အခန်း (၂၀) တော့ပဆီ
တနံနက်တွင် အော်ဖီလီယာသည် ထုံးစံအတိုင်း အလုပ်များနေ၏။ ထိုအခိုက် လှေကားဆီမှ လှမ်း၍ ခေါ် လိုက်သော စိန့်ကလဲယား၏ အသံကို ကြားရလေသည်။
"မမရေ။ ခဏ ဆင်းခဲ့ပါအုံးဗျ။ အဆန်းပြစရာရှိလို့"
"ဘာလဲဟေ့" အော်ဖီလီယာသည် လက်တွင် ချုပ်လက်စအ၀တ်ကို ကိုင်လျက် ဆင်းခဲ့ သည်။
"ဟောဒီမှာ ကျနော် မမဖို့ ၀ယ်လာတာ" စိန့်ကလဲယားကို လက်တွင် ရှစ်နှစ်ကိုးနှစ်ရွယ် နီးဂရိုး မကလေးကို ဆွဲထားသည်။
သူမငယ်ကလေးသည် နီးဂရိုးတွေထဲတွင် အသားအမည်းဆုံးကလေး ဖြစ်သည်။ သူ့မျက်လုံးအစုံသည် ဖန်ဂေါ်လီလုံး ကလေးများကဲ့သို့ တောက်ပြောင်နေ၏။ ထိုမျက်လုံးအစုံသည် အငြိမ်မနေ။ အိမ်ခန်းတွင်းရှိ အရာဝတ္ထု တိုင်းဆီသို့ ဖြတ်ကနဲ ဖြတ်ကနဲ ရောက်သွားနေ၏။ သခင် သစ်၏ ဧည့်ခန်းတွင်းက ပစ္စည်းတွေနှင့် ဧည့်ခန်း သည် သူ့အဖို့ အဆန်းတကြယ် ဖြစ်နေပုံရသည် ပါးစပ်အဟသားနှင့် အံ့သြနေ၏။
"ဒါ ဘာလုပ်တာလဲ အော်ဂတ်စတင်း"
"မမ ပုံသွန်းပေးဘို့လေ။ ဒီတယောက်ကို မမ စိတ်တိုင်းကျ သွန်သင်ရတာပေါ့။ ဒီကောင်မလေးက ရယ်လဲ ရယ်ရတယ်။ မမရဲ့။ ပြောပြောဆိုဆိုပင် အော့ဂတ်စတင်း စိန့်ကလဲယားသည် လှမ်းခေါ်သလို လေချွန် လိုက်ပြီး "ဟေး တော့ပဆီ သီချင်းဆိုပြီး ကပြစမ်းပါကွ"
သူငယ်မကလေးသည် သူ့သခင်ခိုင်းသည့်အတိုင်း သီဆိုကခုန်ပြသည်။ အော်ဖီလီယာ သည် မသက်မသာ ဖြစ်နေ၏။
"ကဲဟေ့ တော့ပဆီ၊ ဟောဒါ မင်းရဲ့သခင်မ အသစ်ပွဲကွ။ ငါ မင်းကို သူ့လက်ထဲ အပ်လိုက် ပြီ။ ကြည့်နေ ပေါ့ကွာ"
"ဟုတ်ကဲ့ သခင်" ဟန်နှင့်ပန်နှင့် ပြောလိုက်စေကာမူ သူ့မျက်လုံးအစုံသည် ကောက်ကျစ် စဉ်းလဲသော အသွင် ကို ဆောင်နေ၏။
"ဒီမှာ နင် လူကောင်းတယောက် ဖြစ်လာမှာဘဲ။ နားလည်ရဲ့လား တော့ပဆီ"
"ကောင်ပါဘီ သခင်" လက်ကို ပိုက်ထား၏။ မျက်လုံးတချက် ကစားသည်။
"မင်း ဘယ်လိုလုပ်လာတာလဲ အော့ဂတ်စတင်း။ တအိမ်လုံး လူတွေနဲ့ ခြေချင်းလိမ်နေ သလောက် ဘာမှ အလုပ်မတွင် ရတဲ့အထဲ။ မင်း ဒီတယောက်ကို ခေါ်လာပြန်တာဘဲပေါ့လေ"
"ကျနော် ပြောသားဘဲ မမရယ်။ မမပညာပေးဘို့ပါဆိုနေ။ မမက ပညာပေးစကား သိပ်ပြော တာ မဟုတ်လား။ ဒါ့ကြောင့် မမ စိတ်တိုင်းကျ ပညာပေး သွန်သင်နိုင်ရအောင် ကျနော် ခေါ်လာ တာလေ"
