Wednesday, July 7, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၃)

သို့တပြီးကား အိပ်ရာမှထ၍ ရေချိုးအ ၀တ်လဲပြီး၊ မနက်စာ စားရန် အောက်ဆုံး၏ ဒုတိယ အထပ်ဖြစ် သော စားပွဲခန်းကြီးရှိရာ၊ မက်ဇနီသို့ စက်လှေခါးနှင့် ဆင်းခဲ့သည်။ မြေပြင်နှင့် တညီတည်း ပထမ အထပ်မှာတော့ အဆင်းအတက် အ၀င်အထွက် ရှက်ရှက်ခပ် ရောက်လာသော တည်းခိုသူများနှင့် လျှပ်စစ်လှေခါးပေါက်တွေ စီတန်း နေသမျှမှာလည်း ဖွင့်ချီ ပိတ်ချီ ဆင်းချီ တက်ချီ နှင့် လူတွေခဏခဏ အံချလိုက်၊ ငုံသယ် သွားလိုက် နှင့် မနားရ။

အလယ်ဧည့်ခန်းမတွင် အပြင်မှလာတွေ့သော ဧည့်သည်တွေ တည်းခိုသူ။ လက်ခံရာ အလုပ်ခန်းနှင့် ကောင်တာ ပစ္စည်းထားခန်း၊ အပ်ချုပ်ဌာန၊ ပင်းမင်းဌာန၊ ဆံပင်ညှပ်ဌာန၊ မိန်းမဆံပင် နှင့် အလှပြုပြင်ရာ ဌာန၊ တိုလီမိုလီပစ္စည်းနှင့် စာအုပ်စာတမ်း၊ သတင်းစာဂျာနယ်၊ ၀တ္ထုမဂ္ဂဇင်းရောင်းသောဆိုင်တခုအပြင် လဘက်ရည် ကာဖီနှင့် ဆင်းဒစစ်မုန့်စုံ ကြူလရာကုန် ဆေးဝါးဘယဆေးစုံရောင်းချသော ဆိုင်ခန်းကြီး တခုနှင့် သေသောက်ခန်းမကြီးတခု စသည်များ ရှိလေရာ၊ ဤလိုဟိုဘယ်နှင့်တပါတည်း ပူးတွဲ နေသောဌာနများသည် နိုင်ငံခြားဟိုတယ်ကြီးတိုင်းရှိ ရမြဲသောဓမ္မတာဖြစ်၍ အထူးအဆန်းမဟုတ်ပါ။

သို့ရာတွင် ဟင်နရီဟတ်ဆင်ဟိုတယ်အောက်ထပ်မှာတော့ ရေကူးကန်ကြီးတခုကိုပင် ပြုပြင်ဖန်တီး ထားပါသေးသည်။ (ရီဆပ္ပရှင်း) ပွဲသဘင်ကျင်းပရာ ဧည့်ခန်းကြီးကလည်း ရှိသေးရ တခါတခါ မင်္ဂလာဆောင် နှင့် ကြုံလိုက်လျှင်၊ ရွှေဘိုဂုံဘုရား တပေါင်းပွဲထက်ပင် တိုးခွေ့မသွားရတော့သည်။ မြေအောက် နှစ်ထပ် ရှိသေးရာ ထိုအခန်းတွေမှာတော့ ဟိုတယ်၏ ပစ္စည်းပရိဘောဂများသိုလှောင်ရာ အခန်းများ ဖြစ်ပါသည်။

ထိုကမှ အပေါ်ထပ်ပြန်တက်၍ အပြင်ထွက်ရန် စောင့်ဆိုင်းနေစဉ် ဦးခင်တို့ရောက်လာသဖြင့် ထိုမနက်ခင်း အဘို့မှာ မဟတ္တန့်ကျွန်း ရပ်ကွက်များကို ထက်အောက် စုံဆန်ကာ အကြမ်းပြင်းအားဖြင့် မြို့လုံး ပတ်လည် ကား လျှောက်မောင်းရင်း ပဏာမ ရှုခင်းသဘောနှင့် ကြည့်လိုက် ရပါတော့သည်။

*
မဟတ္တကျွန်း၏ပုံသဏ္ဍာန်မှာ အကြမ်းအားဖြင့် နွားလျှာနှင့်သဏ္ဍာန်တူသည်။ နွားလျှာကဲ့သို့ အောက်ဖျား အနည်းငယ် ချွန်းလျက်အပေါ်သို့ ပြားတက်သွားသောကြောင့် အနံကျဉ်း၍ အလျှားရှည် နေပါသည်။
အရှေ့ နှင့် အနောက် ကျွန်း၏အနံဖြစ်၍တောင်နှင့်မြောက်က ကျွန်း၏ အလျားဖြစ်ရာ၊ ကျွန်းဦးသည် အရှေ့မြစ် နှင့် အနောက်ဘက်မှ ဟတ်ဆင်မြစ်ကို စုပေါင်းဆုံစည်းရာ.... ပင်လယ်ကွေ့ အ၀၌ မေးတင်လျက် ရှိသကဲ့သို့တွေ့ရှိရပါသည်။ မဟတ္တန်ကျွန်းရပ်ကွက်၏ အကျယ် အ၀န်းမှာ အလျား ၁၂.. မိုင်ခွဲ အနံ ၁၅...မိုင်ခွဲရှိ၍ လမ်းများနှင့် ပန်းခြံများမှတပါး နေရာကွက်လပ်မရှိ၊ မြင့်မားသော တိုက်တာ အဆောက်အဦး တို့ဖြင့်သာ ပြည့်လျှမ်းပြွတ်သိပ်ညင်လျက်ရှိပါသည်။

အလယ်ပိုင်းနှင့် အောက်ပိုင်းရပ်ကွက်တို့မှာ အလုပ်တိုက်ကြီးများ၊ ကုန်တိုက်ကြီးများနှင့် တနိုင်ငံလုံး၏ ဗဟိုကုန်စည် ကူးသန်းရေး အချက်အချာ ဌာနကြီးတရပ်ကဲ့သို့ ရှိသဖြင့် လူဦးရေနှင့် အလုပ်တိုက်တို့ ပိုမိုများပြားလွန်း၍မြေပြင်မဆန့်မြေအောက်မဆန့် မြေအောက်မှ အကာကာသအထိ နယ်ချဲ့ကာ များစွာ သော မိုးထိုးအဆောက်အဦးကြီးများနှင့် နေရာယူထားသည် ကိုတွေ့ရှိရပါသည်။
အောက်ပိုင်း မှတပါး ဖြောင့်ဖြူးစွာ အကွက်ရိုက်ချထားသော ရပ်ကွက်များ၊ လမ်းများမှာ ပဆစ်အိမ် ကျားကွက်ကဲ့သို့  ညီညာသပ်ယပ်လျက်ရှိပါသည်။ တောင်နှင့်မြောက်မှာ လမ်းရှည်ကြီးများဖြစ်၍ လမ်း အမှတ် ၁.. မှ လမ်းအမှတ် ၁၂..အထိထားသည်။ ကန့်လန့်ဖြတ်လမ်းများမှာ လမ်းအမှတ်ပေါင်း နှစ်ရာကျော် ပါသည်။

ဤကြားထဲတွင် ဂဏန်းမထိုးဘဲ အမည်တပ်ထားသော လမ်းများကလည်း ကြိုးကြားရှိနေပါသေးသည်။ အမြဲ နေသော လူဦးရေမှာ နှစ်သန်းမျှ ရှိသော်လည်း နေ့အလုပ်ချိန်များတွင် အခြားရပ်ကွက်များမှ လာရောက် အလုပ်ဆင်း ကြသော လူဦးရေမှာလည်း သိန်းပေါင်းများစွာ ရှိပါလိမ့်မည်။
အလုပ်ဆင်း လာသော လူများ၏ ရပ်ကွက်ဆိုသည်မှာ ... နယူးယောက်မြို့ အပါအ၀င်ကွင်းစ်၊ ဘရောင်စ်၊ ဘရုတ်စ် ကလင်... စသော အရပ်များဖြစ်၍ ထိုရပ်ကွက်တို့မှ လူဦးရေနှင့် အကျယ်အ၀န်း မှာလည်း မနည်း လှပါ။

' ကွင်းစ် ' အရပ်တွင်နေ လူဦးရေက တသန်းငါးသိန်းကျော် တရုတ်ကလင်မှ လူဦးရေသုံးသိန်းနီးပါး။ ဘရောင့်စ် အရပ်က တသန်းငါးသိန်းခန့်။ ရစ်ချမွန်းအရပ်က နှစ်သိန်းခန့်ဖြစ်ရာထိုလူဦးရေထဲမှ မဟတ္တန့် ရပ်ကွက် အလုပ်တိုက်များသို့ မြေအောက်မီးရထား၊ မြေပေါ်မီးရထား၊ ကူးတို့သင်္ဘော စသည်များဖြင့်၎င်း၊ ကိုယ်ပိုင်ကား၊ ဘတ်စ်ကားတို့ဖြင့်၎င်း၊ နေ့စဉ် အလုပ်လုပ်ရန် ရောက်လာကြပါ သည်။
သို့ကြောင့် လည်း ရေပတ်လည်ဝိုင်းနေသော မဟတ္တန့်ကျွန်း၏ ပင့်ကူခြေထောက်တွေ ကားနေသည် နှင့်မခြား၊ များပြားလှစွာသောရေပေါ်ပေါင်းကူးတံတားကြီးများတွင်၎င်း၊ ကြွက်တွင်းဝယ်ပေါက်ကဲ့သို့ မြစ်အောက် ပင်လယ် အောက် မှ ဒိုးယိုပေါက်ဖေါက်ထွင်းဆက်သွယ်ထားသော လမ်းကြီးတွေ ရှိသမျှ ပေါ်၌ မော်တော်ကား တွေ ရေအလျှင်စီးသလိုနေ့ည မစဲတသဲသဲစီးဆင်းနေကြခြင်းဖြစ်နေသည်ဟု သဘောပေါက် ရပါ တော့သည်။

