Sunday, June 6, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၅)

အခန်း (၁၅)

နောက်နေ့ မနက်တွင် မိုးတိတ်သွားသည်။ ကောင်းကင်သည် တဖန်ပြန်၍ ကြည်လင်လာသည်။ မိုးရေ ပက်ဖျန်းခြင်း ကို ခံထားရသော မြေအပြင်သည် နေပူဆာလှုံလျက် ရှိလေသည်။ နီကိုလတ်စ် သည် သူ့အိပ်ရာ ပေါ်မှနေ၍ ပန်းဥယျာဉ်ဘက်သို့ မျှော်ကြည့်သည်။ သူ့အနေဖြင့် ပြတင်းပေါက်ကို သိသိသာသာ ဖွင့်ရဲသည်မဟုတ်။ သူကြည့်၍ မြင်သာရုံမျှသာ ဖွင့်ထားခြင်းဖြစ်သည်။ နံနက်ခင်း၏ နူးညံ့ အေးမြ သော လေသည် အခန်းတွင်းသို့ တိုးဝှေ့ဝင်ရောက်နေသည်။ ယူကလစ်နံ့သင်းနေသော လေ...။ မွှေးကြိုင် လန်းဆန်း သော လေ...။ ဤလေကို ရှူရှိုက်ရပြန်တော့လည်း အကောင်းဘက်ကို မျှော်လင့်ချင်သော စိတ်ကလေး ၀င်လာပြန်သည်။

ထိုအခါကျတော့လည်း စိက အေးဆေး တည်ငြိမ်လာသည်။
ယနေ့တော့ဖြင့် ပိတ်လှောင်ထားခြင်းခံနေရသည့် ဤအခန်းထဲမှ ထွက်ခွင့်ပေးတန်ကောင်းရဲ့ဟု သူ တွေးသည်။ အခုဆိုလျှင် ပါမောက္ခ ဟေးလီးဗီးတယောက် ဧည့်သည်အဖြစ်နှင့် ရောက်နေပေပြီ။ လွန်ခဲ့ သော ညက ဧည့်သည်ရောက်လာသံကို သူကြားနေခဲ့ရ၏။ ဟေးလီးဗီးသည် သူ့အဖေနှင့် အလွန် ခင်သည်။ ပြီးတော့ သူ့အဖေ အထင်အမြင်ကြီးသော လူတဦးဖြစ်သည်။ သို့ဆိုလျှင် သူ့ အဖေ၏ စိတ်သည် ပျော့ပျောင်း လာလိမ့်မည်ဟု ထင်သည်။

လောလောဆယ်တော့ဖြင့် သူဘာမျှ မလုပ်နိုင်။ သူစားနေကျ နံနက်စာကို စိတ်မပါ့တပါနှင့် စား သောက်လျှက် ရှိသည်။ ရှပ်အင်္ကျီ နှင့် ဘောင်းဘီကိုတော့ လဲထားပြီးပြီ။ သူသည် ဂျိုစီထံမှ အချက် ပေး နှုတ်ဆက်မည့်အချိန်ကို စောင့်မျှော်နေမိသည်။ ဂျိုစီသည် ပန်းဥယျာဉ်အတွင်းသို့ ရောက်သည် နှင့် တပြိုင်နက် သူ့အား လက်မြှောက်ပြကာ နှုတ်ဆက်တတ်၏။ ယနေ့ဆိုလျှင် သူ အခန်းထဲမှ မထွက်ရ သည်မှာ နှစ်ရက်တိတိ ရှိခဲ့ပြီ။ ဂျိုစီနှင့် သူ့အကြားတွင် အဆက်အသွယ်ဆို၍ လက်မြှောက် နှုတ်ဆက်ခြင်း တခုတည်း သာရှိ၏။ မည်သို့ပင်ဖြစ်စေ၊ သူ့ကို ဂျိုစီမမေ့ကြောင်းတော့ သိနေရသည်။ ဤမျှဆိုလျှင် သူ့အဖို့ လုံလောက်ပြီ။

တယောက်နှင့် တယောက် အခင်အမင်မပျက်သေး ဟူသော ယုံကြည်ချက်ကို အခိုင်အမာထားလို့ရသည်။ ရှင်းရှင်းပြောရလျှင် သူ့မှာဘာတွေပဲ ဖြစ်ဖြစ် သူ ဂရုမစိုက်။ ဖျားချင် ဖျားပါစေ...။ ဂရေစီယာက ခြိမ်းခြောက်လိုလည်း ခြိမ်းခြောက်ပါစေ။ နောက်ဆံး တနေ့ သူ့အဖေက သူ့အပေါ် စိတ်ဆိုးချင်ဆိုးပါစေ။ ဂျိုစီကသာ သူ့အပေါ် အခင်အမင် မပျက်ဟု ဆိုလျှင် သူဂရုစိုက်လိမ့်မည်မဟုတ်။

