Sunday, July 4, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၂၀)

နောက်ပိုင်းတွင် ဆက်လက်ရောက်လာခဲ့သမျှ လေဆိပ်တို့တွင် ဤအဖြစ်မျိုး (၀ါ)ပါလာတဲ့ ပိုက်ဆံကြေးငွေ ထုတ်၍ ပေးအပ်ထားခဲ့ရသော အဖြစ်မျိုးတခါမှမကြုံကြိုက်ကြတော့သဖြင့် ဤအဖြစ်မျိုးမှာ ကာလကတ္တား လေဆိပ်၏ ထူးခြားခြင်းတရပ်ဟုယူဆစရာဖြစ်ခဲ့ပါသည်။

ယင်းသို့နှင့် အမေရိကန်ကမ်းရိုးတန်းတလျှောက်မှ လာခဲ့သောလေယာဉ်ပျံပေါ်တွင် နေ့လည် တနာရီကျော် ခန့် ၌ နေ့လည်စာ များ ပြင်ဆင်ကျွေးမွေးနေပါပြီ။ ဘယ်နိုင်ငံက ဘာလူမျိုး ဘာလုပ်ဘို့လာသည်။ အသက် ဘယ်လောက်၊ အနီးဆုံးဆွေမျိုးဘယ်သူ၊ နိုင်ငံကူးလက်ူမှတ် အမှတ် ဘယ်လောက်၊ ဘာပါသည်စတဲ့ မေးခွန်း စာရွက်တွေ ရေးပေးရန် လိုက်ဝေငှနေပြီဖြစ်ရာ နယူး ယောက်မြို့သို့ ရောက်ချိန်နီးလာပြီဟု ခန့်မှန်း နိုင်ပါ တော့သည်။

လေယာဉ်ပျံ ခရီးသွားတွေမှာ တရွာရောက်ခါနီးလျှင် တကြိမ်ကျ ဤလိုစာရွက်တွေ ရေးရေးပေးရ သည်မှာ ထုံးစံကြီး တခုဖြစ်၍ ရွာများများဆိုက်တဲ့ လောယာဉ်ပျံဆိုလျှင်များ များရေးရ၊ နည်းနည်း ဆိုက်လျှင် နည်းနည်း ရေးရ ယခုမှာ ပဲရစ်က ထွက်လာကတည်းက တရွာမှ မဆင်းခဲ့တဲ့အတွက် ဒီတကြိမ်သာ ရေးရ ပါသည်။ ရောက်ခါနီးလို့ လေယာဉ်မယ် မလှချောကလေး လှုပ်လှုပ်ရွရွ ရှိလှ သည်။ နောက်ခရီးသည် တွေအား ပြင်သစ်လုပ် အကောင်းစား ရေမွှေးပုလင်းငယ်တခု ကျစီလိုက်၍ လက်ဆောင် ကမ်း လျက်ရှိ သည်။

နယူးယောက်က ကမ္ဘာကျော်မိုးထိတိုက်ကြီးများကို လေယာဉ်ပေါ်မှ လှမ်းမျှော်ကြည့်ရန် အားထုတ်ရာ လေယာဉ်ကွင်း နှင့်ဝေးသောကြောင့် တကြောင်း၊ အခိုးလွှမ်းနေ၍တကြောင်း ရေးရေး မှေးမှေးသာ ထင်နေ သည်။ ပြတ်ပြတ်သားသား မမြင်ရသေးပေ။ လေယာဉ်ဆိပ်ဖြစ်သည့် လဂွါ ဒီယာ လေယာဉ်ကွင်း တည် ရှိသော နေရာကလည်း နယူးယောက်မြို့ကြီးရှိရာ မဟတ်တန်ကျွန်း ငယ်နှင့် မြစ်တခုခြားသော ကျွန်းလျားရှည်၊ လောင်းအိုင်လန်ခေါ် သီးခြားကျွန်းကြီးတခုဖြစ်ပါ သည်။

၎င်းကို ကွင်းစ်အရပ်ဟူ၍ သူတို့ခေါ်ကြပါသည်။ စင်စစ်တော့ ဒါတွေဟာ နယူးယောသမြို့နယ် တကြောထဲ ပါဘဲ။ ရန်ကုန်နဲ့ ဒလ၊ ဆိပ်ကြီးတို့လို၊ ကမာရွတ်တို့၊ သင်္ကန်းကျွန်း၊ ဘောက်ထော်တို့လို ဆိုကြပါစို့။
လေယာဉ်ပျံကြီး ထိုးဆင်းလိုက်ပြီးနောက် ခရီးသွားတွေ အားလုံးစီတန်းဆင်းလျက် လေဆိပ် အဆောက် အဦး ထဲသို့ ဦးတိုက်ဝင်ရောက်ကြရာ တယောက်လျှင် မရမ်းရောင် ဂမုံးပင်ကြီးတခုစီ၊ ဖဲကြိုး မရမ်းရောင် စီးလျက် ထားသော ရင်ထိုးငယ်နဲ့ တွယ်ပေးခြင်းဖြင့် ကောင်းသောခရီးဦးကြို အမှုကို လောကွတ်တော် ကြေကြေ နှင့် ကွမ်းရေတော်ကမ်းကြပါသည်။

ခရီးပန်း အမောပြေလေပြီ။ သူတို့ဆီက ယဉ်ကျေးမှုက နိုင်ငံခြားရောက် ဧည့်သည်များအတွက် အထူး စပွါယ် အလှချယ် ဘမ်းပြအပေါ်ယံရိက လှည့ပ်စားထားသော ယဉ်ကျေးမှုဟုဆိုရန်မဟုတ် ပေ။
သူတို့ နိုင်ငံသူ နိုင်ငံသားတွေအတွက် သန်းပေါင်းရာကျော်ရှိသော ၄၈ နယ် အမေရိကန်ပြည်ထောင် စုသားများအတွက် အမြဲတစေ တဦးကိုတဦး ချစ်ကြည်နူး၍ တဦးနှင့် တဦးကို ရိုသေလေးစားမှုရရန် ဖန်တီး ပြုပြင်ထားသော ယဉ်ကျေးမှုတရပ်သည် နိုင်ငံရပ်ခြား တိုင်းတပါးက ရောက်လာကြသော ဧည့်သည် များ အတွက်ပါ စိတ်ချမ်းသာမှုကို ပါဝင်ခံစားနိုင်စေပါသည်။

ယင်းသို့ နယူးယောက်မြို့ လဂွါဒီယာလေဆိပ်အဆောက်အဦးအတွင်းသို့ ၀င်မိလျှင် လေကြောင်း ဌာနမှ ခရီးဦးကြို လောကွတ်တော်ပိုလိုက်သော ပန်းရင်ထိုးကို လက်ခံပြီးနောက် ခရီးရောက်မဆိုက် ခရီးသည်တို့ ပြုဘွယ် ၀တ္တရားအတိုင်း နိုင်ငံကူးလက်မှတ်စစ်ဆေးရာ လူဝင် လူထွက်နှင့် ကျန်းမာရေး ဆေးလက်မှတ် စစ်ဆေးရာ အခန်းများသို့ တခန်းပြီးတခန်း အလှည့်ကျခရီး သည်တစုတို့ ၀င်ရောက်ကြရာတွင် ပြည်တော်ဝင် ကြေးဟူ၍ လူတကိုယ်လျှင် ရှစ်ဒေါ်လာစီ ပေးဆောင်ကြရပါသည်။

ဗမာပြည်မှာတုန်းကလည်း ဗီဇာ (၀င်ရောက်ခွင့်) များယူရာ၌ အင်္ဂလိပ်ပြင်သစ်...စသည်တို့က ဗီဇာ များကို ယူသော အခါ ငွေလုံးဝမပေးဆောင်ရသောဌာနသည် အင်္ဂလိပ်ဖြစ်၍ ပြင်သစ်နှင့် ဂျာမနီ ဗီဇာများအတွက် ငွေမဖြစ် စလောက်ပေးရပြီးလျှင် အမေရိကန် ဗီဇာအတွက်ကမူ ဗမာငွေ ၅၀..မျှ ပေးဆောင် ခဲ့ရပြီး ဖြစ်ပါသည်။

ဒါတောင်မှ သူ့မြေပေါ်ရောက်ရောက်ချင်း ပြည်တော်ဝင်ကြေးရယ်လို့ တယောက်ကို ရှစ်ဒေါ်လာ ပေးရပြန် ပါသည်။ တောင်ခံပုံသူတို့စည်းမျဉ်းဥပဒေပြောပြပုံကတော့... ငြင်သာသိမ်မွေ့ ယဉ်ကျေး ပါသည်။ နားမခံသာ စရာမပြောပါ။ သို့ကြောင့် အေးလေရှိပါစေတော့... သူတို့ရဲ့ ထုံးစံကိုး...ဟု နှလုံးပြုကာ ရှစ်ဒေါ်လာ သော ပြည်တော်ဝင်ကြေးကို ပေးဆောင်ခဲ့ပြီးနောက် ပစ္စည်းသေတ္တာများ ထုတ်ယူရာ အခန်းမကြီး သို့ ရောက်ခဲ့ပါတော့သည်။

သည်အခန်းကြီးသို့ ရောက်သောအခါမူကား... သူ့လူ ကိုယ့်လူ ဆိုင်ရာဆိုင်ရ လာရောက်ကြိုဆိုနေ ကြသူတွေ ဟာ ရှုပ်လို့သာ ပွေနေဘိတော့သည်။ တယောက်နှင့်တယောက် ဘက်ကာယက်ကာ နမ်းကာ ရှုပ်ကာ နှုတ်ဆက်လိုက်ကြသည်မှာလည်း တဦးနှင့်တဦး ပူးချည်ခွာချည် အမောတကော ပြောရင်းဆိုရင်း စာရေးသူတို့ကို လာရောက်ကြိုဆိုနေကြသော အမေရိကန်အသံလွှင့်ဌာနမှ မစ္စစ် ရုသ် လစစ်နှင့် အင်ဒီ ပင်းဒင့် ဒေါ်ကွာစိ၏ သား ဦးချစ်ခင်တို့ကိုလည်း အားရ၀မ်းသာစွာ တွေ့ရပါပြီ။ ဗမာပြည် နှုတ်ဆက် ရသော ကြောင့် ဟိုလူ တွေလို ပူချည်ခွာချင် ပလီစိချောက်ချက်ဖက်လို့ မလုပ်ကြ သဖြင့် ဤဝေဒနာမျိုးကို အချိန်ပို မခံစား ရဘဲ ပစ္စည်းသေတ္တာများကို ဆွဲလွဲလာသော လေဆိပ် အလုပ်ဝတ္တရားဆောင်ရွက်သူများကိုသာ ဒါတွေ ဒါတွေ ဒီဘက်မှာထား... ဒီနံပါတ်ကဒ်ပြား ကလေးတွေနှင့် တိုက်ကြည့်ဟု စီမံခန့်ခွဲရန် အချိန်ရ နေပါသည်။