ဤမျှလောက်များပြားလှသော လူစုလူသိုက်ကြီးအတွက် ဘယ်အရာမျိုးမဆို လိုလေသေးမရှိ။ နေရာတကာ ၌ အလွယ်တကူပြည့်စုံနိုင်ရန် ဖန်တီးလိုက်သည်ကိုလည်း ကြည့်လိုက်ပါဦးတော့။
လမ်းတိုင်း လမ်းတိုင်းမှာ (တဘလောက်)လမ်းတဖြတ်အတွင်းရှိသမျှ မိုးထိုးတိုက်တာ အဆောက် အဦး တို့၌ အောက်ထပ် ဟူသမျှသည် အမျိုးမျိုးသော ဆိုင်တွေအဖြစ်နှင့်သာ ရှိနေပါသည်။
ဥပမာ... ၅၃...လမ်းနှင့် ၅၄...လမ်းကြားဖြစ်သော လမ်းအတွင်းရှိ အောက်ထပ်ဟူသမျှ ၌ စတိုးဆိုင်၊ အိမ်ဈေး ဆိုင် မျိုး သုံးဆိုင် လောက်ရှိသည်။ ဟင်းသီးဟင်းရွက်၊သားငါး အစိုအခြောက်၊ အကျက်၊ စည်သွတ်ပစ္စည်းစုံ၊ မုန့်မျိုးစုံ၊ နွားနို့၊ ထောပတ်၊ ကြက်ဥ၊ သကြား၊ သစ်သီးစုံမှအစ အိမ်သုံးမီးဖို၊ သုံးစားစရာစုံရနိုင်သော ဆိုင်မျိုးများ ဖြစ်ပါသည်။

ပင်းမင်းဆိုင်...၁။ ကိတ်မုန့်စုံဆိုင်...၁။ မျက်မှန်ဆိုင်...၁၊ ဓါတ်ပုံဆိုင်...၁၊ ဆံပင်ညှပ်ဆိုင်အနည်းဆုံး...၁။ မိန်းမ အလှပြင်ဆိုင်...၁။ ပန်းစိုးဆိုင်...၁။ အင်္ကျီချုပ်ဆိုင်...၁။ ဘိနပ်ချုပ်ဆိုင်...၁။ဆေးဆိုင်...၁။ မိန်းမ ဘော်လီ ဘရာစီယာ နှင့် နိုင်လွန်ခြေအိတ်ဆိုင်...၁။ယောက်ကျားနှင့်ဘိနပ်ဆိုင်...၁၊ စာအုပ်...၂။ သေတင်းကုတ်...၂။ ထမင်းဆိုင်... ၂။ဆေးစုံကြူလယာကုန်။ စားဘွယ်သောက်ဘွယ်စုံရောင်းသောဆိုင်...၂..ဆိုင် စသည်တို့ကား လမ်းရှိ လေသမျှ တိုင်း မရှိမဖြစ် သောဆိုင်များဖြစ်ကြပါသည်။

ဤအထဲတွင် နေရာကောင်းကောင်းမှန်သမျှ၏ လမ်းဒေါင့်တိုင်းမှာ ၀ှီလင်၏ ဘယဆေး စုံဆိုင်ကြီး တွေကသာနေရာယူထားကြပါသည်။ ဘယ်လမ်းဒေါင့်မှာဘဲကြည့်ကြည့် ၀ှီလင်၏ ဆိုင်းဘုတ်များကိုသာ သွားပဲ့ ကလေးတွေ နှင့် ပြုံးပြနေကြသလိုတွေ့မြင်ရပါတော့သည်။

