Sunday, July 11, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၂၇)

အခန်း (၂၇) နောက်ဆုံးအချိန်

    အီဗာ့အခန်းတွင်းက ကျောက်ဆစ်ရုပ်တုများနှင့် ဓာတ်ပုံများကို အ၀တ်ဖြူပိုင်းများဖြင့် ထုပ်လိုက်ကြ လေပြီ။ ပြတင်းတံခါးများကိုလည်း ပိတ်လိုက်ကြပေပြီ။ ခြေသံ ညင်းညင်း၊ လေသံ သဲ့သဲ့မျှကိုသာ ကြားရလေ တော့သည်။

    အိပ်ရာပေါ်၌  အီဗာသည် မနိုးသော အိပ်ခြင်းမျိုးဖြင့် အိပ်စက်နေလေသည်။ အသက်ရှင် စဉ်က ၀တ်မြဲသော ၀တ်စုံဖြူကို ဆင်ယင်ထားသည်။ ခန်းဆီးမှ နေရောင်နှင်းဆီးသွေးသည် အေးစက် နေပြီ ဖြစ်သော ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည်။ ခေါင်းကလေးသည် တဖက်သို့ ငဲ့စောင့်နေ၏။ ပကတိ အိပ်စက် နေသည်နှင့် ဘာမျှ မခြား။
    သင်လို သေဆုံးရခြင်းမျိုးဟာ မရှိပါကလား အီဗာ။ အမှောင်မဲ့ အရိပ်မဲ့ သေဆုံးရခြင်းမျိုး ဘဲ။ မိုးသောက် အာရုဏ်တက် လာလို့ မှေးမှိတ်သွားရတဲ့ မိုးသောက် ကြယ်နဲ့ မခြားပါကလားကွယ်။ သင်သေခြင်းဟာ တကယ်တော့ စစ်ပွဲ မရှိပါ အနိုင်ရလိုက်တာမျိုး၊ ပြိုင်ဖက်မရှိပဲ သရဖူ ဆောင်း လိုက်ရတာမျိုးပါကလား။ စိန့်ကလဲယား သည် သမီးအလောင်းကို စိုက်ကြည့်ရင်း အတွေးပျံ့နေ၏။
    မစ္စအော်ဖီလီယာသည် တူမငယ်၏ နောက်ဆုံး ရုပ်ကလပ်ကို အစေခံအချို့နှင့်အတူ ပြင်ဆင် နေလေသည်။

    ဘေးဖက်ရှိ စင်များပေါ်၌ ပန်းပွင့်များ ရှိနေဆဲ ဖြစ်သည်။ ပန်းပွင့်များ၏ အဆင်းသည် ဖြူလွသည်။ ရနံ့သည် မွှေးပျံ့နေ၏။ ပွင့်ဖတ်နှင့် သစ်ရွက်များ ညှိုးနေပြီ ဖြစ်သည့်တိုင်အောင် အဆင်းနှင့် ရနံ့သည် မပြယ်သေး။ ရုပ်ကလပ်၏ ဘေးဖက်စပွဲတွင် တပွင့်တည်းသော နှင်းဆီဖြူကို ပန်းအိုး၌ စိုက်ထိုးထားသည်။
    အားလုံးပင် အခန်းတွင်း၌ ရုပ်ကလပ်ကို ပြင်ဆင်နေကြသည်။ ထိုအခိုက် အခန်းတွင်းသို့ တော့ပဆီ ၀င်လာသည်။ သူသည် အတော်ကြီး ငိုထားသဖြင့် မျက်ခွံများ ဖူးယောင်နေသည်။
    "အို၊ ဘာလို့ ၀င်လာရတာလဲ။ မလာနဲ့လေ" ရုပ်ကလပ်ကို ပြင်နေသော နီးဂရိုးမ ရိုဆာက ဆီးပြီး တားသည်။

    "ကျမ လာပါရစေ၊ ကျမ ပန်းပွင့် လှလှတပွင့် ယူလာလို့ပါ" တော့ပဆီက တောင်းပန်သည်။
    "မ၀င်ရဘူး၊ သွား၊ သွား" ရိုဆာက ထပ်၍ နှင်သည်။
    "၀င်ပါစေကွယ်" စိန့်ကလဲယားက ၀င်ပြောသဖြင့် ရိုဆာသည် တော့ပဆီအား လမ်းဖယ် ပေးလိုက်သည်။
    တော့ပဆီ သည် သူယူလာသော ပန်းပွင့်ကို ရုပ်ကလပ်ပေါ်တွင် တင်လိုက်သည်။ ရုပ်ကလပ်ကို စိုက်ကြည့်ရင်း ကလေးမသည် အားရပါးရကြီး အော်ဟစ် ငိုလိုက်သည်။ သည်မျှနှင့် သူ အားမရ။ ကြမ်းပြင် ပေါ် သို့ သူ့ခန္ဓာကိုယ်ကို ပစ်လှဲချပြီး အော်ဟစ်ငိုယို ပြန်ချေသည်။

    အော်ဖီလီယာသည် အပြေးရောက်လာကာ တော့ပဆီအား ဆွဲထူးပြီး အငိုတိတ်ရန် ပြောသေး၏။ သို့သော် ကလေးမသည် အငိုမရပ်။
    ကလေးမ ရင်ကွဲပက်လက် အော်ဟစ် ငိုယိုနေသည်ကို မြင်ရသောအခါ စိန့်ကလဲယား သည် သူ့စိတ်ကို သူ မချုပ်တီး နိုင်တော့ပေ။ သူ့မျက်နှာသည် နီလာသည်။ ထို့နောက် သူ့မျက်လုံး အစုံမှ မျက်ရည်စသည် သွန်ကျ လာရလေသည်။

    "ကဲ၊ ထပါ ခလေးရယ်။ မငိုနဲ့တော့ကွယ်။ အီဗာ ကောင်းကင်ဘုံ ရောက်သွားပြီဘဲ" အော်ဖီလီယာက နှစ်သိမ့် စကားဆိုပြန်သည်။
    "မဟုတ်ဖူး။ ကျမ ခု သူ့ကို မတွေ့ရတော့ဘူး" တော့ပဆီသည် ရှိုက်နေဆဲ ဖြစ်သည်။ "သူ ကျမကို ခင်တယ်။ ကျမကို မေတ္တာထားတယ်။ ခု သူမရှိဘူး။ ဒီကမ္ဘာမှာ ကျမကို ချစ်တဲ့ ခင်တဲ့လူ မရှိတော့ဘူး။ ကျမ မွေးမလာ ရင် ကောင်းမယ်။ လူဖြစ်မလာရင် ကောင်းမယ်" တော့ပဆီသည် ပြောပြော ငိုငို ဖြစ်နေ၏။

    "တိတ်ပါ တော့ပဆီ။ သခင်မ ရှိသေးသားဘဲဟာ။ သခင်မလဲ အီဗာမင်းကို ချစ်သလို ချစ်ပါ မယ်။ နော်ကွယ်။ ကဲ တိတ် တိတ်"
    တော့ပဆီသည် သူ့သခင်မ မျက်နှာကို မော့်ကြည့်လိုက်သည်။ သူ့မျက်လုံးအစုံ၌ မျှော်လင့်အားထားသော အသွင် သည် ပေါ်လွင်လာသည်။
    ဤသို့ဖြင့် သူတို့သည် မကြာမီမှာယပင် အီဗာ၏  ရုပ်အလောင်းကို အခန်းတွင်းမှ ထုတ်ယူ လာခဲ့ကြသည်။ ထို့နောက် ဥယျာဉ်တွင်းရှိ  အီဗာနှင့် တွမ်တို့ထိုင်၍ စကားလက်ဆုံကျမြဲ၊ ဓမ္မ သီချင်း သီဆိုမြဲ၊ သမ္မာကျမ်းစာ ဖတ်မြဲ ဖြစ်သောနေရာတွင် အီဗာ၏ ရုပ်အလောင်းကို မြှုပ်နှံလိုက် ကြလေသည်။

    စိန့်ကလဲယားသည် သင်္ချိုင်းမြေနေရာမှ လူအများ ထွက်ခွာသွားသည်အထိ ထိုနေရာတွင် ကျန်ရစ်ခဲ့ လေသည်။
    မှန်သည်။ သူ့အဖို့ ဤကမ္ဘာမြေ၌အားလုံး ဆုံးရှုံးရလေပြီ။ သူ ရပ်တည်ရာ မရတော့ပေ။
    ဦးလေးတွမ်သည် သူ့သခင် မည်မျှ စိတ်ဆင်းရဲ ပင်ပန်းရပြီကို သူသိသည်။ ထို့ကြောင့်ပင် သူ့သခင်အပါးမှ သူ မခွာတော့ပေ။ သူ့သခင်အပါး၌ သူရှိနေခြင်းဖြင့် သူ့သခင် စိတ်သက်သာရာ ရမည်ဟု သူ ယုံကြည် ထားသည်။

    မည်သို့ဖြစ်စေ သမီး မရှိတော့လျှင်ပင် စိန့်ကလဲယားသည် ဤနေရာ၌ ဆက်၍ မနေလို တော့ပေ။ ထိုကြောင့် မကြာမီပင် သူသည် မြို့သို့ ပြန်ရွှေ့ခဲ့လေသည်။ မြို့သို့ ပြန်ရောက်သည့် တိုင်အောင် သူ့အဖို့ ဖြေစရာ သည် မမြင်။ အိမ်မှာလည်း သူမနေ။ မြို့တွင်း၌သာ လှည့်လည်နေ သည်။ သို့ဖြင့် သူ စိတ်သက်သာ ရာ  ရနိုင်မည်လား ထင်သည်။
    မေရီ့ အဖို့တော့ မိမိကိုယ်တိုင် သမီးဆုံးရှုံးရသည့်အတွက် အတိုင်းအဆမရှိ ပူပန်ရ သလောက် မိမိလင်သား သည် မလှုပ်မချောက် နေနိုင်စွမ်းသည်ဟု သဘောရသည်။ သည့်အတွက် သူ မကျေနပ်နိုင်။

    "အဲဒါဘဲ မမ၊ ရှင့်မောင်က လူတမျိုးဘဲ။ တကယ်ဆို ကျမတို့မှာ ဒီသမီးတယောက်ပဲ ရှိ တာပါ။ ဒါကိုများ သူ မေ့လွယ်နိုင် လိုက်တာ။ ဒီသမီး ဆုံးခဲ့ပြီ။ သူ မျက်ရည်တစက် မကျဘူး။ ကျမဆို မမမြင်တဲ့အတိုင်း ဘယ်လောက် ခံစားနေရသလဲ" အော်ဖီလီယာအား သူ့ရင်ထဲရှိသည့် အတိုင်း ပြောချလိုက်မိသည်။

    "ရေဆိုတာ နက်လေ ငြိမ်လေဘဲလို့ ပြောကြတယ် မဟုတ်လား မေရီ"
    "အို၊ ကျမ ဒါကို မယုံပါဘူး။ ဒါ အပိုစကားပါ။ တကယ်ခံစားရရင် အသိသားကြီးပါရှင်။ သူ ဘာခံစားရသလဲ။ အလကားဘဲ။ အိမ်တောင်ကပ်တာ မဟုတ်ဖူး။ ကျမဆို နကိုက မကျန်းမာရတဲ့ အထဲ ဒီစိတ်နဲ့ ဘယ်လောက် ချုံးချ သွားပလဲ"

    "ဒီလိုတော့လဲ မဟုတ်ဖူး ထင်ပါတယ် သခင်မ။ သခင်လဲ သူ့သမီးအတွက် စိတ်မကောင်း ပါဘူး။ ထမင်းမစား ဟင်းမစားတောင် ဖြစ်နေတာပါ" မမ်မီက ကြားဝင်၍ ပြောသည်။
    "အို၊ ဒါပေမယ့် သူ ငါ့ကို ဘာမှ ထဲ့စဉ်းစားတာ မဟုတ်ဖူး။ ငါ ဒီလောက်ဖြစ်နေတာတောင် အကြင်နာ စကား ဘာမှ မပြောဘူး။ ဘာဖြစ်ဖြစ် ဖအေလုပ်တဲ့လူထက် မအေလုပ်တဲ့လူမှာ ပိုပြီး ခံစားရတယ်ဆိုတာ သူသိဖို့ ကောင်းတာပေါ့"

    "ဒါကတော့ အသဲနှလုံးက ပြောမှာပေါ့ မေရီရယ်" အော်ဖီလီယာက ပြောသည်။
    "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျုပ် ဘာဖြစ်လဲ၊ ဘယ်သူမှ မသိဘူး။ ကျုပ်နဲ့ ပတ်သက်ရင် ကျုပ်သမီးဘဲ သိတာ။ ကျုပ်သမီးဘဲ နားလည်တာ။ ခု သူမရှိဘူး။ အီဗာရေ၊ သမီးအမေ ဖြစ်ပုံတွေ ကြည့်လှဲ့ပါအုံး"

အခန်း (၂၈) ဆက်ရန်
.

2 comments:

ဧပရယ်လ်ပူး@ပူးတေ said...

အီဗာလေး သနားပါတယ်နော်... ဒီမေရီလဲ ဘယ်တော့မှ အကျွတ်တရားရမလဲ မသိဘူး.. သူ့စကားပြောခန်း ဖတ်ရတာ စိတ်ဆင်းရဲလိုက်တာ...အရာရာ သူမှသူ၊ လောကကြီးမှာ သူ့လောက်ဒုက္ခခံစားနေရတဲ့သူ မရှိဘူးလို့ မှတ်ယူထားတဲ့လူ... ခိုလိုပဲ တချိန်လုံး ညည်းနေတော့တာပဲနော်.... အဆောင်မှာ နေခဲ့ဖူးတဲ့ မြင်းမူမြို့က အဆောင်သူတယောက်နဲ့ တူလိုက်တာ..အဲဒီတုန်းကဆို မြင်းမူသူတွေ ခိုလိုညည်းတယ်လို့ကို အဆောင်သူတွေ ပြောစမှတ်တွင်ခဲ့တယ်....
း)

Anonymous said...

မြင်းမူမြို့က အဆောင်သူ ဆိုတာ မထည့်ရင် မှတ်ချက်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရာ မရောက်ဘဲ ပိုကောင်းသွားမလားလို့။ ဒီလို ရေးတာကို ကာယကံရှင်က ဘာမှ ပြန်ချေပရှာနိုင်မယ် မထင်ဘူး။ သိတောင် သိချင်မှ သိမှာ။
သက်သေမပြနိုင်တဲ့ စကားဆိုတော့ မဆိုင်တဲ့ စာဖတ်သူတွေက ဘာမှ အတည်ယူလို့ မရဘူး ဖြစ်နေတယ်။ မြင်းမူသား အညာသားဆို ကြည့်မရတဲ့ အကြောင်းတစ်ခု ရှိလို့ ဆွဲထည့်ခွပ်မိတာလဲ ဖြစ်နိုင်တယ်လေ။