Monday, June 7, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၁၆)

အခန်း (၁၆)

ထိုနေ့မနက်တွင် ဟာရင်တန် ဘရန်းဒီးသည် ၀တ္တရားမပျက် ရုံးတက်သည် ရုံးတွင်ကြာကြာတော့ မနေ။ တစ်နာရီခန့် သာနေသည်။ နေသည့်အခိုက်တွင်လည်း ကြည်ကြည်လင်လင် မရှိ ဧည့်သည်နှင့်နေ့လည်စာ စားရဦး မည်ဟု အကြောင်းပြ ချက်ဖြင့် ပြန်လာခဲ့သည်။ စားပြန်တော့လည်း တိတ်တိတ်ဆိတ်ဆိတ် နိုင်လွန်း လှ၏။ စားသောက်ပြီးသည့်အခါ နှစ်ယောက်သား ထမင်းစားခန်းထဲမှာပင် ထိုင်နေကြသည်။ ထိုအခါ ကျမှပင် ပါမောက္ခ ဟေးလီးဗီး နီကိုလတ်စ် ကိစ္စကို ပြောပြသည်။

    'ဒီလိုဆိုတော့လဲ ခင်ဗျားစိတ်ထဲမှာ သံသယရှင်းသွားပြီ ဆိုပါတော့ ဟုတ်လား' ကြည်လင်လန်းဆန်းမှု ကင်းမဲ့လျက် ရှိသော ကောင်စစ်ဝန်သည် သူ့ကော်ဖီပန်းကန်ကို အဓိပ္ပာယ် မရှိ စိုက်ကြည့် နေရာ မှ ပြောသည်။

    'မရှိတော့ဘူးလို့ဆိုရမှာပဲ' ပါမောက္ခက ကော်ဖီကို တစ်ကျိုက်မျှ ငုံလိုက်ပြီး အားရကျေနပ်သံဖြင့် ပြန်ဖြေ သည်။ 'ကိုယ့်အပြစ်ကို သူတပါးပေါ် ပြောင်းသွားအောင် လုပ်တာလေးကတော့ စံနမူနာ ထောက်ပြ သင့်တယ်၊ မက်ဂ်ဒါလီးနားနဲ့ဆုံလဲ ရှင်းလိုက်ရော… သူလဲ လက်မြှောက် အရှုံးပေးတော့တာပဲ'
    'အခုလို ပေါ်သွားအောင် စစ်လိုက်တာ ကောင်းမှကောင်းပါ့မလား၊ သားရဲ့စိတ်မှာ သိပ်ပြီး ထိခိုက် သွား မလား'
    'စိတ်မပူစမ်းပါနဲ့….မိတ်ဆွေကြီးရယ်၊ ကလေးက ငိုတယ်ဆိုတာခဏပေါ့၊ စိတ်ထိခိုက်လဲ ခဏပေါ့'
    'အခုကော သူ့အခြေအနေကောင်းရဲ့လား'

    'အခုလောက်ဆိုယင် မောမောနဲ့ အိပ်ပျော်နေရောပေါ့၊ အပြစ်ဝန်ခံပြီးတာနဲ့ တပြိုင်နက် စိတ်မော လူမောဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားတတ်တယ်၊ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် တခုပါ မပူပါနဲ့၊ ဒါပေမယ့် သူ့အနား ကိုတော့ ခင်ဗျားမကပ်နဲ့ဦး၊ သူ့ဘာသာ သူတယောက်တည်းပဲ နေပါစေ။ နောက်ဆက်တွဲ ဘယ်လို တုံ့ပြန်မှုမျိုး လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ အခုလို သာမန်ပြုနေကျမဟုတ်တဲ့ အပြုအမူ အလေ့ အကျင့် မျိုးဟာ တော်တော်နဲ့ မပျောက်တတ်ဘူး၊ ဒါတွေကို အမြစ်ကစပြီး ရှင်းမှဖြစ်မှာ'

    စားပွဲအောက်ရောက်နေသော ကောင်စစ်ဝန်၏ လက်သည် လက်သုတ်ပ၀ါကို တအားဆုပ်ကာ လုံးချေ လျက် ရှိသည်။ သူသည် ဟေးလီးဗီးကို မကြည့်ပဲ မေးသည်။
    'ဂျီုစီ ကျတော့ကော' ပါမောက္ခလက်ထဲမှ ကော်ဖီပန်းကန်ကို စားပွဲပေါ်သို့  ပြန်ချလိုက်သည်။

