Wednesday, June 23, 2010

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၀)

အခန်း (၁၀) လမ်းခွဲကြပြီ

နံနက်ခင်းသည် မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ အပြင်လောကသည် ဦးလေးတွမ်၏ အခန်းတွင်း အခြေ အနေကို ဖော်ပြ နေဘိသကဲ့သို့ ရှိချေသည်။ ဒေါ်ကြီးချလိုသည် ဦးလေးတွမ်၏အင်္ကျီကို မီးပူတိုက် နေသည်။ အင်္ကျီပေါ် က အတွန့်အခေါက်ကို ပြန့်သွားအောင် ပို၍ ဂရုတစိုက်မီးပူတိုက်ရင်း မျက်ရည် စသည် ပါးပြင်မှာ သွယ်ကျ လာသည်။ ထို့ကြောင့် လက်တဖက်ဖြင့် မီးပူတိုက်ရင်း အခြား လက်တဖက်ဖြင့် ပါးပြင်ထက်မှ စီးကျ လာသော မျက်ရည်စကို ဆည်သိမ်းလိုက်သည်။

    အနီးတွင် တွမ်သည် သမ္မာကျမ်းစာကို ဒူးပေါ်၌ ဖွင့်ဖတ်ပြီး ထိုင်နေ၏။ နံနက်စောစော ဖြစ်၍ ကလေး များသည် အိပ်ရာမှ မထကြသေးပေ။ တွမ့်စိတ်သည် ခလေးတွေဆီသို့ ရောက်နေ ၏။ ထို့ကြောင့် ထိုင်ရာမှ ထကာ ကလေးတွေအိပ်နေရာသို့ ဖြည်းဖြည်း ငြင်ငြင် ရှောက်ခဲ့သည်။
    "ဒါဒို့အဖို့ နောက်ဆုံးတွေ့ကြရတာဘဲ" တွမ်သည် ခပ်ညည်းညည်း ပြောလိုက်သည်။

    ဒေါ်ကြီးချလို၏ ရင်ထဲမှာ ဆို့လာသည်။ မျက်ရည်စသည် သွယ်ကျလာပြန်၏။ ထို့ကြောင့် မျက်ရည်စကို အင်္ကျီ လက်စနှင့် သုတ်ရပြန်သည်။ လက်ထဲက မီးပူအိုးကို ဇက်ကနဲ လွှတ်ချလိုက်ပြီး ကုလားထိုင်ပေါ်သို့ ကိုယ်ခန္ဓာ ကို မဟန်နိုင်ပဲ ထိုင်ချကာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။
    "ကျုပ် ဘယ်လိုနေရမှာလဲ။ တူတို့ တော့်ကို ကျွဲလိုနွားလို ခိုင်းကြမှာ မဟုတ်လား။ သခင်မ က တော့ကို တနှစ် နှစ်နှစ်အတွင်း ပြန်ရွေးမယ် ဟုတ်လား။ နို့ပေမယ့်။ အဲဒီကို ရောက်သွားတဲ့ လူထဲက ဘယ်တူများ ပြန်လာနိုင် ကြလို့လဲ။ ကျုပ် သိပါတယ်။ သိပါတယ်။ သူတို့ တော့ကို သေ အောင်ခိုင်းကြမယ်။ တတ်ကြမယ်"

    "ဖုရားသခင်ကိုဘဲ အားထားရမှာပေါ့ ချလိုရယ်"
    "ဖုရားသခင် ကိုယ်တိုင်က ဒီလိုအဖြစ်ဆိုးတွေကို ကြည့်နေတေးတာ၊ ကျုပ် ဘယ်လိုလုပ် ဖြေနိုင်မှာ လဲတော်"
    "ကံအတိုင်းဘဲပေါ့ကွယ်။ ဒို့များ ဘာတတ်နိုင်ကြမှာလိုက်လို့။ အင်း၊ မင်းနဲ့ ခလေးတွေ ဒုက္ခ မတွေ့ကြ ရသေးတာကိုဘဲ ဖုရားသခင့်ကျေးဇူးလို့ အောက်မေ့ရမှာဘဲ" တွမ့်အသံသည် တုန်ခါလာ သည်။ လည်ခြောင်း မှာလည်း ဆို့ဆို့နင့်နင့် ဖြစ်နေ၏။ သို့သော် သူသည် အားယူ၍ "ဒီအတွက် ဖုရားသခင် ရဲ့ကရုဏာတော်ကို ဒို့အောက်မေ့ရလိမ့်မယ် ချလို" ပြောလိုက်ပြန်သည်။
    "ဒါကရုဏာတော်၊ ဟုတ်လား" ဒေါ်ကြီးချလိုသည် နာနာကျည်းကျည်း ဖြစ်နေဟန်ရှိ၏။

