Sunday, July 11, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၇)

သံအမတ်ကြီး မစ္စတာဘယ်လင်တန်နှင့် ဇနီးမှာ ဗမာပြည်သားအင်္ဂလိပ်ကပြားများဖြစ်ကြရာ ဗမာ စင်စစ်တွေကပင် အင်မတန် အနောက်ဆန်ချင်နေကြသော ခေတ်၌ သံအမတ်ကြီးကတော်သည် ဗမာချင်း တွေ့ရာမှာ ဗိုလ်မဆန်လိုဘဲ ဗမာလိုသာ လက်ငါးချောင်းနှင့် ထမင်းကို မြိန်ရေရှက်ရေ နယ်ဖတ်စား နေပါသည်။

ဒီဟင်းတွေကို ချက်ဘို့ မစ္စစ်ဘယ်လင်တန်မှာ ဗမာပြည်က ထမင်းချက် ပါလာတယ် ထင်ပါရဲ့ဟု မေးမိသော အခါ၊ မပါခဲ့ပါ။ ကျမချက်တတ်တဲ့ လက်ရာအတိုင်း အီတလီအမျိုးသမီး ထမင်းချက်ကို သင်ပြထားပါတယ်။ ဟောဒီ ကြက်သွန် ငါးပေါင်းကြော် လည်း သူ့လက်ရာပါဘဲဟု ပြောပါသည်။ ရေစီးသန်ရာ မြောမပါဘဲ နိုင်ငံခြားမှာ ဗမာမူဗမာဓလေ့ က ကြန့်ကြာခံနိုင်သရွေ့ ခံနေကြသည်မှာ ၀မ်းမြောက်စရာပင် ဖြစ်ပါသည်။

အမေရိကန်လူမျိုး မိတ်ဆွေသစ် မိတ်ဆွေဟောင်းတို့၏ နေ့လည်စာ ညစာ ဖိတ်ခေါ် ကျွေးမွေးကြ သည်များကို ကား အထူး ရေးသားဖွယ်ရာ မလိုပါ။ သူ့ဓလေ့အတိုင်း ချက်ပြုတ်ထားသည့် သူတို့ နိုင်ငံ အတွက် အစားအစာများသာ ဖြစ်လျက်နေရာထိုင်ခင်း အမျိုးမျိုးခြားနားခြင်းသာရှိပါသည်။

အမေရိကန်ရောက် ဗမာပြည်သားများအနက် အထူးစိတ်ဝင်စားရန် ကောင်းသူတို့ကား ဦးခင်နှင့် သူ့ဇနီး အီဘွန်းခင် တို့ ဖြစ်သည်။ ဦးခင်တို့သည် ဗမာပြည်မှ ၀ါရှင်တန်မြို့သို့ လာရောက် နေထိုင် ကြသည်မှာ နှစ် အတော် ကြာလေပြီ။ ယခု အီဘွန်းခင်နှင့် သူ၏ မောင်ငယ်မောင်စံလွင်တို့မှာ ဗမာ သံရုံးတွင် အလုပ်လုပ် လျက်ရှိသည်။ ဦးခင်မှ ယခုအခါ သံရုံးတွင် မလုပ်တော့ဘဲ အပြင်တွင် ကိုယ်ပိုင် ကူးသန်း ရောင်းဝယ်ရေး အလုပ်ကို လုပ်ကိုင်နေခြင်းဖြင့် ကြီးပွားလျက်ရှိရာ ဗမာထဲမှ နိုင်ငံခြားတွင် ကုန်သည်လုပ်နေနိုင်အောင် ကြံရည် ဖန်ရည်ရှိပြီး မိတ်သင်္ဂဟများ၍ တွင်ကျယ်နေ သည်ကို အထူး ဂုဏ်ယူဖွယ်ပင်ဖြစ်ပါသည်။

ဦးခင်တို့မှာ ဗမာပြည်သားဖြစ်လျက် ကိုယ့်ဒူးကိုယ်ချွန် စွမ်းရည်အားဖြင့် ၀ါရှင်တန်မြို့ကြီးမှာ အိမ် ပိုင်ယာပိုင် ဥယျာဉ်ပန်းခြံ မြေပိုင် မော်တော်ကားပိုင်နှင့် တင့်တင့်တယ်တယ် နေထိုင်နိုင်ကြခြင်းကို ကြည့်ပြီး အခြားသော ဗမာအမျိုးသားတို့က အားကျစရာ ချီးကျူးစရာတရပ်တည်းဖြစ်နေပါသည်။

