Saturday, July 3, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၉)

အခန်း (၁၉) ထိုမောင်နှမနှင့် ထိုလောက

နောက်ရက်များမကြာမီမှာပင် စိတ်မချမ်းမြေ့ဖွယ်သော သတင်းတခုကို ထိုနေရာသို့ ရောက်လာခဲ့ ပြန်လေ သည်။
ထိုနေ့ကလည်း အော်ဖီလီယာသည် မီးဖိုခန်းတွင် ရှိနေ၏။ မိန်းမကြီးတယောက်သည် မုန့်တောင်းကို ခေါင်းပေါ် တင်လျက် ရောက်လာသည်။

    "ဟောတော့၊ ပရှုးတယောက် ဘာများဖြစ်ပါလိမ့်"
ဒင်နာ က ဆီးမေးသည်။
    "ပရှုးမလာတော့ဘူးလေ" မိန်းမကြီးက ဖြေသည်။
    "ဘာကြောင့်ပါလိမ့်တော်။ ပရှုးရှိတော့ရှိတေး မဟုတ်လား"
    "ကျုပ်တို့တော့ တေတေချာချာ မတိရပေါင်တော်။ မြေတိုက်ထဲ ထဲ့ထားတယ် ဆိုတာလောက်တော့ တိရတယ်" မိန်းမကြီးက အော်ဖီလီယာကို တချက်လှမ်းကြည့်ပြီး ပြောသည်။

အော်ဖီလီယာသည် အလိုရှိသော မုန့်များကို ယူပြီးနောက် မိန်းမကြီးသည် နေရာမှ ထွက်သွားလေသည်။ ဒင်နာ သည် မိန်းမကြီးနောက်သို့ လိုက်လာခဲ့ပြီး တံခါးဝအရောက်တွင်
    "ပရှုး ဘာဖြစ်လို့လဲဟင်" မိန်းမကြီးသည် ဒင်နာ့အမေးကို ရုတ်တရက် မဖြေနိုင်သလို ဖြစ်နေပြီးမှ လေသံ ဖြင့်
    "ဘဒူ့မှတော့ မပြောလိုက်ပါနဲ့နော်။ ပရှုးရယ်၊ အရက်တေထပ်တောက်တယ်။ အဲဒီတော့ တူတို့က ပရှုးကို ရိုက်နှုက် ပီး မြေတိုက်ထဲထဲ့ထားလိုက်တယ်။ တနေကုန်ဘဲ။ တူတို့ပြောတား အလိုတော့ ယင်ကောင်တေ ကိုက်တာ နဲ့ ပရှုးတေရမယ်ဆိုတာဘဲ" ပြောပြ၏။

ဒင်နာသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွာသည်။ သူ့ဘေးသို့ ဖြတ်ကနဲ လှည့်ကြည့်မိသည်။ မျက်လုံး အပြူးသား နှင့် အလန့်တကြားဖြစ်နေသော အီဗာကို တွေ့လိုက်ရသဖြင့်
"ဖုရားရ၊ အီဗာလေး ဘာဖြစ်တွားပါလိမ့် ဒုက္ခပါဘဲတော်။ ကျုပ်တို့ပြောတာ တူကြားတွားဘီ။ တူအဖေ တာတိရင်တော့ ဒုက္ခပါဘဲ" စိုးရိပ်တကြီး ပြောလိုက်မိသည်။
    "ကျမဘာမှ မဖြစ်ပါဘူး ဒင်နာရယ်။ ကျမကြားကော ဘာဖြစ်သေးလဲရှင်" စိတ်ကိုတင်းပြောသည်။

    "အမယ်လေးတော်။ နားမတောင်ချင်စမ်းပါနဲ့။ ဒါမျိုးဆိုတာ ကြားလို့မကောင်းပါဘူး" အီဗာသည် သက်ပြင်း ချ လိုက်ပြီး အိမ်ပေါ်သို့ လေးကန်ဖင့်နွဲစွာ တက်သွားလေသည်။
အော်ဖီလီယာသည် ဒင်နာ ပြန်ရောက်လာလျှင်ပင် ပရှုးအကြောင်းကို စုံးစမ်းလေတော့သည်။ အတန်ကြာ လျှင်ပင် အော်ဖီလီယာသည် စိန့်ကလဲယားသတင်းစာဖတ်နေရာသို့ ရောက်လာကာ
    "အမယ်လေး၊ ကြောက်စရာမှ တကယ့်ကြောက်စရာပါလား" တအံ့တသြ ပြောလိုက်သည်။

    "ဘာများ ဖြစ်လာရပြန်တာလဲ မမရယ်"
    "ဘာဖြစ်ရမလဲ။ ပရှုးကိုရိုက်ပီး မြေတိုက်ထဲချထားတာ ပရှုးတယောက် သေပါပကောလား"
    "ဒီလိုဘဲ တနေ့ဖြစ်လိမ့်မယ်လို့ ကျနော်အထင်သားဘဲ" သတင်းစာပေါ်မှာ ကျော်၍ လှမ်းပြောသည်။
"ထင်ထားတယ်၊ ဟုတ်လား။ ဒါကိုမင်းတို့ဘာမှ အလုပ်ကြဘူးလား။ ဒီကိစ္စတခုကို ထုလိုထု၊ ချေလိုချေ။ ကျနော် တို့က ဘာတတ်နိုင်မှာလဲ။ ဒါကလဲဒီမိန်းမကြီးကိုက ပိုက်ဆံခိုး၊ အရက်သောက်နေတာဆိုတော့ သူ့ အပေါ် ဘသူကကော သနားနေပါတော့မလဲ မမရယ်"
    "အမယ်လေးဟယ်၊ မင်းတို့ပြောပုံ မရက်စက်လွန်းဘူးလား အောဂတ်စတင်း။ အင်း၊ မင်းတို့တော့ တနေ့ ၀ဋ်လည်တော့မှာဘဲ"

    "ဒီမယ်မမ။ ကျနော်ဘာတတ်နိုင်မှာလဲ။ ရက်စက်တတ်တဲ့လူတွေ ဒီလိုဘဲ လုပ်ကြတာကို ကျနော် ဘာ ၀င်စွက် နိုင်ပါ့ မလဲ။ ဒါမျိုးမှာ ၀င်စွက်ဖက်နိုင်တဲ့ တရားဥပဒေမျိုးလဲမရှိဘူး။ ဒီတော့မမ၊ ကျနော်တို့အဖို့ အကောင်းဆုံး ကတော့ မျက်စီကိုမှိတ်၊ နားကိုပိတ်ပီး ဖြစ်ချင်ရာဖြစ်ပစေ သဘောထားရုံဘဲ ရှိတော့ ပပေါ့ဗျာ"
    "ဘာပြောတယ်၊ ဖြစ်ချင်ရာဖြစ်ပစေ ဟုတ်လား။ မျက်စိတွေနားတွေကို ပိတ်ထားတယ်၊ ဟုတ်လား"

    "ဒီမယ်မမ။ ဒီလူ့အဖွဲ့အစည်းမှာ အများစုဟာ ဆင်ခြင်တုံတရားဆိုတာကိုလဲ လက်ကိုင်ထားတာ မဟုတ်ဖူး။ တဖက်သားကိုလဲ ထဲ့စဉ်းစားကြတာမဟုတ်ဖူး။ ဒီလူတွေဟာ သူတို့အကျိုးကလွဲပြီး ဘာကိုများ ကြည့်တတ် ကြလို့လဲ။ ဒီလိုအသိုက်အ၀န်းမျိုးမှာ ကျနော် မျက်လုံးကို စုံမှိတ်ထားရှံက လွဲပြီး ဘာတတ်နိုင် မှာလဲ"
အော်ဖီလီယာသည် သူ့မောင့်စကားကို မကျေနပ်နိုင်သေူးပေ။

    "ကျနော်ပြောရဲပါတယ် မမ။ တကယ်က ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှလဲ ပြောစရာမလိုဘူး။ ဒီကိစ္စ ကြောင့် စိတ်နှလုံးထိခိုက်စရာလဲ မလိုဘူး။ တကယ်ပါ။ ကျနော်ပြောရဲပါတယ်။ ဒီတနိုင်ငံလုံး မတရားမှုထဲမှာ နစ်နေတဲ့အချိန်မယ် ကျနော်လဲရောပြီး နစ်နေမှာဘဲ။ ကျနော်တို့တရားဥပဒေကိုက ဒီလိုဘဲနိုင့်ထက်ကလူ လုပ်ချင်ရာ လုပ်နိုင်ဘို့ ခွင့်ပေးထားသလို ဖြစ်နေတာဘဲ။ ဒါကိုတွေ့ရတော့ ကျနော်ဟာ ကိုယ့်တိုင်းပြည် ကိုရော၊ လူတွေကိုရော ကျိန်ဆဲပစ်လိုက်ချင်တယ်။

"ဒီတော့ မေးစရာရှိတယ်ပေါ့။ မင်းသိရက်နဲ့ ဒီလိုမကောင်းမှုတွေ၊ စိတ်မချမ်းသာစရာတွေ ပြွမ်းတီးနေတဲ့ နေရာမျိုး ကို ဘာလို့ရောက်လာနေရသလဲလို့။ ဒီအတွက်ကျနော် အဖြေပေးဘို့ အသင့်ဘဲ မမ။
    "ခုကျနော့်မှာ ကျွန်တွေရှိတယ်။ ဒါတွေဟာ မူလက ဘသူပိုင်တာလဲ။ ကျနော့်အဖေပိုင်ခဲ့တာဘဲ။ ကျနော့်အဖေဟာ မူလကဘယ်မှာ နေခဲ့သလဲ။ မမအဖေနဲ့အတူ နယူးအင်္ဂလန်မှာ နေခဲ့တယ်။ မမတို့ အဖေ က ကျ ကျောက်တုံးကျောက်ခဲတွေ အပေါ်မှာမင်းလုပ်ပြီး သဘာဝ အင်အားကို အားထားလုပ်ကိုင်တဲ့ လူမျိုး။

ကျနော့်အမေကကျ ဒီနေရာကို ရောက်လာတယ်။ လူတွေကို အုပ်ချုပ်ကွပ်ကဲပြီး ဒီလူတွေဆီက အင်အားကို ထုတ်ယူတယ်။ အမေကကျ တမျိုး" စိန့်ကလဲယား သည်မတ်တတ်ရပ်ပြီးနောက် အခန်းထောင့်စွန်းက ဓာတ်ပုံ ဆီသို့ ရှောက်သွားသည်။ ဓာတ်ပုံကို စူးစိုက်ကြည့်ယင်း" ကျနော်သိသမျှပြောရရင် အမေဟာ အလွန် အပြစ်ကင်း ခဲ့တဲ့ လူတယောက်ပါ။ အမေနဲ့ပတ်သက်ရင် လူတိုင်းတအောက်မေ့မေ့ ဖြစ်ကြရတာဘဲ။ ဘာဖြစ်လို့လဲ။ အမေဟာတရား တော်နဲ့အညီ နေထိုင်ကျင့်သုံးခဲ့တဲ့ လူတယောက်ဖြစ်လို့ဘဲ" စိန့်ကလဲယား သည် ဓာတ်ပုံကို ကြည့်ရှုလျှက် မိခင်ကို တမ်းတနေပြန်သည်။ ထိုနောက် အော်ဖီလီယာထံသို့ ပြန်လျှောက် လာရင်း သူ့စကားကို ဆက်သည်။

    "ကျနော်နဲ့ အဲလ်ဖရက်ဟာ အမွှာမွေးပါ။ အမွှာမွေးတွေဟာ တယောက်နဲ့တယောက် တူကြတယ်လို့ ဆိုတယ်။ တကယ်တကယ်ကျ နေရာတိုင်းမှာ တခြားစီဘဲ။ ရုပ်သွင်ဏ္ဍာန်ကအစ ဘာများတူတာ ရှိသလဲ။ အမူအရာ ကျတော့ကော။ သူကဘာမဆို စေ့စေ့စပ်စပ် ဖြတ်ဖြတ် လတ်လတ်သမား။ ကျနော်က တွေတွေ ငိုင်ငိုင် နဲ့ အေးတိအေးစက်သမား။ သူက အနုသမား။ အားနဲ့ မာန်နဲ့ဟာများ။ ကျနော့်ကျတော့ ငပျင်း။ ဒီမှာဘဲ ကျနော့်ကို ကွဲလာကြပြန်တယ်။ သူက အဖေ့ အချစ်တော်။ ကျနော်က အမေ့ အချစ်တော်။

    "ကျနော်ကကျ အဖေနဲ့ ပတ်သက်လို့ရော၊ အဲလ်ဖရက်နဲ့ ပတ်သက်လို့ရော စိတ်ထဲမှာ နားလည်လို့ မရဘူး။ သူတို့ဟာ နားလည်မှု မရှိဘူး။ အကြင်နာတရား မရှိဘူးလို့ဘဲ ထင်ခဲ့တယ်။ ကြည့်လေ။ ကျနော်နဲ့ အဲလ်ဖရက်နဲ့ ရန်ဖြစ်ပြီဆိုရင်ဘဲ အဖေက ကျနော့်ကို မကျေမနပ် ဖြစ်တာ ဘဲ။ ဒီအခါတိုင်း ကျနော်အမေ့နား ကပ်ခဲ့ရတယ်။ ဒီအခါမျိုးမှာ အမေ့မျက်နှာထား ဘယ်လိုရှိတယ် ဆိုတာ ကျနော် ဘယ်တော့မှ မေ့ပျောက်လို့ မရဘူး။ အမေဟာ ဖုရားစာကိုဘဲ ရွတ်နေတတ်တယ်။ ဒီအခါတွေမှာ ကျနော့်ရင်ထဲမှာ ဘာဖြစ်နေသလဲ။ ကျနော် မပြောတတ်ခဲ့ဘူး။ အမေ့ရင်ခွင့်ဝင်ပြီး ငိုချလိုက်ဖို့ဘဲ တတ်တယ်။

    "ဒီတုန်းက ခုလို ကျွန်စနစ် ကြီးကျယ်သေးတာ မဟုတ်ဖူး။ ဒီတုန်းက ဘယ်သူမှလဲ ကနေ့ ကြုံရတဲ့ အန္တရာယ် မျိုး ကြုံရမယ်လို့ မထင်ခဲ့ကြသေးပါဘူး မမရယ်။
    "ဒီမယ် မမ။ အဖေဟာ မင်းမျိုး စိုးမျိုး ဆိုတာကိုလည်း သတိထားရလိမ့်မယ်။ သူက ထီးထဲ နန်းထဲမှာ မွေးလာခဲ့တဲ့သူ မဟုတ်လား။ အဖေ့မှာ အထက်တန်းစားညာဉ် အပြည့်ရှိတယ်လို့ ကျနော် ထင်တယ်။ သူ့ဘ၀ တလျှောက်လုံး သူဟာ မင်းမျိုးစိုးမျိုး ဖြစ်တယ်ဆိုတာကို ဂုဏ်ယူလာခဲ့ တာ။