"ငါမလိုချင်ဘူး ငါ့မောင်။ ငါ့မှာရှိတဲ့ဟာတွေနဲ့ကိုဘဲ လက်မလည်နိုင်ရတဲ့ ကြားထဲမှာ"
"ဒီမယ် မမ။ ကျနော် ဒီကောင်မကလေး ၀ယ်လာရတဲ့အကြောင်းကိုလဲ မေးအုံးမှပေါ့ မမရဲ့။ ဖြစ်ပုံက ဒီလိုလေ။ နေ့စဉ် ကျနော် ဖြတ်သွားလေ့ရှိတဲ့ လမ်းတလမ်း စုတ်စုတ်ပြတ်ပြတ် စားသောက်ဆိုင်ကလေးတခု ရှိတယ်ဗျာ။ အဲဒီမှာ လင်ရော မယားရော အမြဲမူးနေတဲ့ လင်မယား နှစ်ယောက် ရှိတယ်။ ကျနော် သူတို့ ဆိုင်ရှေ့ က ဖြတ်သွားတိုင်း ဒီကောင်မကလေး အရိုက်ခံရတဲ့ အသံ၊ ဒီကောင်မကလေး သံကုန်အော်နေတဲ့ အသံကို ကြားရတယ်။ နေ့တိုင်းဘဲ။ ကြာတော့ စိတ် မကောင်းဘူး။ ဒါ့ကြောင့် ကျနော် ဒီကောင်မလေးကို ဟို လင်မယား ဆီက ၀င်ဝယ် ဖြစ်တော့တယ်။ ဒါဘဲ။ ဒီတော့ မမတို့ နယူးအင်္ဂလန်နည်းနဲ့ ကောင်မလေးကို သွန်သင် စမ်းပါလေ။ ကောင်မလေး ဘာဖြစ်မလဲ ကြည့်ရအောင်"
"ကောင်းပြီလေ။ ငါတတ်နိုင်သလောက် သင်ပြပေးရသေးတာပေါ့"
ထို့နောက် အော်ဖီလီယာသည် ညစ်ညစ်ပတ်ပတ် ပေပေရေရေ စုတ်စုတ်ပြတ်ပြတ် ၀တ်ထားရသော တော့ပဆီ့ ကို ရေမိုးချိုး အ၀တ်အစားလဲပေးရန် ခေါ်လာခဲ့သည်။ ပထမတွင် အော်ဖီလီယာသည် တော့ပဆီ ကို မီးဖိုခန်းထဲသို့ ခေါ်လာခဲ့သည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ တော့ပဆီ"
"ဟင့်အင်။ သိဘူး သခင်မ" သွားကို တင်းတင်းစေ့ထားလျက်က ဖြေသည်။
"ဟေ၊ မင်း ဘယ်နှစ်နှစ်ရှိပြီဆိုတာ မင်း မသိဘူးလား။ မင်းကို ဘယ်သူကမှ မပြောဘူး လား။ မင်းအမေက ဘယ်သူလဲ"
"အမေမှ မရှိခဲ့ဘူးတာ"
"ဘာကွယ့်။ အမေ မရှိဘူး ဟုတ်လား။ မင်း ဘယ်လိုပြောတာလဲ။ မင်း ဘယ်မှာ မွေးသလဲ မသိဘူးလား"
"ဘယ်တုန်းကမှ မမွေးခဲ့ဘူး"
"ဟေ့။ မင်း ဘယ်လိုဖြေတာလဲ။ မင်းငါ့ကို နောက်စရာ မှတ်နေသလား။ ပြောစမ်း။ မင်းဘယ်မှာ မွေးခဲ့ သလဲ။ မင်းအဖေနဲ့ မင်းအမေက ဘာတွေလဲ"
"တကယ်ပါ။ ဘယ်တုန်းကမ မမွေးဘူး။ အဖေလဲ မရှိဘူး။ အမေလဲ မရှိဘူး။ ဘာမှ မရှိဘူး။ ကျမကို ဒေါ်ဒေါ်ကြီးဆူးက ကျွေးမွေးလာတယ်လို့ သိရတာဘဲ"
