Thursday, June 3, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၂)

အခန်း (၁၂)

ထိုအချိန်တွင် ကောင်စစ်ဝန် ဟာရင်တန်ဘရန်းဒီးသည် သူ့အိမ်၌ ပေါ်ပေါက်နေသည့် အဖြစ်အပျက်များကို လုံးဝမသိပဲ ဘာစီလိုးနားမြို့ ဗဟိုဘူတာကြီးသို့ဆိုက်ရပ်သည့် အရှေ့ပိုင်း ဒေသသွား မီးရထားပေါ်မှ သူ့လက်ဆွဲသေတ္တာကို ဆွဲ၍ ဆင်းလာသည်။ သူသည် တညံညံတစာစာ အော်ဟစ်နေကြသော မီးရထား အလုပ်သမားများကြားမှ တိုးဝှေ့ကာ အီစတာစီယွန် ဟိုတယ်ဘက်ထွက်ရာ မီးရထား ခုံးတံတားအတိုင်း လျင်မြန်စွာ လျှောက်လာသည်။ ပျင်းတိ ပျင်းတွဲ ဖြစ်နေသော ဟိုတယ်စာရေးသည် သူ့အတွက် ဒုတိယ ထပ်မှ အခန်းတခန်းကိုပေးသည်။

အခန်းမှာ ဆင်ဝင်ဘက် မျက်နှာပြုထားသည့် အခန်းဖြစ်၍ အခန်းကောင်းမဟုတ်ပေ။ သူ့နဂိုမူလ စိတ် အတိုင်း ဆိုလျှင် ဤအခန်းမျိုးကို ချပေးပါက ဒေါပွမည်ဖြစ်၏။ ချပေးသူစာရေးနှင့်လည်း အကြီး အကျယ် စကားများ ကြမည်ဖြစ်၏။ သို့သော်လည်း အခုတကြိမ်တွင်မူ သူသည် စာရေးနှင့်ဖက်ပြိုင်၍ မပြောတော့ပဲ ချပေးသည့် အခန်းကိုပင် ရှောရှောရှူရှူ လက်ခံလိုက်သည်။ အမှန်တော့ သူ့မှာ တွေး စရာတွေရှိနေ၏။ တွေးစရာ များ ရှိနေချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်ရှိမည့် အခန်းမျိုးကိုသာ ရချင်နေ၏။

ထို့ကြောင့်လည်း စာရေးချပေးသည့် အခန်းကို မငြင်းမဆန် လက်ခံခဲ့ခြင်း ဖြစ်လေသည်။
မက်ဒရစ်မြို့ မှ ထွက်လာခဲ့စဉ်က သူစီးလာသော ရထားတွဲမှာ ခရီးသည်များဖြင့် ကျပ်သိပ်လျက်ရှိ သည်။ ဘာကို မှ အေးအေးဆေးဆေးစဉ်းစားတွေးတောဖို့ အချိန်မရ။ သူတယောက်တည်း စကား ပြောဖော်မရှိပဲ ငူငူကြီး ထိုင်၍ လိုက်ပါလာခဲ့ရ၏။ သို့သော်လည်း သူ့ရင်ထဲ၌ တနုံနုံ့ ဖြစ်ပေါ်လျက် ရှိသော မခံချင် စိတ် ကြောင့် တလမ်းလုံး မျက်မှောင်ကုပ်ကာ အံတကြိတ်ကြိတ် ဖြစ်လာခဲ့ရလေသည်။

' ညစာ စားတော့မလား... ဆီညော် '
သူ့အခန်းသို့ လိုက်ပို့သော ဟိုတယ် အလုပ်သမားက မေးသည်။ ဘရန်းဒီးမှာ သူ့တွေးနှင့်သူ ခေါင်းရှုပ်လျက် ရှိသဖြင့် အူကြောင်ကြောင် မျက်နှာပေးဖြင့် မေးသူအား ငေးကြည့်နေမိသည်။ ထို့နောက် မနက်စာ စားပြီး ကတည်းက အခုအချိန်ထိ နောက်ထပ် ဘာမှမစားရသေးသည့် သူ့အဖြစ်ကို သတိရလာသည်။
' သြော် ... ဟုတ်ပြီ၊ တခုခုယူခဲ့ကွာ၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကာဖီနဲ့ ၀က်ပေါင်ခြောက် '
' ဟုတ်ကဲ့ ... ခင်ဗျ '

ထိုလူ နောက်လှည့်ပြီ ထွက်သွားခါမှ ဘရန်းဒီးသည် တစုံတခုကို သတိရပြန်သည်။
' နေဦး ...၊ မင်းကြေးနန်းရုံးးကိုသွားပြီး ကြေးနန်းတစောင်ရိုက်ပေးစမ်း '
သူသည် စားပွဲပေါ်၌ အသင့်ရှိနေသည့် ကြေးနန်းပုံစံ စာရွက်ကို ဆွဲယူလိုက်သည်။

    ဂရေစီယာ
    ကာဆာ ဘရီဇာဂေဟာ၊ ဆန်ဂျော်ဂျီ။
    မနက်ဖြန် အင်္ဂါနေ့နံနက် ၇း၄၅နာရီ ဆန်ဂျော်ဂျီ
    ဘူတာမှ ကားနှင့်စောင့်။
                        ဟာရင်တန် ဘရန်းဒီး

သူသည် ပုံစံပိုင်းကို ဖြတ်ယူပြီး အလုပ်သမား လက်သို့ လှမ်းပေးသည်။ ပြီးတော့ မင်းစိတ် စိုးစိတ်လေသံ အပြည့်ဖြင့် လှမ်းမှာသည်။
' ဒီကြေးနန်းကို ချက်ချင်းရိုက်ပေးဖို့ပြော၊ မနက်ဖြန် မနက်ခြောက်နာရီတိတိမှာ ငါ့ကို ပြန် အဆက်အသွယ် လုပ်ဖို့လဲ မှာခဲ့'
အလုပ်သမားက ဦးခေါင်းကို အသာကလေး ညွတ်လိုက်သည်။

' ကောင်းပါပြီ ... ခင်ဗျာ '
တံခါးပိတ်သွားသောအခါ ဘရန်းဒီးသည် အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းသလားသည်။ လက်သီး နှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ကြိတ်မနိုင်ခဲမရဖြစ်လွန်းသောစိတ်ကြောင့် သူ့မျက်ခုံး နှစ်ဘက် သည် တွန့်လျက်ရှိသည်။ သူတို့အနေဖြင့် သူ့ကို အခုလို လိမ်လည် လှည့်ဖြားခဲ့ကြသည့် အကြိမ်ပေါင်း မှာ မရေမတွက်နိုင် လောက်အောင်ရှိခဲ့ပြီ။ အခုလို စာမျိုးကို အခုလို လေသံမျိုးနှင့် ရေးပြီး ကြက်မကြီး က ကြက်ကလေး လှည့်စားသည့်ပေါက်မျိုး မကြာခဏ ချိုးခဲ့ကြ၏။ သူကတော့ ထုံးစံအတိုင်း စာရေးပုံ လေသံနှင့် အခြေအနေကို ဆက်စပ်၍ တွေးခေါ် ဆုံးဖြတ်မိခြင်းသာဖြစ်၏။ အခု သူရခဲ့သည့် စာအပေါ် တွင် ယုံကြည်စိတ်ချခဲ့မိခြင်း အခု သူရခဲ့သည့် စာပေါ်တွင် ယုံကြည် စိတ်ချခဲ့မိခြင်းတွက် သူ့ကိုယ်သူ အပြစ်တင်ဖို့တော့ မလိုဟု ထင်မိသည်။

မည်သို့ပင်ဖြစ်စေ သူ့ကိုယ်သူ ဒေါသတော့ ဖြစ်မိသည်။ မခံချင်စိတ်လည်း ဖြစ်မိသည်။ ရှက်လည်း ရှက်၏။ သူ့အနေဖြင့် ဘာကြောင့် သူတို့အပေါ်၌ မျက်ကန်း တစ္ဆေ မကြောက်ယုံကြည်မှုမျိုး ထားခဲ့ရပါသနည်း။ ဖြစ်ပြီး ခဲ့သမျှကို ပြန်၍ စဉ်းစားလိုက်တိုင်း သူမထွက်လာမီက ဘာတန်နှင့် သူ့ သားနီကိုလတ်စ်အား ပြောခဲ့မိသည့် စကားများကို သတိရမိ၏။ ထိုစဉ်က မဆင်မခြင် ပြောခဲ့မိသော စကားများကို သတိရမိ၏။ ထိုစဉ်က မဆင်မခြင် ပြောခဲ့မိသော စကားများမှာ မျှော်လင့်ချက်အပြည့် နှင့်ဖြစ်သည်။ သို့သော်လည်း ထို မျှော်လင့်ချက် အားလုံးသည် လေထဲ တိုက်အိမ်ဆောက်သည့်နှယ် ဖြစ်ခဲ့ရလေပြီ။ ဘာတန်ကို သတိရ မိသည်ဆိုလျှင်ပင် သူ့တကိုယ်လုံးမှာ အနေရ အထိုင်ရခက်သည် အထိ ချွေးပြန်လာလေသည်။

သူသည် အပြင်းအထန် လှုပ်ရှားနေသော စိတ်ကို ကြိုးစား၍ ထိန်းနေရသည်။ အခန်းနံရံပေါ်မှ မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်မိသည်။ ခရီးပန်းခြင်းနှင့် စိတ်ညစ် စိတ်ရှုပ်ခြင်းတို့ကြောင့် သူ့မျက်နှာမှာ များစွာ အိုစာကျလျက်ရှိသည်။ ဤကြားထဲတွင် မုတ်ဆိတ်မွေးများကို မရိတ်ရသေး သဖြင့် ပို၍ အကြည့်ရ ဆိုးလျက် ရှိ၏။ သူသည် လက်ဆွဲအိတ်ကို ဖွင့်ပြီး ရေချိုးခန်းသုံးပစ္စည်းများကို ထုတ်ယူလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ ၀င်သည်။ ရေချိုးရင်းနှင့် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများကို ရိတ်လိုက်ပြီး ရေချိုးကန် အတွင်းရှိ ရွေးထဲ၌ အတန်ကြာမျှ စိမ်ကာ ကိုယ်စိတ်နှစ်ပါးလန်းဆန်းကြည်လင်သွားအောင် အားထုတ် သည်။

ပြင်သို့ ရောက်သောခါ ရေချိုးခန်း ၀တ်ရုံကြီးနှင့်ပင် အစားအသောက်များ တင်ထားသောတံခါး အနီးမှ စာရေး စားပွဲတွင် ၀င်ထိုင်သည်။ ကော်ဖီနှစ်ခွက်ကို ဆက်တိုက်သောက်ချလိုက်ပြီးမှ ပေါင်မုန့် ထောပတ် သုတ် နှင့် ၀က်ပေါင်ခြောက်ကို စားသည်။ ဟာနေသော သူ့ဝမ်းဗိုက်သည် ချက်ချင်းပင် ပြည့်သွားလေ၏။ သူသည် ထိုင်ရာမှထကာ လူခေါ်ခေါင်းလောင်းကြိုးဆွဲလိုက်သည်။ စားပွဲပေါ်မှ ပန်းကန်များကို လာရောက် သိမ်းယူရန် ဟိုတယ် အလုပ်သမားအား အသံပေးခြင်းပေတည်း။

အလုပ်သမားသည် စားပွဲကို ရှင်းလင်းသုတ်သင်ပြီး ချက်ချင်းပင် ပြန်ထွက်သွားသည်။ အခန်းထဲ တွင် သူတယောက် တည်း ကျန်ရစ်ခဲ့ပြန်သည်။ သူကတော့ သူ့အတွေးနှင့်သူ...။ ကျခဲ့ရသည့် သူ့ သိက္ခာအတွက် သူ့စိတ်မှာ ပူလောင်ပြင်းပြဆဲ။ တင်ထားသည့် စာရေးစက္ကူ တထပ်ကို ဆွဲယူသည်။ မင်တံကို လှမ်းကိုင် သည်။ ပြီးတော့ စာတစောင် ကောက်ရေးသည်။

                    အီစတာစီယွန်ဟိုတယ်
                    ဘာစီလိုးနီးယားမြို့
                    တနင်္လာနေ့၊ ည ၁၁း၃၀ နာရီ
ချစ်လှစွာသော ဟေးလီးဗီး ...
ရင်ဖွင့်ချင်တဲ့ စိတ်ဆန္ဒ ပြင်းထန်လွန်းနေတဲ့အတွက် ဒီ ဟိုတယ် ကနေပြီး ဒီစာကို ရေးလိုက်ရပါ တယ်။ ကျွန်တော်ရဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတဦးအနေနဲ့ရော။ ကျွန်တော့်ရဲ့ ကျန်းမာရေးကို ကြည့်္ဂ စောင့်ရှောက် ပေးနေရတဲ့ ဆရာဝန်တယောက်အနေနဲ့ပါ ကျွန်တော့်ရဲ့ ပြဿနာကို ဝေဖန်သုံးသပ်ပြီး အကြံဥာဏ်နဲ့ အကူအညီ ပေးစေချင်ပါတယ်။

ကျွန်တော့်ရဲ့ ၀န်ထမ်း ဘ၀ တလျှောက်လုံးမှာ ဘယ်လောက်အထိ မတရားသဖြင့် အလုပ်ခံခဲ့ရတယ် ဆိုတာ ခင်ဗျား အသိဆုံးပါ။ အထူးတလည် ချဲ့ထွင်ရေးနေဖို့မလိုပါဘူး။ ဘယ် လောက်ပဲ မတရားလုပ်လုပ် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထောက်ထားတဲ့အနေနဲ့ စိတ်ရှည်ရှည်ထားပြီး အောင့်အည်း သည်းခံလာခဲ့ပါတယ်။ ဒါကိုလည်း ခင်ဗျား အသိပါ။ ကျွန်တော့်ရဲ့ စိတ်ရှည်မှုနဲ့ သည်းခံ နိုင်မှု အတွက် ခင်ဗျားကတောင်မှ ကျွန်တော့်ကို မကြာမကြာ ထုတ်ပြီး ချီးမွမ်းခဲ့တာ ခင်ဗျား သတိရဦးမှာပါ။ လွန်ခဲ့တဲ့ လထဲက ကျွန်တော်ရေးခဲ့တဲ့ စာတွေထဲမှာ တော်စတာ ဘရားဗားမြို့ကို ကျွန်တော် မကြာခင်က ပြောင်းရွှေ့ ရောက်ရှိလာကြောင်း။ အဆင် ပြေပြေ နေထိုင်သွားနိုင်ဖို့အတွက် တတ်အားသရွှေ့ ကြိုးစား လုပ်ကိုင် နေရကြောင်း ရေးခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတော့ မက်ဒရစ် သံရုံးမှာ တာဝန်ကျနေတဲ့ ပထမကောင်စစ်ဝန် ဂျော့တင်းနေး တယောက် လေငန်းဖြတ်သွားလို့ မက်ဒရစ် မြို့တော်ကို လိုက်လာစေလိုကြောင်း စာထဲမှာ ရေးထား ပါတယ်။

ကျွန်တော်ဟာ အစဉ်းစား အဆင်ခြင် ကင်းမဲ့တဲ့ လူတယောက် မဟုတ်ဘူး ဆိုတာ ခင်ဗျား အသိပဲ။ ကိစ္စတခု ကို ဘယ်တော့မှ အလျင်စလို ဆုံးဖြတ်တတ်တဲ့ လူတယောက် မဟုတ်ဘူးဆိုတာလဲ ခင်ဗျား သိမှာပါ။ ဘေလီရဲ့ စာမှာ ပါလာတဲ့ အရေးအသားဟန်နဲ့ လေကို ဖတ်ရရင် ဘယ်သူပဲဖြစ် ဖြစ် ကျွန်တော့်ကို တင်းနေးရဲ့ နေရာ ရဖို့ သေချာတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲသလိုပဲ တွက်ခဲ့မိ တယ်။ ဒါနဲ့ပဲ ကျွန်တော် မက်ဒရစ်မြို့တော်ကို ထွက်ခဲ့ပါတယ်။

စနေနေ့ မက်ဒရစ်ကို ရောက်သွားတော့ အံ့သြစရာအဖြစ်နဲ့ကြုံရတယ်။ မက်ဒရစ်မှာ ဘေလီနဲ့ ချက်ချင်းမတွေ့ရဘူး။ ရုံးပိတ်ရက် နှစ်ရက် အပန်းဖြေဖို့အတွက် တောင်ပိုင်းကို ခရီးထွက်သွား တယ်လို့ သိရတယ်။ တနင်္လာနေ့ ဘေလီ ပြန်ရောက်လာတော့ ကျွန်တော့်မှာ ပိုပြီး အံ့သြစရာ ကောင်းတဲ့ သတင်းကို ကြားရတယ်။ ကျွန်တော့်ကို ခေါ်တာဟာ ယာယီတာဝန်ပေးဖို့သာ ဖြစ်တယ် တဲ့။ အခု ၀ါဆောမြို့မှာ တာဝန် ကျနေတဲ့ ဟားဘတ်မိုင်းယားကို ဂျော့တင်းနေးရဲ့ နေရာမှာ စားထိုး ခန့်ထားဖို့ စီစဉ်ပြီးပြီတဲ့။ ဒါကြောင့် မို့ ဟားဘတ်မိုင်းယား ၀ါဆောက မရောက်ခင် တင်းနေးရဲ့ နေရာ မှာ ခေတ္တခဏ တာဝန် ယူပေးပါတဲ့။

ဒီထိုးနှက်ချက်ဟာ ဘယ်လောက် ပြင်းထန် ဆိုးရွားတယ်ဆိုတာ ကျွန်တော် ရေးပြဖို့ လိုမယ် မထင် ပါဘူး။ ဒါပေမယ့် သူပေးတဲ့ တာဝန်ကို ကျွန်တော် မငြင်းပါဘူး။ စိတ်ထဲမှာ မခံမရပ်နိုင်လောက် အောင် ဖြစ်လွန်း တဲ့ အတွက် ကျွန်တော့်ရဲ့ လုပ်သက်၊ ကျွန်တော့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အမည်းစက် မရှိခဲ့ဘူးတဲ့ ကျွန်တော့် ရဲ့ ကျင့်စာရိတ္တ အစရှိတဲ့ အချက်တွေကို အေးအေး ဆေးဆေး ရှင်းပြပါတယ်။ ပြီးတော့ ကျွန်တော့်ကို ရာထူး တိုးတက်ပေးရမယ့် အချိန်ကာလဟာ လွန်နေပြီ ဖြစ် တဲ့အတွက် အခုကိစ္စကို ပြန်ပြီး စဉ်းစား ပေးစေ ချင်ပါတယ်လို့ ပြောင်ပြောင်ပဲ တင်ပြလိုက်တယ်။
ဘေလီက ချက်ချင်း အဖြေမပေးဘူး ဟားလီးဗီးသိလား။

ခဏကြာတော့မှ ' ခင်ဗျာဟာ ကိုယ့်ကိုယ် ကိုယ်အတော် အထင်ကြီးတဲ့ လူတယောက်ပါလား ' လို့ ပြောတယ်။ ဒီစကားဟာ ကျွန်တော့်ကို စော်ကားတဲ့ စကားပဲ။ ဒီလောက်အထိ စော်ကားတာကတော့ လွန်အား ကြီးတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့်မှာ လုပ်စရာ အလုပ် တာဝန် တွေ ဆန်ဂျော်ဂျီမှာ အများကြီးရှိနေကြောင်း။ မမာမကျန်း ဖြစ်နေတဲ့သားကို စောင့်ရှောက်ပြုစုရတဲ့ တာဝန် ကလည်း ရှိနေကြောင်း။ တကယ်လို့ တင်းနေးရဲ့ရာထူးမှာ ကျွန်တော့်ကို ခန့်ထားဖို့ မရည်ရွယ် ဘူးဆိုရင် ပေးအပ်တဲ့ တာဝန်ကို မယူနိုင်ဘူးလို့ ငြင်းပယ်ရမယ့် အခြေအနေ ရှိနေကြောင်း ခပ်တင်းတင်းပဲ ပြော လိုက်တယ်။

ကျွန်တော့် စကားလည်းဆုံးရော တခါတည်း ငြိမ်ကျသွားတယ်။ သူ့ဘက်က ဒေါသတကြီးနဲ့ တုံ့ ပြန်လာ လိမ့်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဘေလီဟာ စိတ်ဆိုးတဲ့ အမူအရာ မပြဘူး။ ဘာမှ မဖြစ်သလိုပဲ ပြုံးနေတယ်။ ပြီးတော့ ကျွန်တော့်ကို ပြောတယ်။

' ခင်ဗျားဟာ လူထူး လူဆန်း တယောက်ပဲ ဘရန်းဒီး ခင်ဗျားအကြောင်းကို ကျွန်တော် မကြာ ... မကြာ ကြားခဲ့ ဖူးတယ်။ ဌာနတွင်းမှာတော့ ခင်ဗျားဟာ လူတကာကစိတ်ဝင်တစားနဲ့ အတင်း အဖျင်း အချခံ နေရတဲ့ လူတယောက်ပဲ၊ ဒါတွေကို ခင်ဗျားကိုယ်တိုင် သိဖို့နားလည်ဖို့ကောင်းပမယ့် မသိဘူး၊ ဒါတွေ ထားလိုက် ပါတော့လေ၊ ခုကိစ္စနဲ့ ပတ်သက်လို့တော့ ခင်ဗျားရဲ့အပြုမူ ပြောဆိုပုံတွေကို အပေါ်ထိ ရောက်အောင် တိုင်သင့်တာ အမှန်ပဲ၊ ဒါပေမယ့် ကျွန်တော် မလုပ်ပါဘူး၊ ခင်ဗျား ဆန်ဂျော်ဂျီကို ပြန်ချင်ရင် ပြန်သွားပါ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် လူဆန်ဆန် နေသွားဖို့တော့ ကြိုး စားစေချင်တယ်၊ ကိုယ့် ကိုယ်ကိုယ် ငါ ဟုတ်လှပြီလို့ ထင်နေတဲ့ စိတ်နဲ့ အဆမတန် ကြီးမားနေတဲ့ ခင်ဗျားရဲ့ အတ္တစိတ် လွန်ကဲမှုကို ပောက်အောင် လုပ်ပါ၊ ကိုယ့်ကိုယ်ကို ခေတ်မီလာအောင်၊ အများ နဲ့ ၀င်ဆံ့လာအောင်လုပ်ပါ၊ ဒါတွေလုပ်လို့ ရာထူး တော့ တိုးချင်မှ တိုးမယ်၊ ဒါပေမယ့် နည်းဆုံး ခင်ဗျား ဘ၀တော့ အဆင်ပြေလာပါလိမ့်မယ်'