    "ကျနော် ပြောမယ် မမ။ ဒီကမ္ဘာမှာ မင်းမျိုးစိုးမျိုးဆိုတဲ့ လူတွေဟာ သူတိ့လောကကလေး ကွက်ကွက် အပြင်က လူတွေနဲ့ ပတ်သက်ရင် ဘယ်လို ကရုဏာတရားမျိုးများ ထားတတ်လို့လဲ။ အဲ၊ အင်္ဂလန်က မင်းစိုး ရာဇာ တွေ အနေအထားက တမျိုး ဖြစ်ချင် ဖြစ်မယ်။ ဗမာပြည်မှာ တမျိုး ဖြစ်ချင်ဖြစ်မယ်။ အမေရိကန် မှာ တမျိုး ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် အမ။ မင်းမျိုးစိုးမျိုး ဖြစ်တယ်ဆို တာမှ ကျ အတူတူဘဲ။ ဒီလူတွေမှာက သူတို့လူချင်းကလွဲရင် ကျန်တဲ့လူတွေကို လူထင်တတ်ကြ တာမှ မဟုတ်ဘဲ။ ဒါဘဲ အမ။ အဖေဟာ ဒီ စိတ်ဓာတ် မျိုးနဲ့ နီးဂရိုးတွေကို လူနဲ့ တိရစ္ဆာန်ကြားက တဆင့်မှာရှိတဲ့ သတ္တ၀ါတွေလို့ မှတ်ယူတာကိုဘဲ သူလျှော့ပြီး မှတ်ယူတာလို့ သဘောထားတဲ့ လူမျိုး။

ပြီးတော့ အဖေမှာက ဘာသာရေး အစွဲအလမ်းရယ်လို့ ဘာမှ ရှိတာ မဟုတ်ဘူး။ ရိုးရိုးပြောရ ရင် အထက် တန်းစားထဲမှာ ခေါင်ဆိုတဲ့ လူမျိုးကို ယုံထားတဲ့ လူတယောက်အဖို့ ဖုရားသခင်ရဲ့ မြင့်မြတ်မှုထက် မြင့်မြတ် တယ်လို့ ယူဆမယ်ဆိုလဲ မဆန်းဘူးပေါ့ မမရယ်။
    "ဒီလို ကျနော့်အဖေဟာ ကျွန်ငါးရာလောက်နဲ့  အလုပ်လုပ်လာခဲ့တယ်။ ဒီကျွန်တွေကို အဖေ ဘယ်လို ဆ်ကဆ်ံတယ်ဆိုတာ ဘာပြောစရာလိုသေးသလဲ။ ဒါတွေကို မြင်တွေ့လာခဲ့ရတဲ့၊ ဘာမဆို စိတ်ထိခိုက်လွယ်တတ်တဲ့ ကျနော့်လိုလူမျိုးဟာ ဘယ်လိုနေမလဲ။

    "ဒါတွေ ထားပါလေ။ ကျနော် ဥပမာကလေးတခု ပြောမယ်။ ဒီတုန်းက အဖေ့မှာ အလုပ် သမားလေး တယောက် ရှိတယ်။ အဲဒီလူဟာ တကယ့်ကို ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း သမားဘဲ။ ဒီလူနဲ့ ပတ်သက် လို့ အမေဟာ နည်းနည်းကလေးမှ သဘောတွေ့ခဲ့တာ မဟုတ်ဘူး။ အဲ၊ အဖေကကျ အလုပ် တခုလုံး သူ့လွှဲထားလိုက်တာဘဲ။ ကျနော်တို့ တခြံလုံးမှာ ဒီလူဟာ တကယ့် ဘုရင်ပေါ့ဗျာ။

    "ဒီတုန်းက ကျနော် ငယ်ပါသေးတယ်။ ဒါပေမယ့် ကျနော်ဟာ လူတွေနဲ့ ပတ်သက်ရင် သနားတတ်တယ်။ လူတွေမှာ ရှိသင့်တဲ့ သဘောထား စိတ်ထားမျိုး ရနိုင်အောင် ကြိုးစားနေတဲ့ လူမျိုးဘဲ။ ဒီတော့ ကျနော်ဟာ ခြံထဲက ကျွန်အလုပ်သမားတွေကို ဆက်ဆံတယ်။ ဒီလူတွေနဲ့ ရောရောနှောနှော နေတယ်။ ဒီအခါမှာ သူတို့ အနှိပ်စက် အညှဉ်းဆဲခံရတာတွေ၊ ဆင်းရဲ ဒုက္ခ ရောက်ကြရတာတွေကို ကျနော် ကြားရတယ်။ မြင်ရတယ်။ ဒါတွေကို ကျနော် အမေ့ကို ပြန်ပြော တယ်။ ဒီမှာဘဲ ပြဿနာဆိုတာ ပေါ်ရော။ အမေဟာ အဖေတို့ နိုင့်ထက် ကလူ ပြုနေတာတွေကို ၀င် ပြောမိတယ်။ ဒီတော့  အဖေ ဘာပြောတယ် မှတ်သလဲ။ အမေ့ကို သူ့ အလုပ်ထဲ ၀င်မရှုပ်ဖို့ အပြတ် ပြောခဲ့တယ်။ သိပါတယ် မမ။ ဒီတချိန်မှာတော့ အမေလိုလူ မပြောနဲ့၊ ဖုရားသခင် ရဲ့ မယ်တော် ကိုယ်တိုင် အဖေ့အလုပ်ထဲ ၀င်ပြီးပြောလာရင်တောင် အဖေဟာ အမေ့ကို တင်းတင်း ပြတ်ပြတ် ပြောသလို ပြောမှာ အမှန်ပဲ။

    "အမေဟာ ဒီကထဲက အဖေနဲ့ ပတ်သက်လို့ လက်လျှော့လိုက်တယ်။ ဒါပေမယ့် သူ့ကလေးတွေကို သူ့ စိတ်တိုင်းကျ ပုံသွင်းအုံးမယ်ဆိုတဲ့ သဘောရှိသပေါ့။ ဒါပေမယ့် မမ။ အဲလ်ဖရက်ကျတော့ မွေးကထဲက မင်းစိုးရာဇာ စိတ် ပါလာတာ။ ဒါကို အမေ သိတယ်။ ဒီတော့ အဲလ်ဖရက်နဲ့ ပတ်သက်လို့ကျ အမေဘာ အားထားစရာ ရှိသလဲ။ ဒါပေမယ့် အမေဟာ ကျနော်နဲ့ ပတ်သက်လို့တော့ အများကြီးပဲ မျှော်လင့် ထားခဲ့တယ်။ မှတ်မိသေးတယ် မမ။ အဲဒီတုန်းက အမေ ကျနော့်ကို ပြောခဲ့တဲ့ စကား။ "ဒီမယ် သား။ ဟောဒီ ကမ္ဘာပေါ် မှာ ကြယ်ပွင့်ကလေးတွေ ပျောက် သွားအုံးတော့ အဆင်းရဲဆုံး၊ သနားစရာ အကောင်းဆုံး လူတွေတော့ ရှိနေကြလိမ့်အုံးမယ် ထင်ပါရဲ့ ကွယ်"တဲ့"

    စိန့်ကလဲယားသည် သူ့အမအနီးကြမ်းပြင်တွင် ပက်လက်လှန် လှဲချလိုက်သည်။ စကားစ ကို ဖြတ်ထားပြန်သည်။ အတန်ကြာမှပင် သူ့စကားကို ဆက်သည်။
    "ဒီနေရာမှာ ကျနော့် အဖေနဲ့ မမတို့အဖတို့ တခါယှဉ်ကြည့်အုံး။ သူတို့ဟာ ညီအကိုဘဲ။ မမ အဖေဟာ ဗားမောင့်မှာ နေတယ်။ ဗားမောင့်မှာ နေတယ်ဆိုတော့ လွတ်လပ်တယ်။ တန်းတူး ညီမျှ တယ်ဆိုတဲ့ အသိုက် အ၀န်း မှာပေါ့။ ဒီတော့ မမတို့ အဖေဟာ ကျွန်စနစ်ကို တိုက်ဖျက်ရေးအဖွဲ့နဲ့ ဆက်သွယ်တယ်။ ပြီး ဖုရားကျောင်း မှန်မှန်သွားတယ်။ ဒါပေမယ့် မမ။ ကျနော် ပြောရဲတာ တခု ရှိ ပါတယ်။ မမ အဖေဟာ ဒီ ဒီမိုကရေစီ ခေတ်ကြီးမှာ ဒီမိုကရေစီ သဘောတရားကို သက်ဝင်ယုံကြည် တယ်ပဲ ထားအုံး။ ကျွန်လေးငါး ခြောက်ရာကို အုပ်ချုပ်ပြီး အလုပ်လုပ်နေတဲ့ ကျနော့်အဖေလို မင်းစိုးရာဇာစိတ်ကတော့ သူ့မှာ ရှိနေတာပဲ"

    ထိုစကားကြောင့် အော်ဖီလီယာသည် တခုခုဝင်ပြောမည့်ဟန်ဖြင့် ထိုးလက်စဇာထိုးအပ် ကို အောက်သို့ ချလိုက်သည်။
    "နေအုံးမမ။ ကျနော့် စကား ဆုံးအောင် နားထောင်ပါအုံးလေ။ မမ ဘာပြောမယ်ဆိုတာ ကျနော် သိပါတယ်။ တကယ်တန်း သူတို့နှစ်ယောက်ကို တူတယ်လို့ ကျနော်ပြာချင်တာ မဟုတ်ပါ ဘူး။ တခုထဲပါ မမ။ ဒီလူ နှစ်ယောက်ဟာ အခြေအနေတခုစီ၊ ကွဲပြားနေတဲ့ နေရာတခုစီမှာ နေနေ ခဲ့ကြလို့သာကိုး။ ဒီလို မဟုတ်ဘဲ နှစ်ယောက်စလုံးသာ လူစီယားနားမှာ နေပြီး တနက်ခင်း ထုပ်ကြ မယ်ဆိုရင်တော့ ရှင်းပါတယ် မမရယ်။ ဒီပုတ်ထဲကပဲဟာ ဒီပဲပါဘဲ"

    "ဟင်၊ မင်း အတော်တာဝန်မယ့်စကား ပြောနေပါကောလား အောဂတ်စတင်း"
    "ဒါ ကျနော် အဖေ့ ကိုရော၊ ဦးကြီးကိုရော မလေးမစား ပြောနေတာ မဟုတ်ဘူး။ ခု ကျနော် ပြောချင် တာက ကျနော့် အကြောင်းဘဲ။ ဒီအတွက် ကျနော် ဒါကို ပြောနေရတာ မမ။ ကဲ အဖေ သေတယ် ဆိုရင်ပဲ ပစ္စည်းအားလုံးဟာ ကျနော်တို့ ညီအကို  လက်ကျန်ခဲ့တယ်။ ဒါပေမယ့် ကျွန်ခုနှစ်ရာကို အုပ်ချုပ်တဲ့ လူတယောက်အဖြစ် ကျနော် ဘယ်မှာ လာပြီး စိတ်ချမ်းသာမှာလဲ။ အဲလ်ဖရက်ကကျတော့ ရတယ်လေ။ သူက ဒီကျွန်တွေကို ဘယ်လို အုပ်ချုပ်ရမယ်။

ဘယ်လို လုပ် ရမယ်ဆိုတာ သိပြီးသားဘဲ။ သူကကျ ကျွန်တွေကို နှိပ်စက်တာ ညှဉ်းပန်းတာ မှန်တယ်လို့ ထင် ထားတယ်။ ဒါဟာ ဘာမှ မဆန်းဘူးပေါ့။ အင်္ဂလန်မှာ အရင်းရှင်တွေ၊ ပဒေသရာဇ်တွေ၊ မင်းစိုးရာဇာ တွေ အောက်တန်းစားတွေကို နှိင့်ထက်ကလူ လုပ်ကြသလို၊ အမေရိကမှာလဲ လုပ်တာပဲလို့ သူ ယုံထားပုံ ရတယ်။ ကြည့်လေ။ သူပြောပုံက။ သူတို့လုပ် အထက်တန်းစားတွေ စည်းစိမ်ချမ်းသာနဲ့ နေနိုင်ဖို့ အတွက် အောက်တန်းစားတွေဟာ တိရစ္ဆာန်တွေလို အမှုထမ်းရမှာဘဲတဲ့"

    "ဒါပေမယ့် အင်္ဂလန်နဲ့ကတော့ တခြားစီပါကွယ်။ အင်္ဂလန်မှာ အလုပ်သမားတယောက်ကို ရောင်းမပစ်ကြပါဘူး။ အဲဒီလို အလုပ်လုပ်တဲ့ လူတွေကိုလဲ ကုန်ကူးမပစ်ဖူး။ သားတကွဲ မယားတကွဲ ဖြစ်အောင်လဲ မလုပ်ဖူး။ ရိုက်နှက်ညှဉ်းဆဲတာလဲ မရှိဘူး"

    "ဒါကတော့ ဒီလိုပါ မမ။ ကျွန်ပိုင်တယောက်က သူ့ကျွန်တယောက်ကို ရိုက်တယ်၊ သေတဲ့ အထိရိုက်တယ်။ အဲ၊ အရင်းရှင် တယောက်ကကျ အလုပ်သမားတယောက်ကို သေအောင် အငတ် ထားတယ်။ ကဲ ဘာထူး သလဲ။ တခါ သားတကွဲမယားတကွဲဆိုတဲ့ ကိစ္စကျတော့ကော။ ပိုပြီးတောင် ပြောရဘို့ ခက်သေးတယ်။ ကျွန်ပိုင် က ခလေးကို မအေနဲ့ခွဲပြီး ရောင်းပစ်တယ်။ အဲ၊ အရင်းရှင် လောကမှာကျ ဒီခလေးဟာ အိမ်မှာဘဲ နေရင်း ငတ်လို့ သေရတယ်။ ဒီတော့မယ် မမ။ ဘာထူး သလဲ။ ဒီမှာကလဲ ကိုယ်ကျိုးအတွက် ကျွန်တွေကို ရောင်းကြ ၀ယ်ကြတယ်။ ခိုင်းကြစေကြတယ်။ ဟိုမှာ ကျတော့ကော၊ ကိုယ်ကျိုးအတွက် ခိုင်းကြစေကြတယ်။ ဒီလူ တွေဟာ အဲဒီကျွန်တွေ အလုပ် သမားတွေအတွက် ဘာများ ကြည့်ကြလို့လဲ"

    "ငါတော့ ဒီလိုမမြင်ဘူး"
    "ကောင်းပြီ။ ကျနော်ဟာ အင်္ဂလန်အနှံ့ ရောက်ဖူးခဲ့တဲ့ လူပါ မမ။ ဟိုမှာ ဆင်းရဲသားတွေ ဘယ်အခြေရှိတယ်။ ဘယ်လောက်များတယ်ဆိုတာ ကျနော် လေ့လာခွင့် ရခဲ့ပါတယ်။ ဒီတော့ အဲလ်ဖရက် ပြောတာကို စဉ်းစားကြည့်။ သူ့ အဆိုကတော့ အင်္ဂလန်က ဆင်းရဲနွမ်းပါးနေတဲ့ လူများ စုကြီးနဲ့စာရင် သူ့ကျွန် တွေက တော်ပါသေးတယ်တဲ့။ ဒီမယ် မမ။ အဲလ်ဖရက်ဟာ ကျွန်တယောက် ကို အမဲကောင်လို ပစ်သတ်ချင် သတ်မှာပဲ။ ဒါပေမယ့် အဲဒီကျွန်တယောက်ကို သူ ၀၀ ကျွေးတယ်။ ကောင်းကောင်းထားတယ် ဆိုတာကိုပဲ သူက ဟုတ်လှပြီ ထင်တာ"
    "ကဲပါလေ၊ ဒါထားပါ။ မင့်းအကြောင်းဘဲ ဆက်စမ်းပါအုံး"

    "ဒါပါပဲ။ ဒီညီအကိုနှစ်ယောက် အတူဆက်ပြီး လုပ်လို့မရတဲ့ အခြေဆိုက်လာတာဘဲပေါ့။ အဲလ်ဖရက်ကိုယ်တိုင်က ကျနော့်ကို စိတ်ပျက်လာတယ်။ နောက်ဆုံး ကျနော်တို့ အမွေခွဲလိုက် တယ်"
    "ဒါနဲ့တောင် မင့်းကျွန်တွေကို မင်း ဆက်ထားတယ်"

    "ဒါက ဒီလိုရှိတယ် မမ။ ဒီလူတွေဟာ ကျနော်နဲ့ သံယောဇဉ် ငြိနေပြီ။ ပြီးတော့လဲ ဒီလူတွေနဲ့ဘဲ ကျနော် ရှေ့ဆက်စခန်းသွားရအုံးမှာဘဲ။ ဒါ့ကြောင့်လဲ ကျနော် သူတို့နဲ့ ပတ်သက်လို့ ဘာမှ မစဉ်းစားချင်ဘူး၊ ဘာမှ မတွေးချင်ဘူး ပြောနေတာဘဲပေါ့ မမ။ ရှင်းရှင်းလေးပါ။ အခြေအနေ က ဆုပ်စူး၊ စားရူးဘဲ။ အင်း၊ တခုပဲ မျှော်လင့်ရတယ်။ ကျနော်တို့ နိုင်ငံမှာ နောက်ပေါက်ပွားလာ မယ့် မျိုးဆက်တဆက်ကို စနစ်တကျ ပညာသင် ပေးမယ်ဆိုရင်ပေါ့လေ။ ဒါဆိုရင်တော့ အခြေအနေ တွေဟာ ရှင်းသွားမှာဘဲ။ အဲဒီလိုမှ ကျနော်တို့ဟာ ကျနော် တို့ရဲ့ သားသမီးတွေကို လွတ်လပ်ခွင့် မပေးနိုင်ဘူး၊ စနစ်တကျ ပညာသင်ကြားမှု မပေးနိုင်ကြဘူးဆိုရင်တော့လဲ တမျိုးဘဲ"

    "ဒါဖြင့် ဒီပြဿနာဟာ ဘယ်လုအဆုံးသတ်မယ်လို့ မင်းထင်ထားလို့လဲ"
    "ဒါက မမ။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာဘဲ။ ဒီက ပြဿနာတွင် မဟုတ်ဘူး။ လူတန်းစားပြဿနာဟာ ဥရောပမှာလဲ ရှိတာဘဲ။ အင်္ဂလန်မှာလဲ ရှိတာဘဲ။ အမေပြောသလိုဘဲပေါ့ မမရယ်။ တချိန်မှာ ခရစ်တော် ရောက်လာ အုပ်ချုပ်မှာဘဲ။ ဒီအချိန်ကျမှ လူတွေဟာ လွတ်လပ် ပျော်ရွှင်ကြမှာဘဲတဲ့။ အမေ ကျနော့်ကို ငယ်ငယ်က ပြောတဲ့ဟာလေ"
    "အင်း၊ ဒီလိုဆိုတော့လဲ ငါ့မောင်က ဘယ်ဆိုးလို့လဲ"

    "ခုလို မမယူဆရင်တော့ ကျေးဇူးပါဘဲဗျာ။ ဒါပေမယ့် ကျနော့်မှာကျတော့ သဘော တရားက ကောင်းကင်ဘုံ၊ အင်း၊ လက်တွေ့ ကျတော့ မြေပြင်ကဖုန်းထဲ သဲထဲမှာ။ ဟော၊ လဖက်ရည် ပွဲတောင် ပြင်ပြီးပြီ တဲ့။ တော်ကြစို့ မမရယ်"
    ဦးလေးတွမ်ကမူ သူ့သခင်မ မစ္စက်ရှယ်လဗီသည်၎င်း၊ သူ့သခင်ကလေးဂျော့သည်၎င်း တနေ့နေ့တွင် သူ့ကို ပြန်လည်ရွေးယူလာမည်ဟု မျှော်လင့်သည်။ ထို့ကြောင့် သူ့အိမ်သို့ စာရေးဘို့ စိတ်ကူးရသည်။ သို့ဖြင့် အီဗာ့ ဆီမှ စာရွက်တရွက်ကို တောင်းသည်။ ပြီးလျှင် စာရေးဘို့ ကြိုးစားရ သည်။ သို့သော် သူ တကယ်တမ်း စာလုံး ပီပီသသ ဖြစ်ဖြစ်မြောက်မြောက် မရေးတတ်သေး။
    ဦးလေးတွမ့်အဖြစ်ကို မြင်ရသောအခါ အီဗာနားမလည်။

    "သခင်မက သူ့မှာ ပိုက်ဆံ ရှိလာတာနဲ့ ကျုပ်ဆီကို ပိုက်ဆံပို့လိုက်မယ်တဲ့။ သူတကယ်ပို့ မှာဘဲ အီဗာ။ ပြီးတော့လဲ သခင်လေး ဂျော့က သူလာခဲ့မယ်တဲ့။ ကျုပ်ကိုတောင် ပိုက်ဆံတွေ ပေးလိုက်သေးတယ်ကွယ့်" တွမ် သည် အီဗာ့အား ဂျော့ပေးလိုက်သော ပိုက်ဆံများကို ထုတ်ပြ သည်။

    "ဟုတ်တယ်၊ သူလာမှာဘဲ ဦးလေးတွမ်"
    "အဲဒါကြောင့် ကျုပ်ခုဘယ်မှာ ရောက်နေတယ်ဆိုတာ သူတို့သိရအောင် အဖွားကြီး ချလို့ ဆီကို ကျုပ်စာရေး ချင်တယ်"
    ထိုအခိုက်မှာပင် တံခါးဝသို့ စိန့်ကလဲယား ရောက်လာကာ
    "ဟေး တွမ်ရေ" ခေါ်သံကြောင့် တွမ်ရော အီဗာါစိန့်ကလဲယားအား လှမ်းကြည့်မိသည်။ "ဘာတွေ လုပ်နေကြတာလဲကွ" စိန့်ကလဲယားသည် ဦးလေးတွမ် စမ်းသပ်ရေးသား နေသော ကျောက်သင်ပုန်းနားသို့ သွားရောက် ငုံ့ကြည့်ရင်း မေးပြန်သည်။ "ဦးလေးတွမ် စာရေးနေတာ ဖေဖေ။ အဲဒါကို သမီးက ကူပြီး ပြောပေး နေတာ။ ကြည့်စမ်းဖေဖေ။ ရေးထားတာက မလှဘူးလား။
    "လှပါတယ်ကွယ်။ ကဲ တွမ်။ မင်း စာပြီးတော့ ငါရေးပေးမယ်။ ခု ငါ့ကို မြင်းပြင်ပေးပါအုံးကွ။"

    "စာက သိပ်အရေးကြီးတာ ဖေဖေ။ ဦးလေးတွမ်က ပြောတယ်။ သူ့သခင်မက သူ့ဆီကို ငွေပို့ပြီး သူ့ကို ပြန်ရွေးမှာတဲ့"
    ဤသို့ပင် သဘောကောင်းသော မလွှဲမရှောင်သာ ရောင်းရသည့်အခါမျိုး၌ ပြောဆို ကတိ ပေးတတ်ကြသည် ဘဲဟု စိန့်ကလဲယား အထင်ရောက်လေသည်။ ထို့ကြောင့် သူသည် သမီးထံမှ စကားနှင့် ပတ်သက် ၍ ဘာထင်မြင်ချက်မျှ မပေးတော့ပေ။

အခန်း (၂၀) ဆက်ရန်
.

1 comment:

လသာည said...

စိန့်ကလဲယား စကားတွေက ဒီတခါ ခေါင်းထဲမှာ မွှေနှောက်သွားသလိုပဲ..။

အီဗာနဲ့ ဦးလေးတွမ်ပဲ သနားတယ်။