Sunday, July 18, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၃၄)

အခန်း (၃၄) ကက်ဆီ့ဇာတ်လမ်း

ညှသ်းဆဲခြင်းတို့ကို ငါထပ်၍ ဆင်ခြင်၏...။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိ(၏)...။သို့ဖြစ်၍ သေလွန် ပြီးသော လူသေသည် အသက်ရှင်သေးသော လူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။
ဦးလေးတွမ်သည် လူသူကင်းမဲ့သော ၀ါဖတ်စက်ရုံထဲ၏၌ သွေးအလူးလူးဖြင့် ညည်းတွားလဲလျောင်းနေ၏။ သူ့ပတ်လည် ၌ စက်ပစ္စည်းများနှင့် ၀ါထုပ်များဖရိုဖရဲဖြစ်နေ၏။

ညအမှောင်သည် စိမ့်အေးနေသည်။ စက်ရုံတွင်း၌ ခြင်များသည် တ၀ီဝီဖြစ်နေ၏။ တွမ်သည် အနာ ဒဏ်ရာ နှင့် ခြင်ကိုက်ခံရခြင်း တို့ကြောင့် မခံမရပ်နိုင်အောင် နာကျင်နေ၏။ ရေလည်းငတ်နေပေပြီ။

'အို အရှင်။ လူ့ဘုံကို ရှုပါလော့အရှင်။ တပည့်တော်အား အောင်မြင်မှုကို ပေးပါလော့။ အရာရာကို တပည့်တော် အောင်နိုင်ပါစေအရှင်' မခံမရပ်နိုင်သောဝေဒနာဖြင့် ဖုရားသခင်ထ့ ဆုတောင်းနေ၏။
ထိုအခိုက် တွင် အခန်းတွင်းသို့ ၀င်လာသောခြေသံကိုကြားရသည်။ မီးရောင်လဲ့လဲ့ သည် မျက်လုံး အိမ်သို့ စူးဝင် လာ၏။

'အို အရှင်။ တပည့်တော်အား သနားသောအားဖြင့် ရေအနည်းငယ်မျှ သနားတော်မူပါ အရှင်'
ကက်ဆီ သည် မီးအိမ်ကို အောက်သို့ချပြီး ယူလာသောရေပုလင်းတွင်းမှရေို ခွက်တွင် ငှဲ့ထည့်ပြီး တွမ့်အား လှမ်းပေး လိုက်သည်။ တွမ်သည် ရေကို တခွက်ပြီးတခွက် အငမ်းမရသောက်ချလိုက် သည်။
' သောက်၊ သောက်။ အားရအောင်သာသောက်။ ရှင်ဘယ်လောက်ရေငတ်နေမယ်ဆိုတာ ကျမ သိလို့ လာခဲ့တာ။ ဒီလိုဘဲ တည တည ရေယူလာပေးရတာ ကျမအဖို့တော့ ကြုံဘူးလှပါပြီရှင်'

' ကျေးဇူးပါဘဲ သခင်မရယ်' 
' ကျမကို သခင်မလို့ မခေါ်ပါနဲ့ရှင်။ ကျမဟာလဲ ရှင့်လို ကျွန်တယောက်ပါဘဲ။ ရှင့်ထက်တောင် နိမ့်ကျချင် နိမ့်ကျအုံးမှာ' ခါးခါးသည်းသည်း ပြောနေ၏။ 'နေအုံး' ပြောပြောဆိုဆို တံခါးဆီသို့ ရောက်သွားပြီး ရေဆွတ် ယူလာသော အ၀တ်တခုကို လှမ်းပေးရင်း 'ရော့ ရော့ ဒါကလေးနဲ့ ရှင့်ကိုယ်က ပတ်ထားလိုက်' တွမ်အနာ သက်သာစေရန် စီစဉ်ပေးလိုက်သည်။

တွမ်သည် အနာများကို အ၀တ်နှင့် ပတ်လိုက်ရသဖြင့် အနည်းငယ် သက်သာသွား၏။
ကက်ဆီ့ အဖို့တော့လည်း ဤအဖြစ်မျိုးမှာ ရိုးလှပြီဖြစ်သည်။ ဤသို့သော အဖြစ်မျိုးကို သူ ကြုံဖူးလှပြီ။ ထိုအခါတိုင်း သူ ဤသို့ပင် ပြုစုခဲ့ရ၏။
'ရော့။ ဒါကို ခေါင်းအုံးထား' ကက်ဆီသည် ၀ါဂွမ်းအပျက်လိပ်ကို တခုကို ယူပြီး ပေးပြန်သည်။
တွမ်သည် ကက်ဆီ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် စိုက်ကြည့်နေ၏။

'ခုလို လုပ်တာ ဘာမှ အကျိုးမထူးဘူး။ ရှင် သတ္တိတော့ တကယ်ကောင်းတာဘဲဘ။ ရှင့်ဖက်မှာ အမှန်တရား ရှိတယ်။ ဒါပေမယ့် ခုအနေမှာ ဒီလို လုပ်တာကတော့ အလကားဘဲ။ ဘာလို့လဲဆိုတော့ ရှင်ဟာ လူယုတ်မာ တွေရဲ့ လက်ထဲကို ရောက်နေတာ။ ရှင် နောက်ဆုံးကျ အရှုံးပေးရမှာဘဲ'
'အရှုံးပေးရမည်။' ထိုစကားကြောင့် တွမ်သည် တုန်တုန်ခါခါ ဖြစ်သွား၏။
'အို ဖုရားသခင်။ တပည့်တော် ဘယ်လိုလုပ်ပြီး အရှုံးပေးနိုင်ပါ့မလဲ အရှင်' တွမ်က ညည်းသည်။
 'ဖုရား တနေလို့ အလကားဘဲပေါ့ရှင်။ သူ ဘယ်ကလာပြီး ကြားပါ့မလဲ။ ကျမ ကတော့ ရှင်းရှင်းဘဲ။ ဒီမှာ ဖုရားဆိုတာမှ မရှိတာဘဲဟာ။ ရှိတယ်ဘဲထားအုန်း။ ဖုရားသခင်ဟာ ကျမတို့နဲ့ ဆန့်ကျင်တဲ့ဘက်မှာသာ ရပ်တာဘဲဟာ။ ရှင် စဉ်းစားကြည့်။ မြေပြင်မှာရော ကောင်းကင်မှာရော ကျမတို့နဲ့ ဆန့်ကျင်တဲ့ လူချည်းဘဲ မဟုတ်လား။ အားလုံးက ကျမတို့ကို ငရဲတွင်း ပို့နေတာဘဲ မဟုတ်လား။ ကျမတို့ ဘာလို့သွားရမှာလဲ'
ဖုရားမဲ့ တရားမဲ့ ပြောလာသော စကားကြောင့် တွမ်ပခုံး တွန့်သွားသည်။
'ဒီမယ် ရှင်က ဒီနေရာအကြောင်း ဘာမှ သိတာမဟုတ်ဘူး။ ကျမက သိတယ်။ ကျမက ဒီနေရာမှာ နေလာတာ ငါးနှစ်ရှိပြီ။ ကျမ ခန္ဓာကိုယ်ရော၊ ၀ိဥာဉ်ရောဟာ သူ့ခြေဖ၀ါးအောက်ရောက်ခဲ့တာ။ ကျမ သူ့ကို မုန်းတယ်။ မုန်းသမှ အလွန့်ကို မုန်းတာဘဲ။ ရှင် စဉ်းစားကြည့်ပါ။ ဒီမှာရှိတဲ့ ၀ါခင်းက သူ့တခင်းထဲ။ တခြား ၀ါခင်းတွေနဲ့ဆို ဆယ်မိုင်လောက်ဝေးတာ။ ရွှံ့ထဲနွံထဲမှာ။ ဒီမှာ ရှင့်ကို မီးရှို့သတ်ပစ်လိုက်ပါပြီတဲ့၊ ရှင့်ကို ရေနွေး ဖျောပစ်လိုက်ပါပြီတဲ့၊ ရှင့်ကို နုပ်နုပ် စင်းပြီး ခွေးစာ ကျွေးပစ် လိုက်ပါပြီတဲ့၊ ရှင့်ကို ကြိုးနဲ့ တွဲလွဲဆွဲပြီး ကြိမ်နဲ့ရိုက်သတ်ပစ်လိုက်ပါပြီတဲ့။ ဘယ်သူက သိမှာလဲ။ ဒီမှာက တရားဆိုတာလဲ မရှိဘူး။ ဥပဒေဆိုတာလဲ မရှိဘူး။ ကျမလေ ဒီနေရာက အကြောင်းတွေကို ပြောပြရရင် ကြက်သီးမွေးညင်း ထစရာချည်းဘဲရှင့်။ ဒီတော့ ဒါကို ပြန်ပြီး တွန်းလှန်နေလို့ အပိုဘဲ။ ကျမကို ကြည့်ပါ။ ကျမ သူနဲ့နေလာတာ ငါးနှစ်ရှိပြီ။ နေ့ညမပြတ် ကျိန်စာသင့်နေတာနဲ့ ဘာမှ မထူးဘူး။ ခုဆို သူအသစ်တယောက်ရလာဘီ။ သူက ငယ်တယ်။ ဆဲ့ငါးနှစ်ပဲ ရှိသေးတယ်။ ဖုရား တရားလဲ ကြည်ညိုတယ်။ သူ့လက်ထဲမှာကလဲ သမ္မာကျမ်းစာကြီးနဲ့။ မခက်ဖူးလား' ကက်ဆီသည် ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။
 