ဆယ်နာရီ ထိုးပေတော့မည်။ ပစ္စည်းများထားရာ တဲအတွင်းသို့ ဂျိုစီဝင်သွားသည်ကို မြင်လိုက်ရ၏။ ထိုတဲအတွင်းမှ နေ၍ လက်ပြလျှင် အိမ်ကြီးအောက်ထပ်ရှိ ပြတင်းပေါက်များမှ မမြင်နိုင်။ ထို့ကြောင့်လည်း ဤတဲအတွင်းရောက်လျှင် ဂျိုစီက လက်မြှောက်ပြစမြဲ။ နီကိုလတ်စ်သည် မျှော် လင့်ချက်ကြီးစွာဖြင့် လှမ်းမျှော်ကြည့်လျက်ရှိ၏။ ထိုအခိုက်တွင် အပြင်မှ ခြေသံများကြားလိုက်ရပြီး သူ့အခန်းတံခါး ပွင့်သွားသည်။ အပြင်သို့ လှမ်းမျှော်နေရာမှ ချာကနဲပြန်လှည့်လိုက်၏။ ၀င်လာသူ များမှာ သူ့အဖေနှင့် ပါမောက္ခ ဒေါက်တာဟေးလီးဗီး...။ သူ့ကိုယ်သူ မထိန်းနိုင်။ မလုံမလဲဖြစ်ကာ မျက်နှာပျက်လျက်ရှိလေသည်။

' ကောင်းသောနံနက်ခင်းပါ ကလေးရယ် ' ဟေးလီးဗီးက ချိုပြုံးသောမျက်နှာထားဖြင့် ကြည့်ကာ တရင်းတနှီး လှမ်းနှုတ်ဆက်သည်။
' ကောင်းသော နံနက်ခင်းပါခင်ဗျာ ' ဟု နီကိုလတ်စ်က ပြန်၍နှုတ်ဆက်သည်။ ' ကောင်းသော နံနက်ခင်းပါ ဖေဖေ '
သူ့အဖေနှုတ်မှ ဘာသံမှ ထွက်မလာ။ နီကိုလတ်စ်သည် လူကြီးနှစ်ယောက်၏ မျက်နှာကို တလှည့်စီကြည့်၍ အကဲခတ်သည်။
ကောင်စစ်ဝန်က ချောင်းတချက်ဟန့်လိုက်ပြီး သူ့ကိုယ်သူ အတော်ကြီး ထိန်းချုပ်ထားရသည့် လေသံဖြင့် လှမ်းပြောသည်။

' နီကိုလတ်စ်...၊ ဖေဖေပြောတာနားထောင်စမ်း၊ ဖေဖေတို့ သိပ်ကံကောင်းလို့ ဖေဖေ့မိတ်ဆွေ ပါမောက္ခ ဟေးလီးဗီးရောက်လာခဲ့တယ်၊ သူဒီမှာ ခဏနေလိမ့်ဦးမယ်၊ သူ ဒီမှာနေတုန်း အခိုက်မှာ မင်းရဲ့ကျန်းမာရေး အခြေအနေကို ကြည့်ပေးဖို့ ဖေဖေအပ်ထားတယ်' သူသည် ဟေးလီးဗီး၏ မျက်နှာကို လှမ်းကြည့်သည်။ ' ကျွန်တော် အနားမှာရှိဖို့ မလိုဘူးထင်ပါတယ် '
' ကျွန်တော်တို့နှစ်ယောက်တည်း နေရတာက ပိုပြီး အဆင်ပြေမယ်လို့ ထင်ပါတယ် ' ဟု ဟေးလီးဗီး က ပြန်ဖြေသည်။ ဘရန်းဒီးသည် ခေါင်းငိုက်စိုက်ဖြင့် နီကိုလတ်စ်ဘက် ပြန်လှည့်လာသည်။ ' မင့် အဖေကိုတောင်မှ ပေးပြီး မသိစေချင်တဲ့ အကြောင်းတွေ တို့မှာလည်း ရှိတာပဲ...၊ မဟုတ်ဘူးလားကွာ...၊ ကဲ...မင်းအိပ်ရာပေါ် ခဏလှဲလိုက်စမ်း၊ ပြီးတော့ ခြေထောက်တွေကို ဆန့်ထား'

နီကိုလတ်စ် မျက်လုံးအပြူးသားဖြင့် ဟေးလီးဗီးကို ကြည့်သည်။ သူ့အနေဖြင့် မကြာခဏ ဆေးအစစ် ခံခဲ့ရဖူး၏။ ဟေးလီးဗီး ကိုယ်တိုင်လည်း သူ့တကိုယ်လုံးကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ဖူးပြီ။ သို့သော်လည်း ယခုတကြိမ်ကျတော့ အလျင်ကနှင့်မတူဟု သူထင်သည်။ ဟေးလီး ဗီး၏ အပြုအမူနှင့် လုပ်ပုံကိုင်ပုံများသည် သူ့မျက်စိထဲတွင် အသစ် အဆန်းလို ဖြစ်နေသည်။ သူ ခုတင်ပေါ်သို့ လှဲအိပ်လိုက်သော အခါ ဟေးလီးဗီးသည် သူ့လုပ်နေကျ ထုံးစံအတိုင်း နားကျပ်ဖြင့် ဟိုထောက် သည်ထောက် လုပ်သည်။ လက်များဖြင့် ဟိုစမ်းသည်စမ်း၊ ဟိုခေါက် သည်ခေါက် ပြု သည်။ မိနစ်အနည်းငယ်ကြာတော့ သူ့အနားမှ ထသွားကာ တရုတ်ကက်များကို လိုက်ပိတ်သည်။

' အလင်းရောင်က မျက်လုံးတွေကို ထိုးနေတာ မကောင်းဘူး၊ ဟော... အခုလို ပိတ်လိုက်တော့ နေရတာပိုပြီး မကောင်းသွားဘူးလား' ဟုလည်း ရေရွတ်သည်။
ဟေးလီးဗီးသည် ခုတင် ခေါင်းရင်းဘက်တွင် ၀င်ထိုင်ပြီး သူ့လက်တဘက်ကို နီကိုလတ်စ်၏ နဖူးထက်သို့ ခပ်ဖွဖွကလေး တင်ထားသည်။
' ငါတို့ တယောက်နဲ့ တယောက် သိလာခင်လာကြတာ ကြာပြီနော်... နီကိုလတ်စ် ' ဟု လေအေး ကလေးဖြင့်ပြောသည်။ ' မင်း ငါ့ကို ခင်တာဟာ ဆရာဝန်တယောက်အနေဲ့ ခင်တာမဟုတ်ဘူး၊ သာမန် မိတ်ဆွေ သူငယ်ချင်းတယောက် ခင်သလို ခင်တာမျိုးပါ၊ မင်းငါ့ကို မကြောက်ဘူး မဟုတ်လား'
ခုတင်ပေါ်၌ ပက်လက်လှန်ပြီး မျက်နှာကျက်ကို ငေးစိုက်ကြည့်နေသော နီကိုလတ်စ်က အဖြေပေး သည်။

' မကြောက်ပါဘူး '
' အေး...ဟုတ်ပြီ' ဟု ဟေးလီးဗီးက ရွှင်ပြုံးသော လေသံဖြင့်ပြောသည်။ ' မင်းရဲ့စိတ်ထဲမှာ ရှိသမျှ ကို လွတ်လွတ်လပ်လပ်ပြောစမ်း၊ ငါ့ကို မင်းရဲ့ကစားဖော် သူငယ်ချင်းတယောက်လို သဘောထားပြီး ရဲရဲသာပြော' စိတ်ကုဆရာဝန်၏ အ၀ါရောင် သမ်းနေသော သွားများကို နီကိုလတ်စ် မြင်ရသည်။ ' အခုဆို မင်းဟာ ငယ်ငယ်လေးမဟုတ်တော့ဘူး၊ ကြီးလာပြီ၊ မင်းရဲ့ ဘ၀အပေါ်မှာ မင်းရဲ့ အမြင်နဲ့ အတွေးတွေ ရှိလာနေပြီ၊ ငါ သိချင်နေတာဟာ အဲဒီအတွေးတွေပဲ၊ မင်းရဲ့ အတွေး...တွေ၊ မင်း ပြောစရာရှိတာကိုသာပြော...၊ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဘာများရှိသလဲ၊ ပြောသာပြော...၊ ကဲကွာ ဥပမာတခုပြောပြမယ်၊ အခု လောလောဆယ် မင်း ဘာအကြောင်း တွေးနေသလဲ '

' ကျွန်တော် မသိဘူး ' နီကိုလတ်စ်သည် ခဏမျှတုံ့ဆိုင်းနေပြီးမှ အဖြေပေးသည်။
' အို... မဟုတ် သေးပါဘူးကွာ၊ ပြောစရာ ရှိရမှာပေါ့၊ မင်းဟာ ဥာဏ်အလွန်ကောင်းတဲ့ကလေးပါ၊ မင်း ခေါင်းထဲမှာ တွေးနေတာ တခုခုတော့ ရှိရမှာပေါ့သားရယ်၊ မဟုတ်ဘူးလား၊ ကဲ...ကဲ...ပြောပြ စမ်းပါဦး...၊ မင်း အခု လောလောဆယ် ဘာများ ခံစားမှုရှိနေသလဲ'
' ကျွန်တော့်နဖူးကို လက်ချောင်းကလေးတွေ လာထိနေတယ်၊ ဂွမ်းစလေးတွေလိုပဲ သိပ်နူးညံ့တယ်'
 နီကိုလတ်စ်က ခပ်ဖြည်းဖြည်းနှင့် ချိန်ဆ၍ ဖြေသည်။ ' ပြီးတော့ မျက်နှာကျက်ပေါ်မှာ အလင်းရောင် တန်းတွေ မြင်တယ်၊ အလင်းရောင်တွေဟာ တရုတ်ကတ်ကြားက ၀င်လာပြီး ထင်နေတာ'

' ဟုတ်ပြီ...ဟုတ်ပြီ၊ ဆက်ပြောပါဦး '
' ဘာကို ပြောရမှာလဲ '
' မင်း ပြောချင်တာပြော...၊ မင်း တွေးနေသမျှကို အကုန်လျှောက်ပြော...၊ စောစောကပြောတယ်၊ တရုတ်ကတ်ကြာက ၀င်လာတဲ့ အလင်းရောင်တဲ့...၊ အဲဒါပြီးတော့... ဘာပြောစရာရှိသေးလဲ '
' ကျွန်တော် မပြောတတ်တော့ဘူး ' ဟု နီကိုလတ်စ်က သံသယဖြင့် ပြောသည်။ ' အဲဒီအလင်းရောင်တန်းတွေ ကြည်ရတော့ ကျွန်တော် အကျဉ်းထောင်တခုထဲ ရောက်နေရသလို စိတ်ထဲက ထင်လာတယ်၊ သိပ် မှောင်တယ်၊ အလင်းရောင်ဆိုလို့ အဲဒိအရောင်တန်းလေးတွေပဲ ရှိ တယ်၊ သူတို့ကို မြင်ရတော့ ကျွန်တော် အပြင်ထွက်ချင်လာတယ် '
' မင်း အပြင်ရောက်ရင် ဘာလုပ်မလဲ'

'ငါးမျှားသွားမယ်' ဟု နီကိုလတ်စ်က တုံ့ဆုင်းခြင်းမရှိပဲ ပြန်ဖြေသည်။
' ငါးမျှားမယ်ဟုတ်လား ' ဟု စိတ်ကုဆရာဝန် ဟေးလီးဗီးက ရေရွတ်သည်။
' ဟုတ်တယ်၊ ကျွန်တော် အဲဒါပဲလုပ်မယ်၊ ဘတ်စ်ကားကြီးစီးပြီး ဟို တောင်တန်းတွေပေါ် သွားမယ် ' ဟေးလီးဗီး၏ လက်ချောင်းများ အောက်ရှိ နီကိုလတ်စ်၏ မျက်နှာတွင် အပြုံးပန်းပွင့်လာသည်။ ' နောက်ပြီးတော့ ... လွင်ပြင်ထဲသွားမယ်၊ စက်ရုံ ရေကာတာပေါ်မှာ ထိုင်မယ်၊ တနေ့လုံး နေရောင် အောက်မှာ ထိုင်ပြီ ငါးမျှားမယ်၊ ကျွန်တော် ဒီတခါဆိုရင် ငါးကြီးကြီးတွေ မိချင်မိမှာ '

' မင်း တယောက်တည်း သွားမှာလား' ဟု ဟေးလီးဗီးက စိတ်ဝင်တစားမေးသည်။
' တယောက်တည်းတော့ မသွားပါဘူး၊ ဂျိုစီနဲ့ သွားမှဖြစ်မှာ၊ သူကသာ တတ်အောင် သင်ပေးနိုင်တာ '
'သူက ဘာသင်ပေးမှာလဲ'

' ငါးမျှားတတ်အောင် သင်ပေးမှာပေါ့၊ သူက ငါးမျှားတဲ့နေရာမှာ သိပ်တော်တယ်၊ ဆန်ဂျော်ဂျီမြို့မှာ ဆိုရင် သူဟာ အကောင်းဆုံးပီလိုတာ ဘောလုံးသမား တယောက်ပဲ၊ သူက သဘောလဲ သိပ်ကောင်းတယ်၊ အလုပ်ကျတော့လဲ သိပ်လုပ်တာပဲ၊ ပန်းဥယျာဉ်ထဲမှာ သူလုပ်ရတာ သိပ်ပင်ပန်းတာပဲ '
' မင်း ဂျိုစီကို သိပ်ခင်သလား '
' ခင်တယ်၊ ဂျိုစီဟာ ကျွန်တော့် သူငယ်ချင်းပဲ '

ခဏမျှ ငြိမ်ဆိတ်သွားသည်။ မျက်နှာကျက်ပေါ်မှ အလင်းရောင်ကွက်များသည် တလှုပ်လှုပ် ဖြစ်နေ ကြလေသည်။ ဟေးလီးဗီး၏ အသံ ပြန်ပေါ်လာလေသည်။
' မင်းအဖေ ခရီးသွားနေတုန်းမှာ မင်း စောစောက ပြောတဲ့ မြစ်ဆီကို ဂျိုစီနဲ့အတူ သွားခဲ့တယ် မဟုတ်လား၊ မင်းအဲဒီတုန်းက ငါးမျှားအပြီးမှာ ဘာလုပ်သလဲ '
' အိပ်တယ် '
' ဂျိုစီနဲ့ အတူတူ အိပ်သလား '
' ဟုတ်တယ်၊ ဂျိုစီက ကျွန်တော့် ဘေးက ကပ်ပြီး မြက်ခင်းပေါ်မှာ လှဲနေတယ်၊ အိပ်လို့ သိပ်ကောင်း တယ်၊ နေရောင်အောက်မှာ ဆိုတော့ နွေးနေတာပဲ '
' ဟုတ်တာပေါ့' ဟု ဟေးလီးဗီးက ထောက်ခံသည်။ ' ငါနားလည်ပါတယ်၊ ငါကတော့ သိပ်ပြီး မတုန် လှုပ်ပါဘူးသားရယ်၊ မင်းအခု ပြောပြနေတာတွေအတွက် မင်းမကြောက်ဘူးလား

' ဘာဖြစ်လို့ ကြောက်ရမှာလဲ ' နီကိုလတ်စ်က ချက်ချင်းအဖြေပေးသည်။ ' ကျွန်တော် ဘာမှ မဟုတ်တာ မလုပ်ဘူး၊ ကျွန်တော် အမှန်အတိုင်း ပြောပြနေတာပဲ '
ဟေးလီးဗီးက သူ့နှုတ်ခမ်းကို ကိုက်ထားရာမှ စိတ်မရှည်သံဖြင့် ခပ်ငေါက်ငေါက်ပြောသည်။
' မင်းအဖေရဲ့ စကားကို မလိုက်နာပဲ လုပ်တာဟာ မင်းမဟုတ်တာ လုပ်တာပဲကွ '
' ကျွန်တော် အဖေ့စကားကို နားမထောင်ပဲလုပ်ဖို့ စိတ်ကူးခဲ့တာမဟုတ်ဘူး၊ ဂရေစီယာကြောင့် အခုလို ဖြစ်သွားတာ '

' အေး... ဟုတ်ပြီ...၊ ဒါပေမယ့် အဲဒီအကြောင်းကို နောက်မှ ပြောရအောင်...၊ အခု လောလောဆယ်တော့ မင်း ဂျိုစီကို သိပ်ခင်တယ်လို့ ၀န်ခံထားတယ် မဟုတ်လား '
' ကျွန်တော့်စိတ်က ခင်တာ ကျွန်တော် မတတ်နိုင်ဘူး '
' ခင်လို့ မင်းကို ဘယ်သူကမှ အပြစ်မတင်ပါဘူး...ကလေးရယ် '
စိတ်ကုဆရာဝန်၏ အပြုအမူသည် ပြောင်းသွားပြန်သည်။ လေသံကပါ ပျော့လာသည်။ ချော့ချော့ မော့မော့ လေသံ။ ' မင်းအနားမှာ ဂျိုစီရှိစေချင်တယ်၊ ဂျိုစီက မင်းကို ထိရင် ကိုင်ရင် သဘောကျတယ်၊ ဥပမာဆိုပါတော့ ဂျိုစီ မင်းအနားမှာနေပြီး မင်းရဲ့ ဆံပင်တွေကို ဖွဖွကလေး ကိုင်ထားရင်... '
' ဒါပေါ့...၊ ကျွန်တော် သိပ်သဘောကျတယ် ' နီကိုလတ်စ်မျက်နှာပျက်သွားသည်။

ဒေါက်တာ ဟေးလီးဗီးကတော့ နီကိုလတ်စ် ရှက်သလို ကြောက်သလို ဖြစ်သွားသည်ကို မြင်ရသော အခါ ၀မ်းသာသည်။ သူ ဤအလုပ်မျိုးတွေကို လုပ်လာခဲ့သည်မှာ ကြာပြီ။ အဆိုးဆုံးသော စော်ကားမှုမျိုးနှင့် ကြုံရလျှင် လျစ်လျူရှူနိုင်သည်။ မကြားဝံ့မနာသာ စကားများကိုလည်း သူ ဂရုမစိုက်။ အခုလို နီကိုလတ်စ်က ကလေးပီပီ ရှက်သလို ကြောက်သလို ဖြစ်သွားခြင်းကို သူ့အတွက် အခွင့်အရေးတရပ်အဖြစ် အသုံးချဖို့ အားထုတ်လေသည်။

' ဂျိုစီကို မင်းအနားမှာ နေစေချင်တယ် ဟုတ်လား၊ ဒါကြောင့်မို့ သူ့အိမ်ကို မင်းလိုက်သွားတာပေါ့ ဟုတ်လား '
နီကိုလတ်စ် လှုပ်ရှားလာသည်။ သူ့အား မေးနေသူ၏ မျက်နှာကို ကြည့်ချင်သည့်စိတ် ဖြစ်ပေါ် လာ သည်ဟုပင် ထင်ရသည်။
' ကျွန်တော် ... ဂျိုစီကို သိပ်ခင်တယ် '
' မင်း သူ့ကို ချစ်တယ်လို့ ဆိုချင်တာလား ' ဟေးလီးဗီးက အလွန် သာယာချိုအေးသော လေသံဖြင့် မေးသည်။
' ဟုတ်တယ်၊ ကျွန်တော် သူ့ကို ချစ်..တယ်' နီကိုလတ်စ်၏ မျက်နှာသည် နီရဲလာပြန်သည်။ ' ဒါပေမယ့် ကျွန်တော် သူတို့အိမ် လိုက်သွားတာက ဂရေစီယာကြောင့် လိုက်သွားတာ '
ဟေးလီးဗီးကရယ်သည်။

' ဂရေစီယာ...၊ လာပြန်ပြီလားကွ... ဂရေစီယာ၊ ငါတော့ မင်းစကားကို မယုံဘူးကွာ '
' ခင်ဗျား ယုံတာ မယုံတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူးဗျာ ' နီကိုလတ်စ် အသံက တည်ငြိမ် အေးဆေးသည်။ ' အဲဒီကိစ္စ မှန်နေသမျှ ကာလပတ်လုံး ဘယ်သူတွေက မယုံယုံ ... ကိစ္စမရှိဘူး '

ငြိမ်ဆိတ်သွားပြန်သည်။ ပါမောက္ခစဉ်းစားဝေဖန်ရခက်နေသည်။ နီကိုလတ်စ်ဘက်ကတော့ အခုအခံ ရှိနေဆဲပင်...။ သူ့လို အတွေ့အကြုံရင့်ကျက်သူ တဦးအနေဖြင့် ဤကလေး၏ စကားကို လွယ်လွယ်နှင့်လက်ခံသင့်ပါသလား။ ဤကလေးအမှန်ပြောနေသည်ဟုပင် ယူဆရမလား...။ မည်သို့ပင် ဖြစ်စေ... အလျင့်အလျင်က ကလေးသူငယ်များစွာနှင့် သူရင်ဆိုင်ခဲ့ရဖူး၏။ နောက်ဆုံးကျတော့အားလုံးလက်မြှောက်အရှုံးပေးသွားကြရသည်ချည်းဖြစ်သည်။ နီကိုလတ်စ်၏ခေါင်းမာမှုသည် မည်မျှကြာကြာခံနိုင်ပါမည်နည်း...။
သူနေရာ ပြင်ထိုင်သည်။ နီကိုလတ်စ်အား လှိုက်လှဲသော အပြုံးဖြင့် ကြည့်သည်။

' ကလေး...ရယ်...၊ မင်း ငါ့ကို မယုံကြည်ဘူး၊ အထင်လွဲနေတယ်၊ ငါ တကယ့်ကို စိတ်မကောင်း ဖြစ်ရပါတယ်၊ ငါက ဒီကိစ္စမှာ အမှားနဲ့ အမှန်ကို ဝေဖန်နေတဲ့လူ မဟုတ်ပါဘူး၊ မင်းကိုယ်မင်း အပြစ်လို့ ဒီလောကကြီး ခုခံကာကွယ်နေရတာလဲ၊ ဘာကြောင့် အပြစ်လွတ်အောင် လုပ်နေရတာလဲ၊ ငါက မင်းဘက်က လူပါကွာ၊ ယုံစမ်းပါ ကလေးရယ်၊ ဒီမကောင်းတဲ့ ကျူးလွန်မှု မျိုးဟာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး၊ ဟိုး... ရှေးလွန်လေပြီးတဲ့ အခါကတည်းက ရှိခဲ့တာပါ သားရယ်၊ တကယ်လို့ မင်း ပြုမှားမိခဲ့တယ် ဆိုရင်ကော ဘာဖြစ်လဲ...၊ ဒါဟာ လူသားတိုင်းပြုတတ်တဲ့ အမှားပါကွ၊ ကြောက်စရာကောင်းတာက အဖြစ်မှန်ကို မပြောပဲ ဖုံးကွယ် ထားတာပဲ၊ တကယ်လို့ မင်းကသာ အမှန်ကို ပြောပြလိုက်ရင် မင်းလုပ်ခဲ့တဲ့အမှားဟာ အလကား ဘာမှမဟုတ်တဲ့ ကိစ္စတခု ဖြစ်သွားမှာပဲ၊ တို့နှစ်ယောက် အတူတူရယ်နေဖို့ပဲ ရှိတော့တယ် မဟုတ်လား'
' ဘာကို ရယ်ရမှာလဲ ' နီကိုလတ်စ်က နားမလည်သည့်နှယ် ပြန်မေးသည်။

' ဥပမာ ဒီဟာမျိုးပေါ့ကွာ ' ဟေးလီးဗီးက ပြောပြောဆိုဆိုနှင့် စာရွက်တရွက်ကို နီကိုလတ်စ်၏ မျက်စိရှေ့မှောက်သို့ ထိုးပြသည်။
ပထမတော့ နီကိုလတ်စ် တကိုယ်လုံးတောင့်တင်းသွားသည်။ နောက်တော့ တဖြည်းဖြည်းချင်းပင် ပြန်ပြေသွားသည။ စာရွက်ပေါ် စူးစိုက်နေကြသည့်သူ့မျက်လုံးများကို တဘက်သို့ လွှဲဖယ်လိုက်သည်။

' အိုကွာ၊ ဒါကလဲ အရေးကြီးတဲ့ဟာ မဟုတ်ပါဘူးကွ' ဟု ဟေးလီးဗီးက ကပျာကယာပြောသည်။ ' ဒါပေမယ့်မင်းဒီစာမျိုး ရေးတောင်ရေးခဲ့သေးတာ၊ ဘာပြုလို့လိမ်ပြောချင်နေရတာလဲ၊ မင်း ဂျိုစီနဲ့ နျစ်ယောက်တည်း ရှိနေတုန်းကဆိုရင် ဒီထက်ပိုပြီး နူးညံ့တဲ့ စကားတွေ ပြောခဲ့မိမှာပေါ့၊ ဥပမာကွာ၊ မင်း သူ့အိမ်လိုက်သွားပြီး ညပိုင်း နှစ်ယောက်တည်း နေကြတဲ့အခါမျိုးပေါ့ကွာ '
' ကျွန်တော်တို့ ဘာစကားမှ မပြောကြဘူး '

' ဒါပေမယ့် ... ကလေးရယ် ... ' ဟေးလီးဗီးက သူ့ဦးခေါင်းကို ခေါင်းအုံးနားအထိ တိုးကပ်ကာ ချော့မော့သော လေသံဖြင့် ပြောသည်။ ' မင်းသူ့အိမ်ကို ရောက်တယ်...၊ မင်းတို့နှစ်ယောက် တည်းရယ်...၊ မှောင်ကြီးမည်းမည်းထဲမှာ...၊
နီကိုလတ်စ် တကိုယ်လုံး အေးစက်သွားသည်။ ပထမတုန်းကတော့ သူနားမလည်။ အားလုံးရှုပ်ထွေး နေသည်။ အခုတော့ နားလည်သလို ရှိလာသည်။ နားလည်လာသည်နှင့်တပြိုင် နက် ကြောက်ခြင်း၊ ရှက်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းများ ဖြစ်ပေါ်လာသည်။ ဤစကားကို ကြားချင်၍ သူ့အား သိမ်းသွင်းခေါ်ယူလာခြင်းပါတကား...။
အိပ်ရာပေါ်မှခုန်၍ ထချင်စိတ်၊ အခန်းထဲက ထွက်ပြေးချင်စိတ်၊ ဘယ်သူနှင့်မှ အတွေ့မခံတော့ပဲ ရှောင်ပုန်းနေချင်စိတ်များ ဖြစ်ပေါ်လာသည်။

သို့သော်လည်း သူ အိပ်ရာပေါ်မှမထနိုင်။ မထချင်။ ကိုယ်တွေ လက်တွေ မလှုပ်ချင်မသယ်ချင်ဖြစ်နေသည်။ ထိုအခိုက်မှာပင် သူ့ အတ္တစိတ်က သူ့အား အမိန့်တခုပေးလာသည်။ သူသည် လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အိပ်နေရာမှ ထထိုင်သည်။ သူ့မျက်နှာသည် ဖြူဖွေးလျက်ရှိ၏။ သူ့နှလုံးသည် ပြင်းစွာ ခုန်လျက်ရှိ၏။ သို့သော် လည်း သူသည် ပါမောက္ခ ဟေးလီးဖီး၏ မျက်နှာကို စူးစူးရဲရဲ စိုက်ကြည့်သည်။

' ခင်ဗျား ကျွန်တော့်ကို ဘာပြောစေချင်နေတယ် ဆိုတာ ကျွန်တော် မသိဘူး၊ ဒါပေမယ့် ကျွန်တော် မပြောဘူး၊ ကျွန်တော် ဂျိုစီနဲ့ လိုက်သွားတာဟာ ဂရေစီယာက ကျွန်တော့်ကို ကြောက်အောင် လုပ်လို့ သွားတာ၊ ဒါကိုလည်း ပြောခဲ့ပြီးပြီ၊ မယုံရင် မက်ဂ်ဒါလီးနားကို မေးနိုင်တယ်၊ သူ ပြောမှာပဲ၊ ကျွန်တော့် အဖေကိုယ်တိုင် မေးစေချင်တယ် '
ဟေးလီးဗီးသည် သူ့အရှက်ကို အေးစက်သော အပြုံးဖြင့် ဖုံးကွယ်ထားသည်။ သူသည် ထိုင်ရာမှ ထရပ်သည်။ အချိန်ကာလ အတန်ကြာက သူမျှော်လင့် စောင့်စားနေခဲ့သည့် စိန်ခေါ်မှုကို ၀မ်းသာ လှိုက်လှဲစွာ လက်ခံလိုက်သည့် ဟန်မျိုး…။

' ကောင်းပြီ…လေ၊ တို့များ မက်ဂ်ဒါလီးနားကို မေးကြည့်ကြတာပေါ့ '
ဟေးလီးဗီးသည် ပန်းပွားများ တပ်ထားသော ကြိုးစကို နှစ်ကြိမ်တိတိ ဆွဲလိုက်သည်။ အိမ် အောက်ထပ် မီးဖိုချောင်ဘက်မှ ခေါင်းလောင်းသံ သဲ့သဲ့ ကြားလိုက်ရ၏။ မိနစ်အနည်းငယ်မျှ ကြာ သောအခါ လှေကားဆီမှ လေးလံနှေးကွေးစွာ တက်လာနေသော ခြေသံများ ကြားရသည်။ ထို့နောက် တံခါးခေါက်သံတချက် ထွက်လာပြီး အခန်းတွင်းသို့ မက်ဂ်ဒါလီးနား ၀င်လာသည်။

' မက်ဂ်ဒါလီးနား ' ဟု ဟေးလီးဗီးက စကားစသည်။ ' မင်းသခင်ခရီးသွားနေတုန်းက ဒီအိမ်မှာ မဖြစ် သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ငါသိထားရတယ်၊ ပထမဆုံး ငါသိချင်တာက လွန်ခဲ့တဲ့ စနေညက ဂရေစီယာဟာ ဘာစီလိုးနား မှာ ညအိပ်ရဲ့လား '
မက်ဂ်ဒါလီးနားသည် အခန်းတံခါး ဘောင်ကို ပင်ပန်းကြီးစွာ မှီရပ်နေရာမှ ဟေးလီးဗီးအား မော့် ကြည့်သည်။
' မအိပ်ပါဘူး၊ သူ ဒီမှာပဲ ရှိနေခဲ့ပါတယ် '

နီကိုလတ်စ် တကိုယ်လုံး တုန်သွားသည်။ သူသည် ရှေ့သို့ ဆတ်ကနဲ တိုးလာသည်။ သူ့နှုတ်ခမ်း များသည် တဆတ်ဆတ်လှုပ်လျက်ရှိသည်။
' ဒါပေမယ့် မက်ဂ်ဒါလီးနား…'
' မင်း ဘာမှ မပြောနဲ့ဦး ဟေးလီးဗီးက နီကိုလတ်စ်ဘက်သို့လှည့်၍ ဟန့်သည်။ ပြီးတော့ သူ့မျက်နှာ သည် မက်ဂ်ဒါလီးနားဘက်သို့ ပြန်လည့်သွားသည်။
' ငါသိချင်တဲ့ ဒုတိယအချက်က ဂရေစီယာဟာ တနင်္ဂနွေနေ့ညက အရက်တွေသောက်ပြီး အလွန်အကျွံ မူးနေတယ်ဆိုတာ ဟုတ်သလား '
' မဟုတ်ပါဘူး…ဆီညော်၊ ဂရေစီယာဟာ အရက်မသောက်ပါဘူး '

' အဲဒီညက ဂရေစီယာ မင်းကို မရိုက်ဘူးလား၊ နီကိုလတ်စ်ကိုရော ခြောက်လား လှန့်လား လုပ် သေးသလား '
အမျိုးသမီးက ခေါင်းယမ်းသည်။
' ဂရေစီယာဟာ လူကောင်းပါရှင်၊ အများက သိကြပါတယ်၊ ကျွန်မကို ဘယ်တုန်းကမှ မရိုက်ပါဘူး '
' အို…' ဟု နီကိုလတ်စ်ကအော်သည်။ ' ခင်ဗျား လိမ်တယ်၊ သူ ခင်ဗျားကို ရိုက်တာ ခင်ဗျား ကိုယ်တိုင် ခံရတာပဲ၊ စတိုခန်းထဲမှာလေ၊ ခင်ဗျား ငိုနေတယ် မဟုတ်လား၊ သူ့လက်ထဲမှာ ဓားကြီးကိုင်လို့၊ သိပ်ကို ကြောက်စရာ ကောင်းတာ…' နီကိုလတ်စ် စကား ဆက်မပြောနိုင်။
' ဒါပါပဲ မက်ဂ်ဒါလီးနား' ဟု ဟေးလီးဗီးက ပြောသည်။ ' ကျေးဇူးတင်ပါတယ် '

ထမင်းချက် အမျိုးသမီးသည် သူ့အား သွားခွင့်ပြုလိုက်သည်ကို မကြားသည့်နှယ် ကြောင်ပြီး ရပ်နေ သည်။ သူ့အား မေးမြန်းနေသည့် တချိန်လုံး သူ့မျက်လုံးများသည် နီကိုလတ်စ်ကိုမကြည့်၊ ပါမောက္ခ မျက်နှာကိုသာ စူးစိုက်ထားသည်။ ယခုကျမှပင် နီကိုလတ်စ်ဘက် တချက်ခိုးကြည့်သည်။ အမူအရာ ကတော့ မပြောင်း။ သူသည် ဖြတ်ကနဲ နောက်လှည့်ကာ အခန်းမြဲမှ ထွက်သွားလေ၏။ နီကိုလတ်စ် သည် သူ့အိပ်ရာပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ကာ ကလေးပီပီ မခံချင်စိတ်ဖြင့် ရှိုက်ကြီးတငင် ငိုသည်။
' ဂျိုစီ … ခင်ဗျား ဘယ်ရောက်နေသလဲ၊ ကျွန်တော့်ကို မကယ်နိုင်တော့ဘူးလားဗျာ…၊ ကျွန်တော်တို့ နှစ်ယောက်ကို သူတို့ ဘာလုပ်ကြမလို့လဲ မပြောတတ်ဘူး ' ဟု ၀မ်းနည်းပက်လက်တမ်းတသည်။

ပါမောက္ခ ဟေးလီးဗီးသည် နီကိုလတ်စ်ဆီသို့ ခြေတလှမ်းတိုးလာသည်။ ထို့နောက် လမ်းခုလတ် တွင်ပင် ရပ်သွားပြီး အတန်ကြာမျှ ငိုင်နေသည်။ ရုတ်တရက် သူ့စိတ်ဝေခွဲ၍မရ။ ချော့သင့် မချော့ သင့် ချီတုံ… ချတုံ။ တကယ်တော့ အခုလို အချိန်တွင် သူ တယောက်တည်း နေစေခြင်းသည် အကောင်းဆုံး…။ အားရအောင် ငိုကြွေးခွင့်ပေးထားခြင်းမှာလည်း အကောင်းဆုံး အသင့်ဆုံး…။ အားလုံးပြီးသွားလျှင် ခံနိုင်ရည်အားသည် ပျောက်သွားလိမ့်မည်။ သူသည် တရုတ်ကတ်များကို တချက်ဝေ့ကြည့်သည်။ စောစောက သူ ပိတ်ထားသည့်အတိုင်းပင် ခြေရာ လက်ရာ မပျက်။ ထို့နောက် သူသည် သနားစဖွယ် ကောင်းလှသည့် ငိုရှိုက်သံများကြားမှပင် အခန်းတွင်းမှ အသာ ကလေး ခြေဖျားထောက်၍ ထွက်သွား လေ၏။
…………………………………

အခန်း (၁၆) ဆက်ရန်

.

2 comments:

ကိုဇော် said...

တော်တော်ကို စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ။
ကောင်းခန်းမှ ရပ်ပစ်တယ်နော်. . .ဟွန်း။

လသာည said...

ဒီပိုစ်ကို ဖတ်လိုက်ပျက်လိုက်နဲ့ ဖြစ်နေတာ။ ဒီနေ့တော့ မကျေနပ်တာနဲ့ တစ်ကပြန်စဖတ်ပြစ်လိုက်တယ် အေးရေားP

အပိုင်း-၁၆ ကို အမြန်ဆက်ပေးပါရန် အစ်မရွှေစင်အိမ်ရှေ့မှာ မေတ္တာရပ်ခဲ့ပါတယ်။ ကွမ်းသီး ရပ်ခဲ့ပါတယ်။လသာညလည်း ရပ်ခဲ့ပါတယ်းD