အခန်း (၁၉)
ထိုနေ့ မွန်းမလွဲမီ စောစောပိုင်း အချိန်တွင် နီကိုလတ်စ်သည် အ၀တ်အစားကို ပြည့်ပြည့်စုံစုံ ၀တ်ကာ သူ့အိပ်ခန်း ထဲရှိ အိပ်ရာပေါ်၌ လဲလျောင်းနေသည်။ သူ့စိတ်မှာ တည်ငြိမ်ခြင်း မရှိ။ ဖြစ်ပေါ် လာသည့် အခြေ အနေ အရပ်ရပ်ကို သူဥာဏ်မီသလောက် စဉ်းစားကာ ဘ၀င်မကျ ဖြစ်လျက် ရှိ၏။
ပါမောက္ခ ဒေါက်တာ ဟေးလီးဗီးကတော့ ကနေ့မနက် ပြန်သွားပြီ။ ဟေးလီးဗီး ပြန်သွားသည့် အတွက် သူ့မှာ များစွာ စိတ်ချမ်းသာခဲ့ရ၏။ နေ့စဉ်နှင့်အမျှ သူ့အား မေးခွန်းပေါင်းသောင်းခြောက် ထောင် အမေးခံ နေရသဖြင့် သူစိတ်ညစ်စိတ်ရှုပ်ခဲ့ရ၏။ ဤမေးခွန်းများကို မည်သည့် ရည်ရွယ်ချက် ဖြင့် မေးသနည်း။ ဒါကိုတော့ သူမသိ။ တိကျသော အဖြေရဖို့အတွက် သူ့ဥာဏ်မီသလောက် စဉ်းစားကြည့်သည်။ စဉ်းစား လိုက်တိုင်း ရှက်ကြောက်သော စိတ်သည် သူ့ရင်ထဲတွင် ဖြစ်ပေါ်လာစ မြဲ...။ အခုဆိုလျှင် အိမ်တွင် ဂရေစီယာ လည်း မရှိ။ ဟေးလီးဗီးကို ဘာစီလိုးနားမြို့သို့ မော်တော်ကားဖြင့် လိုက်ပို့နေသည်။ မက်ဂိဒါလီးနား ကလည်း ယခင်ကလို မဟုတ်။ ခင်မင် ရင်းနှီး မှုဆိုသည် လုံးဝ မဖြစ်နိုင်တော့သည့် အခြေသို့ ဆိုက်နေပြီ။ မက်ဂ်ဒါလီးနားသည် သူ့အခန်းထဲမှ အပြင်သို့ မထွက်။ အိမ်တွင်းပုန်းလုပ်လျက် ရှိ၏။
တအိမ်လုံး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ ကလေး တယောက် အနေဖြင့် ဤမျှလောက် တိတ်ဆိတ်ခြောက်သွေ့နေပြန်တော့လည်း မနေတတ် မထိုင် တတ် ဖြစ်လာသည်။ တစုံတခု လုပ်ရလျှင် ကောင်းလေမလားဟူသော စိတ်သည် သူ့ခေါင်းထဲ၌ ပေါ်လာသည်။ သူသည် အခန်းထဲမှထွက်ကာ အောက်ထပ်သို့ ဆင်းခဲ့ပြီး ဥယျာဉ်ဘက်သို့ သွား သည်။ ပန်းဥယျာဉ် ထဲတွင်လည်း အသက်ကင်းမဲ့လျက် ရှိ၏။ သူသည် တဒင်္ဂမျှ တွေဝေငေးမောနေ သည်။ ပြီးတော့ သူ့စိတ်ကို တင်းကာ ဥယျာဉ်ထဲမှနေ၍ ပင်လယ်ကမ်းခြေဘက်ရှိ လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ထိုလမ်းသည် မြို့ဘက်သို့ ဦးတည်သော လမ်း...။ သူသည် ထိုလမ်းအတိုင်း လျှောက်သည်။ ပထမတော့ မည်မည်ရရ စိတ်ကူးနှင့် လျှောက်ခြင်းမဟုတ်။ လုပ်စရာမရှိ၍ ကြံဖန် လုပ်သည့်သဘော...။ နောက်တော့လည်း သူ့စိတ်ထဲတွင် ရည်မှန်းချက်တခုရှိလာလေသည်။
နေကတော့ ပူပြင်းလှ၏။ အပူရှိန်သည် သူ့ကိုယ်ပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ကျရောက်လျက် ရှိ၏။ အခု သူလျှောက်သွားနေသော လမ်းသည် ဘယ်တုန်းကမှ မရောက်ဖူးသော လမ်း...။ လမ်း ကို မျှော်ကြည့် လိုက်သည့် အခါ တမျှော်တခေါ်ကြီး...။ ဆုံးမှ ဆုံးပါဦးမည်လော...။ ဆန်ဂျော်ဂျီမြီု့ ထဲသို့ ရောက်သောအခါ သူသည် အဆမတန် ပင်ပန်းနွမ်းနယ်လျက် ရှိလေပြီ။ ဖုန်ထူလွန်းလှသော ကွင်းပြင်၊ နေပူလွန်းလှ၍ တရုတ်ကတ် များ ပိတ်ထားရသည့် အိမ်ရှေ့မျက်နှာစာများ။ ညစ်ပတ် ပေရေလျက် ရှိသော လမ်းကြို လမ်းကြားများ...။
စိတ်ထဲက မ၀ံ့မရဲဖြစ်နေမိသော်လည်း နောက်ကို ဆုတ်ဖို့တော့ မစဉ်းစား။
သူ့ရှေ့တည့်တည့်မှ ကွင်းပြင်ကို ရဲဝံ့စွာ ဖြတ်ပြီး တဘက်အိမတန်းများဆီ အရောက်သွားသည်။ ထိုနေရာ တွင် သူ ရည်မှန်းထားသော ခရီလးမ်းဆုံး တည်ရှိပေသည်။ သို့သော်လည်း ထိုနေရာသို့ ဆိုက်ရောက်သွား သော အခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သူမြင်နေရသည့် အကျဉ်းထောင်ကြီး၏ အသွင် အပြင်မှာ ကြောက်စရာ ကောင်းနေသည်။ သူတွေးထင်ထားသလို လွယ်လွယ်နှင့် ၀င်၍ ရလိမ့်မည် လည်းမဟုတ်။ ပတ်ပတ်လည် တွင် အုတ်နံရံကြီးများ ကာထားသည်။ တဘက်တချက်တွင် မားမား မတ်မတ် ရပနေသော မျှော်စင်ကြီးနှစ်ခု...။