သို့ရာတွင် အမေရိကန်သူ အပျိုကြီး ဒေါ်လုဝစ်ကိုတော့ လက်ဆွဲကာ ပြုံးကာရယ်ကာ...၀မ်းသာ အားရ နှုတ် ဆက်သော သူ၏ လောက၀တ်ကိုလက်ခံလိုက်ပြီးသားဖြစ်နေပါပြီ။
ဒေါ်လုဝစ်မှာ ရန်ကုန်မြို့ရှိ အမေရိကန် ပြန်ကြားရေးဌာနတွင် ၃...၄...နှစ် အလုပ်လုပ်သွားသူဖြစ် ပါသည်။ ဗမာ သတင်းစာဆရာတွေနှင့်ဆိုလျှင်လည်း ယောက်ျားကြီးတဦးလို ဒူးတင့်ပေါင်တင် ရင်းရင်းနှီးနှီး ခင်ခင် မင်မင် ထမင်းရည သောက်ဘက်ခေါင်းခေါက်ဖက်လို့ ပေါင်းသင်းဆက်ဆံသွား နိုင်သော ယောက်ျားရှာကြီး သဖွယ် ဖြစ်သည်။

သူ့ကို ဗမာပြည်က လူချစ်လူခင်များသလောက် သူကလည်း ဗမာပြည်ကမိတ်ဆွေတွေ ချစ်ခင်တမ်းတလျက် ရှိသည်။ အမေရိကန်က ဖိတိခေါ်ချက်အရဖြစ်စေ...၊ ဗမာအစိုးရ စေလွှတ် သည်ဖြစ်စေ၊ စာရေးသူတို့ကဲ့သို့ ကိုယ့်သဘော နှင့်ကိုယ် ရောက်လာသူကိုဖြစ်စေ၊ ဗမာပြည် က လာသော သူ၏ မိတ်ဆွေမှမလျှင် အင်မတန် လောကွတ် ကျေသည်။ စေတနာထားသည်။ မင်းတိုင်ကျေ လုပ်ရိုးလုပ်စဉ်မျှသာမက သူက ပိုပိုသာသာကြီး ဂရု စိုက်သည်။ ကူညီတတ်သည်။

ဗမာပြည်မှာ နေစဉ်ကမူ သူသည် စာရေးသူတို့ နေအိမ်သို့ မကြာခဏ ၀င်ထွက်သွားလာ စားကာ သောက်ကာ နေလေ့ရှိသူလည်းဖြစ်၍ သူအထူးခင်မင်ခဲ့ရင်းရှိသည်။
သူနှင့် တဌာနတည်း အလုပ်လုပ်နေသော ဦးခင်မှာမူကား ... သူ၏မိခင် အင်ဒီပင်းဒင့် ဒေါ်စန်းသည် ဂျပန် တခေတ်လုံး စာရေးသူနှင့်အတူ လာရောက်နေထိုင်ရာ ထိုစဉ်အခါက ငွေတိုက် ၀န်ထောက် အဖြစ်နှင့် နယ်တွင် အလုပ်ဝတ္တရား ဆောင်ရွက်နေသူ ယခု ဦးခင်လည်း ရန်ကုန်လာ လျှင်လည်း စာရေးသူ တို့ အိမ်မှာသာ ဆွေမျိုးရင်းချာတမျှ စတည်းချခဲ့သူဖြစ်၍ အထူးခင်မင်ရင်းနှီးခဲ့ ပြီးသူဖြစ်ပါသည်။

ရင်းနှီးသူတွေ တမြေရပ်ခြား၌ ပြန်လည် တွေ့ဆုံရသော အခါ ၀မ်းမြောက်ဝမ်းသာ ကြည်နူးမှု ဖြစ် ရပါသည်။
ယင်းသို့ တပြီး ခရီးသည်တို့၏ ပစ္စည်းသေတ္တာအထုပ်အပိုးများကို အကောက်ဘက်မှ ကြည့်ရှုသော အခိုက်အတန့် သို့ ရောက်ရှိလာပါပြီ။ သေတ္တာများကိုကား ဖွင့်လှစ်ကြည့်ရှုခြင်းမခံရပေ။ နှုတ်ဖြင့် သာဘာပါ သလဲ...ဟု မေးသည်။ အ၀တ်အစားပါဘဲ ... ဟု ပြောသောအခါ၊ ကျေနပ်သွားကြသည်။ ဟော ...မေးပါပြီ။ ဒီအထုတ် ရှည်ရှည်ကြီး က ဘာတွေလည်းတဲ့။

အဲဒါ ... ပုသိမ်ထီးထုတ် အရှည်ကြီးပေါ့။ အမေရိကန်ပြည် စာကြည့်တိုက်မှူး၊ ဗိုလ်ကြီးသိန်းဆွေကို ပေးဘို့ သူ၏ လူများက လူကြုံပါးလိုက်ခြင်းဖြစ်သည်။ ဒီအထုပ်ရှည်ကြီးကို တလမ်းလုံး ကန့်လန့် ကန့်လန့် သယ်ပိုး လာခဲ့ ရာမှာ ယခု အမေရိကန် ပြည်ထောင်စုအ၀င်ဝ၌ အကောက်ဌာန အရာရှိ တို့၏ မေးမြန်း စုံစမ်းခြင်း ဖြစ်ပါသည်။

မိတ်ဆွေတဦးကို လက်ဆောင်ပါးလိုက်တဲ့ ထီးသုံးစင်းဖြစ်ကြောင်း သူတို့သိကြပါပြီ။ အဲဒါ ... အဲဒါ ... ထီး သုံးခုကို ခြောက်ဒေါ်လာ အကောက်ဆောင်ခဲ့စေလိုပါတယ် ... ဟု ပြောသဖြင့် အဆိုင်း မတွ ပါသမျှ ဒေါ်လာ အကျန်အကျွင်း ကလေးကို အကောက်ပေးလိုက်ရသည်။