ထိုအခါ အနားတွင် ရှိနေသော ဂျိန်းက ကြားဝင်၍ ရယ်ရယ်မောမော "ဟုတ်ပါတယ် သခင်မ။ ဒီလို ပါဘဲ။ တချို့ကုန်သယ်တွေက သူတို့ဟာ ငယ်ငယ်က ဈေးပေါပေါနဲ့ ၀ယ်ပြီး နည်းနည်းကြီးလာရင် ဈေးမှာ ချရောင်း တာဘဲ" ပြောသည်။
"ကဲ ဒါဖြင့် မင့်းအရင် သခင်တွေနဲ့ နေခဲ့တာ ဘယ်လောက်ကြာပြီလဲ"
"မသိဘူး သခင်မ"
"မင်း အရင် သခင့်ဆီမှာ တနှစ်ကြာ နေခဲ့သလား။ ဒါမှမဟုတ် တနှစ်မကြာဘူးလာ"
"မသိဘူး သခင်မ"
"အမယ်လေးဟဲ့" ဂျိန်းအမည်ရှိ နီးဂ၇ိုးတဥိးက ကြားမှဝင်၍ "ဒီအောက်တန်းစား နီးဂရိုး တေဟာ ဘာမှ သိတာ မဟုတ်ဖူး မမ။ တနှစ်ဆိုတာ ဘာလဲ၊ တူတို့ မသိဘူး။ ဒီတော့ သူတို့ အသက်လည်း သူတို့ မသိဘူး"
"ကဲ တော့ပဆီ။ မင်း ဖုရားသခင်ဆိုတာကိုရော ကြားဘူးလား"
ကလေးငယ်သည် စိတ်ရှုပ်လာ၏။
"မင်းကို ဘယ်သူ ဖန်တီးလိုက်တယ်ဆိုတာကော သိလား"
"ကျမသိတဲ့အတိုင်းတော့ ဘယ်သူမှ ဖန်တီးတာ မဟုတ်ဖူး" တော့ပဆီသည် ခပ်ပြတ်ပြတ် အသံဖြင့် ရယ်လိုက် သည်။ "ကျမ ထင်တာတော့ ကျမဘာသာ ကြီးလာတာဘဲ။ ဘယ်သူမှ လုပ်တာ မဟုတ်ပါဘူး" တော့ပဆီ က ဆက်ပြောသည်။
အော်ဖီလီယာသည် တခြားအကြောင်းကို မေးမည်ဟူသော စိတ်ကူးဖြင့်
"မင်းအ၀တ်တွေ ဘာတွေချုပ်တတ်သလား"
"ဟင့်အင်"
"ဒါဖြင့် မင်းဘာလုပ်တတ်သလဲ။ အရင် မင့်သခင်နဲ့ သခင်မဆီမှာတုန်းက ဘာလုပ်ခဲ့ရ သလဲ"
"ရေခတ်တယ်၊ ပန်းကန်လေးဆယ်။ ဇွန်းတွေ၊ ခက်ရင်းတွေ၊ ဓားတွေ၊ ဘာတွေ အ၀တ်နဲ့ တိုက်ရတယ်။ နောက်ပြီး တော့ ထမင်းစားလာတဲ့လူတွေကို ကြိုရတယ်"
အော်ဖီလီယာ၌ သင်ပြ ပို့ချပေးမှုနှင့် ပတ်သက်၍ စိတ်ကူး စိတ်သန်းရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် တော့ပဆီ ကို မည်သို့ သင်ပြမည်၊ မည်သို့ သွန်သင်မည်ဟု စိတ်ကူးနေ၏။
ဤသို့ဖြင့် ပထမဦးစွာ အော်ဖီလီယာသည် တော့ပဆီအား သူ့အခန်းတွင်းသို့ ခေါ်ခဲ့ပြီး အိပ်ရာသိမ်းနည်းကို စ၍ သင်ပြသည်။
"ကဲ တော့ပဆီ။ ငါ့အိပ်ရာကို ငါ ဘယ်လိုထားတယ်၊ သိမ်းဆည်းတယ်ဆိုတာကို ငါပြမယ်။ သေသေချာချာ ကြည့်နော်"
"ဟုတ်ကဲ့မမ" သက်ပြင်းချသည်။
အော်ဖီလီယာသည် အိပ်ရာခင်းပုံ ခင်းနည်းအလုံးစုံကို ပြပြီးနောက် တော့ပဆီအား ကိုယ်တိုင် လုပ်စေသည်။ တော့ပဆီသည် အော်ဖီလီယာ ကျေနပ်လောက်သည်အထိ ထပ်တလဲလဲ လုပ်ပြသည်။ အော်ဖီလီယာသည် သူ့သင်ပြချက် အောင်မြင်သဖြင့် အတော်ကြီး ကျေနပ်သွား သည်။