ဗမာပြည်က လာလာသမျှ ဧည့်သည်များ မိတ်ဆွေများမှာ ၀ါရှင်တန်မြောက်ပိုင်း မာရီလင်းနယ်ကင် စင်တန်ရပ် ချယ်ဗီးချေ့စ်ဦးခင်နှင့် အီဘွန်းခင်တို့နေအိမ်သို့ မရောက်ဘူး ထမင်းမစားဘူးသူဟူ၍ မရှိ သလောက် ပင်ဖြစ်ပါသည်။ သူတို့အိမ်သားတစုမှာလည်း ဧည့်မျှော်ခြင်းထမင်းချက်ကျွေးခြင်း၊ အိမ် အောက်ထပ် ရှိ ဧည့်ခန်းတွင် ကိုယ်ပိုင် ' ဘား 'နှင့် စားစရာကျွေးရင်း တယ်လီဗေးရှင်း ရုပ်မြင် သံကြားစက် ဖြင့် ဖြေဖျော်ခြင်းမှာ လာသမျှ ဧည့်သည် မိတ်သစ်မိတ်ဟောင်းတို့အဘို့ သူတို့၏ နေ့စဉ် ၀တ္တရားတခုလို ဖြစ်နေ ပါ သတည်း။
*

ဦးခင်နှင့် အီဗွန်းခင်တို့အိမ်သို့ စာရေးသူတို့ မကြာခဏ ဦးခင်ကားနှင့် လာကြိုတိုင်းပါ၍ပါ၍ သွားရ သည်။ သွားတိုင်း သွားတိုင်း ညစာ ထမင်းစား မပြီးမချင်း ပြန်မပို့တော့ပေ။
သူတို့အိမ် ကလေးသည် နှစ်ဧကသာသာ ခြံကြီးအတွင်းမှာ နေချင်စဖွယ် သာသာယာယာ ချယ်လှယ် မွမ်းမံ ထားပါသည်။ မြေထဲတွင် တထပ်၊ ပထမအပေါ်ထပ်တွင် ဧည့်ခန်းနင့် ထမင်းစားခန်း၊ ဒုတိယအပေါ်ထပ်တွင် အိမ်ခန်းနှင့် ရေချိုးခန်းများ၊ တတိယခေါင်မိုးထပ်တွင်လည်း အိပ်ခန်းများပါရှိ၍ ပေါင်းလေးထပ်ရှိရာ မြေအောက်ထပ်မှာ ကောက်တေးဧည့်ခန်း၊ ကိုယ်ပိုင် ' ဘား' တခုထားပြီး စားပွဲဆိုဖာများဝိုင်းလျက် တဖက်မှာ တယ်လီဗေးရှင်း ဆက်ထား၍ စကားပြောရင်း စက္ခုသောတအာရုံခံကြရသည်။

တယ်လီဗေးရှင်းမှာ ညနေပိုင်းတွင် ခလေးများအတွက် ကောင်းဘွိုင် ဇာတ်ထုတ်တခု အမြဲပါတတ် သဖြင့် အိမ်ထောင် တိုင်းရှိ ခလေးမြေးငယ်တွေ တရုံးရုံးနှင့် အာရုံစူးစိုက်ကြမြဲဖြစ်ပါသည်။
လူကြီး ကြိုက် ဇာတ်ကားများလည်းပြပါသည်။ သို့ရာတွင် ရုပ်ရှင် ကုမ္ပဏီများ၏ တားမြစ်ချက်အရ ဇာတ်ကား အသစ် တွေ မပြရဘဲ ဇာတ်ကားအို၊ ဇာတ်ကားဟောင်းများသာပြရ၍ ကြော်ငြာ ဇာတ်ထုပ်များ၊ အဆို၊ အက၊ ကပွဲ၊ တယ်လီဗေးရှင်းအဘို့ အထူးရိုက်သော ဇာတ်ကားများသာ ပြရပါသည်။ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲတို့လို ပွဲကြီး ပွဲကောင်းများကိုမူကား လူမတိုးရဘဲ ဇိမ်နဲ့ အိမ်က နေပြီး ကြည့်ရပါသည်။ သို့သော် နေ့ချင်းမဟုတ် နောက်တနေ့ မှ ပြပါသည်။

အီဘွန်းခင်မောင် မောစံလွင်မှာ တယ်လီဗေးရှင်းစက်ကို ပြင်တတ် ဆင်တတ်သော စက်ဆရာ တယောက် ပင် ဖြစ်နေပါပြီ။ သူ့မိတ်ဆွေ အမေရိကန်တွေကို ပြုပြင်ပေးနေရသည်ပင် မနားရတော့ပါ။
အဆိုပါ ရုပ်ကိုလည်းမြင်၊ အသံကိုလည်း ကြားရသော တယ်လီဗေးရှင်း စက်မျိုးမှာ လွတ်လပ်ရေး ရပြီး ပြည်တွင်း လေကြောင်း ခရီးနှင့်သွားလာ နေထိုင်ကြသည်အထိ အထက်တန်းကျနေသော ဗမာပြည်တွင် မပေါ်သေး။ အင်္ဂလန်က လန်ဒန်မြို့မှာပင် အိမ်တိုင်းမထားနိုင်စေကာမူ အမေရိကန် မှာဖြင့် ဘယ်နေရာ သွားသွား တယ်လီဗေးရှင်းတွေနဲ့သာ ရင်ဆိုင်နေပါသည်။

ရန်ကုန်မြို့မှာ နေရာတကာ ရေဒီယို စက်ကလေးတွေနှင့် ထိုးနေရသလိုပါဘဲ သူတို့ဆီက ရေဒီယို တန်ဘိုး နှင့် တယ်လီဗေးရှင်းစက် တန်ဘိုးမှာလဲ များစွာ မကွာလှပါ။ ရောင်းတဲ့ လူတွေကလည်း လစဉ်ပေး အကြွေး နဲ့ တောင်မှ ရောင်းချနေကြရာ အလွယ်တကူ ၀ယ်ယူသုံးနိုင်လာမှ တာဝန်မလေးလှပါ။ သည်နည်းမျိုး အတိုင်းနှင့် ဗမာပြည်ကိုရော ရေက်လာလာမည်ဆိုပါက ယခုရေဒီယိုရှိသော အိမ်တွေ၊ လဘက်ရည်ဆိုင်၊ ဟော်တယ်ဆိုင် တွေမှာ ရုံးရုံး တအုံးအုံးနှင့် ဖွင့်လို ချည်နေကြမှာဘဲ။ နို့ပေမဲ့ တယ်လီဗေးရှင်း လွှတ်တဲ့ အားပေးစက် ၀ယ်၍ မသုံးနိုင်ပါ။

တယ်လီဗေးရှင်းစက်ကိုဝယ်ယူသုံးနိုင်ကြစေရန် အစိုးရကဖြစ်စေ၊ တယ်လီဗေးရှင်းရောင်းမည့် ကုမ္ပဏီ က ဖြစ်စေ၊ လုပ်မပေးသ၍ သုံးရမည်မဟုတ်ပါ။ အမေရိကန်ပြည်နှင့် ပစ္စပိတ်သမုဒ္ဒရာကြီး၏ ဗဟိုမှာရှိနေတဲ့ ဟာဝေယန်ကျွန်းရှိ ဟိုနိုလူလူမြို့မှာပင် တယ်လီဗေးရှင်းအား ပေးလာသဖြင့် ဟာဝေယန်ကျွန်းသူ ကျွန်းသား တွေနှင့် ဟာဝေယန်သူ အပျိုဖြူတို့သည်၎င်း ဟာဝေယန်သား ခလေးသူငယများသည်၎င်း ညနေပိုင်းမှာ တယ်လီဗေးရှင်း စက်နားတွင် အိမ်သားတွေ ၀ိုင်းဖွဲ့ပြီး နား စည်းစိမ်၊ မျက်စေ့စည်းစိမ်ခံ၍ နေနိုင်ကြပါသည်။

မြန်မာပြညမှာ တယ်လီဗေးရှင်းကို အသုံးပြုနိုင်ရန် အလုပ်က လွယ်သလောက် စရိတ်ကုန်ကျ ခံနိုင် ဘို့ရာက လွယ်မည် မထင်ပါ။ တယ်လီဗေးရှင်းစက်ရောင်းချင်တဲ့ သူဌေးကုန်သည်ကြီးတွေက မိမိ စက်ရောင်းချဘို့ကို မျှော်ကိုးပြီး တယ်လီဗေးရှင်းဓါတ်အားလွှတ်ပေးရန် ကုန်ကျစရိတ် ခံကြမည်ဆို ပါမှ ဗမာတွေ အချောင်ပွ ရမည်။ သို့မဟုတ်လျှင်လည်း ယခုစီမံနေကြတဲ့ အစိုးရ ပြည်တော်သာစီမံ ကိန်းထဲမှာ ထည့်၍ဖြစ်စေ။ မကြာမှီ ပြုပြင်ဆောက်လုပ်မည် ဗမာ့အသံလွှင့်ဌာနမှ အင်အားကောင်း သော(၀ါ) ကမ္ဘာကကြားနိုင်သော အသံလွှင့်စက်ကြီးများ တပ်ဆင်တော့မည်ဟု ဆိုထားရာ ရောင် တော်ပျံနှင့် ရောလွှတ်သလို အင်အား ကောင်းသော အသံလွှင့်စက်ကြီးကို တပ်ဆင်ရင်း လူထုအတွက် တယ်လီဗေးရှင်း လွှင့်စက်ကြီးတခုပါ ပူးတွဲပြီး တခါထဲ တပ်ဆင်ပေးလိုက်ရင် သိပ် ကောင်းမှာဘဲဟု လေထဲတိုက်အိမ် ဆောက်လိုက် မိပါသေးသည်။

အရင်တုန်းကဖြင့် တယ်လီဗေးရှင်းစက်ရှိလျှင် ရုပ်ရှင်ရုံမှာပြနေတဲ့ ဇာတ်ကားတွေကို ထိုင်ရာမထ အိမ်က နေ၍ကြည့်နိုင်သည်ဟု သိထားကြသည်။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ရုံတခုနှင့် ဆက်သွယ်ယူလိုက် ရုံဘဲ သည်လို ဆက်သွယ်တဲ့ အခကိုတော့ အတွက်ကျ ပေးရသည်ဟုဆို သည်။

သို့သော် အမေရိကန်မှာပင် ရုပ်ရှင်ရုံတွေကို လူအလာနည်းသွားမည် တယ်လီဗေးရှင်းစက်ရှိသော အိမ်တအိမ်မှာ အိမ်သားရော၊ အိမ်နီးချင်းပါ စုလိုက်လျှင် လူငါးဆယ်တရာအထိ ၀ိုင်းအုံ ကြည့်ကြ သဖြင့် ရုပ်ရှင်ရုံ တွေ ပိတ်ပစ်ရတော့မည့် ဘေးဆိုးကြီးကို တားဆီးပစ်လိုက်ရသဖြင့် ခုတော့ ဇာတ် ကားဆိုလျှင် ခလေးကြိုက် ကောင်းဘွိုင် ဇာတ်ထုပ်များနှင့် လူကြီးကြိုက် ခုနစ်ဆွေး ရှစ်ဆွေးကား ဟောင်းတွေသာ ပြနေ ကြရပါသည်။

အကယ်၍ ဗမာပြည်မှာ တယ်လီဗေးရှင်း စက်တွေသုံးနိုင်ကြသောအခါ၌လည်း ရုပ်ရှင်ရုံတွေနှင့် တယ်လီဗေးရှင်း ကုမ္ပဏီနဲ့ ဟိုကအတိုင်း အရေးဆိုကြမှာနဲ့ ဟိုအတိုင်း စခန်းသွားရမှာဘဲ၊ နိုပေမဲ့ ရေဒီယိုအငြိမ့်တွေ၊ အပျော်တမ်း တူရိယာအဖွဲ့တွေနှင့် အဆိုတော် ပွင့်သစ်စ မ-ဖို ကလေးများ အတွက် တော့ တကယ့်ကို လက်လွတ်နိုင်လောက်အောင် သဘောခွေ့ကြပေလိမ့်မည်ဟု ကြိုကြို တင်တင် စဉ်းစား ပေး ထားမိပါသည်။

ဝါရှင်တန်မြို့၏ အနီးအနား သွားလာလည်ပတ်၍ ကြည့်ရှုစရာများအနက် စာရေးသူအဘို့ စိတ်ဝင် စားဖွယ်ရာ ဖြစ်သောနေရာမှာ (ဂရိတ်ဖော်လ်) ခေါ် စမ်းချောင်းရေတံခွန်နေရာတခုဖြစ်ပါသည်။
ဝါရှင်တန် မှ မော်တော်ကားနှင့် မိုင်လေးဆယ်လောက်သွားရပါသည်။ ၀ါရှင်တန် မြို့သူမြို့သားတို့ အပျော် ထွက်သောနေရာများအနက် ဤ (ဂရိတ်ဖော်လ်) မှာ တခုမပါအ၀င်ဖြစ်၍ ကားတွေ တသီးတန်းကြီး သွားလာရာ ဌာနတရပ်လည်းဖြစ်ရကား ညအိပ်တည်းခိုရန် တောတွင်း ဟော်တယ်တွေနှင့် စားစရာ ဆိုင်ငယ် ကလေးများ အထူးစည်ကားပါသည်။

စမ်းချောင်းဟု ဆိုရသော်လည်း ကောက်ကောကကွေ့ကွေ့ စီးဆင်းနေသော မြစ်ငယ်တခု ဖြစ်ပါ သည်။ ကျောက်တုံး ကျောက်ဆောင်တွေ မြစ်ပြင်လုံးပြည့် အလွန်များ၍ ရေယာဉ် ခပ်ကြမ်းကြမ်း စီးဆင်းနေသဖြင့် တဘက်ဖြတ်၍ ကူးသန်းမရသော်လည်း ရှုမျှော်ခင်းအဖြစ် တံတားကလေးတွေ အမြောက် အများ ဟိုဝင်ဒီထွက် နှင့် ပြုပြင်စီမံထားသောကြောင့် တောအုပ် ကလေးများနှင့် ခြားကာ ခြားကာ သာယာသော ရှုခင်းများ ကို တတောဝင် တတောထွက် မျက်စေ့အာရုံ မပြတ်စေရဘဲ သဘာဝကို ပသာဒဖြစ်အောင် တန်ဆာ ဆင်လျက်သား တွေ့မြင်နေပါသည်။

*

အမေရိကန်နိုင်ငံ၏ မြို့တော်ဖြစ်သောကြောင့် ၀ါရှင်တန်မြို့မှာ ခန့်ခန့်ညားညားနှင့် အဘက်ဘက်မှ သားသား နားနားရှိနေသလို ထိုထိုသော ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်းစုံတွေကိုလည်း ဤမြို့တွင် စုစည်း ထားသလို စုံနေအောင် တွေ့မြင်ရပါသည်။

နိုင်ငံတကာမှ သံရုံးဌာနများတွင် လာရောက် နေထိုင်လုပ်ကိုင်လျက်ရှိသော လူအမျိုးမျိုးတို့ကလည်း နည်းကြသည်မဟုတ်ပါ။ အတိုင်းတိုင်း အပြည်ပြည်မှ တက္ကသိုလ် မိုးခိုလာ ကြသော ကျောင်းသား ပညာ တော်သင် လူမျိုးစုံတို့ကလည်း အများကြီးပေ။ ကမ္ဘာအရပ်ရပ်နှင့်ချီ၍ အခါမပျက် စည်းဝေးလျက်သာ။

ဘာအစည်းဝေး၊ ညာအစည်းဝေးဆိုဒါကို တက်ရောက်လာကြသော ဧည့်သည်တော်များသည်၎င်း၊ ကမ္ဘာ အရပ်ရပ်မှ လွတ်လပ်သော ပြည်ထောင်စုသားတို့၏ နိုင်ငံတွေက သူတို့ဘာနှင့်သူတို့ သား တူ ညီ ပါတီဝင် စတဲ့ လက်သင့်ရာ စားတော်ခေါ်လေ့ခေါ်ထရှိသော ကမ္ဘာ့ဓမ္မတာ ထုံးတမ်းစဉ်လာ အတိုင်း စေလွှတ် လိုက်တဲ့ ဘာကော်မရှင် ညာကော်မရှင်ဆိုပြီး၊ လူထုအခွန်တော် စရိပ်နှင့် ရောက် လာကြတဲ့ လူမျိုးစုံ အုပ်စုကလေးများကလည်း ဟိုမှာ နည်းနည်း၊ ဒီမှာ နည်းနည်းဆိုသလို သိုးထိမ်းနှင့် သိုးအုပ်စုကလေးများ အလား လူထူးလူဆန်းများအဖြစ်နှင့် ၀ိုင်းအုံကြည့်ရှုရင်း မြို့ထဲမှာ လှည့်လည်နေကြရာ သူတို့က ၀ါရှင်တန် ကို တအံ့တသြလိုက်ကြည့်နေသလို သူတို့ကို ၀ါရှင်တန်က လည်း ဘယ်နိုင်ငံ သားတွေလည်းဟု ပြန်၍ အကဲခတ် ပြန်ကြည့်နေပုံရပါသည်။

အနောက်တိုင်းက လူများစုတွေအဘို့ အရှေ့နိုင်ငံသားများဟုသာ ယေဘုယျအားဖြင့် သိမှတ်ကြ မည် ဖြစ်သော်လည်း အသေးစိတ် အားဖြင့်တော့ ဗမာ ၊ တရုပ်၊ ကုလား၊ ဂျပန်၊ မလေး၊ အင်ဒိုနီးရှား၊ စသဖြင့် မခွဲနိုင် ကြပါ။

ဆက်ရန်
.

No comments: