Friday, June 4, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၃)

 အခန်း (၁၃)

တကြိမ်တခါလောက်တော့ဖြင့် ပင်လယ်ကမ်းခြေသွား မီးရထားသည် အချိန်မှန်တတ်သည်။ နောက် တနေ့မနက် ရှစ်နာရီထိုးဖို့ ငါးမိနစ်အလိုတွင် ကောင်စစ်ဝန် ဟာရင်တန် ဘရန်းဒီးသည် ဆန်ဂျော်ဂျီဘူတာသို့ ရောက်သည်။ ပလက်ဖောင်းပေါ်မှရပ်၍ သူ့အား ဆီးကြိုလျက်ရှိသော ဂရေစီ ယာနှင့် ချက်ချင်းပင်တွေ့သည်။

' မင်း ငါ့ကြေးနန်းကိုရသားပဲ ' ဘရန်းဒီးက ပြောပြောဆိုဆို နှင့် လက်ဆွဲသေတ္တာကို လှမ်းပေးကာ မော်တော်ကားဆီသို့ တန်းသွားသည်။
' ရပါတယ်ဆီညော် ...၊ ဒါပေမယ့် ဘာပြုလို့ ဘာစီလိုးနားအထိ လာပြီး အကြိုမခိုင်းတာလဲခင်ဗျာ၊ ကျွန်တော် တညလုံး မောင်းလာရင် ရောက်နိုင်တဲ့ခရီးပါ...၊ အဲသလိုသာဆိုရင် ၀န်မင်းခရီးမပန်းဘူး '
စိတ် မကြည်မလင်ဖြစ်လျက်ရှိနေသော်လည်း ကောင်စစ်ဝန်သည် ဂရေစီယာ၏ အပြောကို သဘောကျသည်။ ' ဒီဂရေစီယာဆိုတဲ့ အကောင်ဟာ အတော်ထူးခြားတဲ့ကောင် တယောက်ပဲ ' ဟု စိတ်ထဲက ကျိတ်၍ မှတ်ချက်ချမိသည်။

အမှန်တော့ ဘရန်းဒီးသည် အခိုင်းအစေများနှင့် ရောရော နှောနှော ပြောဆိုတတ်သူ မဟုတ်။ အရောတ၀င်မနေမိအောင် အထူးသတိထား၍ ရှောင်တတ်သူ ဖြစ်သည်။ သို့သော်လည်း ဂရေစီယာက သူ့ဒူးခေါင်းများပေါ်သို့ ခြေသုတ် စောင်ကြမ်းတထည် လှမ်း တင်ပေးလာသောအခါတွင်မူ စကားတုံ့ပြန်၍ မပြောပဲ မနေနိုင်တော့ပေ။

' မင်းက ငါ့အပေါ်မှာ သိပ်အလိုက်သိတယ်ကွ၊ ဒါကြောင့်မို့ ငါကလည်း မင်း မပင်ပန်းအောင် ပြန်ပြီး အလိုက်သိရတာပေါ့'
မော်တော်ကားသည် ဘူတာထဲမှ ထွက်လာသည်။ လမ်းများမှာ ဆီးနှင်းရေများဖြင့် စိုစွတ်လျက်ရှိသည်။ လူသွားလူလာပင်မရှိ။ တိတ်ဆိတ်ခြောက်သွေ့လျက်ရှိ၏။ ငါးမိနစ်ခန့် အကြာ တွင် သူတို့ကားသည် ကာဆာဘရီဇာ အိမ်ဝင်းအတွင်းသို့ ဆိုက်ရောက်သည်။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်လာပြီဆိုတော့လည်း စိတ်က ပေါ့ပါးကြည်လင်လာရ၏။

ပြီးတော့ မိမိချစ်သော သားနှင့် တွေ့ရတော့မည်။ သူသည် ကားပေါ်မှ သွက်လက်စွာ ဆင်းလိုက်သည်။ သူ့သား နီကိုလတ်စ်သည် သူ့အား ကြိုဆိုနှုတ်ဆက်ဖို့အတွက် ဆင်ဝင်အောက်မှ ရပ်စောင့်နေလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း အကယ်၍ သူမျှော်လင့်သည့်အတိုင်း ဆင်း၍ ကြိုဆိုခဲ့ပါမူ သူ ချမှတ်ပေးထားသော စည်းကမ်းကို ချိုးဖောက်ခြင်းပင်ဖြစ်လိမ့်မည်။ သူ ပြန်လာလျှင် အိမ်ပေါ်မှ ဆင်း၍ မကြိုရဟု သူကိုယ်တိုင် ချမှတ်ပေးထားသည့် စည်းကမ်းချက်ရှိနေသည် မဟုတ်ပါလား။

သူသည် ခြေလှမ်းကို ခပ်ကျဲကျဲလှမ်းကာ ခန်းမထဲသို့ဝင်ခဲ့ပြီး သူ့နောက်မှ သူ့သေတ္တာကိုဆွဲ၍ လိုက်နာနေသော ဂရေစီယာနှင့်အတူ အိမ်အပေါ်ထပ်သို့ တောက်လျှောက် တက်ခဲ့သည်။ ပထမ သူ့ အခန်းဆီသွား၍ အပေါ်ဝတ် ကုတ်အင်္ကျီကိုချွတ်ကာ ရေချိုးခန်းဝင်သည်။ ထို့နောက် သူ့အခန်း နှင့် တဆက်တည်း ဖြစ်သော သူ့သား အခန်းထဲသို့ ကူးလာခဲ့သည်။ အခန်းထဲရောက်သည်ဆိုလျှင်ပင် သူ့မျက်နှာပေါ်မှ အပြုံးရိပ်သည် ဖြတ်ကနဲ ပျောက်သွားသည်။ သူ့ မျက်လုံးအစုံသည် အံ့အားသင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် နားမလည်ခြင်းတို့ကို ဖော်ပြလျက်ရှိ၏။