သူ့ပါးစပ်က အေးအေး ဆေးဆေးနဲ့ ပြောတဲ့စကားတွေပါ။ ဒါပေမယ့် ကျွန်တော့် အဖို့တော့ သာသာ နဲ့ နာနာ နှက်တဲ့ စကားတွေ ဖြစ်နေတယ်။ ဒီလောက် ပြင်းထန်တဲ့ စကားတွေကို ကျွန်တော် ဘယ်လို လုပ်ပြီး ချေနိုင် မလဲ... ဟေးလီးဗီး။ ကျွန်တော် ခေါင်းငုံ့ပြီး ငြိမ်နေခဲ့မိတယ်။ ပြီးတော့ ဘာမှ ပြန်မပြောပဲ အခန်း ထဲက ထွက်လာခဲ့တယ်။ ကျွန်တော် စဉ်းစားချိန်ဆမနတော့ဘူး။ ဆယ့်တစ်နာရီ ရထားနဲ့ ချက်ချင်း ပြန်လိုက် ခဲ့တယ်။ အခုဆိုရင် ကျွန်တော် ဒီဟိုတယ်မှာ ရောက်နေပြီ။ အမှန်အတိုင်း ၀န်ခံရမယ်ဆိုရင် ကျွန်တော် ဟာ အကြီးအကျယ် စိတ်ဆင်းရဲမှုနှင့် ရင်ဆိုင်နေရပါတယ်။

သောကနဲ့ အာဃာတတွေကြောင့် ကျွန်တော့်မှာ ပျော်ရွှင်သာယာမှုလည်း ဆိတ်သုဉ်းနေရပါတယ်။ ကျွန်တော့်မှာ ခင်ဗျား တယောက်ပဲ အားကိုးစရာ ရှိပါတော့တယ်။ စိတ်ဝေ ဒနာကို ပျောက်ကင်းအောင် ကုသပေး နေတဲ့ ပုဂ္ဂိုလ်တဦး အနေနဲ့ ကျွန်တော့်ကိုယ်ကို ခင်ဗျားကလွဲ ပြီး အပ်စရာလူ မရှိပါဘူး။ ခင်ဗျား ကိုပဲ ပုံအပ်ရပါလိမ့်မယ်...။

ဤနေရာသို့ ရောက်သော် ဘရန်းဒီးသည် စာကို ဆက်မရေးပဲ ရပ်ထားသည်။ သူ့နဖူးကြောများ သည် ရှုံ့လျက် ရှိ၏။ ဤစာကို ဆက်ရေးလို့မှကောင်းပါမည်လော။ မကောင်းစရာတော့မရှိ။ ပွင့်ပွင့် လင်းလင်း ရေးနိုင်လေ သူ့အတွက် အကျိုးရှိနိုင်လေ...။

တချိန်ကဆိုလျှင် သူသည် ကက်ပူဆီ လမ်းရှိ ပါမောက္ခ ဟေးလီးဗီး၏ ဆေးခန်းသို့ မကြာခဏ သွား ခဲ့ရသည်။ အလွန်ကျဉ်းမြောင်းသော ဆေးခန်းကလေးအတွင်းရှိ အိပ်စင်ပေါ်၌ ပက်လက်လှဲ၍ ထူ ထဲသော ခန်းဆီး များကြားမှ ၀င်ရောက်လာနေသည့် ဆူဆူညံညံ မော်တော်ကားသံများကို နား ထောင်၍ ကျွမ်းကျင် လှသော စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး၏ အိပ်မွေ့ချခြင်းကို ခံခဲ့ရသည်။ မျက်စိများ စုံမှိတ်ပြီး သူပေး သမျှ အမိန့်ကို နာခံ၍ သူမေးသမျှကို ဖြေဆိုခဲ့ရသည်။ လိမ်၍ ညာ၍ ဖုံး၍ ကွယ်၍မရ။ မိမိ ၏ လျှို့ဝှက်ချက်မှန်သမျှကို ထုတ်ဖော်ပြောရသည်။

ယင်းကဲ့သို့ ပြောခဲ့သည့်အတွက်လည်း သူ့မှာလက်တွ့အကျိုးထူးများ ရရှိခဲ့ရ၏။ အခုလို အဖြစ် မျိုးနှင့် ကြုံလာ ရသည့်အခါ အလှမ်းဝေးနေသည့် ပါမောက္ခ ဟေးလီးဗီး၏ အားပေးနှစ်သိမ့်မှုကို ရချင်မိသည်။ သူသည် ရေးလက်စ စာကို ဆက်ရေးလေ၏။

ကိုယ့်ရဲ့ ဂုဏ်သိက္ခာကျမှာ ကြောက်ပေမယ့် ဒီကိစ္စကိုတော့ ဖွင့်မပြောရင် မဖြစ်တော့ဘူး လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ဖွင့်ပြောပါတော့မယ်။ ဘေလီက ကျွန်တော့်ကို ထိခိုက် နစ်နာ စေနိုင်လောက်တဲ့ ဒီစကားမျိုးတွေကို ပြောနေတဲ့ အခါမှာ ကျွန်တော့်ခေါင်းဟာ မူးဝေ နောက်ကျိလာပါတယ်။ ကျွန်တော့် မျက်စိထဲမှာ အလွန်ထူးဆန်းတဲ့ ပုံသဏ္ဍာန်တခုကို ထင်ယောင် မြင်ယောင် ဖြစ်လာခဲ့ပါတယ်။ တခြားတော့ မဟုတ်ဘူး ဟေးလီးဗီး။ ဒီစကားတွေကို ပြောနေသူဟာ ဘေလီ မဟုတ်ပဲ ကျွန်တော့် မိန်းမဖြစ်နေပါတယ်။

ကျွန်တော့် ရှေ့တည့်တည့်မှာ မြူနှင်းတွေ ဆိုင်း နေသလို အုံ့မှိုင်းရီနေပါတယ်။ အဲဒီကြားထဲမှာ ကျွန်တော့် မိန်းမကို တွေ့မြင်နေရသလိုပဲ။ မိုးကလဲ ရွာနေတယ်။ အဲဟိုညက နယူးယောက်မြို့ သုံးဆယ့်ကိုးလမ်းမှာ ရှိနေတဲ့ သူ့အခန်းထဲက တယောက်တည်း ထွက်လာတဲ့ ပုံစံအတိုင်းပဲ။ အဲဒီညက ကျွန်တော် သူ့နောက်က တကောက် ကောက်လိုက်ချောင်းနေတယ်။ အပြင်ကနေပြီး ရပ်စောင့်နေတယ်။ အနည်းဆုံး နှစ်နာရီ လောက် တော့ ကြာမယ်ထင်တယ်။

သူဟာ ဘယ်နည်းနဲ့ မဆို သူ့ချစ်သူတယောက်ကို သူ့အခန်းမှာ လက်ခံပြီး တွေ့နေပြီလို့ ကျွန်တော် တွက်ထား ပါတယ်။ သူအခန်းထဲက ထွက်လာလို့ လမ်းပေါ်လဲ ရောက်ရော ပုန်းနေတဲ့ မှောင်ရိပ်ထဲက ထွက်ပြီး သူနဲ့ ရင်ဆိုင်လိုက်တယ်။ လမ်းမီးအရောင်ဟာ သူ့ ရဲ့ဖြူဖပ်ဖြူရော် ဖြစ်နေတဲ့ မျက်နှာနဲ့ တအံ့ တသြ ဖြစ်နေတဲ့ မျက်လုံးတွေပေါ် ဖြာကျနေပါတယ်။ ကျွန်တော့်ကိုလည်း မြင်ရော သူကပြောတယ်။ သူပြော တာက...။

သူ ပြောလိုက်တဲ့ စကားတွေကို ခုတခါ ထပ်ရေးပြနေခြင်းအားဖြင့် ကျွန်တော့်ရဲ့ စိတ်ကို ထပ်ပြီး မညှဉ်းဆဲပါရစေနဲ့တော့။ ဒီ အဖြစ်အပျက်ကို ခငဗျား မှတ်မိပါလိမ့်မယ်။ တချိန်က ကျွန်တော် ခင်ဗျားကို အသေးစိတ် ပြောခဲ့ပြီးပါပြီ။ ပထမဆုံး အကြိမ် ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အရပ်ရပ်ကို ခွဲခြား စိတ်ဖြာ ပေးဖို့ လာအပ်စဉ်ကတည်းက ဒီအဖြစ် အပျက်ကို ကျွန်တော့် နှလုံးသားထဲက ထုတ်ပေး ခဲ့ပြီး သားပါ။

မိတ်ဆွေကြီး သိတဲ့ အတိုင်းပဲ။ ဒီ အဖြစ်ဟာ ကျွန်တော့်ရဲ့စိတ်ကို အမြဲတမ်း တုန်လှုပ်ချောက်ချား စေခဲ့ပါတယ်။ ဘေလီရဲ့စကားတွေဟာ သိပ်ပြီး အရေးစိုက်စရာစကားတွေ မဟုတ်ပါဘူး။ သိပ်ပြီး ရေးကြီး ခွင်ကျယ် လုပ်ပြီး စဉ်းစားနေရမယ့် စကားတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ စကားတွေ အပေါ်မှာ ကျွန်တော့် စိတ်က ဘယ်လိုခံယူခဲ့သလဲ။ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
ဒီစကားလုံးတွေဟာ အခု အချိန်ထိ သွေးအထွက်မရပ်သေးတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အနာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော် တဦးတည်းပဲ သိပါတယ်။ ဒီအနာတွေဟာ ပျောက်ကင်းအောင် ကုလို့ မရတော့ ဘူးလား။

ကျွန်တော့်ရဲ့ အလိုဆန္ဒဟာ ကိုယ့်ကိုပဲ ချစ်စေချင်တယ်တဲ့။ ကိုယ့် တယောက်က လွဲပြီး တခြား ဘယ်သူ့ ကိုမှ မချစ်စေချင်ဘူး။ ချစ်ပြန်တော့လည်း သနားကြင်နာမှု အပြည့်နဲ့ ချစ်စေချင်တယ်။ စွဲစွဲမြဲမြဲ ချစ်စေ ချင်တယ်။ ပြင်းပြင်းထန်ထန် ချစ်စေချင်တယ်။ တခြား ဘယ်သူနဲ့မှ မတူအောင် ချစ်စေ ချင်တယ်။ ဒီ အလို ဆန္ဒဟာ အကန့်အသတ်လည်းမရှိဘူးတဲ့။ ဘယ်သောအခါမှလည်း ဆန္ဒပြည့်ဝ သွားတယ်လို့ မရှိဘူးတဲ့။ တကယ့် ကိုပဲ အဲသလောက်အထိ ပြင်းထန်နေပါသလား။

ကျွန်တော်ဟာ ဘာကိုပဲ ကြည့်ကြည့် အထင်မှားအမြင်မှား အဓိပ္ပာယ်ကောက် လွဲမှား နေတတ်တဲ့ လူတမျိုး ဖြစ်နေ ပြီလား။ ကျွန်တော်ဟာ အစဉ်သဖြင့် တလွဲတချော် ဝေဖန်သုံးသပ်ပြီး ဆုံးဖြတ်တတ်တဲ့ လူစား တယောက် ဖြစ်နေပြီလား။ ပတ်ဝန်းကျင်နဲ့ ထိတွေ့တဲ့အခါမှာလည်း မတရား သဖြင့် ပြုမူ ဆက်ဆံ တတ်တဲ့လူ၊ နိုင့်ထက်ကလူ ပြုမူဆက်ဆံတတ်တဲ့ လူစားမျိုး ဖြစ်နေပြီ လာ။ ဘ၀ တလျှောက်လုံး ဒီ လူစားမျိုး ဘ၀နဲ့ပဲ အဆုံး သတ်ရတော့မှာလား...။ ကိုယ့် စိတ်နဲ့ ကိုယ့် နှလုံးသားကိုမှ ကိုယ်မပိုင် တော့ ဘူးလား...။

ကျွန်တော့်ရဲ့ အနာဂတ်ဘ၀ ခရီးမှာကော ဘယ်လိုဖြစ်မလဲ။ ဒီပုံစံအတိုင်းပဲ သွားရတော့မှာလား။
ကောင်စစ်ဝန် ဆိုတဲ့ ရာထူးကို တစုံတခုသော အတိုင်းအတာအထိ ကျွန်တော် တန်ဖိုးထားနေ တယ်ဆိုတာ မငြင်း ပါဘူး ... ဟေးလီးဗီး။ ဒီရာထူး ဂုဏ်ကို မက်မောတွယ်တာမှု ရှိတန်သရွေ့ ရှိနေ တယ်ဆိုတာလည်း ကျွန်တော် မငြင်းပါဘူး။ ဒီ ရာထူးအရ ဆောင်ရွက်ရမယ့် တာဝန်တွေနဲ့ အလုပ် တွေကို လုပ်ကိုင်နိုင်တဲ့ အရည် အချင်း ဟာလည်း ကျွန်တော့်မှာ အပြည့်အ၀ရှိနေတယ်လို့ ကျွန်တော် အခိုင်အမာ ယုံကြည် ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီရာထူးဟာ ကျွန်တော်နဲ့ ထိုက်တန်တဲ့ ရာထူးလို့ ယူဆပါတယ်။

မေဘရန်းချီးရဲ့ ဘ၀ အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးနေတာလဲ ပြီးနေပါပြီ။ နောက် သုံးလလောက်ဆိုရင် ကမ္ဘာကို ဖြန့်ချိ နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက် အတိုင်းသာ ပြောရမယ် ဆိုရင်တော့ ဒီစာအုပ်ဟာ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်း တခုပါ။ ဒီစာအုပ် ဟာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ တိုက်ကြီး နှစ်တိုက်က အသိပညာရှင်တွေနဲ့ ဒဿနိက တွေးခေါ်ရှင် တွေရဲ့ လောကကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေလိမ့်မယ်လို့လည်း ကျွန်တော် ထင် တယ်။

အကယ်၍များ ကျွန်တော် ယုံကြည်တဲ့ အတိုင်းဖြစ်လာခဲ့ရင် ကျွန်တော် အလုပ်က မထွက်သင့်ဘူး လား။ အလုပ်ကထွက်ပြီး ကျွန်တော့် ဘ၀ တခုလုံးကို စာပေ လောကထဲအတွင်းမှာ မမြှုပ်နှံသင့် ဘူးလား။ အစိုးရရဲ့ ထောက်ပံ့မှုအပေါ်မှာ မမှီခိုပဲ စားသောက်သွားနိုင်လောက်အောင်တော့ ငွေကြေး အထိုက် အလျောက် ကျွန်တော့မှာ ရှိနေပါတယ်။ နောက်တခု ကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးသားကို တိုးတက် ဖွံ့ဖြိုး လာအောင် ပြုစုပျိုးထောင်ပေးရမယ့် တာဝန်ဟာ ကျွန်တော့်ရဲ့ အကြီးဆုံးသော တာဝန်တရပ်ပါ။

ကျွန်တော် ခင်ဗျားကို ပြောပြခဲ့တဲ့ အတိုင်းပဲ။ ကျွန်တော့်ရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုဟာ ကျွန်တော့်နှလုံးသားကို အပြင်းအထန် ထိခိုက်ကြေကွဲစေခဲ့ပါတယ်။ ဒီ ထိခိုက်ကြေကွဲမှုဟာ အင်မတန်မှ သနားစရာ မှ ချစ်စရာကောင်းတဲ့ ဒီသားလေးကြောင့် သက်သာရာ ရခဲ့ပါတယ်။ ဒီသား လေးရှိ နေတဲ့ အတွက် ကျွန်တော့်ဘ၀ဟာ ပျက်မသွားတာပါ။ ဒီသားလေးရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းတော့ ကျွန်တော် သူ့ကို ပိုးမွေးသလို မွေးနေရတာပါ။ ဒီ ကြားထဲကပဲ အခုလို လူလား အတွေးအခေါ်တွေ၊ အပြုအမူတွေ ရမသွားအောင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး တားဆီးနေရပါ တယ်။ ဖူးပွင့်လာစ ပန်းကလေးကို ပျက်စီးမသွားအောင် စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးနေရသ လိုပါပဲ။

ခင်ဗျားဟာ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ တယောက်ပါ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ် သက်လို့ တိုင်ပင် စရာဆိုလို့ ခင်ဗျားတဦးတည်း ရှိပါတယ်။ ကျွန်တော့်ကို အကြံပေးပါဦ။ ကာဆာ ဘရီဇာကို အလည် တခေါက် လာမယ်လို့ ပေးထားတဲ့ ခင်ဗျားရဲ့ ကတိအတိုင်း မြန်မြန်ကလေးလာ လည်ဖို့ ကျွန်တော် တောင်းပန် ပါတယ်။ ခင်ဗျား စီစဉ်ထားတာက ဇွန်လထဲမှာ လာလည်ဖို့မဟုတ် လား။ အဲဒီ အစီအစဉ်ကို ဖျက်ပြီး အခု လောလောဆယ်ပဲ လာလယ်စေချင်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ နောက်နှစ်ပတ် လောက် အတွင်း မှာ ရောက်အောင် လာစေချင်ပါတယ်။

ခင်ဗျားရဲ့ ဆေးခန်းတာဝန်ကလည်း သေးတဲ့ တာဝန်မဟုတ်ဘူးဆိုတာ ကျွန်တော သိပါတယ်။ ဆေးခန်းကို ခင်ဗျား ရဲ့ မိတ်ဆွေဆရာဝန် တယောက်နဲ့ အပ်ထားခဲ့လို့ မရနိုင်ဘူးလား။ ရနိုင်အောင်စီစဉ်ပြီး ဆက်ဆက် လာစေချင်ပါတယ်။
အခုဆို ဆယ့်နှစ်နာရီ ထိုးတော့မယ်။ ကျွန်တော် တရေးလောက်တော့ အိပ်ဦးမှ။ လွယ်လွယ်နဲ့ အိပ်လို့တော့ ရမှာမဟုတ်ပါဘူး။ ခင်ဗျားပေးထားတဲ့ ဆေးပြားတွေထဲက လေးပြားသောက်မှ အိပ် ပျော်မှာပါ။ ခင်ဗျား ပေးထားတဲ့ ဆေးပြားလေးတွေကလည်း စောစောကလောက် မထိရောက်တော့ ပြန်ဘူး။ ကျွန်တော့်ရဲ့ အခက်အခဲ နဲ့လိုအပ်ချက်ကို ခင်ဗျားနားလည်သဘောပေါက်လောက်ပြီ ထင်ပါတယ်။ မပျက်မကွက် လာစေချင်ပါတယ်။ ခင်ဗျားရဲ့ပြန်စာကို ကျွန်တော် မျှော်နေပါမယ်။ ခင်ဗျား ရောက် မလာ သေးခင် ကြားကာလ အတောအတွင်းမှာတော့ ကျွန်တော့်သား နီကိုလတ်စ်ရဲ့ အကူအညီနဲ့ပဲ ကိုယ့်စိတ် ကိုယ် သက်သာရာ ရအောင် နေရတော့မှာပဲ။

                ကိုယ်စိတ်နှစ်ပါးဆင်းရဲနေရသော
                ခင်ဗျားရဲ့ ချစ်မိတ်ဆွေ
                ဟာရင်တန်ဘရန်းဒီး

ကောင်စစ်ဝန်သည် စာရေးစားပွဲမှ ရုတ်တရက်မထ။ ငြိမ်သက်စွာ ဆက်၍ထိုင်လျက်ရှိ၏။ သူ့ ပုံပန်းမှာ တစုံတရာကို စဉ်းစားတွေးတောနေသည့်နှယ် ခပ်တွေတွေ ခပ်ငေးငေး။ မျက်နှာကလည်း အခုအချိန်အထိ ကြည်ကြည်လင်လင် ရွှင်ရွှင်ပျပျ မရှိသေး။ သူ ခံစားနေရသော စိတ်ဒုက္ခ ဝေဒနာ အတွက် သူ့ကိုယ်သူ သနားစိတ်သည် သူ့ရင်ထဲ၌ ဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။ သို့သော်လည်း စာ တစောင် ရေးလိုက်သဖြင့်  ရင်တော့အနညးငယ် ပေါ့သွားသည်။

ဟိုတုန်းက ပါမောက္ခ ဟေးလီးဗီး ၏ ဆေးခန်းသို့သွား၍ ဟေးလီးဗီးနှင့် တွေ့ပြီးသည့်အခါတိုင်း ခံစားရတတ်သည့် စိတ်လက်ကြည်လင် ပေါ့ပါးမှုမျိုးကို ရရှိခံစားနေရသည်။ သူသည် သက်ပြင်း တချက် ချလိုက်ပြီး ထိုင်ရာမှလေးကန်စွာထသည်။ အခန်းအပြင်သို့ထွက်၍ ဓာတ်လှေကား အ၀တွင် ချိတ်ထားသည့် စာတိုက်ပုံးထဲသို့ စာကိုထည့်လိုက်သည်။

နောက် တစ်နာရီခန့် ကြာသောအခါ ကောင်စစ်ဝန် ဘရန်းဒီးသည် သောက်ထားသည့် ဆေးအရှိန် ဖြင့် အိပ်ရာပေါ်၌ အိပ်တ၀က်နိုးတ၀က် ဖြစ်လျက်ရှိလေ၏။

အခန်း (၁၃) ဆက်ရန်
.

3 comments:

ကိုဇော် said...

ဖတ်သွားတယ် အမရေ. .
အဟီး..ဖတ်တော့မှ ရောနေလို့ အဟောင်းကို ပြန်ကျောင်းရသေးတယ် :P

Anonymous said...

အမ..အမကိုကျေးဇူးသိပ်တင်ပါတယ်။
မှတ်ဥာဏ်ကို အလုပ်ပေးထားလို့။
၂ခုဆိုတော့ ဦးနှောက်က ၂ဘာသာဆိုပီးသတ်မှတ်ထားရတယ်။ အပိုင်းလိုက်လေးတွေပေါ့။

အမရေ.. နီကို့အဖေ ကောင်စစ်ဝန်က အတ္တသိပ်ကြီးတာကို သူ့ကို ထောက်ပြပြောဆိုပြနိုင်မဲ့သူရှိရင် သူ့ဘ၀အေးချမ်းမှာပဲနော်။ သူ့အတ္တအတိုင်းသာ ပြုစုပျိုးထောင်ပေးခံရရင် နီကိုလေးတော့ သနားပါတယ်။ ခက်တာပဲ။ ဖတ်နေရင်းနဲ့ သနားတယ်။ ပီးတော့ ဂျိုစီဘ၀လေးလဲ ဘာဆက်ဖြစ်မလဲဆိုတာ အသည်းတယားယား

မြတ်နိုး

ahphyulay said...

မမရွှေစင် ခင်ဗျား...
စာ အလွန် ရေး အား ကောင်း သော ကြောင့် 
တစ်ခု တောင်းဆိုချင်ပါသည်။
“ဒဂုန်ရွှေမျှား” ရဲ့  ဘာသာ ပြန် ဝတ္ထု များ ကိုလည်း
ပြန်တင်ပေး စေလိုပါသည်။ နာမည် ကြီး မင်းင်္သခ ကိုယ်တိုင်
အတွဲ လိုက်မှီငြမ်း ခဲ့ ရပါသည်။
ကျွန်တော် ကြိုက် လို့ ပါ.....။