တွမ်သည် လက်ကို ပိုက်ထားလိုက်သည်။

'အို၊ ဖုရားသခင်။ အရှင်သည် တပည့်တော်တို့ ဒုက္ခသည်တွေကို မေ့လျော့နေပြီလော။ အိုအရှင်။ တပည့်တော်တို့အား ကယ်တင်ပါအရှင်'
' ရှင်တယ်ခက်ပါလား' ကက်ဆီသည် နာနာကျည်းကျည်းပြောပြန်လေသည်။ 'ရှင်ဘာ့ကြောင့်များ ဒီ ဘာမဟုတ် တဲ့ ကောင်တွေအတွက်ဝင်ပြီး ပူနေရတာလဲ။ ရှင်မှတ်ထား။ ခုရှင်က သူတို့ခံရတာကို မရှုစိမ့်နိုင်ဖြစ်ပြီး ရှင်က ၀င်ပူတယ်။ တနေ့ သူတို့သာ ဆမ်ဗိုတို့နေရာမျိုး ရောက်ကြည့်ပါလား။ ရှင့်ကို အရင်ဆုံး နှိပ်စက်မှာဘဲ။ အလကား၊ အချင်းချင်း ကိုက်နေကြတာတွေ။ ဒါတွေအတွက် ရှင် ၀င်ပြီး နာနေလို့ ဘာအသုံးကျ မှာလဲ'

'အင်း၊ ဒုက္ခဘဲ၊ အင်းလေ၊ ကျုပ်လဲ နောင်တော့ သူတို့လို ဖြစ်ချင်ဖြစ်လာမှာဘဲ။ အို၊ မဖြစ်နိုင်ပါဘူး၊ မဖြစ်နိုင်ပါဘူး။ ကျုပ်မှာက အားလုံးဆုံးရှုံးပြီးသားမိန်းခလေး။ မယားလဲ ဆုံးခဲ့ရပြီ။ သားလဲဆုံးခဲ့ရပြီ။ အိမ်လဲ ဆုံးခဲ့ရပြီ။ နောက်ထပ်ခုနစ်ရက် အသက်ရှင်နေရင် ကျုပ်ကို အပြီးပိုင် လွတ်လပ်ခွင့်ပေးတော့မယ့် သခင်ကောင်းတယောက်လဲ ဆုံးခဲ့ရပြီ။ ဒီကမ္ဘာမှာ ကျုပ်အားလုံးဆုံး ရှုံးပြီးသားဘဲ။ ကျုပ်အဖို့ ကောင်းကင်ဘုံကိုတော့ အဆုံးရှုံးမခံနိုင်တော့ဘူး။ ဒီတော့ ကျုပ်မယုတ်မာ နိုင်ဘူး၊ မရက်စက်နိုင်ဘူး'

'ဒါပေမယ့် ဒီလိုလုပ်တဲ့အတွက် ဖုရားသခင်ဟာ ကျမတို့ကို ပြစ်မှုကျူးလွန်တယ်လို့ သဘောထား လိမ့်မယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်ရတာမှ မဟုတ်တာ။ ဇွတ်အဓမ္မ ခိုင်းလို့ လုပ်ရတာဘဲ မဟုတ်လား။ ဒီတော့ အပြစ်ယူချင်းယူချင်ရင် ဒီပြစ်မှု မျိုး ကျူးလွန်အောင် တွန်းပို့နေတဲ့ လူတွေကိုဘဲ အပြစ်ယူရမယ် မဟုတ်လား'
' ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီလိုနည်းနဲ့ ကျုပ်တို့ဟာ တနေ့ကျရင် ဆမ်ဗိုလို လူယုတ်မာ၊ လူရမ်းကားကြီး တယောက် ဖြစ်မလာပေဘူးလား'
ကက်ီ သည် တွမ့်ကို စိုက်ကြည့်နေ၏။ သူ့အာရုံ၌ အတွေးစတခု ထိုးဝင်လာသဖြင့် လှုပ်လှုပ်ခါခါ ဖြစ် သွားသည်။

' အင်း။ ရှင်ပြောတာတွေဟာ တယ် မှန်ပါကလား' ကက်ဆီသည် ညည်းတွားပြောဆိုလိုက်သည်။
ထို့နောက် အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။ အသက်ရှူသံ သဲ့သဲ့ကိုသာ ကြားရ၏။ အတန်ကြာသောအခါ
'တဆိတ် မိန်းခလေးရယ်။ သူတို့ ကျုပ်အကျီကို ဟုဘက်ဒေါင့်ထဲ ပစ်ချသွားတာ တွေ့လိုက်ပါတယ်။ ကျေးဇူးပြုပီး ကျုပ်အင်္ကျီအိတ်ထဲက သမ္မာကျမ်းစာအုပ်ကို ယူပေးပါလားကွယ်' တွမ်သည် ခပ်ယဲ့ယဲ့ လေသံ ဖြင့် ပြောသည်။

ကက်ဆီသည် နေရာမှ ထသွားပြီးနောက် တွမ့် သမ္မာကျမ်းစာကို ယူပေးသည်။ တွမ်သည် သူ မှတ် ထားသော စာမျက်နှာနေရာကို လှန်လိုက်ပြီး
' တဆိတ် ဖတ်ပြစမ်းပါလားကွယ် ' အကူအညီ ထပ်၍ တောင်းပြန်သည်။
ကက်ဆီသည် စာအုပ်ကို လှမ်းယူပြီး လေသံအေးအေးဖြင့် ဖတ်ပြသည်။ သူ့အသံသည် ဖတ်ရင်း ဖတ်ရင်း ' အို၊ အဖ ဖုရားသခင်။ သူတို့အား ခွင့်လွှတ်ပါ။ သူတို့သည် သူတို့ကိုယ်တိုင် အဘယ်အမှု ကို ပြုနေကြသည်ကို မသိကြကုန်' အသံသည် တိမ်ဝင်သွားသည်။ စာအုပ်ကို ပစ်ချလိုက်သည်။ သူ သည် သူ့ကိုယ်ကို သူ မထိန်းနိုင် တော့ပေ။ ရှိုက်သံသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
တွမ်လည်း ကက်ဆီ့ထပ်တူ မျက်ရည်ကျရလေပြီ။

အတန်ကြာမှပင်
'ဒီမယ် မိန်းခလေး။ ဘာဘဲပြောပြော မင်းဟာ အစစ အရာရာမှာ ကျုပ်ထက် သာပါတယ်။ ဒါပေမယ့် ကျုပ် တခုတော့ မင်းကို ပြောပါရစေကွယ်။ မင်းက ပြောတယ်၊ ဖုရားသခင်ဟာ ဒို့နဲ့ ဆန့် ကျင်တဲ့ဖက်မှာ ရပ်တည်တယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဒို့ဟာ အညှဉ်းဆဲ အနှိပ်စက်ခံနေကြရ လို့ဘဲ။ သခင်ယေရှုကိုယ်တိုင် ဘယ်အဖြစ်မျိုးနဲ့ အသက်ဆုံးရှုံးခဲ့ရသလဲဆိုတာ မင်းပြန်ကြည့်ပါ။ ဒီတော့ ဖုရားသခင်ဟာ ဒီလိုဘဲ ဒို့တတွေ ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေရတာကို အစဉ်သဖြင့် ကြည့်နေ နိုင်ရက်သလားလို့ မေးစရာရှိတယ်။

ကျုပ် သေချာတာ တခုတော့ပြောရဲတယ်။ 'အရှင်နှင့် ထပ်တူ ကျွန်ုပ်တို့ ခံစားရသည်နှင့်အမျှ ကျွန်ုပ်တို့ အောင်ပွဲခံရမည်သာ' လို့ ကျမ်း၈န်မှာဆိုတယ် မဟုတ်လား။ ဒီကျမ်းဂန်မှာဘဲ 'ကျွန်ုပ်တို့သည် အရှင့်အလိုကို ငြင်းပယ် သည်နှင့်အမျှ အရှင်သည် လည်း ကျွန်ုပ်တို့အား ငြင်းပယ်ပေလိမ့်မယ်'လို့ ဆိုခဲ့တယ်မဟုတ်လား။ ဒီတော့ ကျုပ်တို့ ဒုက္ခခံစားရ တာနဲ့ ဖုရားသခင်ဟာ ကျုပ်တို့ကို ဆန့်ကျင်ပြီလို့ထင်လို့မဖြစ်ပေဘူး။ ဒီနည်းနဲ့ ကျုပ်တို့ဟာ ပြစ်မှု ကျူးလွန်မှဘဲလို့ စိတ်ဓာတ်ကို ဖျက်ချလိုက်ဖို့ မသင့်ပေဘူး'

'ဒါပေမယ့် ဘာဖြစ်လို့ ဖုရားသခင်ဟာ ကျမတို့ကို ပြစ်မှုလောကထဲ ပို့ထားရတာလဲ'
' ဒီနေရာက ဒို့ရုန်းထွက်ရမှာပေါ့ကွယ်'
' ဒါပေမယ့် ရှင်စောင့်ကြည့်နေပါ။ သူတို့ ဘာလုပ်ကြမလဲ။ နက်ဖြန် ရှင်တွေ့အုံးမှာဘဲ။ သူတို့ ဘာလုပ်မယ်ဆိုတာ ကျမ မတွေးရဲဘူး။ ရှင့်ကို သူတို့အလိုကျ မဖြစ်ဖြစ်အောင် လုပ်ကြမှာဘဲ'
' ဖုရား ဖုရား။ ဖုရားတပည့်တော်အား ဒင်းတို့အလိုကျ ပြစ်မှု မကျူးလွန်မိစေရန် စောင့်ရှောက်တော် မူပါ ဖုရား'

' ခက်တယ်ရှင်။ ကျမဟာ ဒီလိုဆုတောင်းတာမျိုးကို ကြားဘူးလှပါပြီ။ ဒါပေမယ့် နောက်ဆုံးကျ ဘယ်သူမှ ဆုတောင်း မပြည့်ကြဘူး။ အားလုံးဟာ သူတို့အလိုကျ ဖြစ်ကြရတာချည်းဘဲ။ အမ်မလင်လဲ ဒီအတိုင်းဘဲ။ အလျှော့မပေး တမ်း တင်းခံနေတာဘဲ။ ရှင်လဲ ဒီလိုဘဲ။ ဒါပေမယ့် ဘယ်မှာလာပြီး အရာရောက်ပါမလဲရှင်။ ရှင် အလျှော့ပေးချင်ပေး။ မပေးရင်တော့ သူတို့ ရှင့်ကို မသေ မချင်းညှဉ်းသတ်ကြမှာဘဲ'

'ကိစ္စမရှိဘူး ခလေးမ။ ကျုပ်အသေခံမယ်။ သေပြီးတဲ့နောက်မှာ ကျုပ်ဝိညာဉ်ကို ဖုရားသခင်ဆောင် ယူသွား မှာဘဲ။ ဒီအခါ သူတို့ဘာတတ်နိုင်ကြတော့မှာလဲ'
' ဒါဟုတ်ချင်ဟုတ်မယ်။ ဒါပေမယ့် ဘာမှ မျှော်လင့်ချုက်မရှိတော့တဲ့ အခြေအနေကျတော့ အားလုံး အလျှော့ပေးလိုက်ကြရတာဘဲ။ ကျမတို့ဟာ စက်ဆုပ် ရွံရှာစရာ အဖြစ်မျိုးမှာ ကျရောက်ခဲ့ကြတယ်။ အဲဒီ မှာဘဲ ကြီးပြင်းလာကြရတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုတောင် စက်ဆုပ်ရွံရှာလာတဲ့အဖြစ် မျိုးအထိ ရောက်လာတယ်။ ဒီအခါမှာ ကျမတို့ဟာ သေတာက ကောင်းသေးတယ်လို့ထင်လာတယ်။ ကိုယ့်ကိုယ်ကို သတ်သေ ချင်တဲ့အထိ ဖြစ်လာတယ်။ ဘယ်မှာလဲ မျှော်လင့်ချက်။ တခြားမကြည့်ပါနဲ့။ ကျမကိုဘဲကြည့်ပါ' ကက်ဆီ သည် တွမ့်အား ခပ်သွက်သွက်ပြောလိုက်သည်။

' ကျမဟာ ဘယ်လိုမိန်းမစားလဲ။ အမှန်ဘဲ။ ကျမဘ၀ဟာ စည်းစိမ်သုခ ခံစားစံစားပြီးကြီးပြင်းလာခဲ့ ရတဲ့ ဘ၀မျိုးမှာ အစပြုခဲ့တယ်။ ကျမ မှတ်မိပါသေးတယ်။ ငယ်စဉ်ကဆို ကျမဘ၀ဟာ ဘာမှ လိုလေသေး မရှိခဲ့ဘူး။ ခမ်းနားလှတဲ့ ဧည့်ခန်းမကြီးထဲမှာ ကစားခဲ့ရတယ်။ အရုပ်ကလေးတရုပ်လို ၀တ်နိုင် ဆင်နိုင် ခဲ့တယ်။ အိမ်ခြံဝင်းထဲက ဥယျာဉ်ကြီးထဲမှာဆိုလဲ ကျမတို့ ညီအစ်ကိုမောင်နှမတွေဟာ တူတူပုံးတမ်း ကစား နိုင်ခဲ့ကြတယ်။ ကျမဟာ ကွန်ဗင့်ကျောင်းမှာ ကျောင်းနေခဲ့ရတယ်။ အတီးအမှုတ်ကိုလဲ သင်ခဲ့တယ်။ ပြင်သစ် ဘာသာ ကိုတောင် ကျမ သင်ခဲ့ရ တာဘဲ။

' ကျမဆဲ့လေးနှစ်သမီးမှာ ကျမ အဖေဆုံးခဲ့တယ်။ ဒီအချိန်မှာ အဖေ့ဆီက ပိုက်ဆံရစရာရှိတဲ့လူဟာ အဖေ့ ပစ္စည်းတွေ အားလုံးကို သိမ်းပိုက်ရုံနဲ့ သူ့ကြွေးမကျေဘူးဆိုတဲ့ သဘောနဲ့ အဖေချန်ခဲ့တဲ့ ပစ္စည်းတွေထဲက သူတန်ဖိုး ဖြတ်ပြီး ရနိုင်တာတွေကို စဉ်းစားပြန်တယ်။ ကျမအမေဟာ တကယ်တော့ ကျွန်တယောက်ပါ။ အဖေ ကတော့ ကျွန်ပိုင်ရှင်ပေါ့ရှင်။ အဖေဟာ သူမသေခင်ကတဲက ကျမကို လွတ်လပ်ခွင့် ပေးမယ်ဆိုတဲ့ စကားကို ခဏခဏပြောခဲ့တယ်။ ဒါပေမယ့် အဖေဟာ သေသာသွားတယ်။ သူ့အကြံအစည်ဟာ အထ မမြောက်ခဲ့ဘူး။ ဒါနဲ့ဘဲ ကြွေးရှင်ဟာ ကျွန်တွေကို ရောင်းဖို့လို့ စာရင်းမှတ်ယူတဲ့အခါ ကျမလဲ ပါသွား ရတော့တယ်။

'စင်စစ် မတော့ ကျမဟာ ဒီလိုအဖြစ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ အဖေ့လို သန်သန် စွမ်းစွမ်း လူတယောက် ကောက်ကာငင်ကာ ရောဂါရပြီး ဖြုန်းကနဲ ဒိုင်းကနဲ သေသွားရလိ့မ် လို့လဲ မတွေးခဲ့ မိဘူး။ ပထမဆုံးအကြိမ် နယူးအောလင်းမှာ ကာလ၀မ်းရောဂါ ဖြစ်တဲ့နှစ်ကပေါ့ရှင်။

'အဲ၊ အဲဒီလိုလဲအဖေဆုံးရော။ အဖေ့မိန်းမဟာ သူ့ခလေးတွေ ခေါ်ပြီးသူ့အဖေရှိတဲ့ဆီထွက်သွားတယ်။ ဒီတုန်းက ကျမစိတ်ထဲမှာ တမျိုးဘဲ။ ကျမ ဘာမှန်းမှ မသိ ဘဲကိုး။ တကယ်က အဖေ့မိန်းမချင်း တူပေမယ့် ခုနက အဖေ့မိန်းမနဲ့ ကျမအမေက တူမှမတူဘဲကလား။ အဲဟို အဖေ့မိန်းမက လူဖြူ။ အဲ။ ကျမအမေဖြစ်တဲ့ အဖေ့မိန်းမ ကျတော့ ကျွန်မဟုတ်လား။

' အဲ၊ ခုနက အဖေ့မိန်းမဟာ ကျမတို့ကို ၀တ်လုံတယောက်လက် ၀ကွက်ထားခဲ့တာကိုးရှင့်။ ၀တ်လုံ က ငယ်ငယ်ဘဲ ရှိသေးတယ်။ ၀တ်လုံဟာ ကျမတို့အိမ်ကို နေ့တိုင်းလာတယ်။ ကျမကိုလဲ ကောင်း ကောင်းမွန်မွန် ဘဲ ဆက်ဆံပါတယ်။ တနေ့မှာ သူနဲ့အတူ လူတယောက်ပါလာတယ်။ ကျမအထင် တော့ အဲဒီ လူဟာ ကျမတွေ့ဘူးသမျှမှာတော့ အချောဆုံးထင်တာဘဲ။ အဲဒီလူပါလာတဲ့ ညနေ ကို ကျမဘယ်တော့မှ မေ့မှာ မဟုတ်ဖူး။ အဲဒီညနေကဘဲ အဲဒီလူနဲ့ ဥယျာဉ်ထဲမှာ လမ်းလျှောက်ကြတယ်။ ဒီအချိန်က ကျမဟာ ပူဆွေး သောက ရောက်နေရတဲ့အချိန်ဟုတ်လား။ အဲဒီလူက ကျမကို ဂရုစိုက်တယ်။ အဲ၊ အဲဒီမှာဘဲ သူက ပြောတယ်။ သူဟာ ကျမကို ငယ်ငယ် ကတဲက တွေ့ဘူးတဲ့အကြောင်း၊ အဲဒီကတဲက သူ ကျမကို စွဲလန်းခဲ့တဲ့ အကြောင်း၊ သူ ကျမကို ကယ်တင်မယ်ဆိုတဲ့အကြောင်း။ ဒါနဲ့ဘဲ ဘာမှမကြာပါဘူး သူဟာ ကျမအတွက် ဒေါ်လာနှစ်ထောင် ပေးပြီး ကျမကို သူပိုင်ပစ္စည်းအဖြစ် ၀ယ်ယူလိုက်တယ်ပေါ့ရှင်။ ဒါပေမယ့် သူဒီလို ၀ယ်ယူ လိုက်တယ် ဆိုတဲ့အကြောင်းကိုတော့ ပြောမပြဘူးရှင့်။

' ဘာဘဲဖြစ်ဖြစ် ကျမကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ကျမ သူ့ကိုချစ်လို့ဘဲ။ အမှန်ဘဲ။ ကျမဟာ သူ့ကို ချစ်မြတ်နိုး ခဲ့ရတယ်။ ခုတိုင်အောင်လဲ ကျမ သူ့ကိုချစ်တာဘဲ။ နောင်လဲ ကျမအသက်ရှင်နေသမျှ ချစ် နေမှာဘဲ' ကက်ဆီသည် စကားစကို ခဏမျှ ဖြတ်ထားလိုက်ပြီးမှ ဆက်ပြောပြန်သည်။

' သူလဲ ကျမကို အတော် ချစ်ရှာပါတယ်။ ကျမကို အိမ်လှလှတလုံးမှာထားတယ်။ ကျမအတွက် အစေခံတွေ၊ မြင်းတွေ၊ ရထားတွေ၊ အ၀တ်တွေ ဘာမှ လိုလေသေးမရှိစေရဘူး။ သူဆိုတာ ပိုက်ဆံ ပေးပြီး ၀ယ်လို့ရသမျှ ဘာမဆို ၀ယ်ပေးထားတယ်။ ဒါပေမယ့် ကျမ ဒါတွေကို တန်ဘိုးမထားခဲ့ပါ ဘူး။ ကျမ သူကလွဲပြီး ဘာမှ တန်ဘိုး မထားဘူး။ ဘာကိုမှလဲ ဂရုမစိုက်ခဲ့ဘူး။

' ကျမ တခုတော့ တောင့်တခဲ့မိတယ်။ ဘာလဲဆိုတော့ သူကျမကို လက်ထပ်စေချင်တာဘဲ။ ဒါကလဲ သူ ကျမ ကို သူပြောသလို ချစ်ရိုးမှန်ရင် လက်ထပ်ရမှာဘဲလို့ ကျမ ထင်ခဲ့တာကလား။ ဒီ အတိုင်းဆို သူ ကျမကို လက်ထပ်။ ပြီးရင် ကျမကို ကျွန်အဖြစ်က လွတ်လပ်ခွင့်ပေးရမယ်ပေါ့ရှင်။ ဒါပေမယ့် သူ့ကျတော့လဲ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စဘဲလို့ သဘောပေါက်ထားတာကလား။ ဒီတော့ သူက ပြောတယ်လေ။ ကျမတို့ဟာ တယောက်ကို တယောက် သစ္စာရှိရင် ဖုရားသခင်ရှေ့မှာ လက်ထပ်ထားတဲ့ သဘောပါဘဲတဲ့။ ဒါဆိုရင်ဘဲ ကျမဟာ သူ့မယားဖြစ်ပြီပေါ့။ ခုနစ်နှစ်လုံးလုံးဘဲ ကျမအဖို့ သူ့ကို ဂရုစိုက်ဖို့ ပြုစုဖို့ကလွဲပြီး ဘာဆိုဘာမှ ထဲ့မစဉ်းစားခဲ့ပါဘူး။

' ဒီလိုနဲ့ တခါသားတော့ သူ အကြီးအကျယ် ဖျားရောရှင်။ ငန်းလိုက်တဲ့အထိ ဖျားတော့တာဘဲ။ ကျမဆိုတာ သူ့အပါးက တဖ၀ါးမှ မခွာနိုင်ဘူး။ အရက် နှစ်ဆယ်လုံးလုံး နေ့ရောညရော ကျမ သူ့ကို ပြုစုခဲ့တယ်။ သူကဆို ကျမ ကို သူ့ရဲ့ ဘ၀ဧကရီ၊ သူ့ရဲ့ အသက်သခင်အဖြစ် ခေါ်ဝေါ် သမုတ်လာခဲ့ တဲ့အထိဘဲ။

'ဒီအချိန်မှာ ကျမတို့ ခလေးနှစ်ယောက် ရနေပြီရှင့်။ အကြီးခလေးက ယောက်ျားလေး။ ကျမတို့က သူ့ကို ဟင်နရီ လို့ နာမယ်ပေးထားတယ်။ ဟင်နရီ ဟာ သူ့အဖေနဲ့ တထေရာထဲဘဲ။ စိတ်နေစိတ်ထား ရုပ်သွင်ပြင် က အစဘဲ။ အငယ်မကလေးကတော့ ကျမနဲ့ တူတယ်လို့ သူပြောတယ်လေ။ ကျမတို့ မိသားတစုလုံးဘဲ အပျော်ဆုံး နေခဲ့ရတဲ့ နေ့ရက်တွေပေါ့ရှင်။

'တနေ့တော့ ဂြိုဟ်ဆိုးစမွှေတော့တာပါဘဲ။ ဖြစ်ပုံက ဒီလိုလေ။ တနေ့မှာ သူ့အကိုဝမ်းကွဲ တယောက် ရောက်လာတယ်။ သူဟာ သူ့အကိုဝမ်းကွဲကို အတော်ကြီးအားကိုးတကြီးရှိပုံရတယ်။ ကျမ ကျတော့လဲ အဲဒီ လူကို တွေ့လိုက်ရကတဲက စိတ်ထဲမှာ တမျိုးဘဲ။ အဲဒီလူဟာ ကျမတို့ မိသားစု အတွက် စိတ်မချမ်းမြေ့ စရာ တွေကို ယူလာသလိုဘဲ စိတ်ထဲက ထင်ခဲ့တယ်။ ညတိုင် ကျရင် ကျမယောက်ျားကို ခေါ်ခေါ်ပြီး အိမ်က ထွက်သွား လေ့ရှိတယ်။ ပြန်လာတော့လဲ ည နှစ်နာရီ သုံးနာ ရီလောက်မှ ပြန်ပြန်လာလေ့ရှိတယ်။

သူ ဒီလိုကျမ ယောက်ျားကို ခေါ်သွားတာ ညဥ့်နက်မှ ပြန်လာတာတွေကို ကျမ မကြိုက်ဖူး။ ဒါပေမယ့် ကျမ မပြောရဲဘူး။ ပြောလဲ မပြောသာခဲ့ဘူး။ မကြာခင်မှာဘဲ ကျမယောက်ျားဟာ သူ့အကို ၀မ်းကွဲနဲ့  အတူ ကစားဝိုင်း တွေ သွားနေတယ်ဆိုတာ သိလာရတယ်။ မကြာခင် မှာဘဲ သူ့အကိုဝမ်းကွဲက သူ့ညီကို မိန်းမ တယောက် နဲ့ တွေ့ပေးတယ်။ ဒီကတဲက သူအချစ်ပြယ် တယ်တယ် ဖြစ်လာပြီဆိုတာ ကျမသိပါတယ်။ သူ မ ပြော ပေမယ့် ကျမတွေ့နေ မြင်နေရတာဘဲ။ တနေ့ ကျတော့ သူဟာ ကစားဝိုင်းမှာ ရှုံးတဲ့ အကြွေးတွေ ပေးစရာ မရှိလို့ဆိုပြီး ကျမတို့ သားအမိကို ရောင်းလိုက်ရတဲ့ အခြေအနေ ဆိုက်လာတာဘဲ။ ကျမ ဘယ်လို နေမလဲ။ တွေးကြည့်ပါရှင်။ ကျမ ရင်ကွဲပက်လက် ဖြစ်ရတော့တာဘဲ။ ဒါပေမယ့် ကျမဟာ ဘာမှ မပြော နိုင်ခဲ့ဘူး။

' ဒီတုန်းက သူက ပြောပါသေးတယ်။ သူ မတတ်နိုင်လွန်း လို့ ခုလို လုပ်ရတဲ့အကြောင်း၊ မကြာခင် သူ အလုပ် အကိုင် တခု လုပ်တော့မယ့်အကြောင်း၊ အဲဒီလို အလုပ်အကိုင်တခု လုပ်ဖြစ်တာနဲ့ သူ ပြန်လာပြီး ကျမတို့ သားအမိကို ပြန်ခေါ်မယ့်အကြောင်း၊ သူဆိုတာ ခါတိုင်းလိုဘဲ ကျမအပေါ်မှာ ဂရုတစိုက် ကြင်ကြင် နာနာနဲ့ ပြောရှာတယ်။ ကျမ သူ့ကိုယုံတယ်။ သူပြောခဲ့တာတွေကိုလဲယုံတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျမ ဆိုတာ တကယ်ဘဲ ကျောက်တုံး။ ဘာဆို ဘာမှလဲမပြောနိုင်ဘူး။ မျက်ရည်ဆိုတာလဲ တစက်မှ မကျဘူး။ သူက ကျမကို နမ်းတယ်။ ခလေးတွေကိုလဲ နမ်းတယ်။

ပြီးတာနဲ့ သူဟာကျမတို့ရှေ့က မြင်းစီးပြီး ထွက်သွားတယ်။ ကျမဟာ သူ့ကို မျက်စိတဆုံး ငေးစိုက်ပြီး ကြည့်နေခဲ့ မိတယ်။ သူလဲ ကျမ မျက်စိရှေ့ကကွယ်ရော ကျမဟာ နေရာမှာလဲကျပြီး မေ့မျောသွားခဲ့တယ်။
'ဒီလိုနဲ့ ကျမဟာ ဗတ်တလာလို့ခေးတဲ့ နောက်တယောက်လက်ရောက်ခဲ့တယ်။ သူက စာချုပ် စာတမ်း တွေပြပြီး ကျမကို သူပိုင်ပြီဆိုတဲ့အနေကို ပြောလာတယ်။ ဒါပေမယ့် ကျမ သူနဲ့ ဘယ်လိုမှ နေဖို့ စိတ်ကူး မရခဲ့ဘူး။ သူနဲ့နေရမယ့်အတူ သေတာက ကောင်းအုံးမယ်လို့ သူ့ကို ပြောင်ပြောင်ဘဲ ပြောလိုက်တယ်။ ဒီတော့ သူက ဘာပြောတယ်ထင်သလဲ။ သူ့အလိုကို မလိုက်လျောရင် ကျမခလေးတွေကို ရောင်းပစ်တယ် ဆိုတဲ့ စကားကို ပြောလာတယ်။

'ကျမ ဘာတတ်နိုင်တော့မလဲ။ ဒီခလေးတွေနဲ့ သူ အကျပ်ကိုင်လာတာနဲ့ ကျမ လွတ်မြောက်လိုက်ရ တာဘဲ။ ဒါပေမယ့် အခြေအနေဟာ ပိုလို့ဆိုးလာတယ်။ ဒါကလဲ ခလေးတွေနဲ့ ပတ်သက်လို့ဘဲ။ ခလေးတွေဟာ သူနဲ့ပြဿနာ ဖြစ်လာတယ်။ ကျမဟာ ကျမခလေးတွေကို သူနဲ့ပတ်သက်ပြီး ပြဿ နာမဖြစ်ရအောင် အမျိုးမျိုး ဆုံးမခဲ့တာဘဲ။ ဒါပေမယ့် သူကိုယ်တိုင်က ဒီခလေးတွေအပေါ် ရန်ရှာ နေတော့လဲ ဘယ်လိုလုပ်ပြီး ရှောင်လို့ ရမလဲ။ ခလေးတွေနဲ့ သူ တကျက်ကျက် ဖြစ်လာလေ ကျမအဖို့ စိတ်မချမ်းသာစရာ ပိုပိုဖြစ်ရ လေဘဲ။

' တနေ့တော့ သူဟာ ကျမကို တခြားခေါ်သွားတယ်။ အဲဒီလို ကျမမရှိခိုက်မှာဘဲ သူဟာ ခလေး တွေကို ရောင်းပစ် လိုက်တယ်။ ခလေးတွေကို ရောင်းပစ်လိုက်ပြီဆိုတာလဲ သိရော ကျမဆိုတာ သူ့ကိုရော ဖုရား သခင် ကိုရော ကျိတ်ဆဲပစ်လိုက်တယ်။ ဒီခဏမှာတော့ သူ ကျမကို အတော်ကြီး ကြောက်ရွံ့သွားပုံရတယ်။ ဒါပေမယ့် သူအလျှော့မပေးပါဘူး။ သူ့မှာ နိုင်ပေါက်က ရှိနေသေးတာကလား။ သူကျမကို ဆက်ပြီး အကျပ်ကိုင် တာဘဲ။ ခုအခြေအနေမှာ ခလေးတွေကို သူ ရောင်းပစ်တာ မှန်ပေမယ့် ကျမ ခလေး တွေကို ကျမ တွေ့နိုင်သေးတယ်ပေါ့။ ကျမ သူ့ကို ကလန်ကဆန်လုပ်တာနဲ့ ကျမခလေးတွေကို တသက်လုံး မတွေ့ ရအောင် လုပ်ပစ်မယ်ဆိုတဲ့ အကြောင်း၊ ကျမ သူ့အပေါ်မှာ ကောင်းနေရင် ခလေးတွေလို ပြန်ဝယ် ပေးမယ့်အကြောင်းတွေနဲ့ အကြပ်ကိုင်ပြန်ပါရော။ ဒီတော့ ကျမ ဘာတတ်နိုင်တော့မလဲ။ အလျှော့ပေး ရပြန်မှာဘဲ မဟုတ်လား။

' ဒီလိုနဲ့ တပတ်နှစ်ပတ်အကြာ တနေ့မှာ ကျမ လမ်းလျှောက်ထွက်လာခဲ့ရင်း လူစုစုတနေရာမှာ ခလေး အသံတသံ ကြားလိုက်ရတယ်။ ချက်ချင်းဘဲ ကျမသားဟာ လူအုပ်ထဲကနေပြီး ' မေမေ၊ မေမေ' လို့ အလန့်တကြား အော်ဟစ်ပြေးထွက်လာတာကို တွေ့ရတယ်။ သူ့နောက်က လူကြီးသုံး လေးယောက် က သူ့ကို လိုက်ဖမ်းတယ်။ ပြီးတော့ သားကို ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်။ အို ဒီအဖြစ်ကို မြင်လိုက်ရရင်ဘဲ ကျမ ဘယ်လိုဖြစ်သွားမလဲ။ ကျမဟာ သားအတွက် သူတို့ကို တောင်း ပန်ပါတယ်။ အသနားခံပါတယ်။ ကျမ သား ဘယ်အခြေအနေ ရောက်နေတယ်ဆိုတာ ကျမသိတယ်။ သူတို့ ကျမသားကို ရိုက်ကြမလို့။ ကျမဟာ လူအုပ်ကြား ကို တိုးပြီး သားရှိရာကို လာ ခဲ့တယ်။ သားဟာ ကျမ အင်္ကျီစကိုဆွဲပြီး ငိုလိုက်တာ၊ ညံစီနေ တာဘဲ။

ကျမသားကို ရိုက်ပြီး ဆုံးမ မယ့်လူ့ဆီမှာ ကျမ တောင်းပန်ပါတယ်။ ကျမကို ၀ိုင်းလှောင်ကြတယ်။ ကျမသားကို ပိုင်တဲ့လူက ကျမသား မလိမ်မာတဲ့အတွက် ရိုက်နှက်ဆုံးမဖို့ သူတို့ဆီ ပို့လိုက်တဲ့အကြောင်း ပြောကြတယ်။ ကျမ မကြားဝံ့ဘူး။ မမြင်ရက်တော့ဘူး။ ကျမဟာ နေရာက အပြေးထွက်လာခဲ့ရတယ်။ သားရဲ့ စူးစူး ၀ါးဝါး အော်ပစ်ငိုယိုသံက နောက်က အပြေးလိုက်လာတယ်။ ကျမဟာ အိမ်ထဲကို ပြေးဝင်လာ တယ်။ အသက်မရှူနိုင်ဘူး။ သူ့ကို တွေ့ရင်ဘဲ ကျမ သူ့ဆီမှာ တောင်းပန်ပါတယ်။ သားကိစ္စမှာ သူ ၀င်ပြီး ကူညီ ပါမယ့်အကြောင်း ကျမပြောပါတယ်။ ဒီတော့ သူကရီတယ်။ ဒီသား ဒီလိုခံရတာကိုဘဲ သူ အကျေနပ် ကြီး ကျေနပ်နေပုံရတယ်။

' ဒီအချိန်မှာ ကျမ ဘာမှ မသိတော့ဘူး။ တခုဘဲ မှတ်မိတယ်။ ကျမဟာ စပွဲပေါ်က ဓားကို မြင်လိုက် တယ်။ ဓားကို ဆွဲပြီး သူရှိရာကို လှမ်းပစ်လိုက်တယ်။ ဒီနောက် ကျမ ဘာမှ မသိတော့ဘူး။
'ကျမ သတိရတဲ့အချိန်မှာ ကျမဟာ ကျမအခန်းမှာ မဟုတ်တော့ဘူး။ ကျမဘေးမှာ နီးဂရိုး မတယောက်နဲ့ ဆရာဝန် ကို တွေ့ရတယ်။ ကျမဟာ အတော်ကြာ သတိလက်လွတ် ဖျားနာနေခဲ့တဲ့ သဘောဘဲ။ ဒီအချိန်မှာ သူ မရှိတော့ဘူး။ သူ ဒီနေရာက ထွက်သွားပြီလေ။ သူ အိမ်ကိုရော ကျမကို ရော ရောင်းချပြီး ဒီနေရာက တခါထဲ ထွက်သွားပြီလို့ ကျမ သိရတယ်။

' အဲဒီ အတောအတွင်းမှာ ကျမ စတူးဝပ်ဆိုတဲ့ လူတယောက်နဲ့ တွေ့ရတယ်။ သူ ကျမကို သဘော ကျတယ်။ သူဟာ ကျမကို မကြာမကြာ လာတွေ့တယ်။ သူနဲ့ကျမ စကားလက်ဆုံကျရင်း ကျမ စိတ်သောက ရောက်ရတဲ့ အကြောင်းတွေကို သူ သိလာတယ်။ ဒီလိုနဲ့ သူဟာ ကျမခလေးတွေကို ပြန်ဝယ်ပေးမယ်ဆိုတဲ့ ကတိနဲ့ ကျမကို ၀ယ်ခဲ့တယ်။ အမှန်ဘဲ သူဟာ ကျမခလေးတွေကို ပြန်ဝယ်ပေးဘို့ ကြိုးစားရှာပါသေးတယ်။ ပထမဆုံး ကျမသားရှိတဲ့နေရာကို သူသွားပြီး စုံစမ်းတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျမသားဟာ အဲဒီမယ် မရှိတော့ဘူး။ ကျမသားကို သူတို့ ရောင်းပစ်လိုက်ကြပြီတဲ့။ ဒါနဲ့ပဲ စတူးဝပ်ဟာ သမီးရှိတဲ့ နေရာကို လိုက်စုံစမ်း ပြန်တယ်။ တွေ့ပါတယ်။ သမီးဟာ မိန်းမကြီးတယောက်ဆီမှာ ရောက်နေတယ်လေ။ စတူးဝပ် ဟာ သမီးကို ငွေပုံပေးပြီး ၀ယ်တယ်။ ဒါပေမယ့် မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ ဗတ်တလာဆိုတဲ့ လူ ၀င်ပြီး နှောင့်ရှက်ပြန်တယ်။ သူက ကျမဟာ ကျမသမီးကို တသက်လုံး ပြန်မရစေဘူးလို့ ကြုံးဝါး လိုက်သေး သတဲ့။

' စတူးဝပ်ဟာ ကျမအပေါ်မှာ အတော်ကောင်းရှာပါတယ်။ သူ့မှာ ၀ါခင်းအကြီးကြီးရှိတယ်။ သူ ကျမကို အဲဒီ ခေါ်သွား ပါတယ်။ ကျမနဲ့ ပေါင်းသင်းနေထိုင်တယ်။ တနှစ်အကြာမှာ ကျမတို့ သား တယောက်ရခဲ့တယ်။  ' အော် သားလေး သားလေး ကျမချစ်တဲ့ သားကလေး။' ကျမဟာ ဒီသားကို ကြည့်ယင်း စိုးရိမ်လာတယ်၊ ကြောက်လာတယ်၊ တုန်လှုပ်လာတယ်။ နောက်ဆုံးကျမဆုံးဖြတ်ချက် တခုချလိုက်တယ်။ အမှန်ဘဲ။ ကျမဟာ နောက်ထပ်ပြီး ခလေးတယောက်ကို ကြီးပြင်းအောင် မပြုစုသင့်တော့ဘူး။ မမွေးမြူသင့်တော့ဘူး။ ဒီနည်းနဲ့ ဒုက္ခ တွေ ထပ်မပွားစေသင့်တော့ဘူး။

ဒီခလေး ကိုလဲ ဒုက္ခ၀ဲထဲမှာ လည်မနေစေသင့်ဘူးမဟုတ်လား။ ဒါ့ကြောင့်ဘဲ ကျမဟာ ဒီခလေး ဆဲ့ လေးငါးရက်သားအရွယ်မှာ ဘိန်းဆီခွံ့ပြီး သတ်ပစ်လိုက်တယ်။ သတ်ပြီးမှ ကျမဟာ ခလေးအတွက် ယူကျုံးမရ ဖြစ်ရတယ်။ ဘာဘဲပြောပြော ကျမဟာ ပြစ်မှုတခုကို လုပ်လိုက်တာဘဲလို့ ထင်ကြမှာဘဲ။ ဒါပေမယ့် ခုကျတော့ အဲဒီလိုလုပ်ခဲ့မိတာကိုဘဲ ကျမ ၀မ်းသာတယ်။ ဒု ဒီခလေးအတွက် ကျမ ၀မ်းမနည်း ရတော့ဘူးလေ။ ဒီခလေးဟာလဲ ဘာဝဒေနာမှ ပြင်းပြင်းထန်ထန် မခံလိုက်ရရှာဘူးမဟုတ်လား။