"သခင်ဟာတော့်ကို ခုလိုဘဲ ရောင်းတင့်တတဲ့လား။ တကယ်ဆို တူတော့်ကို လွတ်လပ်ခွင့် မပေး သင့်ဘူးလား။ တော် စဉ်းစားပါ။ တော် တူ့အတွက် မနှစ်က လုပ်ကိုင် ရှာဖွေပေးခဲ့တဲ့ငွေကိုက ခု တော့်ကို ရောင်းတဲ့ ငွေထက် နှစ်ဆ ရှိတာ မဟုတ်လား။ တော် တူ့အပေါ်မှာ ဘလောက် သစ္စာ ရှိ သလဲ။ ဘယ်လောက် လုပ်ကိုင်ပေးခဲ့တလဲ။ တော့် မယားတော့် ကလေးထက်တောင် တော့်သခင် ကို အလုပ် အကျွေး ပြုလာတာ မဟုတ်လား။ ဒါနဲ့တောင် တူတော့်ကို ခုလို ရောင်းတာ တော်ရောတဲ့ လား"

    "တော်ပါတော့ချလို။ မင်း ငါ့ကို ချစ်ရင် ဒီစကား ဒီမှာဘဲ တော်ပါတော့။ ခု ငါတို့အဖို့ ဒါဟာ နောက်ဆုံး အချိန်ပါ။ ဒီအချိန်မျိုးမှာ မင်း ဒီစကားမျိုး မပြောပါနဲ့ချလို။ မင်း သခင့်ကို ဆန့်ကျင် ပြောတာဟာ ငါ့ကို ဆန့်ကျင် ပြောတာနဲ့ အတူဘဲ။ ငါ့သခင်ဟာ ငါ့လက်ထဲမှာ ကြီးလာခဲ့ရတာ ချလို။ သခင်ဟာ ငါတို့ စဉ်းစား သလို စဉ်းစားမှာ မဟုတ်ဖူး။ ဒါပေမယ့် ချလို။ မင်းစဉ်းစားပါ။ သူ့လိုကောင်း တဲ့လူမျိုး ငါတို့ တွေ့နိုင် သလား ဆိုတာ။ ဒီလိုဖြစ်ရတာဟာလဲ သူ မတတ်နိုင်လွန်းလို့ ဖြစ်ရတာဘဲ မဟုတ်လား။ ဖုရားသခင်ကိုဘဲ အောက်မေ့ပါ ချလို။ တကယ်က ငှက်ကလေးတကောင်တောင်မှ ဖုရားသခင်ရဲ့ အလိုတော်မပါဘဲ ဘယ်မှာ သေချင်ရှာ ပါ့မလဲကွယ်"

    "ပြောတော့ကွယ်၊ ပြောတော့။ ကျုပ်တော့ ဘယ်လိုဘဲ တရားပြပြ ဖြေလို့မရဘူး။ ဟုတ်ပါ တယ်။ မပြောတာ ဘဲ ကောင်းပါတယ်" ချလိုသည် စကားစကို ဖြတ်ပြီး "ကဲ၊ တော် မနက်စာ စားသွားရအောင်။ ဒီက ထွက်သွားရင် တော် ဘယ်အချိန်ကျမှ ထမင်းစားရမယ်ဆိုတာ ပြောနိုင် တာမှ မဟုတ်ဘဲ"
    မစ္စက်ရှယ်လဗီသည် ယနေ့အဖို့ ဒေါ်ကြီးချလိုအား အိမ်မကြီးက အလုပ်များမှ ခွင့်ပေးထား ပြီး ဖြစ်သည်။ ထို့ကြောင့် ဒေါ်ကြီးချလိုသည် သူ့ခင်ပွန်းအတွက် နောက်ဆုံး နံနက်စာကို ကျကျနန စီမံထားပြီး ဖြစ်သည်။ အိမ်တွင် မွေးထားသော အဖွံ့ဆုံး ကြက်ကလေး တကောင်ကိုပင် သတ်ကာ ခင်ပွန်းအတွက် နံနက်စာ ပြင်ဆင် နေ၏။
    ထိုအခိုက်မှာပင် ကလေးတို့သည် အိပ်ရာမှ နိုးလာကြသည်။

    မော့သည် ထမင်းပွဲက ကြက်သားဟင်းကို မြင်လိုက်ရသဖြင့် အတော်ကြီး ပျော်သွားကာ
    "ဟေ့ ပိ။ ကြက်တေဘာတေချက်လို့ပါလားကွ။ တယ် ဟုတ်ပါလား" ပြောပြောဆိုဆို ကြက်သားဟင်း တဖတ် ကို လှမ်းနှိုက်သည်။
    မိခင်သည် သားငယ်ခေါင်းကို လှမ်းပုတ်လိုက်ရင်း
    "ဟဲ့ ကျီးကန်းလေး။ ဒါ နင့်အဖေဘို့ နောက်ဆုံးကျွေးတဲ့ ထမင်းပွဲဟဲ သိရဲ့လး" မချိတင်ကဲ ပြောသည်။
    "အော် ချလိုရယ်" တွမ်က ညည်းသည်။

    ချလိုသည် မျက်နှာကို လက်ဝါးအုပ်ကာ
    "ကျုပ်ရင်ထဲမှာ မချိဘူး၊ မချိဘူး။ ကြာရင် ကျုပ်ရူးမှာဘဲ"
ချုန်းမဲချ ငိုမိပြန်သည်။

    ကလေးတို့သည် ဘာမျှ နားမလည်နိုင်ကြသေးပေ။ အမေနှင့် အဖေ့မျက်နှာကိုသာ တပြန်စီ လှည့်ကြည့် နေမိသည်။ အငယ်ဆုံးကလေးသည် မိခင်ကို တွယ်တက်နေ၏။
    မိခင်သည် မျက်ရည်ကို သုတ်လိုက်ပြီး ကလေးငယ်ကို ကောက်ယူ ချီပွေ့လိုက်သည်။
    "ကဲ ကဲ စားကြ။ စားကြ" ခင်ပွန်းနှင့် သားများကို နံနက်စာ စားရန် တိုက်တွန်းသည်။ ကလေး နှစ်ယောက် သည် ဘာမှမသိ။ တည်ခင်းထားသော နံနက်စာကို အားရပါးရ ၀င်စားလိုက်ကြ သည်။
    နံနက်စာ စားပြီးကြလျှင် ချလိုသည် တွမ့်အတွက် အ၀တ်အစားများကို သစ်တာကလေး တခုမှာ ထည့်ရင်း စိတ်ထိခိုက် လာပြန်သည်။ ယခု ဤအ၀တ်များကို သူသည် ချုပ်တန်သည်ကို ချုပ်၊ ဖာတန်သည်ကို ဖာခဲ့ ပေပြီ။ လျှော်တန်သည် တို့ကိုလည်း လျှော်ခဲ့ပြီ။ မီးပူတိုက်သင့်သည်တို့ကို လည်း တိုက်ခဲ့ပြီ။ ထိုယနေ့မှ နောင်တွင် ထိုလင်သားအတွက် မည်သူသည် ချုပ် ဖာပေးပါမည် နည်း။ မည်သူသည် လျှော်ဖွတ် ပေးပါမည်နည်း။ ပါးစပ်က တဖွဖွပြောရင်း ရှိုက်သဲ့သဲ့ ပါလာသည်။