    'ကနေ့ မနက်ပဲ သူနဲ့တွေ့ပြီး မေးစရာရှိတာတွေ မေးပြီးပြီ၊ ရိုးပုံရိုးလက် ယုတ်ကန်းတဲ့ တဲ့ ကောင် တစ်ယောက် ပဲဗျ' သူသည် စကားကို ဖြတ်ထားပြီး စဉ်းစားနေဟန်ပြုသည်။ 'သူနဲ့ပတ်သက်လို့ ခင်ဗျား စိတ်ထဲ ဘယ်လိုခံစားနေရတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ၊ ဒါပေမယ့် လက်တွေ့ကျကျ အရေးယူ ဖို့ ကျတော့ခက်တယ်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ…၊ ခင်ဗျားနဲ့ ခင်ဗျားသား နီကိုလတ်စ်ရဲ့ ဂုဏ်သိက္ခာ ကို မထိခိုက်ပဲနဲ့ အရေးယူလို့ဆိုတာ လုံး-မဖြစ်နိုင်ဘူး၊ လူသိရှင်ကြား အဖြစ်ခံပြီး လုပ်ဖို့ ဆိုတာ ဟာ စဉ်းကိုမစဉ်းသင့်တဲ့ ကိစ္စ'

    'ဘာပဲဖြစ်ဖြစ် တခုခုတော့ လုပ်ရမှာပဲ' ကောင်စစ်ဝန်က အံကိုကြိတ်၍ ရေရွတ်သည်။ သူ့ခေါင်းသည် ငိုက်စိုက် ကျလျက် ရှိလေသည်။
    'ဒါတော့ သည်းခံပြီး အချိန်စောင့်ပါ၊ ဒီကောင်စားမျိုးဆိုတာက သူတို့နဲ့ထိုက်တန်တဲ့ကြိုး ကိုသာ ပေးဖို့ လိုပါတယ်။ ပေးသာပေးနိုင်ယင် သူရတဲ့ကြိုးနဲ့ သူ့လည်ပင်း သူတပ်မှာ သေချာတယ်၊ ကျွန်တော် ဂရေစီယာ နဲ့လဲ နေ့လယ်စာ မစားခင်ကလေးကပဲ စကားပြောခဲ့ပြီးပြီ၊ သူ့အခန်းထဲက ငွေနည်းနည်းပါးပါး ပျောက်တယ် ပြောတယ်၊ သူက စကားများများ မပြောဘူး၊ ပြောသမျှဟာလဲ အတ်ာကလေး ချင့်ချင့်ချိန်ချိန် ရှိပုံ ရတယ်၊ ဒါပေမယ့် သူပြောတဲ့ စကားထောက်ပြီး ကျွန်တော်စဉ်းစားလို့ရတဲ့ အချက်တချက် ရှိတယ် သူ့ပိုက်ဆံ ခိုးတဲ့ သူခိုးဟာ ဂျိုစီဖြစ်ရမယ်လို့ သံသယရှိနေတဲ့ သဘောပါတယ်'

    'ဘာ…' ကောင်စစ်ဝန်က နားမလည်လိုက်သည့် ပမာရေရွတ်သည်။ ထို့နောက်… ဟေးလီးဗီးပြောသည့် စကား အဓိပ္ပာယ် ကို သဘောပေါက်သွားသည်။ သူ့မျက်လုံးအစုံသည် တောက်ပလာသည်။ 'ဂရေစီယာရဲ့ ပိုက်ဆံ ကိုခိုးတယ်..ဟု ထပ်မံရေရွတ်ပြန်သည်။ 'ဒီကိစ္စကိုတော့ ဆိုင်းနေလို့ မဖြစ်ဘူး၊ ချက်ချင်း အရေးယူ ရမယ်'
    ဟေးဗီးလီးထံမှ စကားပြန်မရသေးခင်မှာပင် ကောင်စစ်ဝန်၏ လက်သည် စားပွဲပေါ်မှ ဘဲလ်ပေါ် ရောက်သွား သည်။ ထို့နောက် ဘဏ္ဍာစိုး ဂရေစီယာ ရောက်လာသည်။ စားပွဲထိုး အင်္ကျီအဖြူကို ကြယ်သီး တပ်ယင်း… ပါးစပ်ထဲရောက်နေသည့် အစာတခုကို ကသောကမျော ၀ါးမျိုယင်းနှင့် ၀င်လာခြင်းဖြစ်၏။