' အဲ နောက်မကြာပါဘူး။ ကာလ၀မ်းရောဂါ ကျလာပြန်တယ်လေ။ အဲဒီမှာ စတူးဝပ် ၀မ်းရောဂါထဲ ပါသွားပြန်ရော။ အဲဒီကနေ တလက်ပြောင်း တလက်ရောင်းနဲ့ ခု နောက်ဆုံးလက်ဂရီး လက်ကို ကျမ ရောက်လာ တာဘဲ'
 
ကက်ဆီသည် သူ့ဇာတ်ကြောင်းကို အဆုံးသတ်လိုက်လေသည်။ ထို့နောက် အတန်ကြာတွင်
' ရှင်က ပြောတယ်။ ဖုရားသခင်ဟာ ကောင်းကင်ဘုံကနေပြီး ငုံ့ကြည့်နေတယ်တဲ့။ ဒါဟာ ဟုတ်ချင် ဟုတ်မှာဘဲ။ ကျမကွန်ဗင့်မှာ နေစဉ်တုန်းက စစ်စတာတွေ ပြောလေ့ရှိတယ်။ အားလုံးမှာ အလင်းရောင် ကျဆင်း လာတဲ့အခါဟာ တရားစီရင်မယ့် နေ့ဘဲတဲ့။ ကမ္ဘာမြေပြင်က ပြစ်မှုတွေကို တရားစီရင်မယ့် နေ့ပေါ့လေ။ အဲဒီနေ့ဟာ ဒင်းတို့ကို လက်စားချေရမယ့်နေ့ဘဲ မဟုတ်လား။

' တကယ်က ဒင်းတို့ဟာကျမတို့ ဘယ်လိုခံစားကြရတယ်၊ ကျမတို့သားသမီးတွေ ဘယ်လိုခံစားကြ ရတယ်ဆိုတာကို ဘယ်အခါမှ ထဲ့မတွက်ကြဘူး။ ဒါကို အသေးအဖွဲ့ဘဲ သဘောထားတယ်။ ကျမလေ ဒါကို စဉ်းစားမိတိုင်း ရှိသမျှ အိမ်တွေ ကျမကိုယ်ပေါ်ပြိုကျလာစေချင်တယ်။ အမှန်ဘဲ။ အဲဒီတရားစီရင်မယ့် နေ့ကျရင် ကျမလေ ဖုရားသခင်ရှေ့မှာ မတ်မတ်ရပ်ပြီး ဒင်းတို့ ကျမတို့တတွေကို ဘယ်လို ဖျက်ဆီး တယ်ဆိုတာ လျှောက်လဲချက် တင်လိုက်ချင်တယ်။ သိလား။

' ကျမဟာ ငယ်ငယ်ကဆို ဘာသာတရားနဲ့ လူတယောက်လို့ ထင်ခဲ့ပါတယ်။ ကျမဟာ ဖုရားအမြဲ ရှိခိုးတယ်။ ဒါပေမယ့် ကျမမှာ ခု ဘာမှ မရှိတော့ဘူး' ပြောရင်း ပြောရင်း ရှိုက်ငင်ငိုကြွေးလာသည်။ ခန္ဓာကိုယ်ကို လှဲချ လိုက်သည်။

အတန်ကြာမှပင် ကက်ဆီသည် နေရာတွင် ပြန်ထလာကာ စိတ်ကို ချုပ်တီးထားဟန်ဖြင့်
 
' ကဲ ရှင့်အတွက် ကျမ ဘာလုပ်ပေးရအုံးမလဲ။ ရှင် ရေသောက်အုံးမလား' ပြောလာပြန်၏။ ယခုတော့လည်း သူ့သွင်ပြင်သည် စောစောကအခြေအနေနှင့် ကွာခြားနေပြန်၏။ စောစောက ဆောက် တည်ရာမရ ဖြစ်နေ သလောက် ယခုမူ သိမ်မွေ့နူးညံ့သော အသွင်ကိုဆောင်နေ၏။

' ကျုပ်ကတော့ မင်း ဖုရားသခင်ထံမှာ ခိုလှုံစေချင်တာဘဲ'
' ဖုရားသခင်ဟုတ်လား။ သူက ဘသူလဲ။ ဘယ်မှာလဲ'
' ခုတင်က မင်းဖတ်ပြခဲ့တဲ့ ကျမ်းဂန်ထဲက ဖုရားသခင်လေ'

' ဟုတ်ပါတယ်။ ကျမငယ်ငယ်တုန်းက ဖုရားသခင်ရဲ့ရုပ်ပုံကို မြင်ခဲ့ဘူးတယ်။ ဒါပေမယ့် သူ မရှိဘူး။ တကယ် က ဒီမှာ မကောင်းမှုတွေ၊ ပြီးတော့ အတောမသတ်နိုင်တဲ့ စိတ်ပျက်စရာအဖြစ်တွေ။ ဒါဘဲ'
တွမ်သည် ကက်ဆီ့ကို စကားတစုံတရာ ပြောမည့်ဟန်ဖြင့် လှမ်းကြည့်နေသေး၏။ သို့သော် ကက်ဆီ သည် တွမ် ပြောလာမည့် စကားကို မှန်းဆသိထားပြီးဖြစ်ဟန်ဖြင့်
' မပြောနဲ့ အဖိုးကြီး။ အိပ်ရအောင်သာ အိပ်ပေတော့' စကားစကို ဖြတ်လိုက်သည်။
ထို့နောက် ကက်ဆီသည် တဲတွင်းမှ ထွက်သွားလေတော့သည်။

အခန်း (၃၅) ဆက်ရန်
.

3 comments:

လသာည said...

................
...............
........
ပြောမပြတတ်အောင် ခံစားသွားတယ်။

Anonymous said...

အမရယ်..ဦးလေးတွမ်ပြောတာလေး သနားပါတယ်..
သူ့မှာအားလုံးဆုံးရှုံးပီးတဲ့နောက် ..သူ..ဘုရားသခင်ကိုတော့မဆုံးချင်ဘူးတဲ့..

ခံစားလိုက်ရတာ... ကတ်ဆီပြောတာလဲ မှန်သင့်သလောက်မှန်နေတာပဲ

မြတ်နိုး

ဧပရယ်လ်ပူး@ပူးတေ said...

ကတ်ဆီဘဝကလဲ သနားစရာကောင်းလိုက်တာနော်...

ဦးလေးတွမ်လဲ သနားပါတယ်... မလွတ်မြောက်နိုင်တော့မယ့်အတူတူဆိုရင်လဲ သူမြန်မြန်သေသွားပါစေလို့ပဲ ဝိုင်းဆုတောင်းပေးရမလိုပဲဖြစ်နေပြီ...