အခန်း (၅) ပိုင်ရှင် အပြောင်းအလဲ
မစ္စတာ ရှယ်လဗီသည် ပက်လက်ကုလားထိုင်တွင် ပက်လက်လှန်လျက် နေ့ခင်းပိုင်းက ရောက်လာသော စာများကို ဖတ်ရသည်။ မလှမ်းမကမ်း၌ ဇနီးဖြစ်သူသည် မှန်ရှေ့တွင် ရပ်လျက် ဆံပင် ဖြီးနေ၏။ ထိုဆံပင်မှာ အယ်လစ်ဇာ ထုံးပေးလိုက်သော ဆံပင် ဖြစ်သည်။ ထိုစဉ်က အယ်လစ်ဇာ မျက်စိပျက် မျက်နှာပျက် ဖြစ်နေသည်ကို သတိထားမိသဖြင့် မစ္စတာ ရှယ်လဗီသည် အယ်လစ်ဇာအား ယနေ့ညပိုင်း သူ့အိမ်သို့ ပြန်၍ အိပ်စေခဲ့ပြီး ဖြစ်လေသည်။
"ဒါထက် စကားမဆက်၊ စောစောက လာတဲ့သူက ဘယ်သူပါလိမ့် အာသာ" မစ္စက်ရှယ်လဗီသည် ဇနီး ဘက်သို့ လှည့်ပြောပြီး ဖတ်လက်စ စာတွင် မျက်လုံးစူးစိုက် ထားလိုက်သည်။
"ဟာလေ၊ ဟုတ်လား။ သူက ဘာကိစ္စတဲ့လဲ"
"နတ်ချက်မှာတုန်းက အလုပ်တခု အတူ လုပ်ခဲ့ဘူးတဲ့ လူတယောက်ပါ"
"ဒါနဲ့ဘဲ သူက ဒီကို လာရရော့လား"
"ကိုယ်က ခေါ်လို့ပါ။ သူ့ကို ကိုယ်ပိုက်ဆံပေးစရာရှိလို့"
မစ္စက်ရှယ်လဗီသ်ည သူ့ခင်ပွန်း အမူအရာကြောင့် စိတ်ထဲမှာ ထင့်ကနဲ ဖြစ်သွား၏။
"ဒီလူဟာ နီးဂရိုးတွေ အရောင်းအ၀ယ် လုပ်နေတဲ့သူ မဟုတ်လား"
"ဒါကို ဘာလို့ မေးရတာလဲ အမ်မလီ"
"ဘာမှ မဟုတ်ပါဘူး အာသာ။ စောစောက အယ်လစ်ဇာလာတယ်။ ခမျာ တော်တော်ပဲ စိတ်သောက ရောက်လာပုံရတယ်။ ငိုလဲ ငိုလို့။ အဲဒါ ရှင်နဲ့ ကျွန်ကုန်သယ်တယောက် စကားပြော နေတာကို သူကြား လာတယ်။ အဲဒါ သူ့သားကို ဟိုကျွန်ကုန်သယ်က ၀ယ်ဘို့ပြောနေတယ် ဆိုလား ဘဲ။ သို့ပေမယ့် ကျမ သူ့ကို ပြောလိုက်ပါတယ်။ ရှင်ဟာ သူ့သားကို မပြောနဲ့၊ ဘယ်သူ့ကိုမှ ရောင်း မှာ မဟုတ်ဖူးလို့" ဇနီးဖြစ်သူ သည် ဆံပင်ကို ဖြီးရင်းဆက်ပြောနေ၏။
"ဟုတ်တယ် အမ်မလီ။ ကိုယ်လဲ ဒီလိုဘဲ ပြောခဲ့ပါတယ်။ သို့ပေမယ့် ကိုယ့်အခြေအနေက မရှောင်လွှဲ နိုင်ဘူး အမ်မလီ။ တချို့တလေကို ရောင်းရမှာဘဲ"
"ရှင်၊ ဒီလူ့ဆီက ရှင်လူတွေ ရောင်းပစ်တယ်။ မဖြစ်နိုင်တာဘဲ အာသာ။ ရှင် စဉ်းစားပါအုံး"
"ကိုယ် စိတ်မကောင်းပါဘူး အမ်မလီ။ ကိုယ်တွမ့်ကို ရောင်းဘို့ သဘောတူလိုက်ရပြီ"
"ရှင် ကျမတို့ တွမ့်ကို ရှင်ရောင်းလိုက်ပြီ။ ဟုတ်လား။ အို၊ အာသာရယ်။ ငယ်ငယ်ကထဲက သစ္စာရှိရှိ အမှုထမ်း လာတဲ့ တပည့်ကောင်း တယောက်ပါရှင်။ ရှင် သူ့ကို လွတ်လပ်ခွင့်ပေးမယ်လို့ တောင် ပြောခဲ့တယ် မဟုတ်လား။ ရှင်ရော ကျမရောက် အကြိမ်တရာထက် မနည်း ပြောခဲ့ပြီး မဟုတ်လား။ ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ခု အတိုင်း ဆို ရှင်ဟာ အယ်လစ်ဇာ့ ကလေးကို ရောင်းမယ်ဆို တာလဲ ဖြစ်နိုင်တာဘဲပေါ့" ဇနီးဖြစ်သူ အမ်မလီ သည် တုန်ယင်လှိုက်လှဲသော အသံဖြင့် နာနာ ကျည်းကျည်း ပြောလိုကသ်ည်။
"ဟုတ်တယ် အမ်မလီ။ ကိုယ် တွမ်နဲ့ ဟယ်ရီ နှစ်ယောက်စလုံးကို ရောင်းလိုက်ရပြီ"
"ရှင့်မှာ တခြားရောင်းစရာ ကျွန်မရှိတော့လို့လား အာသာရယ်"
"သူတို့တို ရောင်းမှ ပေးစရာရှီတာ ကျေမှာဖြစ်လို့ ရောင်းရတာဘဲ အမ်မလီ။ တခြား ရောင်းစရာလူ မရှိတော့ဘူးလား ဆိုတော့ ဟိုလူဟာ အယ်လစ်ဇာကို လိုချင်တာဖြစ်တော့ မခက်ဖူးလား"
"လူယုတ်မာဘဲ" ခံပြင်းလှစွာဖြင့် ပြောလိုက်သည်။
"တော်ပါတော့ အမ်မလီ။ ကိုယ် ဒီအကြောင်းကို ထပ်မကြားပါရစေနဲ့တော့ကွယ်"
"ကျမတို့ ရှိသမျှ စည်းစိမ် ကုန်ပစေပေါ့ရှင်။ ကျမ ဒုက္ခခံနိုင်ပါတယ် အာသာရယ်။ ကျမ ဟာ ခရစ်ယန် တယောက် အနေနဲ့ ဒီဆင်းရဲသား ဒုက္ခသယ်တွေကို စောင့်ရှောက်လာခဲ့တယ်။ သွန်သင်ပြသလာခဲ့တယ်။ ခုကျမတို့က သစ္စာရှိတဲ့ တွမ်လို လူတယောက်ကို ရောင်းပစ်လိုက်ပြီ ဆိုရင် ကျမ သူတို့ကြားမှာ ဘယ်လို မျက်နှာပြ ရမှာလဲ။ ကျမဟာ မိဖနဲ့ သားသမီး၊ လင်နဲ့ မယား ကျင့်ရမယ့် ကျင့်ဝတ်တွေကို သူတို့ကို သင်ပြခဲ့ တာပါ အာသာ။ ခုတော့ ကျမတို့ ကိုယ်တိုင်က ဒီတာဝန်တွေ ချွတ်ယွင်းလာပြီ မဟုတ်လား။ ငွေနဲ့ ယှဉ်လိုက်ရင် တာဝန်တွေ ၀တ္တရားတွေ ပျက်ကုန် ပြီ ဆိုတဲ့ သဘောဘဲ မဟုတ်လား။
"ကျမဟာ အယ်လစ်ဇာ့ကို သူ့သားနဲ့ ပတ်သက်လို့ ဘယ်လို စောင့်ရှောက်ရမယ်၊ ပြုစုရ မယ်၊ သွန်သင် ရမယ်လို့ သင်ခဲ့ ပြခဲ့ ဆုံးမခဲ့တယ်။ ခု ရှင်က သူ့သားကို မူမရှိတဲ့ လူတယောက်၊ တရားမဲ့တဲ့ လူတယောက် ဆိကို ဘာမှ မဖြစ်လောက်တဲ့ ငွေနဲ့ ရောင်းလိုက်ပြီဆိုတော့ ကျမ ဘာပြောနိုင်အုံးမှာလဲ။ ကမ္ဘာပေါ်ရှိရှိသမျှ ငွေတွေထက် လူ့ဘ၀က တန်ဘိုးရှိတယ်လို့ ကျမ ပြောခဲ့ တဲ့ စကားတွေကို သူတို့ ယုံကြပါတော့မလား"
"မင်း ခံစားရသလို ကိုယ်လဲ ခံစားရတာပါဘဲ အမ်မလီ။ သို့ပေမယ့် ကိုယ် ဘာတတ်နိုင်မှာ လဲ။ ဒီ နှစ်ယောက် ကိုမှ ကိုယ် မရောင်းဘူးဆိုရင် ကျန်တဲ့လူအားလုံးကို ကိုယ်ရောင်းလိုက်ရရုံဘဲ ရှိမှာပေါ့ အမ်မလီ။ ဒီအခြေအနေမျိုး ကျရင်ကော ကောင်းနိုင်ပါအုံးမလားကွယ်"
မစ္စက်ရှယ်လဗီသည် မျက်နှာကို လက်ဝါးနှင့် အုပ်ကာ ဘုရားသခင်ရဲ့ ကျိန်စာ သင့်တာ ဘဲ။
ဒင်းတို့ ကျွန်တွေ အပေါ် ဘုရားသခင်ရဲ့ ကျိန်စာ ကျရောက်လာတာဘဲ။ ခုဟာ သခင်ရော၊ ကျွန်ရော အပေါ်မှာ ကျိန်စာသင့်တာဘ။ ကျမ သိတယ်။ ကျမ သိတယ်။ ကျမတို့အဖို့ ကျွန် တယောက် လက်ကိုင် မွေးနိုင်တဲ့ တရားဥပဒေမျိုး ရှိနေတာကိုက မကောင်းမှုဘဲ။ ဒါကို ကျမ ငယ်ငယ်ကတဲက စဉ်းစားခဲ့တာပါ။ သို့ပေမယ့် ကရုဏာ ထားတယ်။ စေတနာထားတယ်။ ဒီနည်းနဲ့ ကျမက လက်အောက်က ကျွန်တွေဟာ လွတ်လပ်ခွင့် ရတာထက် အခြေအနေကောင်းရမယ်လို့ ကျမ ထင်ခဲ့တယ်။ အို၊ ကျမကိုက ရူးတာဘဲ"
"ဘယ်လိုလဲ အမ်မလီ။ မင်းဟာ ကျွန်စနစ် ဖျက်သိမ်းရေးသမားများ ဖြစ်တော့မလို့လား"
"ဟုတ်တယ်။ သူတို့တတွေသာ ကျွန်တွေရဲ့ အဖြစ်ကို ကျမ သိထားသလို သိထားရင် ဒီဖျက်သိမ်းရေးသမားတွေဟာ ကျွန်စနစ်ကို တိုက်ရမှာပဲ အာသာ။ ကျမတို့ သူတို့ကို ဘာမှ ပြော စရာ မလိုဘူး။ ကျွန်စနစ်ရှိနေတာဟာ မှန်တယ်လို့ ကျမ ဘယ်တုန်းကမှ မအောက်မေ့ခဲ့ဘူး။ ကျွန် မွေးထားဘို့လဲ ဘယ်တုန်း ကမှ စိတ်မကူးခဲ့ဘူး။ ဒီမယ် အာသာ" အမ်မလီသည် သူ့လက်က ရွှေနာရီကို လက်ညိုးညွှန်လျက် "ကျမ မှာ စိန်ရွှေလက်ဝတ်လက်စား များများစားစား မရှိဘူး။ ဟော ဒီမှာ ရွှေနာရီ ရှိတယ်။ ဒီနာရီဟာ အဖိုးတန် လှပါတယ်။ ယူပါ အာသာ။ ဒါကို ရောင်းပါ။ အယ်လစ်ဇာ့ ခလေး ဟယ်ရီအတွက်ဆို ကျမ ရှိသမျှ ပစ္စည်း အားလုံးကို စွန့်ရဲတယ်အာသာ"
"ကိုယ် စိတ်မကောင်းပါဘူး အမ်မလီ။ သို့ပေမယ့် ကိုယ်စာချုပ်ကို လက်မှတ်ထိုးပြီးနေပြီ။ အခြေအနေဟာ ဒီထက် ဆိုးမလာရင်ဘဲ ကိုယ်တို့ ဖြေသာရမှာပေါ့ကွယ်။ အမှန်ကတော့လဲ ဒီလူ ဟာ ကိုယ်တို့အားလုံးကို ဖျက်သိမ်း ပစ်နိုင်တဲ့လူတယောက်ပဲ။ အင်း ကိုယ်သိသလို မင်းသိထားရင် ကိုယ်တို့အဖို့ တခြား လမ်းမရှိဘူး ဆိုတာ မင်းသဘောပေါက်နိုင်ပါတယ်"
"ဒီလူဟာ အတော်များ ဆိုးရောလား အာသာ"
"လူဆိုးကြီး တယောက်တော့လဲ မဟုတ်ဖူးပါကွာ။ သို့ပေမယ့် အရောင်းအ၀ယ်နဲ့ အကျိုး အမြတ်ကိုသာ ကြည့်တတ်တဲ့ လူမျိုးဘဲ။ အကျိုးအမြတ်ရှိရင် အမေရင်းကိုတောင် ရောင်းဘို့ ၀န်မလေးတဲ့ လူမျိုးဆိုရမှာပေါ့"
"အင်း၊ ဒီလို လူယုတ်မာရဲ့ လက်ထဲ ရောက်သွားရှာတဲ့ တွမ်နဲ့ အယ်လီဇာ့ ခလေးအတွက် တော့ ဒုက္ခဘဲ"
"မှန်တယ် အမ်မလီ။ ဒါဟာ ကိုယ့်အဖို့ တော့ အကျပ်အတဲဘဲ။ ဒါကို ကိုယ် မတွေးချင်ဘူး။ ဘာဖြစ်ဖြစ် ဟာလေ ဟာ ကိစ္စတခုကို မြန်မြန်ထက်ထက် လုပ်ချင်တဲ့ လူတယောက်ပဲ။ သူ နက်ဖြန်ဆို သူတို့ နှစ်ယောက် ကို လာခေါ်တော့မယ်။ ကိုယ် မနက် အစောကြီး ဒီနေရာက ထွက်သွားမယ်။ ကိုယ် တွမ့်ကို ရင်မဆိုင် ချင်တော့ဘူး။ မင်းလဲ အယ်လစ်ဇာကို ခေါ်ပြီး တနေရာကို ထွက်သွားပေတော့ အမ်မလီ။ သူသားနဲ့ ပတ်သတ် လို့လဲ သူရှိနေရင် ပိုဆိုးပေမယ် မဟုတ်လား"
"မသွားဘူး အာသာ။ မသွားဘူး။ ဒင်း စိတ်တိုင်းကျ လုပ်နိုင်အောင် ကျမ ရှောင်မပေးနိုင် ဘူး။ ဘာဘဲဖြစ်ဖြစ် ကျမ တွမ့် ကို သွားတွေ့မယ်။ ကျမလဲ သူတို့ထပ်တူ စိတ်မကောင်း ဖြစ်ရတယ် ဆိုတာ သူတို့ တွေ့ရ လိမ့်မယ်။ အယ်လစ်ဇာအတွက်တော့ ကျမ မတွေးရဲဘူး"
အယ်လစ်ဇာသည် စောစောပိုင်းက သူ့သခင်မထံမှ ထွက်လာခဲ့ရသည့်တိုင် စိတ်မှာ မဖြောင့်လှပေ။ ထို့ကြောင့်လည်း အတွင်းဖက်၌ လင်မယားနှစ်ယောက် ပြောနေကြသည်များကို အခန်းတံခါးတွင်ကပ်လျက် နားစွင့် ထောင်နေခဲ့သည်။ ထို့ကြောင့် သူသည် လင်မယားနှစ်ယောက် ပြောနေသမျှကို တလုံးတပါဒမျှ မကျန် ကြားရလေသည်။
သူ့မျက်နှာ၌ သွေးတစက်မျှ မရှိတော့ပေ။ တကိုယ်လုံးမှာလည်း ကတုန်ကယင်ဖြစ်၍ နေ ချေပြီ။ သူ့ အိမ်သို့ ပြန်လာခဲ့ရင်း ဖုရားသခင်ကိုသာ တမ်းတလာခဲ့သည်။
အိမ်ခန်းတွင်းတွင် ကလေးငယ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။ ကလေးငယ်၏ နှုတ်ခမ်းလွှာသည် မဟ တဟ ရှိသည်။ ပြုံးရောင်သန်းနေ၏။
"သားလေး၊ သားလေး။ ကံဆိုးလှတဲ့ မေမေသားလေး။ သားကို သူတို့ ရောင်းလိုက် ကြဘီ။ ဘာဖြစ်ဖြစ် သားကို မေမေ ကယ်မယ်"
ယခုအချိန်၌ အယ်လစ်ဇာ၏မျက်လုံးအစုံမှ မျက်ရည်စ မကျလာတော့ပေ။ နှလုံးသားမှ သွေးစက် သွေးပေါက်များသာ စီးကျနေဘိသည်သို့ ရှိချေသည်။ အယ်လစ်ဇာသည် ခဲတံနှင့် စာရွက် ကိုယူပြီး
"အို သခင်မ၊ ချစ်လှစွာသော သခင်မ။ ကျမကို ကျေးဇူးမဲ့တယ်လို့ မအောက်မေ့စေချင်ပါ။ သခင်နဲ့ သခင်မတို့ ပြောကြသမျှကို ကျမ ကြားပြီး ဖြစ်ပါတယ်။ ကျမသားကို ကျမ ကယ်ဆယ်ရပါ မယ်။ ဒါ့ကြောင့် ကျမ ကို ခွင့်လွှတ်ပါ။ သခင်မကို ဖုရားသခင် မစပါစေ" ဟူသော စာလုံးများကို ရေးချလိုက်သည်။
ထို့နောက် စာကိုခေါက်၍ မြင်သာသော နေရာတွင် ထားသည်။ ပြီးလျှင် ယူစရာရှိသော အ၀တ် အစားများနှင့်အတူ ကလေးကစားစရာ အချို့ကို ယူ၍ ထုပ်ပြီးနောက် အထုပ်ကို ခါးမှာ စည်းပတ် သည်။ ထို့နောက် ကလေးကို နှိုးသည်။ ကလေးသည် သူ့အတွက် အ၀တ်အစားပြင်ဆင် လျက် အထုပ်အပိုး များ အသင့်ဖြစ်နေသော မိခင်ကို နားမလည်နိုင်ပေ။
"ဘယ်သွားမလို့လဲ မေမေ"
"တိုးတိုးသား၊ တိုးတိုး။ သူတို့မကြားစေနဲ့။ လူဆိုးတယောက် သားကိုလာပြီး ဖမ်းမလိုတဲ့။ သားကို အဖမ်း မခံနိုင်ဘူး။ ဒါ့ကြောင့် မေမေသားကို တခြားခေါ်သွားမလို့ သား"
ပြောပြောဆိုဆိုပင် အယ်လစ်ဇာသည် သားငယ်ကို အပေါ်အင်္ကျီထပ်ဝတ်ပေးပြီး ပွေ့ချီ လိုက်သည်။ အခန်း တွင်းမှ အငြင်အသာ ထွက်ခဲ့၏။
အပြင်ဖက်၌ ကြယ်ရောင်များကြားတွင် ပန်းပွင့်များ လက်ပ နေကြသည်။ အမေသည် သားငယ်ကို စောင်ဖြင့် ပတ်လိုက်သည်။ သားသည် အမေ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက် ထား၏။
အယ်လစ်ဇာသည် နောက်ဖေးတံခါးမှ ထွက်၍ ဦးလေးတွမ်၏ အိမ်ဆီသို့ ဦးစွာလာခဲ့သည်။
ဦးလေးတွမ်သည် မအိပ်သေး။ တံခါးခေါက်သံနှင့် ဒေါ်ကြီးချလို တံခါး ဖွင့်ပေးသံနောက် တွင် အယ်လစ်ဇာ ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။
"ဟင်၊ အယ်လစ်ဇာပါလား။ ဘာဖြစ်လာလဲ အယ်လစ်ဇာ။ အချိန်မတော်ကြီး"
"ကျမ ထွက်ပြေးမလို့ ဦးလေးတွမ်နဲ့ ဒေါ်ကြီးချလို။ ကျမ သားကို ခေါ်ပြီး ကျမ ထွက်ပြေး မလို့။ သခင်က ကျမသားကို ရောင်းပစ်လိုက်သတဲ့"
"ဘာရယ်။ သူတို့က ဒီခလေးကို ရောင်းပစ်လိုက်တယ်" နှစ်ယောက်စလုံးဆီမှ တပြိုင်နက် ထွက်လာသော စကားသံ ဖြစ်သည်။
"ဟုတ်တယ် ဦးလေးတွမ်။ သူတို့ ရောင်းပစ်လိုက်ပြီဆိုတာ ကျမ သူတို့လင်မယားပြောနေ တာ ကြားခဲ့ တယ်။ ကျုပ်သားတင် မဟုတ်ဖူး။ ဦးလေးတွမ်ကိုလဲ သူတို့ ရောင်းလိုက်ပြီ။ မနက်ကျရင် ကျွန်ကုန်သယ်ကြီး ရောက်လာတော့မယ်"
တွမ်သည် သူ ကြားနေရသော စကားများကို ဘာမျှ နားမလည်သလို ငေးငေးငိုင်ငိုင်နှင့် ရပ်နေသည်။
"ဖုရားသခင် ကယ်မပါ" ဒေါ်ကြီးချလိုသည် ဖုရားသခင်ကို တလိုက်သည်။
"မယုံစရာကြီးပါလားကွယ်။ သခင်ဟာ ဘာကြောင့်များ တွမ့်ကို ရောင်းပါလိမ့်"
"သူတို့ပြောနေတာ ကြားရတော့ မရောင်းရင် မဖြစ်တော့တဲ့ အခြေအနေလို့ သိရတာဘဲ။ သခင်မကတော့ မရောင်း ဘို့ အကြိမ်ကြိမ် ပြောသေးတယ်။ ဒါပေမယ့် သခင်က မဖြစ်တော့ဘူး။ သူ့မှာ ကြွေးဆပ် စရာရှိနေတဲ့အကြောင်း၊ ဒီနှစ်ယောက်ကိုမှ မရောင်းရင် ရှိသမျှအားလုံးကို ရောင်း ပစ်ရမယ့်အကြောင်း ပြောနေကြတာဘဲ။ သခင်မဟာ နောက်ဆုံးအချိန်ထိ မရောင်းဘို့ ပြောတာဘဲ။ ဒါပေမယ့် သူကော ဘာတတ်နိုင်မလဲ။ ဒီတော့ ကျမလဲ မပြေးရင် မဖြစ်တော့ဘူး"
"ကဲ၊ အဖိုးကြီး။ တော် ဘာလုပ်မှာလဲ။ တော်လဲ တခါထဲ ပြေးပေါ့။ တော် အရောင်းမခံနဲ့။ တော့်ကို သူတို့ တောင်ပိုင်းခေါ်သွားပြီး ရောင်းမယ်။ အဲဒီမှာ ကျုပ်တို့ နီးဂရိုးတွေအားလုံး ငတ်ကြ ပြတ်ကြ၊ အရိုက်အနှက် အညှဉ်းပန်း ခံကြရတယ် မဟုတ်လား။ အဲဒီအရပ်မှာ ဒုက္ခအမျိုးမျိုးခံတာ ထက် သေရတာက ကောင်းအုံး မယ်။ ကဲ၊ ကဲ။ တော်လဲ အယ်လစ်ဇာနဲ့ တခါထဲပြေး။ တော့်ပစ္စည်း တွေ ကျုပ်ထဲ့ ပေးလိုက်မယ်"
ဦးလေးတွမ်သည် ခေါင်းငိုက်စိုက်ဖြစ်နေရာမှ ခေါင်းကိုမတ်လိုက်သည်။ စိတ်မချမ်းသာ သောအကြည့်ဖြင့် စူးစိုက်ကြည့်ရင်း
"မဖြစ်ဖူး၊ မဖြစ်ဖူး။ ငါမသွားဘူး။ အယ်လစ်ဇာသွားပစေ။ ဒါမှန်တယ်။ ငါ့ကို ရောင်းလိုက် ရတဲ့အတွက် တခြားဒုက္ခ မဖြစ်နိုင်ဘူး။ ငါ အရောင်းခံလိုက်မယ်။ ငါ့အပေါ် သခင် ယုံကြည်သင်ဝင် နေတာကို ငါ မဖျက်ဆီး ဘူး။ သခင့်ကိုလဲ ငါ အပြစ်မတင်ချင်ဘူး။ ဒီမယ် ချလို။ မင်းကို သခင် စောင့်ရှောက် ပါလိမ့် မယ်ကွယ်" သူ့ စကား မဆုံးပေ။ အဖိုးကြီးသည် အိပ်ပျော်နေပြီ ဖြစ်သော ကလေးတွေဘေးသို့ ရောက်သွား ကာ အားရပါးရ ငိုချ လိုက်သည်။
အယ်လစ်ဇာသည် တံခါးဝတွင် ရပ်လျက် "ကျမ တခုတော့ မှာခဲ့ပါရစေရှင်။ ကနေ့ဘဲ ကျမ ယောက်ျား လာမယ်။ သူလဲ ထွက်ပြေးတော့မယ်လို့ ပြောသွားတယ်။ တကယ်လို့ သူလာရင် တဆိတ်ပြောပေးပါ။ ကျမ တော့ ပြေးပြီလို့။ ကျမ ကနေဒါကို ရောက်အောင် ပြေးပြီ။ ကျမတို့ ဒီဘ၀ မှာ မဆုံကြရင် နောင်ဘ၀မှာ ဆုံကြ မယ်လို့ ပြောပေးပါရှင်" မျက်ရည်သွန်ချ ငိုယို၍ မှာကြားသည်။ ပြီးလျှင် ကလေးကို တင်းတင်းဖက်လျက် နေရာ မှ ထွက်ခဲ့လေသည်။
ညသည် တိတ်ဆိတ်နေ၏။
အခန်း (၆) ဆက်ရန်
.

No comments:
Post a Comment