Thursday, July 1, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၇)

အခန်း (၁၇) ရုန်းကန်တိုက်ခိုက်ခြင်း

ညနေစောင်းပေပြီ။
    ရတ်ချယ်ဟာလီဒေးသည် အခန်းတွင်း၌ လူးလာခေါက်တုံ့ရင်း အလုပ်များနေသည်။ သူ သည် မကြာမီ ခရီးထွက်ခွာကြမည့် ဂျော့တို့သားအမိသားအဖအတွက် လိုအပ်ရာရာ ပစ္စည်းများကို စုဆောင်းထုပ်ပိုးနေခြင်း ဖြစ်သည်။
    ညနေစောင်းအရိပ်များသည် အရှေ့ဖက်တခွင်သို့ ဖြန့်ကြက်လာပြီ ဖြစ်၏။  နေလုံးသည် အနောက်ဖက် ကောင်းကင်၌ တွဲလွဲခိုနေ၏။ အခန်းတွင်း၌ နေရောင်ဖျော့ဖျော့ ကျဆင်းနေသည်။ ထိုအခန်းတွင်း၌ ဂျော့တို့ မိသားစု ရှိသည်။

    "ဟုတ်တယ်အယ်လီဇာ။ မင်းပြောတာတွေဟာ အမှန်ချည်းဘဲ။ မင်းပြောသလို ဖြစ်လာ အောင် ကိုယ်ကြိုးစား ရလိမ့်မယ်။ ခရစ်ယန်တယောက်လို ဖြစ်လာအောင် ကိုယ်အားထုတ်ရလိမ့် မယ်။ ကိုယ်ဟာ ဖြစ်ပြီးခဲ့ သမျှတွေကို မေ့ရမယ်။ ခံစားခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို မေ့ပြီး ရှေ့မှာ လူကောင်း သူကောင်း တယောက် ဖြစ်လာအောင် ကြိုးစားရမယ်"
    "ကနေဒါ ရောက်ရင် ကျမလဲ ရှင့်ကို ကူနိုင်မှာပါ ဂျော့ရယ်။ ကျမ အ၀တ်လဲ ချုပ်တတ် တယ်။ အ၀တ်ဖွပ် မီးပူတိုက် ကအစ ကျမ ကောင်းကောင်း လုပ်နိုင်တယ်။ ကျမတို့နှစ်ယောက် နေရေးထိုင်ရေးအတွက် တခုခု တော့ ဖြစ်ရမှာပေါ့"

    "ဟုတ်တယ် အယ်လစ်ဇာ။ လူတွေအဖို့ ခုလို သားရယ် မယားရယ် ပိုင်ဆိုင်ရတာကိုက ဂုဏ်ယူစရာ မဟုတ်လား။ တခါတခါတော့ တချို့လူတွေနဲ့ ပတ်သက်လို့ ကိုယ် အံ့သြတယ်။ သားရယ် မယားရယ်ဆိုတာ ရှိလျက် နဲ့ သူတို့အဖို့ ဒီသားဒီမယား ကလွဲပြီး တခြားကိစ္စတွေအတွက် ပူပန်ကြောင့်နေကြသလိုဘဲ။ စဉ်းစားကြည့် အယ်လစ်ဇာ။ တကယ်က ကိုယ့်မှာ ဘာရှိသလဲ။ 

လက်ချည်း သက်သက်ပဲ။ ဒါပေမယ့် ကိုယ်ဟာလေ အချမ်းသာဆုံး၊ အသန်စွမ်းဆုံး လူတယောက် လို့ ထင်နေတယ်။ တကယ်ကတော့ ခုဆို ကိုယ် နှစ်ဆဲ့ငါးနှစ် ထဲ ရောက်ပြီ။ တနေ့မှ မနားရအောင် အလုပ် လုပ်ခဲ့ပါရဲ့။ ဒီအတွက် ကိုယ်တပြားမှ မရခဲ့ဘူး။ နေစရာရယ်လို့လဲ မရှိခဲ့ဘူး။ ကိုယ်ပိုင် မြေ ရယ်လို့လဲ တကွက် ကလေးမှ မရှိခဲ့ဘူး။ ဒါပေမယ့် ကိုယ် ကျေနပ်တယ်။ ကိုယ် အလုပ်လုပ်ရမယ်။ မင်းတို့ သားအမိ အတွက် ကိုယ် အလုပ်လုပ်ရမယ်"

    "ဒါပေမယ့် ကျမတို့အဖို့ ဘေးကင်းပြီလို့ မဆိုနိုင်သေးဘူး ဂျော့"
    "ဒါတော့ ဒါပေါ့။ ဒါပေမယ့် လွတ်မြောက်လမ်း တွေ့ပြီး မဟုတ်လား။ ကိုယ် မကြောက် တော့ဘူး အယ်လစ်ဇာ"
    ထိုအခိုက် အပြင်ဖက်မှ စကားပြောသံများကို ကြားရ၏။ မရှေးမနှောင်းပင် တံခါးခေါက်သံ ကို ကြားရသည်။ အယ်လစ်ဇာသည် ရုတ်တရက်တွင် လန့်သွားသေးသည်။ ထို့နောက် တံခါး ဖွင့် ပေးလိုက် သည်။

    ဆီမြွန် ဟာလီဒေးနှင့်အတူ ဖင်းနီးယား ဖလက်ချာတို့သည် အခန်းတွင်းသို့ ၀င်လာကြ သည်။ ဖင်းနီးယား ဖလက်ချာ သည် ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်း ဖြစ်သည်။
    "ဒို့များ မိတ်ဆွေ ဖင်းနီးယားက သင်တို့နဲ့ ပတ်သက်လို့ သတင်းထူး ကြားလာသတဲ့ကွယ့်"
    ဆီမြွန်က စကားဦး သန်းသည်။

    "ဟုတ်တယ်ကွယ့်။ ကျုပ် ညက လမ်းဘေးဆိုင် တဆိုင်မှာ ခရီးပန်တာနဲ့ ၀င်ပြီး တည တည်းပါတယ်။ အဲဒီမှာ ကျုပ်လူတချို့နဲ့ တွေ့ခဲ့တယ်။ အမှန်က ကျုပ်မောမောနဲ့ အိပ်ပျော်နေပါပြီ။ တနာရီ နှစ်နာရီ အကြာ မှာ ထင်တယ်။ ဆူဆူညံညံ လူသံတွေ ကြားလို့ နိုးလာတယ်။ သူတို့က ကျုပ်တို့ လက်ကာ တွေအကြောင်း ပြောနေတာကလား။

    "ပြောနေကြတာကတော့ သင်တို့လင်မယား သားအမိရယ်၊ နောက်ပြီး ထွက်ပြေးသွားတဲ့ နောက်ထပ် ကျွန်သားအမိရဲ့ အကြောင်းရယ်ကို ပြောနေကြတာဘဲ။ အဲ၊ အဲဒီလူတွေကို ကျုပ်တို့ လတ်ကာတွေက လက်ခံထားသပေါ့။ အဲဒါ ဒီညအမှန်ဘဲ သင်တို့ ခရီးဆက်မှာဘဲဆိုတာ  သူတို့ သိတယ်။ လမ်းကိုလဲ သိထားတယ်။ အဲဒါ ဒင်းတို့ ဒို့နောက်ကိုလိုက်မှာ အမှန်ဘဲလ
    ဖင်းနီးယားက သူ ကြားလာခဲ့သည့်အကြောင်းကို ပြောပြသည်။

    "ဒီလိုဆို ကျမတို့ ဘယ်လိုလုပ်မလဲဟင် ဂျော့" အယ်လစ်ဇာအသံသည် တုန်တုန်ယင်ယင် ဖြစ်နေ၏။
    "ကိုယ်ကတော့ ဘာလုပ်ရမယ်ဆိုတာ သိပြီးသားဘဲ အယ်လစ်ဇာ" ခါးကြားက ခြောက်လုံး ပူးကို စမ်ျးက် ပြောသည်။
    "အေး၊ ဟုတ်ပဟေ့။ ဗျို့၊ ဆီမြွန်။ ကြည့်ပေတော့ဗျို့။ ဖြစ်မှာတွေကတော့ ဟုတ်နေပေါ့ဘဲ"
    "ဟုတ်တယ်ဖင်းနီးယား။ ကျုပ်တော့ ပစ်လားခတ်လား မဖြစ်ကြဖို့ဘဲ ဆုတောင်းနေရတော့ တာဘဲ"

    "ကျနော့်သဘောကတော့ ခုကိစ္စမှာ အကိုတို့ ဒုက္ခမရှာစေချင်ပါဘူး။ ကျနော်တို့အတွက် လှည်းငှားပါ။ လမ်းပြပါ။ ကျနော်တို့ ဖာသာ သွားပါမယ်။ ခု ကျနော်တို့နဲ့အတူ ပြေးမယ့် သားအမိမှာ ဂျင်ဟာလဲ အစွမ်းရှိတဲ့ လူတယောက်ပဲဟာ" ဂျော့က သူ့သဘောထားကို ရှင်းပြသည်။
    "သို့ပေမယ့် မဖြစ်သေးဘူးကွယ့်။ သင်တို့ ပစ်ဖို့ခတ်ဖို့ ၀န်လေးပေမယ့် ဒီလမ်းအတိုင်း လှည်းမောင်း ဘို့ ကကျ မဖြစ်နိုင်ဘူးကွယ့်" ဖင်းနီးယားက ရှင်းပြသည်။
"ကျနော်ကတော့ ခုကိစ္စမှာ အကိုတို့ ပြဿမတက်စေချင်လို့ပါ"

"ပြဿနာ၊ ဟုတ်လားကွယ့်။ ဘာပြဿနာလဲ။ လုပ်စရာရှိတာလုပ်တာဘဲဟာ" ဖင်းနီးယားက ပြောလိုက် သည်။
ဆီမြွန်သည် ဂျော့အနီးသို့ရောက် လာပြီး ဂျော့၏ပခုံးတွင်လက်တင်၍
"ဖင်းနီးယားဟာ လူတော်တယောက်ပါ ဂျော့။ အစစအရာရာ ချောချောမောမောဖြစ်အောင် သူစီစဉ် လိမ့်မယ်။ ဒီတော့" ခြောက်လုံးပူးများကို လက်ညှိုးညွန်လျက် "စိတ်လိုက်မာန်ပါ အလုပ်ပါနဲ့ပေါ့ ကွယ်။ ငယ်တဲ့လူ တွေဆိုတော့ သွေးကဆူလွယ်ပါဘိသနဲ့"ဖြောင်းဖြစကား ပြောသည်။

"ကျနော်ဘသူ့ကိုမှပစ်လား ခတ်လားရန်မူလားမလုပ်ချင်ပါဘူး။ ကျနော်ဒီကနေ အေးအေးချမ်းချမ်း ထွက်သွားရရင် ပီးတာဘဲ။ ဒါပေမယ့် ကျနော့်မယားနဲ့သားကို ဒင်းတို့ဖမ်းလားဆီးလား လုပ်မယ်ဆိုရင်တော့ ကျနော် ကို အကိုတို့ အပြစ်တင်ကြမှာလား"
"လူတွေဟာ သွေးနဲ့ကိုယ်သားနဲ့ကိုယ်ဘဲကလား။ အေးလေကမ္ဘာကြီးမှာ စတင်တိုက်ခိုက်တဲ့လူတွေ ရှိလာလို့လဲ စိတ်မချမ်းသာစရာတွေပေါ်ပေါက်ကြရတာပဲ"
ထို့နောက်သူတို့သည် ဤနေရာမှ ထွက်ခွာကြရန် စီစဉ်ကြ၏။ အားလုံးသောအစီစဉ်များကို ဖင်းနီးယားက စီစဉ် သည်။

    ယခုဤနေရာမှ ထွက်ပြေးကြမည့် သူများမှာ ဂျော့တို့သားအမိသုံးယောက်နှင့် ဂျင်တို့ သားအမ နှစ်ယောက်ဖြစ်သည်။ သူတို့ကိုဖင်းနီးယားက လိုပ်ပို့မည်။ သူတို့ကို လိုက်ဖမ်းမည့် အဖွဲ့ကား နာမည်ကျော် ကျွန်ဖမ်းသမား တွမ်လော့ကာနှင့် မတ်ဦးဆောင်သော အဖွဲ့ဖြစ်သည်။ ဖင်းနီးယား သည်ကျွန်ဖမ်းသမားများ လိုက်လာမည် အချိန်ကို သိထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့်ကျွန်ဖမ်းသမား များထက်လေးငါးနာရီစော၍ ဤနေရာမှထွက်ခွာသင့်သည်ဟု သူစီစဉ်ထားသည်။ ကျွန်ဖမ်းသမား တွမ်လော့ကာတို့ လူစုလိုက်လာလျှင် ကြို၍အကြောင်းကြားနိုင်ရန်အတွက် မိုက်ကယ်ကရော့ ဆိုသူကို မှာထားသည်။ မိုက်ကယ်ကရော့သည် တွယ်တို့လူစု လိုက်လာသည်ကိုမြင်လျှင် ဖင်းနီးယားတို့ နောက်သို့လိုက်၍ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။ ဤသို့လျှင်ဖင်းနီးယား သည်အစီစဉ်အားလုံးကို စေ့စပ်စွာစီစဉ်ထား၏။

ဤနေရာမှ မထွက်ခွာမီတွင် ဟာလီဒေးမိသားစုက ဂျော့တို့အား ညစာတည်ခင်းကျွေးမွေးသည်။ ညစာစားသောက်ပြီးစီး၍ အမှောင်ပျိုးလျှင်ပင် သူ့တို့အိမ်ရှေ့သို့ ပေါင်းမိုးအုပ် လှည်းကြီးတစီး ရောက်လာ လေသည်။ ကြယ်ပွင့်များပင် ထွက်ပြူစပြုလေပြီ။
ဖင်းနီးယားသည် လှည်းပေါ်က ခုန်ဆင်းလာသည်။ ဂျော့သည် သားနှင့်မယားကု လက်တဖက်စီ တွင်ဆွဲ လျက် အိမ်ထဲမှ ထွက်လာသည်။ သူ့နောက်တွင် ရတ်ချယ်နှင့် ဆီမြွန်တို့ ပါလာသည်။
    "ကဲဟေ့။ ခဏအပြေင်ထွက်ကြအုံး။ မိန်းမတွေနဲ့ ခလေးအတွက် နေရာတကျလုပ်အုံးမှ"

ဖင်းနီးယားက လှည်းတွင်းသို့ လှမ်းပြောလိုက်သည်။ လှည်းတွင်းမှ ဂျင်ဦးစွာထွက်လာ၏။ ထို့နောက် သူ့မိခင်အိုကြီးကို ဂရုတစိုက် တွဲယူပြီး လှည်းပြင်သို့ ထွက်စေသည်။
    "ဟေ့ဂျင်၊ မင်းခြောက်လုံးပူးတွေ အသင့်ပါတယ်နော်"ဂျော့က ဂျင်အားလှမ်းမေးသည်။
    "သူတို့လိုက်လာရင် ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်နော်"

ထိုအတွင်းမှာပင် အယ်လစ်ဇာနှင့် ကလေးသည်၎င်း၊ အမယ်အိုကြီးသည်၎င်း လှည်းတွင်း၌ နေရာယူ ကြသည်။ ထို့နောက်တွင်ဂျင်နှင့်ဂျော့တို့သည် လှည်းဦးပိုင်းတွင် နေရာယူကြသည်။ ပြီးလျှင်ဖင်းနီးယားသည် လှည်းရှေ့ပိုင်း သို့ တက်လာသည်။
    "ကဲသွားကြပေတော့ မိတ်ဆွေတို့" ဆီမြွန်က နှုတ်ဆက်စကားဆိုသည်။ လှည်းဘီးသည် နှင်းခဲလွှမ်းသောလမ်းပေါ်တွင် လိမ့်၍လာခဲ့လေသည်။ လမ်းသည်ကြမ်းတမ်း လှသည်။ သို့သော် ဖင်းနီးယား သည် ဤလမ်းနှင့်  အကျွမ်းဝင်ပြီး ဖြစ်သည်။