ဒေါ်လာ ကို ယူချင်တိုင်းယူလာဘို့ ဗမာအစိုးရက ခွင့်မပြုသဖြင့် ကိုယ်သုံးလိုရာသုံးရန် လျှော့နည်း သွားမည် ကို စိုးရိမ်မိသည်။ သို့ရာတွင် ဗိုလ်ကြီးသိမ်းဆွေက ဤအကောက်ဆောင်ခ ဒေါ်လာ ခြောက်ပြား တိတိကိုတော့ ပေးကောင်းပါရဲ့...။ သူနှင့် တွေ့တော့မှ တောင်းယူရတော့မှာ အဲ...ဟု စိတ်ကူး ထားလိုက် သည်။
သို့လျှင် အကောက်ဌာနက ကိစ္စပြီးစီးသောအခါ ပေါ်တာသည် စာရေးသူ၏ ပစ္စည်းသေတ္တာ အထုပ် အပိုး များကို လက်တွန်းလှည်းငယ်နှင့် တင်ယူကာ၊ လေဆိပ် အဆောက်အဦးအထွက်ဝသို့ သယ်ယူသွားသဖြင့် အားလုံး လိုက်လာခဲ့ကြသည်။

ဤတွင် အမေရိကန်အသံလွှင့်ဌာန ဦးခင် ၏ အသစ်စက်စက် လက်ထပ်ပြီးခါစ ဇနီး အေးမြခင်သည် အပြင်မှ စောင့်ကြို နေသည်ကို တွေ့ရပြန်သည်။ သူကား မြန်မာပြည်ပေါက် ဖာရစီ နွယ်မကလေးဖြစ်၍ ဖာရစီများ ချောသည် ဟု နာမည်ရခဲ့ဘူးသလောက် လို့ကိုယ်လုံးကိုယ် ပေါက်နှင့် မျက်နှာအချိုးကျကြည့်ရှုပျော်သော အမျိးသမီး ဖြစ်လေရာ လူပျိုကြီးဦးခင်နှင့် အသက်ချင်းတော့ နည်းနည်းကွာလိမ့်မည် ထင်သည်။ ဦးလေးကြီး နှင့် နုနုရီ လောက်ဆိုပါစို့။

သို့သော် အေးမြခင်က ဖွံ့ဖွံ့ထွားထွား ဦးခင်က ပုပုကားကားဖြစ်၍ ရှေ့သွားနောက်လိုက် မတိန်း မယိမ်း အရွယ်ချင်း မခြားနားဟု ထင်ရသည်။ ဦးခင်သည် မိန်းမဇံရွေးလွန်းသဖြင့် လူပျိုလူငယ် ဘ၀မှာ လက်ထပ် မင်္ဂလာ မပြုခဲ့ဘဲ အသက်နည်းနည်းအို၍ လူပျိုကြီးဘ၀ရောက်ခါမှ ဇနီးရှာသူ ဖြစ်သည့်အတိုင်း ယခု သူ့ဇနီးမှာ ဇနီး ဆိုသလောက်အောင် သွက်လက်ချက်ချာသည်။ ပညာအခြေခံ ရှိခဲ့သူဖြစ်၍ အိမ်ရှင်မ အလုပ်သမ က ရုံးအလုပ်များကိုပါ ပါဝင်ဆင်နွှဲ-တပွဲတလမ်း ကြိုက်ပေးနိုင်သူ ဖြစ်ရ အမေရိကန် အသံလွှင့်ဌာန မှ တခါတခါ သူ့အသံသာသာကို ဗမာရေဒီယိုပရိသတ်များ ကြားမိ ကြပေလိမ့်မည်။

သို့သော် အမေရိကန်ကအသံမှာ ဗမာပြည်တွင် ကြားရချက်မသာယာလှပါ၊ ဓာတ်ပြားဟောင်းကြီး ကို အပ်တုံးတုံး ကြီးနှင့် ဖွင့်ရာတွင် ဓာတ်စက်ကလည်း သံပတ်ရော့နေသလိုလို ၀ူးဝါးဝူးဝါး အသံကြီး မျိုးသာ ငုတ်ချည် ပေါ်ချည် မညီမညာ ကြားနေရသဖြင့် စာရေးသူက အေးမြခင်၏ အသံသာသာ ဟု ရေးလိုက်သော အချက် ကို ဗမာပြည် ရေဒီယိုပရိသတ်က ယုံချင်မှ ယုံကြပေလိမ့်မည်။
ယုံချင်ယုံ မယုံချင်နေ။ တကယ်တော့ သူ့အသံ မဆိုးပါ အသံလွှင့်စက် ညံ့ဖျင်းမှုကြောင့် ဖြစ်ပါသည်။