    'ကျွန်တော့်ကို ခွင့်လွှတ်ပါ ဆီညော်'ဟု တရိုတသေ တောင်းပန်သည်။ ဆီညော်တို့ စားသောက်ပြီးပြီ ထင်လို့ ကျွန်တော်နဲ့ မက်ဂ်ဒါလီးနား နေ့လယ်စာ…'
    'ကိစ္စမရှိဘူး… ဂရေစီယာ ငါနားလည်တယ်'ဟု ကောင်စစ်ဝန်က ကြားဖြတ်ပြောသည်။ 'မင်းကို စားသောက် နေတုန်း အနှောင့်အယှက်ပေးရတာ ဆောရီးပဲ ဒါပေမယ့် အရေးအကြီးဆုံး ပြဿနာတခု ပေါ်လာ တာ သိရလို့ ခေါ်တာ၊ မကြာသေးခင်က မင်းရဲ့ငွေပျောက်တယ်ဆိုတာ ဟုတ်သလား'
    'ပျောက်တယ်…ဟုတ်လား…ဆီညော်' ဂရေစီယာက ပခုံးကို အသာအယာတွန့်လိုက်သည်။ 'လူတစ်ယောက် ဟာ သူ့ငွေကို အံဆွဲထဲထည့်ပြီး သော့ခတ်ထားယင် ပျောက်တယ်လို့ ပြောနိုင် ပါ့မလား…ခင်ဗျာ'

    ဒီလိုဆိုယင် ငွေကို အခိုးခံရတယ်လို့ ဆိုပါတော့'
    'မှန်ပါတယ်….ဆီညော်၊ သံသယဖြစ်စရာမရှိပါသည်၊ အံဆွဲသော့ကို ကျွမ်းကျွမ်းကျင်ကျင် ဖွင့်သွား တာပါ'
ကောင်စစ်ဝန်က သက်ပြင်းချသည်။
    'မင်းအတော့်ကို သည်းခံခွင့်လွှတ်နိုင်တာပဲ၊ မင်းတော်ပါပေတယ်…ဂရေစီယာ'
    ဂရေစီယာ သည် ပခုံးကို ထပ်တွန့်ပြသည်။ သူ့အမူအရာက ဘာမှမထူးခြားသလိုပင် ဖြစ်သည်။

    'ငွေကချမ်းသာသွားနိုင်လောက်အောင် မများပါဘူး ဆီညော်၊ အားလုံးပေါင်းမှ ပီဆိုသုံးလေးဆယ်ပဲ ရှိမှာပေါ့၊ ကျွန်တော့ရဲ့ ဘ၀အတွေ့အကြုံအရ ပြောရယင်တော့ ဒီငွေလောကဟာ ဘ၀ပျက် လောက် တဲ့ ငွေ မဟုတ်ပါဘူး၊ ပြီးတော့လဲ၊ ကျွန်တော်နေခဲ့ရတဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း မင်းစိုးရာဇာတွေရဲ့ အိမ်တွေမှာ မရိုးသားတဲ့ အစေအပါးတွေနဲ့ ဆက်ဆံ ပေါင်းသင်းခဲ့ရဖူးပါတယ်၊ ဒါပေမယ့်…လို့…'သူသည် ကောင်စစ်ဝန်အား တချက်ကြည့်၍ အကဲခတ်သည်။ 'ဒါပေမယ့် ပစ္စည်းအခိုးခံရတာနဲ့ ပတ်သက်လို့ ကျွန်တော် ငြိမ်မနေပါဘူး… ခင်ဗျာ'
    'မင်းပြောတာက…'

    'ဒီလိုပါခင်ဗျာ' ဂရေစီယာ၏ မျက်လုံးများသည် ကောင်စစ်ဝန်၏ မျက်နှာပေါ်သို့ စူးစိုက်ထားသည်။ 'ဒီထက်မက တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အခိုးခံရမှာ စိုးတဲ့အတွက် ကျွန်တော်က မျက်ခြည်မပြတ် စောင့်ကြည့် နေခဲ့ ပါတယ်။ အခုဆိုယင် ဒီပစ္စည်းတွေ အခိုးခံရပြီလို့ ကျွန်တော်ထင်ပါတယ်'
    အားလုံး ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်သည် ပါးစပ်ဟောင်းလောင်း ဖြစ်လျက်ရှိ၏။ ဟေးလီးဗီးကမူ ကိုယ်ကို စားပွဲပေါ်သို့ ကိုင်းကာ ဂရေစီယာအား အလွန်စိတ်ဝင်စားသည့်ဟန်ဖြင့် ငေးကြည့်နေသည်။