နီကိုလတ်စ် ဘယ်ရောက်နေသလဲ။ ကလေးပီပီ သူ့ကို နောက်ပြောင် ကျီစယ်လိုသော သဘောဖြင့် တနေရာရာတွင် ၀င်ပုန်းနေသလား။ မဖြစ်နိုင်။ အိပ်ရာကို ကြည့်ရသည်မှာ အရာမယွင်း၊ ခြေရာ လက်ရာ လုံးဝမပျက်။ နီကိုလတ်စ်အိပ်ထားသည့် အစအန မတွေ့ရ။ အခန်းထဲတွင် နီကိုလတ်စ် မရှိ။
ကောင်စစ်ဝန်သည် ချက်ချင်း မျက်နှာထားပြောင်းသွားပြီး နောက်သို့ ချာကနဲ လှည့်ကြည့်သည်။

' ဂရေစီယာသည် လက်ထဲမှ သေတ္တာကို ကပျာကယာချထားခဲ့ပြီး ကောင်စစ်ဝန် ရှေ့သို့ အပြေး အလွှားေ၇ာက်လာသည်။ မျက်စိမျက်နှာ အပျက်ပျက်ဖြင့် သူ့သခင်ကို မော့်ကြည့်သည်။
' ၀န်မင်းသား...ဆီညော်၊ ကျွန်တော် ပြောရမှာတော့ စိတ်မကောင်းပါဘူး ခင်ဗျာ၊ သူ ... သူ ... အိမ် မှာမရှိဘူး ... ခင်ဗျာ
' ဘာ...ကွ၊ ဘယ်လို '

' ဟုတ်ပါတယ် ... ဆီညော် ' ဂရေစီယာက အသံကို ချိုနိုင်သမျှ ချိုသာစွာထား၍ပြောသည်။ ' မနေ့က နေ့ခင်းမှာ ကျွန်တော်နဲ့ မက်ဂ်ဒါးလီးနားတို့ မတားလိုက်နိုင်ခင်မှာပဲ အိမ်က ထွက်သွားပါ တယ်'
ဟာရင်တန်ဘရန်းဒီးသည် ဂရေစီယာအား မျက်လုံးပြူး၍ ကြည့်သည်။ သူ့မျက်နှာသည် စိုးရိမ် ခြင်း မှတဆင့် ထိတ်လန့်ခြင်းသို့ ကူးပြောင်းသွားသည်။
' သူ ဘယ်သွားတာလဲ၊ ဘယ်သူနဲ့လဲ '

သူ ဘယ်သွားတယ်ဆိုတာ ကျွန်တော်လည်း အတိအကျတော့ မသိဘူး ဆီညော်၊ မြို့ထဲကို သွား တယ်လို့ပဲ ကျွန်တော် ထင်ပါတယ် ' ဂရေစီယာ စကားကို မဆက်ပဲ ရပ်ထားသည်။ သူ့မျက်တောင် များကို ပုတ်ခတ် ပုတ်ခတ် ပြုကာ စဉ်းစားချိန်ဆသလို လုပ်နေသည်။ ပြီးမှ ဆက်ပြောသည်။ 'သွား တာကတော့ ဂျိုစီနဲ့ ခင်ဗျ '

' ဂျိုစီ ... '
ကောင်စစ်ဝန်က သူ အလွန်မုန်းတီးစက်ဆုပ်သောနာမည်ကို အံကြိတ်၍ ရေရွတ်သည်။
' တခြားလူနဲ့လဲ သွားစရာ မရှပါဘူး ဆီညော်...၊ သူတို့ နှစ်ယောက် လက်ချင်းတွဲပြီး စကားတွေ ပြောလို့၊ ရယ်လို့မောလို့ ထွက်သွားကြတာပါပဲ' ဂရေစီယာက စကားကို ဖြတ်ထားပြန်သည်။ ' အို... ဒါပေမယ့် ပူစရာမရှိပါဘူး ဆီညော်၊ သူတို့ အခု မနက် ပြန်ရောက်လာမှာပါ၊ သေချာပါတယ်၊ သူတို့ နှစ်ယောက် အတူတူနေတာက မနေ့ညက တညတည်းပါ '

ကောင်စစ်ဝန်၏ ခြေထောက်များသည် အားမရှိတော့သည့်နှယ် ခွေယိုင်လာသည်။ တမျက်နှာလုံး ဖြူရော်ရော်ဖြစ်လာသည်။ သူသည် နီကိုလတ်စ်၏ အိပ်ရာထက်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက် သည်။ ဂျိုစီနှင့်သူ့သား...။ သူ အတိအကျ တားမြစ်ထားပါလျက်နှင့် သူတို့နှစ်ယောက် အပေါင်း အသင်း မလုပ် တော့ဟု သူ ယုံကြည်ခဲ့မိ၏။ အခုတော့ ' ရယ်လို့မောလို့၊ စကားတွေပြောလို၊ လက် ချင်းတွဲပြီး... မနေ့ညက အတူတူ' ဟူသောစကားများ။ ကြားရသမျှမှာ စိတ်သက်သာစရာမရှိ။ ဦး နှောက်တခုလုံး ပူထူလာသည်။ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

မုန်းတီးခြင်းကို မမျိုသိပ်နိုင်။ အမျက်ဒေါသကို မချုပ်တည်းနိုင်။ မိမိမှာ စိတ်ဆင်းရဲစရာ ပြဿနာနှင့် ရင်ဆိုင်ခဲ့ရ၏။ ထိုပြဿနာကြောင့် ရင်ထဲ၌ ဖြစ်ပေါ်နေသော ပူလောင်ပြင်းပြမှု ဟူသမျှသည် နီကို လတ်စ်နှင့်တွေ့လျှင် ငြိမ်းအေးစရာရှိသည်ဟု ယုံကြည်ခဲ့မိ၏။ အခုတော့ သူမျှော်လင့်ထားသမျှ သည် သဲထဲသွေန် ဖြစ်ရလေပြီ။ ၀မ်းနည်းခြင်းနှင့် ယူကျုံးမရဖြစ်ခြင်းတို့သည် သူ့ရင်ကို ပြင်းစွာ ရိုက် ခတ်သည်။ အချစ်ကြီး လွန်းသဖြင့် အမျက်ကြီးသောစိတ် ၀င်လာသည်။ အလွန်ကြီးမားသော မိဘ၏ မေတ္တာကို မထောက်။ သူ အခုကြားလိုက်ရသည့် သတင်းမှာ ဟုတ်မှ ဟုတ်ပါလေစ။ ဖြစ်နိုင် မည်ဟု သူမထင်။ သူ မယုံကြည်နိုင်။

' ဂရေစီယာ ' ဟုခေါ်သည်။ သူ့အသံမှာ တုန်ယင်လျက်ရှိ၏။ ' မင်း အခုပြောတာဟာ လုံးဝမဖြစ်နိုင် ဘူးကွ၊ ငါ့သားဟာ မစ္စတာ ဘာတန်တို့ဆီ အလည်သွားတာ ဖြစ်ပါလိမ့်မယ်၊ မင်း သိတာ မှားလို့ ဖြစ်လိမ့်မယ် ထင်တယ် ကွ '

ဂရေစီယာက သူ့ကို ငြိမ်ဆိတ်စွာ ပြန်ကြည့်နေသည်။ သူ့မျက်လုံးများကတော့ လှောင်ပြောင် ရယ်မော ချင်သည့် အရိပ်လက္ခဏာများကို ဖော်ပြနေသည်။ ပြီးတော့ ... ပခုံးကို အသာ အယာတွန့်သည်။
' ကျွန်တော့် နေရာဟာ ၀န်မင်း မကြိုက်တာကို ဆန့်ကျင်ပြီး ပြောရမယ့်နေရာ မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်ဟာ ကိုယ့်အဆင့်န့ ကိုယ့်နေရာကို ကောင်းကောင်း သိတတ်တဲ့လူပါ၊ မဟုတ်မှန်ပဲနဲ့ လုပ် ကြံပြီး ပြောချင် တဲ့ ဆန္ဒလဲ မရှိပါဘူး၊ အကယ်၍ ၀န်မင်းအနေနဲ့ ကျွန်တော် မဟုတ် မမှန်လုပ်ကြံ ဇာတ်ခင်းပြီး ပြောတယ် လို့ ယူဆယင်...'
' မဟုတ်ဘူး... ဂရေစီယာ၊ ဒီလိုလည်း မဟုတ်ဘူး ' ဘရန်းဒီးက ဂရေစီယာဒ မျက်နှာကို စူးစမ်း သောအကြည့်ဖြင့် ကြည့်သည်။ ' မင်းအပေါ်မှာ ငါ သံသယ မဖြစ်ပါဘူး၊ ဒါပေမယ့်... အခုထိ ...' သူသည် စကား ကို မဆက်တော့ပဲ သူ့နားထင်နှစ်ဘက်ကို လက်နှစ်ဘက်ဖြင့် ဖိထားသည်။

' ဆီညော်အဖို့ ယုံကြည်ဖို့ ခက်တယ် ဆိုတာ ကျွန်တော် နားလည်ပါတယ် ခင်ဗျာ ' ကောင်စစ်ဝန်က သူ့အပေါ်၌ သံသယမရှိဟု သိလိုက်ရသောအခါ ဂရေစီယာ၏ လေသံမှာ ပြောင်းသွားသည်။ သူ့ လေသံမှာ အောင်နိုင်သူတဦး၏ လေသံ။ ကျွန်တော်ဟာ ၀န်မင်းကိုရော ၀န်မင်းရဲ့သားကိုပါ လေးစားမှု အပြည့်အ၀ ရှိနေတယ်ဆိုတာ ယုံပါခင်ဗျာ၊ ကျွန်တော်ဟာ ၀နလမင်းကို စိတ်ထိခိုက် အောင် လုပ်ဖို့ အင်မတန်မှ ၀န်လေး တဲ့လူတယောက်ပါ။ ဒါပေမယ့် ... ကျွန်တော် ပြောခဲ့တဲ့ စကား အတွက် သက်သေခံ အထောက် အထားပြဖို့ လိုအပ်မယ်ဆိုရင်တော့...'
ဘရန်းဒီးက ဆက်ကနဲ ခေါင်းထောင်ကြည့်သည်။ ဂရေစီယာက သူ့လက်ထဲမှ ကြေမွနေသော စာ တစောင် ကို လှမ်းပေးသည်။

' ကျွန်တော် ကောက်ရထားတဲ့ စာပါ ဆီညော်၊ လုံးချေပြီး ပစ်ထားပါတယ်၊ ဥယျာဉ်ထဲက တွေ့တာပါ၊ တခြား စာတွေလည်း အများကြီး ရှိပါသေးတယ်၊ ဒါပေမယ့်... ဒီတစောင်ဆိုရင် လုံလောက်ပါလိမ့်မယ် '
ကောင်စစ်ဝန်က စာကို လှမ်းယူပြီး ဖြန့်ကြည့်သည်။ မျက်စိများက မှုန်ဝါးဝါး ဖြစ်နေသဖြင့် ခဲတံနှင့် ရေးထား သည့် လက်ရေးကို သဲသဲကွဲကွဲမမြင်ရ။ ' ချစ်သော ' ဟူသော စကားလုံးမှလွှဲ၍ အခြား စာလုံး များကို ဖတ်၍မရ။ သူသည် မျက်မှန်ကို ထုတ်၍ တပ်လိုက်သည်။

ကျွန်တော် ချစ်သော ဂျိုစီ၊ ကျွန်တော် ခင်ဗျားနဲ့ပဲ နေချင်တယ်ဗျာ။ အချိန်ရှိသမျှ ခင်ဗျားနဲ့သာ နေရ ရင်...။
သူသည် စာကို အစမှအဆုံး တလုံးမကျန် ဖတ်ကြည့်သည်။ ဂျိုစီအား မည်မျှလောက် ခင်ကြောင်း ချစ်ကြောင်း ကို ကလေးအမြင်၊ ကလေးအတွေးဖြင့် သူ့သား ရေးထားသည့် စာ...။ ပထမတော့ ကောင်စစ်ဝန် ၏ မျက်နှာသည် နီရဲလျက် ရှိသည်။ နောက်တော့ ဖြူရော်ရော် ပြန်ဖြစ်သွားသည်။ သူ့ ရင်မှာ ဟာ သလို ဖြစ်သွားရသည်။ သူ့ခေါင်းသည် မူးနောက်နောက် ရီဝေေ၀ ဖြစ်လာသည်။ ထို့ နောက် ဟာ နေသော ရင်ထဲတွင် ဒေါသအရှိန် ပြန်တက်လာသည်။

ဂရေစီယာ၏ နှုတ်မှ ခပ်တိုးတိုးရေရွက်သံ ထွက်လာသဖြင့် ဘရန်းဒီးက မော့်ကြည့်သည်။
' သူတို့ ပြန်လာကြပြီ... ဆီညော် ' ဂရေစီယာက ပြတင်းပေါက် အပြင်ဘက်သို့ လက်ညိုးထိုးပြ သည်။ ' ကြည့်ပါ ခင်ဗျာ၊ ဟိုမှာ မြင်တယ် မဟုတ်လား၊ ဥယျာဉ်ထဲမှာပါ '
တခဏမျှ ငြိမ်ဆိတ်နေသည်။ ကောင်စစ်ဝန်သည် ထိုင်ရာမှမထ။ လှုပ်ရှားခြင်းလည်းမရှိ။

' ကျေးဇူးတင်တယ် ဂရေစီယာ၊ အခုလောလောဆယ်တော့ အသာနေဦး၊ ငါ့သားကိုတော့ အခုချက် ချင်း တွေ့ချင်တယ် '
ဂရေစီယာအခန်းထဲမှ ထွက်သွားပြီးသည့် နောက်တွင်လည်း ဘရန်းဒီးသည် ထိုင်နေရာမှ ရုတ်တ ရက်မထနိုင်။ မိနစ်အနည်းငယ်ကြာမျှ ငေးငိုင်လျက် ရှိသည်။ ထို့နောက် နှေးကွေးလေးကန်စွာထ၍ ရပ်သည်။ သူ့လှုပ်ရှားပုံမှာ အသက်မ၀င်။ သူသည် အသက်တချက်ပြင်းစွာ ရှူလိုက်၏။ ပြတင်းပေါက်မှ လှမ်းကြည့် လျှင် ဥယျာဉ်ကို မြင်နိုင်သည်။ သို့သော်လည်း သူ ကြည့်ချင်စိတ်မရှိ။ သူသည် အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ ခန်းမထဲ အရောက်တွင် အိမ် ရှေ့တံခါးမကီး ဖြုန်းကနဲ ပွင့်သွား သည်။ ဖြတ်ကနဲ ၀င်လာသည့် နေရောင်နှင့်အတူ ပြေးဝင်လာသော သူ့သား နီကိုလတ်စ်...။

နီကိုလတ်စ်သည် သူ့အဖေကို ချက်ချင်းမြင်သည်။ ၀မ်းသာသွားသည့် အရိပ်လက္ခဏာကိုလည်း ဖော်ပြသည်။ မလုံမလဲသော စိတ်ဖြင့် တွန့်ဆုတ် တွန့်ဆုတ်လည်းဖြစ်နေသည်။ သူ့အဖေကို ပြုံး၍ ကြည့်သည်။ သို့သော်လည်း သူ့အပြုံးမှာ ကြောက်စိတ်ဖြင့် ယှဉ်လျက် ရှိသည်ကို ကောင်စစ်ဝန်က သတိထား မိသည်။
' ကောင်းသော နံနက်ခင်းပါ... နီကိုလတ်စ် ' ဟု ဘရန်းဒီးက ခြောက်တွေ့သောအသဖြင့် နှုတ် ဆက်စကား ရေရွက်သည်။
' ကောင်းသော နံနက်ခင်းပါ...ဖေဖေ' ဟု နီကိုလတ်စ်က ပြန်၍ ရေရွက်သည်။

' မင်း မနက်စာ စားခဲ့ပြီးပြီလား '
' စားခဲ့ပြီ ဖေဖေ '
' အင်း...၊ မင်းက ငါ့ထက် ကံကောင်းတာပေါ့လေ၊ ဒီလိုဆိုရင် ငါမနက်စာ စားတာလောက်တော့ မင်းသည်းခံနိုင်ကောင်းပါရဲ့ '
ဘရန်းဒီးသည် ထမင်းစားခန်းထဲသို့ ၀င်ကာ ကုလားထိုင်တလုံးတွင်ထိုင်သည်။ စားပွဲပေါ်တွင်မူ မုန့်၊ သစ်သီးနှင့် ကော်ဖီများ ထည့်ထားသည့် မနက်စာ လင်ဗန်းသည် အသင့်ရောက်လျက်ရှိ၏။ သူသည် ကော်ဖီတခွက် ငှဲ့ထည့်သည်။ သူ့သားကို ထိုင်ဖို့မပြော။ သူငယ်သည် တရားရုံးရှေ့မှောက် ရောက်နေသည့် အကျဉ်းသား တယောက်သဖွယ် သူ့အဖေနှင့် မျက်နှာချင်းဆိုင်ကာ မျက်နှာကလေး ငယ်ငယ်ဖြင့် ရပ်နေ ရရှာသည်။ မနက်စာ စားမှုသောက်မှု အဆင်ပြေမပြေ စောင့် ကြည့်နေသော ဂရေစီယာသည် အဆင်ပြေ မှန်း သိသောအခါ အခန်းထဲမှ အသာကလေး ပြန်ထွက် သွားလေသည်။

' ငါက ဒီနေ့မနက် ပြန်ရောက်လာတော့ ...' ဟု ကောင်စစ်ဝန်က စကားစသည်။ ' မင်း ငါ့ကို ဆီးကြို နေလိမ့်မယ်လို့ မျှော်လင့်လာခဲ့တယ် '
' ဒါပေမယ့် ... ဖေဖေ ...၊ သားသားက ဖေဖေ ... ဒီလောက်မြန်မြန်ဆန်ဆန် ပြန်ရောက်လာလိမ့် မယ်လို့ မထင်လို့ ...'
' ဟုတ်ပါပြီ...' ဘရန်းဒီးက နှုတ်ခမ်းများကို မဲ့လိုက်သည်။ ' ဒါကတော့ ထားလိုက်ပါတော့...၊ မင်း ဘယ်သွားနေတာလဲ '
' ဂျိုစီ ... နဲ့ '
' မနေ့ညက သူတို့အိမ်မှာ သူနဲ့အတူ အိပ်ခဲ့တယ် မဟုတ်လား '
' ဟုတ်ကဲ့ ... ဖေဖေ '

ဘရန်းဒီးက မုန့်တခုကို ကောက်ယူသည်။
' မင်း သူနဲ့ စကားမပြောပါဘူးလို့ ငါ့ကို ကတိပေးထားခဲ့တယ် မဟုတ်လား '
' သားသား ပထမကမပြောပါဘူး ဖေဖေ၊ နောက်ကျတော့ နည်းနည်း စပြောမိတယ် ' ပြောယင်းက ပင် သူငယ်၏ မျက်လုံးအစုံတွင် မျက်ရည်များ စို့လာသည်။ ' ဒါပေမယ့် ... နောက်ဆုံးကျတော့ သူနဲ့စကားမပြောလို့ မဖြစ်တော့ဘူး၊ တယောက်တည်း နေရတာ သိပ်ပျင်းစရာ ကောင်းပါတယ်...၊ ပြီး... ပြီးတော့ ... ကြောက်လဲ ကြောက်လာတယ် '
' ဟုတ်ပါပြီ၊ ထားတော့၊ ဒါနဲ့ ... မင်းက ဘယ်သူ့ကို ကြောက်တာလဲ၊ ပြောစမ်းပါဦး '

မျက်တောင်ရှည်ကြီးများအောက်မှ မျက်လုံးများသည် စတိုခန်း တံခါးဘက်သို့ တချက်မျှ ခိုးကြည့် သည်။ အသံ ကို တိုးနိုင်သမျှ တိုး၍ သူ့အဖေ၏ မေးခွန်းကို ဖြေသည်။
' ဂရေစီယာကို ကြောက်တာပါ ဖေဖေ '
'ဘာ' ဘရန်းဒီးက ဒေါသဖြင့် ကိုယ်ကို ဆတ်ကနဲ မတ်လိုက်သည်။ ' မင်း ငါ့ကို ဘာကြောင့် လိမ် ပြောရ တာလဲ '

' သားသား မလိမ်ပါဘူး..ဖေဖေ၊ သူက သားသားကို ခြောက်လို့ပါ၊ မက်ဂ်ဒါလီးနားက ဖေဖေ ပြန်လာရင် မတိုင် ပါနဲ့လို့ သားသားကို ပြောထားတာနဲ့၊ သားသား ဂျိုစီနဲ့လိုက်သွားတာ အဲဒါကြောင့်ပါ...၊ သားသား အမှန် အတိုင်းပြောတပါ၊ ယုံပါ ဖေဖေ၊ သားသား မလိမ်ပါဘူး '

' ငါ မင်းကို မယုံတော့ဘူး နီကိုလတ်စ် ' ဘရန်းဒီးက တင်းတင်းမာမာပင် ပြန်ပြောသည်။ ' မင်းဟာ ငါ့ကို လှည့်စားဖို့အတွက် လုံးဝ မခိုင်လုံတဲ့ လုပ်ဇာတ်ကို ဖန်တီးလာတာပဲ '
' မဟုတ်ဘူး ဖေဖေ၊ လုံးဝမဟုတ်ဘူး၊ သားသား မလိမ်ပါဘူး၊ တကယ်ပြောတာပါ ' မျက်ရည်များ သည် လျှံကျလာကာ သူ့နှာခေါင်းနှင့် သူ့ပါးပြင်ဘက်သို့ လိမ့်ဆင်းလာနေကြ၏။ ' သားသား အမှန် အတိုင်း ပြောရရင်... ဂရေစီယာ က သိပ်ကြောက်စရာကောင်းတယ် ...ဖေဖေ၊ သူ့မှာ ဓားရှိတယ်၊ သားသား ဖမ်းမိ လာတဲ့ ငါးလေးရဲ့ ခေါင်းကိုတောင် သူဓားနဲ့ ခုတ်ပစ်တာ၊ စားပွဲပေါ်မှာ သွေးတွေ နီရဲသွားတာပဲ၊ သူ သားသား ကိုတောင်မှ သတ်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဖေဖေ သတိမထားမိဘူးလားဟင်၊ သူဟန်ဆောင် နေတာ ဖေဖေ၊ သူက သားသားတို့ကို တချိန်လုံး သရော် နေတာ၊ သူဟာ လူဆိုး လူညစ်၊ ဖေဖေနဲ့ ဂျိုစီလိ လူကောင်း မဟုတ်ဘူး ဖေဖေ '

' မင်းက ငါ့ကို ဒီကောင်နဲ့ နှိုင်းရသလားကွ ' ဟု ဘရန်းဒီးကအော်သည်။
အော်သံကြောင့် နီကိုလတ်စ် တုန်သွားသည်။ နောက်သို့ ဆုတ်သွားသည်။ ထို့နောက် ၀မ်းနည်း ပက်လက်ဖြင့် ငိုချလိုက်သည်။
' မင်းမှာ အသိဥာဏ် မရှိတော့ဘူးလားကွ ဟေ ' ဘရန်းဒီးက ဒေါသတကြီးဖြင့် ဆက်ပြောသည်။ ' ဓား တွေရော၊ သွေးတွေရော၊ ခေါင်းဖြတ်တာရော စုံနေတာပဲ၊ မင်းကို တယောက်ယောက်က သင် ပေးလိုက် တာပဲ ဖြစ်မယ်...၊ ဂရေစီယာကို ပျက်စီးအောင် ချောက်တွန်းဖို့လုပ်တာ၊ ငါ လုံးဝလက်မခံဘူး၊ ဂရေစီယာ ဟာ လူကောင်းကွ၊ အစစအရာရာ ယုံကြည်စိတ်ချရတဲ့ လူတယောက်ကွ သိလား၊ မင်း သူငယ်ချင်း ဟို ... အောက်တန်းစား တေလေကြမ်းပိုးထက် အဆင့်အတန်းအများကြီး မြင့်တယ် '

' မဟုတ်ဘူး ဖေဖေ၊ ဖေဖေထင်တာ လွဲနေတယ် ' နီကိုလတ်စ်က ရှိုက်ကြီးတငင် ငိုကြွေးနေရာမှ ပြန်ပြောသည်။ ' ဂျိုစီဟာ လူကောင်းဖေဖေ '
ကောင်စစ်ဝန်သည် အံကိုကြိတ်ထားသည်။ သူ့လက်နှစ်ဘက်ဖြင့် ကုလားထိုင် လက်တန်းများကို တင်းကျပ် စွာ ဆုပ်ကိုင်ထားသည်။ ဒေါသကြောင့် တကိုယ်လုံး ပူထူနေသည်။
' မင်း မိတ်တွေကသာ လူကောင်း ဆိုပါတော့၊ ဟေ့ ... နေပါဦး၊ မင်း သူ့ကို တော်တော် ခင်သလား '
' ခင်တယ် ဖေဖေ '
' မင်း သူ့ကို ချစ်ကော ချစ်သလား '

သူငယ်က မျက်ရည်များကြားမှနေ၍ သူ့အဖေ၏ မျက်နှာကို ကြည့်ကာ ခေါင်းညိတ်သည်။
' သားသားတို့ လူတိုင်းကို ချစ်ရမယ်လို့ သင်ထားတယ် မဟုတ်လား ဖေဖေ '
ကောင်စစ်ဝန်၏ တကိုယ်လုံး မြွေတကောင် အပေါက်ခံလိုက်ရသည့်နှယ် ဆတ်ကနဲ ဖြစ်သွားသည်။

' လူကြီးမင်း ကျွန်တော့်ကို ဆရာ လုပ်မနေပါနဲ့ ခင်ဗျား၊ အခုချက်ချင်း ငါ မေးတာ ပြောစမ်း၊ ဟိုအကောင် မင်းကို မနေ့ညက ဘယ်ခေါ်သွားသလဲ '
' သူ့ အိမ်ကို '
' သူအိမ်က ဘယ်မှာလဲ '
' ကော်ရီယင်တီလမ်းမှာ '
' ကောင်းတာပေါ့ကွာ၊ ဆန်ဂျော်ဂျီ မြို့ရဲ့ အဆိုးဆုံးအညစ်ပတ်ဆုံး၊ အောက်တန်းအကျဆုံးဆင်းရဲ သားရပ်ကွက်ပေါ့ '

' မဟုတ်ဘူး ဖေဖေ ' နီကိုလတ်စ်က တံတွေးတချက်ကို မျိုချလိုက်သည်။ ' သူတို့ရပ်ကွက်ကသန့် ရှင်းပါတယ်၊ တောင်တန်းကြီးတွေနဲ့ ရှုခင်းလှလှပပတွေလည်း ကောင်းကောင်း မြင်ရတယ်၊ လိပ်ပြာ တွေဆိုလည်း အများကြီးပဲ၊ ဂျိုစီဖမ်းပြီး စုထားတာ၊ ပြီးတော့ သိပ်အရသာရှိတဲ့ ဟင်းလည်း စားခဲ့ရ တယ်၊ ပါကွီတာ ချက်ထားတာ...၊ မာရီယာက မချက်နိုင်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ သူက တနေ့ လုံး အ၀တ် လျှော်ရတယ်၊ အဘိုး ပက်ဒရိုကတော့ သိုးမွေးအင်္ကျီထိုးတဲ့ အလုပ်ကလွဲပြီး တခြားဘာမှ မလုပ်နိုင် တော့ဘူး...၊ ပြီးတော့ '

သူ့အဖေ၏ တင်းမာလွန်းသော မျက်နှာထားကြောင့် နီကိုလတ်စ် စကားမဆက်နိုင်။ တန့်သွားသည်။ သူသည် သူ့အဖေ၏ အပြုအမူကို နားမလည်နိုင်အောင် ဖြစ်လျက်ရှိသည်။ သူ့ အတွေ့အကြုံကို ပြောပြနေစဉ် ကလေးပီပီ ချက်ချင်း အာရုံပြောင်းကာ အငို တိတ်သွားသော်လည်း အခုကျတော့ တလောထပ်၍ ငိုလာပြန်သည်။

' ဒီလောက် အောက်တန်းကျတဲ့ အနုညာတ လူတန်းစားတွေနဲ့ ငါ့သား ဘယ်လောက်အထိ ခင်မင် ရင်းနှီးခဲ့သလဲဆိုတာ သိရတာ ကျေနပ်စရာ အားရစရာကြီးပါပဲကွာ၊ ကဲ ... ဆက်စမ်းပါဦး၊ နောက် ထပ် ဘာတွေများ မြင်ခဲ့ရသေးလဲ ' သူငယ်က တချက်မျှ အားရပါးရ ရှိုက်သည်။

' သားသားတို့ ဖဲကစားကြသေးတယ် '
' ဘယ်သူတွေလဲ '
' သားသားတို့ အားလုံးပဲ '
' သားသားတို့ အားလုံးပဲဆိုတာ ဘယ်သူတွေကို ပြောနေတာလဲ '

ဂျိုစီနဲ့ ပက်ဒရိုရယ်၊ နောက်ပြီးတော့ သားသားရယ်၊ ပါကွီတာယ်၊ ဂျူအာနာရယ်၊ လူဝီဆာရယ်၊ ပြီး တော့... အီလီနာနဲ့ မကစားဘူး၊ သူက အိပ်ရာ ခင်းနေတယ် '
ကောင်စစ်ဝန်၏ တကိုယ်လုံးသည် ကျောက်ရုပ်ကြီး တရုပ်သဖွယ် တောင့်တင်းလျက်ရှိလေသည်။
' သူက ဘယ်သူ့အိပ်ရာ ခင်းနေတာလဲ '
' ဂျိုစီနဲ့ သားသားတို့အိပ်ရာ '

ကောင်စစ်ဝန်၏ ဦးခေါင်းမှာ နောက်ကျုလာသည်။ မူးနောက် ရီဝေလာသည်။ သူသည် ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်၏။
' မင်းနဲ့ သူနဲ့ ... ' အံကိုကြိတ်၍ ခပ်တိုးတိုး ရေရွတ်သည်။ ထို့နောက် စကားတလုံးမှ ဆက်မပြော နိုင်တော့ ချေ။
အခန်းထဲတွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ ချက်ချင်း အရုပ်ကြိုးပြတ် ဖြစ်သွားသော သူ့အဖေ၏ ပုံပန်းကိုကြည့်ကာ နီကိုလတ်စ် အငိုတိတ်သွားသည်။ နားမလည်နိုင်သော အကြည့်ဖြင့်သူ့အဖေအား တွေတွေ ငေးငေးကြည့်လျက်ရှိသည်။

' သားသား... ဘာလုပ်ခဲ့လို့လဲ ဖေဖေ၊ သားသား ဘာလုပ်ခဲ့လို့လဲ '
ကောင်စစ်ဝန်သည် ထိုင်ရာမှ ထသည်။ ဒယီးဒယိုင်နှင့်သုံးလေးလှမ်း လျှောက်သွားသည်။ သူ့ကိုယ် သူ ကောင်းစွာ မထိန်းနိုင်။ လဲကျသွားတော့မည့် ပုံမျိုး...။ ဆောင်းမီးဖိုနံရံကို လှမ်းကိုင်ကာ အားပြု ထားသည်။ သူ့မျက်နှာကိုလည်း တဘက်သို့ လွှဲထားသည်။

' မင်းသွားတော့...၊ အခု လောလောဆယ် အပေါ်ထပ် မင်းအခန်းထဲမှာ ပြန်နေ...၊ နောက်မှ ငါ လာခဲ့မယ် '
အခန်းထဲတွင် နောက်တကြိမ် ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ စောစောကထက်ပို၍ ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်သည် နီကိုလတ်စ် ထွက်သွားပြီးသည့်နောက် အချိန်တော်တော် ကြီးကြာမျှငေးငိုင်လျက်ရှိ၏။ မီးမရှိသော မီးဖိုဘေး၌ ရပ်ကာ တွေးမိတွေးရာများကို တွေးလျက်ရှိ သည်။ တခေါင်းလုံး နောက်ကျု ရှုပ်ထွေးလျက်ရှိရ၏။ သူ ဘာလုပ်ရပါမည်နည်း။ နောက်ဆုံးတွင် သူ သည် သက်ပြင်းရှည်ကြီးတချက်ကို ချသည်။ သူ့အတွက် အကောင်းဆုံးနည်းလမ်းမှာ တခုတည်း သာရှိ၏။ ထိုနည်းလမ်းကိုသုံးမှ ဖြစ်ပေ တော့မည်။

သူသည် လေးကန်ချည့်နဲ့သောခြေလှမ်းများဖြင့် ခန်းမကို ဖြတ်ကာ ဧည့်ခံခန်းမကြီးအတွင်းသို့ဝင် သည်။ စားပွဲ တလုံးတွင် ထိုင်သည်။ သူ့ဖောင်တိန်ကိုဖြုတ်၍ စာတစောင်ရေးသည်။

ပါမောက္ခ ယူဂျီနီးဟေးဗီးလီး
အမှတ် ၂၁၉၊ ကက်ပူဆင်လမ်း၊
ပါရီမြို့၊ ပြင်သစ်နိုင်ငံ။
အမြန်ဆုံးလာပါ။ သေရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စဖြစ်ပေါ်နေသည်။
                                စာရင်တန်ဘရန်းဒီး
သူသည် လူခေါ်ခေါင်းလောင်းခလုတ်ကိုနှိပ်သည်။ ဂရေစီယာ ၀င်လာသောအခါ လတ်ထဲမှ စာရွက်ကို လှမ်းပေးသည်။
' ကားယူပြီး မြို့ထဲသွား၊ ဒီကြေးနန်းကို ချက်ချင်းရိုက် '
' ဟုတ်ကဲ့ ...ခင်ဗျ '
ဘရန်းဒီးသည် ထိုင်လက်စနေရာတွင် ဆက်ထိုင်နေဆဲပင်ဖြစ်သည်။ ကားစက်နှိုးသံနှင့် ကားထွက်သံ များကြားရသည်။ သူ့အကြည့်သည် ဥယျာဉ်ဆီသို့ ရောက်သွားသည်။ သူ့နှလုံးသား သည်မီးကဲ့သို့ ပူလောင် လာသည်။ ဒေါသအစိုင်အခဲသည် ကြီးထွားလာသည်။ ပေါက်ကွဲလုမတတ် ပြင်းထန်လာသည်။

ဥယျာဉ်မှူးသည် စိမ်းလန်းစိုပြည်သော မြက်ခင်းပြင်၏ အစွန်းတဘက်တွင် ရပ်လျက်ရှိ၏။ အင်္ကျီ ချွတ်ထားသဖြင့် ၀ါဝင်းသော သူ့အသားအရောင်သည် နေောင်အောက်တွင် ကေတာက်ပလျက်ရှိ လေသည်။ သူ့လက်တွင်းမှ မြက်ခုတ်ဓားသည် တက်သွားလိုက် ပြန်ကျလာလိုက်...၊ သူ၏ လှုပ်ရှား ပုံကို ကြည့်နေ ရသည်မှာ ညီညွှတ်ပြေပြစ်ခြင်းရှိလှသည်။ ကြည့်လိုပင်ကောင်းနေ သေးတော့၏။ ကြည့်ယင်း ကြည့်ယင်း နှင့်ပင် ကောင်စစ်ဝန်၏ ရင်ထဲတွင် မုန်းတီးစက်ဆုပ်ခြင်းသည် ဖြစ်ပေါ်လာ ပြန်သည်။ သူ့လက် ချောင်းများသည် ကိုင်ထားသည့် ဖောင်တိန်ကို တင်းကျပ်စွာ ဆုပ်ထားသည်။

 ဖောင်တိန်ကျိုးသံ ထွက်လာသည်။ သို့သော်လည်း သူ့သတိမပြုမိ။ ဥယျာဉ်မှူးကိုသာ ပြင်းထန်သော အမုန်းစိတ်ဖြင့် မျက်တောင်မခတ် စူးစူးစိုက်စိုက်ကြည့်နေမိသည်။ ဟို ... အဝေး တောင်တန်းပြာကြီးများကို ကျောပေး ၍ လှုပ်ရှားနေသော လူ...။ နေရောင်အောက်တွင် ၀င်းကနဲ လက်ကနဲ ပြိုးပြိုးပြက်ပြက် အရောင် ထွက် နေသော ဓား...။

အခန်း (၁၄) ဆက်ရန်
.

No comments: