အခန်း (၃၅) အမှတ်တရ
လက်ဂရီး၏ အနားယူအခန်းသည် ကြီးကျယ်လှသည်။ ထိုအခန်းသည် တချိန်က ခမ်းနားတင့်တယ် လှစွာသော အဆင်တန်ဆာတို့ဖြင့် တန်ဆာဆင်ခဲ့ဖူးစေကာမူ ယခုအခါ အိုမင်းဟောင်းနွမ်းသည့် အသွင်ကို ဆောင်နေ၏။ အခန်းအတွင်း၌ မြင်းကုန်းနှီးများ၊ မြင်းဇက်ကြိုးများ၊ ထမ်းပိုးကြိုး၊ ထမ်းပိုး တံစသည်များ၊ နှင်တံများ၊ အင်္ကျီများသည် ဖရိုဖရဲ ပြန့်ကြဲနေ၏။ ထိုပစ္စည်းများကြား၌ လက်ဂရီး၏ ခွေးကြီးများ ရှိကြသည်။
လက်ဂရီးသည် မီးဖိုဘေး၌ ထိုင်လျက်စောစောပိုင်းက ထိုးခဲ့ကြိတ်ခဲ့ရသဖြင့် ဖူးယောင်နာကျင်လာ ခဲ့သော လက်သီးကို ရေနွေးစိမ်ရန်အတွက် ရေနွေးစပ်ရင်း။
' ခွေးမသားဆမ်ဗို။ ဒီကောင် ကြားက ၀င်ချတာ မဟုတ်ဖူး။ အကောင်ကြီး ဒီတပတ် အလုပ်မလုပ် နိုင်ဘဲ နေအုံးမယ်။ ဒီလောက် အလုပ်လှိုင်နေတဲ့ကြားများကွာ'
တကိုယ်တည်းပြောနေ၏။
' ဒါပေါ့။ ရှင်လဲ ဒီလိုဘဲပေါ့'
လက်ဂရီး၏ ကုလားထိုင်နောက်မှ ကက်ဆီသည် ရှေ့ဖက်သို့ ရောက်လာသည်။ ကက်ဆီသည် ခပ်စောစောကပင် နောက်ဖက်တွင် ရောက်နေခဲ့ပြီးဖြစ်၏။
' အော။ မင်းကို။ ပြန်လာသေးသကိုးကွ'
' ဒါပေါ့။ ကျုပ်နေရာ ကျုပ်ပြန်လာတာဘဲဟာ' ခပ်အေးအေး ပြောလိုက်သည်။
' တော်စမ်းပါ။ မင်း သက်သက် ပတ်တီးရိုက်နေတာ။ အေး၊ ငါ နောက်ဆုံးပြောမယ်။ မင်း ဒီမှာ ကောင်း ကောင်း နေချင်နေ၊ ဒါမှာ မဟုတ်၊ ကျွန်တော်နဲ့ သွားနေချင်နေ။ အဲဒီမှာဘဲ အဲဒါ ဘေနဲ့ဝင်ပီး အလုပ်လုပ်'
' အကြိုက်ပါဘဲ။ အခါတထောင်ပြန်တောင် နေသေးရဲ့။ ရှင့် ခြေဖ၀ါးအောက် နေတာထက်တော့ ကျွန်တန်းလျား က အခန်းကျဉ်းထဲ သွားနေတာက ကောင်းအုံးမယ်'
' ဒါပေမယ့် မင်းဟာ ငါ့ခြေဖ၀ါးအောက်မှာဘဲ နေရမှာဘဲ။ ဒါကမှ သက်သာအုံးမယ်။ လာစမ်းပါ။ ငါ့ ပေါင်ပေါ် ထိုင်စမ်း။ ပြောစရာရှိလို့' ကက်ဆီ့ခါးကို လှမ်းဖက်သည်။
' ဒီမယ် ဆိုင်မွန်လက်ဂရီးသတိထားနော်' ကက်ဆီ၏မျက်လုံးအစုံသည် တလက်လက်တောက်နေ သည်။ ' ရှင်၊ ခု ကျမကို လန့်နေပြီမဟုတ်လား။ ဒါ့ကြောင့် ရှင် အကြောင်းရှာအုံးမလို့ မဟုတ်လား။ ဒါပေမယ့် ရှင် သတိထား နော်။ ကျမ ခုအချိန်မှာ ဘာကိုမှ ဂရုစိုက်တာ မဟုတ်ဖူး။ သိရဲ့လား' ကက်ဆီ သည် နောက်ဆုံး စကား ကို လက်ဂရီးနားနားကပ်၍ လေသံဖြင့် ပြောလိုက်သည်။
' သွားစမ်း၊ သွားစမ်း၊ မင်း ယုတ်မာနေတယ်ဆိုတာ ငါယုံတယ်' လက်ဂရီးသည် ကက်ဆီကို တွန်း ပစ်လိုက်ပြီး' ဟေး၊ ဘာဘဲဖြစ်ဖြစ်ပေါ့ ကက်ဆီ။ မင်းငါ့ကို ဘာဖြစ်လို့ ရန်သူလို သဘောထားချင် နေရ တာလဲ။ ခါတိုင်းလို ဘာဖြစ်လို့ ခင်ခင်မင်မင် မနေနိုင်ရတာလဲ'
' ခါတိုင်းလို၊ ဟုတ်လား' ရုတ်တရက် နာနာကျည်းကျည်း ပြောလိုက်သေးသည်။ ပြီးလျှင် စကားစ သည်ပြတ်သွားသည်။
စင်စစ် ကက်ဆီသည် လက်ဂရီးအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိခဲ့ပြီးဖြစ်သည်။ သို့သော် အမ်မလင်ကို ကက်ဂရီး ခေါ်လာခဲ့သည့်အချိန်မှစ၍ ကက်ဆီသည် မခံမရပ်နိုင်ဖြစ်ခဲ့သည်။ လက်ဂရီးနှင့် အခြင်း များခဲ့သည်။ ထိုအခါ လက်ဂရီး သည် ကက်ဆီအား အေးအေးဆေးဆေး မနေလျှင် ၀ါခင်းထဲပို့၍ အလုပ်လုပ်ခိုင်းမည်ဟူသော စကား ကို ဒေါသတကြီး ပြောခဲ့လေသည်။ ကက်ဆီသည် မာနနှင့် အမျိုးသမီးဖြစ်သည်။ ထို့ကြောင့် သူသည် ၀ါခင်း သို့ ဆင်း၍ အလုပ်လုပ်မည်ဟု ရဲရဲရင့်ရင့် ကြေ ညာခဲ့သည်။ ဤသို့ဖြင့် သူသည် ၀ါခင်းသို့ တနေ့ ဆင်း၍ အလုပ်လုပ်ခဲ့ပြီဖြစ်၏။
သည့်အတွက် လက်ဂရီး အနေမဖြောင့် ဖြစ်ခဲ့သည်။ စင်စစ်သူကိုယ်တိုင် ကက်ဆီ့ သြဇာရိပ်က မလွတ် မြောက် နိုင်သည်ကို သူသိသည်။ ထို့ကြောင့်ပင် လုပ်ငန်းသိမ်းချိန် ညနေပိုင်းတွင် ကက်ဆီ သည် ၀ါချိန်ရာ ရောက်လာ သောအခါ လက်ဂရီးသည် ကက်ဆီအား ပြေလည်ဖြောင့်တန်းစွာ ဆက်ဆံနိုင်ဖို့ ကြိုးစား ခဲ့သေး၏။ သို့သော် ကက်ဆီသည် လက်ဂရီးကို ခါးသည်းဟန် အမူအရာ ပြခဲ့ လေသည်။
ယခုလည်း ကက်ဆီ့စိတ် သည် ဦးလေးတွမ်နှင့်ပတ်သက်၍ အခဲမကျေဖြစ်နေဆဲ ရှိသည်။ သူ လက်ဂရီး နောက်သို့ လိုက်ခဲ့သည်ကိုကား ဤကိစ္စနှင့်ပတ်သက်၍ သူ မခံမရပ်ဖြစ်နေသည်ကို ထုတ် ဖော်ပြသရန် ဖြစ်သည်။
' ဒီမယ် ကက်ဆီ။ ကိုယ်ကတော့ မင်းကို ကောင်းကောင်း မွန်မွန် နေစေ့ချင်တာဘဲ'
'ရှင် တဆိတ်ရှိ ကောင်းကောင်းမွန်မွန်နေဘို့စကားဘဲ ပြောတယ်။ ရှင်ကိုယ်တိုင်ကျတော့ ဘာလုပ် နေသလဲ။ ဒီလို အလုပ်လှိုင်နေတဲ့ အချိန်မျိုးမှာ ရှင် လူတော်တယောက်ကို ဖျက်ဆီးပစ်လိုက်တာဘဲ မဟုတ် လား'
' အေး၊ အမှန်ကတော့ ကိုယ်လွန်တာဘဲ။ ဒါပေမယ့် ဒီကောင်တေကို ပါစားပေးလို့တော့ မရဘူး။ ဆုံးမ ရမှာဘဲ'
' ရှင် သူ့ကို ဒီလိုဆုံးမစရာ မလိုဘူးထင်တယ်'
