'' လန်ဒန်မှ ပဲရစ်သို့ ''
သို့ မှ
အယ်ဒီတာ ဒေါ်ဒဂုန်ခင်ခင်လေး
ယုဝတီဂျာနယ် ခေတ္တနယူးယောက်မြို့။
နယူးယောက်မြို့မှ စက်တင်ဘာလ ၂၀ရက်နေ့ကို ခရီးထွက်ရန် စီစဉ်ထားသော်လည်း ဗမာပြည်မှ ကိစ္စတခု ဆောင်ရွက်ပေးရန် ရှိသေး၍ တလတိတိထပ်မံ စောင့်နေရသဖြင့် ယခုအောက်တိုဘာလ ၂၁ရက်နေ့ကစပြီး ခရီးထွက် ရပါတော့မည်။
လန်ဒန်မြို့မှ ဇလိုင်လ ၃၀ရက်နေ့ ပြင်သစ်ပြည် ပဲရစ်မြို့သို့ လေကြောင်းခရီးဖြင့် ကူးခဲ့ပါသည်။ လန်ဒန်မြို့ ၏ ရှုခင်းအလှကလေးတွေကို လေယာဉ်ပျံပေါ်မှမြင်ရပြန်ပါပြီ။
ပြာလွင်စိမ်းစိုသည့် သဘာဝအလှတွေ သိမ်းမြစ်ကိုဗဟိုရ်ထားပြီး စည်ကားကြီးကျယ်သော လန်ဒန် မြို့ကြီး နှင့် တကွ ပတ်ဝန်းကျင် ဆင်ခြေဖုံးတ၀ိုက်မှာဖြင့်၊ သယာကြည်နူးစရာကောင်းပါပေသည်။ ရာသီဥတု က ကြည်တလှည့် မှောင်တလှည့် ဖြစ်အောင် တိမ်တောင်မိုးသားများ လေကစားတိုင်း ရွှေ့လျားလျက် ရှိပါ သဖြင့် တခါတခါ လူ့ရွာကို မမြင်ရဘဲ ၀ါဂွမ်းပုံကြီးထဲ နစ်မြုတ်ထိုးဖေါက်ပြေး လိုက်ရ၊ တချီတချီဂွမ်းပုံတိမ်စိုင် တိမ်လိမ့် များ အထက်မှ စီး၍ ကြည်လင်ပြာလဲ့သော အာကာသ အောက်သို့ ရေက်နေလိုက်နှင့် အင်္ဂလန် ကျွန်း ကို ပျောက်ချည် ပေါ်ချည် ကွက်ကြား ကွက်ကြား သောမြင်ရပါတော့သည်။
သို့နှင့် တချိန် တိမ်မြူကင်းစင်၍ လေယာဉ်မှ အောက်သို့ ငုံ့ကြည့်သောအခါ အင်္ဂလိပ် ရေလက် ကြားခေါ်တဲ့ ပင်လယ်ပြင် ပေါ်မှ ဖြတ်ကျော်နေသည်ကို တွေ့မြင်ရပါသည်။
ရေပြင်မှာ ပြာလဲ့လဲ့ အင်္ဂလန်ကျွန်းဘက် ဒို့ဗာကမ်းခြေတလျှောက်ကတော့ ဖြူဖွေးတဲ့ ကျောက်ကမ္ဘာ ပြတ်ကြီး များကို ပန်းချီကားထောင်ပြသကဲ့သို့ ရှုမြင်ကွင်းလှလှနှင့် တွေ့ရသည်။
ပင်လယ်ရေပြင် မှာ ကူးသန်းသွားလာနေကြတဲ့ ပင်လယ်ကူး သင်္ဘောကြီးတွေမှာလည်း သခွားခွံ ကလေး တွေ မြောနေသလို တွေ့မြင်ရပါသည်။
ပင်လယ်ကမ်း တဘက်မှာရှိတဲ့ ပြင်သစ် ပြည်နော်မံဒီကမ်းခြေဘက်ကလည်း စိမ်းစိမ်းစိုစိုနှင့် မြကမ္ဗလာကြီး ကို ဖြန့်ခင်းထားပါသည်။ ကြည့်လို့ ကောင်းနေခိုက်မှာ မိုးတိမ် တိုက်တွေရင်ဆိုင် လာပြီး လေယာဉ်ပျံကြီး လည်း နိမ့်ချည် မြင့်ချည် ' အဲယားပေါ့ကက် ' ဆိုတာတွေကို ဖြတ်ကျော် ပျံသန်းနေရပြန်တယ်။
ချစ်ချင်စဘွယ် လေယာဉ်မယ်
ဒီအချိန်မှာဘဲ နေ့လည်စာကျွေးချိန် ရောက်လာလို့ လေယာဉ်စီးတဲ့ ခရီးသည်များကို ပြုစုဘို့ လိုက်ပါလာတဲ့ လေယာဉ်မယ် ကလေး နှစ်ဦးဟာ ယာယီစားပွဲ ကလေးတွေ လူစေ့အောင် လိုက်တပ်ပေးတဲ့ လူကပေး စားစရာ လင်ဗန်းကလေးများ လိုက်ချသူက ချနှင့် ကိစ္စရှုပ်နေကြပြီး ဒီဝေဟင်နယ်မှာ ပျော်ကြတဲ့ လေယာဉ်မယ် အလှကလေး တွေဟာ ပြုံးရွှင်ကြည်လင်တဲ့ မျက်နှာနဲ့ လူတကာကို ဖော်ဖော်ရွှေရွေ ယုယုယယ နှင့် ပြုစုရှာကြတာဟာ အင်မတန် ချစ်စရာကောင်းတယ်။
စီးပွားရေး မျက်စေ့နှင့်ကြည့်မယ်ဆိုရင်လည်း (ဘီအိုအေစီ) အမေရိကား (အေအဲလ်အမ်) အဲဒီလေ ကြောင်း ကုမ္ပဏီ တွေဟာ လေယာဉ်စီးတဲ့ ခရီးသည်တွေ စိတ်ကျေနပ်အောင် အပြုအစု ပြိုင်နေ ကြသလိုဘဲ ဗမာပြည် မှာလည်း ကုမ္ပဏီပိုင် လေကြောင်းခရီးတုန်းကတော့ အပြုအစုခံလိုက်ကြရ ဘူးသေးတယ်။ ကျွေးမွေး တဲ့ စားစရာတွေဆိုလျှင်လည်း မြို့ထဲဟိုတယ်တွေထက် အရသာရှိ တယ်။ စုံလင်တယ်။ လင်ပန်း ကစပြီး ပန်းကန်ခွက်ယောက်၊ ခရင်းမှ အစ ပေါ့ပါးတဲ့ ပလပ်စတစ် ပစ္စည်းနဲ့ လှုပ်ရှားရင်လည်း မလဲ မစောင်း စေရန် အခြေခံမြဲတဲ့ ပုံစံစနစ်နဲ့ ပြုလုပ်ထားတယ်။ အဲဒီလို ၅ မိနစ်လောက်နေ့လည်စာ စားနေတဲ့ အချိန် အတောအတွင်းမှာ မကြာမကြာ လေယာဉ်ပျံ နိမ့်လိုက် မြင့်လိုက်၊ စောင်းလိုက် လူးလိုက် ဖြစ်နေတော့ ခရီးသယ် ထဲက မျက်နှာဖြူ အမျိုးသမီး ၃ ယောက် အစားခွက် တန်းလန်းနဲ့ မူးပြီး ထိုးအန်ကျတယ်။ လေယာဉ်မယ် ကလေးတွေလည်း သုတ် သင်သိမ်းဆည်းပေးရတဲ့အလုပ်တွေ ရှုပ်ပွေသွားတာဘဲ။
လေယာဉ်ပျံပေါ် မှာ မမခင် မူးလျှင် ရှူရအောင်လို့ဆိုပြီး ထည့်ပေးလိုက်တဲ့ သွေးဆေး၊ ရေမွှေးပုလင်းနဲ့ သံပုရာသီး တလုံးဟာ ထွက်လာတဲ့ နေ့ကစပြီး ဒီအချိန်ထိအောင် အကျိုးမဆောင် ရသေးလို့ သူတို့ကဖြင့် မမခင် ကို ကျေနပ်ပုံမရကြပါ။ စားစရာ သောက်စရာကိစ္စပြီး၍ စားပွဲကလေး တွေသိမ်းဆည်းနေကြချိန်မှာ တိမ်တိုက် တွေ ရှင်းလင်းသွားပေပြီ။
လေယာဉ်ပျံကြီးလည်း ပင်လယ်ပြင်နှင့် နော်မံဒီ ကမ်းခြေကို ကျော်လွန်၍ ဆွစ်ဇာလန်တောင်တန်း များမှာ အလွန် မြင့်မားကြသည့် အားလျော်စွာ လေယာဉ်ပျံကိုလည်း ပေနှစ်သောင်းကျော်က ပျံနေရ ပါသည်။
မြူတိမ်ကင်းစင် ကြည်လင်ခိုက်ဖြစ်၍ အထွတ်ထွတ် အလိပ်လိပ်တက်ခါ နင့်ထက်ငါကမြင့်သကွာလို့ အချင်းချင်းအားကျမခံ ခြေဖျားထောက်ပြိုင်နေတဲ့ တောင်စဉ် တောင်တန်းများကို ကြောက်ခမန်း၊ လန့်ခမန်း၊ မျှော်မဆုံးအောင် တွေ့မြင်နေရပါသည်။
နှင်းခဲ ရေပျော်ကျချိန် ဖြစ်သောကြောင့်၊ တောင်ထိပ်ပိုင်းတွေမှာ ကျောက်ညို ကျောက်မဲကြီးတွေ ပေါ်နေပြီး ရှိုကြား မှန်သမျှ ကြီးကြီးငယ်ငယ်မှာ ဖြူဖွေးသော နှင်းခဲများ ဖုံးလျက်လုံးလျက် တွေ့ရသောကြောင့် အဖြူနှင့် အမဲ အရောင်နှစ်မျိုးကလွဲပြီး၊ အခြား ရှူမျှော်ခင်းဆို၍ မမြင်ရတော့ပါ။ ခါတခါ တိမ်တိုက်နှင့် လာတိုးလျှင် အဖြူရောင် သက်သက် လွှမ်းမိုးကြီးစိုးသွားကြပြန်ပါသည်။
ဒီလိုနှင့် တောင်ထွတ်နှင်းဖုံးလောကကြီးက ၀ါးကနဲ လွန်မြောက်ပြီး စိမ်းစိုသော တောင်တန်း ကလနာ ချသည့် ပြာလဲ့လဲ့ ရေပြင်ကျယ် အိုင်ကြီးကို အလယ်ဗဟိုပြုကာ သာယာသော တောင်ပေါ်မြို့ကလေးတွေ၊ အိမ်မိုး နီနီကလေးတွေကို တကန့်တကန့်တွေ့မြင်ရပါသည်။
ဆွဇ်ဇလန်ပြည်၏။ မြို့ကြီး မြို့ကလေးမှန်သမျှ ကောင်းကင်မှစီး၍ တ၀ကြီးကြည့်လိုက်ရပါတော့ သည်။ တတောင် နှင့် တတောင် ကူးသော ကြိုးသွယ်ရထားကလေးတွေကလည်း ပင့်ကူကောင် အမြှင်တန်း သည့်နှင်နှင်။ အေးအေးချမ်းချမ်း သာသာယာယာနှင့် ဦးနှောက်ကို အသုံးချကာ စက်ကိရိယာတန်ဆာပလာ။ အထူးသဖြင့် နာရီမှာ ကမ္ဘာကျော်အောင် အထက်တန်းကျခဲ့ကြတာဘဲ လို့ ဘုတလင်က၊ ကိုရင်ဘစံ၊ ဆီ ရောင်းလို့ ပြန်ခါနီးမှာ လက်ပတ်နာရီ ဆွဇ်စမိတ် မှ လိုချင်သကွာလို့ ပြောဘူးတာသွားပြီး သတိရ မိသေး တယ်။
ဆွစ်ဇာလန်မှပြင်သစ်သို့
ဆွဇ်ဇလန်နိုင်ငံ နယ်နိမိတ်က လွန်ပြီးတဲ့ နောက်တော့ ပြင်သစ်ပြည်ဘက်ကို ၀င်လာခဲ့တာ ပါဘဲ၊
ဒီဘက်မှာတော့ တောင်စဉ်တောင်တန်းများ ပါးသတဲ့ပါးပြီး မြေပြင်ဟာ ဆီမျက်နှာပြင်လို ညီလာ တယ်။ စိမ်းစို တဲ့ လယ်ကွင်းနှင့် သီးခင်း၊ ပွင့်ခင်းကြီးတွေဟာ တမျှော်တခေါ်ပါဘဲ။
လယ်ထွန်စက်နှင့် ဆွဲတဲ့နိုင်ငံဆိုတော့ ဗမာပြည်က နွားနဲ့ထွန်တဲ့ လယ်ကွက်တွေလို ကန့်သင်းကွက် စိပ်စိပ် ထားလို့ မရပါ။ တကွက်တကွက်မှာ ၁၁ မိုင် ၁၅ မိုင် ကျယ်ရပါသည်။ ကျယ်သလောက်လည်း ထွန်ယက် တဲ့ အခါ အချိန်တိုတို စရိတ်ကျဉ်းကျဉ်းနဲ့ ဖြန့်ဖြူးလှပတဲ့ စိုက်ခင်း တွေရနိုင်ခြင်းဖြစ်ပါသည်။
စိမ်းလန်းစိုပြေရှုခင်းတွေ
သစ်တောကြီးတွေကလည်း တမျှော်တခေါ်ကျယ်ပါသည်။ ဗမာပြည်က ကျွန်းပင်မျိုး မရှိသော်လည်း ၀က်သစ်ချ အုတ် ထင်းရှူးစသဖြင့် စိမ်းရောင်စိုတဲ့ သစ်တောကြီးတွေ ပါဘဲ။ သည်သစ်တောနဲ့ လယ် ကွင်းသွယ်တန်း ဖေါက်လုပ်ထားတဲ့လမ်းတွေမှာ၊ တတ္ထရာစေးရောင်၊ ညိုပြာပြာနှင့် အမွှာမွှာ အကန့်ကန့် မြို့ ရွာ နယ်ပယ် တလျှောက် ဒိုးရိုပေါက်၊ ဖေါက်လုပ်ထားပြီး အဓိကရ သစ်တောကြီးများ အတွင်းမှာလည်း တောလမ်းခရီးအသုံးချနိုင်ရန်၊ မျဉ်းသားသလို၊ တပြေးတည်း တညီတည်း မိုင် ပေါင်းများစွာ တမျှော်ကြီး ဆက်သွယ် ထွင်းဖေါက် ထားသည်မှာ၊ မြေပြင်ကနေ၍ ကြည့်ရသည်ထက် ဝေဟင်ထက်မှကြည့်ရဒါက မိမိရရ၊ လှလှပပ မြင်ရပါသည်။
ရှေးရှေးအခါ ' နပိုလီယန် ' တို့ခေတ်ဆီကစပြီး ကြီးပွားထွန်းကား၍ အထွတ်အထိပ်ရောက်ခဲ့ရပုံ၊ နောက်မကြာခဏ ပုန်ကန်မှုတွေ ရှုပ်ပွေခဲ့ကြပုံစတဲ့ ပြင်သစ်ရာဇ၀င်ကို နောက်ခံထားပြီး၊ ပြင်သစ် ပြည်ရဲ့ ရှုမျှော်ခင်း ကို အာရုံခံလို့မှမပြီးခင် လေယာဉ်ပျံဟာ(ပဲရစ်)မြို့ပေါ်ကိုဝဲပြီး၊ ' စိန်းမြစ် ' ကြီးကို ထင်းထင်း ကွက်ကွက် တွေ့ရပါသည်။
အင်္ဂလန်ပြည်က လန်ဒန်မြို့ဟာ သိမ်းမြစ်ကို ဗဟိုထား၍ အဆောက်အဦးများ ပြည့်ကြပ်အောင် တည်ရှိ နေသလို ပြင်သစ်ပြည် ပဲရစ်မြို့ကြီးဟာလည်း ' စိန်းမြစ်' ခေါ်တဲ့ မြစ်ကြီးတဘက်တချက်မှာ ပြည့်ကြပ်စွာ ဆောက်လုပ် ထားတဲ့တိုက်ကြီး ကားကြီးတွေ မြစ်ကိုဖြတ်ကူးတဲ့ တံတားကြီးတွေ၊ အမြောက်အများ တည်ရှိနေပါသည်။
အချိန်ကောင်း ရာသီဥတု ကြည်လင်ဆဲဖြစ်၍ လေယာဉ်ဝဲသလောက် အောက်က မြင်ကွင်းတွေကို လည်း သဲသဲ ကွဲကွဲ တွေ့ရပါသည်။
' အပ္ပါယ်တားဝါး ' ခေါ်တဲ့ အဓိကရ သံမျှော်စဉ်ကြီးနဲ့ ' စိန်းမြစ် ' အလယ်ကကျွန်းပေါ်မှာ ဆောက် လုပ်ထား တဲ့ ကမ္ဘာကျော် (နော်ဘီဒိန်း) ဘုရားရှိခိုးကျောင်းကြီးကိုလည်း လေထဲကဘဲ ပြတ်ပြတ် သားသားမြင်ရပါပြီ။ သည်မျှ လောက်နဲ့ဘဲ လေယာဉ်ဟာ ပဲရစ်မြို့ကို ဖြတ်ကျော်ပြီး မြို့အစွန် ဆင်ခြေဖုံးမှာရှိသည့် လေယာဉ်ကွင်း ကို ဆင်းလိုက်ပါသည်။
လေဆိပ်မှာ ခရီးသယ်တို့ ပြုမြဲဝတ္တရားအတိုင်း ပြုလုပ်ပြီးသည့်အခါ ပစ္စည်းရောလူပါ လေယာဉ် ကုမ္ပဏီက သယ်ယူ ပို့ဆောင်သောကားနှင့် ပဲရစ်မြို့ရှိ လေကြောင်းဌာနသို့ နာရီဝက်ခန့်သွားကြရ သည်။
ပဲရစ်မြို့တွင်း ကို ဖြတ်ကျော်၍ အတော်စုံလင်အောင် တွေ့မြင်ရပြီးတဲ့နောက် မြို့လယ်ရှိ လေကြောင်းဌာန အဆာက်အဦးကြီးသို့ မြေအောက်ကားလမ်းမှ ၀င်ရောက်မိကြပါပြီ။
သည်ကတဆင့် ခရီးသည်တို့ နားနေရာအပေါ်ထပ် အခန်းသို့ တက်ခဲ့ရပြီး ပစ္စည်းများကို စောင့်နေစဉ် ခင်မင် ဖော်ရွေစွာ လာရောက်ကြိုဆိုနေရှာသော ပဲရစ်မြို့နေ ပြင်သစ်သံအမတ် ဦးဇော်ဝင်း ၏ ဇနီး ခင်ဇော်ဝင်း တို့ သားအမိကို တွေ့ရပါသည်။
မြန်မာပြည်မှ ဆွေမျိုးများအကြောင်း အားရ၀မ်းသာ နှုတ်ဆက်ပြောဆိုနေကြစဉ် ပစ္စည်းသေတ္တာများ ရောက်လာ သဖြင့် ကားပေါ်တင်ပြီး ခရီးဆက်ခဲ့ပြန်ရာ...၊ မကြာမီပင် တည်းခိုရန် စီစဉ်ထားသော ဟိုတယ် သို့ ရောက်ကြပါသည်။
တည်းခိုသောဟိုတယ်မှ ' ဗစ်တာဟူးရိုး ' လမ်းတွင်ရှိ သံအမတ် ဦးဇော်ဝင်းတို့နေရာ အဆောက် အဦှး နှင့် တလမ်းထဲ ပင်ဖြစ်ပါသည်။ ထိုလမ်းအမညမှာ ' ဗစ်တာဟူးရိုး ' ခေါ် စာရေးဆရာပညာရှိ ပုဂ္ဂိုလ်ကြီးကို အစွဲ ပြု၍ မှည့်ခေါ်ထားသော လမ်းဖြစ်သည်။
ဟိုတယ်မှာ (ဗစ်တာစိန့်ဟိုနိုရေးဒေးလူး)လို့ ပြင်သစ်လို့ခေါ်ပါသည်။ ဟိုတယ်အခန်းမှာ ပစ္စည်း သေတ္တာ များထားထား၍ လိုက်ခဲ့ပါဟုခေါ်သဖြင့် အခန်းသော့ခပ်ကာ သံရုံးအဆောက်အဦးသို့ လိုက်သွား ကြပါသည်။
ဗမာပြည်က လာရောက် အလုပ်လုပ်နေကြသော သံရုံးအဖွဲ့ ၀င်အရာရှိများပါ ပျော်ပျော်ပါးပါး စကားပြော ကြပြီး နောက် ညစာ စားချိန်ရောက်သဖြင့် အသင့် စီမံထားသော မြန်မာပြီပြီ ထမင်းဟင်းများကို စားကြ ရပါသည်။
ထမင်းစားပွဲ တွင် နောက်တနေ့ကစ၍ ပဲရစ်မြို့ပေါ် လှည့်လည်ကြည့်ရှုရန် ' ပရိုဂရမ် ' အစီအစဉ်ကို နှုတ်ဖြင့် ဆွဲလိုက် ကြပါတော့သည်။
ယုဝတီများကျန်းမာကြပါစေ၊
ဆက်ရန်
.
.
No comments:
Post a Comment