Wednesday, July 21, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၇)

အခန်း (၃၇) လွတ်မြောက်ရေး

    ဤနေရာမှာပင် ဦးလေးတွမ်၏ အဖြစ်ကို ခေတ္တမျှ ရပ်နားပြီး ဂျော့နှင့် အယ်လစ်ဇာတို့၏ ဇာတ်လမ်းကို ဆက်လက်ေ ဖ်ာပြရဦးမည် ဖြစ်ပေသည်။
    ဂျော့၊ အယ်လစ်ဇာ၊ သား ဟဲရစ်နှင့် ဂျင်တို့ သားအမိသည် ရန်သူ့လက်မှ လွတ်မြောက် လာပြီးနောက်တွင် ကွတ်ကာအိမ်တအိမ်သို့ ရောက်ခဲ့ကြကြောင်း၊ သူတို့သည် ဒဏ်ရာရနေသော ရန်သူ တွမ်လော့ကာကိုလည်း ခေါ်ဆောင်လာခဲ့ကြကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

    တွမ်လော့ကာသည် လူဆိုး လူသွမ်း လူကြမ်းတယောက် ဖြစ်၏။ သို့ရာတွင် ယခုအခါ၌မူ သူသည် ဒဏ်ရာ နှင့် ဒဏ်ရာရှိန် တက်သော အဖျားဒဏ်ကို ခံနေရပေပြီ။ အိပ်ရာပေါ်၌ ညည်းညူ လဲလျောင်းနေရပေပြီ။ သူ့ကို ဒေါ့ကာအမည်ရှိ အိမ်ရှင် အဒေါ်ကြီးတယောက်က ပြုစု ကုသနေ၏။
    ဤကာလ အတွင်းမှာပင် တွမ်လော့ကာသည် ဂျော့တို့နှင့် ပတ်သက်၍ စဉ်းစားမိလေ သည်။ မိမိ ကိုယ်တိုင် က မည်မျှရက်စက်စေကာမူ မိမိအပေါ်၌ အကြင်နာ ထားခဲ့ကြသော ဂျော့တို့၏ လွတ်မြောက်ရေး အတွက် သူအားပေး ကူညီလိုစိတ် ဖြစ်လာသည်။

    ထို့ကြောင့် သူသည် သူ့ကိုဆေးဝါးကုသပေးနေသော ဒေါ့ကာအား သူစဉ်းစားနေသော အကြောင်းကို ပြောမိ လေသည်။
    "သူတို့ ရေအိုင်ဘက်ကို မြန်မြန်ရောက်နိုင်လေ ကောင်းလေဘဲ ဒေါ်ဒေါ်"
    "ဒါပေါ့ကွယ်။ သူတို့ အမြန်ဆုံး သွားကြရမှာဘဲ"
    "ဒါပေမယ့် ခုနေအခါတော့ ကျုပ် ဘာမှ ဂရု မစိုက်ချင်ဘူး။ အခြေအနေအားလုံးကို ပြောပြ ရလိမ့်မယ် ဒေါ်ဒေါ်။ အကြောင်းက ဟိုကောင် မတ်ဆိုတဲ့အကောင်က ရေအိုင်ကို ဖြတ်ကူးမယ့် သင်္ဘောဆိပ်ကို ခုလောက် ဆို ရောက်နေ ရော့မယ်. သင်္ဘောဆိပ်ကိုလဲ အကြောင်းကြားထားပြီးပြီ"

    "မင်း တကယ်ပြောတာလား"
    "ဟုတ်ပါတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ယောက်ျားတယောက်အနေနဲ့ကတော့ အရေး မဟုတ်ဖူး။ ဟိုကောင်မ ကလေးနဲ့ သူ့ခလေးက ခက်တယ်။ ဘာဖြစ်လို့လဲဆို ဆိပ်ကမ်း ရဲတွေဆီကို သူတို့တတွေရဲ့ ပုံပန်း သဏ္ဍာန်ကို ကြိုပြီး  အကြောင်းကြားထားပြီး ဖြစ်နေလို့ဘဲ။ ဒီတော့ ကောင်မလေးရော၊ ဟို ချာတိတ် ကိုရော ရပ်ဖျတ်သွားရလိမ့်မယ်။
    ထို့နောက် တွမ်လော့ကာသည် ဂျော့တို့ လွတ်မြောက်ရေးအတွက် အစီအစဉ်ကို အကြံ ပေးလေသည်။ သူ့အကြံ အတိုင်း ပင် ဂျော့တို့လူသိုက်သည် ဂျင်နှင့် သူ့အမေက တသုတ်၊ ဂျော့တို့ မိသားစုကတသုတ် ခွဲ၍ ထွက်ပြေး ကြရမည် ဖြစ်၏။