အမေရိကန် ဆိုဒါက ကမ္ဘာပေါ်မှာ စက်မှုလက်မှု အထွင်နိုင်ဆုံး၊ အတော်ဆုံး အမော် ဆုံးပစ္စည်းလည်း အပေါဆုံး၊ သုံးမကုန် ဖြုံးမကုန် ဖြစ်နေလို့ ကမ္ဘာရဲ့ တိုင်းပြည်မွဲကလေးတွေ နိုင်ငံ မွဲကလေးတွေကိုတောင် ဘာစီအေ-ညာစီအေ-ဟ၀ါစီအေ ဆိုပြီး စွန့်ကြံပေးကမ်းထောက်ပံ့နေပါ ရက်ကနဲ့ ဘယ့်နှယ်ကြောင့် ဗမာပြည် ကို လွှင့်တဲ့ အသံက ညံ့ဖျင်းနေရပါသလဲဟု ဆိုလျှင် အမေရိ ကန် အသံလွှင့်ဌာနက ပီပီသသ ကြည်ကြည် မြမြ သွင်းပေးလိုက်တဲ့ အသံလွှင့်စရာအသံတွေကို အမေရိကန်ကနေပီး ဗမာပြည်ကို တိုက်ရိုက် မလွှင့်နိုင် ဘဲ ဖိလိပိုင်ကျွန်း မနီလာမြို့မှတဆင့် ဗမာ ပြည်ကို လွှင့်နေရရာ အဲသည် ဖိလိပိုင်က ရေဒီယို အသံလွှင့်စက် ကိုကပင် အင်အားချည့်နဲ့ ယိသဲ့သဲ့ ဖြစ်နေသောကြောင့် ဗမာပြည်ကို ရောက်လာတဲ့ အသံ တွေဟာ မူမမှန်တော့ဘဲ လှည်းဘီးကြီး အမဲဆီ မထည့်ဘဲ မောင်းနေသလို တအီအီ-တအဲ့အဲ့ နဲ့ နားထောင်ချင် တဲ့ စိတ်ကုန်ခမ်းစရာဖြစ်ရ ခြင်းပါဘဲဟု..အဲသည်မြို့ကို ရောက်မှ ရေရေလယ်လယ် မူရင်း အသံ ကို ကိုယ်တိုင် နားထောင် ကြည့်သဖြင့် သိရပါသတည်း။
လေဆိပ် အဆောက်အဦးအထွက်ဝသို့ ပစ္စည်းရောလူပါ ရောက်ကြသောအခါ၌ ဒေါ်လုဝစ် က သူ၏ အလုပ်ရုံ နှင့် တလမ်းတည်း မြို့လည်ခေါင်ကျကျလည်း ဖြစ်သော ၅၇-လမ်းရှိ ဟင်နရီဟတ်ဆင် ဟော်တယ် မှာ ကြိုကြို တင်တင် အခန်း ယူထားပြီး ဖြစ်သဖြင့် အဲဒီကိုသွားရန် ပြောနေပါသည်။

ဦးခင် ကလည်း ဒေါ်လုဝစ်၏ ဟော်တယ်ကို နောက်မှသွားပါ။ ယခုတော့ ဒေါ်လုဝစ်ပါ တပါတည်း သူ့ကားနှင့် လိုက်ခဲ့ပါရန် အိမ်တွင် ခရီးရောက်မဆိုက် စားကြရန် ခေါက်ဆွဲကြော်များ အရံသင့် စီမံ ထားပြီးသား ဖြစ်နေကြောင်း ပြောပြီး ပစ္စည်းများကို သူ့ကားပေါ်သို့ တင်စေတော့သည်။
ထို့ကြောင့် ဦးခင်၏ ဇနီး မောင်မယ်၏ ကားနှင့်ဒေါ်လုဝစ်ပါ ဂလင်းအုတ်ရွာရှိ သူတို့နေအိမ်သို့ လိုက် ခဲ့ကြ ရသည်။

ဂလင်းအုတ်ရွာ ဆိုလို့ ကြက်မ ' ကတော် ' သံ ယက်ကန်းခပ်သံ၊ ကလေးငိုသံ၊ တေးဆိုသံ နွားအော်သံ တညံညံ နဲ့ ရွံ့ဗွက် ဖုံထူလှည်းလမ်းကြောင်းမှာ ကောက်ရိုးလှည်းကြီးတွေ မကြာမကြာ မောင်းဝင် လာလေ့ ရှိသော ဆူးကိုင်းချောက် ရွာစည်းရိုးကာသည့် ဒွေးလေးအိတို့ အညာရွာမျိုးလို လည်း မထင်လိုက် ပါနှင့်...
အောက်ပြည်က တာရိုးကမ်းနားတလျှောက်မှာ ဂုံနီအိတ် စုပ်မလုံတလုံကာ၍ အမိုးဗလာ-ကြမ်းခင်းမပါ သစ်သားတုံး နှစ်ချောင်းသာလျှင် ထိုင်စရာထားသော လက်ကိုင်တန်းမရှိ ကျဲတိ ကျဲတဲ ၀ါး ၃-၄လုံးသာ တံတားထိုး ထား၍ ကျင်လည်စွာ ကြိုးတန်းလျှောက်တတ်ပါမှ ချောချော မောမော ကူးမြောက်နိုင်ထသော၊ ရေတပိုင်း ကုန်းတပိုင်း အိမ်သာခြေတန်းရှည်များခြံရံသော ရေငံပိုင်မြစ်ဝ ကျွန်းပေါ်ရွာများကဲ့သို့လည်း မထင် မမြင် လိုက်ပါနှင့်။

လောင်းအိုင်လန်းခေါ် ကျွန်းလျှာရှည်၏ ' ဂွင်းစ ' အရပ်ရှိ ဂလင်းအုတ်ရွာငယ်တ၀ိုက်မှ မြေကွက် ရိုင်းကြီးကို ဒေါ်လာ သန်းပေါင်းများစွာသော အကုန်အကျခံ၍ မြေညှိအကွက်ချ၍ အဆောက်အဦး ပေါင်း သုံးလေးရာကို တညီတညာ တည်း ၀င်းခြံနှင့်တကွ၊ အထက်တန်းကျကျ ခေတ်မှီမှီ တည် ဆောက်၍ အိမ်ငှားချစားရန် ရပ်ရွာ တည်ထားလိုက်ခြင်းဖြစ်ပါသည်။
နယူးရောက်နယ်တ၀ိုက်မှာ ဤနည်းအတိုင်း တည်ဆောက်ထားသော အပါ့တ်မင်ရွာပေါင်း တိုက်ပေါင်း မရေ နိုင်အောင် များပြားနေသည်။ မြေရိုင်းတွေကို ရှင်းလင်း၍ တည်ဆောက်ဆဲ တည်ဆောက်လတ္တံ့သော ရပ်ကွက်ပေါင်း လည်း အမြောက်အများပင် ရှိနေသေးသည်ကို တွေ့ရပါ သည်။

ထိုရပ်ကွက် အဆောက်အဦးများမှာ အစိုးရနှင့် မြူနီစီပါယ်ပိုင် ကုမ္ပဏီသူဌေးကြီးများပိုင် ထိုသူဌေး ကြီးများ မှာလည်း အမေရိကန်သူဌေး၊ ဂျူးသူဌေးဟူ၍ ရှိလေသေးသည်။ ဘယ်သူပိုင်ဘဲဖြစ်ဖြစ်၊ တခုကောင်းတာက ပစ္စည်းရှင် က ကိုယ့်ပိုက်ဆံနှင့်ကိုယ် အိမ်ငှားချစားဘို့ ဆောက်လုပ်ချင်သလို ခိုခိုကပ်ကပ် မပြုလုပ်ရ အိမ်လခ များကျန်အောင် တွက်တွက်ကပ်ကပ် စစ်စစ်စီစီ လုပ်မရ၊ အစိုးရ ကပြဌာန်းထားသော ဥပဒေ အတိုင်း သာ တညီတညာတည်း တည်ဆောက်လုပ်ရသည်။

အိမ်ခြေသုံးလေးရာကို ရပ်ရွာတော့မည်ဟု စလိုက်သည်နှင့်တပြိုင်နက် အိမ်တိုင်းအိမ် တိုင်းအဘို့ ရေအေး ရေနွေး မိလ္လာပိုက်၊ တယ်လီဖုန်းလိုင်း၊ ဓာတ်မီးလိုင်း၊ ချောမွေ့ပြောင်လက် နေသော လမ်းမွာ လမ်းသေး ကအစ လမ်းမကျယ်ကြီးအထိ လိုလေသေးမရှိ၊ အခြေခံ အစပျိုးလိုက် ပြီး နောက်မှ နှစ်ထပ်တိုက် အဆောက် အဦး များကို နှစ်ခန်းတွဲလေးခန်းတွဲ... စသဖြင့် သုံးဘက် ဒေါင့်ချိုး အချိုးကျဆောက်လုပ်ရသည်။

အိမ်သုံးလုံး တချိုး၏အလယ်တွင်၊ လေကောင်းလေသန့်ရှူစရာ၊ မျက်ခင်းပန်းခြံ ခလေးကစားကွင်း၊ အ၀တ်လျှော်စက်၊ အ၀တ်ချောက်စက်၊ အခမဲ့ ထားပေးရသည်။ တအိမ်ထောင်နေသော အခန်း အတွင်းမှာ၊ လျှပ်စစ်မီးဖို နှင့် အိုးအင်ခွက်ရောက် ပန်းကန်-စားစရာရိက္ခာထည့်ဘီရို၊ ပန်းကန်ဆေးခွက်၊ ရေနွေး ရေအေး ပိုက်ပါ၊ တလုံးတစည်းတည်း ပြည့်စုံသော နံရံကပ်ဘီရို၊ သားငါး အသီးအရွက်ထည့်ရန် အအေးသေတ္တာ ဗရယ်ဂျီဒယ် တို့ဖြင့် အသင့်ရှိနေသော မီးဖိုခန်းတခန်းနှင့် အိမ်သာရေချိုးခန်း၊ အိပ်ခန်းဧည့်ခန်း အစုံ ရရှိ သည်။

အခန်းတိုင်း အခန်းတိုင်းမှာလည်း အနွေးငွေ့လွှတ်ပေးထားသော ဟိတာများ ထားရသည်။ အိမ်မှာ တစုံတခု ချို့ယွင်း သည်နှင့် တပြိုင်နက် တယ်လီဖုန်းကို ကောက်ဆက်လိုက်ပါက ဆိုင်ရာက ချက် ခြင်းလာပြင် ပေးရသည်။ မလေးမစားမရှိ၊ ဤနည်းအတိုင်း၊ ဤအင်္ဂါရပ်တို့နှင့် မညီညွတ်ပါက အစိုးရက အရေးယူ လိုက်တော့ သည်။

ဒီလိုအိမ်မျိုး အခန်းတွေကိုလခဒေါ်လာငါးရာတထောင်ရမှ နေနိုင်ကြပေမှာဘဲဟု ထင်စရာဖြစ်သော် လည်း အများ အားဖြင့် တနေ့ ဆယ်ဒေါ်လာလောက် ရသူတွေအနေများသည်။ တနေ့ဆယ်ဒေါ် လာဝင်ငွေ ရှိသူသည် ထို အိမ်ခန်းမျိုးကို နေ၍ ကိုယ်ပိုင်ကားတစီးစီးရှိကြသည်က များပါသည်။

ဤအိမ်မှာနေ ဤကားနင့်အလုပ်သွား စနေ-တနင်္ဂနွေနား။ အဲဒီ လူတန်းစားတွေကား ဘယ်လို လူတန်းစား တွေနည်းဟု သိလို၍ စုံစမ်းသည်တွင် စာရေးစာချီး စားပွဲထိုး၊ ကုန်တိုက်အလုပ်သမား ကုန်ရောင်း စာရေး၊ စက်ရုံအလုပ်သမား၊ ကားမောင်းသူ၊ စက်ပြင်သူ၊ လက်သမား၊ ပန်းရံသမား၊ ဟော်တယ် မိတ် စသော လုပ်စားကိုင်စားတွေဖြစ်ပါသည်။

အောက်ထစ်ဆုံး အလုပ်သမား၏ ၀င်ငွေသည် တနေ့လျှင် ဆယ်ဒေါ်လာရသည်ဟု ဆိုသည်။ မော်တော်ကား ဒရိုင်ဘာ တယောက်ကလည်း တနေ့ ဆယ်ဒေါ်လာနှုံး လက်လုပ်လက်စား၊ ပန်းရံ သမားတို့က ဆယ်ဒေါ်လာ က ဒေါ်လာနှစ်ဆယ်အထိ ပန်းကန်ဆေး ဟော်တယ် စေ-စားပွဲထိုး ထမင်းချက်၊ လျှပ်စစ်လှေကားမောင်း၊ လမ်းဘေး အမှိုက်သိမ်းတို့ကလည်း ဆယ်ဒေါ်လာ ဗမာငွေ ၅၀-ကျပ်နီးပါး ရသူသည်ကား နေ့စားလခထက် အပိုပေး(တစ်) ဘောက်ဆူးကပင် တနေ့ ဒေါ်လာ နှစ်ဆယ်မှ သုံးဆယ်အထိ ရနေပြန်ပါသည်။

လင်ရော မယားရော အလုပ်လုပ်ကြရာမှာ၊ ပန်းကန်ဆေးစားပွဲသိမ်းအလုပ်ပင် လင်ရော မယားပါ ဆိုလျှင် ဒေါ်လာနှစ်ဆယ်ရကြသည်။ တခုတော့ရှိသည်။ သားလုပ်စာ သားမက်လုပ်စာကို ၀ိုင်းညာပြီး စားနေ တတ်သော ယောက္ခမမိဘများ ခယ်မ-ခဲအိုများ မရီးနှင့်မတ်များ မရှိကြပါ။

အပူကပ်လာသော ဆွေမျိုးတသိုက်ကို တလှည့်စီ ကျွေးလွတ်ရသောစရိတ်နှင့် တပတ်တခါ လဲပေး ရသော ဘိုးဘိုးကြီး ဘိုးဘိုးလပ်၊ ဘိုးဘိုးကလေးတို့အတွက် အုန်းသီး-ငှက်ပျောသီး၊ နတ်ကန်တော်ပွဲ ဘိုးတွေက ဖိညှစ်သတ်ထားကြသဖြင့် စာရေးစာချီအစ၊ ဆိုက်ကားဆရာ၊ မြင်းလှည်းဆရာအပါအ၀င် အလုပ်သမား ခမြာ တို့မှာ ဘယ်သောအခါမှ လူမွှေး လူတောင် မပြောင်၊ နလံမထူနိုင်ရှာဘဲ ရေစိမ်ကျွဲကဲ့သို့ တယောက်ထဲ သေတမန် သက်တဆုံး ကုန်းရုန်းရှာဖွေကျွေးနေ ရသူမျိုးလည်းမရှိပါ။

လူကြီးတွေဘက်က ကြည့်လိုက်ဦးမလား၊ မီးယပ်သွေးဆုံးနာကိုင်၍ အိပ်ယာထဲလဲနေသော အမေအို၊ ဒူလာ သွေးဝမ်း သွားနေသော အဖေအို ဆိုဒါမျိုးတွေ မရှိသလောက် ရှား၍ မတော်တဆ ကျိုးပဲ့ ဆွံ့ကန်း နေသူများ မှ တပါး အားလုံး ကျန်းမာတောင့်တင်းကြသည်။ ထို့ကြောင့် ၇၀-ရွယ် အဘိုးအို၊ အဖွားအို များပင်လည်း သားမြေးတို့ လုပ်စာကို အလကားထိုင်စားမနေ နေ့ဝက်ဖြစ်စေ သူတို့နှင့် တန်သော အလုပ် တခုခု ကို ၀င်လုပ်ကြသည်။ သူတို့၏ နေ့ဝက်အခကလည်း သုံးဒေါ်လာမှ ငါးဒေါ်လာအထိ ရကြသည်ဖြစ်ရာ ဘယ်မှာလျှင် လူတိုင်းထိုအိမ်မျိုး၊ ထိုအခန်းမျိုး မနေနိုင်ရှိမည်နည်း။
အိမ်လခ များမှာ တလလျှင် ဒေါ်လာ ငါးဆယ်မှ တရာအထိရှိသော်လည်း အကျဉ်းအကျယ်သာ ကွာ၍ အိမ်အသုံးအဆောင် တယ်လီဖုန်း၊ လျှပ်စစ်မီးဖို၊ အအေးသေတ္တာ၊ အနွေးငွေ့ လွှတ် ' ဟိတာ 'များ ထားပေး ရာ မှာ တစ်နှစ်တည်း ညီတူညီမျှဖြစ်ပါသည်။