' မိုဘီအ၀ိုင်း ' ဆိုင်းဘုတ်နှင့် ' ကိုကာကိုလာ 'ဆိုင်းဘုတ်ကို နေရာတကာ မျက်စေ့ရှုပ်အောင် တွေ့ ရသည်ကား... ဆိုင်းဘုတ်မျှသာဖြစ်၍ တတ်နိုင်မည်ဆိုက အံ့သြစရာမဟုတ်ပါ။ ၀ှီလင်ကတော့ နေရာ ကောင်းကောင်း ဒေါင့်ခန်း တွေဟူသမျှကို ၀ယ်ယူငှားရမ်းရမည့် တာဝန်ကား... နယုးယောက် လိုမြို့ကြီး မှာ ငွေရင်း သေးလှမည် မဟုတ်ကြောင်း သိရှိနိုင်ပါသည်။

ယင်းသို့ အကြမ်းအားဖြင့် လှည့်လည်ကြည့်ရှုရင်း... နယူးယောက်မြို့ရှိ မြောက်များလှစွာသော လူထုထက် စားသုံး ရောင်းချသော စားသောက်ဘွယ်ကုန်ဆိုင်နှင့် လိုအပ်သော ဆိုင်များက တဆထက် ကဲ စိုးမိုး သိမ်းဖြန်း ဖုံးလွှမ်းအုပ်ဆိုင်းလျက်ရှိနေသည်ကို တွေ့မြင်ရသဖြင့်လည်း အစာရေစာ ပြည့်ဝသော နိုင်ငံတခု ဟု ကမ္ဘက အသိအမှတ်ပြုရသည်ကို သတိရမိပါသည်။
နေ့လည်စာ စားချိန်ရောက်သောအခါတွင် နယူးယောက်လူထုနည်းအတိုင်း စားစရာဆိုင်ဟူသမျှသဲသဲ ရုတ်ရုတ် ရောက်လာသော နေ့လယ်စာစားလူအပေါင်းနှင့် သောင်းဖြောင်း ရောညာကာ၊ ကြုံရာတခုသော ဟော်တယ်ဆိုင် မှာ နေ့လယ်စာ ၀င်စားလိုက်ကြပါ သည်။

ထိုကမှသည် ရေဒီယိုစီတီး မြူးဇစ်ဟောလ်သို့ အိုင်ဗင်ဟိုဇာတ်ကားကို ကြည့်ရှုရန်သွားကြရာ ပထမ စပြသော အပတ်ဖြစ်သောကြောင့် တကြောင်း၊ လူကြိုက်များသော နာမည်ကျော် ဇာတ်ကားဖြစ်သော ကြောင့် တကြောင်း၊ လူတွေ ပရွက်ဆိတ် တန်းစီ 'ကြူ'နေကြသည်ကိုတွေ့ရပါသည်။

ဤအထဲမှာ ကားရပ်ထားခဲ့စရာ နေရာ 'ပါကင်' ရှာရသည်ကအမော၊ ရုပ်ရှင်ရုံကြီးနှင့် နီးနီးနားနား နေရာ မှန်သမျှ၊ ကားအပ်စရာ ပါကင်မရှိ၊ အားလုံး ပြည့်ကြပ်နေလေပြီ။ နယူးယောက်မြို့လယ်ခေါင် မှာ ကားအပ်ခ တနာရီ လျှင် တဒေါ်လာ၊ ဗမာငွေ ၅ိ ပေးရသည်။ ဒါတောင်မှ အပ်လိုသောကားတွေ များပြားပြည့်လျှံနေ၍ တခါ အပ်လျှင် တနာရီသာ လက်ခံသည်။ ရုပ်ရှင်က တနာရီနှင့် မပြီးပေ။ ပိုက်ဆံပေးတိုင်း အချိန်ပို လက်မခံပါ။

သို့ကြောင့် အတော်ဝေးဝေး ၃-၄လမ်းခြားသော နေရာတခုရှိ ပါကင်ကို သွားတွေ့ရာ ကံအားလျော်စွာ အပ်ထားသော ကားတစင်းထုတ်သွားစဉ် ရောက်သွး၍ တစီးစာ ချက်ခြင်းနေရာရပါ သည်။ ဤ ပါကင်ကတော့ ပထမတနာရီမှာ တဒေါ်လာ၊ နောက်တနာရီမှာ ဆင့် ၅၀-ဒေါ်လာဝက်ဖြစ်ပါသည်။ ဘယ်လောက်ဘဲ ဖြစ်ဖြစ် ကားထားရပြီးရောဟု သဘောပိုက်ခါ ကား အပ်ခဲ့ပြီး ရုပ်ရှင်ရုံကို ပလက်ခေါင်းမှ ခြေလျင်လျှောက် ကြရပါသည်။

ဗမာပြည်မှာလို ရုပ်ရှင်ရုံရှေ့ မျက်နှာချင်းဆိုင်မှာ ကားထိုးရပ်ထားခဲ့ရသော ဖရီးပါကင်များမရှိပါ။ လမ်းပေါ်မှာ ရပ်စရာနေရာလည်းမရှိ၊ ရပ်ခွင့်လည်းမပြု၊ ကိုယ်ပိုင်ကားရှိပေမင့် ပါကင်၊ အဆင့်သင့် တွေ့မှဖြင့် ခွေးနေရာမရ ဆိုသော စကားလို ကားနေရာလည်း မရနိုင်တော့သော ဒုက္ခကိုကားများလှသော နယူးယောက် မြို့က ကားပိုင်ရှင်များ ဝေပုံကျခံစားနေကြရပါသည်။

နာမည်ကျော် ရေဒီယိုစီတီးရုံတော်ကြီးသို့ကား ရောက်ပါပြီ။ ကြီးလည်းကြီး ကျယ်လည်းကျယ်ပုံရပါ ၏။ အထဲ မရောက်ခင် အပြင်ကနေမြင်ရသည်တွင်ဘဲ ရင်ထဲမှာ ဟယ်ကနဲ ဖြစ်သွားလောက်အောင် ခန့်ညားလှပါ၏။ လက်မှတ်ဝယ် ရန် ရုံဘေးပလက်ခေါင်းမှာ နှစ်ပါးသွားတန်းစီ နေကြသော 'ကြူလူထု' ကြီးကပင် လင်းမြွေကြီး လမ်းဘေးမှာ စင်းနေသည့်နှယ်၊ ကံကောင်းသဖြင့် စာရေးသူတို့ မှာ လင်းမြွေကြီး၏ ဇက်ပိုးပိုင်း လောက်မှာ ရောက်နေပါသည်။

ဒါတခုတော့ သူတို့ဆီမှာ မျက်နှာကြီးငယ်မလိုက်၊ သူဌေးသော ခွေးသောမရွေး၊ ညီတူညီမျှ စည်းကမ်းတကျ 'ကြူ' ကြပါသည်။ လက်မှတ်ဝယ် ကြူကိစ္စပြီးစီး၍ ရုံထဲသို့ကားရောက်ခဲ့လေပြီ။ ရုံထဲ ဆိုလို့ ထိုင်ခုံရှိရာကို ရောက်လာပြီ ဟု မထင်မှတ်ပါလေနှင့်ဦး။ ၀ယ်ခဲ့သော လက်မှတ်ပေးပြီး ၀င်လာ ရသော အပေါက်၏ အတွင်းဘက် အခန်းကျယ်ကြီးတခုသာဖြစ်ပါသေးသည်။

ရုပ်ရှင်ကြည့်ရန်နေရာ မဟုတ်သေးပါ၊ အဲဒီ အခန်းကြီးထဲမှာ ခေတ္တရပ်နား၍ အတွင်းရှိ ကုလားထိုင် နေရာကို တန်းစီပြီး စောင့်ကြရသည်။ စောင့်ရသည်မှာ အမှန်မရှိ။ ကြာတဲ့အခါလည်း ကြာတတ် သည်။ မြန်တဲ့ အခါလည်း မြန်တတ်သည်။ မြန်မြန်လက်မှတ်ဝယ်လိုလျှင် မြန်မြန်ကုလားထိုင်ရလို လျှင် အများကြည့် သော အချိန်ထက် စော၍ ဂွကျကျ အချိန်မျိုးရွေးသွားလျှင်တော့ ဟန်ကျ တတ်ပါ သည်။
စာရေးသူတို့ လူသိုက်ကတော့ အမေရိကန်မှာ လူရေလည်နေပြီဖြစ်သော ဦးခင်၏ အခါပေးချက်အရ ဂွကျကျခပ်စောစော အချိန်ဖြစ်သဖြင့် စောင့်ရတာကြာပါပေါ့ မဖြစ်လှပါ။ ဒါပေမဲ့ ဇာတ်ကားကြည့် ရတာ ပေါ့ဆဆ အနိုင်သား၊ ဇာတ်ထုတ်တ၀က်လောက်ကနေ ကြည့်ရတာကိုး။ သူတို့ ဆီက ဇာတ်ကားများကို ရင်ဆိုင်ခြင်း မရှိ။ နေ့ပွဲ၊ ညပွဲ၊ ညနေပွဲမခွဲ။ မနား။ ဇာတ်ကားကို အစက နေအဆုံး ပြန်ပြန်ပြီး သွက်သွက် လက်လက် ဆက်တိုက်ကြီး ပြလေ့ရှိသည်။ အပြင် ပြန်မထွက်ချင် တနေ့ လုံးသာ ထိုင်ကြည့်၊ ပိုက်ဆံ ထပ် မပေးရ တော့ပါ။

အဆိုပါ ၀င်လျှင် ၀င်ချင်းတွေ့ရသော အခန်းကျယ်ကြီးတခုလုံးက အိစက်ညက်ညောသော မွေးနု ကောဇော ကြီးများ ခန်းလုံးပြည့်ခင်းလျက် ၀ဲယာနှစ်ဘက် ဂဏန်းလက်မကွေးသဏ္ဍာန် အပေါ်ထပ် တက်သွားသော လှေခါးကြီး နှစ်စင်းမှာလည်း ဘိနပ်ခွာသံ တချက်မျှ မကြားနိုင်ရန် ရာဘာနှင့် မေးနုကော်ဇောကို နှစ်ထပ် ကွမ်းရော၍ ခံခင်းထားပါသည်။ အလွန်မြင့်လှသော အမိုးနှင့် နံရံမြင့်များ မှာတော့ သုခုမမြောက် ပန်းချီလက်ရာများ၊ ခရစ်ယာန်ဗုဒ္ဓ၀င်ရုပ်ပုံများ၊ တအံ့တသြ ရေးချယ်လျက် တလက်လက် ၀င်းပြောင်သော ရွှေဆေးရောင် များကလည်း မွမ်းမံထားပါသေး၏။

မီးပုံးကြီး မီးလုံးကြီးတွေ ဆွဲဆငိလျှက် ပေရှစ်ဆယ်မကသာအမြင့်မှ ရှည်လျားစွာ ကျဆင်းလာတဲ့ ကတ္တီပါ ခန်းဆီး လှကြီး များကို မှန်နံရံကြီးများနှင့်ယှဉ်၍ တပ်ဆင်ထားသေးသည်။ ဂဏန်းလက်မကို အပေါ် တက်သော လှေခါးကြီးအောက်မှနေ ဆင်းသွားလျှင် အောက်ထပ် အနိမ့်ပိုင်းကိုရောက်ရှိရန် ၎င်းနှင့် အလားတူ ခင်းကျင်း ထားသော လှေခါးကြီးနှစ်သွယ်ရှိသေးသည်။

၎င်းကနေ၍ ဆင်းသွားပါက အပေါ်ထပ်ကဲ့သို့ ကော်ဇောပြည့်ခင်းထားသော အခန်းကျယ်ကြီး တခုကို တွေ့နိုင်သည်။ ထိုဌာနကား မိန်းမများဘို့ တဘက်၊ အနားယူရန် ဆေးလိပ်သောက်ရန်၊ အလှပြင်ရန်၊ ရေအိမ် ၀င်ရန်၊ ဆိုဒါလင်မနစ်၊ ရေခဲမုန့်၊ချောကလက်၊ပေါက်ပေါက်လှော်၊ အာလူး ကြော်၊ မြေပဲကြော်၊ သစ်အယ်သီး ကြော် စသည်တို့ကိုစားရန် 'လူရောင်း' ' စက်ရောင်း' ဆိုင်ရာထိုင်ခုံ ဆိုဖာများနှင့် အပျင်းပြေ ပြနေသော ရုပ်မြင်သံကြား တယ်လီဗေးရှင်းစက်ကြီးတခုကလည်း အညီးပြေ အသုံးတော် ခံလျက် နေလိုက် ပါသေး သည်။

*
' လူရောင်းစက်ရောင်း ' ဆိုသော စကားကို အနည်းငယ်ရှင်းပြရန် လိုလိမ့်မည်ဟုထင်ပါသည်။ နယူးယောက်မြို့ မှအစ အမေရိကန်ပြည်ရှိ အနယ်နယ် အမြို့မြို့တို့မှာ လူထုနှင့် အမြဲတွေ့ဆုံဆက် သွယ်ရာ အရပ်များ ဖြစ်သော ဆိုင်ကြီး ဆိုင်ငယ်များ၊ သင်္ဘောဆိပ်၊ ဘူတာရုံ၊ ရုပ်ရှင်ရုံ၊ဘောလုံးပွဲ၊ မြင်းပွဲ၊ ပြတိုက်၊ ပန်းခြံ၊ တိရစ္စာန်ရုံ ၊ရေချိုးဆိပ် စသော နေရာမှန်သမျှ၌ လူကိုယ်တိုင် ရောင်းသေ စားသောက် ဖွယ်ရာ ဆိုင်များ အပြင် စက်ယန္တယားဖြင့် ရောင်းသောဆိုင်တွေအများအပြားရှိပါသည်။

၎င်းစက်ယန္တရားဆိုင်ဆိုသည်မှာ စီးကရက်ဆိုင်၊ ချွင်းလန်းချော့ကလက်၊ သကြားလုံးဆိုင်၊ ပဲလှော် အမျုးမျိုးဆိုင်၊ ကိုကာကိုလာ၊ လိမ္မော်ရည်၊ သဗျစ်ရည်စသောဆိုင်၊ စာတိုက်ခေါင်းရောင်းသောဆိုင်၊ ဘိနပ်ဆိုင် စသည်တို့ ဖြစ်ပါသည်။

စာရေးသူတို့ ဗမာပြည်တွင် စစ်မဖြစ်မှီအခါက ဈေးသစ်ကြီးနှင့် အင်္ဂလိပ်ရုပ်ရှင်ရုံ ဘူတာရုံကြီးများ ရှေ့၌ ထားရှိသော ကိုယ်အလေးချိန် စက်၏ သဘောကဲ့သို့ စက်ပေါ်လူရပ်အပေါက်ထဲ ပဲစေ့တစေ့ ထည့်လိုက်လျှင် ချောက်ခနဲကျသွားပြီး အထဲမှ ပြုပြင်ထားသော စက်ယန္တရား ချိန်သီးနှင့် ပဲစေ့ ထိ ခိုက်ခါ၊ လူကိုယ်၏ အလေးချိန်ဘယ်နှစ်စတုံရှိသည်ဆိုသော အမှတ်အသားပါရှိသည့် ကပ်ပြားကလေးတခု အပေါက်ထဲ မှ လျှောကျလာခြင်းနှင့် အလားတူဖြစ်ပါသည်။

ဥပမာ-စီးကရက်ရောင်းသောစက်ဆိုလျှင် လူတရပ်စာမျှ ရှိနံရံကပ်သံဘီရိုကလေးတွင် လပ်ကီးစထရိုက် ကယ်မဲလ် စသောအမေရိကန်ဖြစ် အလိပ် ၅၀-၀င်စီးကရက်ဘူး အမျုးပေါင်း ၆-မျိုး၊ ၇-မျိုးကို တန်းစီ၍ပြသထားသည်။ ၎င်းအောက်တွင် အပေါက်ငယ်တခုစီရှိသည်။

ပိုက်ဆံထည့်ရန် အပေါက်မှာ 'ကွာတား' စေ့ ၂၅-ဆင့်တန် အမေရိကန်မတ်စေ့ တစေ့ဆန့်သော အပေါက်ဖြစ်သည်။ လက်ကီစထရိုက် စီးကရက်ဝယ်လိုလျှင် လက်ကီစထရိုက် အမည်ရှိ စီးကရက် ဘူး အောက်မှ အပေါက်ထဲကို ကွာတားစေ့တစေ့ ထည့်လိုက်ပါက အောက်ထပ်ရှိ ခွက်သဖွယ် ထုတ်ထားသော သံပြားကော့ ထဲသို့ လိုရာစီးကရက်တဘူးလျှောကနဲ ကျလာပြီး စီးကရက်ဘူးနှင့် မရှေးမနှောင်းမှာပင် စက္ကူကပ်ဖြင့်သာစီမံထားသော မီးချစ်ပြားကလေးတခုက အဆစ်ထည့်သလို လျှောကနဲ ကျလာ ပါ သေးသည်။

သူတို့ဆီမှာ ဆေးလိပ်ဝယ်လျှင် မီးချစ်က အမြဲအဆစ်ရပါသည်။ မီးချစ်ဘိုးပိုက်ဆံမကုန်တော့ပါ။ စာတိုက်ခေါင်း ရောင်းသော စက်ကလေးကတော့ ရေဒီယိုအငယ်စားကလေးလောက်သာရှိပါသည်။ သူ ကလည်း ၅-ဆင့်တန်၊ ၁၀-ဆင့်တန် ၂၅-ဆင့်တန် စသည်ဖြင့် လိုရာအပေါက်ကို ပိုက်ဆံတန်ဘိုး ထည့်ပြီး ခလုပ်ဆွဲ နှိပ်လိုက်ပါက ဖရောင်းစက္ကူနှင့် ပတ်ထားသော တံဆိပ်ခေါင်းကလေးများ အလွယ်တကူ ထွက်လာ ပါတော့ သည်။

ပဲလှော် ရောင်းစက်ကလည်း ၅-ဆင့်ပေါက်မှ ထည့်လိုက်လျှင် ချက်ချင်းပြည့်အောင် ပဲလှော်စေ့ကလေးတွေ ကျလာ ပါသည်။ ပိုလိုချင်၍လည်း မရပါ၊ သူ့ဟာနှင့်သူ အံကျချိန်ပြီးသားဖြစ် ပါသည်။ တော်ဖီချွန်းဂန်း စသည်ကလည်း အမည်ပြထားသော လိုရာအပေါက်ကို ပိုက်ဆံထည့်လိုက် လျှင် ကျလာပါသည်။ ကရင်ဆိုဒါ ကိုကာကိုလာ စသော ဆိုင်ကလည်း အပေါက်ထဲသို့ တန်ဘိုးပိုက်ဆံထည့်လိုလျှင် ရေခဲစိမ်ပြီးသား ပုလင်း တလုံး ထွက်လာသည်။

အပြင်မှဘူးဖွင့်ရန် ခလုပ်ပေါက်ထဲထည့်လိုက်က လွယ်ကူစွာပင် ပွင့်ထွက်ကာ ပုလင်းကို ပါးစပ်မှ တပ်၍ မော့သောက်ရုံ  ပါဘဲ။
အဲဒီလို ပုလင်းလိုက်မမော့လိုဘဲ စက္ကူခွက်နဲ့ သောက်လိုလျှင်လည်း လိမ္မော်ရည်၊ သဗျစ်ရည်၊ လိုင်းမကြူး စသဖြင့်နဲ့ အမည်လေးငါးမျိုး တပ်ထားသော အပေါက်အောက်မှ ကြိုက်ရာတန်ဘိုးပိုက် ဆံထည့်လိုက်လျှင် ပထမ စက္ကူရေခွက်ကလေးတခုထွက်လာပြီး ဆိုင်ရာအရည်တခုခုက သူ့နေရာက နေပြီး ခွက်ထဲသို့ ကျလာသည်။

ခွက်ပြည့်လျှင် ရပ်သွားသည်။ ဘယ်တော့ မှလျှံ ကျလာလိမ့်မည်မဟုတ်ပါ။ ယင်းသည့်နည်းများအတိုင်း စက်ယန္တရား ဈေးရောင်းဆိုင် အမျိုးမျုးတို့ အား သူ့ဆိုင်ရာက အလှည့်ကျ ပိုက်ဆံလိုက် သိမ်း၍ ရောင်းကုန်ပစ္စည်းနှင့် ရောင်းရသော ပိုက်ဆံများ ကို လူသွားလူလာဆိတ်ကွယ်ရာမှာပင် လူဆိုးလူညစ်တို့ ရွှေ့ယူခိုးဝှက်သွားရန် မလွယ်ကူလှပါ။ သူတို့ဆီက ပုလိပ်များမှာ တာဝန်သိအကွက်စိလှသည်။ လူတွေ ကလည်း ဤလို စုတ်စုတ်ပဲ့ပဲ့ မျိုး လုပ်ရမှာကို ကလေးသူငယ်ကအစ ရှက်ကြောက်တတ်ကြသည်။ စည်းစောင့်ကြသည်၊ ခိုးမှုတိုက်မှု သတ်ဖြတ်မှုတွေ မရှိမဟုတ်ပါ။ သူ့ဟာနှင့်သူရှိကြသည်ချည်းပင်။

ငါတို့ ဗုဒ္ဓဘာသာ ကိုးကွယ်သည်ဆိုသော ဗမာပြည်မှာတေ့ ကုသိုလ်ရေးကြောင့် လှူဆောက်ထား သော ရေအိုးစင် က သတ္ထုခွက်ကလေးများကို သံကြိုးနှင့်သာချည်ထားဒါတောင်မှ ဘုံးတတ်ကြပါ ကလားဟု စိတ်ထဲ က ရှက်သွားမိပါသေးသည်။

သို့နှင့် ရေဒီယိုစီးတီးဟောလ်၏ ဧည့်ခန်းဝမှတဆင့် ထိုင်ခုံများရှိရာ ရုံမကြီးအတွင်းသို့ ရောက်ရှိပါပြီ။ အတန်းမခွဲ၊ ရှေ့နောက်ဦးရာထိုင်နိုင်သည်။ ခြေသံမကြားအောင် ခင်းထားသောရာဘာခံ မွှေးနု ကော်ဇော နှင့် အေးသောအခါ အနွေးဓာတ်ပေး၍ ပူသောအခါ အဲယားကွန်းတတ်ရှင်းခေါ် အအေး ဓာတ်ပေးပါသည့် ပွဲကြည့် ပရိသတ် လူပေါင်းခြောက်ထောင်ကျော်အတွက် ကုလားထိုင်မှာ ကတ္တီပါ အုပ်ဆိုဖာအခင်းအမှီနှင့် ရုံကြီး တခုလုံး၏ အပြင်ဆင် အခမ်းအနားတို့မှာ ကမ္ဘာကျော်သည်ဆိုသော အင်္ဂါရပ်နှင့် ညီညွတ်စွာ ရွှေရောင်ချယ် နှင့် ပေါင်းကူး လိုဏ်ဂူကြီးသဖွယ် ဟိန်းနေအောင် မွမ်းမံ ပြင် ဆင်ထားသည် ကို တွေ့ရ ပါသည်။

ဆက်ရန်
.

No comments: