အခန်း (၉) အမတ်မင်းလဲ လူသားပေဘဲ
အမတ်မင်း ဗတ်သည် လွှတ်တော်ကိစ္စဖြင့် ခရီးထွက်ရာမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူသည် စီးလာသော ဖိနပ်ကို ချွတ်ကာ အိမ်တွင်းစီး ဖိနပ်ကို လဲစီးလိုက်သည်။
မီးဖိုက မီးရောင်သည် ဧည့်ခန်းတွင်း၌ အရောင်ဟပ်နေ၏။ မစ္စက်ဗတ်သည် စပွဲကို ပြင်ဆင် နေသည်။
"ကိုယ်ဖြင့် ပင်ပန်းလိုက်တာ မပြောပါနဲ့တော့ကွယ်။ ခေါင်းကလဲကိုက်လိုက်သေး"
မစ္စက်ဗတ်သည် ခင်ပွန်းသည်၏စကားကြောင့် မလှမ်းမကမ်းရှိ ဘီဒိုမှ ပရုပ်ဆီပလင်းကို လှမ်းယူပေးမည် ပြုလိုက်စဉ် မှာပင်
"နေပစေ မေရီ။ နေပါစေ။ ဆေး မလိုပါဘူးကွယ်။ ကိုယ့်ဘို့ လက်ဖက်ရည်ပူပူလေးတခွက် သာ လုပ်ပါ။ အိမ်မှာ ခဏလောက် နားလိုက်ရရင် တော်ပါပြီ။ ဟင်း၊ ဒီ ဥပဒေကိစ္စကိုက စိတ်မော စရာကြီးဘဲကလား"
အမတ်မင်းသည် သူ့စကားကို သူ သဘောကျသွားကာ ဤသို့ဖြင့် သူသည် တိုင်းပြည် အတွက် ကိုယ် ကျိုးစွန့် ထမ်းဆောင်ခဲ့ရပြီ အမှတ်ဖြင့် ပြုံးလိုက်သည်။
"အင်း၊ အင်း။ ဆိုစမ်းပါအုံးရှင်။ လွှတ်တော်က ဘယ်လို ဆုံးဖြတ်လိုက်သတဲ့လဲ"
မစ္စက်ဗတ်သည် လွှတ်တော်တွင်းကိစ္စကို သူ့ကိုယ်ပိုင် ကိစ္စသဖွယ် စိတ်ပါဝင်စားစွာ စုံစမ်း လာသဖြင့် မစ္စတာဗတ်သည် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကာ
"သိပ် အရေးကြီးလှတာ မဟုတ်ပါဘူးကွာ" ပြောလိုက်သည်။
"နေစမ်းပါအုံးရှင့်။ ထွက်ပြေးလာတဲ့ နီဂရိုးကျွန်းတွေကို အစားအသောက်မပေးရဘူးလို့ တားမြစ်တဲ့ ဥပဒေ ပြဋ္ဌာန်းလိုက်တယ်ဆိုတာ အမှန်ဘဲလားရှင့်။ ကျမ အဲဒီလို ကြားမိတာဘဲ။ ခရစ်တော်ကို သက်ဝင်ယုံကြည်တဲ့ အစိုးရ အနေနဲ့ ဒါမျိုး ပြဋ္ဌာန်းလိမ့်မယ်လို့တော့ ကျမ မထင်လှပါ ဘူး။
"ဘယ်လိုလဲ မေရီ။ မင်း နိုင်ငံရေးလုပ်တော့မလို့လား"
"မဆိုင်လိုက်တာရှင်။ ကျမ ပြောနေတာက ဒီဥပေဒသာ ပြဋ္ဌာန်းရင် ရက်စက်လွန်းရာ ကျလို့ ပြောနေတာရှင့်"
"ဒါပေမယ့် ဥပဒေကိုတော့ ပြဋ္ဌာန်းလိုက်ပြီ မေရီ။ အထူးသဖြင့် ဒို့ကင်တတ်ကီနယ်က လူတွေဟာ ကျွန်စနစ် ကို ဖျက်ချင်ကြတယ်။ ကျွန်တွေလွတ်မြောက်အောင် အကူအညီပေးကြ တယ်။ ခုတော့ ဒါတွေကို တားမြစ် တဲ့ ဥပေဒပြဋ္ဌာန်းလိုက်တဲ့အတွက် ကင်တတ်ကီသားတွေအဖို့ အတော်ကြီးဘဲ ချောက်ချောက် ချားချား ဖြစ်သွားကြတယ်"
"ဘာလဲရှင်။ ဘာ ဥပဒေလဲ။ ကျမတို့ဟာ ဒုက္ခရောက်လာတဲ့ ဒီဆင်းရဲသားတွေကို တညကလေးမှ တဲခိုခွင့် မပေးရဘူး။ အစားအသောက် အ၀တ်အထည် မပေးရဘူးတဲ့လား"
"ဟုတ်တယ်။ ကျွန်တွေကို အကူအညီမပေးရဘူးလို့ တားမြစ်လိုက်တဲ့ ဥပဒေဘဲ မေရီ။ ဒါနဲ့မှ ကျွန်တွေကို အကူအညီ ပေးတယ်ဆိုရင် တရားဥပဒေကို ချိုးဖောက်တဲ့ သဘောဘဲပေါ့"
မစ္စက်ဗတ်သည် နေရာမှ ရုတ်ကနဲ ထကာ သူ့ ခင်ပွန်းရှိရာသို့ ရောက်လာပြီး
"ဒီမှာ ဂျွန်၊ ဒီ ဥပဒေသာ တရားတယ်၊ ဖုရားသခင်ရဲ့ အဆုံးအမနဲ့လဲ ညီညွတ်တယ်လို့ ရှင်ထင် သလားဟင်" ပြတ်ပြတ်တောင်းတောင်း မေးလိုက်သည်။
"မင်း ကိုယ့်ကို ဒေါသတကြီး ရန်ထောင်မနေပါနဲ့ မေရီရယ်။ ကိုယ်ပြောရရင်တော့လဲ တရားတယ်လို့ဘဲ ပြောရလိမ့်မယ်"
"ကျမ တော့ ရှင် ဒီလို ဖြစ်လိမ့်မယ် မထင်မိဘူး။ ရှင် ဒီဥပဒေပြဋ္ဌာန်းတာကို မဲပေးခဲ့တယ် ပေါ့လေ"
"ဒီလိုဘဲ လုပ်ရမှာပေါ့ မေရီရယ်
"ရှင် မရှက်ဖူးလား ဂျွန်။ ဒီကျွန်တွေဟာ အိုးမဲ့အိမ်မဲ့တွေပါ။ ဒီလူတွေဟာ အဖိနှိပ်ခံနေရတဲ့ လူတွေ၊ အညှဉ်းပန်းအနှိပ်စက်ခံနေရတဲ့ လူတွေပါ ဂျွန်။ ဒီလို စားရမဲ့ သောက်ရမဲ့ အဖိနှိပ်ခံ အညှဉ်း ဆဲခံတွေကိုမူ မကူညီ မထောက်ပံ့ရဘူးဆိုတဲ့ ဥပဒေမျိုးဟာ အလွန်မတန် ရှက်စရာ ကောင်းပါ တယ်။ ယုတ်မာရာလဲ ကျတယ်။ စက်ဆုပ်ရွံရှာဖို့လဲ ကောင်းပါတယ်။ ဒီမယ် ဂျွန်။ ကျမ ဒီဥပဒေကို ချိုးဖောက်ပြမယ်၊ သိလား။ ကနေ့ ကျမမှာသာ ငတ်မွတ်နေတဲ့ လူတယောကို ကျွေးဖို့ မွေးဖို့ အခွင့် ပေါ်စမ်းပါ။ ကျွေးပြမယ်။ ဒီဥပဒေကို ပထမဆုံး ဖောက်ဖျက်ပြမယ်။ သိရဲ့လား"
"နားထောင်စမ်းပါအုံး မေရီ။ မင်းပြောတာတွေ၊ မင်းစိတ်ထဲ ဖြစ်နေတာတွေဟာ မှန်ပါတယ် အချစ်ရယ်။ ဒီအတွက် မင်းကို ကိုယ်ပိုပြီး မြတ်နိုးရတာလဲ အမှန်ပါ။ ဒါပေမယ့် မေရီ၊ မင်း စဉ်းစားပါ။ ဒါဟာ တဦးချင်း ပြဿနာ မဟုတ်ဖူး။ အများပြည်သူနဲ့ဆိုင်တဲ့ ပြဿနာမျိုး။ အများပြည်သူအရေး နဲ့ ပတ်သက်လာရင် ကိုယ်တို့ ဟာ တဦးချင်း ပုဂ္ဂလိက စိတ်ဝေဒနာတွေကို မေ့ပ်စလိုက်ရတဲာ မဟုတ်လား"
"ဒီမှာ ဂျွန်၊ ကျမ ရှင်တို့ နိုင်ငံရေးကို နားမလည်ဘူး။ သိလဲ မသိဘူး။ ဒါပေမယ့် ကျမ သမ္မာကျမ်းစာကို ဖတ်နိုင်တယ်။ သမ္မာကျမ်းစာက ငတ်နေတဲ့လူကို ကျွေးရမယ်၊ အ၀တ်မဲ့တဲ့လူကို အ၀တ်ပေးရမယ်၊ စိတ်သောက ရောက်နေတဲ့ လူကို နှစ်သိမ့်ရမယ်လို့ ဆိုတယ်။ သမ္မာကျမ်းစာရဲ့ အဆိုကို ကျမ လိုက်နာ ရ လိမ့်မယ် ဂျွန်"
"မင်း ဒီလိုလုပ်ရင် အများအမြင်မှာ မကောင်းမှု"
"ဖုရားသခင်ရဲ့ အဆုံးအမကို လိုက်နာတာဟာ အများပြည်သူအဖို့ မကောင်းမှု မဖြစ်နိုင် ပါဘူး ဂျွန်။ ဒါလောက်တော့ ကျမ သိပါသေးတယ်"
"နားထောင်စမ်းပါအုံး မေရီရယ်။ ကိုယ် မင်းနားလည်အောင်"
"အို။ ရှင် ဘာမှ ရှင်းပြနေစရာ မလိုဘူး ဂျွန်။ ကဲပါ။ ခု ရှင် အိမ်တံခါးဝမှာ ထွက်ပြေးလာတဲ့ ဆင်းရဲသား တယောက် စားရမဲ့သောက်ရမဲ့ ဘ၀နဲ့ ရောက်လာပါပြီတဲ့။ ကဲ၊ ရှင် ဘဲ့နဲ့လုပ်မလဲ ခုနေ နှင်းမုန်တိုင်းကြးမှာ မိန်းမတယောက် တံခါးဝ ရောက်လာပြီဆိုပါစို့ ရှင်။ ရှင် သူ့ကို ဖမ်းပြီး ထောင်ထဲ ပို့မလား။ သူ့ကို ကူညီ မလား။ ပြောစမ်းပါ ဂျွန်"
"တာဝန်ဟာ တာဝန်ဘဲ မေရီ" အမတ်မင်းအသံသည် နှေးကွေးလာလေသည်။
"တာဝန်၊ ဟုတ်လား ဂျွန်။ ဒီစကားကို မပြောစမ်းပါနဲ့ ဂျွန်ရယ်။ မဟာတာဝန် မဟုတ်ပါဖူး။ တာဝန်လို့ မသုံးစမ်းပါနဲ့ရှင်"
"ကိုယ် ရှင်းပြစမ်းပါရစေအုံး မေရီ"
"အို ရှင်၊ ရှင်းမနေပါနဲ့။ ကျမ မကြားချင်ဘူး။ ဒါတွေဟာ ရှင်တို့ နိုင်ငံရေးသမားတွေရဲ့ အလုပ်ပါရှင့်"
ထိုအခိုက်မှာပင် အိမ်တကာလှည့်၍ ကျဖမ်း အလုပ်လုပ်နေသော နီးဂရိုးလူမျိုး အဖိုးကြီး ကတ်ဂျိုး ရောက်လာကာ မစ္စက်ဗတ်အား မီးဖိုတွင်းသို့ ခဏလာရန် ခေါ်သဖြင့် မစ္စက်ဗတ်သည် နေရာမှ ထသွား လေ၏။ သည်တော့မှပင် အမတ်မင်းအဖို့ စိတ်သက်သာရ ရသွားဟန်ဖြင့် သတင်း စာကို ဆွဲယူကာ ပက်လက် ကုလားထိုင် တွင် ထိုင်ချလိုက်သည်။
အတန်ကြာလျှင်ပင် တံခါးဆီမှ မစ္စက်ဗတ်၏ ခေါ်သံကို ကြားသဖြင့် အမတ်မင်းသည် သတင်းစာကို ချ၍ အသံလာရာ မီးဖိုဆီသို့ ထွက်ခဲ့လေသည်။
အမတ်မင်းသည် မီးဖိုတွင်းရောက်လျှင်ပင် သူ့ရှေ့မြင်ကွင်းကြောင့် အံ့သြထိတ်လန့်ရလေ သည်။ မြင်ကွင်း၌ တွေ့ရသူကား မိန်းမချော မိန်းမလှကလေး ဖြစ်သည်။ ထိုအမျိုးသမီး၏ အ၀တ် အစားများမှာ စုတ်ပြတ် ကာ ရေခဲများဖြင့် ဖုံးလွှမ်းနေ၏။ သူ့တွင် ဖိနပ်မပါ။ ခြေထောက်မှ သွေးယို စီးနေ၏။ ထိုအမျိုးသမီး သည် ကုလားထိုင်နှစ်လုံးစပ်ပေါ်၌ သတိမေ့နေ၏။ သူ့ကို မြင်ရရုံနှင့် သူ သည် နီးဂရိုးမတယောက်ဖြစ်မှန်း သိသာ ထင်ရှားလွယ်၏။
အမတ်မင်းသည် မလှုပ်မချောက် ငေးစိုက်ကြည့်နေ၏။
မစ္စက်ဗတ်နှင့် အိမ်ဖော် အမျိုးသမီးကြီး ဒင်နာတို့သည် သတိမေ့နေသော နီးဂရိုးမကလေး ကို သတိရ အောင် ပြုစုနေ၏။ အဖိုးကြီး ကတ်ဂျိုးကမူ ကလေးငယ်ကို သူ့ဒူးပေါ်တင်ကာ နွေးနွေး ထွေးထွေး ဖြစ်အောင် ပြုစု ပေးနေ၏။
"တူ တခါးဝကို ရောက်လာပြီး ၀င်ခိုခွင့် တောင်းတယ်။ တူလဲ အထဲရောက်ရော သတိမေ့ သွားတာဘဲ။ ခလေးမ ဟာ တော်တော်ကြီး အအေးဒဏ်ကို ခံလာရပုံရတယ်။ ဒါ့ကြောင့် နွေးနွေး ထွေးထွေး ဖြစ်ဖို့ လိုနေတယ်" အမျိုးသမီးကြီး ဒင်နာက အခြေအနေကို ပြောပြနေ၏။
ထိုအခိုက်မှာပင် အမျိုးသမီး၏ မျက်လုံးအစုံသည် ဖွင့်လာ၏။ သူ့မျက်နှာဟန်ပန်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်နေပုံ ရသည်။ အမျိုးသမီးသည် လဲနေရာမှ ဖြတ်ကနဲ ထလိုက်ပြီး
"သား၊ သား။ ကျမသားကို သူတို့ မိသွားကြပလားဟင်" ငိုယိုလျက် သားကို ရှာဖွေ၏။ ကလေးငယ်သည် အဖိုးကြီးကတ်ဂျိုးထံမှ အပြေးထလာကာ မိခင်အား ပွေ့ဖက်လိုက်သည်။
"အမယ်လေး၊ သား၊ သား၊ သား ရှိပါသေးကလား" အယ်လစ်ဇာသည် မစ္စက်ဗတ်ဖက် လှည့်၍ "သူ့ကို မဖမ်းပါစေ နဲ့ မမရယ်" တောင်းပန်းတိုးလျှိုး ပြောလိုက်သည။
"ဘာမှ မပူနဲ့ ခလေးမ။ မင်းဘာမှ မဖြစ်စေရဘူး။ မင်းကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး" အမတ်မင်းက ကြားဝင် ပြောလာ၏။
"ဖုရားသခင် ကယ်မပါစေရှင်" အယ်လစ်ဇာသည် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ ကလေးငယ်ကမူ မိခင်ကို တွယ်ဖက်တက်နေ၏။
ထို့နောက် မစ္စက်ဗတ်သည် အယ်လစ်ဇာအား အနားယူနိုင်ရန် မီးဖိုအနီးတွင် အိပ်ရာ ပြင်ပေးရန် စီစဉ်သည်။ ခဏချင်းပင် အယ်လစ်ဇာသည် အိပ်ရာတွင် အိပ်မောကျသွားသည်။ အိပ်ပျော်နေသည့်တိုင် သားငယ် ကိုမူ တင်းတင်းကျပ်ကျပ် ဖက်ထား၏။
အမတ်မင်း ဇနီးမောင်နှံသည် ဧည့်ခန်းသို့ ပြန်လာခဲ့ကြလေသည်။ ဧည့်ခန်းရောက်လျှင် အမတ်မင်းသည် သတင်းစာ ကို ဆွဲယူဖတ်နေ၏။ မစ္စက်ဗတ်မှာမူ အ၀တ်ချုပ်နေ၏။ နှစ်ဦးစလုံး မည်သူမျှ စကားမစသေးဘဲ တိတ်ဆိတ် နေ၏။
အတန်ကြာသောအခါ ဒင်နာသည် အယ်လစ်ဇာ နိုးနေပြီဖြစ်ကြောင်း လာရောက် ပြောဆို သဖြင့် ဇနီးမောင်နှံ သည် မီးဖိုထဲသို့ လာခဲ့ကြပြန်၏။
အယ်လစ်ဇာ သည် မီးဖိုဘေးတွင် ထိုင်လျက် ငိုနေသည်။
"ဘာမှ မစိုးရိမ်ပါနဲ့ မိန်းခလေးရယ်။ မမတို့ကို မင်းမိတ်ဆွေတွေလို့ သဘောထားပါ။ မင်း အကြောင်း ပြောစမ်းပါအုံး"
"ကျမ ဒီညဘဲ ကင်တတ်ကီက လာခဲ့ပါတယ်ရှင်"
"မင်း ဘယ်လိုလုပ် လာသလဲ" အမတ်မင်းသည် တအံ့တသြ ဖြစ်ရပြန်လေသည်။
"ရေခဲတုံး တွေပေါ် ဖြတ်ပြီး မြစ်ကို ကူးလာခဲ့ပါတယ်ရှင်""
"ရေခဲတွေပေါ်က ဖြတ်လာတယ်" အခန်းထဲရှိသူ အားလုံးပင် တပြိုင်နက်တည်း တအံ့တသြ ပြောဆိုလိုက်မိကြသည်။
"ဟုတ်ပါတယ်ရှင်။ သူတို့က ကျမ နောက်က ကပ်နေတော့ ကျမအဖို့ တခြားနည်းလမ်း မရှိတာ့ဘူး။ သူတို့ လက်က လွတ်ဖို့က အရေးကြီးဆုံး ဖြစ်နေတာကြောင့် ဇွတ်နှစ်ပြီး မြစ်ကို ကူးရ တာဘဲ။ ဖုရားမလို့ ကျမ လွတ်လာခဲ့တာပါရှင်"
"ဖုရား၊ ဖုရား" အိမ်စေ အမျိုးသမီးကြီးသည် ဖုရားကို တလျက် "ရေခဲတွေ အတုံးလိုက် အတုံးလိုက်ကွဲပြီး ရေထဲ မှာ မျောနေကြတယ် မဟုတ်လား။ ရေတွေကလဲ တက်လို့ မဟုတ်လား" ဟု ပြောလိုက်သည်။
"ဟုတ်ပါတယ်ရှင်။ ကျမလဲ ဒီလက်ကမ်း ရောက်လာလိမ့်မယ်လို့ကို မထင်ခဲ့ပါဘူး။ ဒါပေမယ့် ကျမ ဘာမှ ဂရုမစိုက် နိုင်ခဲ့ဘူး။ ကျမအဖို့ ဒီအချိန်ကတော့ ဘယ်လိုဖြစ်ဖြစ် သေရမှာ ဘဲလို့ ထင်တာဘဲ။ အဆုံးတော့ ဒါဟာ ဖုရားမတာပါဘဲ"
"မင်းဟာ ကျွန်တယောက်ပဲလား ခလေးမ" အမတ်မင်းက မေးသည်။
"ဟုတ်ပါတယ်ရှင်။ ကင်တတ်ကီက လူကြီး လူကောင်း တယောက်ပိုင်တဲ့ ကျွန်တယောက် ပါ"
"ဒါဖြင့် မင်းသခင်မက မကောင်းလို့လား"
"ဒါလဲ မဟုတ်ပါဘူးရှင်။ သခင်မဟာ ကျမအပေါ် အမြဲတမ်းကောင်းခဲ့တာပါ"
"ဒါဖြင့် မင်း ဘာပြုလို့ အိမ်က ထွက်ပြေးလာရတာလဲ ဟင်"
အယ်လစ်ဇာသည် ရုတ်တရက် နှုတ်တုံ မပြန်သေးဘဲ မစ္စက်ဗတ်ကို လှမ်းကြည့်လိုက် သည်။ ထိုသို့ မစ္စက်ဗတ် ကို ကြည့်လျက်ကပင်
"မမမှာ သားသမီးများ မဆုံးပါဘူးဘူးလားရှင်" မေးလိုက်၏။
မမျှော်လင့်သော မေးခွန်းကြောင့် အမတ်မင်း ဇနီးမောင်နှံသည် နှုတ်အ သွားရလေသည်။ လွန်ခဲ့သော တလ ကပင် သူတို့၏ အငယ်ဆုံး သားထွေးသည် ဆုံးပါးခဲ့ရပြီး ဖြစ်၏။ ထို့ကြောင့်လည်း ရုတ်တရက် စကား မပြော နိုင်ဘဲ မင်သက်မိကြရခြင်း ဖြစ်လေ၏။ အတန်ကြာမှပင်
"မင်း ဘာဖြစ်လို့ ဒီမေးခွန်းကို မေးရတာလဲ ခလေးမရယ်" မစ္စက်ဗတ်သည် သူ့သားငယ် ဆုံးခဲ့သည်မှာ တလ ခန့်သာ ရှိသေးကြောင်း ပြောဆိုပြီးနောက် အယ်လစ်ဇာအား တုံ့ပြန်မေးခွန်း ထုတ်လိုက်သည်။
"ဒီလိုဆို မမတို့ နားလည်နိုင်ပါတယ်ရှင်။ ကျမဟာ ခလေးနှစ်ယောက်ဆုံးခဲ့ဘူးပါတယ်။ ဒီခလေး မမွေးခင် ကဘဲ နှစ်ယောက်စလုံး ဆုံးသွားခဲ့တယ်။ ကျမအဖို့ ဒီတယောက်သာ ချစ်စရာ တွယ်စရာအဖြစ် ကျန်ရစ် ခဲ့ပါတယ်။ ဒီသားသာ ကျမ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ကျမသားကို ရောင်းလိုက်ကြတယ်။ တောင်ပိုင်းက ကျွန်ကုန်သယ် တယောက်ဆီမှာ ရောင်းလိုက် ကြသတဲ့ မမရယ်။ ဒါကိုလဲ ကျမ သိရော။ ကျမ ဆက်နေ နိုင်ပါအုံးမလား။ ကျမသားကို ကျမ ဘယ်လိုလုပ်ပြီး ကျွန်ကုန်သယ်လက်ထဲ ထဲ့နိုင်ပါမှာလဲ မမ။ ဒါ့ကြောင့် ကျမ ထွက်ပြေးလာခဲ့တာ ဘဲ။ သူတို့ ကျမနောက်က လိုက်လာကြတယ်။ ကျမဟာ ဘာမှ မသိတော့ ဘူး။ ဒီမြစ် ဒီရေခဲတွေ ပေါ်မှာ ဘယ်လိုဖြတ်ခဲ့ရတယ်ဆိုတာလဲ မသိတော့ဘူး"
အားလုံးပင် အယ်လစ်ဇာ့ စကားကြောင့် စိတ်မကောင်း ဖြစ်ကြရလေတော့သည်။
"မင်း ဘယ်ကို သွားမလို့လဲ မိန်းခလေးရယ်" မစ္စက်ဗတ်က မေးသည်။
"ကျမ ကနေဒါကို သွားမယ်။ ကနေဒါဆိုတာ သိပ်များဝေးသလားရှင်" အယ်လစ်ဇာသည် မစ္စက်ဗတ်အား မော့ကြည့် လျက် မေးလိုက်သည်။
"ဝေးလှချည်ပေါ့ ခလေးမရယ်။ အေးလေ၊ ဘာဘဲဖြစ်ဖြစ် ဒို့များ မင်းကို ဘယ်လိုကူညီနိုင် မလဲ ကြည့်ပါအုံး မယ်ကွယ်" အမတ်မင်းသည် အယ်လစ်ဇာအား နှစ်သိမ့်စကား ပြောပြီးနောက် ဒင်နာ့ဘက်လှည့်၍ "ကဲ၊ ဒင်နာ။ ဒီခလေးမကို မင်းအခန်းထဲ ခေါ်သိပ်လိုက်ပါကွယ်။ သူ့အတွက် ဒို့ဘာလုပ်ရမလဲ စဉ်းစားအုံးမယ်" ဟု အမိန့်ပေး ၍ "ဖုရးသခင်ကိုသာ အောက်မေ့ပါ မလေးမ။ မင်းကို ဖုရားသခင် စောင့်ရှောက် လိမ့်မပေါ့ကွယ်"ဟု ပြောလိုက်လေသည်။
ထို့နောက် အမတ်မင်း ဇနီးမောင်နှံသည် ဧည့်ခန်းတွင်းသို့ ပြန်လာခဲ့ကြ၏။ နှစ်ဦးစလုံး ပင် အယ်လစ်ဇာ နှင့် ပတ်သက်၍ အလေးအနက် စဉ်းစားကြရလေပြီ။ အမတ်မင်း မစ္စတာဗတ်အဖွဲ့မူ အမတ် တယောက် အနေ နဲ့ အခက်ကြုံရလေတော့သည်။
"မေရီ။ ဒီခလေးမတော့ ညတွင်းချင်း ဒီက ထွက်သွားဖြစ်မယ် ထင်တယ်။ ဟို ကျွန်ကုန် သယ်ဟာ ဘာဖြစ်ဖြစ် ဒီဘက်ကို အမြန်ဆုံး လိုက်လာမှာ အမှန်ဘဲ။ သူတို့ ဒီရောက်လာလို့ ဒီခလေးမ ကိုယ့်အိမ်မှာ တွေ့သွားရင် အခက်ပဲ မေရီ။ ဒီတော့ ဘာဖြစ်ဖြစ် သူတို့သားအမိ ဒီညဘဲ တခြားကို သွားစေမှ ဖြစ်မယ်" ခပ်ညည်း ညည်း ပြောလိုက်သည။
"ဘာပြောတယ်ဂျွန်။ ညတွင်းချင်း သွားရမယ် မဟုတ်လား။ ဖြစ်နိုင်ပါ့မလား ဂျွန်။ သူတို့ ဘယ်လိုလုပ်ပြီး သွားနိုင်ပါ့မလဲ"
"ကိုယ်လဲ ဒါကိုဘဲ စဉ်းစားနေပါတယ် မေရီ" အမတ်မင်းသည် အပြင်ထွက်မည့် ဟန်ဖြင့် ဖိနပ်များကို စီးရင်း ဇနီးသယ်၏ အမေးကို ဖြေလိုက်သည်။ ထို့နောက် သက်ပြင်းကို မှုတ်ထုတ်၍ "ဂွတော့ အကျသားဘဲ။ ဒါပေမယ့် လုပ်တော့ လုပ်ရမှာဘဲ မေရီ။ ကိုယ့်မိတ်ဆွေဂျွန်ဗင်ထရွန်ပီဆီ အကူအညီတောင်းရမှာဘဲ။ သူ ကူညီ ပါလိမ့်မယ်။ သူ့ခြံက ဒီကနေ ခုနှစ်မိုင်လောက် ဝေးတယ်။ ခက်တာက သူ့ဆီသွားဘို့ဘဲ။ အေးလေ၊ အဲဒီ သွားဘို့ဆိုတာကလဲ ကိုယ်လိုက်ပို့မှ ဖြစ်မှာပါ"
"ကတ်ဂျိုးလဲ လှည်းမောင်း အတော်သားဘဲ မဟုတ်လား ဂျွန်"
"ဒါပေမယ့် မလွယ်ဘူး မေရီ။ လမ်းက အတော်ဆိုးတာ။ လမ်းမှာက ချောက်ကြီး နှစ်ခု ရှိတယ်။ တခုက အလွန်ဆိုးတာ။ ကိုယ်ကတော့ ဒီလမ်းကို အကြိမ်တရာလောက် သွားဘူးနေ တော့ ကိုယ့်လို သူသွားတတ်မှာ မဟုတ်ဖူး။ အေးလေ။ ကတ်ဂျိုးကိုသာ မြင်းလှည်းအတပ်ခိုင်းလိုက် ပါကွယ်။ ကိုယ်တို့ သန်ကောင်လောက်မှာ ထွက်သွားမှဘဲ။ ကတ်ဂျိုးလဲထဲ့လိုက်ပေါ့။ ဒို့ ဟိုကို မနက် သုံးလေးနာရီလောက် ရောက်ပြီးရင် ပြန်လာမယ်။ ကိုယ်ခရီးတခုက ပြန်လာ သလိုပေါ့ ကွယ်။ အဲဒီမှာ ကတ်ဂျိုးက ကိုယ့်ကို လိုက်ပို့တဲ့ အနေပေါ့လေ။ အင်း၊ လွှတ်တော် ထဲ ရောက်ရင်
ကိုယ် ဘယ်လို နေရပါ့မလဲ မသိဘူး။ ဘယ်တတ်နိုင်မလဲလေ။ ဖြစ်သမျှ အကြောင်းဘဲပေါ့"
"အင်း၊ ဒီလိုတော့လဲ ရှင့်နှလုံးသားက ရှင့် ဦးနှောက်ထက် အဖိုးတန်ပါကလား ဂျွန်" ဇနီး ဖြစ်သူက ကောက်ချက်ချလိုက်သည်။
အမတ်မင်းသည် အခန်းထဲမှ ထွက်လာခဲ့ပြီးမှ အခန်းထဲသို့ ပြန်လှည့်ကာ "မေရီရယ်၊ မင်း ဘယ်လောက်တေယသ် စိတ်ဒုက္ခရောက်နေရမယ်ဆိုတာ ကိုယ်မသိနိုင်ပေဘူး။ အေးလေ၊ ဒါပေမယ့် ဒို့ရဲ့ သားကလေး အ၀တ်တွေ ရှိတယ် မဟုတ်လား" စကားစလိုက်သည်။ သည့်ထက် တော့လည်း သူ ပို၍ မပြောနိုင်တော့ပေ။ တံခါးကို ပိတ်ပြီး နေရာမှ ထွက်ခဲ့လေသည်။
မစ္စက်ဗတ်သည် လင်သားဖြစ်သူ ဘာဆိုလိုသည်ကို သိပြီး ဖြစ်သည်။ သူသည် အိပ်ခန်း နှင့်ကပ်လျက် အခန်းတွင်းသို့ ၀င်ခဲ့သည်။ ဖရောင်းတို့ကို ထွန်းသည်။ ဘီဒို ရှိရာသို့ လာခဲ့၏။ သူ့နောက်မှ သားငယ် နှစ်ယောက်သည်လည်း ထက်ကြပ်မကွာ လိုက်လာကြသည်။ သူတို့အမေ ဘာလုပ်သည်ကိုလည်း စူးစိုက် ကြည့်နေ၏။
မစ္စက်ဗတ်သည် အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ကလေးဝတ်အင်္ကျီအမျိုးမျိုး၊ ခြေအိပ်အမျိုး မျိုး၊ စက္ကူဖြင့် ရစ်ပတ်ထားသော ဖိနပ်အဟောင်းကလေးတရံ၊ မြင်းလှည်းရုပ်ကလေး တခု၊ ဂျင် တလုံး၊ ဘော့လုံးတလုံး၊ ဤ သည်တို့ကား သွားလေသူ သားငယ်၏ အမှတ်တရ ပစ္စည်းများတည်း။ ထိုပစ္စည်းတွေကို မြင်ရပြီ ဆိုသောအခါ မစ္စက်ဗတ်ရင်ထဲမှာ မချိတင်ကဲ ဖြစ်လာသည်။ ဘာမျှ ဆက်၍ မလုပ်နိုင်သေးဘဲ အားရအောင် ငိုချလိုက်သည်။ ပြီးမှ အ၀တ်အထည် အချို့နှင့် ကစား စရာများကို စုထုတ်သည်။
"သူများကို ပေးမလို့လား မေမေ" သားငယ်က မိခင့်လက်မောင်းကို အငြင်အသာ ပွတ် သပ်လျက် မေးလာသည်။
"ဟုတ်တယ်သား။ တကယ်တော့ မေမေ ဒါတွေကို မပေးရက်ဖူး။ ဒါတွေပေးရမယ့်အတွက် မေမေ အသဲနာ လှတယ်သား။ ဒါပေမယ့် မေမေရင်ကွဲရတာထက် ပိုပြီး ရင်ကွဲနေရတဲ့ သားအတွက် ၀မ်းနည်း ပူဆွေးနေရတဲ့ မိခင်တယောက်ကို မေမေ ဒါတွေ ပေးမလို့။ မေမေ သားလေးအတွက် ကုသိုလ် ကောင်းမှုပြုတဲ့ သဘောပေါ့ကွယ်" သူ့ရင်ထဲက ဝေဒနာကို ဖြေသိမ့်ကြည့်သည်။
ထို့နောက် မစ္စက်ဗတ်သည် သူ့အ၀တ်အစား ဘီဒိုမှ အ၀တ်အချို့ကို အယ်လစ်ဇာအတွက် ရွေးထုတ် သည်။
ဆယ်နှစ်နာရီထိုးလေပြီ။ တံခါးဝဆီမှ လှည်းသံကို ကြားရသည်။
အမတ်မင်းသည် အိမ်ထဲသို့ ၀င်လာကာ "မေရီရေ၊ ခလေးမကို နှိုးလိုက်တော့ဟေ့။ ကိုယ်တို့ သွားကြမယ်" ဟု ပြောလိုက်သည်။
မစ္စက်ဗတ်သည် အ၀တ်များကို သစ်တာကလေး တခုတွင် ထည့်ခဲ့ပြီး ခင်ပွန်းသည် ဖြစ်သူ အား လှည်းပေါ်သို့တင်ရန် လှမ်းပေးသည်။ ပြီး အယ်လစ်ဇာ ရှိရာသို့ လာခဲ့သည်။
ချက်ချင်းလိုပင် အယ်လစ်ဇာသည် သားကို ချီလျက် ထွက်လာသည်။ သူ့ခန္ဓာကိုယ်၌ မစ္စက်ဗတ်၏ အနွေးထည် များကို ၀တ်ဆင်ထားသည်။ မစ္စက်ဗတ်က လှည်းဆီသို့ ခပ်သွက်သွက် သွားရန် တိုက်တွန်း သည်။ အယ်လစ်ဇာ့ နှုတ်က ဘာမျှ မပြောနိုင်။ မျက်လုံး အစုံကမူ သူ့ရင်ထဲက ဝေဒနာကို ဖော်ပြနေ၏။ မစ္စက်ဗတ် သည် အယ်လစ်ဇာ့လက်ကို တင်းတင်းဆုပ်ကိုင် နှုတ်ဆက် သည်။
ထို့နောက် တံခါးသည် ပြန်ပိတ်သွား၏။ လှည်းသည် ထိုနေရာမှ ထွက်လာခဲ့လေသည်။
လမ်းသည် ကြမ်းတမ်းလှစွာ၏။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မိုးရွာထားသဖြင့် လမ်းမှာ ပို၍ပင် ခက်ခက်ခဲခဲ ဖြစ်နေလေသည်။ ထို့ကြောင့် အမတ်မင်းသည် လှည်းကို ခက်ရာ ခက်ဆစ် မောင်းခဲ့လေသည်။ အတန် ကြာအောင် မောင်းခဲ့ပြီးမှ သူတို့သည် မစ္စတာဂျွန်ဗင်ထရွန်ပီ၏ ခြံသို့ ရောက်လာကြ၏။
ထရွန်ပီသည် အသက်ကြီးရင့် အိုမင်းလှပြီ ဖြစ်၏။ ပုံပန်းသဏ္ဍာန်မှာ ကြမ်းတမ်းသော အသွင်ကို ဆောင်၏။ သို့သော် စိတ်သဘောထားမှာမူ နူးညံ့သိမ်မွေ့လှသည်။ သူသည် တချိန်ကမူ ကင်တတ်ကီတွင် နေထိုင်ခဲ့၏။ သို့သော် ကျွန်မွေး၍ လုပ်ငန်း လုပ်ကိုင်ရခြင်းကို သူ စိတ်ပျက်လာ သည်။ ထို့ကြောင့် ကင်တတ်ကီ ပြည်နယ်ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ပြီးနောက် စုမိသမျှ ပိုက်ဆံဖြင့် အိုဟိုင်းအိုပြည်နယ်သို့ လာရောက်ကာ အခြေချခြင်း ဖြစ်လေသည်။ ထိုအခါမှစ၍ သူ့ရှိသမျှ ကျွန် များကို လွတ်လပ်ခွင့် ပေးလိုက် သည်။ သူကိုယ်တိုင်ကမူ လူသူမနီးသော တောင်တွင်းရှိ ခြံမြေ ကလေးတခုကို ၀ယ်ယူကာ ထိုခြံ တွင် အခြေစိုက် နေထိုင်ခဲ့ခြင်း ဖြစ်၏။
အမတ်မင်းက အယ်လစ်ဇာအတွက် အကာအကွယ်ပေးနိုင် မပေးနိုင် မေးမြန်းသောအခါ အဖိုးကြီးသည် အားတက်သရော
"သေချာပေါက် အကာအကွယ်ပေးတာပေါ့ဗျာ။ လာစမ်းပါစေ။ ဒီကျွန်ဖမ်းတဲ့ကောင်တွေ လိုက်လာ စမ်းပါစေ။ ကျုပ်အကြောင်း ပြရတာပေါ့။ ဟောဒီမှာ ကျုပ်သားခုနှစ်ယောက် ရှိတယ်။ အားလုံး အရပ် ခြောက်ပေ စီ ရှိတယ်။ ဒီကောင်တွေက အချိန်မရွေး အကြောင်းပြလိမ့်မပေါ့။ အဲဒီ ကောင်တွေ လာရင် ပြော လိုက်စမ်းပါ။ လာခဲ့စမ်းပါလို့။ အကြောင်းသိရအောင်" ရယ်ရယ်မောမော ပြောလိုက်သည်။
ထို့နောက် အဖိုးကြီးသည် အယ်လစ်ဇာအတွက် အိပ်ရာနေရာ ချထားပေးသည်။
"ကိုင်း ခလေးမ။ ဘာမှ မကြောက်နဲ့။ လာစမ်းပါစေ။ ဘာလောက်လာလာ၊ အချိန်မရွေး အကြောင်းပြလိုက်မယ်" အဖိုးကြီးသည် အသင့်ချထားသော သေနတ်ကို လက်ညှိုးညွှန်ပြရင်း "ကဲ၊ ကဲ။ မင်း စိတ်ချ လက်ချသာ အိပ်ပေတော့"ဟု ပြောပြီး အယ်လစ်ဇာ့အခန်းကို ပိတ်၍ အပြင်သို့ ပြန်ထွက်ခဲ့လေသည်။
အပြင်သို့ ပြန်ရောက်လျှင်ပင် အမတ်မင်းသည် အဖိုးကြီး ထရွန်ပီအား အယ်လစ်ဇာ၏ အဖြစ်အပျက်ကို ရှင်းလင်း ပြောပြသည်။
ထို့နောက် အဖိုးကြီးက အမတ်မင်းအား အပန်းဖြေနားနေရန် ပြောသေး၏။ သို့သော် အမတ်မင်းအဖို့ ခရီးဆက်ရအုံးမည်ဖြစ်၍ နားချိန်မရှိတော့ကြောင်း ပြောသဖြင့် အဖိုးကြီးသည် အမတ်မင်း အပြန်ခရီး အတွက် ဖြတ်လမ်းကို ညွှန်ပြလိုက်သည်။
မြင်းလှည်း ထွက်ခါနီးသော အခါ အမတ်မင်းသည် အဖိုးကြီးထံသို့ ဆယ်တန်တရွက်လှမ်းပေး ရင်း
"ခလေးမ အတွက်ပါ" ဟု ပြောလိုက်သည်။
"အေး၊ အေး"
အမှောင်တွင်းမှာပင် သူတို့ ခွဲခွာခဲ့ကြလေတော့သည်။
အခန်း (၁ဝ) ဆက်ရန်
.

1 comment:
မမရွှေစင်ရေ
ကောင်းခန်းရောက်နေပြီ... မြန်မြန်လေး... ဟဲဟဲ ဒီတခါ ပူးတေက မြန်မြန်လေးလို့ တောင်းဆိုလိုက်ပြီ...
း)
Post a Comment