Wednesday, July 7, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၂၃)

အခန်း (၂၃) ဟင်နရစ်

ထိုရက်များအတွင်းမှာပင် အော်ဂတ် စတင်း စိန့်ကလဲယား၏ အမွှာညီအစ်ကိုဖြစ်သော အဲလ်ဖရက် စိန့်ကလဲယားသည် သားဖြစ်သူ ဟင်နရစ်နှင့်အတူ အော်ဂတ်စတင်း စိန့်ကလဲယား၏ နွေရာသီ စခန်းသို့ ရောက်လာခဲ့လေသည်။ သူတို့သည် အော်ဂတ်စတင်းတို့ မိသားစုနှင့် တရက်တန်သည်၊ နှစ်ရက်တန်သည် နေထိုင်ရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
    ဟင်နရစ်သည် အဲလ်ဖရက်၏ သားကြီး ဖြစ်သည်။ မျက်လုံးမည်းနက်သည်။ ရုပ်ရည် ချောမော၍ သွက်လက်ဖြတ်လတ်သော ဟန်ပန် ရှိသည်။ ဤနေရာသို့ ရောက်ခိုက်တွင် ဟင်နရစ် သည် ညီမဖြစ်သူ အီဗာ နှင့် တတွဲတွဲ နေခဲ့လေသည်။ မကြာမီပင် သူတို့သည် မြင်းစီးထွက်ရန် အတွက် စီစဉ်နေ၏။

    ဦးလေးတွမ်သည် အီဗာ၏ မြင်းဖြူကလေးကို ဆွဲခေါ်လာသည်။ အီဗာ၏ မြင်းဖြူကလေး သည် သူ့သခင်မ ကဲ့သို့ပင် သိမ်မွေ့နူးညံ့သော အသွင်ကို ဆောင်၏။ တချိန်တည်းမှာပင် အသားဖြူ သွေးစပ်သော အသက် ဆယ့်သုံးနှစ် အရွယ် နီးဂရိုးကလေးကား ဟင်နရစ်၏ မြင်းထိန်းတည်း။ ဟင်နရစ် ဖခင်သည် သူ့သားအတွက် ထိုမြင်းကို ငွေကြေး အကုန်အကျ ခံကာ နိုင်ငံခြားမှ မှာယူခဲ့ခြင်း ဖြစ် လေသည်။
    ဟန်နရစ်သည် နိုင်ငံခြားမှပင် မှာယူတင်သွင်းခံရသော သူ့မြင်းအတွက် ဂုဏ်ယူဝင့်ကြွား သော အသွင်ကို ဆောင်နေ၏။ သူသည် မြင်းကို ဆွဲယူလာသော လူငယ့်ထံမှ မြင်းဇက်ကြိုးကို လှမ်းယူယင်း မြင်းကို သေသေချာချာ ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

    "ဒါဘာလုပ်တာလဲ ဒိုဒို။ မင်း ငပျင်းဘဲ။ ဒီမနက် ငါ့မြင်းကို မင်းအ၀တ်တွေ ဘာတွေနဲ့ သုတ်မထားပါလား"
    "ကျနော် မနက်ကဘဲ ပြောင်နေအောင် သုတ်ထားတာပါ သခင်လေး။ ခုမှ သူ့ဘာသူ ပေသွားတာပါ"
    "ဟေ့ကောင်၊ မင်း ပါးစပ် ပိတ်ထားစမ်း" ဟင်နရစ်သည် ကြာပွတ်ကို မြှောက်၍ အော်ဟစ် အမိန့်ပေးလိုက်သည်။ "မင်း ဒါဘာစကားပြောတာလဲ"

    လူငယ်မှာ ကိုယ်လုံး ကိုယ်ဖန်အားဖြင့် ဟင်နရစ်ကဲ့သို့ပင် ရှိ၏။ ဟင်နရစ်၏ အော်ဟစ် ကြိမ်းမောင်းသံ ကြောင့် ပါးပြင်မှာ နီသွားသည်။ မျက်လုံးမှာလည်း အရောင်တက်လာ၏။
    "သခင်လေး ဟင်နရစ်" စကားစခါ ရှိသေးသည်။ ဟင်နရစ် ကြာပွတ်သည် ထိုသူငယ်၏ မျက်နှာပြင် ပေါ်သို့ အရှိန်ပြင်းပြင်း ကန့်လန့်ဖြတ် ကျလာသည်။ ဟင်နရစ်သည် ထိုသူငယ်၏ လက်တဖက်ကို ဆွဲပြီး ထိုသူငယ်အား ဒူးတုပ်လျက်သား ထိုင်ကျသွားအောင် တွန်းချလိုက်သည်။ ထို့နောက် ကြာပွတ်ဖြင့် အဆက် မပြတ် ရိုက်ချ လေတော့သည်။

    "ဟင်၊ ခွေးလို အကောင်။ အဲဒါမှတ်ထားကွာ။ ငါ့ကို ပြန်ပြောအုံး၊ သွား မြင်းကို ခုပြန်ယူသွား။ ပြန်ပြီး ဆေးခဲ့ သုတ်ခဲ့"
    ဦးလေးတွမ်သည် သူ့ရှေ့က မြင်နေရသော အခြေအနေကို ကြားဝင်၍
    "ဟုတ်ပါတယ် သခင်လေးရယ်။ သူ မြင်းကို ဆေးကြောသုတ်သင်နေတာ ကျုပ်ကိုယ်တိုင် မြင်ခဲ့ရတာပါ။ ခုလဲ မြင်းကို ဆွဲခေါ်အလာမှာ မြင်းက မြေကြီးမှာ လှိမ့်ပီး လူးပစ် လိုက်လို့ပါ" ပြောလာ၏။
    "တိတ်စမ်း အဖိုးကြီး။ ဒါ ခင်ဗျားအလုပ်မဟုတ်ဖူး"

    ဟင်နရစ်သည် ပြောပြောဆိုဆိုပင် အီဗာရှိရာသို့ လာခဲ့သည် အီဗာသည် မြင်းစီးထွက်ရန် အသင့်ဝတ်စား ပြင်ဆင်ပြီးဖြစ်သည်။
    "ကိုင်း အီဗာရေ။ ဟိုအကောင်အသုံးမကျတာနဲ့ မင်းကို တမင် အစောင့်ခိုင်းသလို ဖြစ်နေပြီကွယ်။ ခဏ ထိုင်ကြ သေးတာပေါ့ကွာ။ ဟင်၊ မျက်နှာကြီးကလဲ မှုန်တေတေနဲ့၊ ဘာဖြစ်နေတာလဲ အီဗာ"
    "ဒိုဒို့ကို ရှင်လုပ်လိုက်တာ မရက်စက်လွန်းဘူးလား"
    "ရက်စက်တယ်၊ ဟုတ်လား။ မင်း ဘာပြော လိုက်တာလဲ ချစ်လှစွာသော အီဗာရာ"
    "ရှင် ဒီလို ရက်ရက်စက်စက်လုပ်ပီးမှ ကျမကို ချစ်လှစွာသော အီဗာတွေ ဘာတွေ မခေါ်ပါနဲ့"
    "အို အီဗာရယ်။ ဒိုဒိုအကြောင်းကို မင်းမသိဘဲနဲ့။ ဒီကောင်က ဘာမဆို ဆင်ခြေနဲ့ ကလိန် ကျချင် တဲ့ ကောင်မျိုး။ ဒီတော့ ဒီကောင်မျိုးကို ဒီလိုဆုံးမမှ။ ပါးစပ်ကို ဟခွင့်မပေးမှ ဖြစ်တာ။ ဖေဖေဆိုရင် ဒီအတိုင်း ဆုံးမ တာဘဲ"

    "ဒါပေမယ့် ဦးလေးတွမ်ကိုယ်တိုင် အခုဟာ မတော်လို့ ဖြစ်တာပါလို့ ပြောနေတဲ့ဥစ္စာ။ ဦးလေးတွမ်ဆို ဘယ်တော့မှ မဟုတ်တာ ပြောတာမဟုတ်ဖူး"
    "မင်း ဒိုဒိုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဒီလောက် ဖြစ်ရတာလဲ အီဗာ"
    "ရှင် ရိုက်တာ ဟုတ်မှမဟုတ်ဖဲကို"

    "ဒိုဒို တို့လို ကောင်တွေက ဒီလိုရိုက်မှ တန်ကာကျတာ။ ကဲပါလေ။ မင်းစိတ်ထဲမျာ အနှောင့် အရှက် ဖြစ်ရတယ်ဆို နောင် မင်းရှေ့မှာ ဘယ်တော့မှ မရိုက်ဘူး"
    သို့တိုင်အောင် အီဗာသည် သူ့မောင်ဝမ်းကွဲကို မကျေနပ်နိုင်သေးပေ။ ခဏအကြာမှာပင် ဒိုဒိုသည် မြင်းကို ဆွဲလျက် ပြန်ရောက်လာသည်။
    "အေး၊ ဒါမှပေါ့ကွ။ ဒီတခါတော့ အဟုတ်ပဲ။ ကဲ ဒိုဒို မင်း အီဗာ့ မြင်းကို ကိုင်ပေးကွာ။ ငါ အီဗာ့ကို မြင်းပေါ် တင်ပေး လိုက်အုံးမယ်"
    ဒိုဒို မျက်နှာမှာ ငိုလာဟန်ရှိလေသည်။ အီဗာသည် မြင်းပေါ်သို့ ရောက်လျှင် ဒိုဒို့ဖက်လှည့်၍ ကျေးဇူးတင် စကား ပြောလိုက်သည်။ ဒိုဒိုသည် အံ့သြသွားသည်။ မျက်လုံးအစုံ ခဏချင်းပင် မျက်ရည်လည်လာသည်။

    "ဟေ့ ဒိုဒို။ ရော့ ပိုက်ဆံ။ မင်းတခုခုဝယ်စားပေါ့"ဟင်နရစ်သည် ဒိုဒိုအား ပိုက်ဆံလှမ်းပေးပြီး အီဗာ့ နောက်က လိုက်ခဲ့သည်။
    ဒိုဒိုသည် သူ့ရှေ့က ထွက်သွားသော လူငယ်နှစ်ယောက်ကို ငေးမောယင်း ကျန်ခဲ့သည်။ တယောက်သည် သူ့အား ပိုက်ဆံပေးသွား၏။ တယောက်ကား သူအမှန်တကယ်လိုလားတောင့်တ ခဲ့သော အကြင်နာ စကားကို ဆိုသွားခဲ့လေသည်။ မှန်သည်။ ဒိုဒိုသည် အကြင်နာစကားကို ပို၍ တောင့်တသည်။ သူသည် မကြာခင်ကမှ မိခင်နှင့် ခွဲခဲ့ရသူ ဖြစ်သည်။ သူ့ကို သူ့သခင်သည် ကျွန်လှောင်ရုံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်၏။ မိခင်၏ အကြင်နာနှင့် ကင်းခဲ့ရသည့် ဖြစ်၍လည်း သူသည် အကြင်နာတရားကို ပို၍ တောင့်တ လာခဲ့ခြင်းဖြစ်လေသည်။

    ထိုသို့သော လူငယ်သုံးယောက်၏ ဖြစ်ရပ်ကို ခပ်လှမ်းလှမ်းဥယျာဉ်တွင်းက ညီအကို နှစ်ယောက်သည် အစမှ စ၍ မြင်ခဲ့ကြရပြီး ဖြစ်သည်။
    အော်ဂတ်စတင်းသည် တူဖြစ်သူ၏ ရက်စက် ကြမ်းတမ်းမှု ကြောင့် ရှက်သွေးဖြာသွားပြီး သူ့ထုံးစံအတိုင်း
    "အင်း၊ ဒါ ကိုယ်တို့နိုင်ငံရဲ့ ပညာရေးပုံစံလို့ခေါ်ရမယ် ထင်ပါရဲ့နော် အဲလ်ဖရက်"သရော် တော်တော် ပြောလိုက် မိသည်။
    "ကိုယ့်သားက ဒေါသထွက်လာရင်တော့ ကြောက်စရာဘဲကွ" အဲလ်ဖရက်က ပေါ့ပေါ့ဆဆ ဖြေ လိုက်သည်။

    "ဒါကိုဘဲ မင်းစိတ်ထဲက အဟုတ်ထင်ချင် ထင်နေမှာ"
    "ဒါတော့လဲ ကိုယ်မတတ်နိုင်ဘူး။ ဒီကောင်က စိတ်ထက်တယ် မဟုတ်လား။ သူ့အမေ ရော ကိုယ်ရော လက်လျှော့ ထားရတာကွ။ အင်းလေ၊ ဒီဒိုဒိုဆိုတဲ့ ငချွတ်ကလဲ တကယ့်တစ္ဆေမှင်စာ ကလေးမောင်။ ဘယ်လောက် ရိုက်ရိုက် ထုံပေပေနဲ့။

    "အင်း ဒါဘဲဟေ့။ ကျောင်းမှာ ဟင်နရစ် သင်ရတဲ့ လူတိုင်းတန်းတူညီမျှ မွေးဖွားခဲ့ကြသည် ဆိုတဲ့ ကဗျာရဲ့ အကျိုးအာနိသင်ဟာ"
    "ဒါက ပြင်သစ်မှာ ပြောခဲ့ကြတာမျိုးပါ။ ပြင်သစ်တော်လှန်ရေးမှာ ဒီလိုဘဲ တန်းတူညီမျှရေး တို့ လွတ်လပ်ရေး တို့ ကြွေးကြော်ခဲ့ကြတာဘဲ။ မင်းစဉ်းစားကြည့်လေ။ ဒီစကားဟာ ခု ကိုယ်တို့ကြား မှာ ဘယ်လောက် တောင် စိတ်နောက်စရာ ဖြစ်နေတယ်ဆိုတာ"

    "အေး၊ ကိုယ်လဲ ထင်သားဘဲ"
    "ဒီမယ် အော်ဂတ်စတင်း၊ ရှင်းရှင်း လေးဘဲ။ ခု အတိုင်းက လူတိုင်းလူတိုင်းဟာ လွတ်လွတ် လပ်လပ် မွေးဖွားလာခဲ့ကြတာ မဟုတ်ဖူး။ ဒီလိုဘဲ တန်းတူညီညီ မွေးလာတာ မဟုတ်ဖူးဆိုတာလဲ ကိုယ်တို့ အထင်းသား မြင်နိုင်တာဘဲ။ သူ့အကြောင်းနဲ့ သူဘဲပေါ့ကွာ။ ဒါ့ကြောင့် ကိုယ့်အဖို့တော့ ဒို့နိုင်ငံက အာဏာရ နိုင်ငံရေး သမားတွေဖြစ်တဲ့ ရီပတ်ဗလစ်ကန်တွေပြောတာဟာ တ၀က်လောက် ကတော့ ဖြီးလုံး ဖြုန်းလုံး ဘဲလို့ ထင်တာဘဲ။ ခုဟာက ပညာတတ်တဲ့လူ၊ ပိုက်ဆံရှိတဲ့လူ ကွက်ကွက် လေးသာ တန်းတူညီမျှ အခွင့် အရေး ရှိသင့်တာ မဟုတ်လား"
    "ဒီလိုဆို တနေ့ကျ ပြင်သစ်မှာလို ဖြစ်မလာနိုင်ဘူးလား အဲလ်ဖရက်"

    "ဒါ့ကြောင့် သူတို့ကို နှိမ်ထား ပြောတာပေါ့။ ကိုယ့်လို ပေါ့ကွာ။ မထနိုင်အောင်ကို နှိမ်ရ မယ်"
    "တနေ့ ဒီလူတွေ ထလာရင်တော့ ဒုက္ခလှလှတွေ့မှာဘဲ"
    "ဖြီ။ ဘယ်လိုလုပ် ထနိုင်ရမလဲကွ။ ဒါ့ကြောင့် ဒီအောက်တန်းစားတွေကို အသိပညာ မပေး ရဘူးလို့ ပြောတာပေါ့"
    "ဒါပေမယ့် ခုဟာက ဒီလူတွေကို တိရစ္ဆာန် အရိုင်းကောင်တွေလိုဖြစ်အောင် ပညာပေးနေ သလို မကျ ဘူးလား အဲလ်ဖရက်။ အဲဒါတနေ့ သူတို့ အပေါ်စီးရရင် ဒို့ ဘာဖြစ်မလဲ"
    "ဒီကောင်တွေ ဘယ်တော့မှ အပေါ်စီး မရပါဘူးကွာ"

    သူတို့သည် စကားတပြောပြောဖြင့် အိမ်ဖက်သို့ ပြန်လာခဲ့ကြ၏။ အမွှာညီအကိုနှစ်ယောက် ဖြစ်စေကာမူ အယူအဆနှစ်ခုမှာမူ မည်သို့မျှ ဆက်စပ် မရလောက်အောင်ပင် ကွဲလွဲ နေပေပြီ။ သို့သော် မည်သူကမျှ ကိုယ့် အယူအဆ ကိုယ်စီကို အလျှော့မပေးပဲ ပြောဆိုယင်း သူတို့သည် ၀ရန်တာသို့ ရောက်လာခဲ့ကြသည်။ ၀ရန်တာ ရှိ ပဆစ်ဝိုင်းတွင် ၀င်ထိုင်မိကြသည်နှင့် သူတို့၏ စကားစသည် ပြတ်သွားသည်။ မကြာမီပင် နှစ်ဦး စလုံး ၏ စိတ်အာရုံသည် ပဆစ်ပွဲတွင် မျောပါ သွား ကြလေတော့သည်။

    အတန်ကြာလျှင်ပင် သူတို့သည် ၀ရန်တာ အောက်ဖက်သို့ ရောက်လာသော မြင်းခွာသံ များကို ကြားကြရလေသည်။
    အော်ဂတ်စတင်းသည် နေရာမှ ထလိုက်သည်။
    "ဟော၊ ခလေးတွေတောင် ပြန်လာကြပြီဘဲ။ ကြည့်စမ်းဟေ့ အဲလ်ဖရက်ရေ။ ဘယ်လောက် ကြည့်ကောင်းလဲ" အော်ဂတ်စတင်းသည် တူဖြစ်သူနှင့် သမီးဖြစ်သူကို ရည်ရွယ်ပြီး ပြောလိုက်၏။
    "အစစ်ပဲ။ ဒါထက် အော်ဂတ်စတင်းရေ၊ အီဗာ့ကြည့်ရတာ နေမကောင်းသလို"

    "ဟုတ်တယ် အဲလ်ဖရက်။ ကိုယ်လဲ စိတ်ကို မဖြောင့်ဘူး" အော်ဂတ်စတင်း၏ အသံသည် တုန်ယင်နေသည်။ ပြောပြောဆိုဆိုပင် အော်ဂတ်စတင်းသည် သမီးရှိရာသို့  လာခဲ့သည်။ သမီးကို မြင်းပေါ်မှ ပွေ့ချီ ချရင်း
    "သမီးလေး အီဗာရယ်။ သမီးလေး သိပ်များ မောလာရော့လားကွယ်" မေးလိုက်သည်။
    "ဘာဖြစ်လို့များ အမြန်ကြီး စီးလာရတာလဲ သမီးရယ်။ သမီး နေကောင်းတာမှ မဟုတ်တာ"
    အော်ဂတ်စတင်းသည် သမီးကို မြင်းပေါ်မှ ပွေ့ချီပြီးနောက် ဧည့်ခန်းသို့ ခေါ်လာကာ ဧည့်ခန်းဆိုဖာ၌ ချပေး လိုက်ပြီး ဟင်နရစ်အား လှမ်း၍
    "ဟင်နရစ်ရေ၊ အီဗာ့ကို ဂရိုစိုက်ဟေ့။ အီဗာနဲ့ မြင်းစီးရင် သိပ်အမြန်ကြီး မစီးနဲ့ကွ" ပြောပြန် သည်။

    "ကျနော်လဲ ဂရုစိုက်ပါတယ် ဦးဦး" ဟင်နရစ်သည် အီဗာ့ဘေးတွင် ၀င်ထိုင်သည်။
    ထို့နောက် လူကြီးနှစ်ယောက်သည် သူတို့ ကစားဝိုင်းဆီသို့ ပြန်လည် ထွက်ခွာ သွားကြ လေသည်။ ဧည့်ခန်းတွင် အီဗာနှင့် ဟင်နရစ်သာလျှင် ကျန်ရစ်ခဲ့၏။
    "ဒီမယ် အီဗာ၊ ဖေဖေကလဲ ဒီမှာ နှစ်ရက်ပဲ နေမယ်တဲ့။ အဲဒါဆို မင်းနဲ့ကိုယ်တို့ မတွေ့ဘဲ အကြာကြီး နေကြရအုန်းမယ်။ ကိုယ်လေ မင်းနဲ့သာ အတူနေနေရရင် ကိုယ်လဲ ကောင်းလာမှာဘဲ။ ဒိုဒို့ ကိုလဲ ကိုယ် ရိုက်ဖြစ်မယ် မဟုတ်တော့ဘူး။ အေးလေ၊ မင်းလဲ အသိသားဘဲ၊ ကိုယ်က စိတ်မြန် တယ် မဟုတ်လား။ ဒါပေမယ့် တကယ်တော့ ကိုယ်မဆိုးပါဘူး။ ဒိုဒို့ကိုဆို ကိုယ် ခဏခဏ ပိုက်ဆံ ပေးတာဘဲ။ အ၀တ်ဆိုလဲ သူ ကောင်းကောင်း ၀တ်နေရတာဘဲ။ အင်း၊ သူလဲ တဖြည်းဖြည်းတော့ အဆင်ပြေလာမှာပေါ့လေ"

    "ဒီမယ် ဟင်နရစ်။ ဟောဒီ ကမ္ဘာကြီးမှာ ရှင့်အဖို့ ရှင့်ကို ချစ်ချင်ခင်ခင်နဲ့ ဂရုတစိုက်ပြုမယ့် လူတယောက် ရှင့်နား မှာ မရှိဘူးဆိုရင် ရှင်နေရထိုင်ရတာ အဆင်ပြေပါ့မလား"
    "ကိုယ်လား။ ဘယ်အဆင်ပြေပါ့မလဲ"
    "ဒီလိုလေ။ ခု ရင် ဒိုဒို့ကို သူ့မိတ်ဆွေတွေနဲ့ခွဲပြီး ခေါ်လာခဲ့တယ်။ ခုဆို သူ့ကို ချစ်ချစ်ခင်ခင် နဲ့ ဂရုတစိုက်လုပ်မယ့်လူရယ်လို့ သူ့အဖို့ မရှိဘူး မဟုတ်လား။ ဒါဘဲ ဟင်နရစ်၊ ဘယ်သူဖြစ်ဖြစ် မေတ္တာတရားရဲ့ အရိပ် ကို မခိုလှုံဘဲ နေနေရရင် ဘယ်နည်းနဲ့မှ ကောင်းနိုင်မှာ မဟုတ်ဖူး"

    "ဒါတော့ ဒါပေါ့။ ဒါပေမယ့် ကိုယ်ဘာတတ်နိုင်မလဲ။ သူ အမေကိုတော့လဲ ကိုယ်တပါတည်း မခေါ်နိုင်ဘူး။ ကိုယ့်အနေကလဲ သူ့ကို မချစ်နိုင်ဘူး။ မခင်နိုင်ဘူးပေါ့"
    "ဘာဖြစ်လို့ မချစ်နိုင်ရတာလဲ ဟင်နရစ်ရယ်"
    "ဘာလဲ အီဗာ။ ဒိုဒို့ကို ချစ်ဖို့ ခင်ဖို့ ပြောနေတာလား။ ဖြစ်ပါ့မလား အီဗာရယ်။ ကိုယ့်အိမ်က အစေခံကို ကိုယ်က ခင်မင်ရမယ်လို့"
    "ကျမတော့ အားလုံကို ချစ်တာခင်တာဘဲ"
    "ဟင်၊ အံ့စရာဘဲ"
    "ကျမတို့ဟာ လူတိုင်းကို မေတ္တာထားရမယ်လို့ သမ္မာကျမ်းစာက ဆိုတယ် မဟုတ်လား"

    "ဒါပေမယ့် ကိုယ့်အစေခံကို ကိုယ်မေတ္တာထားဘို့ဆိုတာကျတော့ ဘယ်သူမှ မစဉ်းစားကြ ပါဘူး အီဗာ ရယ်"
    အီဗာသည် နှုတ်တုံ့မပြန်ပဲ မျက်လုံးကို တူရူသို့ စူးစိုက်ထားနေ၏။ အတန်ကြာမှပင် စကား စကို ဆက်ဖြစ် လေသည်။
    "အင်းလေ၊ ဘာဘဲဖြစ်ဖြစ်ပေါ့။ ရှင် ကျမကို ခင်တယ်ဆိုရင်ပေါ့။ ရှင် ဒိုဒို့ ကိုလဲ ခင်ပါ။ သနားပါ။ မေတ္တာ ထားပါ။
    "ကိုယ် မင်းအတွက်ဆိုရင် ဘယ်သူ့ကိုမဆို မေတ္တာထားနိုင်ပါတယ် အီဗာရယ်"
    "အီဗာ သိပ်ဝမ်းသာတာဘဲ ဟင်နရစ်။ ဒီစကားကို မမေ့နဲ့နော်"

အခန်း (၂၄) ဆက်ရန်.

1 comment:

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင် ဖတ်သွားပြီ.... :)