နတ်သိကြား မဟုတ်ဘူး၊ ဇာတာနဲ့လည်း မဆိုင်ဘူး၊ လက္ခဏာ ဗေဒင်နဲ့လည်း မပတ်သက်ဘူး၊ ခင်ဗျားတို့ ဆင်းရဲရတာ အဲဒီဟာတွေကြောင့်ပါလို့ ခင်ဗျား တို့စွဲမှတ်ထားတာကတော့ အုပ်စိုးတဲ့ လူတန်းစားက သူတို့အပြစ်ကို ဖုံးကွယ်လိုတဲ့ သဘောနဲ့ အဲဒီမူမမှန်တဲ့ အကြောင်းပြချက်တွေကို သုံးပြီး တွင်တွင်ကြီး မှိုင်းတိုက်ထားလို့ဖြစ်တယ်။ အဲဒီမှိုင်းတွေကို လွင့်စင် သွားအောင် တအား မှုတ်ထုတ်ပစ်လိုက်ပါ၊ ခင်ဗျားတို့ မျက်စိရှေ့မှာ မငြင်းသာအောင် ခိုင်လုံတဲ့ တကယ့် မူမှန် အကြောင်းရင်းဟာ ဘွားဘွားကြီး ပေါ်လာပါလိမ့်မယ်၊ အဲဒီအကြောင်းရင်းကတော့ ခင်ဗျားတို့ တံငါသည်ကြီးပဲ '

လူငယ်သည် သူ့စကားကို ရပ်နားလိုက်ပြန်၍ သူ့စကားလုံးများသည် ကိုဒေါင်းစိန်တို့အား ဆွဲငင် နိုင်စွမ်း ရှိ မရှိ အကဲခတ်သော သဘောဖြင့် လူစေ့ တက်စေ့ လိုက်လံကြည့်ရှု နေပြန်၏။ ကိုဒေါင်းစိန်တို့ တစ်တေကား လူငယ်၏ စကားကို စိတ်ဝင်စားစွာ နားထောင်လျက် ရှိကြသော်လည်း လူငယ်၏ စကားများကို အဓိပ္ပာယ် တိကျပြတ်သားစွာ ကောက်ယူနိုင်စွမ်းမရှိသလို သူတို့၏ မျက်နှာပေါ်တွင် တွေဝေသော အရိပ်အယောင်ကလေးများ ယှက်သန်းနေ၏။ ဒါကို လူငယ်ကလည်း ရိပ်မိသလို အနည်းငယ် ပြုံးလိုက်ကာ -

' ခင်ဗျားတို့ ကောင်းကောင်း နားမရှင်းကြဘူးထင်တယ် ... ဟုတ်လား၊ ရှင်းရမှာပေါ့လေ၊ ခင်ဗျားတို့ နားလည်ထားပြီးဖြစ်နေတဲ့ ခင်ဗျားတို့ ဘ၀နဲ့ ဟပ်မိတဲ့ အကိုးအကား အထောက်အထားတွေနဲ့သာ ကျုပ် ရှင်းပြမှာမို့ ကွင်းကွင်း ကွက်ကွက်ကို ရှင်းလင်းသွားစေရမယ်။ ကဲ ဒီတော့ လက်ရှိ တံငါ ဥပဒေတွေကို ခင်ဗျားတို့ရဲ့ လက်တွေ့အလုပ်နဲ့ ဟပ်ပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်ကြရအောင်၊ ဥပမာ ဆိုပါတော့ဗျာ၊ ခင်ဗျားတို့ အထဲက ဂရက်ပက်ချင်တဲ့ လူတစ်ယောက်ဟာ အစိုးရ လွှတ်တဲ့ လေလံ မှာ ဂရက်တစ်လုံးကို ၀ယ်ယူလိုက်တယ် ဆိုပါတော့ဗျာ၊ ဒီတော့ အဲဒီဂရက် ပက်မယ့်လူ လိုက်နာ ရမယ့် အချက်တွေကို တံငါဥပဒေက ဘယ်လိုများ ညွှန်ကြားထားပါသလဲ '

' ဂရက်ပက်ဖို့ တမံတုတ်တဲ့အခါမှာ ' လက်ဆည်' တမံသာ ဖြစ်ရမယ်။ တမံဘေးက နားပင်းတိုင် မစိုက်ရ၊ ဂန်မကန်ရတဲ့ကွ '
လူငယ်၏ အမေးကို ကိုလူမောင်က ၀င်ဖြေလိုက်၏။ လူငယ်သည် သူ လိုချင်သော အဖြေဖြစ်ကြောင်း ဖော်ပြသည့် အလား လက်ဖျစ် တစ်ချက်တွက်လိုက်ကာ -
' ရွှေ၊ ဟုတ်လိုက်လေ၊ အဲဒီလို တမံရဲ့ ဘေးနှစ်ဖက်က နားပင်းတိုင်များကို ညှပ်ပြီး စိုက်မထားဘဲနဲ့၊ နောက်ပြီး ဂန်လို့ခေါ်တဲ့ ကျားကန်မပေးဘဲနဲ့ ရိုးရိုးလက်နဲ့ ဆည်ဖို့ထားတဲ့ တမံကို အသုံးပြုပြီး ခင်ဗျားတို့ ရေပက်လို့ ဖြစ်နိုင်ရဲ့လား '

' ဟ ဘယ်ဖြစ်နိုင်မလဲကွ၊ ဒီလို နားပင်းတိုင် မစိုက်၊ ဂန်မကန်ဘဲ ရိုးရိုးလက်ဆည် တမံကလေးနဲ့သာ ဆိုရင် ဆည်ထားတဲ့ တမံအတွင်းက ရေအားကို မခံနိုင်ဘဲ ဒီတမံ ကျိုးပေါက်သွားမှာပေါ့ကွ '
' ဒီတော့ ဖြစ်နိုင်အောင် ဘယ်လို လုပ်ရမလဲ '
' တမံ နှစ်ဖက်က နားပင်းတိုင်များကို ညှပ်စိုက်ပေးပြီး ဘေးတစ်ဖက် တစ်ချက်ကနေပြီး ဂန်ကန်ပေး ရမှာပေါ့ကွ၊ ဒါမှသာ တိုးဝှေ့တဲ့ ရေအားကို မကျိုးမပေါက်အောင် ဒီတမံ တောင့်ခံနိုင်မှာပေါ့ '
' နို့ ... ဥပဒေက အဲဒီဖြစ်နိုင်တဲ့ အချက်ကို ခွင့်မပြုဘဲ မဖြစ်နိုင်တာကို ခွင့်ပြုထားတယ် မဟုတ်လား၊ ဒီတော့ ဥပဒေရဲ့ ခွင့်ပြုချက်ရအောင် ခင်ဗျားတို့ ဘယ်လို လုပ်ကြသလဲ '
' အို ... ဒါ အရှင်းကြီးနဲ့ အလွယ်ကလေးပဲကွ၊ အင်စပက်ကို ငွေပေးပြီး လုပ်ရတာပေါ့ '

' အဲ တွေ့ပြီ မဟုတ်လား၊ ခင်ဗျားတို့ကို စော်ကားထားတဲ့ ဥပဒေကို ခင်ဗျားတို့ ပြောသလို အရှင်းကြီးနဲ့ အလွယ်ကလေးပါပဲ ခင်ဗျ၊ ' ဟော တို့ကတော့မဖြစ်နိုင်တာတွေကို လျှောက်ပြီး ရေးဆွဲ ထားတာပဲကွ၊ အဲဒါ မင်းတို့ဖြစ်အောင် လုပ်ချင်ရင် သက်ဆိုင်ရာ အရာရှိတွေကို ငွေပေးပြီး လုပ်ကြပေါ့ ' လို့ အဓိပ္ပာယ် သက်ရောက်တဲ့ စကားမျိုးနဲ့ ခင်ဗျားတို့ကို စော်ကားထားတဲ့ လက်ရှိ တံငါ ဥပဒေကို ခင်ဗျားတို့ တွေ့ပြီ မဟုတ်လး။ ဒါနဲ့တင် ပြီးရောလားတဲ့၊ ဘယ်ဟုတ်မလဲဗျာ၊ ' ကတုံးတန်း' လုပ်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ တံငါ ဥပဒေမှာရော၊ အင်း လုပ်ကိုင်ခြင်းနဲ့ ပတ်သက်တဲ့ တံငါဥပဒေမှာရော၊ အို တံငါလုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းရပ်တိုင်းမှာလည်း အဲဒီလို မဖြစ်နိုင်တဲ့ အချက်အလက်တွေ ရေးဆွဲထားပြီး ဗြူရိုကရက် အရာရှိတွေ စားပေါက်ထွင်ဖို့ အထူးပြောဖို့တောင် မလိုပါဘူး။ နောက်ဆုံး ကျုပ်ပြောချင်တာက ခင်ဗျားတို့လို ကပ်ပါးသမားတွေနဲ့ ပတ်သက်တဲ့ တံငါ ဥပဒေ ပဲ '

လူငယ်သည် သူ့စကားကို ရပ်နားလိုက်ပြန်၍ ကိုဒေါင်းစိန်တို့အား စူးစမ်းသော မျက်လုံးများဖြင့် လိုက်လံကြည့်ရှု နေပြန်၏။ ကိုဒေါင်းစိန်တို့၏ မျက်နှာပေါ်တွင် စောစောက တွေဝေနေသော အရိပ် အယောင်များသည် လွင့်ပျောက်သွား၍ အလင်းရောင်ကလေးများ သမ်းလာသည်။ စင်စစ် လူငယ် ပြောပြနေသော အချက်အလက်များသည် သူတို့ သိပြီးသား အချက်အလက်များ ဖြစ်နေသော်လည်း စူးစမ်းလေ့လာပြီး ဝေဖန် ဆန်းစစ်ကာ သိထားခြင်းမျိုး မဟုတ်ဘဲ၊ အမှုမဲ့ အမှတ်မဲ့ သိထားခြင်းမျိုးသာဖြစ်ပါသည်။ ထိုအချက်များကိုပင် လူငယ်က ဝေဖန်ဆန်းစစ်ကာ တင်ပြ လိုက်သည့်အခါ၌ သြော် ... ဒီလိုပါကလားဟု သဘောပေါက်သွားခြင်းမျိုးဖြစ်၏။

' အစိုးရလွှတ်တဲ့ လေလံမှာ တက်ပြီး အင်းတို့ အိုင်တို့ကို ဆွဲဝယ်နိုင်စွမ်း မရှိတဲ့ ခင်ဗျားတို့လို ကပ်ပါး ရပ်စား သမားတွေအတွက် လုပ်ကိုင်စားသောက်ဖို့ တံငါ ဥပဒေက ဘယ်လို အခွင့်အရေး ကလေးများ ပေးသနားထားပါသလဲ '

လူငယ်သည် ပြတ်သွားသော သူ့စကားကို ပြန်ဆက်ကာ ကိုဒေါင်းစိန်တို့အား မေးခွန်းထုတ်လိုက်၏။ ထိုမေးခွန်းကိုတော့ အခြားသူများ မဖြေခင် ကိုဒေါင်းစိန်က ဦးအောင် ၀င်ဖြေ လိုက်၏။
' ကွင်းကို အစိုးရပိုင်သည့်ရက်တွင် ဆင်းရဲသားများသည် ဆောင်းတစ်လုံး၊ မှိန်းတစ်လက်၊ ငါးမျှားတံ တစ်ချောင်းဖြင့် ကွင်းထဲ၌ ရှာဖွေစားသောက်နိုင်၏တဲ့။ နောက်ပြီး ဘေးမဲ့ ချောင်းရိုးကြီးထဲမှာလည်း ' ဒင်္ဂါးကျ မက်ကွန် ' နဲ့ ရှာဖွေစားသောက်နိုင်၏တဲ့ ကွ '

' အဲ ဟုတ်ပြီ၊ ဒီတော့ ကွင်းထဲမှာ ဆောင်းတစ်လုံးနဲ့ ငါးလိုက်ဆောင်းရုံနဲ့၊ ငါးမျှားတံတစ်ချောင်းနဲ့ ငါးမျှားရုံနဲ့၊ မှိန်းတစ်လက်နဲ့ ငါးလိုက်ထိုးရုံနဲ့ ခင်ဗျားတို့ အိမ်ထောင်စုရဲ့ ၀မ်းရေးပြဿနာကို ဖြေရှင်း နိုင်ကြရဲ့လား '

' ဝေးပါသေးရဲ့ကွာ၊ ဆောင်းတစ်လုံးနဲ့ ငါးလိုက်ဆောင်းတာက နယုန်လ တစ်လပဲ ဆောင်းရတယ်၊ မှိန်းတစ်လက် နဲ့ ငါးလိုက်ထိုးတာက ၀ါဆိုလတစ်လပဲ ထိုးရတယ်၊ ကျန်တဲ့ ၀ါခေါင်၊ တော်သလင်း လတွေ ရောက်တော့ ပိုက်မှ မချရရင် ထိုင်ပြီး ငတ်ပေါ့။ အငတ်မခံနိုင်လို့ ပိုက်ဆင်းချပြန်ရင်လည်း အင်စပက် မိသွားရင် ပိုက်လည်းဆုံး၊ တရားလည်း စွဲဦးမှာမို့ အနည်းဆုံး ဒဏ်ငွေတော့ အတပ်ခံဦးပေါ့ကွာ။ အစိုးရပိုင် ရက်ကုန်လို့ တော်သလင်းလပြည့်ကျော် တစ်ရက်က စပြီး အင်းသားကြီးပိုင် ရက် ရောက်ပြန်ရင်လည်း သူ့ပိုင်နက် အတွင်း ပိုက်ခိုးချ၊ ငါးမျှားတံ ခိုးဆွဲမှ မလုပ်ရင် ငတ်ပေါ့။ အငတ်မခံနိုင်လို့ ခိုးချပြန်ရင်လည်း မိသွား လို့ ရှိရင် ပိုက်လည်းဆုံး၊ လူလည်း အရိုက်ခံရပေါ့ကွ '

' တွေ့ပြီ မဟုတ်လား၊ ခင်ဗျားတို့ရဲ့ ဘ၀ကို၊ ခင်ဗျားတို့ကို နာလန်မထူအောင် စော်ကားထားတဲ့ လက်ရှိ တံငါဥပဒေကို ခင်ဗျားတို့ တွေ့ပြီ မဟုတ်လား၊ ကဲ ဒါလည်း ခဏ ထားလိုက်ပါဦး၊ မိုးဥတု ကုန်ဆုံးလို့ ဆောင်းဥတုရောက်လာပြန်တော့ ဘေးမဲ့ ချောင်းရိုးကြီးထဲမှာ ခင်ဗျားတို့ ကွန်ပစ်ပြီး သားငါးများ ရှာဖွေကြတယ် မဟုတ်လား၊ အဲဒီအခါမှာ အစိုးရ ခွင့်ပြုထားတဲ့ ' ဒင်္ဂါးကျမက်ကွန်'နဲ့ ခင်ဗျားတို့ ပစ်ကြသလား '

' ဘယ်ဟုတ်မလဲကွ၊ ဒင်္ဂါးကျမက်ကွန် ဆိုတာက ငွေဒင်္ဂါးတစ်ပြားကို ချလိုက်ရင် တိုးလျှိုပေါက် ကျ နိုင်လောက်အောင် ကျယ်တဲ့ အကွက်ရှိတဲ့ ကွန်ကျဲကို ဆိုလိုတာမို့ ငါးကြီးများသာ မိနိုင်တဲ့ ကွန်မျိုး ပေါ့လကွာ၊ ဘေးမဲ့ချောင်းရိုးထဲမှာ အဲဒီကွန်ကျဲနဲ့ မိနိုင်တဲ့ ငါးမျိုးက မရှိသလောက် ရှားပြီး ကွန်စိပ်နဲ့ မိနိုင်တဲ့ ငါးကလေးများသာ ပေါများတာကွ၊ ဒါကြောင့် ကွန်စိပ်နဲ့ ပစ်ရတာပေါ့ '
' ဥပဒေက မဖြစ်နိုင်တဲ့ ' ဒင်္ဂါးကျ မက်ကွန် ' နဲ့သာ ရှာဖွေ ခွင့်ပြုတယ် မဟုတ်လား၊ ဒီလို ကွန်စိပ်နဲ့ ပစ်နိုင်ဖို့ ဥပဒေ ခွင့်ပြုချက်ရအောင် ခင်ဗျားတို့ ဘယ်လို လုပ်ကြသလဲ '
' အင်စပက်ကို ငွေထိုးပေးပြီး ကွန်စိပ်နဲ့ ပစ်ရတာပေါ့ကွ၊ ငွေမထိုးနိုင်တဲ့ အခါမှာ တိတ်တိတ်ခိုး ပစ်ပေါ့ကွ။ မိသွားရင် ကွန်လည်းဆုံး၊ လူကိုလည်း ရိုက်ပြီး တရားစွဲ၊ ဒဏ်ငွေတပ်၊ မဆောင်နိုင်ရင် လည်း ထောင်ချလိုက်တာပေါ့ကွာ '

' အဲ ခင်ဗျားတို့ လူစဉ်မမီ လူချင်းမတူအောင် စုတ်ချာငတ်ပြတ်ရတဲ့ အကြောင်းကို တွေ့ပြီ မဟုတ်လား၊ အရှင်းကြီးနဲ့ အလွယ်ကလေးပါ ခင်ဗျာ၊ အဲဒီလောက် ရှင်းနေတဲ့ အကြောင်းရင်းကို တွေ့နေရပါလျက်ကနဲ့ ဒီအကြောင်းရင်းဖြစ်တဲ့ ခင်ဗျားတို့ကို စော်ကားထားတဲ့ တံငါဥပဒေကိုတော့ တိုက်ဖျက်ဖို့ မလုံးပန်းဘဲ အဓိပ္ပာယ်မရှိတဲ့ အဖြေတွေကိုသာ ယိုးမယ်ဖွဲ့ရင်း၊ နတ်ကိုသာ ပသရင်း၊ ဇာတာကို စစ်ဆေးရင်း၊ ဗေဒင်ကိန်းခန်းများကို ကြည့်ရှုရင်း၊ ယတြာချေရင်းနဲ့ ငတ်ကြ၊ မွဲကြ၊ သေကြ ဦးပေါ့ဗျာ '

လူငယ်သည် စိတ်လိုက်မာန်ပါ ပြောဆိုရာမှ နောက်ဆုံးတွင် ကိုယ့်ဘ၀ကိုပင် ကိုယ် မသိတတ်နိုင် ရန်ကော ဟူသော ကရုဏာဒေါသောဖြင့် သူ့စကားလုံးများမှာ မောက်မာကြမ်းတမ်းလာ၏။ သို့သော် စေတနာ ရှေးရှူသော ကရုဏာ ဒေါသောဖြစ်၍ ကိုဒေါင်းစိန်တို့မှာ လူငယ်အား စိတ်မဆိုး အပြစ်မယူကြပါ။ လူငယ်၏ ရှင်းလင်းချက်အရ သူတို့၏ ဘ၀မှန် အခြေအနေမှန်ကို သိလာရသော်လည်း တံငါဥပဒေကို တိုက်ဖျက်ရမည်ဆိုသော လူငယ်၏ စကားကိုမူ သူတို့၏ နားထဲ၌ ကလော၍ နေပါသည်။ သြော် ... တကယ်ဆိုတော့လည်း တိုင်းပြည်ခေါင်းဆောင်တို့၏ တာဝန် မဟုတ်ပါလား လူငယ်ရယ်။
နံနက် ၈ နာရီခန့်တွင် ဓနုဖြူသို့ ရောက်ကြတော့၏။ သူတို့ တရားဆိုင်ရမည့် ရုံးအောက်၌ ၀ိုင်းဖွဲ့ စောင့်ဆိုင်းရင်း သူတို့အား ခေါ်သံကိုသာ နားစွင့်နေကြ၏။

အတန်ကြာ၍ သူတို့၏ နာမည်ကို ခေါ်သံကြားရသောအခါ သူတို့သည် ရှေ့နောက် အစဉ်လိုက် တန်း၍ ရုံးပေါ်သို့ တက်သွားကြ၏။ ကိုဒေါင်းစိန်ကမူ ရှ့ဆုံးမှသွားရန် မ၀ံ့သဖြင့် တမင်ချန်ရစ်ပြီး နောက်ဆုံးမှ ကပ်လိုက်သွား၏။
ရုံးပေါ်တွင် မြို့ပိုင်မင်း၏ စားပွဲရှေ့၌ စီတန်းရပ်ကြရ၏။ မြို့ပိုင်မင်းက ' ခင်ဗျားတို့ အစိုးရပိုင် ရက်မှာ ကွင်းထဲဆင်းပြီး ပိုက်ချတယ်လို့ အင်စပက်တော်မင်းက သက်သေခံပစ္စည်းတင်ပြပြီး တရားစွဲဆိုထားတယ်၊ အဲဒါ ခင်ဗျားတို့ ငြင်းကွယ်ချင်ကြသေးသလား ' ဟု မေး၏။

သူတို့ကား အင်စပက်တော်မင်း သက်သေခံပစ္စည်းအဖြစ် တင်ပြထားသော ပိုက်စုတ်နှစ်ထည်သည် သူတို့ပိုက် မဟုတ်ပါဟူသော အချက်မှတစ်ပါး ငြင်းကွယ်ရန် အကြောင်းမရှိပါ။ သို့သော် ဤပိုက်စုတ် နှစ်ထည်ကို တင်ပြရခြင်းမှာလည်း သူတို့ထံမှ ငွေစားပြီး သူတို့ပိုက်ကို ပြန်ပေးခဲ့၍ဖြစ်ရာ ဤအချက်ကို ငြင်းကွယ်နေပါက အကြောင်းမထူးသည့်အပြင် သူတို့၌လည်း အပြစ်မလွတ်ကင်းချေ။ ထို့ကြောင့် ' မငြင်းကွယ်လိုပါ၊ ကွင်းထဲမှာ ပိုက်ချမိတာမှန်ပါသည် ' ဟု ဖြောင့်ဆိုဝန်ခံကြရတော့သည်။

' ကွင်းထဲ ပိုက်ချရင် ဒီလိုပဲ အဖမ်းခံရပြီး တရားစွဲခံရမယ်ဆိုတာ သိလျက်သားနဲ့ ဘာ့ကြောင့် ပိုက်ချရသလဲ '
' မှန်လှပါ ... ဆင်းရဲလွန်းလို့ အလုပ်အကိုင်ကလညး မရှိတာနဲ့ ကြံမိ ကြံရာ ကွင်းထဲမှာ ပိုက်ချမိ ပါတယ် ဘုရား '
တိကျဖြောင့်မှန်လှသော အကြောင်းပြချက်ပင် ဖြစ်ပါသည်။ သို့သော် ဆင်းရဲလွန်း၍ ပိုက်ချ ပိုက်ချ။ ငတ်လို့ပဲ ပိုက်ချ ပိုက်ချ၊ ပိုက်ချရင် အပြစ်ပေးလိုက်ဟု ဥပဒေက ညွှန်ကြားထားသည့်အတိုင်း မြို့ပိုင် မင်းက အမိန့်ချမှတ်လိုက်သည်။

' အစိုးရပိုင်ရက်အတွင်း ကွင်းထဲမှာ ပိုက်ချကြောင်း ထင်ရှားသည့်အတွက် မောင်မင်းတို့ တစ်ဦးလျှင် ဒဏ်ငွေ တစ်ဆယ်စီ ပေးဆောင်စေ၊ မပေးဆောင်နိုင်က ထောင် ... '
မြို့ပိုင်မင်း၏ အမိန့် မဆုံးသေးမီမှာပင် ကိုလူမောင်က စောဒက ၀င်၍ အသနားခံလိုက်၏။
' ဘုရား ကျွန်တော်မျိုးများ ဆင်းရဲလှပါတယ်ဘုရား၊ ဒဏ်ငွေ ငါးကျပ်လောက် လျှော့ပေါ့ပြီး ငါးကျပ် လောက်သာ ပေးဆောင်ခွင့်ပြုပါ ဘုရား '
' ဟေ့ ရုံးတော်ကွ ... ငါးစိမ်းတန်းမှတ်လို့ ဈေးဆစ်နေကြတာလား၊

ကျုပ်မှာ တခြားအမှုအခင်းတွေ စစ်ဆေးစရာ အများကြီး ရှိသေးတယ်၊ ဒါကြောင့် ဒဏ်ငွေ တစ်ဆယ်စီ ပေးဆောင်စေ၊ မပေးဆောင်နိုင်က ထောင် ... '
' ပေးဆောင်ပါ့မယ် ဘုရား .... '
သူတို့သည် မြို့ပိုင်မင်း၏ အမိန့်ကို ဆုံးအောင် နားမထောင်ဝံ့ကြရှာဘဲ ငါးပေးဖြင့်လည်းကောင်း၊ အခြားနည်းအားဖြင့်လည်းကောင်း ရှာဖွေ ယူဆောင်လာခဲ့ရသော ငွေကလေး တစ်ဆယ်စီကို အသီးသီး ပေးဆောင်လိုက်ကြရလေသတည်း။
------------------------
ပြီးပါပြီ
.

2 comments:

Anonymous said...

အင်း- ဒီလူငယ် ပြောတာ ကွက်စိပ်ဟောသလို နားထောင်ကောင်းပေမယ့် ဒီလို အပြောသမားတွေလဲ လက်တွေ့ကျ အပြောပဲ ရှိတာ များတယ်။ ခင်ဗျားတို့ နင်းပြားဖြစ်နေပြီဆိုပြီး တောမှာ အာဏာရရ မြို့မှာ အာဏာရရ သူအာဏာရရင် သူကပါ တက်နင်းပြန်ရော။

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်ပြီး စိတ်ညစ်သွားတယ်...

ခုခေတ်က ဒါ့ထက်များ ပိုဆိုးမလားပဲနော်...