ထိုအခိုက်မျာပင် တော့ပဆီ အင်္ကျီလက်ခေါက်ထဲမှ ဖဲကြိုးစတစ ထွက်လာသည်။
"ဒါဘာလဲဟင်။ နင် ဒါဘာလုပ်တာလဲ။ ဒါ ခိုးလာတာပေါ့။ နင်ဟာ အယုတ်တမာကလေး" ပြောပြောဆိုဆို တော့ပဆီ အင်္ကျီလက်ခေါက်ထဲမှ ဖဲကြိုးစကို ဆွဲထုတ်သည်။ တော့ပဆီကား ဘာမျှ မသိနားမလည်သလိုဖြင့် ယောင်အအ ရပ်နေသည်။
"အမယ်လေးတော့၊ ဒါ သခင်မ ဖဲကြိုးပါရော။ ဘယ်လို ရောက်နေပါလိမ့်"၊
"တော့ပဆီ၊ နင်ငါ့ကို မလိမ်နဲ့။ ဒါ နင်ခိုးထားတာ မဟုတ်လား"
"မဟုတ်ပါဘူး သခင်မ။ ကျိန်ဆို ကျိန်ပါ့မယ်။ ကျမ ဒါကို မမြင်ဘူးပါဘူး"
"တော့ပဆီ။ လိမ်တယ်ဆိုတယ မကောင်းဘူး။ လူယုတ်မာတွေရဲ့ အလုပ်ဆိုတာ နင်မသိဘူလား"
"မလိမ်ပါဘူး သခင်မ။ တကယ်ပါ ကျမ အမှန်ပြောတာပါ"
"ဒီမယ် တော့ပဆီ။ နင် ဒီလို လိမ်ရင် ငါ နင့်ကို ရိုက်ရလိမ့်မယ်နော်"
"အမယ်လေးတော့။ ရိုက်ပါ။ တနေကုန်ရိုက်ပါ။ ကျမ မသိပါဘူး။ အဲဒါ သခင်မ အိပ်ရာထဲ ကျန်နေရစ်ခဲ့ပြီး ကျမ အင်္ကျီနဲ့ ငြိပြီး ပါလာတာနေမှာပါ"
အော်ဖီလီယာသည် မခံမရပ်နိုင် ဖြစ်လာသည်။ ထို့ကြောင့် တော့ပဆီကို ဆွဲခါလျက်
"နင် ငါ့ကို လိမ်ပြန်ဘီပေါ့လေ" မေးသည်။ ထိုအခါ အခြားလက်ခေါက်အတွင်းမှ လက်အိတ်များ ထွက်ကျ လာပြန်သည်။
"ဟင်။ ဒီမှာကော ဘာတွေလဲ။ နင်ဖဲကြိုးကို မခိုးပါဘူး ပြောအုံးမလား တော့ပဆီ"
တော့ပဆီသည် လက်အိတ်နှင့် ပတ်သက်၍ ၀န်ခံသည်။ သို့သော် ဖဲကြိုးကိုမူ သူမယူ ကြောင်း ဆက်ငြင်း သည်။
"ဒီမယ် တော့ပဆီ။ နင် ၀န်ခံလား ၀န်မခံဘူလား။ ၀န်ခံရင် ငါမရိုက်ဖူး"
သည်တော့လည်း တော့ပဆီသည် အားလုံးကိုပင်သူ ခိုးယူကြောင်း ၀န်ခံသည်။
"အေး ကောင်းပြီ။ နင် ငါ့ကို ပြောစမ်း။ နင် တခြားပစ္စည်းတွေလဲ ခုလိုဘဲ ခိုးအုံးမှာဘဲ။ ပြော၊ နင် တခြား ဘာခိုး သေးသလဲ။ ငါ နင့်ကို မရိုက်ဖူး"
"ကျမ အီဗာ့ဆွဲကြိုး နီနီကလေးကိုလဲ ယူပါတယ်"
"ဟင်၊ နင် တယ်ပြီး ယုတ်မာပါလား။ ကဲ တခြားကော"
"ပြီးတော့ ရိုဆာရဲ့ နားဆွဲနီနီ"
"သွားစမ်း၊ သွားစမ်း။ အဲဒါတွေ အခု သွားယူစမ်း"