အမှန်တော့ နီကိုလတ်စ်သည် ကလေးအတွေး၊ ကလေးစိတ်ကူးဖြင့် အပင်ပန်းခံ၍လာခဲ့ခြင်း ဖြစ် သည်။ သူထောင် သို့ ရောက်လျှင် မလွယ်ပေါက်တခုတော့ တွေ့လိမ့်မည်ဟု ထင်ခဲ့၏။ မလွယ် ပေါက် ရှာတွေ့ခဲ့ သည်ရှိသော် ထိုမလွယ်ပေါက်မှ နေ၍ သူ့ သူငယ်ချင်းဂျိုစီနှင့် စကားပြောမည်ဟု အားခဲ ထားသည်။ အခုတော့ သူ့စိတ်ကူးသည် ပျောက်သွားခဲ့လေပြီ။
သူသည် ထောင်နှင့်မနီးမဝေးမှ ရပ်ကာ မျှော်ကြည့်နေသည်။ ကံကောင်းလျှင် သူ့ဆန္ဒ ပြည့်နိုင်မည့် အခြေအနေ တခု ဖြစ်ပေါ်လာတန်ကောင်းရဲ့ ဟူသော အတွေးဖြင့် မျှော်လင့်ချက်ထားနေမိသည်။ သို့သော်လည်း ဘာတခုမှ ဖြစ်မလာ။ အုတ်နံရံကြီး၏ နောက်ဘက်တွင် သက်ရှိသတ္တ၀ါရှိမှ ရှိပါလေ စဟုပင် သံသယ ၀င်လောက်သည်။ သူသည် ကြည့်နေယင်းမှ ရုတ်တရက် ချက်ချင်း ကြောက်စိတ် ၀င်လာကာ နောက်သို့ ပြန်လှည့်ပြီး လာလမ်းအတိုင်း ကဆုန်ပေါက်၍ ပြေးသည်။
ပြေးနေယင်းမှပင် သူ့နောက်တွင် ကျန်ရစ်ခဲ့သည့် မျှော်စင်ကြီး နှစ်ခုဆီမှ အလွန်ရှည်လျးသော လက်ကြီး နှစ်ဘက်ထွက်လာပြီး သူ့အား ဖမ်းဆီလေမလားဟူသော စိတ်ကူး ၀င်လာလိုက်သေး၏။ အလန့်တကြားနှင့် ခြေဦးတည့်ရာသို့ ပြေးခြင်းဖြစ်၍ ကွေ့ကောက်လွန်းလှသော လမ်းကြို လမ်းကြားများအတွင်းသို့ ရောက်ကာ လမ်းစ ပျောက်သွားသည်။ အနားကျယ် မက္ကဆီကန် ဦးထုပ် နက်ကြီးကို အော်ဟစ် ကြိမ်းမောင်းကာ ကျန်ခဲ့သည်။ သူသည် ရေခပ်လာသော အဘွားကြီး တဦး အပေါ်သို့ လဲကျလိုမတတ် ဖြစ်သွားသည်။
မည်သို့ပင် ဖြစ်စေ ဟူသည် ကံအားလျော်စွာပင် သူရောက်ခဲ့ဖူးသော လမ်းမြောင်တခုအတွင်းသို့ ရောက်သွား သည်။ ထိုလမ်းကို သူမှတ်မိနေသည်။ ထိုလမ်းသည် မြစ်ဘက်သို့ ထွက်ရာလမ်း တလမ်း...။
ခပ်ဝေးဝေးမှ နာရီထိုးသံ သုံးချက်နှင့် လက်မှတ်ရောင်းသော လမ်းဘေးဈေးသည် တဦး၏ အော်သံများကို ကြားရသည်။
ဤလမ်းပေါ် ရောက်လာပြီး ဤအသံများကို ကြားရသည့်အခါ စောစောက ရှိနေသော ကြောက် စိတ်သည် ပျောက်သွား သည်။ သူ့ကိုယ်သူ ယုံကြည်စိတ်ချမှုသည် ပြန်ဝင်လာသည်။ သူသည် ပြေးနေသော အရှိန် လျှော့လိုက်၏။ ခပ်ဖြည်းဖြည်း မှန်မှန်လျှောက်ကာ ကော်ရီယင်တီ လမ်းထဲသို့ ချိုးဝင်ခဲ့၏။ ဂျိုစီ၏ အိမ်ကို အလွယ်တကူ ပင် တွေ့သည်။ အခုအချိန်အထိ အသက်ရှူ မမှန်သေး။
သူသ်ည လမ်းတဘက် ပလက်ဖောင်းပေါ်၌ ရပ်ကာ မျက်နှာချင်းဆိုင် အဆောက်အအုံ၏အပေါ် ဆုံးထပ်သို့ မျှော်လင့်ချက် ကြီးစွာဖြင့် လှမ်းကြည့်နေမိသည်။ ထိုအခန်းငယ်ဆိသို့ တက်သွားရာ လှေကားမှာ ကြောင်လိမ် လှေကားသဖွယ် ကွေ့ကွေ့ကောက်ကောက် နိုင်လွန်းသဖြင့် သူ မတက်ရဲ။
သူသည် ပလက်ဖောင်းပေါ်၌ တနာရီကျော်ကျော် ကြာမျှ ရပ်နေသည်။ နေစွယ် ကျိုးသွားလေပြီ။ လေသည် အေးစ ပြုလာသည်။ သို့သော်လည်း ဂျိုစီအခန်းမှ လူတဦးတယောက်မှ ပေါ်မလာ။ သူသည် စိတ်အား ငယ်လာ သည်။ လာလမ်းအတိုင်း ပြန်တော့မည်ဟု စိတ်ကူးသည်။ ထိုအခိုက်မှာ ပင် ဂျိုစီတို့အခန်းကို သွားရာ ပေါင်းကူးကလေးအတွင်းမှ အဘိုးပက်ဒရို ထွက်လာသည်ကို မြင် လိုက်ရလေ၏။ သူသည် ရုတ်တရက် ကြက်သေသေကာ ငေးနေမိသေးသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာကာ လမ်းတဘက် သို့ ကူးခဲ့လေသည်။
"ပက်ဒရို" သူက လှမ်းအော်သည်။ "ကျွန်တော်လေ နီကို၊ အဘိုး ဘာသတင်းရသေးလဲ"
အဘိုးအိုက သူ့အား လှမ်းကြည့်သည်။ "သတင်းတော့ ရတယ် ... နီကို"ဟု ဆိုကာ ခေါင်းကို ဖြည်းလေးစွာ ယမ်းပြသည်။ "ဒါပေမယ့် သတင်းကောင်း မဟုတ်ဘူး၊ ဂျိုစီကို အချုပ်နဲ့ ဘာစီလိုးနား မြို့အထိ ပို့ပြီး စစ်လိမ့်မယ်။ ဟိုမှာ စစ်မယ်ဆိုယင်တော့ ဂျိုစီအတွက် သက်သာစရာလမ်း မရှိတော့ ဘူး"
"အို... "
"ဟုတ်တယ်၊ အားလုံးအတွက် အမင်္ဂလာ သတင်းပဲ" အဘိုးအိုက သက်ပြင်းချသည်။ "ဂျိုစီအတွက် တော့ အဆိုးဆုံးအခြေအနေပဲကွာ"
"သူကော နေကောင်းရဲ့လား"
"သိပ်မကောင်းဘူး...၊ အချုပ်အနှောင်နဲ့ နေရတာကို သူမနေချင်ဘူး၊ သူက ငယ်ငယ်လေးကတည်း က အပြင်မှာ လွတ်လွတ်လပ်လပ် နေခဲ့တဲ့ လူတယောက်ဆိုတော့ သူသည်းမခံနိုင်ဘး၊ တကယ် လို့ သူတို့က အခုလိုပဲ အချိန်ကြာကြာကြီး ပိတ်လှောင်ထားမယ် ဆိုယင်တော့... " ပက်ဒရိုက စကားကို ဆက်မပြောပဲ ရပ်လိုက်ကာ သက်ပြင်းတချက် ချပြန်သည်။
နှစ်ဦးစလုံး ညှိုးငယ်သော စိတ်ဖြင့် ငြိမ်ဆိတ်နေကြ၏။
"သူ ... ကျွန်တော့်ကိုကော မေးရဲ့လား"ဟု နီကိုလတ်စ်က မေးသည်။
"မေးပါတယ် ... " အဘိုးအိုက ခေါင်းညိတ်သည်။ "မင်းကို သတိရကြောင်း ပြောဖို့ အမြဲ မှာပါတယ် ကွာ၊ ဘယ်နည်းနဲ့မဆို သူ လွတ်မှာပါလို့ ပြောပေးဖို့လဲ အမြဲမှာတယ်"
"ဒါပေမယ့်... " နီကိုလတ်စ်က အသံကို တိုးလိုက်သည်။ "လွတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား အဘိုးရယ်"
ပက်ဒရိုသည် လမ်းဘေးဝဲယာကို ကျီးကန်းတောင်းမှောက် ကြည့်၍ အကဲခတ်သည်။ ထို့နောက် နီကိုလတ်စ်အနီသို့ ကပ်၍ ခပ်တိုးတိုး ပြောသည်။
"ငါ ဒီအကြောင်းကို မပြောသင့်တာ အမှန်ပဲ နီကို၊ ဒါပေမယ့် မင်းကလဲ ဂျိုစီကို အဘိုးတို့ ချစ်သလို ချစ်နေတာဆိုတော့ မင်းဟာ ငါတို့ မိသားစုထဲက လူတစ်ယောက်လို ဖြစ်နေတယ်၊ ငါမပြောပဲ မနေ နိုင်ဘူး...၊ ကဲ...နားထောင်၊ ဂျိုစီအတွက် လွတ်မြောက်နိုင်တဲ့ နည်းလမ်းက တလမ်းတည်း ရှိတယ်၊ တကယ်လို့ သူ့ကို ဘာစီလိုးနားမြို့ ပို့ပြီး စစ်မယ်ဆိုယင် သူ့ဘ၀ဟာ ဆုံးပြီး၊ ဒါကြောင့်မို့ ဒီကိစ္စကို ငါတို့အားလုံးကပါ သဘောတူကြတယ်၊ နောက်တချက် သူ့ကို ဟိုမပို့ပဲ ဒီမှာပဲထားမယ်ဆိုပါတော့၊ ဒါပေမယ့် ထားမယ့် နေရာက ထောင်ထဲမှာပဲဆိုယင် ဘာမှလုပ်နိုင်မျာ မဟုတ်ဘူး၊ တခုရှိတကာ ဘာစီလိုးနားမြို့ကို အသွားမှာ... " အဘိုးအို၏ အသံသည် ပို၍ တိုးသွားသည်။
"အဲ... အဲဒီကို အသွားလမ်းမှာ တစုံတခုတော့ ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့ တွက်ရမှာပဲကွ၊ ငါတို့ အနေ နဲ့ သိပ်ပြီး မျှော်လင့်ချက် ထားလို့တော့ မဖြစ်ဘူးပေါ့ကွာ၊ ဒါပေမယ့် မျှော်လင့်တာကတော့ မျှော်လင့် ရမှာပဲ၊ တကယ်လို့ ငါတို့တွက်ထားတဲ့အတိုင်း အောင်မြင်မယ်ဆိုယင်တော့ ဂျိုစီဟာ ဟို တောင်တန်း တွေဘက် ထွက်ပြေးမှာပဲ၊ မင်းနဲ့သူနဲ့ ငါးသွားမျှားခဲ့တဲ့ ဂျုံစက်ဟောင်းကြီးကိုပဲ ခိုရမှာ၊ အဲဒီနေရာမှတော့ ရက်ပေါင်း အတော်ကြာကြာ ခိုနေနိုင်မှာပေါ့၊ ပြဿနာပြီးပြတ်သွားတဲ့ အချိန် အထိပေါ့ကွာ"
နီကိုလတ်စ်၏ ရင်သည် လှုပ်ရှားလာသည်။ သူ့မျက်နှာသည် ၀င်းလက်လာသည်။ သူ့မျက်နှာသည် ၀င်းလက်လာသည်။ မြစ်ကမ်းဘေးမှ ဂျုံစက်ဟောင်းကြီး ….။ ဂျိုစီလုံလုံခြုံခြုံ ပုန်းနေနိုင်မည့် နေရာ….။ ထိုနေရာ သည် အကောင်းဆုံးနေရာ…..။ သူလည်း ဂျိုစီကိုသွား၍ တွေ့နိုင်မည်။ သူ့အတွေးနှင့်သူ များစွာ အားရနေသဖြင့် ရုတ်တရက် စကားပြန်မပြောနိုင်။ သူသည်မလှုပ်မယှက် ရပ်ကာပက်ဒရို၏ မျက်နှာကို ငေးမောကြည့်နေသည်။ အတန်ကြာမျှ အဘိုးအို၏ လက်ကိုဝင်းသာအားရ လှမ်းဆွဲသည်။
" ‘ဟုတ်တယ်…. ဟုတ်တယ် …၊ သူ့ကိုပြောပါ၊ သူ့ကိုဆက်ဆက်ပြောပါ၊ အဲဒီအတိုင်း မလုပ်လို့မဖြစ်ဘူး၊ လုပ်ကိုလုပ်မှ ဖြစ်မှာလို့ပြောပါ" ဟု အားတက်သရော ပြေသည်။
စောစောက ပင်ပန်းနွမ်းနယ်မှု ဟူသမျှကို မေ့သွားသည်။ နီကိုလက်စ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ အိမ်သို့ ဒုန်းစိုင်း၍ ပြေးသည်။ ထိုကဲ့သို့ ပြန်ပြေးမိခြင်းသည်ပင်လျှင် သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။ ရုံးပြန်နောက်ကျနေသော သူ့အဖေအလျင် အိမ်ပြန်ရောက်သည်။ ဂရေစီယာတယောက်လည်း အိမ်ပြန် ရောက်နေပြီဖြစ်၏။ တခဏတော့ ဖြင့်သူသည် ကြောက်လန့် နေဆဲ…..။ သူ့အဖေက သူ့အား ယနေ့ နေ့ခင်းပိုင်း ဘာလုပ်နေသလဲဟုများ မေးလေမလား…..။ တကယ်၍ မေးခဲ့ပါမူ…။ သို့သော်လည်း သူ့အဖေကမမေး။ သူ့အဖေသည် အလွန်နှုတ်ဆိတ်လျက် ရှိ၏။ သူ့အဖေ၏မျက်နှာသည် တစုံတခုကို တွေးနေ သည့်ဟန် ရှိသည်။ ညစာစားကြသည့် အချိန်တွင်လည်း သူအဖေသည်စကားတခွန်းတလေမျှပင် ပြောဖော် မရ။ နီကိုလတ်စ်အဖို့တော့ ဤနည်းဖြင့် အသည်ရှူပေါက် ချောင်ခဲ့ရလေ၏။
လွန်ခဲ့သော အပတ်တွင်းကမူ ဘရင်းဒီးသည် သူ့သားအားမေးထူး ခေါ်ပြောလောက်တော့ ဆက်ဆံခဲ့သည်။ သူ့သားကိုချစ်သောစိတ်ကြောင့် ပစ်ပစ်ခါခါတော့ မပြုနိုင်ခဲ့။ တခါတရံတွင်မူ သူ့သားအား ယခင်ကလိုပင် တယုတယ ပိုက်တွေး၍ နေလိုသောဆန္ဒရှိခဲ့ပါ၏၊ သို့သော်သူ့မာနနှင့် နာကျဉ်းမှုများက ထိုဆန္ဒအတိုင်း မလုပ်မိအောင် တားမြစ်ပိတ်ပင်ထားခဲ့သည်။ အကယ်၍ ဆန္ဒရှိ သည့်အတိုင်းပြုခဲ့ပါမူ သူ့သားရောင့် တက်လာမည် ကိုလည်း စိုးရိမ်သည်။
ဤသို့ဖြင့် သူသည်သူ့သား အားဖက်လှဲတကင်း သိပ်မလုပ်ပဲ ခပ်တန်းတန်းလုပ်ထားခဲ့သည်။ သူ့သား နောင်တ ရလာအောင်၊ သူ့အပေါ်ပြန်၍ လေးစားလာအောင် စောင့်နေပြီးမှ ယခင်ကပုံစံမျိုး ပြန်လည် တည်ဆောက် မည်ဟုပိုင်းဖြတ်ထားခဲ့၏။
မည်သို့ပင် ဖြစ်စေ တနေ့ညတော့ဖြင့် နောက်ထပ်ပေါ်ပေါက်လာသော ပြဿနာ အသစ်တခုသည် သူ့စိတ်ကို များစွာ အနှောင့်အယှက် ပြုနေဟန်တူ၏၊ ထုံးစံအတိုင်း နီကိုလတ်စ်အား နှုတ်ဆက်စကား ဆိုပြီးသော် နောက်ထပ်စကား တခွန်းမှ မပြောတော့ချေ၊ သူ့အဖေကို ကြည့်ရသည်မှာ ထူးထူးဆန်းဆန်း။ ဂရေစီယာ အပေါ်တွင် စိတ်ဝင်စားနေဟန် တူ၏။ သူ့အဖေသည် ဂရေစီယာ လှုပ်ရှားမှုမှန်သမျှကိုသာ် မျက်ခြည်မပြတ် လိုက်၍ကြည့်လျက် ရှိသည်။ ဂရေစီယာသည် သူတို့အတွက် လိုအပ်သမျှကို လုပ်ပေး လျက်ရှိသည်။ သူ့အဖေသည် အကြောင်းထူး မရှိပါက ညနေစာစားနေခိုက်တွင် အခိုင်းအစေများနှင့် စကား ပြောတက်သော အလေ့အထမရှိ။ အခုကျတော့ နောက်တကြိမ် ဂရေစီယာအခန်းထဲ ပြန်ဝင်အလာတွင် ဖြတ်ကနဲ လှမ်းမေးသည်။
"ပါမောက္ခဟေးလီးဗီးရဲ့ ရထားထွက်ချိန်အထိ မင်းစောင့်ခဲ့ရဲ့လား"
"စောင်ခဲ့ပါတယ်ဆီညော်"
"သူ့ရထားက အချိန်ကောမှန်ရဲ့လား"
"ဒီရထားတွေ အချိန်မမှန်တာ ရှိခဲ့ဖူးပါသလား ဆီညော်" ဟု ဂရေစီယာက ဖြေသည်။ သူ့လေသံနှင့် ဟန်အမူအရ များမှာ မခန့်တရန့် နိုင်သလို ရှိနေသည်။ "မကြားတော့ မကြားခဲ့ဖူးပါဘူး" ဘရန်းဒီးမျက်နှာ တချက်ပျက်သွားသည်။ သူသည်ဂရေစီယာ၏ အပြုအမူကို ဝေခွဲ၍ မရသော မျက်နှာထားဖြင့် ငေးကြည့်နေသည်။ "ရထားပေါ် ကောင်းကောင်းမွန်မွန် ပါသွားတယ် မဟုတ် လား"
"သံသယရှိစရာ မလိုသလောက်ပါပဲ ဆီညော်၊ ကျွန်တော့်ဘက်က တာဝန်ပျက်ကွက်မှု ရှိမယ်လို့ ကော ထင် နေပါသလား ခင်ဗျား၊ ဆယ့်တနာရီတိတိမှာ မီးရထားထွက်ပါတယ်"