    "တော် နေမကောင်းအုံး၊ တော့်ကို ဘယ်သူစောင့်ရှောက်အုံးမှာတဲ့လဲ တွမ်" ဆို့ဆို့ နင့်နင့် ဖြစ်လာ၏။
    ထိုအခါ ကလေးတွေလည်း မနေနိုင်တော့ပေ။ မိခင်ရှိုက်ကြီးတငင်ငိုနေသောအဖြစ်၊ ဖခင် စိတ်ထိခိုက် နေသော အဖြစ်တို့ကို မြင်ရပြီဆိုသောအခါ သူတို့လည်း ငိုမိကြလေပြီ။
    တွမ်သည် အငယ်ဆုံးကလေးကို ဒူးပေါ်မှာ တင်ထားသည်။ ကလေးသည် ဘာမျှ မသိ။ မိခင် ဖခင်များ စိတ်ဒုက္ခ ရောက်နေသည်ကိုလည်း သူ နားမလည်။ သူ့အဖို့မူ အဖေ့မျက်နှာကို ကုတ်လိုက်ခြစ်လိုက်၊ အမေ့ ဆံပင်စ ကို ဆွဲလိုက် ဖွလိုက်နှင့် ပျော်နေသည်။

    "ဟောဟိုမှာ သခင်မကြီးလာနေပြီ" သားတယောက်က အိမ်ဝမှလာနေသော မစ္စက်ရှယ်လဗီကို မြင် သဖြင့် ပြောလိုက်သည်။
    "အို တူ ဘာတတ်နိုင်မှာလဲ။ ဘာလို့လာရသေးလဲ" ချလိုက အကျေမချမ်း ပြောသည်။
    ထိုအခိုက်မှာပင် မစ္စက်ရှယ်လဗီသည် သူတို့အိမ်ခန်းကလေးထဲသို့ ၀င်လာ၏။ ချလိုသည် ကုလားထိုင် တလုံးကို ဆောင့်ကြီးအောင့်ကြီး ထိုးပေးလိုက်သည်။ မစ္စက်ရှယ်လဗီသည် ချလို၏ အပြုအမူကို သတိထား လိုက်မိပုံ မပေါ်။

    "တွမ်၊ သခင်မ" မစ္စက်ရှယ်လဗီသည် စကားတခုကို စမည်ပြုပြီးခါမှပင် စကားစသည် ပြတ် သွားသည်။ မြင်ရသော မြင်ကွင်းကြောင့် ဟန်မျှပင် မဆောင်နိုင်တော့ဘဲ ကုလားထိုင်ပေါ်တွင် ထိုင် ချကာ မျက်နှာကို လက်ကိုင် ပ၀ါအုပ် လျက် ငိုမိလေတော့သည်။
    ချလို သည်လည်း မချုပ်တီးနိုင်တော့။ သခင်ကိုယ်တိုင် ဣနြေ္ဒမဆည်နိုင်တော့လည်း ချလို ပါ ရှိုက်၍ ငိုမိပြန်သည်။
    "တွမ်၊ ခုအချိန်မှာ သခင်မက မင်းကိုဘာမှ ပေးလို့မဖြစ်တော့ဘူး။ သခင်မ မင်းကို ပိုက်ဆံ အနည်းအပါး ပေးလိုက်လဲ သူတို့ ယူလိုက်ကြမှာဘဲ။ ဒီတော့ သခင်မ ဖုရားသခင်ကို တိုင်တည်ပြီး ပြောပါတယ် တွမ်။ သခင်မ မှာ ပိုက်ဆံရှိတာနဲ့ မင်းကို သခင်မ ပြန်ရွေးယူပါမယ်။ မင်း ဘယ်ရောက် တယ်ဆိုတာလဲ သခင်မ အမြဲ မပြတ် စုံစမ်းနေပါမယ်။ စိတ်ချပါ တွမ်။ အင်း၊ ဖုရားသခင်ကိုသာ မပြတ် အောက်မေ့ပါကွယ်"

    ထိုအခိုက်တွင် အိမ်ပြင်ဖက်ရောက်နေသော ကလေးများဆီမှ သခင်ဟာလေ လာနေ ကြောင်း အော်ဟစ် ပြောဆိုသံကို ကြားရသည်။ ချက်ချင်းပင် တံခါးသည် ၀ုန်းကနဲပွင့်လာသည်။ ဟာလေသည် အယ်လစ်ဇာကို မမြင် သဖြင့် ဒေါသတကြီး ဖြစ်လာသည်။ ထို့ကြောင့် တံခါးကို ခြေဖြင့် ဆောင့်ကန်ပြီး ဖွင့်လိုက်ခြင်း ဖြစ်သည်။
    "ကဲ၊ နီးဂရိုးကောင်လာဟေ့" ဒေါသတကြီး အော်ဟစ်ပြောဆိုရာမှ မစ္စက်ရှယ်လဗီကို မြင် လိုက်ရသဖြင့် ဦးထုပ် ကို ချွတ်ပြီး မစ္စက်ရှယ်လဗီဘက်သို့လှည့်၍ နှုတ်ဆက်စကား ဆိုလိုက်သေး သည်။
    ချလို သည် တွမ့်အတွက် သစ်တာကလေးကို ပိတ်လိုက်သည်။

ကျွန်ကုန်သည်ကြီး ဟာလေအား စူးစူးစိုက်စိုက်ကြည့် ပြန်သည်။ မျက်ရည်များသည် မီးပွင့်ကလေးများပမာ တောက် လာ၏။
    တွမ်သည် နေရာမှထကာ သစ်တာ ကို ပခုံးထက်သို့ တင်သည်။ ထို့နောက် သူ့သခင် သစ်နောက်သို့ လိုက်ခဲ့၏။ ချလိုသည် ကလေးငယ်ကိုချီလျက် လင်သားနောက်မှ ပါလာသည်။ အပြင်ဖက်တွင် ရောက်နေ သော ကလေးနှစ်ယောက်သည်လည်း သူတို့အဖေနှင့် အမေ့နောက်က လိုက်လာကြသည်။
    မစ္စက်ရှယ်လဗီ သည် အချိန်ဆွဲသောသဘောဖြင့် ဟာလေနှင့် စကားလက်ဆုံကျနေ၏။

    ထိုအခိုက်မှာပင် ဟာလေ၏ လှည်းအနီးသို့ တွမ်တို့မိသားစု ရောက်လာသည်။ ခဏချင်း ပင် အနီးအပါးရှိ နီဂရိုး မိသားစု များလည်း ၀ိုင်းအုံလာသည်။ သူတို့သည် သူတို့၏ဦးလေးတွမ်ကို နှုတ်ဆက်ရန် ရောက်လာ ကြခြင်း ဖြစ်သည်။
    "ညည်းနယ်အေ၊ သတ္တိကောင်းလိုက်တာ။ ညည်းမငိုဘူးနော်" မိန်းမကြီးတယောက်သည် စိတ်ထိခိုက် ၀မ်းနည်း လှစွာဖြင့် အားရပါးရငိုရင်း ချလိုအား ပြောလိုက်သည်။
    "ကျုပ် ငိုပြီးပြီ။ ဒင်းရှေ့မှာတော့ ကျုပ်မငိုဘူး" ဟာလေ့အား ရည်ရွယ်ပြီး စကားပြန်သည်။
    "ဟေ့၊ လှဲပေါ်တက်ပါတော့လား" ဟာလေက တွမ်အား အော်ပြောလိုက်သည်။

    တွမ်သည် လှည်းပေါ်သို့တက်လိုက်သည်။ ဟာလေသည် ထိုင်ခုံအောက်မှ သံခြေကျင်း ကြီး ကို ထုတ်ပြီး တွမ်၏ ခြေကျင်းဝတ်ကို သံခြေကျင်းဖြင့် တုပ်နှောင်လိုက်သည်။ လှည်းအနီးက လူစုသည် မကျေနိုင် မချမ်းနိုင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ၀ရန်တာသို့ ပြန်သွားပြီး အခြေအနေကို ၀ရန်တာကနေ၍ ကြည့် နေသော မစ္စက်ရှယ်လဗီက
    "ဒီလိုချည်ဘို့ တုပ်ဖို့တော့ မလိုပါဘူး မစ္စတာဟာလေ" ဟု လှမ်းပြောသေးသည်။

    "ဖြစ်မလားဗျ။ ကျုပ် ခင်ဗျားတို့ဆီမှာဘဲ မနေ့က ငွေငါးရာလောက်ဆုံးခဲ့ပြီ မဟုတ်လား။ နောက်တခါ အဆုံး မခံနိုင်ဘူးဗျို့"
    ချလိုသည် ခင်ပွန်းအဖြစ်ကို မြင်ရသောအခါ စိတ်ကို မတင်းနိုင်တော့ပေ။ သားငယ်တို့ သည်လည်း ယခု မှပင် မိမိတို့ဖခင်အဖြစ်ကို နားလည်သဘောပေါက်ကြဟန် တူ၏။ မိခင်ကို ဖက်၍ ရှိုက်ကြီးတငငင် ငိုကြလေ တော့သည်။

    ဦးလေးတွမ်သည် သူ့သခင့်သား ဂျော့ကို သတိရသည်။ ဂျော့သည် မနက်စောစော ကတည်းက အိမ်နီးချင်း အပေါင်းအဖော်များဆီသို့ ထွက်သွားသဖြင့် ဦးလေးတွမ်အဖြစ်ကို သူ မသိ။ ဦးလေးတွမ် အဖြစ်ဆိုး ကို ကြားလည်း မကြားမိ။ ထို့ကြောင့်ပင် ဤအချိန်တွင် ဦးလေးတွမ်သည် ဂျော့ကို မတွေ့ရခြင်း ဖြစ်သည်။
    "ဂျော့ကို နှုတ်ဆက်သွားတယ်လို့ ပြောပါကွယ်" မယားဖြစ် သူအား လှမ်းပြောသည်။
    ဟာလေသည် နှင်တံကို ၀င့်လိုက်သည်။ တွမ်သည် သူ့နေရာဟောင်းကို စူးစိုက်ကြည့်ရင်း  ထိုနေရာမှ ဝေးခဲ့ လေတော့သည်။

    အတန်ကြာသောအခါ သူတို့သည် ပန်းပဲဖိုတခုရှေ့သို့ ရောက်လာ၏။ ဟာလေသည် ပန်းပဲဖိုတွင်းသို့ ၀င်သွားပြီးနောက် သူ့လက်ထဲတွင် ယူလာသော လက်ထိပ်ကို ပန်းပဲဆရာအား လှမ်းပေးရင်း
    "ကျုပ်ကို ဒီလက်ထိပ်ထက် ကြီးတာနဲ့ လဲပေးစမ်းပါ။  ဟိုအကောင်ကြီး ခန္ဓာကိုယ်က ကြီးလွန်းလို့"ဟု ပြောရာ မှ တွမ်ကို လက်ညှိုးညွှန်ပြသည်။
    ပန်းပဲဆရာသည် အံ့သြသွားသည်။

    "အလို ဖုရား။ ဒါ မစ္စတာရှယ်လဗီရဲ့ တွမ် မဟုတ်လား။ ဘာလဲဗျ။ တွမ့်ကို ရောင်းလိုက် ကြသလား"
    "ဒါပေါ့"
    "ဟာ မဖြစ်နိုင်တာဘဲဗျာ။ စိတ်ကူးနှယ် ရရ။ နေစမ်းပါအုံး။ ခင်ဗျားကတော ဘာလဲ။ သူ့ကို လက်ထိပ်ခတ် အုံး မလို့လား။ မလိုပါဘူးဗျာ၊ ဒီလူဟာ လူကောင်းပါ။ သစ္စာ" စကားမဆုံး။
    "ထားပါလေ။ ထားပါ။ အဲ၊ ကျုပ်ကတော့ ဘယ် နီးဂရိုးကောင်မှ မယုံဘူး။ စိတ်လဲ မချဘူး။ ဒီကောင်တွေက လစ်ရင် ပြေးတာဘဲ။ ဒီတော့ မပြေးနိုင်အောင် တခါထဲ ချည်ပြီးတုပ်ပြီးမှ ဖြစ်တာ"
    ပန်းပဲဆရာသည် ဟာလေ့စကားကို ကောင်းစွာ သဘောမကျလှပေ။ သို့သော် သူ့အဖို့ သူလုပ်စရာ ရှိသည် ကိုသာ လုပ်ပေးရမည်ဖြစ်သည့်အလျောက် လုပ်ပေးနေရလေသည်။

    ထိုအခိုက်မှာပင် တွမ်သည် နောက်ဖက်မှ မြင်းခွာသံကို ကြားရသည်။ ဂျော့ကို မြင်ရသဖြင့် အားတက် သွားသည်။ ဂျော့သည် ရထားပေါ်သို့ ခုန်တက်ကာ ဦးလေးတွမ်၏ လည်ပင်းကို သိုင်းဖက်လိုက်ရင်း
    "ရှက်စရာကောင်းလိုက်တာ ဦးလေးတွမ်။ ကျနော်သာ လူကြီးဖြစ်ရင် ဒါမျိုးမဖြစ်ရဘူး သိလား"
    "ရှိပါစေတော့ကွာ။ ကျုပ်အဖို့တော့ မင်းကို တွေ့ရတာဘဲ ကျေနပ်လှပါပြီ"
    ထိုအခိုက်မှာပင် ဂျော့သည် တွမ့်ခြေထောက်က ခြေကျဉ်းများကို မြင်လိုက်ရသဖြင့်
    "ဟင်၊ ဒါ ဘာလုပ်တာလဲ။ ကျနော် ဒီကောင်ကြီးကို ချပစ်လိုက်မယ်။ အဟုတ်ကို ချ"
    "နေပါစေ ဂျော့ရယ်။ တိုးတိုးပြောပါ။ သူကြားရင် ကျုပ်ကို ပိုပြီး နှိပ်စက်နေပါအုံးမယ်"

    "ကောင်းပြီလေ။ ဦးလေးတွမ် မပြောစေချင်ရင် ကျနော် မပြောဘူး။ ဒါပေမယ့် စဉ်းစား ကြည့်ပါ ဦးလေးတွမ်။ ဒါ ကောင်းသလားလို့။ ကျနော် မသိလို့ပေါ့ဗျာ၊ သိရင် တအိမ်လုံး ပွက်လော ရိုက်သွားစေ့ရဲ့။ ခုမှ ဒေါ်ကြီးချလို ပြောလို့ သိတာ။ ကိစ္စမရှိဘူး။ ကျနော် ဦးလေးတွမ်ရှိတဲ့နေရာကို တနေ့လာခဲ့မယ်။ ဦးလေးတွမ် ကို ကျနော်  ဦးလေးတွမ်ရှိတဲ့နေရာကို တနေ့လာခဲ့မယ်။ ဦးလေတွမ် ကို ကျနော် ပြန်ခေါ်မယ်။ ဒေါ်ကြီးချလို ကိုလဲ ကျနော် ပြောခဲ့ပြီ။ အဖေဟာ ဦးလေးတွမ်ကို ပြန်ရွေး ရမယ်။ အဲဒါဘဲ။ မရွေးရင်တော့ အဖေနဲ့ ကျနော်လဲ အတွေ့ဘဲ"
    "မင့်းအဖေကို မင်း ဒီလို မပြောပါနဲ့ကွာ။ မိဖဆိုတာ ဒီလို မပြောကောင်းဘူးဂျော့။ မင်းဟာ လူတော် လူကောင်း လူလိမ္မာကလေးပါကွယ်"

    "ဟုတ်တယ် ဦးလေးတွမ်။ ကျနော် လူကောင်းဘဲ။ ပထမတန်း လူကောင်းတယောက်ကို ဖြစ်ရမယ်။ ဦးလေးတွမ် ဘာမှ စိတ်မပျက်နဲ့။ တနေ့ ကျနော် ဦးလေးတွမ်ကို ပြန်ခေါ်မယ်။ ကျနော် လူကြီး ဖြစ်လာရင် ဦးလေးတွမ် ဖို့ အိမ်ကြီး တလုံး ဆောက်ပေးမယ်။ ကော်ဇောခင်းထားတဲ့ ဧည့်ခန်းကြီးကြီးတခုလဲ ပါရမယ်။ ဒါတွေ ကိုလဲ ကျနော် ဒေါ်ကြီးချလိုကို ပြောခဲ့ပြီ"
    ထိုအခိုက်မှာပင် ဟာလေသည် တွမ့်အတွက် လက်ထိပ်အသစ်ကို ယူလာ၍ ပန်းပဲဖိုမှ ပြန် ထွက်လာ သည်။

    "ဒီမယ် ဆရာကြီး။ ခင်ဗျား ဦးလေးတွမ့်ကို ဘယ်လိုနှိပ်စက်ညှဉ်းပန်းလုပ်တယ်ဆိုတာ ကျုပ်ဖေဖေနဲ့ မေမေ့ ကို တိုင်ပြောလိုက်မယ်သိလားလ ဂျော့သည် ခပ်တည်တည် ဆီးပြောလိုက် သည်။
    "ကောင်းပါပြီတဲ့ဗျာ"
    "ခင်ဗျား ခုလို လူတွေ ရောင်းဝယ်လုပ်နေတာ မရှက်ဖူးလား။ ခုလို လူတွေကို နွားတွေ ကျွဲတွေလို ကြိုးနဲ့ ချည်လား တုပ်လားလုပ်တာကိုရော ခင်ဗျားမရှက်ဖူးလား"
    "မင့်းအဖိုးတွေ အဖွားတွေကိုယ်တိုင် ဒီကျွန်တွေကို ၀ယ်လာခဲ့ကြတာဘဲဟာ။ ငါလဲ မင့်အဖိုး အဖွားတွေလို ၀ယ်တာ ရောင်းတာဘဲပေါ့"
    "အင်း၊ ဒါပေမယ့် ကျနော်သာ လူကြီးဖြစ်ရင် ဒါမျိုးမလုပ်ဖူးသိလား။ အင်း၊ ကျနော်အစက ကင်တတ်ကီး သား ဖြစ်ရတာ ဂုဏ်ယူခဲ့တယ်။ ခုတော့ ကျနော် ရှက်လာပြီ" ပြောပြောဆိုဆို သူ့မြင်းဆီသို့ ပြန်သွားပြီး "သွားမယ် ဦးလေးတွမ်။ ကြိတ်ခံလိုက်အုံးပါ့ဗျာ" နှုတ်ဆက်စကား ဆို လိုက်သည်။

    ဟာလေသည် တွမ့်အား လက်ထိပ်ခတ်ရင်း
    "ဟေ့ တွမ်၊ ငါပြောမယ်။ မင်း ငါ့ကို ကောင်းကောင်း ဆက်ဆံရင် ငါ မင်းကို ကောင်း ကောင်း ဆက်ဆံ မှာဘဲ။ ငါဟာ မင်းတို့ နီးဂရိုးတွေအပေါ်မှာ ဒီလောက်မဆိုးပါဘူးကွ။ အေး၊ မင်းတို့ ကမှ မကောင်းရင် တော့လဲ ဒါ မင်းတို့ထိုက်နဲ့ မင်းတို့ကံပေါ့။ တခုခုဖြစ်ရင်သာ ငါ့အဆိုးမဆိုနဲ့"
    ပြောပြောဆိုဆို ရထားကို ဆက်၍ မောင်းခဲ့လေသည်။

အခန်း (၁၁) ဆက်ရန်
.

1 comment:

ဧပရယ်လ်ပူး@ပူးတေ said...

ဒေါ်ကြီးချလိုရော ကလေးတွေရော သနားပါတယ်...မမစိတ်ဝင်စားဖို့ကောင်းနေပြီ။ ဘာတွေဆက်ဖြစ်မလဲလို့ သိချင်နေတယ်... ရေးပေးတာကျေးဇူးနော်...