မြေလှန်သည့်အရေးတော်ပုံ
“ဟယ်...အဲမွန်ဒယာ၊ နင်ကား ငှက်သော်တည်းဖြစ်၍ ပျံနိုင်မည်လော။ နဂါးသော်တည်းဖြစ်၍ မြေကို လျှိုးမည်လော။ နင် ယောက်ျားကောင်းမှန်လျှင် ထွက်ခဲ့လော့“
မင်းရဲကျော်စွာ၏တပ်များ အထပ်ထပ်ချထားလျက်က မွန်သူရဲကောင်း အဲမွန်ဒယာသည် ဒလသို့ ဖောက်ထွင်းရောက်ရှိသွားခဲ့၏။ လူစွမ်းကောင်းပေမို့ ရာဇ၀င်မှာ စာဖြင့် တင်ကျန်ရစ်ခဲ့ သည်။ အစွမ်း ကောင်း၍ ဥပါယ်တံမျဉ်၌ ကျွမ်းကျင်လိမ္မာသော်လည်း ရာဇ၀င်သမိုင်းတင်ခြင်းမခံရ သော သူရဲကောင်း တစ်ဦးသည် ရမ်းဘိုကုန်းရွာ၌ ပေါ်ပေါက်ခဲ့၏။ အဲမွန်ဒယားသည် လူစွမ်းကောင်း သာ ဆိုရပေမင့် မြေကိုမလျှိုးနိုင်ခဲ့ပေ။ ထိုရမ်းဘိုကုန်းမှ သူရဲကောင်းမှာမူ အကယ်ပင် မြေကိုလျှိုးနိုင် ပေသည်။ တစ်ဦးတည်းသာမဟုတ်၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ပါလိုက်၍ အစွမ်းထက်သူများ ဖြစ်ကြပေ၏။
နံနက်လင်း၍ မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ကိုဆေးရိုး၊ ပထမဦးစွာ အရေး ယူကြည့်ရှု သောအရာကား တင်းကုပ်ထဲမှ ခိုင်းနွားကြီးနှစ်ကောင်နှင့် အိမ်၏အရှေ့ဘက်ဘေးမှာ ကျနေ ခိုလျက် စိုက်ပျိုးထားသော ကွမ်းပင်ကလေး သုံးပင်ဖြစ်ပေသည်။ ကွမ်းပင်တို့မည်သည်မှာ ပူပြင်းသော နေခြည် ကို ကြောက်၏။ အထူးသဖြင့် မွန်းတိမ်းနေခြည်ကို ပို၍ကြောက်သည်။ ကိုဆေး ရိုးမှာ အမှုနှစ်ခုကို ရင်ဝယ် ပိုက်ထား ရသူပီပီ အိမ်ရှေ့မန်ကျည်းပင်ခြေရင်းတွင် နှစ်ရှည်လများ စုပုံ ထားသော မန်ကျည်း ရွက်ဆွေးများဖြင့် ကျကျနန မြေသြဇာထည့်ကာ ရွာသစ်ကြီးမှ တောင်းလာ သော ကွမ်းပင်ကလေး သုံးပင်ကို စိုက်ပျိုး ထားခဲ့၏။ အားလပ်သည့်အချိန်တိုင်း အရိပ်တကြည့် ကြည့် ပြုစုမွမ်းမံနေခဲ့သည်။ မြေကောင်း နေရာကောင်း မှာ အမြစ်ချရသည့်အတွက် ကွမ်းပင်ကလေး သုံးပင်သည် အပြိုင်းအရိုင်း ထိုးတက်လာခဲ့၏။
“ကိုအ၀ှာ...လယ်မလုပ်ဘဲ မြေတစ်ကွက်ဝယ်ပြီး ကွမ်းခြံပဲ လုပ်စားပါတော့”
မျက်စိထဲတွင် အကြည့်ရကတ်သောအခါများတွင် မကျီးဒန်က ခနဲ့လေ့ရှိသည်။ ကိုဆေးရိုး ကား တပြုံးပြုံး နှင့်သာ ကွမ်းပင်ကလေးတွေ လန်မသွားအောင်၊ လေတိုက်လျှင် ကျိုးမသွားအောင် ရှားသားတိုင်ကြီး သုံးတိုင် ကပ်စိုက်ပေးပြီး ကွမ်းပင်ကို တိုင်မှာ ကပ်ချည်ထား၏။ အပင်သေးသော ကြောင့်လည်း ရှားတိုင်မှာ တွယ်ကပ် ထွက်ပေါ် လာသော ကွမ်းမြစ်ကလေးများမှာ ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းနေသည်။
