Sunday, June 27, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၃)

အခန်း (၁၃) မေတ္တာရှင် မိသားစု

ယခုအခါ အယ်လစ်ဇာသည် ကွိတ်ကာခရစ်ယန်ဂိုဏ်းစား မိသားစု အိမ်တအိမ်သို့ ရောက်လာ ခဲ့ပေပြီ။
    သူထိုင်နေသော မီးဖိုဆောင်ကြီးမှာ ကျယ်ဝန်းလှပေသည်။ သန့်ပျံ့ခမ်းနားသော အသွင် ကိုလည်း ဆောင်ထားသည်။ မီးဖိုအနီး၌ ကုလားထိုင်များကို ချထားသည်။ ဤနေရာသည် သူ့အဖို့ စိတ်နှလုံး ချမ်းမြေ့ ဖွယ်သော နေရာ ဖြစ်၏။

    သို့သော် အယ်လစ်ဇာ့အဖို့ကား တကယ်တမ်း စိတ်နှလုံးချမ်းမြေ့မှု အပြည့်အ၀ မရပေ။ သူ့ကို စိုးရိမ် ကြောင့်ကြမှု၊ ပူဆွေးတမ်းတမှုများက ဖိဆီးထား၏။ သားအတွက် မအေးသောစိတ်၊ လင့်အတွက် ပူဆွေး သောu ဝေဒနာများကိုကား သူ မည်သို့မှ ဖျောက်ဖျက်၍ မရပေ။

    သူ့ဘေးရှိ ပက်လက်ကုလားထိုင်တွင် ထိုင်နေသေူကား အိမ်ကြီးရှင် ရတ်ချယ်ဟာလီဒေး ဖြစ်လေသည်။ အဖွားကြီး သည် ကွိတ်ကာခရစ်ယန်ဂိုဏ်းသားအသွင်ကို သိသာထင်ရှားစေသော ရှင်းသန့်ဖြူစင်သည့် ဦးထုပ် ကို ဆောင်းထား၏။ လည်ပင်းကော်လာသည် အဖြူရောင် ဖြစ်၏။  သူတို့သည် ကွိတ်ကာ ခရစ်ယန်ဂိုဏ်းဝင်များ ဖြစ်ကြသည်။ စိတ်ထားဖြူစင်၍ သူတပါးအား ကူညီ စောင့်ရှောက်လိုကြသူများ ဖြစ်ကြသည်။ အေးချမ်းဆိတ်ငြိမ်စွာ နေထိုင်လေ့ရှိသူများလည်း ဖြစ်၏။ အဖွားကြီး၏အသက်မှာ ငါးဆယ် ကျော် ခြောက်ဆယ် ဖြစ်သည်။

    "မင်း ကနေဒါကိုသွားဘို့ စိတ်ကူးနေတုန်းဘဲလား အယ်လစ်ဇာ" အဖွားကြီးသည် သစ်သီး ခြောက်များကို ဆေးကြောနေရာမှ လှမ်း၍ မေးလိုက်သည်။
    "ဟုတ်ကဲ့ မေမေကြီး။ ကျမ အဲဒီရောက်အောင် သွားရမှာဘဲ။ ဒီမှာတော့ မနေရဲဘူး"
    "မင်း အဲဒီသွားပြီးကော ဘာလုပ်ကိုင်စားမှာလဲ သမီးရယ်" တကယ်ပင် မိခင်တယောက် က သမီးတယောက်ကို ဆက်ဆံသည်နှင့်မခြား ပြောလာသည်။
    သည်အသံ သည်စကားကို ကြားရပြီဆိုသောအခါ အယ်လစ်ဇာသည် မျက်ရည်မဆည် နိုင် ဖြစ်ရလေ တော့သည်။