' ဘာရယ်။ ကျုပ်မဆုံးမရဘူး၊ ဟုတ်လား။ ဒါဖြင့် ကျုပ်က ဘာလုပ်ရမှာဘဲ။ သူ ဒီလိုအရိုက်မခံချင်ရင် အလျှော့ ပေး လိုက်ရုံဘဲပေါ့'
ထိုအခိုက်မှာပင် တံခါးပွင့်လာပြီး ဆမ်ဗို ၀င်လာသည်။ သူ့လက်တွင် စက္ကူထုပ်ကလေးတခုကို ကိုင်ထား သည်။
' ဟေ့ ခွေးကောင်၊ ဘာလဲကွ'
' ဟောဒီမှာ အဆောင်လား၊ လက်ဖွဲ့လားဘဲတခင်'
' ဘာကွ'
' တချို့နီးဂရိုးတေဟာ စုန်းမတေ၊ အထက်လမ်းဆရာအောက်လမ်းဆရာတေဆီက အဆောင်တေ လက်ဖွဲ့တေ တောင်းပီးဆောင်လေ့ရှိတယ် တခင်။ သူတို့အရိုက်ခံရရင် ဒါကို ဆောင်ထားတတ်တယ်၊ ခုလဲ ဟို အကောင်ကြီး တူ့လည်ပင်းမှာ ဒါကို ချည်ထားတယ်'
လက်ဂရီးသည် ချောက်ချောက်ချားချား ဖြစ်သွား၏။ သူသည် ဖုရားမဲ့ တရားမဲ့ ရက်စက်ယုတ်မာတတ်သူ ဖြစ်လင့် ကစား အယူသည်းသူတယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် ဆမ်ဗို့လက်က စက္ကူထုပ်ကို လှမ်းယူပြီး ခပ်ရွံရွံဖြေကြည့်သည်။ စက္ကူထုပ်တွင်းမှ ငွေဒင်္ဂါးတခုနှင့် ဆံပင်စသည်ထွက်လာ၏။ ဆံပင်သည် မိမိ ၏ လက်ချောင်းများကို ရုတ်တရက်ချည်နှောင်လိုက် သလိုလက်ဂရီး ခံစားလိုက်ရ၏။
' အမယ်လေး' လက်ဂရီးသည် လက်ကိုမီးဟပ်ခံလိုက်ရသလို အော်လိုက်ပြီး လက်ထဲက ပစ္စည်းကို လွှတ်ချ လိုက်သည် ' ဒါဘယ်က ရလာသလဲ။ ယူသွားစမ်း။ သွား သွား။ ခုချက်ချင်း မီးထဲ ထဲ့ပစ် လိုက်' ပြောပြော ဆိုဆို မီးဖိုတွင်းသို့ လှမ်းပစ်ထဲ့လိုက်သည်။ ' ခွေးကောင်၊ မင်း ဒါကို ဘာဖြစ်လို့ ယူလာရတာလဲ'
ဆမ်ဗို သည် ပါးစပ်အဟသားဖြင့် တအံ့တသြဖြစ်ကာ နေရာတွင် ရပ်နေ၏။ ထိုနေရာမှ ထွက်ခွာ တော့မည့် ဆဲဆဲ ကက်ဆီပင် ခြေလှမ်းတုန့်သွားပြီး နောက်ဖက်သို့ လှည့်ကြည့်နေမိ၏။
' နောက်ကို မင်း ဒီလိုဟာတွေ ယူလာရင်အသိဘဲ' လက်ဂရီးက လက်သီးကိုလှုပ်၍ ပြောဆိုသည်။
ဆမ်ဗိုသည် နောက်ဆုတ်သွားရင်း ကျနေသော ဒင်္ဂါးကို ကောက်ယူပြီး အပြင်ဖက်သို့ လွှင့်ပစ်လိုက် သည်။
လက်ဂရီး သည် ဆမ်ဗိုမရှိတော့မှပင် သူ့ကိုယ်သူ ရှက်သွားသည်။ ထိတ်လည်း ထိတ်လန့်တုန်လှုပ် နေ၏။ ဤသို့လျှင် ဘာမျှ မဟုတ်သည့်အရေးကိစ္စမျှနျင့် သူ့ကို လူတယောက် ချောက်ချောက်ချား ချားဖြစ်ရ လောက်သော အကြောင်းမှာလည်း သူ့တွင် ရှိခဲ့ပြီးဖြစ်သည်။