    ကနေဒါနိုင်ငံသည် သူတို့၏ လွတ်မြောက်နယ်မြေ ဖြစ်သည်။ ထိုနိုင်ငံ၌ ကျွန်စနစ် မရှိ။ ထိုနိုင်ငံသို့ ခြေချမိခြင်းသည်ပင် သူတို့အဖို့ လွတ်မြောက်ခြင်း ဖြစ်၏။ ထိုသို့ ကနေဒါနိုင်ငံဖက်သို့ ကူးရာတွင် သူတို့သည် အယ်ရီရေအိုင်ကြီးကို ဖြတ်ကူးရမည် ဖြစ်သည်။
    ထိုရေအိုင်သည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စုတို့၏ နယ်နိမိတ်မျဉ်းကြောင်းတည် ရာ ဖြစ်၏။ ထိုသို့ ဖြတ်ကူးရာတွင် သူတို့သည် အမေရိကန်ပြည်ထောင်စု၏ သင်္ဘောဆိပ်ကမ်းကို ဖြတ်သန်း ကြရပေမည်။ ထွက်ပြေးသွားသော ကျွန်းများနှင့် ပတသက်သော သတင်းသည် ဤဆိပ်ကမ်းရဲအဖွဲ့သို့ ရောက်နေ နှင့် တတ်မြဲ ဖြစ်၏။

    ထို့ကြောင် ဂျော့တို့သည် ရုပ်ဖျတ်၍ သွားကြရမည် ဖြစ်သည်။ ဂျော့က အဖိုးကြီးအသွင်၊ အယ်လစ်ဇာက ယောက်ျားကလေးတယောက်အသွင်၊ ဟယ်ရီက မိန်းကလေးတယောက်အသွင် ရုပ်ဖျတ်ရပေမည်။ သူတို့နှင့် အတူ အိမ်ရှင်အမျိုးသမီးကြီး မစ္စက်စမစ်လည်း လိုက်ပါမည် ဖြစ်သည်။
    ဂျော့သည် ယောက်ျားကလေး အ၀တ်အစားကို ၀တ်လျက် မှန်ရှေ့တွင် မိမိရုပ်သွင်ကို အပြန်အလှန် ကြည့်နေ သည့် ဇနီးဖြစ်သူ အယ်လစ်ဇာကို စိုက်ကြည့်င်း မိမိတို့၏ လွတ်မြောက်အံ့ သော အခြေအနေကို တွေးနေ၏။

    အယ်လစ်ဇာသည် သူ့ရ်ုသူ မှန်ထဲ၌ ကြည့်ရင်း ခေါင်းက ဆံပင်အတွက် နှမျောနေ၏။ သူသည် ဖြတ်ရလု အံ့သော သူ့ဆံပင်ကို စုကိုင်ရင်း "နှမျောတော့ နှမျောစရာဘဲနော်  ဂျော့" ဂျော့အား လှမ်းပြော သည်။
    ဂျော့သည် မချိပြုံး ပြုံးလိုက်၏။ နှုတ်တုံ့ကား မပြန်။
    အယ်လစ်ဇာသည် မှန်ဖက်သို့ မျက်နှာမူပြန်သည်။ ထိုနောက် လက်တဖက်တွင် ကိုင်ထား သော ကပ်ကျေး ဖြင့် သူ့ဆံပင်ကို ကိုက်ဖြတ်လိုက်သည်။
    "ဟုတ်ပြီလားဂျော့။ ကြည့်စမ်းပါအုံး" အယ်လစ်ဇာသည် ယောက်ျားကလေးအသွင် ဆံပင် ဖြတ်ပြီးနောက် သူ့လင်သားအား လှည့်မေးပြန်သည်။ "ဘယ်နဲ့လဲ ဂျော့။ ခုလိုဆိုတော့ ယောက်ျား ကလေး ချောချော တယောက် ဖြစ်မသွားဘူလား ဟင်"
    "မင်းအမြဲတမ်း ချောပြီးသားဘဲကွယ်။ ဘယ်လိုဘဲပြင်ပြင် ချောပါတယ်"