"ကျမ မီးရှို့ပစ်လိုက်ပြီ"
"ဘာ။ မီးရှို့ပစ်တယ်၊ ဟုတ်လား။ သွား၊ သွား၊ ခုသွားယူ မယူရင်တော့ နင့်ကို ငါအရိုက်ပဲ"
တော့ပဆီ သည် အမှန်တကယ် ထိုပစ္စည်းများကို မီးရှို့ပစ်ကြောင်း ငိုယိုပြောဆိုလေတော့ သည်။
"နင် ဒါတွေကို ဘာလို့မီးရှို့ပစ်ရတာလဲ"
"ကျမ ကောင်းမှ မကောင်းဘဲ။ ကျမ လူယုတ်မာ၊ လူဆိုးဘဲ"
ထိုအခိုက်မှာပင် အီဗာသည် အခန်းတွင်းသို့ အမှတ်မထင် ၀င်လာသည်။ သူ့လည်ပင်းတွင် သန္တာ လည်ဆွဲ ကို ဆွဲထားသည်။
"ဟင်၊ အီဗာ။ ဒါကို မင်းဘယ်က ပြန်ရလာသလဲ"
"ပြန်ရတယ်၊ ဘယ်က ပြန်ရရမလဲ ဒေါ်ဒေါ်။ ဘာဖြစ်လို့လဲ။ ညကတောင် တညလုံး ဆွဲအိပ်မိသေးတာဘဲ"
"အဲဒါ မနေ့က ရှိသေးတာဘဲ"
"ရှိပါတယ် ဒေါ်ဒေါ်။ ဘာဖြစ်လို့လဲ။ ညကတောင် တညလုံး ဆွဲအိပ်မိသေးတာဘဲ"
အော်ဖီလီယာသည် စိတ်ရှုပ်လာသည်။ ထိုအခိုက်မှာပင် ရိုဆာသည်လည်း အခန်းထဲသို့ ၀င်လာသည်။ သူ့နားတွင် လည်း နားဆွဲနှင့်။
"ဒီဟာမလေးကြောင့် ခက်ပါသေးတယ်" အော်ဖီလီယာသည် စိတ်ပျက်လက်ပျက် ညည်း တွားပြီး "နင် ဒါတွေ ကို ယူတယ်လို့ ဘာလို့ပြောတာလဲ တော့ပဆီ" မေးသည်။
"သခင်မ ကျမကို ၀န်ခံရမယ်ဆိုလို့ ၀န်ခံတာဘဲဟာ" မျက်လုံးကို ပွတ်လျက် ပြောသည်။
"နင် မယူဘဲနဲ့ နင် ဘာလို့ ၀န်ခံရမှာလဲဟ။ ဒါလဲ နင် ငါ့ကို လိမ်တာဘဲပေါ့"
"ဟုတ်လား" တော့ပဆီသည် ယောင်အအ လေသံဖြင့် ပြောလိုက်မိသည်။
"ဒီဟာလေးမျိုးလေများ ဘယ်တုန်းက အမှန်ပြောလို့လဲ။ ကျုပ်တာ သခင်စိန့်ကယားဆိုရင် ဒီဟာမလေး သွေး ထွက်အောင် အရိုက်ခံရပြီ" ရိုဆာက ၀င်ပြောသည်။
"ဒီလိုမပြောနဲ့လေ ဒေါ်ရိုဆာ" အီဗာက ၀င်ပြောသည်။ အီဗာသည် တော့ပဆီကို စိုက်ကြည့်နေသည်။
ထိုနေရာတွင် ကလေးနှစ်ယောက် ရပ်နေပုံသွင်ပြသည် အခြားနားကြီး ခြားနားလှသော လူ့အဖွဲ့အစည်း နှစ်ခု ကို ကိုယ်စား ပြုနေဘိသကဲသို့ ရှိတော့သည်။ တယောက်သည် အထက် တန်းစား မိသားစု၌ ပေါက်ဖွား လာသူ ဖြစ်သည် သူ့ဆံပင်သည် ရွှေရောင်တောက်နေ၏။ စူးရှသော မျက်လုံးအစုံ၊ မြင့်မြတ်သော စိတ်ထား၊ မင်းသမီးလေး တပါးနှင့် မခြားသော ဟန်ပန်း တယောက်မှာမူ မည်းမည်းကြုတ်ကြုတ်၊ နိမ့်နိမ့်ကျကျ ဖြစ်သည်။ အစစ အရာရာပင် ခြားနားလှဘိ သည်။
အကြောင်းစုံကို သိပြီးဖြစ်သော အီဗာသည် တော့ပဆီအတွက် စိတ်မချမ်းမမြေ့ ဖြစ်ရလေ တော့သည်။
"ဘာဖြစ်လို့များ ခိုးရတာလဲ တော့ပဆီရယ်။ ဒီမှာ မငိးကု ကောင်းကောင်း ပြုစုထားတာဘဲဟာ။ နောင်ဆို မင်း လိုချင်တာ အီဗာ့ကိုပြော။ အီဗာရှိတာကို ဘာမဆို ပေးမယ်" အီဗာက ပြောသည်။
အော်ဖီလီယာ့ အဖို့တော့လည်း ဤကိစ္စမှစ၍ တော့ပဆီသည် စဉ်းစားစရာ ဖြစ်လာခဲ့ရသည်။ တော့ပဆီကို သူ သည်အတိုင်း သွန်သင်ဆုံးမ၍ ရပါမည်လား ဟုလည်း သံသယ ဖြစ်လာသည်။ ထို့ကြောင့် သူမောင် ကိုပင် သူ ဖွင့်၍ ပြောမိလေတော့သည်။
"ဒီကောင်မကလေးကို ရိုက်မဆုံးမပဲ တခြားနည်းလမ်းနဲ့ ဆုံးမဖို့တော့ ရမယ်မထင်ဖူး ငါ့မောင်"
"ဒီလိုဆိုလဲ ရိုက်ပေါ့ မမရယ်။ မမကို လွှဲထားတာပဲဟာ"
"ခလေးဆိုတာမျိုးကလဲ ရိုက်ဆုံးမမှ ရတာမျိုးကွယ့်"
"ဒါပေါ့။ လုပ်ပါလေ။ မမ ကောင်းမယ် ထင်သလို လုပ်ပါ။ တခုတော့ အကြံပေးချင်တယ်။ ကျနော် တွေ့ဖူးသမျှ အဲဒီလို ရိုက်ရိုက်ဆုံးမမရာကနေ ဒုတ်ကနေတဆင့်တက်ပြီး ဂေါ်ပြားတို့၊ သံတုတ်တို့မှ လွတ်တွေ့လာတတ်ကြတာမျိုးဘဲ။ ဒီလိုနဲ့ကောင် မလေးလဲ ဒီလိုဆုံးမမှ ရတာမျိုး ဖြစ်လာမှာ စိုးရတာဘဲ။ ဒီလို နဲ့ မမရိုက်ဆုံးမတာဟာ ဘာမဆို ရိုက်ဆုံးမမှ ရတော့တယ် ဆိုတာမျိုး များ ဖြစ်လာမလားလို့ပါ"
"ဒါဖြင့် ငါက ဒီကောင်မလေးကို ဘယ်လိုလုပ်ရမှာလဲ"
"အင်း၊ ဒါတော့လဲ အခက်သားပဲမမ။ ဒီမေးခွန်းက မမကိုယ်တိုင် ဖြေမှ ရမှာမျိုး ဖြစ်နေ တယ်။ ဒါဘဲ မမ။ လူတယောက်ကို ရိုက်ပြီး အုပ်ချုပ်လို့ မရပါဖူးတဲ့။ ကဲ၊ ဘယ့်နှယ်လုပ်မလဲ။ ဒါဟာ ဒီဆီမှာတော့ ပြဿနာ ကြီးဘဲမမ"
"အေး ဒါတော့ ငါမသိဘူး။ ဒါပေမယ့် ဒီလိခလေးမျိုး ငါမတွေ့ဘူးတာတော့ အမှန်ပဲ"
"ကျနော့်တို့ဆီမှာတော့ ဒီလိုခလေးမျိုးတွင် ဘယ်ကမလဲ။ ယောက်ျားတွေရော၊ မိန်းမတွေ ရော ဒီအတိုင်း ချည်းဘဲ မမ။ ဒီလူတွေကို ဘယ်လိုအုပ်ချုပ်ရမှာလဲ။ ပြောစမ်းပါအုံး"
"ပြောရ အကျပ်သားဘဲ"
"ပရူးအဖြစ်ကိုဘဲ မမကြည့်လေ။ ပြဿနာက နှစ်ဖက်စလုံးမှာဘဲ။ ကျွန်လုပ်တဲ့လူကလဲ ခံရပါများတော့ မတုံတတ်တေူး ဖြစ်လာတာဘဲ။ အဲဒီလို ကျွန်လုပ်တဲ့လူက မထုံတတ်တေး ဖြစ်လာလေ သခင်လုပ်တဲ့လူက ပိုပို ရက်စက်လာလေဘဲ။ ဒါနဲ့ဘဲ ရိုက်တာတို့ ဆဲတာတို့ဆိုတာ ဒီမှာတော့ ဘိန်းစွဲသလို စွဲလာတာဘဲ။ တနည်းပြောရရင်တော့ ဆေးပြီးသလိုပေါ့ မမရယ်။ လူတယောက်ဟာဆေးကိုစွဲပြီးစားရင် နောက်ကျ တလုံးစားရာက နှစ်လုံးစား နှစ်လုံးက လေးလုံး စားနဲ့ အတောမသတ်နိုင်သလို ဖြစ်လာတာဘဲပေါ့။ ကျနော် ဆိုတာ ကျွန်ပိုင်ရှင် ဖြစ်လာကတဲက ကိုယ့်အကျင့်ကိုယ် မဖျက်မိအောင် မနဲကို အစမလုပ်ဘဲ ထားခဲ့တာ။ ဒီတော့ကော ဘာဖြစ်လဲ။ ဆိုးကြတာဘဲ။ ဒါပေမယ့် ဒါဟာ နှစ်ဖက်စလုံး ပြိုင်မိုက်တာထက်စာရင်တော့ ကောင်းသေးတယ် ကျနော်ထင်တယ်။ အင်းလေ။ ဒီခလေးတယောက်ကိုဘဲ မမနည်းနာအဖြစ် စမ်းကြည့် ပါအုံး"
"ဒါဖြင့် မင်းပြောချင်တာက မင်းရိုက်မဆုံးမတဲ့အတွက် ဒီလို ဖြစ်လာကြရတယ် ဆိုချင်တာ လား"
"မဟုတ်ဖူးလေ။ ဒီလို ဖြစ်လာတာဟာ ကျနော် ရိုက်တာ မရိုက်တာထက် နဂိုကထဲက ဒီလို ဖြစ်နေတာ မမရဲ့။ သူတို့မှာက ဒီအတိုင်းဘဲ။ ဒါကြောင့် ကျနော် ပြောတာပေါ့။ ဘာလုပ်မလဲလို့။
"အေးလေ။ ငါစမ်းတော့ ကြည့်ပါအုံးမယ်။ စိတ်ရှည် ဇွဲကောင်းကောင်းနဲ့ စမ်းကြည့်သေးတာ ပေါ့ကွယ်"
ဤသို့ဖြင့် အော်ဖီလီယာသည် အလုပ်ကို ပို၍ ၀ါယမစိုက်လာသည်။ တော့ပဆီအတွက် အချိန်ကိုလည်း သတ်သတ်မတ်မတ် ပိုင်းခြား တာဝန်ချသည်။ ပြီး သူကိုယ်တိုင် တော့ပဆီအား စာဖတ်သင်သည်။ အ၀တ်ချုပ်သည်။
တော့ပဆီသ်ည မကြာမီအတွင်းမှာပင် စာဖတ်တတ်လာသည်။ သို့သော် ကလေးမသည် အချုပ် အလုပ်၌မူ ဘယ်လိုမျှ သင်၍မရ။ သူကိုယ်တိုင်ကလည်း စိတ်ဝင်စားပုံမပေါ်။ သို့သော် ဤနေရာ၌ တော့ပဆီ သည် လူအများ ဂရုပြုစရာ ဖြစ်လာသည်။ ခုန်လိုက်၊ ပေါ က်လိုက်၊ သီချင်း ဆိုလိုက်နှင့် သူ ကစားပြ တူးသည်ကို ကလေးတိုင်း သဘောကျလာကြသည်။ ထိုကလေးများ တွင် အီဗာလည်း အပါအ၀င် ဖြစ်သည်။ အီဗာကိုယ်တိုင် တော့ပဆီနှင့် ရောရောနှောနှော ဖြစ်လာ ၏။ ထိုအခြေအနေကိုလည်း အော်ဖီလီယာ သဘောမကျပြန်။
ထို့ကြောင့် အော်ဖီလီယာသည် မောင်ဖြစ်သူအား တော့ပဆီတို့ အစုအဝေး၌ အီဗာ ပါဝင် နေခြင်းကို တားမြစ် သင့်ကြောင်းအဖြစ် ပြန်သည်။