ယခုအနေ၌သာ သူသည် လူမိုက် လူရမ်းကားဖုရားမဲ့ တရားမဲ့လူတယောက်ဖြစ်နေသည်။ စင်စစ် သူသည် ငယ်စဉ် ကမူ မိခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုဖြင့် ဖုရားတရား ကြည်ညိုသော ကလေးငယ် တယောက် ဖြစ်ခဲ့သည်။ သူသည် ဥပုသ်နေ့တိုင်းပင် ဖုရားရှိခိုးကျောင်းသို့ ရောက်ခဲ့သည်။ ဤသို့လျှင် မိခင်ဖြစ်သူကသာ သား ကို ဖုရားနှင့်တရားနှင့်လူလိမ်မာတယောက်ဖြစ်စေချင်သည်။ သူ့ဖခင်ကမူ သူ့နည်းတူ လူရမ်းကား၊ လူမိုက် လူတေတယောက်ဖြစ်စေချင်သည်။ သို့ဖြင့် လက်ဂရီး သည်မိခင်၏ သွန်သင်မှုမှ ရုန်းထွက်ကာ အဖေ့လမ်းကြောင်းကို နင်းလိုက်ခဲ့သည်။ နောက်ဆုံး၌ မိခင်အပေါ်မှာပင် သူ ရက်စက်တတ်လာခဲ့သည်။ မိခင် ထံမှထွက်ကာ အပေါင်းအဖော်များနှင့် မူးယစ်သောက်စား၍သာလျှင် နေခဲ့၏။
သို့ဖြင့် လူရမ်းကားတယောက်ဖြစ်လာသည်။ တညတွင် သူသည် အရက်ဝိုင်း၌ မူးနေခိုက် လူတယောက် သည် သူ့ထံသို့ စက္ကူထုပ်ကလေး တထုပ်လာပို့ ခဲ့ လေသည်။ ထိုစက္ကူထုပ်ကို သူဖြေကြည့်သည်။ စက္ကူထုပ် တွင်း၌ ဆံပင်ချည်တထုံးပါလာ၏။ စာ တစောင်လည်း ပါလာ၏။ ထိုစာကား မိခင်ကွယ်လွန်ပြီဖြစ်ကြောင်း၊ သားကို မိခင်သည် ခွင့်လွှတ်ခဲ့ ကြောင်း။ ဆံပင်ချည်ကား သူ့မိခင်၏ ဆံပင်ချည်ဖြစ်သည်။ သားမိုက်အတွက် မိခင် ၏ အမှတ်တရ ပစ္စည်းတည်း။
ယခုလည်း သူသည် ဆံပင်ချည်ထွေးကို တွေ့ခဲ့ရပြန်လေပြီ။ ဦးလေးတွမ်၏ အီဗာ့ အမှတ်တရ ဆံပင်ချည် အကြောင်းကို သူမသိနိုင်။ ထို့ကြောင့် ဆံပင်ချည်သည် သူ့ကို ချောက်လှန့်နေပေပြီ။
"အလကား" သူသည် အရက်ခွက်ကို မော့သောက်လိုက်သည်။ "ဒါကို သူ ဘယ်ကရလာတာလဲ။ ဒါဟာ ဘသူ့ ဆံပင်လဲ။ အို၊ မဖြစ်နိုင်ဘူး။
ငါမေ့လိုက်ပြီဘဲ။ ဒါကို ငါမတွေးဘူး။ ငါ သတိရမဘူး။ ငါမေ့ပစ်မယ်" ဆံပင်ချည်းက နိုးဆွသော တမ်းတ စိတ်သည် သူ့ကို ဖိစီးနေပေပြီ။ သူ အားငယ် တုန်လှုပ်လာသည်။ ထိုအခါ သူ အမ်မလင့်ကို သတိရ လာပြန်၏။ မှန်သည်။ အထီးတည်း ဖြစ်နေ၍ သာ ဤမျှတုန်လှုပ် ချောက်ချားရသည်ဟု သဘောရသည်။ ထို့ကြောင့် သူသည် အမ်မလင် ရှိရာသို့ ထွက်လာခဲ့၏။ အမ်မလင်သည် သူ့ကို မကြည်ဖြူနိုင်မှန် သူသိ၏။ သို့သော် ထိုမိန်းကလေးသည် တနေ့တွင် သူ့အလိုအတိုင်း ဖြစ်ရမည်ဟု သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အမ်မလင့် အခန်းဝသို့ ရောက်လျှင်ပင် သူ့ခြေလှမ်းသည် ရုတ်ကနဲ တုန့်ရပ်သွားပြန်သည်။ အမ်မလင်၏ ဓမ္မသီချင်းသံ သည် သူ့ကို တုန်လှုပ်ချောက်ချားစေပြန်လေပြီ။
အမ်မလင် သီဆိုနေသော သီချင်းပါ အကြောင်းအရာကား အမိအဖနှင့် သားသမီးတို့ ကွေကွင်းကြ ရသည့်အဖြစ်အတွက် ယူကျုံးမရ ငိုကြွေးပူပန်ကြရသော မိဖများ သားသမီးများ အကြောင်း ဖြစ်သည်။
လက်ဂရီးသည် တစုံတခုပြောမည်ပြုပြီးမှ နှုတ်အ ရပြန်သည်။ နဖူးတွင် ဇောချွေးပြန်လာ သည်။ ရင်ထဲ မှာလည်း တလှပ်လှပ် တုန်ခါလာသည်။ အမ်မလင့်ကို ကြည့်ရင်း ကွယ်လွန်ပြီးသော မိခင်၏ ရုပ်သွင်သည် သူ့အမြင် အာရုံ၌ ထင်လာ၏။ လက်ဂရီးသည် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်လာ ပြန်သည်။ သူသည် သူ၏ အနားယူ အခန်းထဲသို့ ပြန်လာ၏။ စောစောက ဆံပင်စနှင့် ပတ်သက် သော အကြောင်းသည် အတွေးတွင် ဆက်လက် ယောက်ယက်ခတ်လာပြန်သည်။ ဤသို့ဖြင့် သူ သည် အပြုစားခံနေရပြီဟုလည်း ထင်လာ၏။ ဂယောင်ဂတမ်း ဖြစ်လာ၏။ အရာရာကို ကြောက် လာသည်။ မိခင်ကို တမ်းတသော စိတ်၏ဖိစီးခြင်းဖြင့် လက်ဂရီး၏ ခန္ဓာကိုယ်သည် ဆောက်တည် ရာမရ ဖြစ်ရချေပြီ။
လက်ဂရီးသည် ထွက်ပြေး လွတ်မြောက်နိုင်မည့် လမ်းစကို ရှာသည်။ နောက်ဆုံးတွင် သူသည် ဆမ်ဗိုနှင့် ကွင်ဗိုကို ဆင့်ခေါ်သည်။
အရက်ကို မူးအောင်သောက်သည်။ သူ့တပ်ည့တွေနှင့်အတူ အော်ဟစ်ဆူညံ ကခုန်ပစ် သည်။ ဤသို့ဖြင့် သူ သည် လွတ်မြောက်လမ်းကို ရှာသည်။
အချိန်ကား ည တနာရီ နှစ်နာရီခန့် ဖြစ်သည်။ ကက်ဆီ သည် အိပ်မပျော်သေးပေ။ ဆူဆူ ညံညံ အသံ တွေကို သူကြားနေရ၏။ သူသည် ထိုအသံမျိုးကို ကြားနေကျ ဖြစ်သည်။ သို့သော် ထိုအသံဗလံတွေကို ကြားရသဖြင့် သူပို၍ ဒေါသဖြစ်လာရသည်။ ခံပြင်းလာသည်။
အဆုံး၌ ကက်ဆီသည် အမ်မလင့် အခန်းတွင်းသို့ ၀င်လာခဲ့သည်။
အခန်း (၃၆) ဆက်ရန်
.

3 comments:
အမဖတ်ပီးးး ကျေးဇူး
အမရဲ့လက်ရာလေးလဲမြည်းပါရစေဦးလေ..အမ
မြတ်နိုး
အင်း... လူဆိုးလည်း လူဆိုးအရောက် ကြောက်စရာအကြောင်းတစ်ခုတော့ ရှိတယ်နော်။ ကောင်းတယ် အဲလိုလေးလည်း ရှိဦးမှပဲ ဟင်း (++)
ဟော မြတ်နိုးနဲ့ ကြိုက်တဲ့ ၀တ္တုချင်းတူတာကိုး..။ အဖော်ရပြီး))
ပူးတေလဲ ဖတ်ပြီး...
ပူးတေလဲ မမြတ်နိုး မမလသာညတို့လိုပဲ စာရေးဆရာမ မရွှေစင်ရဲ့ လက်ရာလေးတွေ ဖတ်ချင်သေးတယ်... အညာစာလေးတွေလဲ လွမ်းနေပြီနော်...:)
Post a Comment