လွန်ခဲ့သော ခုနှစ်ရက်ခန့်က ညနေပိုင်းတွင် ကိုဆေးရိုးသည် ဆုံကုန်းဇရပ်တွင် ရုံးထိုင် သော လယ်မြေ ချထားရေး ကော်မတီရှေ့မှောက်သို့ လယ်မြေသွားရောက်ခံယူရာက ပြန်လာခဲ့ရာ၊ ခရီးောက်မဆိုက်ပင် သူ၏ ကွမ်းပင်ကလေးသုံးပင်ကို ပြေးကြည့်လိုက်သည်။ မိုးချုန်းသံအလား ပြင်းထန်သော အသံကြီး သည်လည်း မရှေးမနှောင်း ထွက်ပေါ်လာလေ၏။
“ဟေ့...ကျီးဒန်၊ ကျီးဒန်"
"တော်...ဘာလဲ"
မကျီးဒန်သည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ပြေးထွက်လာသည်။ သူ၏လက်ထဲ၌ ယောက်မကြီးကိုင်လျက် ပါလာ၏။ ထမင်းအိုးမွှေနေရာက ပြေးလာဟန်တူသည်။
"ဘာလဲဟင်...ဘာလဲ"
"ဒီကွမ်းပင် က ကွမ်းရွက်နှစ်ရွက် ဘယ်သူခူးသလဲ"
မကျီးဒန်သည် ကိုဆေးရိုး၏မျက်နှာကို မော့ကြည့်မိတော့၏။ ကွမ်းရွက်ကလေးနှစ်ရွက် ပျောက်ဆုံး တာကလေး နှင့် မာကျောခက်ထန်နေသောအသံကြောင့် မျက်နှာထားကို အကဲခတ် လိုက်ခြင်းဖြစ်သည်။ ကိုဆေးရိုး ၏ မျက်နှာသည် လေနီကြမ်း စတင်ပေါ်ပေါက်လာမည့် အရပ် မျက်နှာကို မှိုင်းမှုန်ခက်မာလျက် ရှိပေ၏။
"ဟေ့ မေးနေတာ မကြားဘူးလား"
ကိုဆေးရိုးသည် ကွမ်းပင်များကို စူးစူးဝါးဝါးစိုက်ကြည့်နေရာက လှည့်ကြည့်ရင်း အော်လိုက် သည်။ မကျီးဒန် မှာ လန့်ဖျပ်ကာ ခေါင်းပင် ပုသွားမိ၏။
"စောစောလေးကတင်ပဲ ဦးဇင်းကြွလာတာနဲ့ ကွမ်းစားချင်တယ်ဆိုလို့ ကွမ်းနှစ်ရွက်ခူးပြီး ကပ်လိုက် ရတယ်"
"ဟင်...နင့်ခေါင်းမွေးကို နုတ်ပြီး ကပ်လိုက်ပါလားဟင်၊ ကမြင်းမ တောက်"
ကိုဆေးရိုးသည် ဆဲဆိုရေရွတ်ရသည်ကို အားမရဘိအလား နီးရာတုတ်တစ်ချောင်းကို ကောက်ယူကာ တအား လွှဲရိုက် လေသည်။ အကယ်၍သာ ရိုက်မိချေသော် မကျီးဒန်မှာ ခွေခနဲ မြေ ပေါ်သို့ ပြိုကျ သွားဖို့ ပဲရှိ၏။ ကံကောင်းချင်တော့ တုတ်အဖျားသည် တံစက်မြိတ်ကြားမှာ ငြိနေလေသည်။
"နင်တော့ သေပေတော့ ခွေးမ"
ကိုဆေးရိုးသည် ရှူးရှူးရှဲရှဲဖြင့် တုတ်ကို အားသွန်ဆွဲ၏။ ပါးစပ်ကလည်း မကျီးဒန်ကို ဆဲ ရေး ရေရွတ်နေ၏။ တုတ်ကိုကား ဆွဲယူ၍ မရတော့ပေ။
"အမေ...အမေ"
ဖခင်၏ ဒေါသကြီး ဆဲဆိုအော်ဟစ်သံကြောင့် ချောစိန်သည် တံတွင်းမှ အော်ဟစ်ပြေးထွက် လာ၏။ အရွယ် ရောက်နေသော သမီးမို့ မိဘနှစ်ပါး၏ကြားတွင် အဆင်မပြေစရာများ ဖြစ်ပေါ်လာ တိုင်း ၀င်ရောက် စွက်ဖက်နိုင်ကာ ဖျန်းဖြေနိုင်ခွင့်ရှိသည်နှင့်အညီ ကိုဆေးရိုးအနားမှာ လာရပ်၏။
"ဘာဖြစ်လို့လဲ အမေရယ်"
"ဦးဇင်းကို ကွမ်းနှစ်ရွက်ခူးပြီး ကပ်မိလို့တဲ့ သမီးရယ်"
မကျီးဒန်က အားကိုးတကြီး ပြောလိုက်သည်။
"ဦးဦးဖျားဖျားမို့ ကုသိုလ်တောင် ရပါသေးတယ် အဖေရယ်၊ ကွမ်းကလေးနှစ်ရွက်နဲ့ လူ ကြားမကောင်း သူကြား မကောင်းနဲ့ ရှက်စရာကြီး"
"ဘာလဲ နင်က အဖေလား၊ ငါကသမီးလား။ ငါ့ကို ဆရာမလုပ်နဲ့။ အပင်ငယ်ငယ်ကလေး မှာ အခုလို ခူးပစ်ရင် အပင် အ သွားတော့ ဘယ့်နှယ်လုပ်မလဲ၊ အခုသွား"
အခါတိုင်း ချောစိန်ရောက်လာလျှင် အလျှော့ပေးနေကျ ကိုဆေးရိုးသည် သည်တစ်ချီတွင် ဒေါသကို မဆည်နိုင်လိုက်ပေ။ ချောစိန်မှာ မျက်နှာကလေးပျက်လျက် တဲအတွင်းသို့ ပြန်ဝင်သွား ရ၏။
မကျီးဒန်လည်း နောက်ဖေးဘက်မှလှည့်ကာ တဲအတွင်းသို့ဝင်သွားရာ ကိုဆေးရိုးတစ် ယောက်တည်း ကြိတ်မနိုင် ခဲမရဖြစ်ကာ ဆီမန်း မန်းသလို ရေရွတ်နေသံကို ကြားလိုက်ရလေသည်။
"နင်တို့ အရိပ်တကြည့်ကြည့်နေတဲ့ သင်္ဘောပင်ကို အသီးတွေတစ်ပြုံကြီးနဲ့ လေတိုက်လို့ ခါးကျိုးသွားရင် နင်တို့ ရင်ထဲ ဘယ်လိုနေမလဲ"
ကိုဆေးရိုးသည် ထိုညက ထမင်းမစားဘဲ စောစောအိပ်ရာဝင်သွားလေ၏။ မိမိ၏ဒေါသကို နှိမ်ချိုးရာတွင် အကောင်းဆုံး ဆေးတစ်လက်ပဲမဟုတ်ပါလား။ ကိုဆေးရိုး၏ကွမ်းပင်ကို အရွက်နည်း ပါးအောင် ပြုမူသူနှင့် ထိုပြုမူ မှုဘက်မှ ရှေ့နေလိုက်ခဲ့သူတို့သည် နောက်တစ်နေ့နံနက်တွင် ကွမ်း ရွက်ခူးခြင်းအတွက် ၀ဋ်လည်ပေတော့သည်။ ကိုဆေးရိုး ဒေါသမီးဟုန်းဟုန်းတောက်ရသလို မကျီးဒန်မှာ အသား တဆတ်ဆတ် တုန် နေ၏။ ချောစိန်သည် ဖွံ့ထွားစိုပြည်သော သီးကင်းကလေးများကို ငေးကြည့်နေလေသည်။
"တောက်..."
မကျီးဒန်မှာ တက်ကိုသာ တွင်တွင်ခေါက်နေမိ၏။ ယမန်နေ့ ညနေကပင် ခက်လက် ဝေဆာ စိုပြည် ကျိုင်းဝင့်စွာဖြင့် မြင်လိုက်ရသေးသော သင်္ဘောပင်ကြီးသည် ဤနံနက်ခင်းတွင်မူ အရွက်များ ဖားဖားညှိုးကျ နေလေပြီ။ ၀၀ဖြိုးဖြိုး စိုစိုပြည်ပြည်နှင့် စားလားသောက်လား၊ သွားလား လာလားနှင့် ပကတိ ကျန်းမာ နေသော လူတစ်ယောက် လေဖြတ်ပြီး တုံးခနဲ လဲကျသေဆုံးသွား သလို၊ အကောင်းပကတိ ညှိုးကျ သွားရသော သင်္ဘောပင်ကို သတ်သူ တရားခံသည် သဲလွန်စ ကလေးတစ်ခုကို ရဲရင့်စွာ ချန်ပစ်ခဲ့လေသည်။
"ကိုဆေးရိုး၊ တော်များ ညတုန်းက ထပြီး ရေနွေးနဲ့ လောင်းပစ်သလားဟင်"
ကိုဆေးရိုးအား မကျီးဒန်က မ၀ံ့မရဲမေး၏။ ချောစိန်က သံသယဖြင့် ကြည့်နေ၏။
"တောက်တီးတောက်တဲ့အေ...အရူးမဟုတ် အကောင်းမဟုတ်"
"ကျုပ်တို့သားအမိ မနေ့ညတုန်းက တဲထဲဝင်သွားတော့ တော်ပြောနေခဲ့တာ ကျုပ် ကြားလိုက် ပါတယ် တော်"
"ဘုရားပေးပေး ကျမ်းပေးပေးအေ မဟုတ်ရပါဘူး၊ ဟော...ဟော"
ကိုဆေးရိုးက ပြောရင်းဆိုရင်း မြေပြင်တွင် သဲလွန်စတစ်ခုကို တွေ့မြင်လိုက်သည်နှင့် သင်္ဘော ရွက်ခြောက် များကို ဖယ်ရှားပြလိုက်သည်။
"ဟင်း...မြင်ပလား၊ ညည်းတို့သင်္ဘောပင်ကို ငါ ဘာမှမလုပ်ဘူးဆိုတာ ယုံပြီလား"
မကျီးဒန်မှာ ရန်သူနောက်သို့လိုက်နိုင်ရန် အချိန်ပိုမရှိသဖြင့် ဟင်းချနေလိုက်ရလေ၏။ မိန်းမသားမို့ အရာရာ တွင် သံယောဇဉ်ကြီးမားသူများပီပီ ချောစိန်တို့သားအမိမှာ တစ်ပတ်နှစ်ပတ် ကြာလျှင် စားရတော့မည့် သင်္ဘောပင်ကြီးကို နှမြောတသ၍ မဆုံးကြပေ။ ကိုဆေးရိုးမှာ မူလကပင် ထိုသင်္ဘောပင်ကို စိတ်မ၀င်စားသူပီပီ သင်္ဘောပင်သေသွားခြင်းအတွက် မည်သို့မျှမထူးခြားပေ။ ယုတ်စွအဆုံး သူတို့ရင်ထဲမှာ ဘယ်လိုများနေကြပါလိမ့်ဟူ၍ပင် မစဉ်းစား။ သင်္ဘောပင်ကို သူစိမ်း ချိုးချိုးသွားသော သတ္တ၀ါကို လိုက်လံ နှိမ်နှင်း ပေးရန်ကိုလည်း စိတ်မကူးမိပေ။ ချောစိန်တို့သားအမိ မှာ တစ်ရက်နှင့်လည်း သင်္ဘောပင် အကြောင်း ကို ပြောမပြီး၊ နှစ်ရက်နှင့်လည်း တသနှမြော၍မဆုံး ဖြစ်နေကြ၏။ လေးရက်မြောက်တွင် ကိုဆေးရိုး မှာ နားငြီးလာတော့သည်။
"တော်ကြစမ်းဟာ...နင်တို့သင်္ဘောပင် သေတာက လူသေတာကျနေတာပဲ"
"နှမြောတာပေါ့တော်၊ တစ်နေ့ကို သုံးခါလောက် ရေလောင်းပြီး မွေးလာရတာ၊ အခုနေ တော့်ကွမ်းပင်တွေ ဒီလိုဖြစ်စမ်းပါလား၊ တက်ပြီးတောင် သေဦးမယ်"
မကျီးဒန်က ကက်ကက်လန်အောင် ပြန်၍ချေပ၏။ ကိုဆေးရိုး အရိပ်တကြည့်ကြည့်လုပ်နေ သော ကွမ်းပင် ကလေးများ နှင့်လည်း နှိုင်းယှဉ်ပြလိုက်သေးသည်။
ကိုဆေးရိုး၏ ကွမ်းပင်ကလေးများမှာ တစ်တောင်ကျော်လာလေပြီ။ အလက်ကလေး တစ်လက်ကလေးပင် ထွက်လာကာ ရွက်ကြမ်းများဖြင့် စည်ဝေနေလေ၏။ အကယ်၍ ကိုဆေးရိုး၏ ကွမ်းပင်ကလေး သုံးပင်ကို ဖျက်ဆီးသူများ မတော်တဆပေါ်ပေါက်လာလျှင် ကိုဆေးရိုးသည် ထို ရန်သူကို အစိမ်း ၀ါးကောင်း ၀ါးပေမည်။ မမိသေးလျှင်လည်း မိအောင် လိုက်လံဖမ်းဆီးလိမ့်မည်ထင်သည်။
သည်အတိုင်း တကယ်ဖြစ်လာသည့်အခါတွင် ကိုဆေးရိုးမှာ ထမင်းဟင်းကို မေ့ပစ်လိုက် ၏။ ဒေါသ ဖြစ်လွန်း သဖြင့် မည်သူ့ကိုမျှ စကားမပြောနိုင်တော့ပေ။ အဘယ်သို့ ဖြစ်လေသနည်းဟူ မူ နောက်တစ်နေ့နံနက်တွင် မကျီးဒန်ကြိုတင်နိမိတ်ဖတ်သလို ကိုဆေးရိုး၏ ကွမ်းပင်ကလေး သုံး ပင်အနက် နှစ်ပင် မှာ ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့်တည်း။ ကွမ်းပင်နှစ်ပင်ကို တစ်စုံ တစ်ယောက်က နုတ်ယူ သွားလျှင် မြေသည် အမြစ်များ ကြွထွက်ရာကြောင့် ဖွာနေတန်ရာ၏။ ယခု သော်ကား မြေကြီးသည် အုံကြွခြင်း၊ ပွခြင်းမရှိ။ ကွမ်းရွက်အချို့သည် ကွမ်းပင် ပင်စည်၏ နေရာ တွင် ငြိကျန်နေခဲ့လေသည်။
"အစိမ်းစားမယ်ဟေ့...အစိမ်းစားမယ်"
ကိုဆေးရိုး၏နှလုံးသားကို ကိုင်လှုပ်ဆော့ကစားသွားသော သတ္တ၀ါကား မကျီးဒန်တို့သား အမိအား ကလူ ပြက်ရယ် သဘောဖြင့် သင်္ဘောပင်ကို ဖျက်ဆီးသွားသော သတ္တ၀ါပင်ဖြစ်ကာ၊ ကျန် ရစ်နေခဲ့သော ကွမ်းပင် တစ်ပင် ၏အနီးတွင် ထိုသတ္တ၀ါက ၎င်း၏အထိမ်းအမှတ်ကို ချန်ပစ်ခဲ့သည်။ ထိုအရာကား သင်္ဘောပင်ညှိုးသော နံနက်က သင်္ဘောရွက်ခြောက်များကိုဖယ်ရှားလျက် ကိုဆေးရိုး လက်ညှိုးထိုးပြခဲ့သော ကြွက် ကျစ်စာလုံး မြေကြီးခဲများပေတည်း။
ကြွက်ကျစ်စာအောက် အလုံးသေးသော မြေစာကလေးများကို ချန်ထားပစ်ခဲ့သော ထို သတ္တ၀ါ ၏နောက်သို့ ကိုဆေးရိုးသည် မိနစ်မဆိုင်းဘဲ သံတူးရွင်းတစ်ချောင်းဖြင့် ဒုန်းစိုင်းကာ လိုက် လေတော့သည်။ "ပြေးနိုင်မှ လွတ်မဟေ့နော်"မြေပေါ်မှာ ပြေးသူဆိုလျှင် ကိုဆေးရိုးက ယင်းသို့ ကြုံးဝါး၍ မီအောင် လိုက်ပေမည်။ ထိုရန်သူ၏နောက်သို့ လိုက်ရာတွင်ကား ခရီးမတွင်လှ။ မြေကို တစ်လွှာချင်း တစ်လွှာချင်း တူးဆွ ဖယ်ရှားနေရသောကြောင့် စိတ်သွားတိုင်းကိုယ်က မပါနိုင်။ ဆွမ်းခံပြန်ချိန်သို့ရောက်သောအခါ ကိုဆေးရိုး မှာ ခရီးအားဖြင့် ကိုက်တစ်ရာခန့် ပေါက်ခဲ့လေ သည်။ နေက တိုး၍ ပူလာ၏။ ကိုဆေးရိုးမှာ ဟိုက်၍ နေချေပြီ။ လက်အံလည်း သေလာလေ၏။
"အဖေ ဘာတူးတာလဲဟင်"
ဘညိန်းက အလည်လာရင်း ကြုံသဖြင့် ခြံစည်းရိုးကိုဖျက်ကာ တစ်ဖက်အိမ်ဝင်းအစွန်းတွင် တူးဆွနေသော ကိုဆေးရိုး ကို မြင်ရသဖြင့် လာရောက်မေးမြန်းသည်။
"အဖေ့ကွမ်းပင်ကလေးတွေကို ညက လာပြီးဆွဲသွားလို့ကွ။ ဒီကမြင်းမ 'ပွေး'ကို မမိမချင်း လိုက်မယ်"
"အဖေ့ပွေးကဖြင့် တစ်ရွာလုံးနှံ့နေပြီ။ တောင်ပိုင်းမှာများ မန်ကျည်းပင်တွေတောင် သေ ကုန်ပြီ"
"ကဲ...စကားလာများမနေနဲ့၊ ငါကတော့ မမိမချင်း လိုက်မှာပဲ"
ကိုဆေးရိုးက စိတ်မရှည်သလို ပြောလိုက်သဖြင့် ဘညိန်းက "ပေးပေး...အဖေနားပါဦး"ဟု ဆိုကာ တူးရွင်းကို ဆွဲယူလိုက်လေ၏။
ပွေးသည် သွားနှစ်ချောင်းသာရှိ၍ မြေအောက်တွင် ကျက်စားသော သတ္တ၀ါဖြစ်၏။ အိပ် ရေးပျက်သူ၏ မျက်လုံးမျိုးရှိကာ အမြီးမပါသည်မှလွဲလျှင် ကြွက်နှင့်ဆင်တူကာ မှီတင်းရာ မြေ၏ အရောင်ကိုလိုက်၍ အမွေးရောင်ရှိပေ၏။ မည်မျှပင်ကြီးမားသော အပင်ဖြစ်စေကာမူ အမြစ်ကို ပွေး ကိုက်ထားလျှင် သစ်ပင်များ ချက်ချင်းဆိုသလို ညှိုးကျသွားလေသည်။ သေးငယ်သော အပင် ကလေးများကိုမူ သူ၏ကွင်းထဲသို့ ဆွဲယူ သွားလေ့ရှိ၏။ ဘယ်တော့မှ မြေပေါ်သို့ တက်လာရိုး မရှိ ပေ။ မြေပေါ်သို့ တက်လာမိလျှင်လည်း ၎င်း အတွက် လမ်းဆုံးခဲ့လေပြီ။ သမင်ချိုယှက် ပွေးတွင်း ထွက်ဟု ဆိုသည် မဟုတ်လော။
ကိုဆေးရိုးသည် အမောဖြေရင်း နံနက်စာကို အပြေးအလွှားစားခဲ့ပြီး ဘညိန်းထံသို့ ပြန် လာ၏။ ဘညိန်းကလည်း ယောက္ခမအိမ်သို့မပြန်ဘဲ မအေ့အိမ်မှာ ၀င်စားသောက်ပြီးလျှင် တစ် လှည့်ဝင်တူးပြန်၏။ နေ၀င်ချိန်တွင် ကိုဆေးရိုး၏ အိမ်မြောက်ဘက်ရှိ အိမ်များမှ ခြံစည်းရိုးများသည် တစ်ခုမျှ အကောင်း မကျန်တော့ပေ။ သူတို့သားအဖသည် ပွေးသွားရာလမ်းကြောင်း၌ ကာဆီးနေ သော စည်းရိုး မှန်သမျှကို ဖြိုချကြသည်။ နေစုပ်စုပ်ဝင်လျှင် ပွေးလမ်းသည် တောင်ပို့တစ်လုံး၏ ထိပ်တွင် ဆုံးသွား လေ၏။
ဒုတိယနေ့နံနက်တွင် ကိုဆေးရိုးတို့သားအဖသည် နေမထွက်မီကထ၍ တောင်ပို့ကို ဖြို ကြသည်။ တောင်ပို့၏အောက်ခြေမှ တစ်ဖန်ပွေးသည် မြေလွှာကို ပါးပါးကလေး ချန်လျက် တောင် ဘက်သို့ ဖောက်သွားပြန်၏။ ရမ်းဘိုကုန်းရွာ၏ မြေများသည် တစ်နေ့ထက်တစ်နေ့ ပွလာခဲ့သည်။ သုံးရက်ကြာသည့် တိုင်အောင် ပွေးကို မမိချေ။ စတုတ္ထနေ့နံနက်တွင် လူတစ်ရပ်ခန့်မြင့်သော ကုန်း ကြီးတစ်ခုအောက် သို့ ငုံ့ဝင်သွားသော လမ်းကြောင်းကို စိတ်ပျက်စွာ တွေ့ကြရလေသည်။
"ကဲ...တော်ကြပါစို့ လူလေးရာ"
ကိုဆေးရိုးက လက်လျှော့သော်လည်း ဘညိန်းက ရေတွင်းပျက်တစ်ခုမှ ရေများကိုသယ် ကာ ပွေးတွင်းသို့ လောင်းထည့်၏။ ရေနံဆီသံပုံးနှင့် ပုံးရေတစ်ရာခန့် လောင်းမိလျှင် ပွေးဖြူဖြူ တစ်ကောင် နှာခေါင်းဖော် လျက် ပေါ်လာလေ၏။
"မသတ်ပါနဲ့ကွယ်၊ ချောင်းထဲ သွားပစ်လိုက်ပါ"
"ဟာ ဒီပွေးက ငယ်ငယ်လေးပဲ အဖေရ၊ ကြည့်ပါလား။ တွင်းက ကြီးပြီး အကောင်က ငယ် နေတယ်။ ဒီကောင် ဟာ ကလေးဖြစ်ရမယ်"
"အေးကွ...သူ့အမေနဲ့ အဖေ ရှိရဦးမယ်"
မိမိမှာလည်း သားနှင့်သမီးနှင့် ရှိသလို ဤအဟိတ်တိရစ္ဆာန်များမှာလည်း သားနှင့် သမီး နှင့်ပါကလားဟူသော သတိသည် ပွေးငယ်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ကိုဆေးရိုး၏ခေါင်းထဲသို့ ၀င်လာလေ၏။ ထို့ကြောင့်လည်း သူ့မျက်နှာမှာ ပျော့ပျောင်းသွားလေသည်။
"ကဲပါကွာ... သူ့နေရာမှာပဲ ပြန်ထားခဲ့ပါတော့"
ဘညိန်းမှာ စောစောပိုင်းက အာဠာဝကကြိမ်း ကြိမ်းခဲ့သော ကိုဆေးရိုး၏မျက်နှာကို အံ့သြ စွာ မော့ကြည့်၏။
"မင်းဟာ မိဘနဲ့မကွဲချင်သလို ဒီပွေးကလေးဟာလည်း သူ့မိဘနဲ့ ဘယ်ကွဲချင်ပါ့မလဲ ကွာ။ ပြီးတော့ အဖေ့ကွမ်းပင်ကို ချီသွားတာလည်း သူတို့အစာမို့ သူတို့ချီတာပဲကွ။ တို့လူတွေ ၀မ်းရေးအတွက် အလုပ် လုပ်သလို ပေါ့ကွာ။ ကဲ ကဲ...ထားခဲ့၊ ပြန်ရအောင်"
"ဟုတ်ကဲ့ အဖေ"
ပါးစပ်ကသာ ဟုတ်ကဲ့ လိုက်သော်လည်း ဘညိန်းသည် ကိုဆေးရိုး မသိအောင် ပွေး ကလေးကို သံပုံးထဲ ထည့်ယူလာခဲ့ကာ တောင်ပိုင်းက ထန်းရည်ရောင်းသော တဲတစ်တဲမှာ အိုးဖြင့် ထည့်၍ အပ်ထားလိုက်၏။
ဘညိန်းသည် ထန်းရည်တဲမှ ပြန်လာပြီးနောက် နံနက်က အိမ်မှအထွက်တွင် ရွာလယ်ပေ ပင်ကြီးနားတွင် ပွေးစုံ့တစ်ခုတွေ့သဖြင့် တွင်းဝကို ဟပစ်ခဲ့ကာ အပေါ်ယံမြေလွှာကို ပါးပါးချန်ပစ်ခဲ့ ကြောင်း သတိရကာ ပြန်ပြေးလာခဲ့၏။ တွင်းဝကား နံနက်က ထားခဲ့သလို ဟောင်းလောင်းပင်။ ပွေး လာလိုလာငြား သဘောမျိုး ဖြင့် အသက်ကို မျှင်းမျှင်းရှူလျက် တူးရွင်းကို ကိုင်မြှောက်ကာ စောင့်နေ မိ၏။ ညအချိန်မှာ စုံ့သော ပွေးသည် မွန်းတည့်မှာ မစုံ့၊ မွန်းတည့်ပွေးသည် နေ၀င်ချိန်မှာ အလုပ် မလုပ်။
သို့ရာတွင် သူတို့တွင်းထဲသို့ အလင်းရောင်နှင့် လေစိမ်းဝင်လျှင်ကား လာပိတ်တတ်သည်။
ဘညိန်း စောင့်နေစဉ် မြေကြီးထဲမှ ဒုတ်ခနဲအသံကြားလိုက်ရ၏။ မြေစာများ တွင်းဝမှ ထွက် ပေါ်လာ၏။ မြေစာကို သုံးကြိမ်တိတိ ခေါင်းဖြင့် တွန်းပြီးနောက် လာလမ်းသို့ပြန်ရန် ဦးလှည့်စဉ် ၀ယ် နံနက်က လွှာထား သဖြင့် ပါးနေသော မြေချပ်ပေါ်သို့ တူးရွင်းကို တအားစိုက်ချလိုက်လေ၏။
ကြွက်မြည်သံလို အသံတစ်ခု ထွက်ပေါ်လာပြီး ပွေးမှာ ငြိမ်သက်သွားလေသည်။ ပွေးမှာ အမဖြစ်၍ ရှိရင်း လမ်းကြောင်း ထက် ကြီးမားကာ နီရဲနေပေ၏။
ဘညိန်းမှာ အိုးကွဲများရှာကာ ဖုံးအုပ်ပြီး သူစတည်းချရာ ထန်းရည်တဲသို့ ပြေးခဲ့လေသည်။ တစ်နေ့လယ်လုံးနှင့် တစ်ညနေလုံး ဘညိန်းမှာ ဟိုပြေး ဒီပြေးဖြင့် အလုပ်များနေ၏။ နေ၀င်ချိန်တွင် ဘညိန်း သည် ချောင်းထိပ်ရှိ ယာတဲတစ်ခုအတွင်းဝယ် သူငယ်ချင်းတစ်စုနှင့်အတူ ပွေးသားဟင်းကို ထန်းရည်ဖြင့် တပျော် တပါး စားသောက်နေကြလေ၏။
"ဟေ့...မင်းပွေးသားဟင်းက ကောင်းလှချည်လား၊ ငါ တစ်ခါချက်တာဖြင့်ကွာ ညှီလို့ လွှင့် ပစ်ရတယ်"
ထွန်းရင်ဆိုသူက ပွေးသားဟင်းတစ်ဖက်ကို နှိုက်ယူရင်း စကားစလိုက်ကာ ဖိုးအောင်ဘက် သို့ လှည့်ကြည့် ပြီး
"တန်တော့...ခွေးမသား ဖိုးအောင်ချက်တာထင်တယ်"ဟု ပြောလိုက်သည်။
"ငါတို့ ဘယ်ချက်တတ်မလဲကွာ။ ငါရယ် ကျော်သောင်းရယ်က လိုသမျှ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေးရတာ။ ဘညိန်း သူ့ဘာသာသူ ချက်တာပဲ"
"ဟေ ဟုတ်လား၊ ဟ...လုပ်စမ်းပါဦးကွ၊ ပွေးလိုက်ထိုးပြီး ချက်စားချင်လို့ပါ"
ထွန်းရင်က ဘညိန်း၏ပေါင်ကိုပုတ်ပြီး တောင်းပန်၏။
"အလွယ်ကလေးပါကွာ၊ ပွေးအရှင်လတ်လတ်ကို ရွှံ့ထူထူမံ၊ ချောနေအောင်ပွတ်ပြီး မီးဖုတ် တာပေါ့ကွ။ မြေကြီးခဲကြီး ကျက်ပြီး နီရဲလာတော့ အေးအောင် စောင့်၊ နောက် ရွှံ့ခဲကြီး ရိုက်ခွဲလိုက် ရင် ပွေးကို အရေခွာ ပြီးသား ရတာပေါ့။ မီးမြှိုက်သော်လည်း မနံ၊ ညှီလည်းမညှီ၊ အဲဒါကို ဆီသတ်ပြီး ချက်လိုက်တာပဲ"
ဘညိန်းက အားရပါးရ ပြောလိုက်ပြီးနောက် ပွေးသားတစ်ဖက်ကို ကောက်ယူဝါးလိုက် သည်။ ချက်ချင်းပင် 'အဖေများသိရင်'ဟူသော စိုးရိမ်စိတ်က ၀င်လာကာ ပွေးသားဖတ်မှာ လည် ချောင်းဝတွင် တစ်နေလေ၏။
"မင်းလည်း မင့်အမေ၊ မင့်အဖေနဲ့ ခွဲမနေချင်သလို သူတို့လည်း သူတို့သားသမီး၊ သူတို့ မိဘနဲ့ ဘယ်မှာ ခွဲနေချင်ပါ့မလဲကွာ။ ပြီးတော့ မင်းဟာ မင့်အသားကလေးနာမှာစိုးသလို၊ မင့် အသက်သေ မှာ စိုးသလို သူတို့လည်း ဘယ်မှာ နာချင်၊ ကျင်ချင်၊ သေချင်ကြပါ့မလဲ။ မင်းလိုပဲ ကြောက်ကြတာပေါ့"
ဖအေ့စကားကို နားဝမှာ ကြားယောင်လာသည့်ခဏ၌ စောစောက သင်းပျံ့ကြိုင်လှိုင်နေ သော ရှေ့မှ ဟင်းခွက်ကို သွေးညှီစော်နံလာသည်ဟု ထင်မိလေ၏။ ထို့ကြောင့်လည်း ဟင်းဖတ်ကို မျိုချရအခက်၊ ၀ါးရ အခက်ဖြစ်နေစဉ် "ဘယ်သူလဲကွ၊ ပွေးကို အရှင်လတ်လတ် မီးဖုတ်တာ"ဟူ သော အသံတစ်ခု တဲ၏ ဘေးမှ ကပ်ပြီးပေါ်လာရာ ကျော်သောင်းက တဲပေါက်ဝဆီ လှမ်းကြည့်ကာ မဆိုင်းမတွ ဖြေလိုက်သည်။
"ဘညိန်းလေဗျာ"
ကျော်သောင်း၏အသံ ဆုံးလျှင်ဆုံးချင်း တဲပေါက်ဝမှာ ဘွားခနဲ လာရပ်သူကား ကိုဆေးရိုး ပေတည်း။ ဘညိန်း၏ပါးစပ်ထဲမှ ဟင်းဖတ်သည် ကြမ်းပေါ်သို့ ဖုတ်ခနဲကျသွားလေသည်။ ဘညိန်း မှာ ပြေးပေါက်ကို တုန်ရီစွာ ရှာဖွေနေမိလေသတည်း။
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.

4 comments:
ရိုက်ထည့်လိုက်ရင် မတားဘူး အဘရေ။ ပွေးကို အရှင်လတ်လတ် မီးဖုတ်သတ်တယ်ဆိုတော့ တော်တော် ဆိုးတဲ့ အဘသား။
အဘလဲ ကွမ်းရွက်အတွက်နဲ့ မိန်းမ ရိုက်မလို့ လုပ်တာတော့ ရက်စက်တယ်နော်။ ရီးကျီးဒန်က အဘကို ယောက်မနဲ့ ပြန်နှက်ထည့်လိုက် ပြီးရော။
ပွေးချက်နည်းက ဂလိုကိုး။
မှတ်စုလေးမှာ တေးထားဦးမှ. . .အဲလေ. .
မရွှေစင်ဦး ချက်မှပဲ သွားစားလိုက်တာ ကောင်းပါတယ်လေ။ အမရေ ချက်ရင် ခေါ်ဦးနော်။
ဖတ်ရတာ အသဲယားတယ်... ပွေးကလဲ တော်တော်ဆိုးတာပဲနော်... တယုတယစိုက်ထားတဲ့ အပင်လေး အဲလိုလုပ်သွားရင် ကိုယ်ဆိုလဲ စိတ်ထိခိုက်ရမှာပဲ....ဒါပေမယ့် အရှင်လတ်လတ် မီးကင်ပစ်တာတော့လဲ အသဲယားစရာ... သူ့အရပ်နဲ့ သူ့ဇာတ်ဆိုတာ ဒါမျိုးပဲ ထင်တယ်နော်...မမရွှေစင်
ရိုးသားတဲ့ လယ်သမားကြီးတွေ။ စိတ်တော့ မကောင်းစရာနော်. သူတို့ ပြန်ဝဋ်ခံရမှာ တွေးမိရင်။
ကျွန်တော် နေစရာ ဒုက္ခတွေရောက်တော့ အတိတ်ဘဝက သူများအဆောက်အအုံ ဖျက်ခဲ့တာတို့၊ သူများနေရေး အဆင်မပြေအောင် လုပ်ခဲ့တာတို့ ရှိခဲ့ဖူးလို့ ဝဋ်လိုက်လာပြီဆိုတာ တွေးမိတယ်။ သီလစောင့်၊ ဘုရားမှာ တံမြက်လှည်း၊ သံဃာတွေ ဆွမ်းမှန်မှန်လောင်း လုပ်မှ ပြေလည်သွားတယ်။
အခု ပွေးကို အရှင်လတ်လတ် မီးမြှိုက်သတ်တာ ဖတ်ရတော့ ဒီဘဝမှာ မီးလောင်ပြီး ဝေဒနာခံစား သေရတဲ့လူတွေကို သွားသတိရတယ်။ ဝဋ်ဆိုတာ မခံရခင် မလုပ်မိအောင် ရှောင်နိုင်တာ အကောင်းဆုံးပဲ။
ကိုဘညိန်းရယ် - ဗိုက်ဆာရင် နီးရာ အသီးအရွက် ခူးချက်စားလဲ အလကား စားလို့ ရနေတာ ကိုယ်ဝဋ်လိုက်အောင် သက်သက် ဒုက္ခရှာတယ်။
Post a Comment