    "ကျမ ဟိုမှာ ရရာအလုပ်ကို လုပ်မှာဘဲ မေမေကြီး"
    "ဒါပေမယ့် မင်း ဒီမှာ ပျော်သလောက်နေနိုင်ပါတယ် သမီးရယ်"
    "ဟုတ်ပါတယ် မေမေကြီး။ ဒီအတွက်လဲ မေမေကြီးတို့ကို ကျမ ကျေးဇူးတင်လို့ မဆုံးပါ ဘူး။ ဒါပေမယ့်" အယ်လစ်ဇာသည် ခပ်လှမ်းလှမ်းတွင် ကစားနေသော သားကို လက်ညှိုးထိုးပြရင်း "ကျမ ညည အိပ်လို့ မပျော်ဘူး။ ညကဆို လူတယောက် သားကိုခေါ်ဘို့ ရောက်လာတယ်လို့ တောင် အိပ်မက် မက်တယ်။ ကျမ ဘယ်လို အနေဖြောင့်နိုင်ပါ့မလဲ မေမေကြီးရယ်"
    "အို၊ သမီးရယ်။ ဒါတွေ ဘာလို့က တွေးနေရတာလဲကွယ်။ ဒို့ဆီမှာ ခိုနားလာတဲ့ လူတယောက်ကို ခေါ်သွားဘို့ ဖုရားအရှင်မြတ်က ခွင့်ပြုမှာ မဟုတ်ပါဘူး။ စိတ်ချ သမီး။ သမီးရဲ့ သား ဘာမှ မဖြစ်စေရဘူး"

    ထိုခဏ မှာပင် အဖွားကြီး၏ခင်ပွန်း ဆီမြွန်ဟာလီဒေး အခန်းထဲသို့ ၀င်လာသည်။
    "ရွာထဲက ဘာသတင်းများ ရခဲ့သေးလဲ အဖေကြီးရဲ့" ရက်ချယ်က လှမ်းမေးလိုက်သည်။
    "ပီတာစတက်ဗင်းတို့ ဒီညမှာ မိတ်ဆွေတွေနဲ့ လာကြမတဲ့ကွယ့်" ဟု ပြောလိုက်ပြီးနောက် ဆီမြွန် ဟာလီဒေး သည် အယ်လစ်ဇာအား လှမ်း၍
    "မိန်းခလေးနာမယ်ဟာ အယ်လစ်ဇာဟဲရဏ် ဟုတ်ပါတယ်နော်" ဟု လှမ်းပေးလိုက်သည်။
    ရတ်ချယ်သည် ခင်ပွန်းသည်အား ရုတ်ခနဲ လှမ်းကြည့်မိသည်။ အယ်လစ်ဇာက ဆီမြွန်၏ အမေးကို ဟုတ်ကြောင်း မ၀ံ့မရဲဖြင့် ဖြေသည်။

    ဆီမြွန်သည် ၀ရန်တာသို့ ထွက်သွားပြီးနောက် ရတ်ချယ်ကို လှမ်းခေါ်သည်။ ရတ်ချယ် သည် ခင်ပွန်းရှိရာသို့ ထွက်လာသည်။
    "ခလေးအဖေတော့ ရွာထဲရောက်နေပြီ။ ညကျရင် သူ ဒီကို လာလိမ့်မယ်"
    ထိုစကားကြောင့် ရတ်ချယ်၏မျက်နှာသည် ပျော်မြူး ရွင်ပျသွားကာ
    "တကယ်လားဟင်"
    "တကယ်ပေါ့ကွ။ ပီတာ တွေ့လာတာတဲ့။ သူ့အကြောင်း ကြားရကထဲက အဲဒီလူ ဘယ်သူ ဖြစ်ရမယ် ဆိုတာ ကိုယ် ကျိန်းသေသိထားတာဘဲဟာ"
    အမှန်ပင် ထိုညတွင် သူတို့သည် ဂျော့နှင့် အယ်လစ်ဇာကို ပြန်လည် ဆုံးဆည်းပေးနိုင်ခဲ့ ကြလေသည်။

    သို့ဖြင့် နောက်တနေ့ နံနက်ခင်းသည် ထိုကွိတ်ကာမိသားစုအဖို့ ရွှင်မြူးဖွယ် နံနက်ခင်း ဖြစ် လာရလေသည်။ အိမ်ကြီးရှင် ရတ်ချယ်သည် သည်နံနက်တွင် အိပ်ရာမှ အစောကြီး ထသည်။ သားသမီးတွေ အကူ အညီဖြင့် အိမ်ကို ရှင်းသန့်သည်။ နံနက်စာကို ပြင်ဆင်သည်။

    ဂျော့ကို မိသားစုမှာ ဟာလီဒေးမိသားစု၏ လှိုက်လှဲဝမ်းမြောက်သော ကြိုဆိုမှုဖြင့် နံနက်စာ တည်ခင်း ဧည့်ခံသည်ကို ကြုံရသည်မှာ သူတို့အဖို့ အမှန်ပင် အိပ်မက်တခုနှင့် မခြားတော့ပေ။
    သူတို့သည် နံနက်စာစပွဲတွင် အားလုံး အတူ ထိုင်ကြသည်။ ဂျော့သည် ပထမတွင် မ၀ံ့မရဲ ဖြစ်နေသည်။ သူ့အဖို့ သည်လို မိသာစုသိုက်သိုက်ဝန်းဝန်းနှင့် အိမ်ထောင်စုဟူသော ဝေါဟာ၏ အနက်အဓိပ္ပာယ်ကိုပင် ပြည့်ပြည့်၀၀ နားလည်ခဲ့ရသည် မဟုတ်ပေ။ သူသည် ထိုမိသားစု အားလုံး၏ မျက်နှာများကို ကြည့်မိသည်။ မေတ္တာကရုဏာတို့ဖြင့် ၀င်းပသော မျက်နှာပြင်များကို မြင်ရပြီဆိုသောအခါ သူ့နှလုံးသား၌ စွန်းထင်းသော သောကအလုံးစုံသည် ပျောက်လွင့် ရလေ တော့သည်။ ဖုရားသခင်၏ မေတ္တာတော် ကူးစက် ပျံ့နှံ့သည့် သဘော ဖြစ်သည်ဟုလည်း သူ အောက်မေ့ရသည်။

    ထမင်းစပွဲ၌ သားကြီးဖြစ်သူက သူ့အဖေအား လှမ်း၍
    "ဖေဖေ၊ ဖေဖေဟာ ထွက်ပြေးလာတဲ့လူတွေ ကယ်နေပြန်ပြီနော်" ဟု မေးလာသည်။
    "လုပ်စရာရှိတယ် လုပ်တာဘဲ သားရယ်" ခပ်အေးအေး ဖြေသည်။

    "တော်ကြာနေ ဖေဖေ ထောင်ကျနေမှဖြင့်
    "ဘာလဲသားရဲ့၊ ခြံထဲက အလုပ်တွေကို သားတို့နဲ့ သားမေမေတို့ချည်း မလုပ်နိုင်ကြဘူး လား" ဆီမြွန်က ရယ်ရွှန်းပရွှန်း ပြောလိုက်သည်။
    ထိုစကားများကို ကြားမှပင် ဂျော့သည် ပူပင်ကြောင့်ကြ ဖြစ်လာသည်။
    "ကျနော်တို့အတွက်ကြောင့်တော့ ဒုက္ခ မဖြစ်စေချင်ပါဘူး ခင်ဗျား"

    "ကြောက်စရာမလိုပါဘူး ဂျော့ရယ်။ ဒါဟာ မင်းတယောက်အတွက် ဒို့များ လုပ်ကြတာမှ မဟုတ်တာ။ ဖုရားသခင်နဲ့ လူသားတိုင်းအတွက် ဒို့လုပ်ရတာဘဲဟာ။ ဒီနေ့အဖို့တော့ ဒီမှာဘဲ အေးအေးဆေးဆေး နေကြပေါ့ကွာ။ ညဆယ်နာရီကျ ဖင်းနီးယား ဖလက်ချာ လာပါလိမ့်မယ်။ သူတို့က မင်းတို့ကို နောက်စခန်း တခု အရောက် လိုက်ပို့ပေးလိမ့်မပေါ့။ မင်းတို့ကို လိုက်ရှာတဲ့ လူတွေက နောက်က ဒပ်ပစွတ် လိုက်နေတာဆိုတော့ အချိန်နှောင့်နှေးနေလို့တော့ မဖြစ်ဖူးပေါ့ကွာ"

    "ဒါဖြင့်  ညရောက်အောင် ဘာလို့စောင့်နေအုံးမလဲ ခင်ဗျာ"
    "နေ့ဆိုတော့ ဒီမှာက စိတ်ချရတယ်ကွာ။ ဒို့တရွာလုံးဟာ ဒို့လို မိတ်ဆွေတွေချည်းဘဲ။ ကွိတ်ကာ တွေ ဆိုတာ လူတိုင်းရဲ မိတ်ဆွေဘဲဟာ။ အားလုံး ၀ိုင်းစောင့်ရှောက်နေကြာတာပါ။ ခရီးသွား ဘို့ကျတော့ ညကျမှ ကောင်းတာကွ"

အခန်း (၁၄) ဆက်ရန်
.

No comments: