အခန်း (၂၈) ပြန်လည်ပေါင်းစည်းမိခြင်း
စိန့်ကလဲယား သည် သမီးအတွက် ပူပန်သောက ရောက်ရသော အဖြစ်မှ လွတ်မြောက်လိုသည်။ ဤသို့ မြို့သို့ပြန်လာပြီးနောက် မိတ်ဆွေဟောင်းများနှင့် ရောနှောကာ အလုပ်ကိစ္စများတွင် သမီး အတွက် စိတ်ဒုက္ခမှ လွတ်မြောက်ရာ လမ်းစကို ရှာသည်။ မရ။ ဦးလေးတွမ်က သမ္မာကျမ်းစာကို ညွှန်ပြသည်။ စင်စစ် စိန့်ကလဲယား သည် ဘာသာတရား၌ များစွာ သက်ဝင်ယုံကြည်ခြင်း ရှိသူ မဟုတ်ပေ။ သူသည် ဘာသာတရား ကို ဆန့်ကျင်သူ မဟုတ်စေကာမူ ဘာသာတရားနှင့် ပတ်သက် သော အပိုင်းကို သူ ဥပေက္ခာ လုပ်ထား ခဲ့သည်သာ ဖြစ်သည်။ သို့ပါလျက် ယခုအခါမူ သူသည် သမ္မာကျမ်းစာကိုပင် လွတ်မြောက်ရာ လမ်းစ အဖြစ် ဆုပ်ကိုင်လာမိချေသည်။ သို့သော် သမီးကို ကား သူ မေ့မရ။
စင်စစ် သမီးသည် သူ့ဘ၀၊ သူ့ကမ္ဘာ ဖြစ်သည်။ သူ့အသက်ရှင် ရပ်တည်နေခဲ့ ရခြင်းကိုပင် သူ့သမီး အတွက် ဖြစ်သည်။ အမှတ်မထင် သဘောထားခဲ့သည်။ သူ့၏မျှော် လင့်ချက်အားလုံးသည် သူ့သမီး အတွက် ချည်း ဖြစ်၏။ သူ့လုပ်ငန်း၊ သူ့စီးပွား အဆုံးစကား ဆိုရပါမူ သူ၏ ရောင်းမူဝယ်တာကိစ္စ၊ သူ၏ တိုးတက်မူ ဆုတ်ယုတ်မူ၊ လုပ်ငန်း အပြောင်းအလဲ၊ အစီအစဉ်အားလုံးသည် သူ့သမီးအတွက် ချည်းဟု ယခု သူသဘောပေါက် လာရချေပြီ။ မှန်သည်။ ယခုသမီးမရှိတော့လျှင် သူ၏စိတ်ဝင်စားမျှော်လင့်ချက်၊ စိတ်အား ထက်သန်မူ အားလုံးသည် ဘာမျှမထင်ကြတော့ပေ။ ယုတ်စွအဆုံး၊ အသက်ရှင်ရေး အတွက်စားသောက် သွားလာ လှုပ်ရှားနေရသည့် ကိစ္စမျိုးကအစ သူ့အဖို့ အဓိပ္ပာယ် ရှိသည်ဟု မထင်။
သည့်အတွက် တရားဖြင့်ဖြေဖို့ သူမကြိုးစားချင်။ ကြိုးစားရကောင်းသည်ဟုခည်း သူမအောက်မေ့။ သို့ပါလျက် ထိုသမီး၌တမ်းတရသော စိတ်အမြင် အာရုံတွင် သမီး၏ ရုပ်သွင်သည် ထင်မြင်လာမြဲ ဖြစ်သည်။ အကြားအာရုံ ၌ သမီး၏စကားသည် ထင်လာ၏။ ထိုအခါသမီး ရည်ညွှန်း ပြောဆိုမြဲဖြစ်သော သမ္မာကျမ်းစာ ကို ဖတ်ဖြစ်ပြန်သည်။ ကျွန်များနှင့် ပတ်သက်သော ကျမ်းစာကို ဖတ်ဖြစ်ပြန်သည်။ ကျွန်များနှင့် ပတ်သက်သော သမီး၏ မကျေချမ်းနိုင်မူသည် သူ့စိတ်အားရုံတွင် ထင်လာသည်။
ထိုရက်များအတွင်းမှာပင် သူ့ကိုထပ်ကြပ်မကွာ လိုက်၍ စောင့်ရှောက်နေသော၊ သူ့အပူ ကိုဝင်၍ ငြိမ်းသတ်ရန် ကြိုးစားမြဲဖြစ်သော တွမ့်ကိုသူပို၍ သံယောဇဉ် ငြိတွယ်လာခဲ့ရသည်။ ထိုအခါ သူသည်တွမ့်ကို ပိုမို နားလည်လာသည်။ တွမ့်အပေါ်တွင် သမီးဖြစ်သူ ငြိတွယ်ရလွန်းသော အဖြစ်ကိုလည်း သူသဘော ပေါက် လာသည်။ ထို့ကြောင့်သူသည် သမီးလိုဆန္ဒကို ပထမအဆင့် လိုက်လျောသောအနေဖြင့် တွမ့်ကို လွပ်လပ်ခွင့်ပေးရန် အကြံဖြစ်သည်။ တရားဝင် လွတ်လပ်ခွင့် ပေးရေးအတွက် လမ်းစရှာရလေတော့သည်။
ကောင်းပြီတွမ်။ ကျုပ် မင်းကိုလွပ်လပ်ခွင့် ပေးမလားလို့ဘဲ။ ဒီတော့မင်း ပစ္စည်းပစ္စယ ကလေးတွ ထုပ်ပိုးထားပေတော့။ မကြာခင်ဘဲ မင်းကင်တတ်ကီကို ပြန်တာပေါ့လေ။
ခဏချင်းပင် ဦးလေးတွမ်၏ မျက်နှာပြင်သည် ပျော်ရွှင်မြူးထူးခြင်းဖြင့် ၀င်းပလာသည်။ သူသည် လက်ကို ကောင်းကင်သို့ ဆန့်တန်းကာ "ဖုရားသခင် စောင့်ရှောက်ပါစေ"ဟူသော ဆုတောင်းကို အလေးအနက် ဆိုလိုက်သည်။
ထိုအဖြစ်ကို မြင်ရသောအခါ စိန့်ကလဲယားစိတ်မှာ မကျေမချမ်း ဖြစ်ရပြန်သည်။ အမှန် ပင်ဦးလေးတွမ် သူ့ကို အဆော်တလျင် စွန့်ခွာသွားမည်ကို သူသဘောမကျလှပေ။
"မင်းဒီမှာလဲ ကောင်းကောင်းမွန်မွန် နေရတာပါပဲ" သူ့အသံသည် ခြောက်ခြောက် သွေ့သွေ့ နိုင်လှ သည်။
ဦးလေးတွမ်သည် သူ့သခင်၏ စကားအလာကို ကောင်းမကောင်း သဘောပေါက်သည်။ ထို့ကြောင့်
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ် သခင်။ ကျုပ်ဒီမှာနေရတာ ဆင်းရဲပင်ပန်းတယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သခင်။ ကျုပ်ဟာ လွတ်လပ်တဲ့ လူတယောက် ဖြစ်ရမှာ အတွက်" ၀မ်းသာမိတာတော့ အမှန်ပါပဲ" ဟူသော စကားကို တုံ့ပြန်မိသည်။
"ဘာလဲ တွမ်။ လွပ်လပ်တဲ့ ဘ၀ထက် ခုလိုနေရတာက။ ပိုကောင်းတယ်လို့ မင်း ဘာကြောင့် မထင်နိုင် ရတာလဲ။ ဒီမှာမင်းအလုပ်လုပ်တဲ့အတွက် ကျုပ်ပေးတဲ့ အ၀တ်အစား၊ နေမူထိုင် မူမျိုးကို လွတ်လပ်တဲ့ဘ၀မှာ ရနိုင်မယ် လို့ ထင်နေသလား။"
"သခင် ကျုပ်အပေါ် ဘယ်လောက်ကောင်းတယ်၊ ကျုပ်အဖို့ ဒီမှာဘာမှ လိုလေသေးမရှိ နေနိုင်တယ် ဆိုတာ ကျုပ်နားလည်ပါတယ်သခင်။ ဒါပေမယ့် သခင်ကျုပ်အနေဆင်းရဲ၊ အစားဆင်း ရဲ၊ အ၀တ်ဆင်းရဲ ဘ၀မျိုး ရောက်ချင် ရောက်နေပါစေ။ တခြားလူတွေနဲ့ တန်းတူ လွတ်လပ်တဲ့ဘ၀ မှာ လူဖြစ်ရရင်ဘဲ ကျုပ် ကျေနပ်ပီး။ ဒါဟာလူတိုင်းရဲ့သဘာဝ ဘဲလို့ကျုပ်ထင်တယ်။ မဟုတ်ဘူး လား"
"ဟုတ်ပါပြီလေ၊ ဒီတော့ ဒီတလအတွင်းဘဲ မင်းဒီကသွားခွင့်ရစမပေါ့" ပြောရစေကာမူ စင်စစ်အားဖြင့် စိန့်ကလဲယား သည် ဦးလေးတွမ်အား စွန့်လွတ် ရမည့် အတွက်စိတ်မကောင်းလှ ပေ။
ဤသို့ဖြင့် ခဏအကြာမှာပင် ဧည့်သည်များရောကလာသဖြင့် သူတို့၏စကားစသည် ပြတ်သွား လေတော့သည်။
စင်စစ် ဤနေရာ၌ ကွယ်လွန်ပြီး အီဗာနှင့်ပတ်သက်သော စိတ်သောကသည် စိန့်ကလဲ ယားအားသာ ဖိစီးသည် မဟုတ်ပေ။ တအိမ်လုံးရှိ လူတိုင်းသည်ပင် အီဗာကွယ်လွန်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့် တိုင်အောင် အီဗာအတွက်ယူကျုံးမရ ဖြစ်နေကြရဆဲဖြစ်လေသည်။ မေရီသည်။ အီဗာအတွက် သူသာလျှင် အပူပန် ရဆုံး စိတ်ဒုက္ခအခံရဆုံး ဖြစ်သည်ဟု အမြဲနှလုံးပိုက်ထား၏။ ဤအိမ်ကြီး၌ သူမှအပ အခြားမည်သူသည်မျှ အီဗာအတွက် သူ့လောက်ပူပန် ၀မ်းနည်းခြင်း ဖြစ်ရသည်ဟု မထင်။ မမ်မီလို အစေခံမျိုး က အီဗာ့အတွက်ပူပန်ဝမ်းနည်းရသော စိတ်ဝေဒနာကို သူ့အိမ်တွင်းလုပ်ငန်းတွင် မေ့ပျောက်ရန် ကြိုးစား နေသည်ကိုပင် မေရီစိတ်ကမူ အမှန်ပင်ထိုသူများ သည်အီဗာအတွက် နှမြောတသစိတ် မရှိသူများ ဟု အောက်မေ့ထားသည်။
အော်ဖီလီယာသည် တရားနှင့်ဖြေနိုင်သူ ဖြစ်သည်။ သို့စေကာမူ သူ့တွင်လည်း အီဗာနှင့် ပတ်သက် သော စိတ်ဝေးဒနာသည် စွဲငြိနေ၏။ အမှန်ပင် အီဗာသည် သူ့ကိုသင်ခန်းစာ တခုပေးခဲ့သည်ဟု သူသက်ဝင် ယုံကြည်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူသည်အီဗာ၏ လမ်းစဉ်အတိုင်း တော့ပဆီကို ပို၍ဂရုစိုက်သည်။ သင်ပြ ပို့ချပေးသည်။ သို့ဖြင့် တော့ပဆီသည် လိမ်မာရေးခြားရှိသော မိန်းခလေးတယောက် ဖြစ်စပြု လာသည်။
ဤသို့သော အခြေအနေမှာပင် တော့ပဆီနှင့် ပတ်သက်သည့် အရေးအခင်းတခု ပေါ်ပေါက် လာခဲ့ လေသည်။
တော့ပဆီသည် အီဗာ၏အမှတ်တရပစ္စည်း ဖြစ်သောဆံပင်စကို အထူးသဖြင့် သိမ်းဆည်း သိုဝှက် ထားခဲ့ သည်။ ရိုဆာသည် တော့ပဆီလျှို့လျှို့ဝှက်ဝှက် ဖြစ်နေသော ပစ္စည်းနှင့် ပတ်သက်၍ တော့ပဆီအပေါ် သင်္ကာမကင်း ဖြစ်လာသည်။ ထို့ကြောင့်ရိုဆာသည် တောပဆီ လျှို့ဝှက်ထား သောပစ္စည်းကို ပြဖို့ ဇွတ်တောင်းဆိုသည်။ တော့ပဆီက မပြ။ ထိုအခါ တော့ပဆီအား ပစ္စည်းတစုံ တခုခိုးယူလာသူအဖြစ် စွပ်စွဲ လေတော့သည်။ ထိုပြဿနာသည် မစ္စအော်ဖီလီယာဆီအထိ ရောက်လေသည်။
အော်ဖီလီယာ သည် တော့ပဆီဝှက်ထားသော ပစ္စည်းကိုတောင်းသည်။ သို့သော် တော့ပဆီ ထုတ် မပြချင်။ ဤပစ္စည်း တယောက်ယောက် ယူသွားမည်အတွက် သူစိုးရိမ်နေသည်။
ဤကိစ္စကို စိန့်လဲယားပါ ၀င်ရောက်လာသော အခါတော့ပဆီသည် သူ့ပစ္စည်းကို ဆက်၍ မဖုံးကွယ် နိုင်တော့ပေ။ သို့ဖြင့် တော့ပဆီသည် အီဗာ့ပစ္စည်းကလေးများကို အမှတ်တရ သိမ်းဆည်းထားကြောင်း သိရပြန်သော အခါ အော်ဖီလီယာရော စိန့်ကလဲယားပါ ကွယ်လွန်သူအား တမ်းတစိတ်ဖြင့် တုန်လှုပ်ကြ ရပြန်လေသည်။
စိန့်ကလဲယားနှင့်အော်ဖီလီယာတို့သည် တော့ပဆီသူခိုးအား အစွပ်အစွဲခံရသည့် ကိစ္စကို ဖြေရှင်းပြီးနောက် ဧည့်ခန်းတွင်းသို့ ၀င်ခဲ့ကြသည်။ ထိုသို့ဝင်လာရင်းပင်
"'ဒီကလေးမနဲ့ ပတ်သက်လို့ မမတခုခုတော့ လုပ်သင့်တယ်ထင်တယ်" နောက်ဖက်သို့ နောက်ပြန် လက်ညိုးညွှန်ပြ ပြောဆိုလေ၏။ "ခုကိစ္စပဲကြည့် မမ။ ဘယ်လောက်စိတ်မကောင်းစရာကောင်းသလဲ"
"ကောင်မလေး အတော်ကြီးပြောင်းလဲ တိုးတက်လာတာတော့ အမှန်ဘဲငါ့မောင်။ မမလဲ သူနဲ့ ပတ်သက် လို့ စိတ်ကူးထားတာ အားကြီးပါပဲ။ အော်ဒါထက်အော်ဂတ်စတင်းကို မမတခုမေး ရအုံးမယ်။ ဒီခလေးမဟာ ငါ့မောင်ပိုင်တဲ့ ခလေးမ လား။ မမခလေးမလား ဆိုတာ"
"ကျနော် မမကိုပေးပြီးသားဘဲ"
"ဒါပေမယ့် ငါ့မောင်၊ ခုဟာက တရားဝင်မှမဟုတ်တာ။ မမကတော့ သူိ့ကိုအပိုင်ရမယ်ဆို တရားဝင် အပိုင်ရချင်တာ"
"အလိုအံ့သြစရာပါလား။ မမသာဒီခလေးမကို တရားဝင်ခိုင်းလိုက်ရင် မမတို့ဆီက ကျွန်စနစ် ပယ်ဖျက်ရေး အဖွဲ့ ဘာပြောမလဲ။ မမအဖေ ကိုယ်တိုင်က ဒီအဖွဲထဲ ပါနေတာမဟုတ်လား"
"အို ဘာဆိုင်တာ မှတ်လို့။ အေး ဒီခလေးကို မမအပိုင်ရချင်တယ် သူ့ကိုလွတ်မြောက်တဲ့ မမတို့ နယ်မြေ ရောက်အေင် ခေါ်မယ်။ သူ့အတွက် လွတ်လပ်ခွင့် အပြည့်ရအောင် မမဖန်တီးမယ် ဒါပဲပေါ့ ငါ့မောင်။ မမ ဟာ ကျွန်တစ်ယောက်ကို ပိုင်တဲ့ကျွန်ပိုင်တယောက် အနေမဟုတ်ဖူးဆိုရင် ပြီးထားပဲ"
"ဖြစ်ပါ့မလား။ ကျနော်ကတော့ တယ်ပြီးအားမပေးချင်ဘူး"
"တော်စမ်းပါကွယ်။ အရေးကြီးတာက မင်းသူ့ကို ငါ့ပေးမလား။ ဒါပဲ။ အေး၊ ပေးမယ်ဆို တရားဝင် လွှဲပြောင်းစာရေးပေးရုံပဲ ရှိတယ်"
"ကောင်းပါပြီလေ ကောင်းပါပြီ။ ကျနော်ရေးပေးပါ့မယ် ပြောရင်းကပင် သူ့ရှေ့က သတင်းစာကို ဖတ်ရန် ဖြန့်လိုက်သည်။"
"ကဲ ဒါဖြင့်အခုရေး"
"လောလှချည်လား မမရဲ့"
"ခုကိစ္စ ခုလုပ်မှပေါ့ကွယ်။ ကဲရော့။ စက္ကူ မင်တံနဲ့ မင်းရေပေတော့"
"ဟောဗျ မမကဘာလဲ။ ကျနော်ပြောတာကို မယုံဘူးလား"
"မယုံတာမဟုတ်ဖူး ငါ့မောင်။ သေချာအောင် လုပ်ရတာ လူဆိုတာ ပြောနိုင်မလားကွယ်။ နေ့သေမလား၊ ညသေ မလား မသိနိုင်တာ။ တော်ကြာနေ မင်းသေလို့ ကောင်မလေး လေထပို ရောက်သွားမှာဖြင့် မခက်လား"
"ဟုတ်ပါပြီလေ" ပြောပြောဆိုဆိုပင် စိန့်ကလဲယားသည် သူ့အမအား တော့ပဆီကို လွှဲပြောင်း ပေးကြောင်း တရားဝင်စာချုပ်ကို လက်မှတ်ရေးထိုးပေးလိုက်သည်။ "ကဲရော့ပါ ခင်ဗျာ တရားဝင် အထောက် အထားပါပဲ။ အော်ဗားမောင့် မြို့သူကြီး ခင်ဗျား"
"ငါ့မောင်ကဘယ်ဆိုးလို့တုံး" အော်ဖီလီယာသည် ပြုံးလျှက်စကားကိုပြန်ဆက်သည်။ သက်သေ မပါ လို့ကော ဖြစ်ပါ့မလားကွယ့်"
"အမယ်လေးမမရယ်။ ကဲ ကဲ၊ သက်သေလည်းပါရပါစေမယ်ဗျာ" ပြောပြောဆိုဆို မေရီ့အခန်းဘက်သို့ လာခဲ့သည်။
စာရွက်ကို မေရီ့အား လှမ်းပေးရင်း လက်မှတ်ထိုးပေးရန်ပြောသည်။ မေရီသည် နားမလည်နိုင်။ သို့သော် အသိသက်သေ အဖြစ် လက်မှတ်ထိုးပေးလိုက်သည်။
ထို့နောက် မောင်နှမနှစ်ယောက်သည် ဧည့်ခန်းတွင် ပြန်ထိုင်မိကြသည်။ ထို့နောက် စိန့်ကလဲယားသည် သတင်းစာကို ဖက်နေသည်။အော်ဖီလီယာသည်ဇာထိုးနေ၏။ ခဏအကြာ တွင် အော်ဖီလီယာသည် ဇာထိုး နေရာမှ
"ဒါထက် အော်ဂတ်စတင်းရေ၊ မင်း ကျွန်တွေနဲ့ပတ်သက်လို့ ဘာမှ ကြိုကြိုတင်တင် စီစဉ်မထားဘူးလား" ရုတ်ကနဲ လှမ်းမေးလိုက်သည်။
"ဟင့်အင်" ဟုဖြေပြီးသတင်းစာကို ဖတ်မြဲဖတ်နေ၏။
"အင်း ၊ ဒီလိုနဲ့ မင်းသူတို့အပေါ် ရက်စက်ရာ ကျသွားမှာ စိုးလို့ပါ"
"တဖြည်းဖြည်းတော့ လုပ်ရမှာပေါ့မမရယ်"
"ဘယ်တော့လဲ"
"တနေ့နေ့ပေါ့"
"အဲဒါမလုပ်ခင် မင်းကအရင်သေသွားရင် ဘဲ့နဲ့လုပ်မလဲ" စိန့်ကလဲယားသည် သတင်းစာ ကို ဘေးဘက် သို့ ချလိုက်ပြီး
"ဘယ်လိုလဲ မမရဲ့။ ဘာလဲ၊ ခု ကျနော့်အခြေအနေက နေ့ချင်းဘဲ ညချင်းဘဲ သေရတော့မယ့် အခြေ အနေမျိုး ရောက်နေလို့လား။ ဘာလဲ၊ ကျနော် ၀မ်းရောဂါဖြစ်နေတဲ့ အသွင်လက္ခဏာများ ပြနေရောလား"
"မဟုတ်ဘူး ငါ့မောင်။ ကွေးသောလက်မဆန့်ခင် ၊ဆန့်သောလက်မကွေးခင်လို့ ဆိုထားတယ် မဟုတ်လား"
သည်တော့လည်း သူ့အတွေးအာရုံသို့ မမြဲသောလူ့ဘ၀၏ သဘောအချိန်မရွေး အမြဲအ သင့််ရှိသော သေခြင်း တရားတို့သည် သူ့အာရုံသို့ ရောက်လာမွေနှောက်ပြန်ချေသည့်။
သူ့အာရုံသည် ထိုအတွေးစဖြင့် အပြင်ဖက်သို့ ထွက်ခဲ့သည်။ ၀ရန်တာသို့ရောက် လာသည်။
အချိန်မှာ ညနေစောင်းဖြစ်သည်။
သူသည် ခပ်လှမ်းလှမ်း၌ သမ္မကျမ်း စာအုပ်နှင့် အလုပ်များနေဟန်ရှိသော ဦးလေးတွမ်ကို မြင်ရ လေသည်။ ဦးလေးတွမ်သည် သမ္မကျမ်းစာအုပ်ကို လှန်ကြည့်ရင်း နှုတ်ကလည်းတဖွဖွပြော နေသည်။ သူစာဖတ် မဖြောင့်တန်းသေးသဖြင့် နှေးနှေးကွေးကွေး ဖတ်နေရသည့် သဘောကို စိန့်ကလဲယား နားလည်သည်။
စန့်ကလဲယားသည် တွမ်ရှိရာသို့ ရှောက်လာသည်။
"ကျုပ် ဖတ်ပြရမလား တွမ်"
"ဖတ်ပြမယ် ဆိုရင်တော့ ကောင်းတာပေါ့ သခင် "
စိန့်ကလဲယားသည် စာအုပ်ကို ဆွဲယူလိုက်ပြီးလျှင် တွမ် လက်ထောက်နေရာ စာပိုဒ်ကို အသံနေ အသံထားဖြင့်ဖတ်ပြလိုက်သည်။
"လူသားသည် မိမိဖုန်းအာနုဘော်ကို ဆောင်လျက်သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့် တကွ ကြွလာတော်မူသောအခါ ဖုန်းရှိသော ပလ္လင်တော်ပေါ်တွင် ထိုင်၍ရှေ့ တော်၌ လူမျိုးအပေါင်းတို့ကို စုဝေး စေသဖြင့် သိုးထိန်းသည် သိုးနှင့် ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြား ခွဲ၍ သိုးတို့ကို လက်ယာတော်ဖက်၊ ဆိတ်တို့ကို လက်ဝဲတော် ဖက်၌ ထားတော်မူလတ္တံ့" စိန့်ကလဲယား သည် စပိုဒ်များကို ဆက်၍ ဖတ်လာခဲ့လေသည်။
"ထိုအခါ လက်ဝဲတော်ဖက်၌ရှိသော လူတို့အား မင်းကြီးက ပြန်ခြင်းကို ခံရသောသူတို့ မာရာနတ် နှင့် သူ၏ တမန်တို့အဖို့ ဆင်သော ထာဝရမီးကဲ့သို့ ငါ့ထံမှ ခွာသွားကြလော့။ အကြောင်းမူကား ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မကျွေး။ ရေငတ်သောအခါ သင်တို့ သည် သောက်ဖို့မပေးသည် ဧည့်သည် ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ငါသည်အ၀တ်သည်စည်း ရှိသောအခါ သင်တို့သည် မကြည့်ရှု မပြုစုကြ"ဟု မိန့်တောမူလျှင် ထိုသူတို့က 'သခင်'၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော် မူခြင်း၊ ဧည့်သည်ဖြစ် တော်မူခြင်း၊ အ၀တ်အချည်းစည်း ရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်း တို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌ မြင်၍ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်း၊ ဟုပြန်၍ လျှောက်ကြသော် မင်းကြီးက 'ငါအမှန် ဆိုသည်ကား သင်တို့ည် ဤသူတို့တွင် အငယ်ဆုံး သောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီ' ဟု ပြန်၍မိန့်တေိာမူလတ္တံ့။