"အင်း၊ ခက်တယ်မမ။ ခလေးဘဲ။ သူ့ဘာသာ နေပါစေပေါ့"
"တော့ပဆီဟာ အယုတ်တမာကလေးနော်။ မင့်းသမီးပါ တော့ပဆီနဲ့ ရောရော ရောရော လုပ်တာနဲ့ ပျက်စီးသွားနိုင်တယ်။ ဒါကို မင်းမကြောက်ဖူးလား"
"ဒါကျတော့ ကျနော့်သမီးအပေါ်မှာလဲ တည်ပါတယ်မမရယ်။ တော့ပဆီက တခြားခလေး တွေကိုသာ သူ့လို ယုတ်ယုတ်မာမာ မိုက်မိုက်မဲမဲ ဖြစ်အောင် သင်လို့ ရချင်ရမှာပါ။ သမီးကိုတော့ သင်လို့မရပါဘူး"
"ဒီလောက်လဲ စိတ်ချလက်ချ မထားနဲ့ ငါ့မောင်။ မမသမီးသာဆိုရင်တော့ တော့ပဆီနဲ့ ကစားခွင့် ပြုမှာ မဟုတ်ဖူး"
"ဟုတ်ပါတယ်လေ။ မမခလေးဆိုရင်တော့လဲ ဒီလိုထားလို့ ဘယ်ဖြစ်မလဲ။ ကျနော့်ခလေး ကျတော့လဲ ဒီလိုဘဲ ထားရမှာပေါ့။ အင်း၊ အီဗာသာ ပျက်စီးမယ်ဆိုရင်တော့လဲ ပျက်စီးနေတာ ကြာလှရှိရော့မယ်"
မှန်သည်။ တော့ပဆီကို ဘယ်လိုသင်ပြ၊ ဘယ်လိုပင် ဆုံးမစေကာမူ တော့ပဆီသည် အပိုး မသေ။ ခပ်ပေါ့ပေါ့ပင်။ ခပ်ဆိုးဆိုးပင်။ အိမ်တွင် ကျွန်များပစ္စည်းကိုပင် လစ်လျှင် လစ်သလို ယူ သည်။ ဖျက်ဆီးချင် ဖျက်ဆီးပစ်သည်။ ဖျောက်ချင် ဖျောက်ပစ်သည်။ ဘယ်အလုပ်မဆိုပင် ကြည့်ခိုင်း နိုင်လျှင် တော့လောက် အောင် ဖြစ်ရသည်။ ထို့ကြောင့် ဒေါသ ဖြစ်သည်။ သည်တော့ လည်း။ တော့ပဆီသည်
"ရိုပ်ပါ သခင်မ။ ကျမကို ရိုက်ပါ။ အရင်သခင်မဆို ကျမကို အမြဲရိုက်တာဘဲ။ မရိုက်ရင်လဲ ကျမ ဘာမှ မလုပ်ချင်ဘူး"
"ဒါ ဘာပြောတာလဲ တော့ပဆီ။ ငါ မရိုက်ချင်ဘူး။ နင် စိတ်မှတ်ရှိရင် ကောင်းကောင်းနေ၊ ကောင်းကောင်း လုပ်ပေါ့။ နင် ဘာလို့ အရိုက်ခံချင်နေရတာလဲ"
"အရိုက်ခံရတယ် ဆိုတာကိုက အကျင့်ဖြစ်နေပြီ သခင်မ။ ရိုက်မလဲ ကျမ ကောင်းလာ လိမ့်မယ် ထင်ရ တာဘဲ"
အော်လီဖီယာသည် ယထုတိုင် နားလည်၍ မရနိုင်သေးပေ။ သို့ဖြင့် တခါတလေတော့ လည်း မိမိ ကိုယ်တိုင် ရောဂါစွဲကပ်နေသူ ဖြစ်လာမလားဟုလည်း စိုးရိမ်လာသည်။ သို့သော် အော်ဖီလီယာသည် တော့ပဆီ အား တတ်နိုင်သမျှ သွန်သင်ဆုံးမရသည့် တာဝန်ကိုကား လက်မလျှော့ချင်သေး။
သို့ဖြင့် နှစ်ကာလများသည် ကုန်လွန်လာခဲ့သည်။
အခန်း (၂၁) ဆက်ရန်
.

1 comment:
ဖတ်ရတာတိုတယ်..အမရာ...
မြတ်နိုး
Post a Comment