Tuesday, July 6, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၂)

ဟုတ်ချင်လည်း ဟုတ်မည်လားမသိ။ အမေရိကန်ပြည်ရယ်လို့ တည်ရှိလူသိလာခဲ့သည်မှာ မြန်မာ ရာဇ၀င်၏ နောက်ဆွယ် နောက်မြီးပိုင်းလောက်ဆီက စ လိမ့်မည်ထင်ပါသည်။ အဲဒီအချိန်တုန်းကဖြင့် သူတို့ ခမျာများမှာ တိုင်းပြည် တည်စမို့ နေသားတကျမရှိခဲ့။ သူတို့ပြည်တွင်း မှာတွင်ဘဲ တိုက်ဟယ် ခိုက်ဟယ်... နောင်ချိန် ...နောင်ချိန်...တခွပ်ခွပ်သတ်လျက်ဗိုလ်လုပွဲသဘင် ဆင်နွဲနေကြတုန်း၊ ခြောက်လုံးပြူး နှစ်လက် ခါးထိုးပြီး ကောင်းဘွိုင် နဲ့ နွားသူခိုးတွေ၊ ဆိုးချင်တိုင်း ဆိုး၍ ကြမ်းချင်တိုင်းကြမ်းနေတဲ့လူတွေ၊ ရိုင်းလွန်းတဲ့ အင်ဒီးယန်း တွေ၊ တနိုင်ငံကလွင့်လာတဲ့ လူပရမ်းပတာတွေသာ နိုင်ငံအလုံး အုပ်ဖုံးပျံ့နှံ့ လျက်ရှိပါ သေးသည်။

ထို့နောက်လည်း အင်္ဂလိပ်လက်အောက်က လွတ်မြောက်မှုစစ်ပွဲ အီဘရာဟင်လင်းကွန်းတို့ရဲ့ ကျွန် လွတ်စစ်ပွဲ စသည်များကြောင့်လည်း၊ မြို့ပြနိုင်ငံသာယာမှုကို ပြုသင့်သလောက် ပြုပြင်ရန် အချိန်မရ ရှာကြ သေး ဖြစ်နေပါသည်။ နောက်ဆုံး ၄၈-နယ်ညီညွတ်စွာ ပြည်ထောင်စုအဖြစ် လွတ်လပ်ရေး ရပြီးမှသာ တနေ့ပြီး တနေ့ ပြည်တော်သာ စီမံကိန်းနှင့် အကောင်အထည်ဖော်ခဲ့ကြခြင်းဖြင့်၊ ယနေ့ ကမ္ဘာက မော်ကြည့် နေရသော ဓနရှင် နိုင်ငံကြီး၏ မှိုလိုပေါက်နေသောဘုံဗိမာန်ကြီးတွေဖြစ်ပါသည်။

သို့ကြောင့် ဤအဆောက်ဦးချွန်တွေရဲ့ သက်တမ်းဟာ သိပ်မကြာသေးပါ။ အနှစ် ၄-ဆယ်သာရှိပါ ဦးမည်။
နောက်တမျိုး သော အထောက်အထားလည်း ရှိပါသေးသည်။ ဗမာပြည်ကြီး အင်္ဂလိပ် လက်အောက် ရောက်စအချိန်က ကျွန်းသစ်၊ ရေနံ၊ ဆန်စပါး စသော ဗမာ့ဥစ္စာသိုက်ကြီးများအနက် ဘီအိုစီ ကုမ္ပဏီ သည် ချောက်၊ ရေနံချောင်းစသောရေနံမြေမှရေနံများတူးဖော်ရန် အလို့ငှာ ဗမာရေနံတွင်းစာများပိုင် ရေနံတွင်း များ ကို နှစ်ချုပ်နှင့် ငှားခြင်းဖြင့်၎င်း၊ရေနံကြောသွားရာ ရေနံမြေများကို ဂရံခံခြင်း၊ ၀ယ်ယူခြင်းဖြင့် အလုပ်စတင်လုပ်ကြသော အချိန်မှာ ရေနံထုတ်လုပ်သည့် စက်ယန္တယားများပြုလုပ် တည်ဆောက်ရာ၌ လိုအပ်သော အလုပ်များကို အမေရိကန် လူမျိုး အင်ဂျင်နီယာကြီးတွေကို အများ အပြားနှစ်ချုပ်နှင့် ငှားရမ်း ခေါ်ယူ လုပ်ကိုင် စေသဖြင့် လွန်ခဲ့တဲ့ အနှစ် ၅၀-ခန့်ကပင် ဗမာပြည်၌ ရေနံ တူးဖော်ခြင်းဆိုင်ရာမှ အမေရိကန် လူမျိုးအင်ဂျင်နီယာကြီးတွေ တော်တော်များများ လာရောက်နေထိုင်ဘူးကြသည်မဟုတ်ပါလား။

အဲဒီအခါတုန်းက အမေရိကန်အင်ဂျင်နီယာကြီးတွေရဲ့ ရုပ်လက္ခဏာတွေဟလည်း ယနေ့ အမေရိ ကန်များဖြစ်သော (ဂရေဂရီးပက်တို့တိုင်ရိုပါဝါ) တို့လိုပြေပြေပြစ်ပြစ်နဲ့ ချစ်စရာ ဇာတ်လိုက်မင်းသား ရုပ်မျိုးတွေ မဟုတ်သေးပါ။ ကြံ့ခိုင်ကြမ်းတမ်းပြီး မိုးရွာနေပူမရှောင် အဆင်းရဲအပင်ပမ်းခံ၍ လုပ်ကိုင် နိုင်သော မြင်းစီးကောင်းဘွိုင်ရုပ်မျိုးကြီးတွေဖြစ်၍ အင်္ဂလိပ်ကဲ့သို့ ပန်ကာအောက်တွင် ဇိမ်ယူထိုင် လုပ်နေသူမဟုတ်၊ အလုပ်ကို အလုပ်နှင့်တူအောင် နေပူကြဲကြဲ မိုးသဲသဲ ဇွဲနဲ့ လုပ်နေကြသဖြင့် ဗမာတွေက အမေရိကန်ကြီးတွေကို ' လူကြမ်းထော' ကြီးတွေ ခပ်ရိုင်းရိုင်းကြီးတွေ ဟုသာ အမြင်ရှိခဲ့ကြသည်။
ဒါကြောင့်ပေါ့ လူမျိုးခြား အသစ်အသစ် ရောက်လာတိုင်း ဖမ်း၍လင်လုပ်လေ့ရှိကြသော ဗမာမများ ကပင် အင်္ဂလိပ် နှင့် အမေရိကန်ကို ယှဉ်ပေးလိုက်လျှင် အင်္ဂလိပ်ကို အရင်လင်တော်ပစ်လိုက်ကြသည်။

အမေရိကန်ကြီးတွေက ကြီးကြီးကြမ်းကြမ်းကြီးတွေမို့တဲ့ ဒီတော့ နောက်ဆုံး ဘာဖြစ်သလဲဆိုရင် အမေရိကန် အင်ဂျင်နီယာ ကြီးတွေမှာ ကြိုက်မည့်သူ နည်းနေခိုက် မရ ရဒါ နှိုက်မယ်ဘယ်လိုဟာ ဖြစ်ဖြစ် ပါလာရင်ပြီးရောဆိုတဲ့ ရည်ရွယ်ချက်နဲ့  မဲချင်မဲ နက်ချင်နက် မျက်ချေးထူချင်လဲထူ ဗိုက်ခေါက်စူချင်လဲစူ အမူအရာ မလုပ်၊ မခုပ်တုန်းဝနေမယ့် အကျည်းတန် နံနံ စော်စော် ဟာကြီးတွေကိုပင် ငွေစရွှင်ရွှင်ပေး၍ရေမွှေးဖျန်းပြီး ခေတ္တ ဇနီးအဖြစ် ခြေတော်တင်လိုက် ကြသည်။ မြေပဲကောက်နေတဲ့ မအေးလှတို့ နေပူထဲမှာ ကျောက်ခဲ ထုနေတဲ့ မသာအိတို့ တတွေဟာ ဟိုတခေတ်က အမေရိကန် အင်ဂျင်နီယာနှင့် ရေနံ ဗိုလ်ကတော် တွေဖြစ်ခဲ့ကြဘူး သတတ်။

ဤသည်ကို အကြောင်းပြု၍ပင် ကွယ်လွန်သူနာမည်ကျော် လူပျက်ဦးသင်္ခါက အငြိမ့်မင်းသမီး သြဘာသေင်း နှင့် ဒေလီညွန့်ကြီးတို့ အပျိုပေါက်ဆံတောက်ကလေးတခါခါ ခေတ်ဆီတွန်းက တနည်း ဆန်းဒါက (ပဉ္စလက်) တပင် တက်တာက ထန်းသမား၊ ပခမ်းသွားဒါက ကိုကျော်စော၊ (ဗိုလ်ကတော်ပေါဒါက ရေနံချောင်း)ဆိုသော ပျက်လုံး လင်္ကာ တပုဒ်ကို စပ်ဆို၍ပြက်လုံးထုတ်ခဲ့ဘူး သည်။
(ဗိုလ်ကတော်ပေါက ရေနံချောင်း)ဆိုသည့် အတိုင်းပင် ချောက်၊ ရေနံချောင်း တ၀ိုက်မှာ ဗိုလ်ကတော်တွေ သောက်သောက်လဲ ပေါများခဲ့ဘူးသည်။

အမေရိကန် ဗိုလ်ကတော် ' မရုပ်ဆိုးကြီး 'တွေသာလို့ပင်ပေါများခဲ့ပါသည်။ အမေရိကန် အင်ဂျင်နီယာ တဦး လျှင် ခု ၅ နှစ် နှစ် ၁၀ နှစ်စသဖြင့် နေရရာ နေတုန်းမှာ အငှားဇနီးအဖြစ်ထားသည်။ သူတို့ နှစ်စေ့၍ ပြန်သွားလျှင် နေအိမ် လက်ဝတ်လက်စား ဘဏ်ငွေစသဖြင့် တသက်အေးအေးထိုင်စားနိုင်ရန် ပေးသွား သည်။ သားသမီး ထွန်းကားလျှင်လည်း ခေါ်သွားသည်။ အချို့လက်ထပ်မယားမရှိသော လူပျိုအင်ဂျင်နီယာ များကတော့ သံယောဇဉ်တွယ်လက်စ ရှိသဖြင့်၊ အရုပ်ဆိုးချင်လည်းဆိုး တခါတည်း လက်ထပ်၍ပင် ယူလိုက် သူလည်း ရှိသေးသည်။ ဗိုလ်ကတော်ပေါလှသော ရေနံချောင်းမှာဘဲ လင်ပြန်သွားသဖြင့် ပစ္စည်းဥစ္စာ အထုပ်အထည် နှင့် ကျန်ရစ်သော ဗိုလ်ကတော်ကျတွေကိုလိုက်၍ သိုက်တူးစားနေသော လူစားမျိုးတွေပင် တခေတ် ဆီက ရှိဘူးခဲ့ကြပါသေးသည်။

အဲ ဤ၍ဤမျှသို့ကလောက် များများ ရောက်လာဘူးသော အမေရိကန် အင်ဂျင်နီယာတွေဟာ ဗမာ ပြည်က ယဉ်ကျေးမှု အနုပညာရပ်များဖြစ်သော ဘုရား၊ တန်ဆောင်းကျောင်း၊ ပြဿာဒ်တို့မှာရှိတဲ့ ပန်းချီပန်းပု ရုပ်ထု၊ ရုပ်လုံး စသည်များကို လေ့လာစုဆောင်းသွားသူတွေ မရှိဘူးလို့ ဆိုနိုင်မည်လော။ နိုင်ငံခြား သား များ၏ ထုံးစံမှာ မိမိတို့ရောက်ရှိရာ တိုင်းပြည် နိုင်ငံအရပ်ဒသတို့က အနုပညာပစ္စည်းများကို စုဆောင်း ၀ယ်ယူသွားတတ်သော အလေ့အထရှိကြမြဲဖြစ်ပါသည်။ ဒါကြောင့် အဲဒီလို အင်ဂျင်နီယာ မျိုးထဲက ဗမာပန်းချီဆရာကြီးများ၏ လက်စွမ်းပြ ဘုရား၊ တန်ဆောင်းတို့မှ နတ်ဗိမာန်များ၊ နတ်ဘုံများ၊ ပြဿာဒ်ချွန် များကို တိမ်ကြိုတိမ်ကြားထဲမှ ရေးရေး မြင်နေရဟန်ပုံသဏ္ဍာန်များအား နည်းယူ မူတည်ပြီးမှ အဆန်း ထွင်ချင်တဲ့ သူတို့ အမေရိကန်လူမျိုး များ၏ ၀ါသနာအရ တစုံတဦးသော သူက အဆောက်အဦး ချွန်ချွန်ကြီး တွေ အစထွင်လိုက်ခြင်းပင် ဖြစ်ကောင်းစရာရှိနေပါသည်။

အကယ်၍ ဗမာပန်းချီကားက မှီငြမ်းပြု၍ မယူဘဲ သူတို့ပင်ကိုယ် စိတ်ကူးပါဟု ခိုင်ခိုင်လုံလုံဆိုလျှင် တောင်မှ လောက ဓါတ်ပညာနှင့် စက်မှုလက်မှုပညာတွေ ထိပ်တန်းရောက်ပို့နိုင်သော သူတို့ဦးနှောက်မျိုးနှင့် အလားတူ ဗမာပြည်သင်းတွေကလည်းလွန်လေပြီးသော နှစ်ပေါင်း သုံးလေးရာ စောစွာကပင် ကျမ်းဂန်အရ စိတ်ကူးယဉ် ပုံ ရေးဆွဲပြသော ပန်းချီကားများအရပင် ဘုန်းကြီးပျံတို့မှ ပြဿဒ် ချွန်ချွန်တွေ လောင်တိုက်ကြီး တွေ တိုင်းရင်းဖြစ် ၀ါးပေါ်တွင် မိုင်းကိုင် စက္ကူ ကပ်၍ လက်တွေ့လုပ်ပြနိုင်ခဲ့သေးသည်ကို ထောက်ထား၍ မူအားဖြင့် စိတ်ကူးချင်း၊ ဦးနှောက်ချင်း တူနေပြန်သည်ဟု ဆင်ခြေတမျိုးနှင့်ဘ၀င်မြင့်စရာရှိပါသေးကလား။

ဆိုလိုသည်ကား ဒို့မှာ ငွေနှင့်စက်ကရိယာပစ္စည်းမပြည့်စုံလို့သာ လက်ကမပါနိုင်ပေမဲ့ စိတ်ကူး ဥာဏ်ချင်း တော့ ရှေ့ကနေပီး အနှစ်တရာ၊ နှစ်ရာစောစောကြီးကတောင်မှ ပြေးပြနိုင်သေးရဲ့ဟု ကြံဖန်ပြီး သွေးကြီး ခဲ့မိသေးသည် ဟူလို။

*
(ဘိက္ကမင်တာဝါ့)၏ခေါင်ပေါ်ရှိ ကောက်တေးခန်းဆောင်၏လေသာလက်ရမ်းမှညနေနေရီဖြိုးဖျ အချိန်ကစ၍ ကြည့်ရင်း... ကြည့်ရင်းပင် တိမ်ထု ကဗ္ဗလာ ဂွမ်းပုံလွှာကြီး ဖုံးလွှမ်းလိုက်ခြင်း ခံရသောကြောင့် မိုးထိုး အဆောက် အဦး များသည် တိမ်လွှာပြင်တွင် နစ်ဝင်ပျေက်ကွယ်သွားပြီး အချို့သော ချွန်ချွန်မားမား အမြင့်ဆုံး ပြဿဒ် ထိပ်ဖျားလို ဟာကြီးတွေသာ တိမ်လွှာဝမှ တစတစပြူထွက်ကာ ထိုးထိုး ထောင်ထောင် ကျန်နေရစ် သည်ကို တွေ့ရလေတော့သည်။

တခဏကြာသောအခါ ဖြူဖွေးသော တိမ်လွှာများကို ညဥ့်မှောင်ကမ္ဗလာနက်ကြီးကတဆင့် လွှမ်းခြုံ လိုက်ပြန် ပါသည်။ ထိုသောအခါ၌ အဖြူနှင့်အမဲနဘမ်းပွဲကဲ့သို့ သူနိုင်ငံ နိုင်လုံးထွေးနေဆဲ တခဲနက် သော ၀င်းဝင်း လက်လက် လျှပ်စစ်ဓါတ်မီး အရောင်များက ကြားဝင်ပြီး နေရာယူလိုက်ပြန်ပါသည်။

နောက်ခံအမဲနှင့် တိမ်လွှာဖြူကျဲကျဲတို့ ရစ်ဆိုင်းနေသော အဆောက်အဦးတို့၏ များစွာသော ပြူတင်း ပေါက်ကလေးတွေမှာ ၀င်းလက်သော အရောင်တွေ တောက်ပြောင်လာသဖြင့် မီးရောင်စုံ ပဒေသာပင်ကြီး တွေ ကို စီကာစီကာ ကွက်လပ်မရှိပြည့်အောင် ချထားသကဲ့သို့တွေ့ရပြန်ပါသည်။

ဤအခါ၌ကား... ဒို့ဗမာရေဒီယိုမှ နေ့တိုင်းကြားရမြဲဖြစ်သော (ဘုံ...ဆောင်မြင့် စိန်ကြောင်နီလာ ဖာလ်ရှိန်လေညီးလို့...လို့...လင်း...)ဆိုသော ရေကင်းသံရှည်တေးသွားကို ပြေး၍အမှတ်ရမိပြန်ပါသည်။
သိကြားမင်းကြီး ကလည်း နကင်းကြီးနဲ့ ဘယက်တန်ဆာဓွါဒယာဆင်ထားသော နတ်သမီးတွေ တဖက် ငါးရာ ရံ၍ ခံစားနေသော ပုံသဏ္ဍာန်၊ နတ်ပြည်နတ်ရွာက နတ်ကာလသား၊ နတ်မယ်လျ၊ ဒေ၀စ္ဆရာ သူဇာမျိုးနွယ်တွေကို ဒါနကထာဟောခန်း၏ ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ ရုတ်ခနဲဆို တော့ နတ်တန်ဆာ တွေ သွားလာကူးသန်းနေသည်ကိုများ မြင်ရခြိမ့်မလား...ဟု အထင်မှားစရာ၊
သို့ရာတွင် ဘောင်းဘီရှည်၊ ဘွတ်ဖိနပ် နက္ကတိုင်နှင့် 'လူထီး'ဖြူကြီးတွေကိုကား၊ ကိုယ့်ထက်အဆမတန် သေးငယ်သော ခုံမြင့်ဒေါက်ဖိနပ်ကလေးတွေစီးပြီး တရုပ်ခြေသေးမနီးနီး ဒုက္ခကြီးစွာခံ၍ အလှပြင်ထားသော ဆံလေးတိုကော့ကော့ ကောက်ကောက်နှင့် နှုတ်ခမ်းနီ၊ ဂါဂရာဝတ်၊ 'လူမ' ဖြူဖြူ တွေကို၎င်း၊ မြင်နေရသောကြောင့်သာ ဤရွာကား...
နတ်ရွာ မဟုတ် လက်တွေ့လုံ့လ၀ိရိယအကြံဥာဏ်ရှေးဆောင်ဖန်တီးထားသော လူ့ရွာ အမေရိကန် လူမျိုး တို့၏ နယူးယောက်ခေါ်သော ရွာကြီးသာဖြစ်သတည်းဟု ဒုတိယအကြိမ်မြောက် သတိထား လိုက်ရပါသည်။

အောက်ခြေ လမ်းမကြီးပေါ်မှာတော့ လမ်းဘေးတဖက်တချက်မှ စိန်ကြိုးသွယ်တွေကို အစင်းလိုက် ချထားသလို... ဖြူ ၀င်းဝင်းမီးပွင့်များ နှစ်သွယ်ရှက်၍ တဆက်တည်း ပျော်မဆုံးအောင် တွေ့မြင်ရပါ သည်။
ထို ဖြူဝင်းဝင်း စိန်ကြိုး သွယ်မီးတန်းကြီးများမှာ တခါတခါလည်း နီနီရဲရဲပတ္တမြားဆွဲကြိုးသွယ်တွေ အလား၊ နီဝင်းဝင်း အရောင် ကို ပြောင်းသွားတတ်၍ ယင်းတမျှော်တခေါ်ကြီးလုံးလုံးပင် အချက်ညီညီနီ လိုက်ဖြူလိုက် နှင့် ဖြတ်ကနဲဖြတ်ကနဲအရောင်ပြောင်းလျက် ရှိတော့သည်။

ထိုသို့ မိနစ်ပိုင်းနှင့်ချိန်ဆ၍ အချက်ကျကျ နီလိုက်ဖြူလိုက်ဖြစ်နေသော မီးလုံးတန်းကြီးတွေမှာ ကုန်ပစ္စည်း ရောင်းစရာ၊ ကြော်ငြာနေသော မီးများမဟုတ်ပါသွားလမ်းလမ်းလာမော်တော်ယာဉ်များ ကိုမီးရောင်နှင့် အချက်ပြ ညွှန်ကြားနေခြင်းသာဖြစ်ပါသည်။ လမ်းတကာ လမ်းတကာတို့တွင် ရေအယဉ်ကဲ့သို့ သွင်သွင် စီးဆင်း နေသော မော်တော်ယာဉ်များကို ရန်ကုန်မြို့က လူသားရဲယာဉ် အရာရှိတို့ကဲ့သို့ လက်ရုံး နှစ်ဖက် အားကိုး ၍ ညွှန်ကြားချက် မပေးရတော့ပါ။ များလှစွာသော လမ်းဒေါင့်တိုင်း လမ်းဒေါင့်တိုင်းသာ ရဲ ယာဉ်အရာရှိ တို့က လက်ပြနေရမည်ဆိုလျှင် အမေရိကန် တနိုင်ငံလုံးအတွက် ရဲယာဉ်အမှုထမ်းပေါင်း လုံလောက်အောင် ခန့်ထားရန် မည်မျှစရိတ်ကြီးလေး မည်ကို တွက်ချက်၍ မီးဖြူနီနှင့် အချက် ပြညွှန်ကြား ခြင်းဖြင့် သက်သာလွယ်ကူအောင် တည်ထွင် စီမံထားခြင်းပင်ဖြစ်ပါသည်။

စံနစ်တကျ စီမံသူတို့က စီမံသွားသလောက် နောက်မှ လိုက်၍ စည်းကမ်းကိုရိုသေစွာ ကျင့်သုံးကြ သော လူထု ၏ စိတ်နေအထက်တန်း ကျမှုကြောင့်လည်း ဤမျှခရီးရောက်သည်ဟု ဆိုရပေမည်။ အသက်မရှိသော မီးလုံး ကလေးများက စံနစ်တကျနီလိုက်လျှင် ပြေးနေသောကားတွေ လူတွေက စံနစ်တကျ ရပ်လိုက်သည်။ မီးလုံး ကလေးများ ဖြူလိုက်လျှင် စံနစ်တကျ ဆက်မောင်းသွားကြသည်။
လန်ဒန်မြို့မှာ ဆိုလျှင် မီးရောင်သုံးမျိုးထား၍ပင် ပေးသေးသည်။ အဖြူနှင့်အနီ အကူးတွင် ကြားမှာ အ၀ါရောင် မီးလုံးတလုံးထားပါသေးသည်။ အ၀ါရောင် လင်းပေးခြင်း၏ အဓိပ္ပါယ်ကား သွားရန်နှင့် ရပ်ရန် ပြင်ဆင် ဘို့ နှိုးဆော်ခြင်းအထိမ်းအမှတ်ဖြစ်ပါသည်။ နယူးယောက်မှာတော့ အနီနှင့်အဖြူ နှစ် မျိုးဘဲ သုံးတော့သည်။ ကြားက အ၀ါရောင်ကို အောင်သွယ်မခိုင်းတော့ပေ။

ယာဉ်မောင်း သမားနှင့် လူထုကလည်း အသက်မရှိသောမီးရောင်၏ ညွှန်ကြားချက်ကို မည်မျှရိုသေစွာ လိုက်နာ သနည်းဆိုလျှင် လမ်းအကူးမှာ ဘယ်ကားမှမတွေ့ဘဲ မိမိကားတစင်းဘဲ ရှိ နေသော အချိန်မျိုး မှာပင် မီးနီလိုက်လျှင် ဆက်မမောင်းဘဲရပ်ပေးသည်။ မီးဖြူလာသော အခါမှ အေးအေးဆေးဆေး ဆက်မောင်း သွားပါသည်။
အရက်မူးသမားတဦးတလေက တခါတရံ ခိုး၍မောင်းလိုက်မိလျှင်လည်း ဘယ်ဆီက ဘယ်နည်းနှင့် မြင်လိုက် သည်မသိ မော်တော်ဆိုင်ကယ် တဒိုင်းဒိုင်းနှင့် အပြေးစိုင်းလိုက်လာသော ရဲယာဉ်အရာရှိ အား ကားမောင်း လိုင်စင် စာအုပ်ကိုထိုးပေးပြီး အနည်းဆုံး ဆယ့်ငါးဒေါ်လာဒဏ်ချခံရပါသည်။

အဲဒီလိုနယူးယောက်၏ ရှုမျှော်ခင်းကို ကြည့်ရှုစဉ်းစားနေဆဲ၌ အချိန်ကြာညောင်းလာပြီးဖြစ်၍ တည်းခိုရာ ဟင်နရီဟတ်ဆင် ဟော်တယ်သို့ ပြန်ခဲ့ပြီး ခရီးပင်ပန်းမှုကို အနားယူနေပါသည်။ သို့သော် အနားယူခွင့် မရနိုင်သေးပါ၊ များမကြာမီ တံခါးခေါက်သံတခုပေါ်လာ၍ တံခါးထဖွင့်ပေးလိုက်သောအခါ ညနေက ဦးခင်မှ တဆင့် တယ်လီဖုန်းနှင့် အကြောင်းကြားထား သောကြောင့် ဗိုလ်ကြီးသိန်းဆွေတို့ လူတသိုက် ရောက်လာ ကြသည် ကို တွေ့ရပါသည်။

ဗမာတွေပီပီ တွေ့တွေ့ချင်း ဟေးလား ၀ါးလားနှင့် အားပါးတရ နှုတ်ဆက်ပြောဆိုလိုက်ကြသည်မှာ တခန်းလုံး ပွက်လောရိုက်သွားတော့သည်။ ဤလူစုထဲမှာ သူများထက်ထူးသော ဗိုလ်ကြီးသိမ်းဆွေ၏ အသံကား အမြင့်မှ လိမ့်ကျလာသော ကြေးလင်ဗန်းသံနှင့် နင်လားငါလား ဖြစ်နေပါတော့သည်။

ပေါက်ပေါက်လှော်သံကဲ့သို့ တဖျောက်ဖျောက် ပြောနေသော သူ၏စကားတွေထဲမှ ကောက်နှုတ်ချက် ယူပြ ရလျှင် သူ့မှာသုံးစွဲစရာ ဒေါ်လာ လုံလောက် မရသဖြင့် အဆင်သင့် ရောက်လာသော ကိတ္တိမ အမေဆီက တောင်းယူ လိုက်ရဦးမည်တဲ့ ကဲ ...ဘယ့်နဲ့ လုပ်ရမလဲသူ့ ပုသိမ်ထီး ထုတ် အကောက် ဆောင်းဘို့ နေနေ သာသာ ထပ်တောင် မုန့်ဘိုးပေးရဦးမှာပါကလား။

စာရေးသူ သတိမထားမိလို့ပါ။ ဟုတ်တော့လည်း အဟုတ်သာဘဲ လွန်ခဲ့တဲ့ ၂-နှစ် ၃-နှစ်ကစပြီး ခင်ဗျားတို့ သားသမီး တယောက် မှ မရှိဘဲဥစ္စာ ကျွန်တော့ကိုဘဲ မွေးစားကြပါဗျာဟူ၍တွေ့သမျှ အချိန်တိုင်းသူ့ကို ကိတ္တိမသား အဖြစ် မွေးစားရန် နားပူနေသူဖြစ်ပါသည်။  စာရေးသူက သားဒီလောက် အရွယ်ငယ်ငယ် ကလေး ကို မွေးစားလို့ ဖြစ်မှဖြစ်ပါမလားဟု စဉ်းစားနေဆဲရှိပါသည်။
ထို့နေစက် ဗိုလ်ကြီးသိမ်းဆွေမှအစ ဦးသန်းမြင့်နှင့်တကွ မောနင်ဆိုက် ပါတီမှရှိကြသော အမေရိကန် ပြည်ရှိ ဗမာများ အသင်းသားများ ကသာ နက်ဖန်ညစာ အတွက် ဖိတ်ကြားကြသဖြင့် လက်ခံလိုက်ရပါသည် ဗိုလ်ကြီးသိမ်းဆွေ ကား လူပင်ငယ်သော်လည်း လူငယ်ဟုတ်ကြီးထဲကပင် ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော် မြဲ ရန်ကုန်ခရိုင် ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌလည်းဖြစ်ဘူးသူ ဧရာပုဂ္ဂိုလ်ကြီးဖြစ်စေကာမူ မာန်မာန မရှိ ပျော်ပျော်ရွှင်ရွှင်နေတတ်သူဖြစ်ပါသည်။

သူ့ခေါင်းဆေင်၏ ဖိတ်ခေါ်ကျွေးမွေးသော ထမင်းစားပွဲကား သူ့လူသိုက်နှင့်သူ မည်မျှဆူပူ ပွက်လော ရိုက်လိုက် ဦးမည်ဆိုသည်ကို ကြိုကြိုတင်တင် စဉ်းစားထားလိုက်မိပါသတည်း။

*
ဧည့်သည်များ ပြန်သွားသောအခါ၌ ည ၁၀-နာရီပင် ရှိနေပါပြီ။ ထို့ကြောင့် အိပ်ရာတွင် အညောင်းပြေ လှဲလိုက် သည်တွင် ခေါင်းရင်းစာကြည့် မီးအိမ်အောက် တယ်လီဖုန်းအနားမှ စာအုပ် တခုတင်ထားသည်ကို တွေ့ရသော ကြောင့် ဆွဲယူကြည့်မိရာ ဟင်နရီဟတ်ဆင် ဟိုတယ်မှ တပါတ် တကြိမ်ကျ ထုတ်ဝေသော ပျော်ပွဲ ရွှင်ပွဲနှင့် သွားလိုရာသွားဘို့ လမ်းညွှန်စာအုပ်တခုဖြစ်နေသည်ကို တွေ့ရပါသည်။

သို့သော် မဖတ်နိုင်တော့ပေ။ နောက်တနေ့ မနက်စောစော အိပ်ရာမှနိုးရာ ရုတ်တရက်မထသေးဘဲ၊ အနီးရှိ ထိုစာအုပ်ကို ဆွဲဖွင့်ကြည့်လိုက်မိပါသည်။ တမြို့လုံးကို ကျိုကျိုကြားကြားမကျန် သွားလိုရာ သွားနိုင်ရန် လမ်းများ အကွက်ချ၍ ညွှန်ကြားထားသည်။ ဘတ်စ်ကား လမ်းညွှန်၊ မြေအောက်မီးရထားလမ်းညွှန်၊ တည်းခိုရာ ဟော်တယ်ပေါင်းစုံ လမ်းညွှန်၊ စားလိုရာစားသောက်ဆိုင် လမ်းညွှန်၊ ကြည့်လိုရာ ရုပ်ရှင်-ပြဇာတ်- တီးဝိုင်းလမ်းညွှန်၊ လည်ပတ် ကြည့်ရှုလိုရာ ပြတိုက်-စာကြည့် တိုက်များနှင့်တကွ အခြားသော ရောက်သင့် ရောက်ထိုက်သည့်နေရာ ဌာနများကို ရုပ်ပုံ ဘလောက်များနှင့် ညွှန်ကြားပြသထားပါသည်။

ထိုစာအုပ်ကို လှန်လိုက်သော စာမျက်နှာတွင် ရှေးဦးစွာ တွေ့မြင်ရသောအရာမှာ ယခုအပတ်မှစ၍ ရုံတင်သော ရုပ်ရှင်ဇာတ်ကားများ အမည်နှင့်ပြသော ဇာတ်ရုံများ၊ ပြဇာတ်အမည်နှင့် ရုံအမည်စာရင်း၊ စတိတ်ရှိုး ခေါ် ရုပ်ရှင်ပြဇာတ်ပါ ပူးတွဲပြသောရုံများဖြစ်နေပါသည်။

စာရေးသူ ရောက်တော့ နေ့ရက်က ပြသနေသော ရုံများမှာ ၄၇-လမ်းရှိ ဘာရီမိုးသီရေတာရုံတွင် (ဖိုးပိုစတာ) ၄၅-လမ်းအနောက် ဘရော့ဝေးရှိ မြူးဇစ်ဘောက်စ်သီရေတာရုံတွင် ' သမွန်းအစ်ဘလူး' ဆိုသော ပြဇာတ်များ ပြသလျက်ရှိပါသည်။ ရုံတင်ခမှာ ဗမာငွေ ၂၀-နီးပါးက ခြောက်ကျပ်လောက် အထိ၊ တန်းခွဲ ထားပါသည်။ စတင်ပြသသော အချိန်မှာ ၈-နာရီ မိနစ် ၄၀-မှစပါသည်။
ကြီးကျယ် ခမ်းနားတဲ့ မီထရိုပိုလီတန် အော်ပရာဟောက်စ်ကာနေဂျီ ဟောလ်တို့ဆိုတဲ့ အော်ပရာကပွဲ ရုံကြီးများ အပြင် နာမည်ကျော် အတီးဝိုင်းများကိုသာ အသားပေး၍ သပ်သပ်တီးပြ သော ရုံများကလည်း ရှိပါ သေးသည်။ (မြူးဇစ်ကယ်)ရယ်လို့ အမည်တတ်သည်။ သူတို့ ရုံဝင်ကြေးက ပိုလို့ပင် ကြီးပါသေးသည်။ ဗမာငွေ ၃၀ိ ကျော် က ၆၀ိ ကျော်အထိ တန်းခွဲလျက်ထားပါ သည်။

ဤတီးဝိုင်းရုံများကတော့ ၄၄-လမ်းရှိ 'စိန်ဂျိန်းသီရေတာ' ၅၆-လမ်းသီရေတာ။ ၄၅-လမ်း ' ရိုင်ရယ်သီရေတာ' ၄၄-လမ်း၊ 'မဂျစ်စတိတ်သီရေတာ။ လမ်း ၅၀-ဘရော့ဝေး ' ၀င်တာဂါဒင် '။ ၄၅-လမ်း ' အင်ပီးရီးရယ် ' သီရေတာ တို့ဖြစ်ကြရာ၊ ထိုနေရာ တ၀ိုက်တွင် ဤလိုတီးဝိုင်းရုံမျိုးတွေ စုပြုံ နေကြသလောက်၊ ကြည့်ရှု အားပေးသူ တွေကလည်း တိုးမပေါက်အောင် ဒုနှင့်ဒေးများကြလို့သာ တည်တံ့ ခိုင်မြဲ နေခြင်းဖြစ်ပေလိမ့်မည်ဟုတွေးမိပါသည်။

ဗမာပြည်မှာများ ရွာစားကြီး စိန်ဗေဒါတို့၊ ဆရာစိန်ကြီးတို့လိုနာမည်ကျော် ဆိုင်းဝိုင်းကြီးများနှင့် စန္ဒယား၊ မယ်ဒလင်၊ ဘင်ဂျို၊ တရော၊ ဂေါဂေါဂွီဂွီတွေ ပါဝင်သော ကာလပေါ်တီးဝိုင်းဆရာ နာမည်ကျော်များကိုပါ ဘယ်သောအခါကမှ ကဇာတ် ဇာတ်တွေနှင့် မရောမစပ်ဘဲ သီးသန့်ရုံဝင်ခ ပေးပြီး ကြည့်ရှုအားပေးလေ့ မရှိခဲ့ကြသည်မှာ ၀မ်းနည်းစရာကြီးပါ။ ဗမာပြည်က ဂီတဆရာတွေအဘို့ တဘမ်းရှုံးလျက်ရှိနေပါသည်။

ရုပ်ရှင်နှင့် ပြဇာတ်-ကဇာတ်များ ပေါင်းဖွဲ့ပြသသော ရှိများလည်းရှိပါသည်။ ထိုရုံတွေမှာ (၇) ရိပ်သာ လမ်းနှင့် လမ်း ၅၀-ဒေါင့်တွင်ရှိသော ဒီသီရေတာရုံတွင် 'ဒရမ်းဘုတ်'ခေါ်သောဇာတ်ကား၊ ဘရော့ ဝေး ပါရာမောင့် သီရေတာတွင် ' ဂျမ်းပင်းချက် ခေါ်ဇာတ်ကားနှင့်။ ၆-လမ်းရိပ်သာနှင့် လမ်း ၅၀ဒေါင့်တွင်ရှိသောရေဒီယို စီတီမြူးစစ်ဟောလ်ခေါ် သူတို့ဆီက အကျော်အမော်ဖြစ်သော ရုံကြီးများ မှာတော့၊ နာမည်ကျော် ရောဘတ်တေလာနှင့်၊ အယ်လစ်ဇဘက်တေလာတို့ပါဝင်သော အိုင်ဗင်ဟို ဇာတ်ကားကြီးများ ပထမ အပတ်ပြသ လျက်ရှိနေပါသည်။ ရုံဝင်ကြေးမှာ ဗမာငွေ ၁၀ိ-ခန့် တန်းခွဲမရှိ။ သို့သော်ေ န့ပွဲများတွင် ဈေးလျှော့ ပြတတ်သဖြင့် ၇..ကျပ် လောက်ကျပါသည်။

အဲသည်ရေဒီယိုစီတိက အိုင်ဗင်ဟို ဇာတ်ကားကိုတော့ သဘက်ခါ ၀ါရှင်တန်မသွားခင်၊ ဒီနေ့ နေ့ပွဲ မှာဘဲ ကြည့်သွားဦးမည်ဟု စိတ်ကူးထားလိုက်ပါသည်။
ရုပ်ရှင်ကားသာ သပ်သပ်ပြသသော ရုံပေါင်းကလည်း မနည်းလှပါ။ ၄၆-လမ်း ၀ိတိုရိယ သီရေတာရုံ တွင် ' အပဲယား တရီဒက် 'ခေါ်ဇာတ်ကား။ ၅၁-လမ်း ကပီတယ် သီရေတာတွင်ကဲရီ။ ၄၆ လမ်းဂလုပ် ရုံတွင် ' ဒုန့်ဘရားသား တူးနီက် '။ ၅၇-လမ်း နော်မာဒီရုံတွင် အင်ကိုးရား။ ၄၅လမ်း ဂိုးစတိတ် သီရေတာတွင် ဂလိုးရီအယ်လီ။ ၄၇လမ်း မေပဲယားရုံတွင် ဟိုက်ဒနန်း။ ၎င်းမှာ ဂယ်ရီကူးပါးပါဝင်၍ ၅၂ နှစ် အကယ်ဒမီ ဆုရသောဇာတ်ကားဖြစ်သည်။

၅၂လမ်း ထရမ်းလောက်ဇ်၊ 'ဟိုက်ထရမ်ဆန် '၊ ၅၉လမ်း ဘာရီဂျုံး၌ 'အိုင်လန်းရီဘို့'၊ ၅၇လမ်း ဆပ်တွန်သီရေတာ၌ 'သမင်အင်ဝှိုက်ဆု'၊ ၅၅လမ်း ပလေးဟောက်တွင် 'မစ္စဂျူလီ၊ ၅၈လမ်း၊ ဖိုင်းအတ်သီရေတာတွင် 'အောက်စအော့သအိုင်လန်း'၊ ၄၅လမ်းရှိ ကရိဘာရီးရင်း သီရေတာတွင် ဝေါလ်ဒစ္စနီ ၏ '၀ါတာဘား' ကားတွန်းနဲ့ စတိုးရီးအော့ရိုဘင်ဟု ဇာတ်ကား၊ ၄၅လမ်း ဘရော့ဝေရှိ အက်စတား သီရေတာ`၌ 'စတိုးရီးအော့ ၀ိုင်းလ်ရိုးဂျား ' ၅၈လမ်း ပဲရစ်သီရေတာ ' စတ ရိုင့်ဝမ်'၊ ၄၉လမ်း၊ ၀ါလ်သီရေတာ မှာ 'စတရောလား'၊ ၅၇လမ်း ကာနေဂျီ ရေတာတွင် 'သရီးဆင်းနား'၊မေဒီဆင် အဇင်းနူးရှိထရန်းလောစ်မှာ '၀ှိုက်ကော်ရီဒါ' စသော များလှစွာလေထည့်မှ ရုပ်ရှင်ကားတွေကို ပြသနေသော အသံထွက် ရုပ်ရှင်ရုံများ ဖြစ်ကြ ပါသည်။

ဤသည်တို့ကား 'ကွင်း' 'ဘရောင့်စ' 'ဘရုပ်ကလင်' စသော ရပ်ကွက်များလည်းမပါ။ နယူးယောက် မဟတ္တန် ကျွန်း၏ အထက်ပိုင်းနှင့် အောက်ပိုင်း ရပ်ကွက်များလည်း မပါသေးဘဲ အလယ်ပိုင်း ရပ်ကွက်ကြီးတခုထဲမှာ ရှိနေသော ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံများသာ ဖြစ်ပါသေးသည်။ စာရေးသူသည် နယူးယောက်တွင် သုံးလခန့် နေမိသော အခါမူကား ထိုမျှလောက်များပြားတဲ့ ရုပ်ရှင်ရုံတွေမှာ ဤမျှ လောက်များပြားတဲ့ ရုပ်ရှင် ဇာတ်ကား တွေကို သောက်သောက်လည်းအောင် ပြနေကြလောက် ဇာတ်ကားတိုင်း၊ ဇာတ်ကားတိုင်း ကားကောင်းတွေချည်း မဟုတ်ဘဲ ဗမာပြည်မှာလိုပါဘဲ၊ ကားကောင်းရော၊ ကားညံ့ပါသော ကေရေကောတွေ့နေရသည်နှင့်မခြား ဇာတ်ကား အစုပ်အချာ ဆားမပါသော ဟင်းလို ပေါ့ပျက်ပျက် တွေလည်း အများကြီးဘဲတွေ့ရပါသည်။ တခုတော့ရှိပါသည်။

သူတို့ဆီက 'ချာ'သော ဇာတ်ကားသည် ဈေးပေါပေါရသေ နာမည်မရှိသေးသူ ဇာတ်ကားသည် ဈေးပေါပေါရသော နာမည်မရှိသေး ဇာတ်လိုက်များနှင့် အဆီအငေါ် မတဲ့သော ဇာတ်လမ်းတို့ ကြောင့် ညံ့ဖျင်းစုပ်ချာနေသည်ပြင် မှုံခြင်း၊ တုံခြင်းနှင့် အောက်တော့ဖိုးကပ်မဖြစ် ကြည့်မရအောက် ဖြူလွန်းမဲလွန်းခြင်းမရှိ၊ အသံထွက်သေးချည်တလှဲ့၊ တုန်ချည်တခါမရှိ ဓါတ်ပုံ၏ကြည်လင်ခြင်း အသံထွက် မှန်ကန်ခြင်းစသော ရုပ်ရှင်ဇာတ်ကား၏ အင်္ဂါအစိပ်အပိုင်းများကို လူတန်းစေ့အောင် မွေးဖွား ပေးလိုက် ပါသည်။

နောက်ပြီး ရှိပါသေးသည်။ ယခုရယ် တပါတ် အတွင်းတွင်ရှိသော မြူးဇစ်စတာဒီရမ် ကွန်ဆတ်တို့ကို လည်း ဘယ်လမ်းသယ်ရုံမှာ ၀င်ကြေး ဘယ်လောက်နှင့် သွားကြည့်နိုင်သည်ဟူ၍၎င်း။ ယခုတပါတ် အတွင်း အစီအစဉ် ပြုလုပ်ထားသော ကစားခုန်စားခြင်း ဆိုင်ရာမှ နေရာဌာနအချိန် နာရီနှင့် ၀င်ကြေး အခငွေပါ သတင်းပေး ညွှန်ကြားချက်များကို၎င်း၊မြင်းပွဲ၊ ရွက်လှေလွင့်ပွဲ၊ အပျော်ငါးမျှားပွဲ၊ ရေပန်းစီပွဲ၊ တယ်လီဗေရှင်း ရုပ်ဖော်အသံလွှင့်ဌာနကြီးများနှင့် ၎င်းတို့၏ အစီအစဉ်များနှင့် အခြား ကျန်ရှိနေသေးသော ဥယျာဉ်ပြပွဲ၊ ပန်းပွဲ စသဖြင့် ပြပွဲပြိုင်ပွဲမျိုးစုံတို့ကိုလည်း တခုမကျန် ထိုစာအုပ်တွင်ဖော်ပြထားပါသေးသည်။

ထိုအချိန်အခါမှာ နှင်းခဲများကင်းစင်ချိန် သူတို့ဌာနီ၏ နွေရာသီဖြစ်နေ၍လည်း လွင်ပြင် ပျော်ပွဲရွှင်ပွဲ တွေ အထူးဘဲ များပြားနေခိုက်ဖြစ်ပါသည်။ ပင်လယ်ကမ်းစ ရေချုးဆိပ်ပျော်ပွဲများမှာလည်း ထူးကဲ စွာစည်ကား လျက်၊ ပျော်ပွဲရွှင်ပွဲ သဘင်စုံ အမျိုးမျိုးနှင့် ချိမ့်ချိမ့်မွှမ်းနေသော အခိုက်များနေခိုက်ဖြစ်ပါ သည်။ ပင်လယ် ကမ်းစ ရေချိုးဆိပ်ပျော်ပွဲများမှာလည်း ထူးကဲစွာ စည်ကားလျက် ပျော်ပွဲရွှင်ပွဲသဘင် စုံအမျိုးမျိုးနှင့် ခြိမ့်ခြိမ့်မွှမ်း နေသော အခိုက်အတန့်ဖြစ်နေပါသည်။ ဘရုတ်ကလင်အရပ်ရှိ အတ္တလန် တိတ် သမုဒ္ဒရာရေပြင်ကို မျက်နှာပြုထားသော နယူးယောက်လူထုနှင့် အနီးဆုံးဖြစ်၍ အထူးသဖြင့် စည်ကား ကြီးကျယ် လျက် ပျော်ရွှင်ဘွယ် အကောင်းဆုံးသော ဌာနဖြစ်သည်ဟု အဆိုရှိပါသည်။

ထို့ကြောင့် ဤမျှများပြားလှစွာသော ပျော်ပွဲရွှင်ပွဲစသည့် ဌာနတွေကို ဘယ်လိုများ စေ့ကုန်အောင် သွားကြည့်  ရပါမလဲဟု တွေးမရလောက်အောင်ပင် ရှိသွားပါတော့သည်။

ဆက်ရန်
.

1 comment:

သူကြီးမင်း (တုံးဖလား) said...

စာရေးဆရာမ ဒဂုန်ခင်ခင်လေးက စာရေးဆရာပီသတယ်။ တွေ့ကရာမြင်ကရာတွေကို ကြံကြံဖန်ဖန်ရေးတတ် မှတ်တမ်းတင်တတ်တယ်။ ဒါကြောင့်လဲ နာမည်ကြီးခဲ့တာ ဖြစ်မယ်။