သူ့အဖေနှင့် ဂရေစီယာတို့ အပြန်အလှန် ပြောဆိုနေကြသည့် အသံများမှာ နီကိုလတ်စ်၏ နားထဲ တွင် အထူးအဆန်း ဖြစ်နေသည်။ မည်သည့်အဓိပ္ပာယ်ဆောင်နေမှန်း နားမလည်သော်လည်း စိတ်ထဲက စနိုး စနောင့် ဖြစ်လျက် ရှိသည်။ နောက်ဆုံးတွင် သူ့အဖေက သူ့ဘက်ကို လှည့်၍ ခေါင်း တချက် ဆတ်ပြသည်။ သူ့အား သွားချင်သွားတော့ဟု ခွင့်ပြုခြင်းပေတည်း။
နီကိုလတ်စ်သည် ချက်ချင်းပင် ထိုင်ရာမှထကာ သူ့အခန်းသို့ တက်လာခဲ့သည်။ အ၀တ်အစား လဲနေခိုက် တွင် သူနှင့်အဘိုး ပက်ဒရိုတို့ ပြောခဲ့ကြသည့် စကားများသည် သူ့ခေါင်းထဲသို့ နောက်တကျော့ ပြန်ဝင် လာသည်။
အောက်ထပ်တွင်မူ ကောင်စစ်ဝန်သည် အခုအထိ ညစာစားပွဲမှ မထသေး။ သူသည် ဖန်ခွက်တလုံး ကို လက် နှစ်ဘက်ဖြင့်ကိုင်၍ လှည့်နေရင်းက တစုံတခုသောကိစ္စကို အလေးအနက်ဆင်ခြင်စဉ်းစား နေဟန်ရှိ၏။ သူ့ မျက်နှာထားသည် မဝေခွဲနိုင်ခြင်းကို ဖော်ပြနေသည်။ ထမင်းစား စားပွဲကို သိမ်းဆည်းလိုသော ဂရေစီယာ သည် အခန်းထဲို့ နှစ်ကြိမ်တိတိ ၀င်လာပြီး သူ့သခင်၏ အရိပ်အခြည်ကို ကြည့်သည်။ ကောင်စစ်ဝန် ကတေ့ထိုင်ဆဲ…။ တတိယအကြိမ် ဂရေစီယာ ၀င်လာ သောအခါ ကောင်စစ်ဝန်က ခေါင်းထောင် ၍ ကြည့်သည်။
‘ ဂရေစီယာ ‘
‘ ဟုတ်ကဲ့ပါ ဆီညော် ‘
မျက်ခုံးနှစ်ဘက်ကို ပင့်၍ကြည့်လိုက်သော ဂရေစီယာ၏ အကြည့်မှာ ဟန်ပါလွန်းလှ၏။ ကောင်စစ် ၀န်၏မျက်လုံးများနှင့် ယှဉ်ပြိုင်ကြည့်နေသော သူ့မျက်လုံးအစုံမှာ အရောင်အဆင်း ကင်းမဲ့လျက်ရှိသည်။ လူမဆန် သော အကြည့်မျိုးဖြစ်သဖြင့် ဘရန်းဒီး ကိုယ်တိုင်ပင်လျှင် နောက်တွန့်သွားသည်။ ဂရေစီယာ၏ ဤအကြည့်မျိုး ကို သူ အလျင်ကမမြင်ဖူးခဲ့။
အခုတကြိမ်သည် ပထမဆုံးမြင်တွေ့ရ ခြင်းဖြစ်သည်။ ယခင်က တင်ထားသော ဟန်ဆောင်မျက်နှာဖုံးသည် ကွာကျ သွားပြီထင်၏။ အခု သူမြင်နေရသည့် ဂရေစီယာ မျက်နှာထားမှာ သူ့အား ပြောင်ချင်သလိုလို၊ သရော်ချင် သလိုလို…။ ပြီးတော့မခန့်တရန့် မထီမဲ့မြင်…။ သူ့သား နီကိုလတ်စ် ကြောက်ရွံ့ခဲ့ခြင်းသည် ဤ အကြည့်မျိုးဖြစ် ကောင်းဖြစ်ပေလိမ့်မည်။ သူ့သားပြောပြခဲ့သော စကားများသည် မှန်များ မှန်လေမလား…။ ဘရန်းဒီး ၏ ရင်ထဲတွင် သံသယ ဖြစ်လာသည်။ သင်္ကာရနံ့မကင်းမှုများ ပေါက်ဖွားလာသည်။
‘ ဒီမယ် … ဂရေစီယာ‘ ဟု ကောင်စစ်ဝန်က ထပ်မံအသံပြုသည်။
‘ ငါ မင်းနဲ့ စကားပြောချင်တယ် ‘
ဂရေစီယာက ခေါင်းတချက်ညွတ်လိုက်သည်။ သို့သော်လည်း တခုတကြိမ် သူ့ဦးခေါင်းညွတ်ပုံမှာ လိုတာထက် ပိုနေသည်။ တမင်သက်သက် အရွဲ့တိုက်၍ လုပ်နေမှန်း သိသာထင်ရှားနေ၏။ ဘရန်းဒီးသည် အံကို ကိုက်ခါ ဂရေစီယာအားကြည့်သည်။
‘ မင်း ဒီကို ဘယ်အချိန် ပြန်ရောက်သလဲ ‘
‘ ငါးနာရီ ရောက်ပါတယ်… ဆီညော် ‘
‘ ပါမောက္ခ ဟေးလီးဗီးရဲ့ မီးရထားထွက်တာက ဆယ့်တနာရီလို့ မင်းပြောတယ်၊ ဘာစီလိုးနားက ဒီကို မော်တော်ကား နဲ့ လာရင် နှစ်နာရီပဲ ကြာတယ်၊ ပြန်ရောက်သင့်တဲ့ အချိန်ဟာ တနာရီ၊ အဲဒီတော့…‘
ဂရေစီယာက မျက်ခုံးများကို ပင့်လိုက်ပြန်သည်။
‘ လူတယောက်ဟာ အစာတော့ စားရပါတယ် ဆီညော်‘ ဟု အောက်ကလိ အာသံဖြင့် ပြန်ဖြေသည်။ ‘ ကျွန်တော့် အဖို့ ဈေးနှုန်း ချိုချိုသာသာနဲ့ စားသောက်ကောင်းမယ့် အစားအသောက် မျိုးကို ရှာဖွေပြီး စားဖို့ လိုပါတယ် ခင်ဗျာ ‘
‘ သြော် … ဒီလိုဆိုတော့ စားသောက်ကောင်းမယ့် အစားအစာတမျိုး စားရဖို့အတွက် အချိန် လေးနာရီ တိတိ တောင် ဖြုန်းခဲ့တယ်ဆိုပါတော့ ‘
‘ အလျင်စလို လုပ်စရာ ဘာမှမရှိဘူးလို့ နားလည်ထားတဲ့အတွက် နေ့လယ်စာကို အေးအေးဆေးဆေး အချိန် ယူပြီး စားသောက်နေပါတယ် ဆီညော် ‘
‘ နေ့လယ်စာ အေးအေးဆေးဆေး စားရင်းနဲ့ အရက်ပါ သောက်ခဲ့တယ် ဆိုပါတော့ ဟုတ်လား‘
‘ ဆီညော် … ခင်ဗျား ‘
‘ ငါ မင်းကို စောစောကတည်းက စောင့်ကြည့်နေခဲ့တယ်၊ မင်း အရက်သောက်ထားတယ်ဆိုတာ ငါ သိတယ် ‘
ဂရေစီယာ၏ နှုတ်ခမ်းများ မဲ့သွားသည်။ ဒေါသ အရိပ်အငွေ့သည် သူ့မျက်နှာတင် ဖြတ်ကနဲ ပေါ်လာသည်။ ထို့နောက် သူ့မျက်လုံးများသည် ၀င်းဝင်းတောက်လာသည်။
‘ ကျွန်တော်ဟာ လူသားတယောက်ဖြစ်ပါတယ် ဆီညော်၊ အခွင့်အရေးပေါ်လာရင် ယူရပါလိမ့်မယ်… ခင်ဗျာ၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ၀ိုင်အကောင်းစားကို အင်မတန် ကြိုက်တတ် ပါတယ်။
ကျွန်တော် မက်ဒရစ်မြို့က အေအိုးစတား မိသားစုဆီမှာ အလုပ် လုပ်နေတုန်းကဆိုရင် ကျွန်တော်ဟာ စစ္စလီကျွန်း မာဆာလာမြို့က ထုတ်လုပ်တဲ့ အကောင်းဆုံး မာဆာလာဝိုင်ကို သောက်ခဲ့ပါတယ်၊ အင်မတန်မှ အနံ့ အရသာနဲ့ပြည့်စုံပြီး ချိုမြတဲ့ ၀ိုင်ပါခင်ဗျာ ‘
ကောင်စစ်ဝန်သည် သူ့နှုတ်ခမ်းကို ဖိကိုက်ထားသည်။
မင်းဟာ … အေအိုးစတား မိသားစုအကြောင်းကို သိပ်ပြောတယ်၊ မင်း ဘယ်အချိန်က သူတို့ဆီမှာ အလုပ် လုပ်ခဲ့ဖူးတာလဲ ‘
‘ တချိန်ကပေါ့ ‘
ဂရေစီယာက ဂရုမစိုက်သည့်လေသံဖြင့် ပြန်ဖြေသည်။
‘ ဘယ်တုန်းကလဲ‘ ဟု ကောင်စစ်ဝန်က ထပ်မေးပြန်သည်။
ဂရေစီယာ မျက်လုံးအစုံတွင် အပြောင်းအလဲ ရှိလာသည်။ တလက်လက် တောက်ပနေရာမှ ချက်ချင်းပင် မှုန်မှိုင်း သွားသည်။ ခဏအတွင်းမှာပင် ပြန်၍ အရောင်ထွက်လာပြန်သည်။
‘ ကျွန်တော့် စာရွက်စာတမ်းတွေထဲမှာရှိပါတယ် ဆီညော်၊ အားလုံး အပြည့်အစုံ ရှိနေပါတယ်‘
‘ ထားလိုက်ပါတော့‘ ဟု ကောင်စစ်ဝန်က ပြန်ပြောပြီး ငြိမ်နေသည်။
‘ မင်း … ရော့ဒရီးဂိုးအီစပန်တာရိုး ဆိုတဲ့ လူတယောက်အကြောင်း ကြားဖူးသလား ‘
ဂရေစီယာ ၏ မျက်လုံးများတွင် ဖြတ်ကနဲ အရောင်တောက်လာပြန်သည်။ မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်လျက်ရှိ၏။ သူ့တကိုယ်လုံး တောင့်တင်းသွားဟန်တော့ပြသည်။ သူ့အသံသည် အေးစက် တင်းမာ လျက်ရှိ၏။
‘ ကျွန်တော်က သူ့အကြောင်းကို ဘာကြောင့် ကြားဖူးရမှာလဲ ဆီညော်၊ သူက ဘယ်သူလဲ ခင်ဗျာ‘
‘ ရာဇ၀တ်ကေင် တကောင်ပေါ့ကွာ‘ ဟု ဘရန်းဒီးက ဖြေသည်။ ‘ မက်ဒရစ်ရဲက အလိုရှိနေတဲ့ ရာဇ၀တ် ကောင်ပေါ့‘
အခန်းထဲတွင် ငြိမ်ဆိတ်သွားသည်။ ဂရေစီယာ၏ မျက်နှာသည် ရဲကနဲဖြစ်သွားသည်။ သူ့နှာခေါင်း နှင့် ပါးနှစ်ဘက် တွင် ပန်းရောင်သမ်းလာသည်။ ချက်ချင်းပင် သူ့ပါးစပ်မှ ကျယ်လောင်စူးရှသောအသံ ထွက်ပေါ် လာလေသည်။
‘ ကျွန်တော့်စိတ်ထဲမှာ အစော်ကားခံရတယ်လို့ ခံစားနေရပါတယ် ဆီညော်၊ ကျွန်တော်ဟာ အခုလို ထိကပါး ရိကပါး လုပ်ပြီး စောင်းချိတ်ပြောတာမျိုးကို ခံတတ်တဲ့လူစားမဟုတ်ဘူးခင်ဗျ၊ အခုကိစ္စမှာ ရန်သူ ဖြစ်သွား အောင် လုပ်လိုက်ရင် ကျွန်တော့်အပြစ်လို့ စွပ်စွဲမှာလား၊ ဒီလို ပုန်းလျှိုးကွယ်လျှိုးလုပ် ပြီး သောက်ရေး လုပ်တဲ့ ကောင်စား မဟုတ်ဘူးခင်ဗျ‘
သူသည် စကားကိုဖြတ်၍ ရပ်ထားလိုက်သည်။ ပြီးမှ စူးရှကျယ်လောင်သော အသံဖြင့် အော်ပြော သည်။ ‘ အဲဒီလို ကောင်စားမျိုးတွေကို ကျုပ်က ရွံ့ရှာစက်ဆုပ်လွန်းလို့ တံတွေးထွေးလာတဲ့ အကောင်ဗျ၊ နားလည် လား ‘
‘ တိုးတိုးပြောဟေ့ … ဂရေစီယာ ‘
ဘရန်းဒီးက သူ့ရင်ထဲ၌ ဖြစ်ပေါ်လာသော ကြောက်လန့်စိတ်ကို ဖုံးကွယ်ထားပြီး တင်းမာသောအသံ ဖြင့် ဟန့်တား သည်။
‘ အခုလို အတွန်းအတိုက်မျိုး ခံရပေါင်းများလှပါပြီ ဆီညော် ‘ ဟု ဂရေစီယာက အော်ကြီးဟစ်ကျယ် ပြောသည်။ ‘ ကျွန်တော်ဟာ အလွန်ထူးခြားတဲ့ လူတယောက်ပါ ခင်ဗျ၊ လမ်းပေါ်မှာ လျှောက်သွား နေကြတဲ့ လူတွေက ကျွန်တော့်ကို မြင်ရင် ရုပ်တော်တော် ကောင်းတဲ့ ငနဲပါလား…၊ ဆွေကြီး မျိုးကြီး ကလာတဲ့ ကောင်နဲ့ တူတယ်လို့ ပြောလေ့ရှိကြပါတယ်၊ ကျွန်တော်က ဒါတွေကို ဂရုမစိုက်ပါဘူး…၊ ဘ၀င်လဲ မမြင့် ပါဘူး…။
ဒါပေမယ့်… သူများနဲ့မတူတဲ့ ထူးခြားမှုကြောင့် ကျွန်တော့်ကို မနာလိုစိတ် ဖြစ်လာကြတာကတော့ မကောင်းဘူးလို့ ထင်ပါတယ်၊ ဒါကိုတော့ အဆုံးသတ်သွားအောင် လုပ်ပစ်ဖို့ လိုပါတယ်၊ ဒီလိုမှ မတုံ့ပြန်ရင်လည်း ဘ၀ကို တည့်ဆောက်လို့ ရနိုင်ပါတော့မလား၊ ဆီညော်ပဲ စဉ်း စားကြည့်ပါ၊ သူတို့ဆီက ဘာတခု မှပြန်မရပဲ ကိုယ်ကချည်း ပေးနေရမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား…၊ အဓိပ္ပာယ်ကင်းမဲ့တဲ့ အနစ်နာ ခံမှုမျိုးကိုတော့ ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး ‘
‘ ဒါပေါ့ကွာ … မင်းပြောတာလဲ မှန်ပါတယ် ‘
ဘရန်းဒီး ထိုင်ရာမှထသည်။ ဂရေစီယာ၏ မျက်လုံးအစုံသည် မှေးမှိန်သွားသည်။ သူ့ ကိုယ်ခန္ဓာ သည် မသိမသာကလေး တုန်ရင်လှုပ်ရှားလာသည်။ သူသည် အသက်ကိုပြင်းစွာရှူရှိုက်လျက်ရှိ၏။ သူ့နှုတ်ခမ်းများ ပတ်ပတ် လည်တွင် ပေကျံနေသည့် တံတွေးစများကို သူ့လက်ခုံဖြင့် သုတ်လိုက် သည်။ ခဏမျှ ကြာသော အခါ ရီဝေသောမျက်လုံးများဖြင့် ကောင်စစ်ဝန်အား မော့်ကြည့်သည်။ အခု ကျတော့လည်း တည်တည် ငြိမ်ငြိမ် ပြန်ဖြစ်လာသည်။
‘ ကျွန်တော့်ကို ပျက်စီးစေလိုတဲ့ဆန္ဒနဲ့တစုံတဦးက ချောက်တွန်းတယ်ဆိုတာ ထင်ရှားနေပါတယ် ဆီညော်၊ ဒါပေမယ့် ကျွန်တော့်ဘက်က ကျေနပ်လောက်အောင် ရှင်းနိုင်တာချည်းပါပဲ၊ ကျွန်တော် ပြောတာ မမှန် ဘူးလားခင်ဗျာ ‘
‘ အင်း… မှန်ပါတယ် ‘ ဟု ကောင်စစ်ဝန်က ရေရွက်သည်။
‘ ၀န်မင်း ကျေနပ်တယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ခင်ဗျာ၊ အခုကိစ္စကိုလည်း ခေါင်းထဲမှာ ကြာရှည် ထားမနေစေချင်ပါဘူး၊ ၀န်မင်းရဲ့ အိမ်ထဲမှာ ခေါင်းရှုပ်စရာတွေ အများကြီး ရှိနေပါတယ်‘
ငြိမ်ဆိတ်နေပြန်သည်။ ဘရန်းဒီးသည် လက်ချောင်းကလေးများဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်နေ သည်။ တိတိကျကျပြောရလျှင် သူ့စိတ်ထဲ၌ ကျေနပ်ခြင်းမရှိ၊ တစုံတခုလိုနေသည့်နှယ် ခံစားနေရ၏။ သို့သော်လည်း သူ့စိတ်က ဤကိစ္စနှင့်ပတ်သက်၍ ထပ်ပြီး မေးလိုမြန်းလိုစိတ်မရှိ။
‘ အခု ငါပြောတာ မမှန်ဘူးလို့ မင်းဘက်က အာမခံနိုင်ပါ့မလား ဟု မေးသည်။
‘ လုံးဝ တာဝန်ယူပါတယ် ဆီညော်၊ စိတ်ကို အေးအေးထားပြီး စိတ်ချလက်ချ နေစေချင်ပါတယ်…၊ ကျွန်တော် နောက်ထပ် မက်ဒရစ်မြို့က ထောက်ခံစာတွေ ရလာပါလိမ့်ဦးမယ်၊ မကြာခင်မှာ ၀န်မင်းယုံကြည် စိတ်ချ လောက်တဲ့ အထောက်အထားတွေကို ကျွန်တော်ပြနိုင်မှာပါ ‘ ဂရေစီယာက စီးကရက်လာသည်အထိ ပြုံး၍ ပြောသည်။ ‘ ကျွန်တော် အခု ညစာစားပွဲကို သိမ်းနိုင်ပါပြီလား ဆီ ညော် ‘
‘ အေး … သိမ်းတော့ …‘ ဟု ဘရန်းဒီးက ပြောသည်။ ‘ ငါပြီးပါပြီ ‘ ဟုလည်း ရေရွတ်သည်။
သူသည် ထမင်းစားခန်းမှထွက်ကာ လှေကားကို တက်သည်။ လှေကားထိပ်ရောက်သော် ခဏမျှ ရပ်နေမိ၏။ ထို့နောက် သူ့အခန်းတွင်းသို့ ၀င်သည်။ သူသည် အခန်းအလယ်တွင် ရပ်ကာ တွေဝေ ငေးမောနေပြန်သည်။ ဤ ကိစ္စမှာ ဤမျှနှင့် လုံလောက်ပြီဟု သူတွေးမိသည်။ သူ၏ စွပ်စွဲချက်ကို ဂရေစီယာက ငြင်း၏။ သူ့ဘက်ကတော့ သူ တာဝန်ရှိသလောက် လုပ်ခဲ့ပြီးပြီဟု တွက်လို့ရ၏။ သူ သည် စွပ်စွဲချက်ကို ပွင့်ပွင့် လင်းလင်း ပင် ဂရေစီယာအား ပြောပြသည်။ ဟုတ်မဟုတ် မှန်မမှန် မေး သည်။ လိုအပ်သည့်အတိုင်း ထပ်မံ အတည်ပြုခဲ့ပြီးပြီ။ သို့ဆိုလျှင် နောက်ထပ်လုပ်စရာ ဘာကျန်ပါ သေးသနည်း။
သို့တစေလည်း ရဲက အလိုရှိနေသည့် ရာဇ၀တ်ကောင်သည် ဂရေစီယာပင် ဖြစ်လိမ့်မည်ဟူသော သံသယစိတ် သည် သူ့ရင်ထဲတွင် ကျိတ်၍ ဖြစ်ပေါ်လျက်ရှိသည်။ သူမေးမြန်းစဉ်က ဂရေစီယာ၏ အပြုအမူ နှင့် အပြောအဆိုများသည် အလွန်ထူးဆန်းသည်ဟု သူ ထင်သည်။ ထိုအပြုအမူများကို ‘မတည်ငြိမ်သော အပြုအမူ များ သို့မဟုတ် စိတ်မချရသောအပြုအမူများ‘ ဟု အမည်ပေးရမည်ထင် ၏။ နောက်ဆုံး သူ့ကိုပြလိုက်သည့် အပြုံးသည်ပင် ရိုးသားဖြူစင်သည်ဟု မပြောနိုင်။ ကောက်ကျစ် စဉ်းလဲသော အပြုံး ဟုပင် သူထင်သည်။
ဘရန်းဒီး၏ ခေါင်းသည် နောက်ကျိလာသည်။ သူ့အဖြစ်မှာ ရှေ့ကိုလည်း မတိုးသာ။ နောက်ကိုလည်း ဆုတ်မရ ဖြစ်နေသည့် တောင်တက်သမားတယောက်နှင့် တူနေသည်ဟု ထင်၏။ သို့သော်လည်း သူ့အခြေအနေ မှာ နောက်ဆုတ်လို့တော့ ဘယ်နည်းနှင့်မှမဖြစ်။ အခု သူရောက်နေ သော နေရာသည် နောက်ကို လွယ်လွယ်နှင့် ပြန်၍ ဆုတ်မရသည့် နေရာမျိုးဖြစ်နေပြီ။ လောလော ဆယ်တွင် သူသည် ဂျိုစီ၏ အမှု ကိစ္စကို ပြီးပြတ်သွားအောင် ရင်ဆိုင်ရပေလိမ့်ဦးမည်။ ဤအချိန်မျိုး တွင် ဂရေစီယာ၏ ပြဿနာကို အလေးပေး လိုက်ပါမူ ဂျိုစီအပြစ်ရရေးဟူသော သူ၏ အဓိကရည် မှန်းချက်သည် တမျိုးတဖုံ ပြောင်းလဲ သွားဖွယ်ရာ ရှိ၏။
သို့ဖြစ်ရာ ဂရေစီယာ၏ ကိစ္စကို ဂျိုစီ၏အမှု ပြီးပြတ်သွားချိန်အထိ ရွှေ့ဆိုင်းထားတော့မည်ဟု ဆုံးဖြတ်သည်။ ရွှေ့ဆိုင်း၍ ရနိုင်သော အခြေအနေလည်း ရှိသည်ဟု သူ ယုံကြည်သည်။ ထိုကဲ့သို့ ယုံကြည်ခြင်းမှာလည်း အကြောင်းမဲ့ တော့မဟုတ်။ ဂရေစီယာက နောက်ရက်အနည်းငယ်အတွင်း သူ၏ အကျင့်စာရိတ္တနှင့် ပတ်သက်၍ သက်သေခံ အထောက်အထားများ ထပ်မံ တင်ပြပါဦးမည်ဟု ကတိပေးထားသည်။ ထိုကတိ အတိုင်း လုပ်မလုပ်ကို သူ စောင့်ကြည့်ဖို့ လိုသည်။ အကယ်၍ သူ့စိတ်ထဲက ထင်နေသည့် အတိုင်း မှန်ကန် သည့် အခြေအနေပေါ်ပေါက်လာခဲ့ပါမူ ဂရေစီယာအား ချက်ချင်း အလုပ်မှ ဖြုတ်ပစ် နိုင်၏။
ဤသို့ဖြင့် တယူသန် တဇွတ်ထိုးသမား တဦးဖြစ်သော ဘရန်းဒီးသည် သူတွေးသင့်တွေးထိုက်သော အချက် တချက်ကို လုံးဝ မေ့နေသည်။ ထိုအချက်မှာ တခြား မဟုတ်ပေ။ အကယ်၍ သူ ကြားသိ ထားရသည့် အတိုင်း ဂရေစီယာသည် လူဆိုး ရာဇ၀တ်ကောင်တယောက် ဖြစ်နေခဲ့ပါမူ ယခု အဖမ်း အဆီး အချုပ် အနှောင် ခံနေရသည့် ဂျိုစီသည် အပြစ်ကင်းမဲ့သူတဦးဖြစ်နိုင်စရာ ရှိသည်ဟူသော အချက် ပေတည်း။
အာဃာတကို အခြေခံထားသော ဘရန်းဒီးသည် ထိုအချက်ကို လုံးဝ မစဉ်းစား မိ။ သူသည် အကျိုးနှင့် အကြောင်း ကို ဆက်စပ်တွေးခေါ်ဖို့ လုံးဝ သတိမရ။ သူ့အဖို့တော့ လောလောဆယ် ရင်ဆိုင်နေရသည့် ပြဿနာ သည် ပြီးပြတ်သွားပြီ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို လည်း ချမှတ်ပြီးပြီ။ သို့ဖြစ်ရာ မကြာခင် ဆိုက်ရောက် လာတော့မည့် အခြေအနေကို စောင့်ဆိုင်း မျှော်လင့်ရန်သာ ရှိတော့၏။
………………………………..
အခန်း (၂၀) ဆက်ရန်

.
2 comments:
ဘာဆက်ဖြစ်မလဲ..သိဘူး..အမရယ်...
ရင်တုန်ထှာ့..ဂျိုစီ့အဘိုးကလဲနော်..လျို့ဝှက်ရမဲ့ဟာ ကလေးကို သွားပြောတယ်.ဟူးးး
မြတ်နိုး
ဟုတ်ပ ရင်တုန်လိုက်တာ..။ ဘာဆက်ဖြစ်မလဲ..နော်
Post a Comment