မနီလာသို့
မည်သည့်အရာဌာန မည်သည့် ကိစ္စမျိုးမဆို စည်းကမ်းသေ၀ပ်မှု၊ စံနစ်တကျရှိမှုမှာတော့ အရှေ့ဘက်ရော၊ အနောက်ဘက်နိုင်ငံခြားသားတို့ ရပ်ဌာနနေမှာ သေချာစေ့စပ်ကြပါသည်။ စည်းကမ်းစံနစ်နှင့် သေချာမှု သည် လူရိုသေလေးစားခြင်းခံရသည့် အထောက်ပံ့ကြီးတခုဖြစပါသည်။
အိန္ဒိယ၊ ဥရောပ၊ ပြင်သစ်၊ အမေရိကန်၊ ဟာဝေယန၊ ဂျပန်တရုပ်စတဲ့ လူမျိုးတို ဂီတ သဘင်၊ အပြအသ တွေကို တွေ့မြင်၊ ကြားသိရသလောက်မှာ စည်းကမ်းကို ရိုသေစွာလိုက်နာကျင့်သုံးကြ ခြင်း ဖြစ်ပါသည်။
အဆိုအက ဂီတ၀ိုင်းများမှာ ကြီးကျယ်ခမ်းနားခြင်းနှင့် ကောင်းဒါ မကောင်းဒါတွေကို အပထား၍ ကြည့်တဲ့ ပရိသတ် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သော သတ္တိထူးကလေးတွေရှိကြပါသည်။
ထိုသတ္တိထူး ကလေးတွေ ဆိုသည်မှာ အခြားမဟုတ်ပါ။ ဇာတ်စင်ပေါ်တွင် ထွက်လာမိပြီးသည့်နောက် ဘာချို့ယွင်းလို့မှ မပြင်ရတဲ့သေချာမှု အသေးစိပ်ကလေးတွေဖြစ်ပါသည်။
ရှေ့ဖုံး ကတ္တီပါကားကို မလုံမခြုံမစေ့တစေ့ မဖြစ်စေရ။ အထဲက လှုပ်ရှားသွားလာပြင်ဆင်မှုကို အပြင်က မမြင်ရ။ မရိပ်မိရ သဲ့သဲ့လေးမှ မကြားရ၊ အပျော်တမ်းရော၊ ကြေးစားရော ဆိုသလို ဇာတ်ပွဲအဖြစ်ကလျှင် ဇာတ်ခုံကား ကြားထဲမှ အပိုလူ ပြူစိပြူစိနှင့် ချောင်းမကြည့်ရ။
ဇာတ်လိုက် မင်းသမီးရဲ့ ခလေးဘဲဖြစ်ဖြစ်၊ အခွင့်မပြုရ။ ကပြသူသည် ဇာတ်စင်ရှေ့ ထွက်လာပြီး နောက် ဇာတ်ကွက် အရမှလွဲ၍၊ ရေသောက်ရန် အပေါ့အလေးသွားရန် ပြန်မ၀င်ရ။ ကပြသူများမှာလည်း အသုံး အဆောင် အ၀တ်အင်အသေးအဖွဲကလေးပင်ပြုတ်ကျ၍ ကုန်းမကောက်ရ။ ရွဲ့နေ၍မပြင်ရ။
ဤသို့ရွဲ့ဒါတဲ့ရ ကျဒါကောက်ယူနေရခြင်းဖြင့် (က-ဆု) နေသောအချိန်ကို အနျောက်အရှက်ဖြစ်စေ သည်။ ပရိသတ် ကြည့်ရသော အရသာကို ပေါ့ပျက်စေရုံမက၊ ပွဲကြည့်ပရိသတ်က အထင်သေးသွား တတ်သည်။ ကပြ သူကလည်း ပရိသတ်ကို မလေးစားရာကျသည်။ သို့ကြောင့်ဘဲထင်ပါရဲ့။ ဘယ်တော့မှ ဇာတ်ခုံ မျက်နှာစာ ပရိသတ်ရှေ့တွင် မပြုပြင်ရအောင် သေချာစေ့စပ်စွာ အစကတည်းက ခိုင်မြဲစွာ ၀တ်ဆင်ပြုပြင် ထားကြ ရပါသည်။
ဒီလိုစံနစ်တကျ သပ်ရပ်မှုတွေတွေ့ရတော့ ကိုယ့်ဗမာပြည်က ခရော့ကရီး နိုင်လှတဲ့ ဇာတ်သဘင် ပညာသည် တွေရဲ့ အ၀တ်အဆင်ချို့ယွင်းချက်ကလေးများကို အားမလို အားမရဖြစ်မိသည်။
ဒီလိုအသေးအဖွဲ့ကလေးမျိုးကိုတော့ ပြုပြင်လို့ မရနိုင်အောင် ခက်ခဲလှမည်မထင်ပါ။ မိန်းခလေး များပင် ခါးတောင်း ကျိုက်၍ ' လေးသည်တော်ယိမ်း' နှင့် အသင်းရံပုံငွေကပွဲလုပ်စဉ်က ခါးပုံစများကို အပ်နှံပိပိစီးစီး တွယ်ချုပ် ၀တ်ပေးထားရာ၊ ည ၈ နာရီက ၁၂ နာရီအထိ တခါမှ ပြုပြင်မပေးရအောင် ခိုင်ခန့်ပါသည်။
သည်ဟာတွေ ရေးနေခြင်းက လူမျိုးခြားဇာတ်ခုံများ၏ စံနစ်တကျ ရှိမှုကြောင့် သဘင်ပညာသည်တို့ အား လူသူ လေးပါးက လေးစားခြင်း အထင်ကြီးခြင်းခံရသာ အထောက်အပံ့တခုကို ဗမာသဘင် ပညာသည်တို့ သိရှိ ထားစေ လိုမှုသိရှိပြီး ဖြစ်ခဲ့သော်လည်း အမှုမဲ့ အမှတ်မဲ့ နေခဲ့မိခြင်းကို သတိရစေလိုလို့ ရေးရခြင်း ဖြစ်ပါသည်။
မနီလာသို့
ဂျပန်ပြည်တွင် မူလအစီအစဉ်အတိုင်း ကိုးရီးယား စစ်မြေပြင်သို့ သွားရောက်ကြည့်ရှူရန်ရှိခဲ့ရာ သွားမည့် ရက်များနှင့် တိုက်ဆိုင်ပြီး အမေရိကန်ပြည်၏ သမ တသစ်အိုင်စင်ဟောင်ဝါကလည်း ကိုးရီးယားသို့ ရောက်လာ မည်ဖြစ်ရာ ရောင်တော်ပြန်နှင့် ရောလွှတ်ဆိုသလို အသွားအလာ ပိုမို လုံခြုံလွယ်ကူလိမ့်မည် ထင်ကြ သော်လည်း ထိုထင်ကြေးနှင့် မကိုက်အောင် အစီအစဉ်တမျိုး ပြောင်းလိုက်သည်ကို သိရပါသည်။
ထိုအစီအစဉ်မှာ အိုင်စင်ဟောင်ဝါရောက်မည့်နေ့၊ ပြန်မည့်နေ့ ကိုရီးယားတွင် ဘယ်နှစ်ရက်နေမည် စသည် တို့ကို စစ်ဘက်မှ လျှို့ဝှက်လိုက်သည်၊ ထိုမျှမကသေး ဂျပန်ပြည်နှင့် ကိုးရီးယားကိုလည်း စာကြေးနန်း တယ်လီဖုန်း လူအ၀င်အွက် အဆက်အသွယ်များကို အိုင်စင်ဟောင်ဝါ မပြန်မှီ ခေတ္တ ရပ်ဆိုင်း ထားရ လိမ့်မည် ဟု သိရသည်။
ရာသီဥတု ကလည်း အအေးလွန်ကဲပြီး ဆီးနှင်းခဲများ ဖုံးလွှမ်းစပြုပြီးဟုသိရသည်။ အေးသော နိုင်ငံ ကြီးတွေ မှာ အပူငွေ့ပေးသော ' ဟီတာ ' များနေရာတိုင်း တပ်ဆင်ပေးနိုင်သော်လည်း ကိုရီးယား ကဲ့သို့ စစ်မြေပြင် အရပ် မှ ဘယ်ကလာပြီး ' ဟီတာ ' ထားပေးနိုင်မလဲ။
ကိုယ်အရင်ရောက်နေတုန်းမှာ အိုင်စင်ဟောင်ဝါကြီးက ရောက်လာပြီး တရက်နှစ်ရက်နှင့် ပြန်သွား ရင် တော်သေးရဲ့။ မတော်လို့များ သူကဆယ်ရက်လောက်နေနေမှဖြင့် အလကားနေရင်း ခြေချုပ်မိ နေဦးမည်။ နောက်ဒါက အရေးမကြီးဘူးထားပါဦး။
လန်ဒန် ဂျူကာဒင်မှာတုန်းက ၀ယ်ချင်လျက်နဲ့ ခရီးရှည်သေးလို့ မ၀ယ်လာခဲ့ရတဲ့ နှင်းဆီပင်မျိုးနှင့် 'ကြူလစ်' ဥအစို့ပေါက်ကြီးတွေကို ဂျပန်ပြည် တိုကျိုမြို့က သစ်ပင်ဆိုင်တွေမှာ လာတွေ့တဲ့အတွက် သေတ္တာတခု၊ သပ်သပ် တခု၊ ၀ယ်ထားမိပြီး ဒါတွေ မနွမ်းမညှိုးခင် အိမ်ကိုသာ မြန်မြန် ရောက်ချင်နေသည်။
သို့နှင့် ကိုးရီးယားသာမက မနီလာတို့ စင်္ကာပူတို့၊ ယိုးဒယားတို့ကိုလည်း နီးနီးနားနားဖြစ်လို့ အချိန် မရွေး သွားလည် နိုင်သားဘဲ မသွားတော့ပါဘူးလို့ ဆုံးဖြတ်ထားခဲ့သည်။ သို့အတွက် ကိုရီးယား သွားမည့် အစီအစဉ် ကိုပါ ဖျက်သိမ်းလျက် ဟောင်ကောင်သို့ ခရီးဆက်ခဲ့ပါသည်။ ဂျပန်ပြည်မှ မိတ်ဆွေများ တပျော်တပါး ကြီး လေဆိပ်သို့ လိုက်ပို့ နှုတ်ဆက်၍ ညကိုးနာရီ လေယာဉ်နှင့် ထွက်လာခဲ့ရာ (ဟိုကီနာဝါ) ကျွန်း ကို ညသန်းခေါင်ကျော်အချိန် ခေတ္တရပ်နားပြီး တညလုံးခရီးဆက်ပြန်ပျံသန်းသည်။
နေ့လည် ၂ နာရီ အချိန် ဟောင်ကောင်နယ်နိမိတ်ပေါ်သို့ရောက်လာသော်လည်း ဆီးနှင်းမြူလွှာများ ပိန်းပိတ်အောင် ဆို့နေပြန်ပါသည်။ လေယာဉ်ဆင်းရန် ကွင်းကိုလည်း မမြင်နိုင်၊ အခြားလေဆိပ် များမှာ အမှန်းအဆ နှင့် ဆင်းနိုင်သော်လည်း ဟောင်ကောင်လေဆိပ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် နှင့် တောင်တွေ ရံဝိုင်း နေသဖြင့် မြင်မြင်ထင်ထင် အချိန်မှာပင် ကျင်လည်စွာ မောင်းနှင်သူတို့ အတော် ဂရုစိုက်၍ ဆင်းရသည် ဟုသိရပါသည်။
ဆင်းစရာနေရာရှာမရ။ မီးအမှတ်အသားကလေးမျှမမြင်ရအောင် နှင်းဖြူများ ဂွမ်းစောင်ကြီးနှင့် ဖုံးထားသလိုရှိရာ လေယာဉ်မှာ နိမ့်နိမ့်လေးဆင်းပြီး ပင်လယ်ရေပေါ်မှ ပျံဝဲရင်း လေဆိပ်ကို ရှာပြန် သည်။
သို့ရာတွင် နိမ့်နိမ့်ကလေးမှာလည်း နှင်းတွေဆို့ ပိတ်လာလျှင် ရာသီဥတု အခြေအနေဆိုးလှတော့ သည်။ တနာရီကျော်ကျော် နည်းအမျိုးမျိုးနှင့် ဆင်းရန် ကြိုးစားသော်လည်းမရသည့်အဆုံးမှာ လက်လျှော့ပြီး မနီလာ ဘက်သို့ ဆက်လက်ပျသန်းသွားရပါတော့သည်။
လေယာဉ်ပျံပေါ်တွင် နေ့လညစာများ ကျွေးမွေးပြီးနောက် ညနေ လေးနာရီခန့်အချိန်လာက်တွင် နေရောင်ခြည်ကျဲကျဲအောက်၌ စိမ်းလဲ့စိုပြေသော ဖိလစ်ပိုင်ကျွန်း၏ ကမ်းခြေကို ဝေဟင်ယံမှနေ၍ မြင်ရပါသည်။
တောတောင်စိမ့်စမ်းနှင့် ပျော်သချင့်ဘွယ် ရာသီဥနှင့်ရှူမျှော်ခင်းများကလည်း ဗမာပြည်နှင့် တူယောင် ယိုးမှား။ သို့နှင့်တောတွေ့၊ တောင်တွေ၊ လယ်ကွင်းတွေ၊ ကြိမ်ခင်းတွေ၊ မြို့ငယ်ရွာငယ် တွေကို နာရီဝက်ခန့် ဖြတ်ကျော် လာပြီးနောက် ပင်လယ်ကွေ့ကျယ်ကြီးတခု၏ ရေတိမ်ဘက်တွင် ငါး၊ ပုဇွန် ဖမ်းသောဝါးမြုံများကို လွမ်းချိတ် ပုဆိုးကြီး ဖြန့်ထားသလို မြောက်များစွာတွေ့ရသော မနီလာထွက် ပုဇွန်ခြောက်၊ ငါးခြောက် များနှင့် လျှော်ကြိုးများ ဗမာပြည် အပါအ၀င် ကမ္ဘာ၏အရှေ့ ဘက်တလွှားတွင် မည်မျှ အသုံးများကြောင်း ခန့်မှန်းနိုင် တော့သည်။
ပင်လယ်ကွေ့ ရေတိမ်၏ ဟိုမှာတဖက်တွင်ကား... ရေနက်သဖြင့် ပင်လယ်သွားသေင်္ဘာကြီးများ ဆိုက်ကပ်ရာ၊ လှပခန့်ညားသော မနီလာ သင်္ဘောဆိပ်ကမ်းကို တွေ့မြင်ရသည်။ ထို့နောက် ခေတ်သစ်၊ အဆောက် အဦးသစ်များ ပျောက်ကြားနှင့် လူနေအိမ်ခြေမြောက်များစွာ စည်ကားလှသော မနီလာမြို့ကို ဖြတ်ကျော် ကာ လေယာဉ်ပျံ ဆင်းရမည့် လေဆိပ်သို့ ဦးတည်၍ လာခဲ့ရသည်။
မနီလာမြို့ လေဆိပ်သို့ကားဆင်းမိပါပြီ။ ဂျပန်တုန်းက ချမ်းလွန်းအေးလွန်းလို့ ၀တ်ခဲ့ရတဲ့ အနွေး ထည်တွေ ကို ကိုယ်ပေါ်တွင် မတင်ချင်တော့အောင် ပူအိုက်လာသဖြင့် လေယာဉ်ပျံ ထိုင်ခုံပေါ်မှာ အားလုံး စုပုံတင်ထားလိုက်တော့သည်။
လေကြောင်း ကပ္ပတိန်သည် သူ့စက်ခန်းမှ ထွက်လာပြီး လူကြီးမင်းများနှင့် လူကြီးမများခင်ဗျာ...က အစချီသော ပဏာမစကားကို အစပျိုးပြီးလျှင် ရာသီဥတုမကောင်း၍ ဟောင်ကောင်မှာမဆင်းဘဲ မနီလာသို့ ထွက်လာခဲ့ ရခြင်းမှာ လူကြီးမင်းများ၏ အကျိုးအတွက်သာ ဖြစ်ပါသည်။
ဟောင်ကောင်ဆင်းမည့် ခရီးသည်များနှင့် ဥရောပအထိ သွားမည့် ခရီးသည်များမှာ ယနေပတည မနီလာတွင် အိပ်ပြီး မနက် ၇ နာရီကို လေယာဉ်ထွက်ပါမည်။ ဒီလို တညအိပ် စောင့်ဆိုင်းရသည့် အတွက် လူကြီးမင်း များအား မနီလာမြို့ရှိ ပထမတန်းဟိုတယ်တွင် တည်းခိုရန်နှင့် ညစာ နံနက်စာ များကို ကျွန်တော် များ ပင်းအမေရိကလေကြောင်း ကုမ္ပဏီက တာဝန်ယူပါမည်ဟု ပြောကာ လေဆိပ်ရှိ ခရီးသည်များ အဆောက်အဦး သို့ ဆင်းစေပါသည်။
လေဆိပ်အဆောက်အဦးတွင် ခေတ္တရပ်နားချိန်၌ ကော်ဖီ လဘက်ရည်၊ အအေး၊ ကြိုက်ရာနှင့် အပမ်းဖြေ ဧည့်ခံပြီးလျှင် အ၀တ်အစားသေတ္တာများ ယူသွားလိုက ယူသွားနိုင်ကြရန် လေယာဉ်ပျံ ပေါှ် ချပေးပါသည်။
တညဥ့်အိပ်ရုံဖြင့် အလေးခံ၍ မသယယူကြဘဲ လေဆိပ်တွင်သာ ထားခဲ့ကြသည်။ မနီလာမှာ ပူအိုက်သော ရာသီဥတုကြောင့် အနွေးထည်များကို မကြည့်ချင်ကြတော့ပေ။ ထိုင်နေရာခုံပေါ်တွင် ယခင်ကအတိုင်း ပစ်ထားခဲ့ပြီး ည၀တ်တစုံစီနှင့် တိုတိုထွာထွာ ထည့်လာသည့် လက်ဆွဲအိတ်ငယ် ကလေးတခုစီဆွဲကာ မြို့ထဲ သို့ လိုက်ခဲ့ကြသည်။
လေဆိပ်နှင့် မနီလာမြို့မှာ ကားနှင့် နာရီဝက်နီးပါးခန့် သွားရပါသည်။ မြို့မှာ ရှေးအခက အေးချမ်း သာယာ၍ စည်ကားကြီးကျယ်ခဲ့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်၏ဒဏ်ကို ထောင်း ထောင်းကြေ အောင် ခ့ခဲ့ရရှာသောကြောင့် ဘယ်နေရာကြည့်ကြည့် ညှင်းဆိုးဆိုး၊ တိုက်ပျက်အိမ် ပျက်တွေ နှင့် တပိုင်းတလက်စ ပြုပြင်ဖာထေးထားသော အဆောက်အဦးများ အသစ်ထပ်မံ ဆောက်လုပ်ထားသော အဆောက်အဦးတွေကလည်း အမှိုက်ပုံထဲက ကြာပွင့်တွေလို အရှိုအရှို မြင်ရပါသည်။
သို့ရာတွင် လမ်းဘေးပလက်ဖေါင်းတဲအိမ်များ အမှိုက်ပုံများကိုတော့ တစုကလေးမှ မတွေ့ရပါ။ ဗမာပြည်မှာလိုဘဲ ဘတ်စ်ကားတွေ ဖြူနီကြောင်ကြား ကြိုက်ရာအရောင်ခြယ်၍ လူအပြည့်အသိပ် နှင့် ပြေးနေသည်ကိုတွေ့ရသည်။ စပါယ်ယာရဲ့ လူခေါ်သံလည်းကြားရပါသည်။
ဘတ်စ်ကားမှာ ဂျစ်ကားဟောင်းကို မြင်းလှည်းကဲ့သို့ ပေါင်းမိုးတင်၊ ဘေးကကြာရပ်လိုလိုချပြီး နောက်ကနေ တက်ရသည်။ မြင်းလှည်းရံတိုင်ကဲ့သို့ သစ်သားကျဲကျဲ ကာထားသည်။ ရုတ်တရက်ဆို တော့ မြင်းမပါဘဲ အမြန် ပြေးနေတဲ့ မြင်းလှည်းကလေးနှင့်တူနေပါသိည်။
အိမ်ဆိုင်၊ ဈေးဆိုင်နှင့် လမ်းဘေးအော်ရောင်းနေတဲ့ မြေပဲလှော်သယ်၊ ရေခဲချစ်တွန်းလှည်း၊ စကားသာလွဲသည်။ ဗမာပြည်အတိုင်းပါဘဲ။
ဒို့ဗမာနဲ့ တူတဲ့ တိုင်းပြည်တပြည်တော့ ခုမှ တွေ့ရပြီလို့ ၀မ်းသာချင်သလိုလို ၀မ်းနည်းချင်သလိုလို၊ မကြာမီပင် ယခင်လေယာဉ် ဖြတ်ကျော်လာစဉ်က တွေ့မြင်ရတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ ဆိုက်ကပ်ရာ တံတားများ ရှိသော ပင်လယ်ကမ်းနားလမ်းကြီးကို ရောက်လာပြန်သည်။
၎-၅ မိုင်ထက်မနည်း ဖြန့်ဖြူးဖြောင့်စင်း နေသော ကမ်းနားလမ်းကြီးတလျှောက်လုံးကို ပင်လယ်ရေ စပ်မှ ကျောက်တို့ဖြင့် ဘောင်ခံပြီး လူသွားလမ်း မြက်ခင်းပြင် ၀ဲယာတွင် ရာ၊ ထောင်၊ မကသော အုန်းပင်ပေါက်တွေ စီတန်း ချထားသည်။
တဘက်မှ ယာဉ်ရထားသွားရန် ကတ္တရာစေးလမ်းကျယ်ကြီး၏။ တဘက်တွင် အလုပ်ရုံ၊ ဟိုတယ်၊ အသင်းတိုက် စသော လှပသပ် ရပ်သည့် အဆောက်အဦးသစ်တို့ဖြင့် ပြန်လည်ထူထောင်ထားပြီဖြစ် ရာ နောက်သုံး၊ လေးနှစ်ဆိုလျှင် အုန်းပင်တွေကလည်း ညီညီညာညာကြီးပြင်းလာတော့မည်။ သည် ခါကျယ်ပြန့် တဲ့ ပင်လယ်ကေ့တဘက်မှ တောင်ညိုညိုကြီးတွေ ရံစိုင်းနေတဲ့ နာမည်ကျော် ဆိပ် ကမ်းသာကြီး တခု ဖြစ်လာ တော့မည်။
မနီလာ မြို့သူမြို့သားတွေဟာ ပမ်းအားဖြေ။ လေကောင်းလေသန့်ရှူတတ်တဲ့ အလေ့၊ လမ်းလျှောက် တတ်တဲ့ အလေ့ရှိကြတယိုဒါကို ကမ်းနားလမ်းကြီးတလောက်တွင် လူအလျှင်မပြတ်အာင် လျှောက်နေကြ သည်ကို တွေ့မြင်ရခြင်းဖြင့် အကဲဖြတ်နိုင်ပါတော့သည်။
သူတို့ လူမျိုးအစိုးရကလည်း သူ့လူမျိုးများရဲ့ ကျန်းမာရေး မြို့ပြသာယာစည်ပင် လှပရေးကို အတော် လေးစားပုံရပါသည်။
ဤကမ်းနားတလျှောက်မှ လာခဲ့ရာတည်းခိုရမည့် ဟိုတယ်ကြီးရှေ့သို့ရောက်လာပြီ။ အသစ်စက် စက် အဆောက် အဦးကြီးဖြစ်ရုံမက၊ အမေရိန်၏ နောက်ဆုံးပေးပုံသဏ္ဍာန် အဆင့်အတန်းမျိုးတွင် ဒုတိယ လိုက် နေသည်။
၁၀ ထပ်ခန့်ရှိ၍ အခန်းပေါင်းများစွာ ရှိပြီးလျှင် အောက်ဆုံးမှသည် အပေါ်ဆုံးအထိ ရှေ့မျက်နှာစာ မှာ မှန်သားများဖြင့်သာ ထုတ်ခြင်းပေါက်ကာရံထားသည်။ လူဝင်တံခါးကြီးများမှာလည်း မှန်သာ လျှင် ဖြစ်၍ လက်ကိုင်ဘု နေရာမှာပင် ဖလ်ချောင်း မှန်ချောင်းများဖြင့် တပ်ဆင်ထားပါသည်။