    ဂရေစီယာက ပါမောက္ခ၏ မျက်နှာကို တချက်မျှ လှည့်ကြည့်သည်။ 'ကျွန်တော့အနေနဲ့ အလျက်ဆုံး ပြောရမယ့် စကားကို မပြောမိဘူးခင်ဗျ၊ အဖိုးတန်ပစ္စည်း ပျောက်နိုင်တာဟာ ကျွန်တော့အခန်းမဟုတ်ဘူး ဆိုတာ သတိပြုမိဖို့ လိုပါတယ်ခင်ဗျာ၊ ကျွန်တော်ကတော့ သူတပါး ဒုက္ခရောက်မှာကို မမြင်ချင်တာ အမှန်ပါ၊ ဒါပေမယ့် အခုလို ၀န်မင်းကစပြီး မေးလာတော့ ဒီကိစ္စကို ကျွန်တော်မပြောယင် မဖြစ် တော့ဘူး လို့ ယူဆပါတယ်၊ ဒါကြောင့် ကျွန်တော် ပြောပါရစေ၊ ၀န်မင်းရဲ့ မှန်တင်ခုံပေါ်က သေတ္တာလေးကို သတိထားပြီး ကြည့်စေချင်ပါတယ်၊ အထဲက ပစ္စည်းတွေဟာ အလွန်အဖိုးတန်တဲ့ ပစ္စည်းတွေပါခင်ဗျာ၊ အဲဒီ ပစ္စည်းတွေ အထဲမှာ ရှိပါသေးရဲ့လား ခင်ဗျာ'
    'မင်းပြောတာ…ဟို…ငါ့အင်္ကျီကြယ်သီးနဲ့ လက်ကြယ်သီးတွေထည့်တဲ့ သေတ္တာလား'

    '၀န်မင်းရဲ့စိန်စီထားတဲ့ အိပ်ဆောင်နာရီရယ်…၊ နီလာအင်္ကျီကြယ်သီးတွေရယ်၊ ရွှေလက်စွပ်ရယ်…၊ အားလုံးဝန်မင်း အမြတ်တနိုး စုဆောင်းထားတဲ့ ပစ္စည်းတွေ ထည့်ထားတဲ့အခါမှာ ဝေယျာဝစ္စ လုပ်ကိုင် ပေးယင်း နဲ့ ကျွန်တော်မြင်ခဲ့ဖူးပါတယ်'
    ဂရေစီယာ၏ စကားမှာ မှန်နေသည်။ ဧည့်ခံပွဲတွေသွားပြီဆိုလျှင် သူသည် ဤပစ္စည်းများကို အမြတ် တနိုး တပ်ဆင်သွားတတ်သည်။ သူ့ကိုယ်တွင် အဖိုးတန်ပစ္စည်းများ ဆင်ယင်သွားခြင်းအားဖြင့် အများ ထက်သာအောင် လုပ်ရမှာ ကျေနပ်သူဖြစ်လေသည်။
    သူသည် ချက်ချင်းပင် ထိုင်နေရာမှ ဖြုန်းကနဲ ထရပ်သည်။ 'ကဲ….လာကြ၊နှစ်ယောက်စလုံး လိုက်ခဲ့ကြပါ'

    သူသည် အပေါ်ထပ်သို့ တက်သွားကာ သူ့အခန်းထဲတန်းဝင်သည်။ သေတ္တာကလေးသည် မှန်တင်ခုံအလယ်တည့်တည့်တွင် နေရာမပျက်။ ဘေးတဘက်တချက်တွင် အ၀ါရောင် ဆင်စွယ် ၀က်မှင်ဘီးနှင့် ရေမွှေးပုလင်း။ ဘရန်းဒီးသည် တုံ့ဆိုင်းမနေပဲ သေတ္တာအဖုံးကို ဆွဲဖွင့်သည် သေတ္တာ ထဲ တွင် ဘာပစ္စည်းမှမရှိ။ ဟောင်းလောင်း…။
    ကောင်စစ်ဝန်၏နှုတ်မှ ဘုရားတသံထွက်လာသည်။ ဦးခေါင်းမှာလည်း မိုက်ကနဲ ဖြစ်သွားသည်။ တကိုယ်လုံးဇိုးဇိုးဇတ်ဇတ် ဖြစ်လာသည်။
    'ခင်ဗျား..အတော်ကြီးကို ပေါ့တာပါလား၊ ဘာကြောင့် သော့ခတ်မထားတာလဲ ကောင်စစ်ဝန်၏ နောက်မှ ရပ်နေသော ဟေးလီးဗီး က ယူကျုံးမရသံဖြင့် မြည်တမ်းသည်။
    ဘရန်းဒီးက လှည့်ကြည့်သည်။

    'ကိုယ့်တပည့်တွေ ကိုယ်ယုံကြည်လို့ ဒီအတိုင်း ထားတာ၊ အလျင့်အလျင်ကလဲ ဒါမျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး၊ အခုတော့ ကျွန်တော့ စိန်ထည်ပစ္စည်းတွေ၊ နည်းတဲ့တန်ဖိုး မဟုတ်ဘူး၊ ကြံကြံဖန်ဖန်နဲ့ ခက်ခက် ခဲခဲ စုဆောင်းထားတာ၊ အစားထိုးဖို့မလွယ်တဲ့ ပစ္စည်းတွေ၊ ဒီမယ်…ဂရေစီယာ၊ ဒီပစ္စည်းတွေကို ဘယ်သူ ယူတယ်လို့ မင်းထင်သလဲ…၊ ပြောစမ်း'
    ဂရေစီယာက နှုတ်ခမ်းကိုမဲ့သည်။ ကောင်စစ်ဝန်၏အမေးကိုမဖြေ။ သို့သော်လည်း သူ့အကြည့်သည် ကောင်စစ်ဝန်၏ နောက်ဘက်ပြတင်းပေါက်မှနေ၍ အပြင်ဘက်ပန်းဥယျာဉ်ဆီ သို့ ရောက်လျက်ရှိသည်။
    'ဟုတ်တယ်၊ ဒီကောင်ပဲ ဖြစ်မယ်'ဟု ဘရန်းဒီးက ဒေါသကြီးကြီးနှင့် ခပ်ကျယ်ကျယ်ပြော သည်။ 'ကဲ ဟေ့…ဂရေစီယာ၊ မင်းဒီမှာနေခဲ့၊ ကဲလာဗျာ ဒေါက်တာ ဟေးလီးဗီး၊ ကျွန်တော်ခင်ဗျား ရဲ့အကူအညီတော့ ရမှ ဖြစ်မှာ'

    ကောင်စစ်ဝန်သည် ဟေးဗီးလီးနှင့်အတူ အိမ်ပြင်သို့ ထွက်လာပြီး ပစ္စည်းများထားရာ တဲဆီသိုက တန်းသွားသည်။ တဲထဲတွင် ဂျိုစီမရှိ။ ဘရန်းဒီးက အနီးအနားတ၀ိုက်သို့ လှည့်၍ရှာသည်။ ဒေါသရောင် လွှမ်းနေသော သူ့မျက်လုံးများသည် တဲတံခါး၏ အနောက်ဘက် သံငုတ်တခုတွင် ချိတ်ထားသော ဂျိုစီ၏ ဂျက်ကက် အင်္ကျီပေါ် ရောက်သွားသည်။ ဒေါသဖြင့် ရေရွတ်လိုက်သော အသံတသံသည် ဘရန်းဒီး၏ နှုတ်မှ ထွက်လာသည်။ အသံက မပီမသ…။ မသဲမကွဲ။ အမှန်တော့ ဘရန်ဒီးသည် အလွန်သတိကြီးသူ ဖြစ်သည်။

စည်းကမ်းဥပဒေကိုလည်း တိတိကျကျ လိုက်နာတတ်သူ ဖြစ်သည်။ သို့သော်လည်း အခုတကြိမ်တွင်မူ သူ့ကိုသူ မထိန်းနိုင်။ ဂျိုစီအပေါ် မုန်းတီးရွံ့ရှာသော စိတ်ကြောင့် စည်းလွတ်ဝါးလွတ် ဖြစ်သွားသည်။ သူသည် တံခါးသံငုတ်မှ ဂျိုစီအင်္ကျီကို ဆွဲဖြုတ်လိုက်ပြီး အိပ်ကပ်များထဲသို့ နှိုက်၍ ရှာသည်။ အင်္ကျီ အိပ်ကပ်များ အတွင်းမှ အဖိုးမတန်သော  ပစ္စည်းများထွက်လာသည်။ ကြိုးထုံးတထုံး ၊ ငါးမျှားချိတ်များ၊ သတင်းစာ စက္ကူဟောင်းတစဖြင့် ပတ်ထားသော ပေါင်မုန့်တစ်ချပ်၊ ပျားဖယောင်းတတုံး၊ ဇွန်းဟောင်း တချောင်း။ အင်္ကျီတွင်အိပ်ကပ်တွေက အများကြီး…။ အတွင်းဘက် လိုင်နင်တထပ်ခံ၍ ချုပ်ထားသည့် အိပ်ကပ် လည်း ရှိနေသည်။ ဘရန်းဒီး၏ လက်သည်တအိတ်ပြီး တအိတ်နှိုက်သည်။ နောက်ဆုံးတွင် မျက်နှာ ၀င်းကနဲဖြစ်သွားသည်။ သူ့လက်ထဲတွင် အ၀ါရောင်တပြောင်ပြောင် တလက်လက် တောက်ပ နေသော ရှပ်အင်္ကျီလက်ကြယ်သီးတစုံ…။

    'ဒါကျွန်တော့ပစ္စည်းတွေ၊ ခင်ဗျား မြင်တယ်မဟုတ်လား၊ ဘာမှပြောစရာမလိုတော့ဘူး၊ ကျွန်တော့ ပစ္စည်းမှ ကျွန်တော့ပစ္စည်းအစစ်၊ အခုအတိုင်းဆိုယင် သူ့ဆီမှာ ဒီတစုံပဲ ကျန်တော့တဲ့ လက္ခဏာပဲ ပစ္စည်း အားလုံး ရောင်းစားပစ်ပြီနဲ့ တူပါတယ်။ အဖိုးတန်မှန်သမျှအားလုံး ရောင်းပြီးပြီ ထင်တယ်၊ ဒီပစ္စည်းတွေက သိပ်တန်းဖိုး ရှိတာမှမဟုတ်တာ'
    ဟေးဗီးလီးကတော့ ကျေနပ်အားရလျက်ရှိသည်။

    'ကျွန်တော် ခင်ဗျားကို ပြောခဲ့တယ်မဟုတ်လား၊ ဒီအကောင်မျိုးဟာ သူ့လည်ပင်းသူ ကြိုးတပ်မှာပါလို့၊ ဒါကြောင့် မို့ ခင်ဗျားရဲ့ကျန်းမာရေးအတွက် စိတ်ကိုအေးအေးထားပြီး လုပ်ပါလို့ တိုက်တွန်းခဲ့တာ အခုလဲ အေးအေး ဆေးဆေးပဲလုပ်ပါ'
    'ကျွန်တော်အေးအေးဆေးဆး မလုပ်နိုင်တော့ဘူး ဟေးဗီးလီး၊ ဒီကောင့်ကို ကျွန်တော် အများကြီး သည်းခံ ခဲ့ပြီ၊ သူ့ကြောင့် ကျွန်တော်ရော ကျွန်တော့်သားပါ ဒုက္ခရောက်ခဲ့ရတယ်'

    သူသည် အသံကိုမြှင့်၍ အော်သည်။ 'ဂျိုစီ…၊ ဟေ့…ဂျိုစီ၊ ဒီကို အခုချက်ချင်းလာခဲ့စမ်း'
    နောက်တကြိမ်ထပ်၍ အော်ခေါ်တော့မည်ဟု ဟန်ပြန်နေသည်မှာပင် အပြေးအလွှား လာနေသော ခြေသံများ ကြားနေရသည်။ တခဏအတွင်းမှာပင် ဂျိုစီသည် တဲအတွင်းသို့ မောတကောနှင့် ၀င်လာ သည်။ သူသည် ခေါင်းမှ ဦးထုပ်ကိုချွတ်၍ ချိတ်ပြီး ကောင်စစ်ဝန်၏ ရှေ့၌ ရပ်နေသည်။
    'ကျွန်တော့ကို ခေါ်ပါသလား ဆီညော်'

    'ဟုတ်တယ်၊ ငါမင်းကိုခေါ်တယ်'
    ကောင်စစ်ဝန်က သူ့လက်ဖ၀ါးကို ဖြန့်ပြသည်။
    'မင်းဒီပစ္စည်းတွေကို ဘယ်ကရသလဲ'
    ဂျိုစီက ပစ္စည်းများကို သေသေချာချာ ငုံ့ကြည့်သည်။ သူ၏ နက်မှောင်သော မျက်လုံးများသည်။ ဟေးလီးဗီး ကို ကြည့်လိုက်…၊ ကောင်စစ်ဝန်ကို ကြည့်လိုက်….။
    'ကျွန်တော်…၀န်မင်းမေးတာကို နားမလည်ပါဘူးခင်ဗျာ၊ ဒီပစ္စည်းတွေကို ကျွန်တော် အလျင်က လုံးဝ မတွေ့ဖူး ခဲ့ပါဘူး'

    ဒီလိုဆိုယင် ဒီပစ္စည်းတွေ မင်းရဲ့ အင်္ကျီအိတ်ကပ်ထဲ ဘယ်လိုလုပ်ပြီး ရောက်နေသလဲ'
    'ဒါလဲလုံးဝမဖြစ်နိုင်ပါဘူး ဆီညော်' ဂျိုစီက သူ့အင်္ကျီချိတ်ထားသော နေရာကို လှမ်းကြည့်သည်။ 'ဒီနေရာ ကို ဒီပစ္စည်းတွေ မရောက်နိုင်ပါဘူး'
    'ရောက်နေတယ်…ကွ၊ ရောက်နေတယ်' ဂျိုစီ၏စကားကြားရသောအခါ ကောင်စစ်ဝန်၏ ဒေါသ အရှိန်တက် လာသည်။ 'ငါဒီပစ္စည်းတွေကို မင့်အင်္ကျီအိတ်ကပ်ထဲက အခုပဲ တွေ့ခဲ့တာကွ'

    'မဖြစ်နိုင်ပါဘူး ဆီညော်'ဂျိုစီသ်ည နဝေတိမ်တောင် ဖြစ်လျက်ရှိ၏။ သူသည် ကောင်စစ်ဝန်၏ လက်ထဲမှ ပစ္စည်း များကို နားမလည်နိုင်လွန်းသည့် အမူအရာဖြင့် တွေဝေငေးမောလျက်ရှိ၏။
    'တယောက်ယောက်က လာထည့်တာပဲဖြစ်မယ်'ဟု ရေရွတ်သည်။
    ပါမောက္ခ၏ မျက်နှာတွင် လှောင်ပြောင် သရော်လိုဟန် အရိပ်လက္ခဏာများ ထင်ဟပ်လာသည်။ သူသည် နှုတ်ခမ်းကို တချက်မဲ့လိုက်သည်။
    'ပေးလိုက်တဲ့ အဖြေကတော့ အလွန့်ကို ဂန္ထ၀င်မြောက်ပါပေတယ်'ဟုလည်း ရေရွတ်သည်။

    သို့သော်လည်း သူ့စကားကို ဘရန်းဒီးမကြား။ ဒေါသကြောင့် နားနှစ်ဘက်စလုံး အူလျက်ရှိသည်။ သူ့ရင်မှာလည်း ပူလောင်လျက်ရှိ၏။ သူသည် စကားကို အထူးသတိထား၍ တလုံးချင်းပြောသည်။
    'ငါရဲကို တိုင်ရလိမ့်မယ်၊ အခုလောလောဆယ်တော့ မင်းတို့နဲ့အတူ အိမ်ထဲကို လိုက်ခဲ့၊ ထွက်ပြေး ဖို့ကြိုးစားလဲအလကားပဲ
    ငြိမ်ဆိတ်နေပြန်သည်။ ဂျိုစီ၏ မျက်နှာသည် တိုး၍ ဖြူရော်ရော်ဖြစ်လာသည်။ အခံရခက်ခြင်းကို အထင် အရှား ဖော်ပြနေသော သူ့မျက်လုံးအစုံတွင် ၀မ်းနည်းသည့် အရိပ်အငွေ့များ ၀င်လာသည်။ သို့သော် လည်း သူသည် ထိတ်လန့်ကြောက်ရွံ့သည့် လက္ခဏာ မပြ။

' ကျွန်တော် ထွက်ပြေးဖို့စိတ်မကူးပါဘူးဆီညော်၊ ရဲတွေနဲ့လည်း ကျွန်တော်ခင်ပါတယ်၊ ကျွန်တော် သူခိုး မဟုတ်ဘူး ဆိုတာ သူတို့ သိကြပါတယ် '
သုံးယောက်သား ရှေ့နောက်စီတန်း၍ အိမ်ဘက်သို့ ပြန်သွားကြသည်။ ရှေ့ဆုံးမှ ကောင်စစ်ဝန်၊ အလယ် မှဂျိုစီ၊ နောက်ဆုံးမှ ဟေးလီးဗီး…။ အိမ်ထဲရောက်သည့်အခါ ဂျိုစီကို ထမင်းစားခန်းထဲ ၀င် ခိုင်းပြီး အပြင်မှ တံခါး ပိတ်ထားလိုက်၏။

ဘရန်းဒီး ကိုယ်တိုင်ပင် ဆန်ဂျော်ဂျီရဲစခန်းသို့ ဖုန်းဆက်ပြီး အကြောင်းကြားသည်။ ကြာကြာ မစောင့်လိုက်ရ။ နာရီဝက် မပြည့်မီ တပ်ကြပ်တဦး ရောက်လာ သည်။ ရဲတပ်ကြပ်မှာ အသက်ငယ်ငယ်…။ လူလုံး လူဖန် ကောင်းကောင်း။ အစိမ်းပုပ်ရောင် ယူနီဖောင်း ၀တ်စုံနှင့်။ ဦးထုပ်က အနက်။ ဂရေစီယာက ရဲတပ်ကြပ် ကို ကောင်စစ်ဝန်ထံခေါ်လာ သည်။ ကောင်စစ်ဝန်သည် ယူနီဖောင်း ၀တ်စုံကို စမတ်ကျကျ ၀တ်လာသော ရဲတပ်ကြပ်ကို မြင်လျှင် မြင်ချင်း သဘောကျလျက်ရှိလေသည်။

' မင့်ကို အနှောင့်အယှက်ပေးသလိုဖြစ်ရတာ စိတ်မကောင်းပါဘူး တပ်ကြပ်ကြီး…၊ ဒါပေမယ့် … ငါ့ အလုပ် ထဲ မှာ သူခိုးတယောက် ရှိနေလို့ '
အခုကျတော့လည်း ကောင်စစ်ဝန်၏စိတ်သည် အေးဆေးတည်ငြိမ်လျက်ရှိသည်။ သူသည် အဖြစ် အပျက် ကို အစမှအဆုံး စေ့စပ်သေချာစွာ ရှင်းပြသည်။ ရဲတပ်ကြပ်ကလည်း အေးအေးဆေးဆေး နားထောင်သည်။ သို့သော်လည်း ဂျိုစီ ဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ ရဲတပ်ကြပ် ဆတ်ကနဲ ဖြစ်သွားသည်။ ချက်ချင်း ပင် သူ့မျက်နှာထားပြောင်းသွားသည်။ သူသည် သူ့ ရှူးဖိနပ် များကို ငေးစိုက်ကြည့်ရင်း တွေဝေ ငေးမော လျက်ရှိ၏။

' ကြားရတဲ့အဖြစ်ကတော့ အတော့်ကို ဆိုးတာပဲ ဆီညော်' ဟု ရဲတပ်ကြပ်ကပြောသည်။ ' ဒါပေမယ့် ဒီကိစ္စ ဟာ ခိုင်လုံပါရဲ့လား ဆီညော် …၊ ကျွန်တော် ဒီ ဂျိုစီ ဆန်တီရိုကို ကောင်းကောင်း သိတယ်၊ ကောင်လေးက ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းလေးပဲ၊ ဒါပေမယ့်လည်း သူခိုးတယောက် ဖြစ်၍ ဆိုတာ ကတော့…'
ကောင်စစ်ဝန်၏ မျက်နှာထားသည် ချက်ချင်းပင် တင်းမာသွားသည်။ သူ့ လေသံကလည်း သြဇာ အာဏာသံ ပါလာသည်။

' မင်းက တာဝန်နဲ့ဝတ္တရားထက် လူချင်းရင်းနှီးခင်မင်မှုကို ဦးစားပေးချင်တယ် ထင်ပါရဲ့ ဟုတ်လား '
' ဟာ … မဟုတ်ပါဘူး ဆီညော်၊ ကျွန်တော် ဆိုလိုတာက အဲဒီအဓိပ္ပာယ် မဟုတ်ပါဘူး' ရဲတပ်ကြပ် က ကပျာ ကယာ ရှင်းသည်။ ' ကျွန်တော်သူ့ကို အခုချက်ချင်း တွေ့ပြီး အရေးယူပါ့မယ်၊ သူ အခု ဘယ်မှာ လည်း '
သူတို့သည် ထမင်းစားခန်းထဲသို့ ၀င်ခဲ့ကြသည်။ ဂျိုစီသည် တယောက်တည်း ရပ်လျက်ရှိ၏။ သူ့ မျက်နှာသည် စိတ်ရှုခြင်းနှင့် အကြံရခတ်ခြင်းများကို ဖော်ပြလျက်ရှိလေသည်။
……………………………………..
အခန်း (၁၇) ဆက်ရန်
.

3 comments:

လသာည said...

ဖတ်ပြီးစ်..
ကျေးဇူးတင်ပါတယ်..။
အဟဲ.. ၁၇ ကိုဆက်မျှော်နေမယ်..။ နောက်ရက် အားရင် ထပ်တင်ပေးပါဦးနော်။

ကိုဇော် said...

အင်း. . လှည့်ကွက် တစ်ခုပဲလို့ ထင်တယ်။

Anonymous said...

သြော်..ဒီဆရာဝန်ကလည်း ..ဒီပုဒ်ထဲကဒီပဲ ပဲကိုးးးးး

ကောင်းပါတယ်လေ..လောကမှာ တူရာတူရာပဲစုကြတာ

ဆက်ဖတ်ချင်စိတ်တောင်ကုန်တယ်။
နီကိုလေးနဲ့ ဂျိုစီကို့ သနားလို့ ဆက်ဖတ်ရဦးမယ်။

မြတ်နိုး