    "ဘယ်လိုဖြစ်နေတာလဲ ဂျော့ရယ်။ ရှင့်ကြည့်ရတာ အားမလို အားမရကြီး။ ငိုင်တွေတွေနဲ့။ သူတို့ ပြောသား အလိုဆို နောက်နှစ်ဆယ်လေးနာရီကြာရင် ကျမတို့ ကနေဒါကို ရောက်ကြတော့ မယ် မဟုတ်လား။ ကျမတို့ လွတ်မြောက် ခါနီးပြီဘဲ ဂျော့ရယ်" အယ်လစ်ဇာသည် တွေငိုင်ငိုင် ဖြစ် နေသော လင်သား ရှေ့တွင် ဒူးတုပ် ထိုင်ချပြီး မေးလေသည်။
    ဂျော့သည် အယ်လစ်ဇာ့ခန္ဓာကိုယ်ကို သူ့ဆီသို့ ဆွဲယူလိုက်ရင်း "အို အယ်လစ်ဇာရယ်။ ကိုယ်လေ အခြေ အနေ ဆုံးခန်းတိုင်လုနီးလေ စိုးရိမ်လေဘဲ။ ဟုတ်တယ်၊ မင်းပြောသလိုဘဲ ကိုယ်တို့ လွတ်မြောက်ကြဘို့ နောက်ဆုံး အဆင့်ဘဲ ကျန်တော့တယ် မဟုတ်လား။ အင်း အဲဒီ အချိန်ကျမှများ အဖမ်းခံရရင်တော့ ကိုယ်တော့ လူဘ၀မှာ ဆက်ပြီး မနေတော့ဘူးလားလို့" ပြော သည်။
    "စိုးရိမ်မနေစမ်းပါနဲ့ ဂျော့ရယ်။ ကျမတို့ကို ဖုရား မမှာ အသေချာပါ။ ကျမစိတ်ထဲမှာတော့ ဖုရားသခင်က ကျမ တို့ကို ကယ်တင်လိမ့်မယ်လို့ ထင်နေတယ်"

    "မင်းကတော့ တကယ်အံ့စရာဘဲ အယ်လစ်ဇာ။ အင်း ကိုယ်တို့နှစ်ရှည်လများ ဒုက္ခံခံလာ ကြရပြီဘဲကွယ်။ လွတ်ဖို့တော့ ကောင်းပါပြီ။ ကိုယ်တို့ လွတ်ပါလိမ့်မယ် ထင်ပါရဲ့ကွယ်"
    အယ်လစ်ဇာသည် သူ့လင်စကားကို နားထောင်ရင်း ၀မ်းနည်းလာသည်။ မျက်ရည်စသည် ရစ်ဝဲလာသည်။ သို့သော် သူ့မျက်လုံးအစုံ၌ မျှော်လင့်ချက်အလင်းရောင်သည် တောက်ပနေ၏။
    "ကျမကတော့ သေချာပေါက် လွတ်မှာဘဲလို့ ထင်တယ် ဂျော့"
    "မင်းပြောရင် ကိုယ်ယုံပါတယ် အယ်လစ်ဇာ။ ကဲပါလေ ထပါတော့။ အတော်ကြာရင် လှည်းလာလမ့်မယ်" ဂျော့သည် နေရာတွင် မတ်တတ်ရပ်လိုက်ပြီး သူ့ရှေ့ကဇနီးကို ဆဲထူလိုက် သည်။ ပြီးမှ  "တကယ်ဘဲ။ အယ်လစ်ဇာ။ မင်းဒီအ၀တ်နဲ့လဲ လှနေတာဘဲ။ ကိုယ်ဖြင့် မင်းဒီလိုလှ နေတာမျိုး တခါမှ မမြင်ဘူးသေးဘူး" ဇနီးကို ချီးမွမ်းစကား ဆိုပြန်သည်။

    ထိုအခိုက်မှာပင် မစ္စက်စမစ်သည် ဟယ်ရီကို လက်ကဆွဲ၍ ၀င်လာ၏။ ဟယ်ရီသည် မိန်းကလေးကဲ့သို့ ၀တ်စား ဆင်ယင်ထား၏။
    ခပ်စောစော ရက်များကပင် သူတို့သည် အိမ်ရှင်အမျိုးသမီးကြီး မစ္စက်စမစ်နှင့် ဟ်ာရီတို့ ဆက်ဆံရေးကို ပိုမို ရင်းနှီးစေရန် ဟယ်ရီအား အမျိုးသမီးကြီးနှင့်အတူ နေစေခဲ့ပြီး ဖြစ်သည်။ လမ်းခရီး၌ သူတို့သည် ဟယ်ရီ နှင့် ဘာမျှ ပတ်သက်ခြင်း မရှိသလို ဟန်ဆောင်သွားကြရမည် ဖြစ် ၏။ မစ္စက်စမစ်က ဟယ်ရီ့အဒေါ်အဖြစ် ဟယ်ရီ နှင့်အတူ လိုက်ပါရမည် ဖြစ်၏။
    "ကျနော်တို့အတွက် ဒုက္ခများ ပိုနေပလား မဆိုနိုင်ဘူး" ဂျော့က မစ္စက်စမစ်ကို လှမ်းပြော သည်။

    "ကိစ္စမရှိပါဘူးကွယ်။ ဒါပေမယ့် မင်းတို့သတင်းတော့ ဆိပ်ကမ်းကို ရောက်နေပြီလို့ ကြား တယ်။ ယောက်ျား တယောက် မိန်းမတယောက်နဲ့ ခလေးတယောက်ကို ရှာဖွေဖမ်းဆီးဘို့ သတင်း ဘဲ"
    ထိုအခိုက်မှာပင် မြင်းလှည်းရောက်လာ၏။ အိမ်သားအားလုံးပင် ဂျော့တို့ကို နှုတ်ဆက်ရန် စုဝေး ရောက်လာကြ၏။

    မကြာမီပင် မြင်းလှည်းသည် ဆိပ်ကမ်းသို့ ရှေ့ရှုမောင်နှင်းခဲ့လေသည်။ သူတို့ သင်္ဘော ပေါ်သို့ ရောက်သော အချိန်မှာပင် သူတို့ မြင်ရလေသည်။ အယ်လစ်ဇာသည် မစ္စက်စမ်စအနားသို့ တိုးကပ်သွား၏။ ဂျော့ က အထုပ်အပိုင်းများကို နေရာချနေ၏။
    "ကျုပ်လဲ ကုန်းဘောင်ထိပ်ကနေပြီး တက်လာသမျှ လူအားလုံးကို ကြည့်တာဘဲ။ ခုအတိုင်း ကတော့ ဒီသင်္ဘောနဲ့ သူတို့မပါတာ သေချာပါတယ်" သင်္ဘောစာရေးသည် သူ့ဘေးက လူကို လှမ်း ပြောနေသည်။

    ဂျော့သည် အထုပ်အပိုးများကို နေရာချနေရာမှ ကြားရသည်။ ထို့ကြောင့် သူလှုပ်ရှား လုပ်ကိုင် နေရာမှနေ၍ မကြာမကြာ နားစွင့်လိုက်မိသည်။
    သင်္ဘောစာရေးနှင့် ပြောနေသူကား ကျွန်ဖမ်းသမားကြီး မတ် ဖြစ်သည်။ မတ်ကို ဂျော့ ကောင်းကောင်း သိသည်။ ထို့ကြောင့် ပို၍ ဂရုစိုက်ရသည်။
    "ယောက်ျားလုပ်တဲ့ကောင်က အဖြူသွေးနဲနဲပါ တယ်ဗျ။ လက်မှာလဲ အမှတ်တခုနဲ့ မတ်၏ အသံ။

    သင်္ဘောလက်မှတ်ကို လှမ်းယူနေသော ဂျော့၏လက်သည် ရုတ်တရက်တွင် တွန့်သွား သည်။ ပြီးမှ ဘာမျှ မဖြစ် သလို ဟန်ပန်မျိုးဖြင့် လက်မှတ်ပေါက်ရှေ့က  ထွက်ခဲ့သည်။
    ထိုအခိုက်မှာပင် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ထိုခေါင်းလောင်းသံကား သင်္ဘော ထွက်ခွာ တော့မည် အချက်ပေး ခေါင်းလောင်း ဖြစ်သည်။
    ဂျော့သည် ကုန်းတောင်ပေါ်သို့ ဆင်းသွားသော မတ်ကို မြင်လိုက်ရသဖြင့် စိတ်အေး လက်အေး ဖြစ်သွား ၏။

    ဤသို့ဖြင့် သင်္ဘောသည် ကမ်းမှ ခွာခဲ့လေတော့သည်။
    ထိုနေ့ကား ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တည်း။  အယ်ရီ ရေအိုင်ကြီး ၏ ရေပြင်ပြာပြာ ပေါ်သို့ ထိုးကျနေသော နေရောင်တွင် လှိုင်းဂယက်များ ကခုန်မြူးတူးနေကြ၏။ ကမ်းဖက်မှ လေညင်း သည်လည်း သုတ်ဖြူးတိုက်ခတ်နေ၏။

    ဤသို့ဖြင့် သင်္ဘောသည် အမေရိကဖက်ကမ်းမှ ဝေးကာ ကနေဒါဆိပ်ကမ်းဖက်သို့ တဖြည်း ဖြည်း ချဉ်းကပ် လာ၏။ ဂျော့နှင့် အယ်လစ်ဇာတို့သည် လက်ချင်းတွဲချိတ်ထားသည်။ ဂျော့၏ ရင်ထဲ၌ လှိုင်းထ နေ၏။ သူဆုပ်ကိုင်ထားသော လက်ချောင်းကလေးများ တုန်ခါနေသော အဖြစ်ကို သူ့ အထိအတွေ့အားဖြင့် သိ၏။ အယ်လစ်ဇာသည် ယခုအခြေ၌ မည်သို့ ရှိရာမည်ကို သူ တွေးနိုင် ၏။
    မကြာမီပင် သင်္ဘောသည် ကနေဒါဆိပ်ကမ်းသို့ ကပ်လေသည်။

    လင်၊ မယားနှင့် သားတို့သည် ၀မ်းသာခြင်း မျက်ရည်စများဖြင့် တဦးကို တဦး ပွေ့ဖက်လိုက်ကြ၏။
    မစ္စက်စမစ်သည် ဂျော့တို့သားအမိအား ခရစ်ယန် သာသနာပြုတယောက်ထံသို့ ခေါ်ခဲ့ လေသည်။
    ယခုအခြေ၌ သူတို့တွင် ဘာမျှ မရှိ။ ငွေ မရှိ။ အလုပ် မရှိ။ နေစရာ မရှိ။ စားစရာ မရှိ။ ဤကမ္ဘာ၌ သူတို့ ပိုင်ဆိုင် ပစ္စည်းဟူ၍ လုံးဝ မရှိ။
    သို့သော် ထိုညကမူ ၀မ်းမြောက်ခြင်း အဟုန်ဖြင့် သူတို့ တညလုံး မအိပ်နိုင်ခဲ့ကြပေ။

အခန်း (၃၈) ဆက်ရန်
.

3 comments:

Anonymous said...

wow! gd to read....
happy to hear....

I see how they enjoyable now!

Myatnoe

လသာည said...

လွတ်မြောက်သွားတယ်..
ပျော်စရာကြီး..

ဧပရယ်လ်ပူး@ပူးတေ said...

လက်က အမှတ်အကြောင်းပြောတဲ့အချိန် ပူးတေတောင် အူယားသွားတယ်...

လွတ်သွားတယ်တဲ့ ဝမ်းသာလိုက်တာ.... ဦးလေးတွမ်အတွက်ကတော့ စိတ်မအေးရသေးဘူး...ဘာဖြစ်ဦးမယ်မသိ...