ထိုစာပုဒ်များသည် သူ့နှလုံးသားကို လာ၍ထိခတ်ကြလေပြီ။ ထို့ကြောင့် စိန့်ကလဲယား သည်ထိုစာပိုဒ်များကို နှစ်ကြိမ်ထပ်၍ ဖတတ်သည်။ ဒုတိယအကြိမ်၌ စာပိုဒ်ပါစာသားများသည် အာရုံတွင် ပျံ့နှံ့သွားလေသည်။
"တွမ်၊ ဒီစာပုဒ်ဟာ ဒို့ကိုများပြောနေရော့လးကွာ။ ဒို့တတွေကတော့ တင့်တောင်း တင့်တယ် ၀တ်ကြ စားကြလို့၊ ခမ်းကြီး ခမ်းနားကြီး နေကြလို့။ အင်း၊ သူ့စာထဲ ပါတဲ့အတိုင်း အစားငတ် ရေပြတ်၊ ဖျားကြနာကြ၊ အကျဉ်းကျနေကြတဲ့ သူတွေက ဘယ်လောက်များ များမလဲ ဘဲ"
ဦလေးတွမ် သည် နှုတ်ဆိတ်နေ၏။
အတန်ကြာလျှင်ပင် စိန့်ကလဲယားသည် နေရာမှထခဲ့သည်။ လက်ဖက်ရည်သောက်ရန် ခေါင်းလောင်းအချက်ပေးသံကို ကြားမှပင်အတွေးစ ပြတ်သွားရလေသည်။
လက်ဖက်ရည်စပွဲသို့ ရောက်လာခဲ့စေကာမူ ပြတ်သွားသော အတွေးစသည် သူ့အာရုံတွင် ရစ်ပတ်လာပြန်ချေသည်။ လက်ဖက်ရည် သောက်ပြီးလျှင်ပင် သူတို့သည် ဧည့်ခန်းဖက်သို့ လာခဲ့ ကြသည်။
မေရီသည် ပတ်လက်ကုလားထိုင်ပေါ်တွင် လှဲအိပ်လိုက်သည်ည။ အော်ဖီလီယာသည် ဇာထိုးအလုပ်ကို ဆက်လုပ်နေသည်။ စိန့်ကလဲယားသည် စန္ဒယားခုံတွင် ၀င်ထိုင်ပြီး စန္ဒယားခုံက အံဆွဲကို ဆွဲဖွင့်လိုက်ပြန်သည် အံဆွဲတွင်းမှ စာအုပ်တအုပ်ကို ဆွဲထုတ်လိုက်သည်။ စာအုပ်ကား ၀ါရောင် သန်းနေပြီ ဖြစ်သော ဂီတစာအုပ်ဖြစ်သည်။
"မမရေ၊ ဟောဒီမှာ စာအုပ်တအုပ်" သူသည်အော်ဖီလီယာအား လှမ်းပြောသည်။ "ကြည့် စမ်း မမ။ အမေကူးထားတဲ့ဓမ္မသီချင်းတွေ"
အော်ဖီလီယာသည် စိန့်ကလဲယားဆီသို့ ထလာခဲ့သည်။
"ဒါ မမေဆိုနေကျ သီချင်းပေါ့မမရဲ့။ ကျနော်ပြန်ပြီး ကြားယောင်လာတယ် မမရယ် စိန့်ကလဲယားသည် သူ့မိခင်၏ဒဓမသချင်းကို သီဆိုကာစနယားခလုတ်များကို အငြင်းအသာ တီးခတ်လိုက်လေသည်။ သီချင်း ဆုံးလျှင် နေရာတါငိုင်လျက်သား ထိုင်နေပြန်သည်။ ထို့နောက်အခန်းတွင်း ခေါက်တုံ့ ခေါက်ပြန် ရှောက်နေသည်။ ထို့သို့ရှောက်ရင်း
"အင်း၊ အဆုံးကျ အမှားဟူသမျှကို အမှန် ဖြစ်စေမယ်၊ပြသနာတွေအားလုံးကို ဖြေရှင်းပစ် မယ်၊ ဒီနည်းနဲ့အဆုံးသတ်စီရငိချက်ကို ချကြမယ်တဲ့။ ဘယ်လောက် အံ့သြစရာ ကောင်းသလဲ။ လယ်လောက် မြင့်မြတ်တဲ့ ခံယူချက်မျိုးလဲ" တကိုယ်တည်း ညည်းညူသကဲ့သို့ ပြောဆိုလိုက်သည်။ သူ့စိတ်အာရုံ စွဲငြိသော ဓမ္မသီချင်းနှင့် ပတ်သက်သော အတွေးစသည် နှုတ်ဖျားမှ လျှံကျလာခြင်း ဖြစ်လေသည်။
"ဒါဟာ ဒို့အဖို့တော့ ထိတ်လန့်စရာဘဲပေါ့" အော်ဖီလီယာက လှမ်းပြောသည်။
"ဟုတ်တယ်၊ ဒီလိုဘဲ ဖြစ်ရမှာဘဲ" သူသည် စကားစကို ဖြတ်ပြီး ရပ်လျက် အတန်ကြာ တွေးတောနေပြန်သည်။ ထို့နောက် ကျနော် ခပ်စောစောကဘဲ တွမ့်ကို ဓမ္မသစ် ကျမ်းထဲက ရှင်မဿဲခရစ်ဝင်ကို ဖတ်ပြခဲ့ရသေးတယ်။ ဒီထဲက စာပိုဒ်ဟာ ကျနော့်အဖို့တော့ တကယ်မှန်တာ ဘဲ မမ။ ဟုတ်တယ်၊ လူတွေဟာ ဘေးဒုက္ခအပေါင်းထဲ ကျရောက်နေကြတဲ့ အနေမျိုးမှာမှ ကောင်းမှုမလုပ်နိုင်ကြရင်၊ ကောင်းတာကို မလုပ်နိုင်ကြရင် ဒီလူတွေကို ရှုတ်ချရမှာဘဲ။ ဒီလို ဒုက္ခ ပင်လယ်ဝေနေတဲ့ လူတွေရဲ့ ကောင်းကျိုးကို မလုပ်တာဟာ တကယ့် စက်ဆုပ်စရာ ဧရာမ ပြစ်မှုကြီး အဖြစ် သတ်မှတ်ရမှာဘဲ။ ဟုတ်တယ်။ ကျနော်တို့ဟာ တတ်နိုင်သမျှ တဖက်သား ကောင်းလောက်အောင် အလုပ်လုပ်ကြရမယ်။ ဒါကို အီဗာက စံပြခဲ့ပြီ။ အို သမီးကလေး အီဗာ။ သူ ကျနော့်ကို ကောင်းမှု ကောင်းကျိုးလုပ်ဖို့ စံပြသွားခဲ့တာဘဲ"
သူ့စိတ်သည် ထိခိုက်လှုပ်ရှားနေပေပြီ။ ထို့ကြောင့် သူ့ရင်ထဲ ရှိသမျှကို သူ ပြောချနေမိ၏။
"ဒါဘဲ၊ ကျနော့်အမြင် ပြောရရင်တော့ ဘာသာ တရားကို သက်ဝင် ယုံကြည်တယ်ဆိုတာ ဟာ ဒါဘဲ ဖြစ်ရမယ်။ ဟုတ်တယ် ကနေ့ ကျနော်တို့ လူအဖွဲ့အစည်းကြီးကို ကြည့်ပါ မမ။ မကောင်းမှုတွေ မတရားတာတွေ ဘယ်လောက် ပြွမ်းတီးနေသလဲ။ ဒါတွေကို ကျနော်တို့ ဆန့်ကျင် ရမယ်။ တိုက်ခိုက်ရမယ်။ ဒီမတရားမှုတွေကို မကောင်းမှုတွေကို လျစ်လျူရှုပြီး လူအဖြစ်ကို ခံယူလို့ ရပါ့မလား။ ဒီတော့ လူဖြစ်လာရင် ဒီမတရားမှု မကောင်းမှုတွေကို ဆန့်ကျင်ရမယ်၊ တိုက်ခိုက်ရ မယ်။ လိုအပ်ရင် ဒီတိုက်ပွဲမှာ ကိုယ်ကျိုးစွန့်ရမယ်။ အသက်ကို စွန့်တန်ရင် စွန့်ရမယ်။ တကယ်ဆို ကျနော်ဟာ ဘာသာရေးသမား မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော် ဒီလိုဘဲ သဘောပေါက်ပါတယ်။ ဘာသာရေးကို သက်ဝင်ယုံကြည်တယ်ဆိုတဲ့ လူတွေဟာ ဒါတွေကို ဥပေက္ခာ ပြုနေရမှာလား၊ ပြုရ မှာလား"
"အေး၊ မင်း အဲဒီလို သဘောပေါက်ရင် သဘောပေါက်သလို ဘာလို့ မကျင့်ရတာလဲ"
"ဟုတ်တယ်၊ ကျနော်ဟာ သတ္တိကြောင်ခဲ့တယ်။ ခုတော့ ကျနော် သတ္တိရှိလာပြီ။ ဘာဖြစ် လို့လဲ။ ကျနော့်မှာ ဘာမှ မရှိတော့လို့ဘဲ။ ကျနော်ဟာ အားလုံးဆုံးရှုံး လက်လွှတ်ခဲ့ရပြီ မမ။ ဒီတော့ ကျနော် နောက်ထပ်ပြီး ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူး။ ဒါ့ကြောင့် ကျနော် သတ္တိ ပိုရှိလာပြီ"
"ဒါဖြင့် ခု မင်းက ဘာလုပ်မလို့လဲ"
"ဟုတ်တယ်။ ခုအတိုင်းက ကျနော်ဟာ အောက်တန်းစားတွေ၊ ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေနဲ့ ပတ်သက်ပြီး တာဝန်ယူရလိမ့်မယ်။ ပထမဆုံး ကျနော့် အစေခံတွေအတွက် ကျနော် တာဝန် ကျေ၇မယ်။ သူတို့ လွတ်မြောက်ရေးကို ကျနော် လုပ်၇မယ်။ ဒီနောက် တဆင့်တက်ပြီး ဒီလူတန်းစားတခုလုံးအတွက် ကျနော် လုပ်ရမယ်။ ဒီနည်းနဲ့ ကမ္ဘာ့အလယ်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ပြီး သိက္ခာမဲ့၊ အရှက်မဲ့ ဖြစ်နေတဲ့ ကျနော်တို့နိုင်ငံကို ကျနော် ကယ်တင်ရလိမ့်မယ်မမ"
"ဘာလဲ၊ မင်းက ဒို့တမျိုးသားလုံးဟာ ဒီလိုနဲ့ ကျွန်တွေကို အချုပ်အနှောင်ကနေပြီး စေတနာ့ဝန်ထမ်းသဘောနဲ့ လွှတ်ပစ်လိုက်ကြလိမ့်မယ်လို့များ ထင်နေသလား"
"ဒါကို ကျနော် မသိဘူး။ ဒါပေမယ့် မမ။ ကနေ့ခေတ်ဟာ အောင်ပွဲခံတဲ့ခေတ်။ ကမ္ဘာအနှံ့ နေရာတကာမှာ ကိုယ်ကျိုးမဖက်ဘဲ ရဲရဲရင့်ရင့်နဲ့ တိုက်ပွဲဝင်လာကြတဲ့ ခေတ်မျိုးပါ။ ဒီတော့ ကျနော် တို့တတွေကြားမှာကိုဘဲ ငွေရှိမှ တရားတယ်၊ ငွေသာလျှင် ဂုဏ်ဆိုတဲ့ အယူအဆကို လက်မခံတဲ့ စိတ်ရင်း စေတနာရင်း ကောင်းတဲ့ လူတွေ မရှိဘူး ဆိုနိုင်မလား"
"ငါတော့ တယ်မထင်ဘူး ငါ့မောင်"
"ဆိုကြပါစို့ မမရယ်။ ဟောဒီ ကျနော်တို့ဆီမှာ။ ကျနော်တို့က ကျွန်တွေကို အနှောင်အဖွဲ့က လွှတ်လိုက်ပြီဘဲ ထားပါ။ ကဲ၊ ဒီ သန်းနဲ့ချီနေတဲ့ ကျွန်တွေကို သူတို့ လွတ်လပ်ရေး သူတို့ အသုံးပြု နိုင်အောင် ဘယ်သူက ပညာပေးမလဲ။ အင်း၊ သူတို့အနေကျတော့ ဘာဘဲပြောပြော ကျနော်တို့ တတွေကြားမှာ ရပ်တည်ပြီး အလုပ်လုပ်လိုကြမယ် မဟုတ်ဖူး။ ဒါကလဲ ရှင်းပါတယ်။ ကျနော်တို့ တတွေဟာ စင်စစ်မတော့ အပျင်းတွေ၊ အဖျင်းတွေဘဲ။ ဘာမှ လက်တွေ့မကျတဲ့ လူတွေ။ စဉ်းစား ကြည့်ပေါ့ မမ။ ဒီကျွန်တွေကို မွေးထားတာကအစ၊ ဒီကျွန်တွေကို လူတယောက်အနေနဲ့ အလုပ်မှာ အားစိုက်ချင်လာအောင်၊ အလုပ် တန်ဖိုး သိလာအောင် ဘာမှ သင်ပေးခဲ့ကြတာ မဟုတ်ဖူး။ ဒီတော့ သူတို့ဟာ အလုပ်ကို တန်ဖိုးထားတဲ့ မြောက်ပိုင်းပြည်နယ်တွေ ဘက်ကို သွားကြမှာဘဲ။ ဒါ ဓမ္မတာ ဘဲ မမ။ အဲ၊ ကောင်းပြီ။ မြောက်ပိုင်း မှာကျတော့ကော ဒီလူတွေကို လက်ခံပြီး နည်းပေး လမ်းပြ လုပ်ပေးနိုင်မယ့် အခြေအနေ ရှိတယ်လို့ ပြောနိုင်မလား။
မမတို့ဆီက လူတွေဟာ ငွေတွေ ထောင်သောင်းချီ အကုန်ခံပြီး နိုင်ငံခြားသာသနာပြုအဖွဲ့တွေ လွှတ်နေတယ် မဟုတ်လား။ ကောင်းပြီ။ မမတို့ဆီကို ပို့လိုက်တဲ့ ဒီလူမျိုးတွေနဲ့ ပတ်သက်လို့ကျ မမတို့ ငွေအား လူအား အကုန် အကျ ခံနိုင်မလား။ အကုန်အကျ ခံပြီး ဒီလူတွေကို ပြုပြင်နိုင်မလား။ ပြောစမ်းပါ မမ။ ကဲ၊ ကျနော် တို့က ကျွန်တွေကို လွတ်လပ်ခွင့် ပေးလိုက်ပါပြီတဲ့။ မမတို့ဆီက လူတွေက ဒီကကျွန်တွေကို ပညာ သင်ပေးကြမလား။ မမတို့မြို့မှာဘဲ ဒီ နီးဂရိုးတွေကို လက်ခံပြီး ပညာသင်ပေးမယ့် အိမ်ထောင်မျိုး ဘယ်နှစ်အိမ်ထောင် ရှိမလဲ။
ကျနော် သိချင်တယ် မမ။ ကျနော့် အစေခံထဲက အဒေါ်လို လူမျိုးကို ကျနော်က သင်ပေးလိုက်ပါမယ်။ အရောင်းအ၀ယ်တတ်အောင် ဘာအောင်ပေါ့။ ပြီး ကျနော့် သူ့ကို စာရေးခန့်လိုက်မယ်။ ကဲ၊ မမတို့ဆီက ဘယ်လိုကုန်သည်က သူ့ကို လက်မခံလဲ။ ဟောဒီမှာရှိတဲ့ ဂျိန်းတို့၊ ရိုဆာတို့ကို ကျနော် ကျောင်းထားပေးပါမယ်။ ကဲ၊ မမတို့ မြောက်ပိုင်းကျောင်းတွေက လက်ခံပြီး သင်ပေးမလား။ ဒါတောင် ဒီနှစ်ယောက်ဟာ လူဖြူတွေလို အသားဖြူတဲ့ လူတွေနော်။ ဒီမယ်မမ။ ကျနော်တို့ဟာ တရားမျှတအောင် လုပ်ကြရလိမ့်မယ်။ ခုအခြေအနေကတော့ ကျနော် တို့ဟာ အလကားဘဲ။ ဘာပြောပြော ကျနော်တို့ဟာ နီးဂရိုးတွေကို ဖိနှိပ်နေတဲ့ လူတွေဘဲဆိုတာ ရှင်းရှင်းကြီး မြင်နိုင်တယ်။ မြောက်ပိုင်းက အနေကျတော့ကော။ ဘာထူးသလဲ"
"ဟုတ်တယ် ငါ့မောင်။ ဒါတွေကို မမ သိတယ်။ ဒါတွေကို မမ လုပ်ရမယ်ဆိုတာလဲ သိတာ ဘဲ။ တခုတော့ မမ ပြောနိုင်တယ်။ ဒို့မြောက်ပိုင်းမှာလဲ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ကောင်းရှိတဲ့ လူတွေ ရှိပါတယ်။ အေး၊ ဒါပေမယ့် သူတို့ကို ပြောဖို့ ဟောဖို့တော့ လိုတာပေါ့။ အေး၊ သာသနာပြု လွှတ်တဲ့ ကိစ္စနဲ့ ဒို့ဆီကို ဒီက လူတွေ လွှတ်ပြီး ပြုပြင်ယူရမယ့်ကိစ္စကျတော့ မမ ကိုယ်တိုင်လဲ မဝေ ခွဲနိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါဟာ မမတို့ လုပ်ရမယ်လို့တော့ မမ ထင်ပါတယ်"
"ဒါတော့ ဟုတ်ပါပြီ။ ဒါပေမယ့် မမတို့ လုပ်သင့်တယ်ထင်ပြီး မလုပ်နိုင်တာမျိုးကျ"
"တခုတော့ ရှိတယ် ငါ့မောင်။ မမတို့လဲ ထူးပြီး ကောင်းတဲ့ လူကောင်းတွေလို့ မဆိုနိုင်ပေ ဘူး။ အေး၊ မ လုပ်သလောက်တော့ တခြားလူတွေ လုပ်ကြမှာဘဲပေါ့။ ဆိုပါစို့၊ ခု မမဟာ တော့ပဆီ ကို ခေါ်သွားတယ်ဆိုရင်ဘဲ ဘာပြောပြော ပထမမှာ ဟိုကလူတွေအနေနဲ့ တအံ့တသြ ဖြစ်ကြမှာ ဘဲ။ နောက်တော့လဲ သူတို့ပါ ဒါမျိုး လိုက်လုပ်မှာဘဲ။ အေး၊ မင်းပြောသလို ကိုယ်ကျိုးစွန့်ပြီး မင်း လုပ်စေချင်သလို လုပ်မယ့် လူမျိုးတွေ ဒို့မြောက်ပိုင်းမှာ မရှိဘူးလားဆိုတော့လဲ မဟုတ်ဖူး။ အများ ကြီး ရှိတာဘဲ။ သေချာပေါက် မင်းအတိုင်း လိုက်လုပ်ကြမှာတွေ"
"ဒါပေမယ့် ဒါက အနည်းအပါး ရှိမှာပါလေ။ ကြည့်သေးတာပေါ့လေ။ ကျနော်တို့က ဒီကနေ ပြီး ကျွန်တချို့ကို လွှတ်ပေးလိုက်မယ်။ အင်း၊ အဲဒီတော့ သိရမှာပါဘဲ"
အော်ဖီလီယာသည် ဘာမျှ စကားပြန် မပေးတော့ပေ။
စိန့်ကလဲယား၏ မျက်နှာပြင်၌မူ ၀မ်းနည်းခြင်း အရိပ်အငွေ့သ်ည သန်းနေ၏။ အိပ်မက် မက်နေသည့် အသွင်မျိုးကိုလည်း ဆောင်ထားသည်။
သည်ညမှာပင် သူ့စိတ်အာရုံ၌ သူ့မိခင် ရုပ်သွင်သည် အဖန်တလဲလဲ ထင်လာနေသည်။ သူ့မိခင်သည် သူ့အပါး မှာ ရှိနေသည်ဟုလည်း သူ့စိတ်က ထင်နေသည်။
သူသည် အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက်
"ကဲ မမရေ၊ ကျနော် အပြင်ဖက် ခဏသွားလိုက်အုံးမယ်" ဆိုကာ အိမ်ပြင်သို့ ထွက်လာ၏။
သူ့နောက်တွင် အမြဲလိုက်ပါမြဲဖြစ်သော ဦးလေးတွမ်သည် သူနှင့်အတူ လိုက်မည်ပြုသေး ၏။
"နေပစေ တွမ်။ ကျုပ် ခုပဲ ပြန်လာမယ်"
တွမ်သည် ၀ရန်တာအခြေတွင် ထိုင်လျက် ကျန်ရစ်သည်။ ညချမ်းအလှတွင် သူသည် ငေးမောနေ၏။ သူသည် မကြာမီပင် လွတ်မြောက်ခွင့် ရတော့မည့် အဖြစ်ကို တွေးမိပြန်သည်။ သူ့အတွေးအာရုံ၌ သူ့အိမ်၊ သူ့သားသမီး၊ သူ့ဇနီးတို့သည် ဆက်တိုက် ၀င်လာသည်။ လွတ်မြောက် သောဘ၀ဖြင့် သူ့လုပ်အားကို သူရင်းကာ သူ ငွေရှာရနိုင်တော့မည့်အဖြစ် ထိုငွေဖြင့် သူ့မယား၊ သူ့သားတို့ကိုပါ ကျွန်အဖြစ်မှ ရွေးနုတ်နိုင်တော့မည့် အဖြစ်များကိုလည်း သူ မှန်းဆကြည့်သည်။ ထိုအတွေးများမှာပင် သူ့သခင်ကလေး ဂျော့သည်လည်း ပါလာ၏။ ထို့နောက် သူ့အတွေးတွင် အီဗာ ရောက်လာပြန်လေသည်။ အီဗာ့ကို တမန်တော် အဖြစ် သူ မြင်ယောင်လာသည်။ သို့ဖြင့် သူသည် ငိုက်မျဉ်းစပြုလာ၏။ အိပ်မက်မှာပင် အီဗာ့ ရုပ်သွင်သည် ထင်လာနေ၏။
မကြာမီမှာပင် အိမ်ဝင်းတံခါးဝက တခါးခေါက်သံများကြောင့် တွမ်သည် လန့်ဖြတ်နိုးထ လာသည်။ ချက်ချင်းပင် တံခါးရှိရာသို့ ထလာကာ တံခါးကို ဖွင့်ပေးလိုက်သည်။ လူတချို့သည် ထမ်းစင်တခုကို မလာကြသည်။ ထမ်းစင်ပေါ်၌ အ၀တ်ဖြင့် ရစ်ပတ်ထားသော လူတယောက် ပါလာ ၏။ မီးရောင်တွင် ထို ထမ်းစင်ပေါ်က လူ၏ မျက်နှာကို မြင်လိုက်ရလျှင်ပင် ဦးလေးတွမ်သည် ကြောင်အအကြီး ဖြစ်သွား ရလေတော့သည်။
ထိုသူကား စိန့်ကလဲယားတည်း။
မှန်သည်။ စိန့်ကလဲယားသည် လမ်းလျှောက်ထွက်ရင်း လမ်းဘေးလက်ဖက်ရည် ဆိုင်တဆိုင်သို့ ၀င်ခဲ့သည်။ လက်ဖက်ရည်ဆိုင်မှာ သူ သတင်းစာဖတ်သည်။ ခဏအကြာမှာပင် ဆိုင်တွင်း၌ ရန်ပွဲ ကလေးတပွဲ ဖြစ်လေသည်။ ရန်ဖြစ်သူနှစ်ဦးမှာ မူးနေဟန် ရှိ၏။ စိန့်ကလဲယားနှင့် အခြားတယောက် နှစ်ယောက် သည် ရန်ပွဲတွင် ၀င်၍ ဖြန်ဖြေကြလေသည်။ ထိုသို့ ဖြန်ဖြေရာမှာပင် စိန့်ကလဲယား ဓားချက် မိခဲ့ခြင်း ဖြစ်လေသည်။ ခဏချင်းပင် တအိမ်လုံး ရုတ်ရုတ်သဲသဲ ထိတ်ထိတ် ပျာပျာ ဖြစ်သွားလေ တော့သည်။ သူတို့သည် ဆရာဝန်ကို ခေါ်ကြသည်။ ဆရာဝန်ရောက်လာ သော အချိန်တွင်ကား စိန့်ကလဲယား ၏ အခြေအနေသည် မျှော်လင့်ချက် မရှိတော့ပေ။
စိန့်ကလဲယား အာရုံသည် ထွေပြားနေပေပြီ။ လက်ကို ဆန့်တန်းသည်။ သူ့အတွက် တံခါး ဖွင့်လျက် အသင့်ကြို နေသော ဗိမာန်ကို မြင်ယောင်လာသည်။ ထိုနေရာ၌ အဖြူအမဲ လက်မောင်း စုံများ တွယ်ချိတ် ထားသည်ကိုလည်း သူ မြင်နေသည်။ သူသည် သူ့မိခင်၏ ဓမ္မသီချင်းကို တိုးတိုး ညည်းနေပြန်သေးသည်။ သို့သော် ဆုံးခန်းတိုင်အောင်ကား သူ မဆိုနိုင်တော့ပေ။
"မေမေ" သူ နောက်ဆုံး အားယူ၍ တမ်းတသေးသည်။ ထို့နောက် သူသည် ပကတိ ငြိမ်ဆိမ် သွားလေ သတည်း။
အခန်း (၂၉) ဆက်ရန်
.

2 comments:
စိတ်ဝင်စားတာရော စိတ်မကောင်းတာရော ဖတ်ပြီး အသက်တောင် မရှုမိသလိုပဲ..။
အတွေးတွေ အများကြီး ရတယ်။
တင်ပေးတဲ့အတွက် အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်။
ဟင်... ဒါဆို သူဦးလေးတွမ်ကို တရားဝင် လွတ်လပ်ခွင့်မပေးရသေးဘူးလေ... ဦးလေးတွမ်ကတော့ ကံမကောင်းပြီးရင်း မကောင်းပါပဲလား.... တော့ပဆီကိုတော့ သူ့အစ်မက တရားဝင် ပိုင်ဆိုင်ခွင့်တောင်းထားပြီးပြီနော်...
Post a Comment