နံနက်သုံးနာရီခန့်တွင် ဂျော့သည်နောက်ဖက်မှ မြင်းခွာသံကို ကြားရသဖြင့် ဖင်းနီားယားအား အချက် ပေးလိုက် သည်။ ဖင်းနီးယားသည် မြင်းဇက်ကြိုးကိုဆွဲလိုက်ပြီး နားစွင့်လိုက်သည်။
    "မိုက်ကယ်ဖြစ်လိမ့်မယ်ကွ။ ဒီမြင်းခွာသံဟာ မိုက်ကယ့်မြင်းခွာသံဘဲ" ဖင်းနီးယားသည် မတ်တတ်ရပ်၍ နောက်ဖက် သို့ လှမ်းမျှော်ကြည့်သည်။
အဝေး ခပ်လှမ်းလှမ်းတောင်ကုန်းထက်က မြင်းစီးလာနေသူ၏ သဏ္ဍန်ကို မှုန်ဝါးဝါးမြင်ရပေပြီ။

    "အစစ်ပဲဟေ့။ သူဘဲ" ဖင်းနီးယားသည် အသံကိုမြှင့်လျက်
    "ဟေ့၊ မိုက်ကယ်လားဟေ့"
    "ဖင်းနီးယားတို့လား"
    "ဟုတ်တယ်၊ ဘာထူးလဲဟော့။ သူတို့လာပလား"
    "နောက်ကလိုက်လာဘီ။ လူကတော့ ရှစ်ယောက်၊သို့မဟုတ်ဆယ်ယောက်ပဲ"

    ထို့နောက်ဖင်းနီးယားသည် ဂျော့တို့ဖက်သို့ လှည့်၍
    "ကဲ၊ ခပ်သုတ်သုတ်လုပ်မှဘဲဟေ့။ မင်းတို့တိုက်ရခိုက်ရမယ်ဆိုလဲ နေရာကောင်းရအောင်ပေါ့ကွာ" ဖင်းနီးယား သည် လှည်းကိုအမြန်မောင်းလေတော့သည်။ ထို့နောက်လှည်းကိုပေါ်မှ ဘေးဖက်သို့ မောင်းချ သည်။ လှည်းသည် ကျောက်တောင်စောင်းခြေရင်းသို့ ရောက်သွား၏။

    "ကဲ၊ အားလုံးဆင်းကြဟေ့။ ကျောက်တောင်တွေပေါ်အပြေးတက်ကြ။ အကာအကွယ်ရအောင်ပေါ့" ဟုပြောပြီး မိုက်ကယ်အား လှည်းကို ရှေ့သို့ဆက်မောင်းသွားရန်မှာ၍ သူပါကျောက်တုံးများပေါ်သို့ ကျော်လွှား တက်ခဲ့သည်။
    "တက်ကြဟေ့။ ငါကတော့ ဒီနေရာ တောလိုက်နေကျမို့ အနေအထား သိပြီးသားဘဲ" ဖင်းနီးယားသည် ကလေးငယ် ကို ချီလျက်ရှေ့မှ တက်ခဲ့သည်။ သူ့နောက်တွင် ဂျင်သည်မိခင်အိုကြီး ကိုထမ်းလျက် ပါလာ၏။ ဂျော့သည်အယ်လစ်ဇာကို လက်ဆွဲလျက် နောက်ဆုံးက လိုက်လာသည်။ ကျောက်တောင်များမှာ လူနှစ်ယောက် သွားသာရုံမျှသာ ကျယ်၏။ ထို့နောက်သူတို့သည် တကိုယ်မျှ ကွာဟနေသော ကျောက်တောင်ကွဲကြီး နှစ်ခုနေရာသို့ ရောက်လာကြသည်။ ဖင်နီးယားသည် ထိုကျောက်တောင်ကို ခုန်ကျော်ပြီး နောက်ကလူများကို လက်လှမ်းပေးသည်။

အားလုံးပင် တဖက်ကျောက်တောင်သို့ ရောက်ကြ၏။ ထိုနေရာသည်အကာအကွယ်ကောင်းသော နေရာ ဖြစ်သည်။ အောက်ကလူများမမြင်နိုင်ပေ။
သို့စေကာမူ သူတို့နောက်မှ တက်ကြပ်မကွာလိုက်လာသူများသည် ကျောက်တောင်ခြေသို့ မရောက်မီကပင် ဖင်းနီးယားတို့ လူစုကို လှမ်း၍မြင်ကြ၏။ ထို့နောက်သူတို့သည်လည်း ကျောက်တောင်ခြေသို့ တူရှု လာခဲ့ကြသည်။ ကျောက်တောင်ခြေရောက်လျှင် သူတို့သည် ခေတ္တရပ်ကာ အကြံထုတ်ကြပြန်သည်။ ထိုအခိုက် မှာပင် ဂျော့သည် ကျောက်တောင်ထိပ်တွင် ရပ်လျက်
    "ဟေ့၊ ဒို့၊ ဒီမှာ။ အေး၊ ဒို့လက်ထဲမှာ လက်နက်ပါတယ်။ ဒို့ဟာဒို့လွတ်မြောက်ရေးအတွက် သေတဲ့အထိ တိုက်မယ်ဟေ့"အော်ဟစ်ပြောသည်။ အောက်ကလူတယောက်က သေနတ်ဖြင့်လှမ်း ပစ်သည်။ သို့သော် ကျည်ဆံ သည်လွဲသွား၏။

    "ကွယ်နေလေ" ဖင်းနီးယားက ဂျော့အားလှမ်းသတိပေးသည်။ ဂျော့သည် ကျောက်တောင်စွန်းတွင် ကွယ် လိုက်ပြီး
    "ဟေ့ဂျင်၊ မင့်းသနတ် အသင့်လုပ်ထား။ ငါကရှေ့ကတက်လာတဲ့လူကို ပစ်ပယ်။ မင်းက နောက်လူကိုပစ်။ ဟုတ်ပလား နှစ်တောင့်တယောက်ပစ်မယ့်အစား နှစ်တောင့်နှစ်ယောက် ပစ်တာပေါ့" လှမ်းပြောသည်။
    "ခင်ဗျားမမှန်ရင် ဘဲနဲ့လုပ်မလဲ"
    "မှန်ရမှာပေါ့ကွ"
ထိုအခိုက် တောင်အောက်မှ

    "ငါရှေ့ကတက်မယ်ဟေ့။ နီးဂရိုးကို ငါဘယ်တော့မှ မကြောက်ဖူးကွ။ ကဲ၊ ငါ့နောက်က ဘသူလိုက်မလဲ" တွမ်တော့ကာ၏အသံကို ဂျော့သည် ကောင်းကောင်းကြီး ကြားရ၏။ ထိုကြောင့် အောက်မှတက်လာမည့် တူရှု သို့ သေနတ်ပြောင်းကို အသင့်ချိန်ထားလိုက်သည်။
တွယ်လော့သည် ကျောက်တုံးများကို ကျော်၍တက်လာသည်။ သူ့နောက်ကတယောက် ပါလာသည်။

    ဂျော့သည် မောင်းဖြုတ်ချလိုက်၏။ သူတို့အနိးသို့ ရောက်လာသော တွယ်လော့ကာ၏ ခန္ဓာကိုယ်တွင်းသို့ ကျည်ဆံသည် တည့်တည့်ကြီးဝင်သွားသည်။ တွယ်လော့ကာသည် အော်ဟစ်လျက် ကျောက်တုံးကြီးကို လှမ်း၍ ခုန်ကျော် လိုက်သည်။ သူတို့ကျောက်တုံးဖက်သို့ ရောက်လာအံ့သော တွယ်လော့ကာ၏ ခန္ဓာ ကိုယ်ကြီးကို ဖင်းနီးယားက ဆီး၍ တွန်းချလိုက်သည်။ တွယ်လော့ကာ၏ ခန္ဓာကိုယ်ကြီးသည် ကျောက်တောင် အောက်သို့ ဒလိမ့်ခေါက်ကွေး ကျသွားလေသည်။ နောက်ကလူများသည် အော်ဟစ် နောက်ဆုတ် သွားကြ၏။

ပေသုံးဆယ်အမြင့် ကျောက်တောင်ခြေအထိ လိမ့်ကျလာသော တွမ်၏ ခန္ဓာကိုယ်ကြီးကို သူ့လူများက ၀ိုင်းဝန်းသယ်ကြသည်။ သူတို့သည် နောက်ဖက်သို့ ပြန်လှည့်ပြီး အကူအညီခေါ်ရန် စီစဉ်ကြလေတော့သည်။ ရန်သူကိုရင်ဆိုင်ရန် အခြေအနေမလှသည်ကိုလည်း သတိပြုမိကြသည်။

ထို့ကြောင့် နောက်ဆုံး၌ သူတို့သည်ဒဏ်ရာရနေသော တွမ်လော့ကာကို မြင်းနှင့်တင်၍ နောက်ဖက် သို့ပြန်သွားရန် စီစဉ်ကြလေသည်။ သို့သော်တွမ်လော့ကာသည် သွေးရှူးသွေးတန်း အော်ဟစ်ကာ မတ်တတ် ထနိုင်ရန် ကြိုးစားနေ၏။ ရန်သူကို အခဲမကျေတိုကိခိုက်မည် ဟန်ပြင်နေ၏။ သူ့လူများက သူ့ကိုမြင်းပေါ်သို့ အလွယ် နှင့် တင်၍မရ။
    သို့ဖြင့် သူတို့သည် တွမ်လော့ကာကို ထားရစ်ခဲ့ကာ လာလမ်းအတိုင်း ပြန်လှည့်သွားကြ လေတော့သည်။

    "ကဲဟေ့။ ခုနေတုန်း ဒို့တောင်အောက်ဆင်းကြစို့။ မိုက်ကယ်ကို ငါဟိုကလူတွေ အကူအညီခေါ်ပြီး ပြန်လာခဲ့ဘို့ပြောထားတယ်။ မရောက်လဲ ဒို့ခြေလျင်နဲနဲပါးပါး ရှောက်တာပေါ့"
ဖင်းနီးယားက ပြောပြီးနောက် သူတို့အားလုံး တောင်အောက်သို့ဆင်းခဲ့ကြသည်။

သူတို့တောင်ခြေသို့ ရောက်လျှင်ပင် အကူအညီသါားခေါ်သော မိုက်ကယ်သည် အဖော်နှစ်ယောက် နှင့် အတူ ရောက်လာ၏။ ထို့နောက်သူတို့အားလုံး လှည်းပေါ်သို့ တက်ကြရသည်။
    "ခဏနေကြပါအုံးရှင်။ဟိုဒဏ်ရာနဲ့လူကို တခုခုတော့ ကူညီကြပါအုံး" ဒဏ်ရာနှင့်လဲနေသော တွမ်လော့ကာ၏ ညည်းသံကို ကြားရသဖြင့် အယ်လစ်ဇာက ပြောလိုက်သည်။
    "ဟုတ်ပါတယ်လေ။ ကျုပ်တို့သူကို အကူအညီတော့ ပေးလိုက်တာပေါ့။ ကျုပ်တို့နဲ့ဖြစ်ဖြစ်ခေါ်ခဲ့ပါ" ဂျော့ ကပါ ဆက်၍ပြောသည်။

ထိုနောက်သူတို့သည် ဒဏ်ရာနှင့်လဲနေသော ကျွန်ဖမ်းသမားကြီး တွမ်လော့ကာကိုပါ သူတို့လှည်း ပေါ်သို့ တင်၍ ခေါ်ခဲ့ကြလေသည်။
တနာရီ အကြာမှာပင် သူတို့သည် ကွိတ်ကာများ နေထိုင်သော စိုက်ခင်းတခုသို့ ရောက်လာခဲ့ကြ လေသည်။

အခန်း (၁၈) ဆက်ရန်
.

1 comment:

လသာည said...

ဖတ်ပြီးကြောင်းနဲ့ ကျေးဇူးတင်ကြောင်းး))