ကျယ်ဝန်းသော အောက်ဆုံးထပ်ရှိ ဒိုင်းနင်းရုမ်း၊ ထမင်းစားခန်းကြီးမှာ လမ်းဘက်မှ ဒိုးယိုပေါက် မြင်နိုင်သော မှန်များသာဖြစ်၍ အပြင်ကို မမြင်လိုကဆွဲကာရန်၊ လိုက်ကာကြီးများ ပလပ်စတစ်ယင်း လိပ်များ အရ သင့်ရှိပြီးလျှင် တခန်းလုံး အဲယားကွန်းတပ်ရှင်းအအေးငွေ့ ပေးထားရာ ဖိလ်ပိုင် အမျိုးသားပိုင် ဤလိုခံ့ညားခေတ်မှီသော ဟိုတယ်ကြီးမျိုးတွေ၊ ကိုယ့်ဗမာအမျိုးသားပိုင်၊ လွတ်လပ် သောဗမာပြည်ကြီးမှာ မရှိသေးဒါ ရှိအောင် လုပ်ဘို့လိုလာပါပြီဟု တွေးမိပါသည်။
ငွေကြေးတတ်နိုင်သူတွေ စုပေါင်းလုပ်နိုင်သူတွေ အများအပြားရှိသော်လည်း၊ အင်ပို့လိုက်စဉ်ကိစ္စ တခုကိုသာ စု၍ မဲ၍ သဲ့၍ နကြသည်။ အိုဂျီအလ်လုပ်လိုက်သောအခါ ဘာမှမလုပ်တတ် မကိုင်တတ်။ မျောက်သစ်ကိုင်းလွတ် အခြေမျိုး ဆိုက်နေကြရာ၊ တည်းခိုရန်မပါသေးသည့် ဗမာပို ဆန်းဦး ထွန်းရင် တဦးတည်း လက်မလယ်နိုင် အကျွေးအမွေးဧည့်ခံ အော်ဒါတွေ ၀ိုင်းဝိုင်းလယ်နေ သဖြင့် လှန်လိုက် ရသည်ကအများအပြားဖြစ်နေ၍ ဤလုပ်ငန်းမျိုးကို စိတ်ဝင်စားကြပါသည်။
အဆိုပါ မနီလာမြို့၌ တည်းခိုခဲ့ရသော ဟိုတယ်ကြီးမှာ ပင်လယ်ကမ်းခြေကို မျက်နှာစာပြုထားသောကြောင့် ၎င်းအမည်ကို ဘေးဗျူးဟိုတယ်အမည်ကမ္ဗည်းတပ်ထားပါသည်။ လူဦးရေ ၃၀-ခန့်ရှိ၍ ခရီးသည်များကို တယောက်ချင်း စစ်လျှင် တယောက်နေအိပ်ခန်း။ အိမ် ထောင်သမားများ ဆိုလျှင် နှစ်ယောက်အိပ်ခန်း၊ ကိုယ့်အိမ်သာ ရေချိုးခန်း ပိုင်များနှင့်တွဲလျက်ပေးနိုင် သော ပထမတန်း ဟိုတယ် ဆိုတဲ့ အတိုင်း ညီညွတ် ပါသည်။
ကိုယ့် အခန်းသို့ ရောက်လျှင် မနီလာမြို့ရှိ ပင်းအေရှား သတင်းကိုယ်စားလည် မစ္စတာဝူးကို တယ်လီဖုန်းဆက်၍ စုံစမ်းနေဆဲရိုက်တာသတင်းကိုယ်စားလည် မစ္စတာရစ်ခ်ျက သူကိုယ်တိုင် ယခု ပင် လာ တွေ့ လိုကြောင်း ညမို့ပေါ်သို့ ကားနှင့် လျှောက်ပြဧည့်ခံလိုကြောင်း တယ်လီဖုန်းနှင့် ဖိတ် ကြားသော ကြောင့် ရေချိုးအ၀တ်လဲနေစဉ်၊ မစ္စတာရ်ချက်ရောက်လာပြီး သူ့ကားနှင့် မြို့လုံးပတ် လည် လိုက်ရ တော့သည်။
' ဂျိုဆေရီဇော် ' မျိုးချစ်ပုဂ္ဂိုလ်ကြီး၏ အထိမ်းအမှတ်ကျောက်တိုင်မှာ ဘေးဗျူးဟိုတယ်နှင့် တတိုက် ခြား ကပ်လျက် ရှိသော ကွင်းပြင်ကျယ်ကြီးမှာ ခန့်ညားတင့်တယ်စွာ တွေ့ရပါသည်။
ကျောက်တိုင်၏ နောက်ပိုင်းမှာ လူထုစည်းဝေးရာကျောက်ခုံတန်းလျားကြီး အဆင့်ဆင့် ပြုထားသော အဆောက်အဦး နှစ်ခုကို နောက်ခံပြုလျက်ရှိသည်။
ကျောက်တိုင် ရှေ့ဘက်တွင် အမျိုးသားအလံတင်ရာ အလံတိုင်ကြီး ထိုကတဆင့် မျှော်ခင်း မျက်စိပသာဒ ရှိစေလှ ပါသည်။
ဂျိုစေရီဇော်၏ ကျောက်တိုင်ကိုနောက်ခံထား၍ လူပါဓါတ်ပုံရိုက်ကူးခဲ့သော်လည်း ကာလာမလင်း ဖြစ်နေသဖြင့် ဘလောက်လုပ်ရန် ခက်ခဲသောကြောင့် သည်အတိုင်း ထားရတော့သည်။
မြို့လယ်အစည်ကားဆုံး နေရာများတွင် လမ်းများကျဉ်းကြပ်လှသည်။ ဆိုင်ကြီးကန္နားကြီးများမှာ ဥရောပ၊ အမေရိကန် တို့က အဆင့်အတန်းမျိုးနှင့် ခမ်းနားသပ်ရပ်စွာ ပြုပြင်ခင်းကျင်းရောင်းချနေ သည်ကို တွေ့ရသည်။
ရုပ်ရှင်ရုံကြီးများ ကပွဲရုံကြီးများလည်း ၎င်းတကွက်မှာ ရုံပေါင်း ၂၀ ထက်မနည်းတွေ့ခဲ့ရပါသည်။
မနီလာညမို့မှတက္ကစီငှား မော်တော်ကားများမှာ ၁၉၅၂-ခုနှစ် ပုံသစ်စတုဒီဘေကာတွေ ချည်း ဖြစ်ပါသည်။ အနီရောင်ကြား၊ အနက်ရောင်ကြား၊ အားလုံးတဆင်တည်းဝယ်ထားပါသည်။
ဗမာပြည် မှာ စတုဒီဘေကာတို့ ပက်ကတ်တို့စီးလျှင် ဓနရှင်လို့ အမည်တပ်ကြသော်လည်း မနီလာ မှာ လူထု စီးစရာ အငှား မော်တော်ယာဉ် များသာဖြစ်နေပါသည်။
တမြို့လုံး အနှံ့အပြားနရာတိုင်းလိုလိုပင် မပြုပြင်ရသေးတဲ့ ဂျပန်ဒဏ်ချက် တိုက်ပြိုတိုက်ပျက်တွေ စက်သေနတ်ရာ ဗလဖွနှင့်တွေ့ရသည်။ အတော်ကြီးသော အဆောက်အဦးပျက်ကြီးတခုကို မစ္စတာရစ်ချက် က ညွှန်ပြလျက် သည်တိုက်ထဲမှာ ဖိလိပိုင်အမျိုးသား သုံးထောင်ကျော်ခန့် ပိတ်လှောင်ပြီး ဂျပန်က သတ်သွားကြောင်း ပြော၍ ကျောချမ်းသွားမိသည်။
ဟိုတယ် ပြူတငးပေါက်ကနေပြီး။ ပင်လယ်ကွေ့ကြီးထဲ မျှော်ကြည့်လိုက်လျှင် ရေထဲမှာတပိုင်း နှစ်မြှုပ် နေသော စစ်သင်္ဘောကြီးတွေ အမြောက်အများ တွေ့ရသည်မှာလည်း ဂျပန်တို့ နှစ်မြှုပ် ဖျက်ဆီးသွားသော လက်ငုတ် လက်ရာများဖြစ်ကြောင်းသိရသဖြင့် မနီလာမြို့မှာ ဂျပန်စစ်ဒဏ်ကို အလူးအလဲခံလိုက်ရကြောင်း သက်သေ တရပ် ဖြစ်နေပါတော့သည်။
သို့သော် ဖိလိပိုင် အမျိုးသားတို့မှာ ညီညီညာညာ ပြာပုံထဲမှ ကုန်း၍ ရုန်း၍ ထနေကြပါသည်။ ပညာသင် တက္ကသိုလ်ကြီးတွေ စက်ရုံကြီးတွေ အများအပြားတွေ့ရသည်။
စက်မှုလက်မှုများကို တပါး နိုင်ငံများနှင့် အမှီပြေးနိုင်အောင် ကြိုးစားကြသည်။ အမျိုးသမီးများပင် စက်မှုပညာကို ယောက်ျားများနှင့် နင်လားငါလား ပခုံးချင်းယှဉ်၍ လိုက်နေနိုင်ကြသည်တော်လေစွ။
ရိုက်တာသတင်းကိုယ်စားလည် မစ္စတာရစ်ချက်က သူတို့ အင်္ဂလိပ်သတင်းစာ ဆရာများကလပ်ကို ခေါ်သွား၍ အအေးဖျော်ရည်တိုက်ကျွေး ဧည့်ခံပြီးလျှင် ယနေ့ည မနီလာမြို့ရှိ သတင်းစာ ဆရာများ အစည်းအဝေးရှိ၍ အားလုံးနှင့် တွေ့ဆုံရန် နှစ်ောက်လုံး အစည်းအဝေးသို့တက်ဘို့ ဘိတ်ကြားပြန် သည်နှင့် ကျမ တော့ဖြင့် ခရီးပမ်း၍ ဟိုတယ်မှာ ပြန်ပြီးနားပါရစေတော့ဟု တောင်းပန်သောကြောင့် ဟိုတယ် သို့ပြန်ပို့ပါသည်။
ဟိုတယ်မှာ ' ပင်းအရှား ' သတင်းကိုယ်စားလှယ် မစ္စတာဝုက စောင့်နေနှင့်သည်။ စူးမှာ ဘေးဗျူး၊ ဟိုတယ် မှာပင် နေထိုင်ကြောင်း ထိုအခါကျမှသိရပါသည်။
သူတို့နှင့် ဟုတယ်အောက်ထပ် ဧည့်ခန်းကြီးတွင် ခေတ္တစကားပြောကြပြီးမှ မစ္စတာရစ်ချက် မစ္စတာဝူးတို့ သတင်းစာဆရာများ စည်းဝေးပွဲသို့ ထွက်သွားကြ၍ ဓတ်လှေခါးမှ ကိုယ့်အခန်းကိုယ် တက်လာခဲ့သည်။
ပင်လယ်ရှူခင်းနှင့် ကျယ်ဝန်းသောအခန်းကြီးကို ရသော်လည်း အိုက်စပ်စပ် ပူလောင်လောင် ဖြစ် နေသော ရာသီဥတုကြောင့် မှန်ပေါက်တွေ အကုန်ဖွင့်ထားစေကာမူ၊ ပင်လယ်ဘက်မှ လမလာ၍ ပန်ကာကို ညလုံး ပေါက် ဖွင့်ထားမှနေသာ ထိုင်သာရှိတော့သည်။
ကျယ်ဝန်းသော ပင်လယ်ကွေ့ကြီးအတွင်းမှ သင်္ဘောကြီးငယ်များ၏ မီးရောင်နှင့်သင်္ဘောပျက်တပိုင်း မြှုပ်တို့အမှတ်အသားပြထားသော မီးနီရောင်များ၊ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ငါးမိနစ်တကြိမ် ကူပို့နေသော အမြန်ကူတို့ကလေးများ၏ မီးရောင်တို့မှာ ပင်လယ်ကွေ့ကြီးအတွင်းတွင် သီတင်းကျွတ် မီးထွန်းပွဲ ကဲ့သို့၎င်း၊ ကာနီဗယ်ပြပွဲကြီးတိုမှ မီးရောင်များကဲ့သို့၎င်း၊ ဖြူ-၀ါ-စိမ်း-နီ-အလီလီ ရောင်စုံနှောလျက် ရှိပါသည်။
ညစာ စားချိန်မှာ အောက်ထပ်သို့ မဆင်းလိုတော့သဖြင့် တယ်လီဖုန်းနှင့်ညစာကို အခန်းထဲ လာပို့ရန် မှာလိုက် ပါသည်။ ထမင်းစားခန်းမန်နေဂျာက ပြန်မေးသေးသည်။
အမေရိကန် အစာ စားမလား၊ မနီလာလိုစားမလားတဲ့ မနီလာလိုစားမယ်ဟု ပြန်ပြောလိုက်သည်တွင် ခဏကြာသောအခါ ဘီးနှင့်တွန်းသော စားပွဲနှင့် ဇွန်း-ခရင်း လက်သုပ်ပုဝါ၊ ရေဖလ်ခွက်တို့နှင့် သန့်ရှင်း သပ်ရပ်စွာ ပြင်ထားသော ညစာစားပွဲ ပွဲရံကို ' မိတ်တာ ' တယောက် က လာပို့ပြီး ပြင်ဆင်ပေးသွားသည်။
မနီလာထမင်းဟင်းမှာ သားပြွမ်းဒန်ပေါက်ထမင်းလိုလို မွှေးကြိုင်သော မဆလာနံ့တမျိုးနှင့် ချက် ထားသည်။ ဒန်ပေါက် လို ဆီထောပတ်မပါ၍ မအီဘဲ ပုဇွန်ထုပ်မှာ အချိုရည် အရသာကို ကဲလွန်းစေ သည်။ မနီလာငါးကြော် တမျိုး၊ ကြက်သားနှင့်မှိုဟင်း၊ မကျည်းမှည့်သနပ်၊ အိုက်စကရင်း၊ သစ်သီးစုံ၊ ကဖီ စသည်တို့ ဖြစ်ပါသည်။
ဆက်ရန်
.

1 comment:
မမ ရွှေစင် ရေ..
ဗမာဇာတ် လဲ မဆိုး ပါဘူး နော်၊
သူ့ အရပ် နဲ့  သူ့ ဇာတ်ပါပဲ။
ရာမ ဇာတ် ကြည့် ဘူး လား။
ချုံ့  ပြီး က ရင် သုံးရက်၊ မချုံ့  ပဲ ကရင်
တစ်ပတ် လောက် ကြာ တယ်လေ၊
အဲ့ ဒီလောက် ကြာတဲ့ ဇာတ်ကို ကျစ်ကျစ်လစ်လစ်
က ပြ သွားနိုင် တာ ပါနော် ..။
အကုန် လုံး အတွက်တော့  မမန့်  နိုင် ခဲ့ ပါဘူး။
ထိ တာ လေး ပဲ ရေး ခဲ့ မိတယ်။
Post a Comment