သို့နှင့် အမေရိကန် ပြည်ထောင်စု၏ လူတန်းစားတို့ အနေ အထိုင်၊ အလုပ်အကိုင်၊ အဆင့်အတန်းကို အသေးစိတ် ရေးသားရန် အများကြီး ကျန်ရှိနေသေးသော်လည်း နောက်တဖြေး ဖြေးမှဆက်၍ ရေးသား ပါဦးမည်။ ယခုကား ဦးခင်တို့ပြင်ဆင် ကျွေးမွေးမည့် ခေါက်ဆွဲကြော် ၀ိုင်းအကြောင်းကို ရှေးဦးစွာ ကလောင် လှည့်ရန် တာဝန်ကျန်ပါသေးသည်။
ဦးခင် တို့အိမ် ဧည့်ခံတွင်းသို့ ထိုင်မိကြပါပြီ။ သူတို့အိမ်အကျယ်ဝန်းပါ၏။ တလဒေါ်လာ တရာနီးပါး ပေးရ သည်။ စည်ကားလှသော မဟတ်တန်ကျွန်းပေါ်မှာဆိုလျှင် သည် အခနှင့်သည်မျှ ကျယ်ကျယ် မရနိုင်ပါပေ။ နှစ်ထပ်အိမ် ၏ အပေါ်ထပ်မှာ ဖြစ်ပါသည်။ မှန်ပြူတင်းကို တဟလှစ်ထားသဖြင့် ဇာပွင့်လွှာ ခန်းဆီးပါး ကလေးသည် လေကစား၍ တလူလူလွင့်နေပါသည်။ ဘုရားစင်နှင့် ညောင်ရေ အိုးသည် မှန်ပြူတင်း နှစ်ခု ကြား၌ သားနားစွာ တွေ့ရသည်။

မြန်မာပြည်၏ အနုပညာလက်ရာ တရပ်ဖြစ်သော ကျွန်းသားပန်းပုရုပ်၊ ဆင်စွယ်ပန်းပုကလေးများ လည်း ဒေါင့်ကပ်စဉ် နှင့် အချို့သော ပြူတင်းဘောင်တို့အပေါ်တို့တွင် တင်လျှက် မြန်မာဓါတ်ပြားတပြားထဲရှိသော စက်သီချင်း နှင့် ရေဒီယိုအနီးမှာတော့ စာကြည့်စားပွဲကနေ ဒါဒရိုင်ဝါတား ပုလင်းများနှင့် ဘရန်ဒီ၊ ချယ်ရီဝိုင်ပုလင်း၊ ဖလ်ခွက်များလည်း ဒေါ်လုဝစ်တို့ ဧည့် ၀ိုင်းစားပွဲငယ်တွင် အသင့်ပြင်ထားပြီးဖြစ်သည်။

အိပ်ခန်းနှင့်ရေချိုးခန်းတခုသာခြားသော ထမင်းချက်မီးဖိုခန်းထဲမှာတော့ ကြော်ရန် အသင့်လှီးခုတ် ပြင်ဆင် ထားသော ၀က်သား၊ ဘဲသား အတုံးအတစ်များ ခေါက်ဆွဲများ မုန်ညင်ဖြူ၊ ဂေါ်ဖီထုပ်၊ တရုပ်နံနံ၊ ကြက်သွန်ဖြူမြိတ်၊ ငရုပ်ကောင်း၊ ကြက်သွန်၊ ပဲငံပြာရည် စသော ခေါက်ဆွဲကြော်ရာ၌ လိုအပ်သော အမယ်များ ကို လှီးဖြတ်ထားသည်။

ငရုပ်သီးအစိမ်း နှင့် ကြက်သွန်နီ လှီးပြီးသားတွေကိုလည်း သံပုရာနှင့်နယ်ပြီးသား ထိုခဏ၌ ဦးခင် သည် အေးမြခင် နှင့် အတူ လျှပ်စစ်မီးဖိုပေါ်ရှိ ဒယ်အိုးတွင် တရှီရှီစတင်ကြော်လှော်နေလေပြီ။ အိုးသံ ခွက်သံတရှီရှီ ညှော်သံနှင့် အတူ မမတို့ ပူပူနွေးနွေးစားရအောင်လို့ ယောင်းမ တဖက်ကိုင်ရက် အိုးသူကြီး ၀တ်ရုံကို ၀တ်လျှက် က ထွက်ပြော လိုက်သေးသည်။ ညှော်နံ့နှင့် သူ့အပြော ရောနှောလိုက် သောအခါ အမေရိကန် ရောက်နေသည် ကို သတိမရ ရန်ကုန်က တရုပ်တန်းရှိ ခေါက်ဆွဲကြော် ဆိုင်ကို ရောက်နေသလို ထင်လိုက်မိသည်။

ဒေါ်လုဝစ်မှာ ၀ိုင်ဖလ်ခွက်ကိုင်ရင်း ရန်ကုန်က သတင်းစကားတွေကို စိတ်ဝင်စားစွာ နားထောင် လိုက်ရင်း မေးလိုက်ရင်း ရှိနေရာ ဇွန်းခရင်းနှင့် ခေါက်ဆွဲကြော် ပုဂံပြားကို အေးမြခင်က သူ့ရှေ့နား လာချ သွားသည် ကိုပင် စိတ်မ၀င်စား၊ လေတွေသာ အများကြီးပန်းလှက် ရှိလေ၏။

စားလိုက် သောက်လိုက် ပြောလိုက်နှင့် တသောသောရှိနေသည်မှာ ညနေ လေးနာရီလောက်တွင် မှ စခန်းသိမ်း လိုက်ကြသည်။ ဒေါ်လုဝစ်က ကဲ ... ဟိုတယ်သို့ သွားကြပါစို့ ဟု... ဆိုသည်။ ဦးခင်က တိုးတိုး ကပ်၍ သူ့အိမ်မှာ လာနေဘို့ ဘိတ်ခေါ်နေသည်။ ဒေါ်လုဝစ် ငှားထားသော ဟိုတယ်မှ အခန်း၏ အခြေအနေ ကို လိုက်ကြည့်ဦးမည်။ မကြိုက်လျှင် ပြန်၍ ရွှေ့လာပေးပါမည် ... ဟု သူ့ကို နှစ်သိမ့်စေရပါသည်။

ဆက်ရန်
.

No comments: