Friday, June 11, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၃၈)

အခန်း (၃၈)

ဆီးနှင်းလွန်ကဲသော ဖေဖော်ဝါရီလ တစ်ညနေတွင် ၀ီလျံကိန်းသည် ကုလားထိုင်တွင် စိမ်ပြေ နပြေ ထိုင်ကာ ရှေ့နေ သာဒီးယပ်၏ အစီရင်ခံစာကို ပြန်လည် ဖတ်ရှုလျက် ရှိနေသည်။
အေဘယ်ရို့စနော့စကီးအား အလဲထိုးရန် သူလိုအပ်နေသော စာရွက်စာတမ်းများကို ယခုအချိန် တွင် ဟင်နရီအော့စဘွန်းသည် ယင်းစာရွက်စာတမ်းများအတွက် သူ့ထံမှ ဒေါ်လာ ၂၅၀၀၀ယူကာ တစ်နေရာသို့ တိမ်းရှောင် ထွက်ပြေးသွားခဲ့ပြီ။ အင်း ... ဒီလူ့စရိုက်ကတော့ ဒီအတိုင်းပါပဲ၊ သူက ယင်းသို့ တွေးလိုက်ပြီး ရို့စနော့စီး ၏ အမှုတွဲဖိုင်ကို မီးခံသေတ္တာထဲသို့ ပြန်ထည့်ထားလိုက်သည်။ ယခု သူ့လက်ထဲတွင်ရှိသော စာရွက် စာတမ်းများမှာ ဓာတ်ပုံမိတ္တူများဖြစ်ပြီး မူရင်းများကိုမူ လွန်ခဲ့ သော သုံးလေးရက်ခန့်ကပင် ရှေ့နေ သာဒီးယကပ်ကိုဟင် က တရားရေးဌာနသို့ ပေးပို့လိုက်ပြီ ဖြစ် သည်။

အေဘယ်ရို့စနော့စကီးအား တူရကီမှ ပြန်ရောက်ရောက်ချင်း ဖမ်းကြတော့မည်။ သည်တော့မှ အင်တာစတိတ် လေကြောင်းကုမ္ပဏီရှိ သူပိုင်စတော့တွေကို မတန်တဆတွေးပြီး အကြီးအကျယ် ၀မ်းသာ နေမိသည်။ ၀ီလျံက ကလဲ့စားချေခွင့်ရမည့် အရေးကို တွေးပြီး အကြီအကျယ် ၀မ်းသာ နေမိသည်။ သည်တစ်ကြိမ် တွင်တော့ သူက အစစအရာရာ ကြိုတင် ပြင်ဆင်ထားသည်။

သူက အင်တာစတိတ်စတော့တွေ ဈေးကွက်သို့ ရောက်လာလျှင် ရောက်လာချင်း အမြန်ဝယ်ယူရန် သူ၏ စတော့ပွဲစားအား ညွှန်ကြားထားပြီး ဖြစ်သည်။ ယင်းအတွက် လိုအပ်သောငွေကို ဘဏ်တိုက် မှ ထုတ်မယူဘဲ သူပိုင်ငွေ ဖြင့် ၀ယ်ရန် စီစဉ်ထားသည်။ ထို့ပြင် လက်စတာဘဏ်၏ စတော့ပိုင်ရှင် တွေအားလုံးထံသို့လည်း အင်တာစတိတ် စတော့များကို သူ့အား မတိုင်ပင်ဘဲ မည်သူမျှ ရောင်းချ ခြင်းမပြုကြရန် ညွှန်ကြားလွှာ ပေးပို့ ထားလိုက်သည်။

ရက်သတ္တပတ်တွေ ကုန်လွန်သွားသော်လည်း အေဘယ်ရို့စနော့စကီး၏ လှုပ်ရှားမှု တစ်စုံတစ်ရာ ကို လုံးဝ မတွေ့ရ။ ဧကန္တတော့ သူသည် ဖြစ်ပေါ်လာသော ပြဿနာအားလုံးအတွက် အော့စဘွန်း အပေါ်တွင် ပုံချပြီး သွေးရူးသွေးတန်း ဖြစ်နပြီမှာ သေချာသည်။

အော့စဘွန်းက အစိုးရသက်သေအဖြစ် ထွက်ဆိုလျှင် အေဘယ်ရို့စနော့စကီးသည် နှစ်ပေါင်း များစွာ ထောင်ဒဏ်ခံရတော့မည်မှာ မြေကြီးလက်ခတ်မလွဲဟု ၀ီလျံ၏ ရှေ့နေသာဒီးယက် ကိုဟင် ကလည်း ကျိန်းသေပေါက် တွက်ထားသည်။ ယင်းသို့ဆိုလျှင် သူ့အနေဖြင့် ဘဏ်တိုက်သော် လည်းကောင်း၊ ၀ီလျံ ကိုသော် လည်းကောင်း ဘယ်လိုမှ ဒုက္ခပေးနိုင်တော့မည် မဟုတ်။

အေဘယ်ရို့စနော့စကီး ထောင်ကျသွားလျှင် ရစ်ချတ်လည်း မလွဲမသွေ အိမ်ပြန်လာရမည်ဟု ၀ီလျံ က မျှော်လင့်ထားသည်။ သည်တော့မှ ရစ်ချတ်အား အေဘယ်ရို့စနော့စကီး၏သမီးကို စွန့်ခိုင်းပြီး မိသားစုဘဏ်လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်စေမည်။

ရှေ့နေသာဒီးယပ်ကိုဟင်၏ အစီရင်ခံစာအရဆိုသော် ရစ်ခတ်သည် သူ့ဇနီးဆန္ဒအတိုင်း ဖက်ရှင် တိုက်တွေ တစ်တိုက်ပြီးတစ်တိုက် ဖွင့်နေသည်။ သို့သော် လက်စတာဘဏ်လုပ်ငန်း၏ ဥက္ကဋ္ဌရာထူး နှင့် ရို့စနော့ စကီးသမီး၏ ဖက်ရှင်လုပ်ငန်းမှာ ငွေကြေးပမာဏအရသော်လည်းကောင်း၊ ဂုဏ်သိက္ခာ အရ သော်လည်းကောင်း ဘယ်လိုမှ ယှဉ်၍ ရနိုင်မည် မဟုတ်။

ဝီလျံအနေဖြင့် အစိုးရိမ်ဆုံးအချက်မှာ ဥက္ကဋ္ဌရာထူး ဆက်ခံနိုင်မည့်သူ မမြင်သေးခြင်းပင် ဖြစ်သည်။ လက်ရှိရည်မှန်းထားသူ ဒုတိယဥက္ကဋ္ဌ ဂျိတ်ခ်သောမတ်မှာ ပရက်စတန်တက္ကသိုလ်ထွက်ဖြစ်သော် လည်း ဥက္ကဋ္ဌရာထူးနှင့် ထိုက်တန်သော အားမာန်မျိုးမရှိဟု ထင်သည်။ ထို့ကြောင့် သူသည် အသက် ၆၅နှစ်ပြည့်သည်အထိ ဥက္ကဋ္ဌရာထူးတွင် ဆက်လက် လုပ်ကိုင်နေပြီးသည်ကြားထဲတွင် ရစ်ချတ်ကို တဖြည်းဖြည်း နှင့် စည်းရုံးသိမ်းသွင်းရမည် ဖြစ်သည်။

သည်ကိစ္စအတွက် ကိတ်ကိုပင် အားကိုးရတော့မည် ကိတ်အနေဖြင့် သူမ၏ သားကြီးကို နားဝင် အောင် ပြောပြပြီး ပြန်ခေါ်လျှင် ရနိုင်စရာရှိသည်။
သို့သော် ရက်တွေသာ တဖြည်းဖြည်း ကြာညောင်းလာခဲ့သည်။ ရစ်ချတ်အနေဖြင့် မိဘထံသို့ ပြန် လာရန် ရနိုင်စရာ ရှိသည်။

သို့သော် သည်ကြားထဲ သမီးကြီး ဗာဂျင်နီယာကို အိမ်ထောင်ချလိုက်၍ တော်သေးသည်။ ယခုအခါ ဗာဂျင်နီယာမှာ ကိုယ်ဝန်ရှိနေပြီ။ ရစ်ချတ်က ရို့စနော့စကီး၏သမီးကို စွန့်ပြီး ပြန်မလာလျှင် အကယ်၍များ ဗာဂျင်နီယာ တွင် သားယောက်ျားကလေး မွေးလာမည်ဆိုပါက ရှိသမျှအမွေ အားလုံး ကို ဗာဂျင်နီယာကိုပင် ပေးခဲ့တော့မည်။
သည်ရက်များအတွင်း ၀ီလျံသည် စိတ်မအား လူမအား ဖြစ်နေသည်။ ဘဏ်လုပ်ငန်းကလည်း အားလပ်ချိန်မရအောင် ပိနေသည်။ ရစ်ချတ်အတွက်လည်း နေ့စဉ်နှင့်အမျှ တွေးပူနေရသည်။ မရှင်းလင်း သေးသော အေဘယ်ရို့စနော့စကီ ပြဿနာကြောင့်လည်း ခေါင်းမီးတောက်နေသည်။

တစ်နေ့တွင် ၀ီလျံသည် ဘဏ်တိုက်ရုံးခန်းထဲ၌ အလုပ်လုပ်နေစဉ် နှလုံးရောဂါကြောင့် မူးမေ့လဲ ကျသွားသည်။ သို့သော် အခြေအနေက ပြန်ကောင်းလာသည်။ ရက်နည်းငယ်ခန့် အနားယူလိုက် လျှင် နောက်ထပ် နှစ်ပေါင်း ၂၀အထိ နေနိုင်သေးသည်ဟု ဆရာဝန်က ပြောသည်
ဝီလျံက ဘဏ်ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်ဆုံးမည့် နောက်ထပ် ၁၀နှစ်အထိသာ အသက်ရှင် နေထိုင် လိုတော့သည်ဟု ပြန်ပြောလိုက်သည။
သူသည် အခြေအနေအရ အိမ်တွင် သုံးလေးပတ်မျှ အနားယူနေရသည်။ ဥက္ကဋ္ဌတာဝန်ကို ဂျိတ်ခ် သောမတ်အား မပေးချင် ပေးချင်နှင့် ခေတ္တလွှဲပြောင်းပေးရသည်။ စိတ်ထဲကတော့ လုံးဝ မကောင်း။

မကြာမီ အလုပ်ခွင်သို့ ပြန်ဝင်လာခဲ့သည်။ ဥက္ကဋ္ဌတာဝန်ကို ပြန်လည် လက်ခံဆောင်ရွက်သည်။ အလုပ် တွေကို နေ့မအား ညမအား ဖိ၍ လုပ်သည်။
အော့စဘွန်းကိုယ်ကိုယ်ကိုယ် သတ်သေသောနေ့တွင် နှလုံးရောဂါကြောင့် ၀ီလျံမူးမေ့သွားပြန် သည်။ ကိတ်က တစ်ညလုံး ခင်ပွန်းသည်အနား လုံးဝမခွာ။ သည်တစ်ကြိမ်တွင်တော့ သည်တောင် က ကျော်နိုင် တော့မည်မဟုတ်ဟု သူမက တွက်ထားသည်။ သို့သော် အေဘယ်ရို့စနော့စကီးအား ရုံးတင်စစ်ဆေးသော သတင်း ကြောင့် သူပြန်ပြီး လန်းလာသည်။
သူက အမှုစစ်ဆေးခြင်း သတင်းကို နေ့တိုင်း စိတ်ဝင်စားစွာဖြင့် လေ့လာဖတ်ရှုနေသည်။ အော့စဘွန်း သတ်သေ သွားခြင်းကြောင့် အေဘယ်ရို့စနော့စကီးအနေဖြင့် ရပ်တည်ချက် ပို၍ ခိုင်မာသွားနိုင်ကြောင်း သူက သဘောပေါက်သည်။

နောက်ဆုံးတွင် ရို့စနော့စကီးအား ဆိုင်းငံ့ထောင်ဒဏ် ခြောက်လနှင့် ဒေါ်လာ ၂၅၀၀၀ ဒဏ်ငွေ တပ်လိုက် သောအခါ သူက လုံးဝအံ့သြခြင်း မဖြစ်မိတော့။ ဤသို့ဖြစ်ရသည်မှာ အစိုးရရှေ့နေက ရို့စနော့စကီး ၏ နာမည်ကျော် ရှေ့နေကြီးနှင့် အပေးအယူ လုပ်လိုက်ခြင်းကြောင့် ၀ီလျံက လုံးဝ မကြောက်တော့။ အေဘယ်၏ ခြေလှမ်းကိုသာ အကဲခတ် စောင့်ကြည့်နေမိတော့သည်။

သို့သော် အချိန်တွေ တဖြည်းဖြည်း ကုန်လွန်ခဲ့သော်လည်း အေဘယ်၏ လှုပ်ရှားမှုကို ဘာမှ မတွေ့ ရ။ သို့ဖြင့် သူသည် အေဘယ်အကြောင်းကို လုံးဝမစဉ်းစားတော့ဘဲ သားကြီးရစ်ချတ်ကိုသာ နေ့ဆိုင်း သတိရ မိတော့သည်။ သားကြီးအား တွေ့ချင် မြင်ချင်စိတ်သည် တားမရ ဆီးမနိုင်အောင် တဖွားဖွား ပေါ်ပေါက်လာမိသည်။
"အသက်အရွယ် ကြီးရင့်လာခြင်းနှင့် သေရမည်ကို ကြောက်လန့်လာခြင်းတို့ကြောင့် လူသားတို့၏ စိတ်ဆန္ဒ သည် ရုတ်တရက် ပြောင်းလဲလာတတ်သည်"
ဟူ၍ တစ်ကြိမ်က စာအုပ်တစ်အုပ်ထဲတွင် သူ ဖတ်ခဲ့ရဖူးသည်။

ယခု သူ့အခြေအနေမှာလည်း ယင်းအတိုင်းပင် ဖြစ်ခဲ့ပြီ။
စက်တင်ဘာလ တစ်မနက်တွင် သူက သူ့ဆန္ဒကို ကိတ်အား ဖွင့်ပြောလိုက်သည်။ ကိတ်က ထွေထွေထူးထူး မေးမနေ တော့။ အိမ်မှ ထွက်ပြေးသွားသော သားကို ဖခင်က ပြန်တွေ့လိုက်သည် ဆိုလျှင်ပင် အကြောင်း လုံလောက်နေပြီ မဟုတ်ပါလား။
"ဒီလိုဆိုရင် ကျွန်မ ဆန်ဖရန်စစ္စကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက်စလုံးကို လှမ်းခေါ်လိုက်မယ် လေ"

"သူတို့နှစ်ယောက်စလုံး"ဟူသော စကားကြောင့် ၀ီလျံအနေဖြင့် ဘယ်လိုမှ မျက်နှာအမူအရာ မပြောင်းသည်ကို မြင်ရသည်နှင့် ကိတ်က ၀မ်းသာမဆုံး ဖြစ်မိရသည်။
"အဲဒါ ကောင်းပါတယ်ကွာ" သူက တိုးတိုးကလေး ပြန်ပြောသည်။ "ရစ်ချတ်ကို ပြောပြပါ၊ ငါမသေ ခင် ခဏ ဖြစ်ဖြစ် မြင်သွားပါရစေလို့"
"မောင်ကလည်း ဘာတွေ လျှောက်ပြောနေတာလဲ၊ မောင်ဟာ နောင်နှစ်ပေါင်း ၂၀အထိတော် နေနိုင်ပါသေးတယ်လို့ ဒေါက်တာ ပြောသွားတယ် မဟုတ်လား"
"ကိုယ်က အပြင်က စိတ်ဆိုးနေပေမယ့် အတွင်း ကျိတ်ပြီး ၀မ်းသာနေလို့ပေါ့ကွယ်၊ ငါ့သားကြီးနဲ့ အခုလို အဆက်ပြတ်နေတာကို ငါလုံးဝမလိုလားဘူး၊ ဒါနဲ့ သူနေကောင်းရဲ့လား"
"နှစ်ယောက်စလုံး နေကောင်းကြပါတယ် မောင်၊ အခုဆိုရင် မောင့်မှာ မြေးယောက်ျားကလေးနှင့် မြေးမ ကလေး တစ်ယောက် ရနေပြီ သိရဲ့လား၊ မောင် ၀မ်းမသာဘူးလား ဟင်"
"မြေးမလေး ဟုတ်လား"

"ဟုတ်တယ်၊ မကြာခင်က ထပ်မွေးတာလေ၊ နာမည်က အန်နာဘယ်လ် ... တဲ့"
"ဒါနဲ့ မြေးယောက်ျားကလေး နာမည်ကရော"
ကိတ်က ကလေးနာမည်ကို ပြောပြလိုက်သောအခ ၀ီလျံက ကျေနပ်စွာဖြင့် ပြုံးမိသည်။
"ကောင်းတယ် ... ကောင်းတယ်၊ မင်း သူတို့ဆီကိုသာ မြန်မြန် လိုက်သွားပေတော့"

ထိုနေ့သည် ကိတ်အတွက် အပျော်ဆုံးနေ့ပင် ဖြစ်တော့သည်။ သို့ဖြင့် သူက သားဖြစ်သူထံ ချက်ချင်း ဖုန်းကောက်ဆက်သည်။ နောက်အပတ်တွင် သူမ လာလည်မည်ဖြစ်ကြောင်း၊ သူမနှင့် အတူ စိတ်ချမ်းသာ စရာ မင်္ဂလာသတင်းကောင်းလည်း ပါလာမည်ဖြစ်ကြောင်း။
နောက်ရက်သတ္တသုံးပတ်အကြာတွင် နယူးယောက်သို့ ကိတ်ပြန်ရောက်လာသည်။ ရစ်ချတ်တို့ မိသားစု လည်း နိုဝင်ဘာလကုန်လျှင် မိဘများအား ကန်တော့ရန် လာမည်ဖြစ်ကြောင်း သိရှိရသည်။

ရစ်ချက်တို့လင်မယား လုပ်ငန်းအောင်မြင်နေကြောင်း၊ ရစ်ချက်မှာ အဘိုးဖြစ်သူ၏ ခြေရာကို နင်းကြောင်း၊ ကိတ်က လင်တော်မောင်အား ၀မ်းမြောက်ဝမ်းသာ စကားလက်ဆောင် ပါးသည်။
ဝီလျံက စိတ်ဝင်စားစွာ နားထောင်ပြီး ၀မ်းသာမဆုံး ဖြစ်မိသည်။

တစ်ချိန်တည်းတွင် အကယ်၍ နယူးယောက်သို့ ရစ်ချက်မလာရောက်ခဲ့သော ဘဏ်ဥက္ကဋ္ဌရာထူး ကို ဂျိတ်ခ်သောမတ် သာလျှင် မလွဲမသွေ ရရှိသွားတော့မည်ကိုလည်း သူကအလွန်ပင် စိုးရိမ်မိသည်။ သို့သော် သူက သည်အကြောင်းကို ဆက်မတွေးတော့ဘဲ ဦးနှောက်ထဲမှ ဖယ်ထုတ် ထားလိုက်လေသည်။
ဝီလျံ သည် နောက်တစ်နေ့တွင် အလုပ်ခွင်သို့ ပြန်ဝင်လာသည်။ သူသည် ကိုယ်ရောစိတ်ရော အထူးပင် လန်းဆန်းတက်ကြွနေသည်။ သူ့ကိုယ်သူ တော်တော်နှင့် မသေနိုင်သေးဟုလည်း ယုံကြည်ချင်စိတ် အပြည့် ရှိလာသည်။

‘အလုပ်ကိုတော့ သိပ်ပြီး ဖိဖိစီးစီးမလုပ်ပါနဲ့ဦး မစ္စတာကိန်း၊ နှလုံးရောဂါက အချိန်မရွေး ပြန်ပေါ်လာ နိုင်ပါတယ်’]ဟု ဆရာဝန်က သတိပေးထားသည်။
သို့သော် သူ့ကတော့ ဂရုမစိုက်တော့၊ သူမသေမီ ဘဏ်ဥက္ကရာထူးကို သားဖြစ်သူအား ပခုံးပြောင်း ပေးခဲ့နိုင်ရေး အတွက် အစစအရာရာ အဆင်ပြေပြေဖြစ်အောင် ကြိုးစားလုပ်ကိုင်ရဦးမည် မဟုတ် ပါလား။

ဘဏ်တိုက်သို့ ၀ီလျံရောက်လာသောအခါ တံခါးစောင့်က ဆီးကြိုနှုတ်ဆက်ပြီး ဂျိတ်ခ်သောမတ်က သူ့ကို တွေ့ချင်နေကြောင်း စောစောကလည်း အိမ်သို့ ဖုန်းလှမ်းဆက်ခဲ့သေးကြောင်း ပြောပြ သည်။
ဝီလျံက တံခါးစောင့်အား ကျေးဇူးစကားပြောပြီး သူ့ရုံးခန်းဆီသို့ လျှောက်လာခဲ့သည်။ ရုံးခန်းတံခါး ကို ဖွင့်လိုက်သော အခါ ဥက္ကဋ္ဌကုလားထိုင်တွင် ဂျိတ်ခ်သောမတ်ထိုင်နေပြီး သူ့ရှေ့တွင်လည်း ဘုတ်အဖွဲ့ဝင် လူကြီး သုံးယောက် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

‘ကျုပ်က တော်တော်များများ ကြာသွားသလားဗျ၊ ဒါနဲ့ဘဏ်ဥက္ကဋ္ဌ ဘယ်သူလဲ၊ ကျုပ် မဟုတ်တော့ ဘူးလား’
ဝီလျံက ရယ်ပြီးမေးလိုက်သည်။
‘အို….ဟုတ်ပါတယ် ၀ီလျံ၊ ဘဏ်ဥက္ကဋ္ဌက ခင်ဗျားပါပဲ၊ ကြွပါ…ကြွပါ၊ ကြိုဆိုပါတယ်’
ဂျိတ်ခတ်သောမတ်က ဥက္ကဋ္ဌကုလားထိုင်မှ ဖယ်ပေးလိုက်သည်။

ဝီလျံသည် စိတ်ထဲကတစ်မျိုးကြီး ခံစားလိုက်ရသည်။ သူ့အား ဂျိတ်ခတ်သောမတ်က ၀ီလျံဟူ၍ လည်းကောင်း ခင်ဗျား၊ ကျွန်တော် သုံး၍သော်လည်းကောင်း ယခင်တုန်းက တစ်ခါမျှ မဆက်ဆံခဲ့ စဖူး၊ တကယ်တော့ သူ့အသက်မှာ ၄၀က တစ်ရက်ပင် မစွန်းသေး။ သို့သော် သူက စိတ်ကို ထိန်းပြီး မေးလိုက် သည်။
‘ပြဿနာက ဘာလဲ’
‘အေဘယ်ရို့စနော့စကီး ပြဿနာ’
သောမတ် က မျက်နှာထားတင်းတင်းနှင့် ပြန်ဖြေလိုက်သည်။

ဝီလျံ၏ရင်ထဲ ထိတ်ခနဲ ခံစားလိုက်ရသည်။
‘သူက ဘာလိုချင်ပြန်ပြီလဲ၊ ကျုပ်ကို အေးအေးဆေးဆေးသေတာ မမြင်ချင်ဘူးနဲ့ တူတယ်’
သောမတ်က ၀ီလျံအနီးသို့ လျှောက်လာသည်။

‘သူက စည်းမျဉ်းဥပဒေပုဒ်မ(၇)အရ အရေးပေါ် အစည်းအဝေးခေါ်ပြီး ခင်ဗျားကို ဘဏ်ဥက္ကဋ္ဌ ရာထူးက ဖြုတ်ချဖို့ တောင်းဆိုလာတယ်’
‘သူက အဲဒီလိုလုပ်ဖို့ ဘယ်ရမလဲ၊ သူက အစုရှယ်ယာ ရှစ်ရာခိုင်နှုန်းမှ မပိုင်သေးတာပဲ၊ ပြီးတော့ အပြင်လူတစ်ယောက်က ရှယ်ယာရှစ်ရာခိုင်နှုန်း ပိုင်ဆိုင်လာရင်လည်း ဘဏ်ဥက္ကဋ္ဌကို ချက်ချင်း အသိပေးရမယ်လို့ စည်းမျဉ်းဥပဒေက ဆိုထားတာပဲ’
‘သူက မနက်ဖြန်မနက်ဆိုရင် ရှယ်ယာရှစ်ရာခိုင်နှုန်း ပိုင်ပြီလို့ အကြောင်းကြားတယ်’

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဘယ်နည်းနဲ့မျှ မဖြစ်နိုင်ဘူး၊ ကျုပ်က စတော့တွေ အားလုံးသေသေချာချာ စစ်ဆေးပြီး ညွှန်ကြားချက် ထုတ်ထားတာပဲ၊ သူ့ကို ဘယ်သူမှ မရောင်းနိုင်ဘူး၊ ဘယ်သူမှ မရောင်း နိုင်ဘူး’
ပီတာ ပါဖစ်က ရောင်းလိုက်ပြီးပြီး
မဟုတ်ဘူး၊ သူရှယ်ယာကို ကျုပ်က၀ယ်လိုက်တာ တစ်နှစ်တောင်ရှိသွားပြီ၊ ကျုပ်က ကိုယ်စားလှယ် တစ်ယောက်သုံးပြီး ၀ယ်ယူလိုက်တာ
ဂျိတ်ခ်သောမတ် မျက်လုံးပြူးသွားသည်။ အချိန်အတော်ကြာသည်အထိ ဘယ်သူမှ စကားမပြော ကြ။ ဂျိတ်ခ်သောမတ်သည် ဥက္ကဋ္ဌရာထူးကို ရရှိရေးအတွက် အသေအလဲ ကျိတ်ကြိုးစား နေကြောင်း ၀ီလျံက ပထမဆုံးအကြိမ် သိလိုက်ရသည်။

‘အဲဒီတော့ လိုရင်းကို ပြောရမယ်ဆိုရင်’ ဂျိတ်ခတ်သောမတ်က ပြောသည်။ ‘မနက်ဖြန်ဆိုရင် သူက ရှယ်ယာ ရှစ်ရာခိုင်နှုန်း ပိုင်သွားပြီ၊ သူ့အနေနဲ့ ဒါရိုက်တာလူကြီးတစ်ယောက် ဖြစ်နိုင်တဲ့အဆင့် ရောက်သွားပြီ၊ ပြီးတော့ ဘုတ်အဖွဲ့ရဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို သုံးလအထိ ရွှေ့ဆိုင်းထားနိုင်တဲ့ အာဏာကိုလည်း ရသွားပြီ၊ သူက သူ့တောင်းဆိုချက်တွေကို တစ်ပြည်လုံးက စာနယ်ဇင်းတွေမှာ ကြေငြာထည့်ဖို့လည်း ရည်ရွယ်ထားတယ်၊ သူ့ကို ဆန့်ကျင်လိုရှိခဲ့ရင် နယ်စားကုမ္ပဏီတစ်ခုလုံး ပြုတ်တဲ့အထိ ပြန်လည် တိုက်ခိုက်သွားဖို့လည်း ဆုံးဖြတ်ထားပြီးပြီး၊ သို့သော်လည်း အချက်တစ် ချက်ကို လိုက်လျောရင်တော့ သူ့အနေနဲ့ တောင်းဆိုချက်အားလုံးကို ပြန်လည် ရုပ်သိမ်းသွား ပါမယ်လို့တော့ ကတိပေးတယ်’
‘ဘာအချက်လဲ’

‘ခင်ဗျားအနေနဲ့ ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးရမယ်ဆိုတဲ့ အချက်ပဲ’
‘ဟာ…ဒါကတော့ တမင်ညစ်ပတ်တာပဲ’
ဝီလျံက ဒေါသဖြင့် အော်ပြောလိုက်မိသည်။
‘ညစ်ပတ်တာလည်း ဟုတ်ချင်ဟုတ်နိုင်ပါတယ်၊ သို့သော် လာမယ့် တနင်္လာနေ့မှာ ခင်ဗျားက နုတ်ထွက်စာတင်မတင်ဘူးဆိုရင်တော့ သူက ရှယ်ယာပိုင်ရှင်တွေအားလုံးကို အကြောင်းကြားဖို့ ဆုံးဖြတ်ထားပြီးပြီး၊၊ တစ်ပြည်လုံးက သတင်းစာနဲ့ မဂ္ဂဇင်းအစောင် ၄၀မှာလည်း ကြော်ငြာ ထည့်ဖို့ ကြိုတင် စာရင်းသွင်းထားပြီးပြီ’
‘ဒီလူ ရူးနေပြီထင်တယ်’

ဝီလျံက လွှတ်ခနဲ ပြောလိုက်သည်။ ပြီးတော့ လက်ကိုင်ပ၀ါထုတ်ပြီး နဖူးကို သုတ်နေသည်။
‘အဲဒါတွင် မကသေးပါဘူး’ ဂျိတ်ခ်သောမတ်က  စကားဆက်ပြန်သည်။ ‘နောက် ၁၀ နှစ်အတွင်းမှာ ကိန်းမိသားစု မျိုးဆက်ဝင် တစ်စုံတစ်ယောက်ကိုမှ ဘုတ်အဖွဲ့မှာ မသွင်းရဘူးလို့လည်း သူက တောင်းဆို သေးတယ်၊ ပြီးတော့ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ တခြားအကြောင်း သော်လည်းကောင်း၊ ခင်ဗျား နုတ်ထွက်သွားရပါတယ်လို့ လုံးဝအကြောင်းမပြရဘူးလို့လည်း တောင်းဆို လိုက်သေးတယ်’

သူက “နယ်စားဟိုတယ်” တံဆိပ်ပါသော စာရွက်ကို ၀ီလျံထံသို့ ကမ်းပေးလိုက်သည်။
ဝီလျံက စာရွက်ကို ကမန်းကတန်း ဖတ်ကြည့်လိုက်ပြီး -
‘ဒီလူက တကယ်ရူးနေပြီဗျ၊ တကယ်ရူးနေပြီ’
ဂျိတ်ခ်သောမတ်က ဆက်ပြောသည်။
‘ဘယ်လိုပဲပြောပြော၊ ကျွန်တော်ကတော့ မနက်ဖြန် ဘုတ်အဖွဲ့အစည်းအဝေး ခေါ်ထားလိုက်ပြီ၊ ၁၀နာရီတိတိမှာ လုပ်မှာ၊ အဲဒီတော့ မနက်ဖြန်မှပဲ အသေးစိတ် ဆက်ဆွေးနွေးကြတာပေါ့ ၀ီလျံ’

ရုံးခန်းထဲတွင် ၀ီလျံတစ်ယောက်တည်းသာ ထိုင်ကျန်ရစ်တော့သည်။ ထို့နေ့ တစ်နေ့လုံး သူထံသို့ မည်သူမျှမလာ။ သူက တခြားဘုတ်အဖွဲ့ဝင် လူကြီးများထံ ဖုံးလှမ်းဆက်သည်။ သို့သော် သူ့တို့က စကား တစ်ခွန်း နှစ်ခွန်းလောက်သာပြောပြီး ဖုံးပြန်ချသွားကြသည်။ သူတို့တော့ သူ့ကို ပထုတ်ဖို့ ကြိုးစားနေကြပြီ။ အစည်းအဝေး ကိုလည်း အချိန်ကပ်ပြီး တမင်ခေါ်ထားကြသည်။ သို့သော် ရှယ်ယာရှစ်ရာခိုင်နှုန်းပိုင်သူ မရှိသေးသမျှ သူ့အနေဖြင့် ကြောက်စရာမရှိ။

သူက ရှယ်ယာပိုင်စာရင်းကို စစ်ဆေးကြည့်သည်။ မည်သူမျှ ရောင်းထားတာ မတွေ့ရ။ သူက တစ်ကိုယ်တည်း အသံထွက်အောင်  ရယ်လိုက်မိသည်။ အေဘယ်ရို့စနော်စကီးက မပိုင်ဘဲနှင့် သူ့ကို လာတိုက် ၍ ရမည်တဲ့လား။

ထိုနေ့က သူအိမ်သို့ စောစောပြန်လာခဲ့သည်။ အိမ်သို့ ရောက်ရောက်ချင်း ရစ်ချက်တို့ မိသားစု အား လောလောဆယ် မလာကြနှင့်ဦးဟု အကြောင်းပြန်လိုက်ရန် ကိတ်အား ပြောလိုက်သည်။ ထို့နောက် စာကြည့်ခန်းထဲသို့ ၀င်လာခဲ့သည်။ သူ၏ ကမ္ဘာရန်အေဘယ်ရို့စနော့စကီးအား နောက်ဆုံးအကြိမ် အလဲထိုးရန် တိုက်ကွက်များကို အပြန်အလှန် စဉ်းစားသည်။ မနက်သုံးနာရီ ထိုးမှ အိပ်ရာဝင်သည်။ ထိုအချိန် တွင် သူလုပ်ရမည့်အလုပ်ကို အပြတ်အသတ် ဆုံးဖြတ်ချက် ချလိုက်ပြီ။
ဂျိတ်ခ်သောမတ်ကို ဘုတ်အဖွဲ့မှ ထုတ်ပစ်သည်။
ရစ်ချက်ကို အစားထိုးမည်။

သူသည် နောက်တစ်နေ့တွင် အလုပ်ခွင်သို့ အစောကြီးရောက်နေသည်။ စားပွဲတွင်ထိုင်ကာ မှတ်စုများကို ပြန်ကြည့်နေသည်။
သူ အောင်ပွဲခံရမည်ဟု ယုံကြည်နေသည်။ သူ့စီမံကိန်းတွေ အားလုံးအကွက်ဝင်နေသည်။
၁၀နာရီထိုးရန် ငါးမိနစ်အလိုတွင် စားပွဲပေါ်မှ ဖုံးမြည်လာသည်။ အတွင်းရေးမှုး စာရေးမ၏ အသံ ပေါ်ထွက်လာသည်။
‘မစ္စတာရို့စနော့ကီးက ဖုံးဆက်ပါတယူ်’

ဘယ်သူ့
‘မစ္စတာရို့စနော့စကီး ဟုတ်လား’ သူကမယုံကြည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။ ‘ဆက်ပေးလိုက် ပါ’ သူ့အသံတုန်နေသည်။
‘ဟုတ်ကဲ့ ပြောပါ’
‘မစ္စတာကိန်းလား’
‘ဟုတ်ပါတယ်၊ ခင်ဗျား၊ ဘာလုပ်ချင်ပြန်ပြီလဲ’

‘ဒီအချိန်ကစပြီး ကျွန်တော့အနေနဲ့ လက်စတာဘဏ်ရဲ့ ရှယ်ယာရှစ်ရာခိုင်နှုန်းကိ ပိုင်သွားပါပြီ ဆိုတာ စည်းကမ်းအရ ခင်ဗျားကို အကြောင်းကြားချင်လို့ပါ၊ တစ်ဆည်တည်းနဲ့ ပြောချင်တာ ကတော ကျွန်တော် တောင်းဆိုချက်တွေကို တနင်္လာနေ့နေ့လယ်မှာ မလိုက်လျောခဲ့လို့ရှိရင် ဘဏ် စည်းမျဉ်း ဥပဒေ ပုဒ်မ (၇)အရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရလိမ့်မယ်ဆိုတာ ကိုလည်း အကြောင်းကြားပါတယ်’
‘နောက်ဆုံးရှယ်ယာ နှစ်ရာခိုင်နှုန်းကို ခင်ဗျားက ဘယ်လိုရတာလဲ’ ၀ီလျံက ကမန်းကတန်း ပြန်မေးလိုက်သည်။
သို့သော် အဖြေကို မရလိုက်တော့ တစ်ဖက်မှ ဖုံးပြန်ချသွားပြီ။

သူက ရှယ်ယာပိုင်စာရင်းကို ကမန်းကတန်း ပြန်လှည့်ကြည့်သည်။ သူ့ကို သစ္စာဖောက်သွားတာ ဘယ်သူပါ့လိမ်။
တယ်လီဖုံးမြည်သံ ပေါ်လာပြန်သည်။ သူ လန့်ပင် လန့်သွားမိသည်။
‘ဘုတ်အဖွဲ့အစည်းအဝေး စပါတော့မယ်ရှင်’
၁၀နာရီတိတိတွင် စည်းဝေးခန်းမထဲသို့ ၀ီလျံဝင်လာသည်။ ဥက္ကဋ္ဌကုလားထိုင်တွင် ၀င်ထိုင်ပြီး တစ်ခန်းလုံး ကို မျက်လုံးကစားကြည့်လိုက်သည်။ ဘုတ်အဖွဲ့ဝင်တွေ အားလုံးလိုလို မျက်နှာကြော တင်းမာနေကြသည်။ သို့သော် ကိစ္စမရှိ။ သူ့ဘက်က နိုင်ကွက်ရှိနေသည်။

သူကပြုံးပြီး ထိုင်ရာမှ ထလိုက်သည်။
‘လူကြီးမင်းများခင်ဗျား၊ လူကြီးမင်းများ သိပြီးတဲ့အတိုင်း မစ္စတာရို့စနော့စကီးရဲ့ အကျပ်ကိုင် တောင်းဆိုချက် ကြောင့် ဒီအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါတယ်၊ ဒီပုဂ္ဂိုလ်ဟာ ကျွန်တော့နဲ့ တကွ ကျွန်တော် တို့ ဘဏ်လုပ်ငန်းကို ဖျက်လိုဖျက်ဆီးအကြံနဲ့ တမင်တိုက်ခိုက်တဲ့ ရာဇ၀တ်ကောင် တစ်ယောက်ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ဘဏ်ဥက္ကဋ္ဌရာထူးက နုတ်ထွက်ပေးဖို့ အကျပ်ကိုင် တောင်းဆို လာပါတယ်၊ လူကြီးမင်းများ အားလုံးသိပြီးတဲ့အတိုင်း ကျွန်တော့အနေနဲ့ ဒီရာထူးမှာ ဆက်လက် အမှုထမ်း ဖို့ နောက်ထပ် ကိုးနှစ်သာ ကျန်ပါတော့တယ်၊ တကယ်လို့သာ ဘာအကြောင်းမှ မလုံ လောက်ပဲနဲ့ ဒီရာထူးက ကျွန်တော် နုတ်ထွက်သွားရလို့ ရှိရင် စီးပွားရေးလောကတစ်ခုလုံးက အထင် အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာမှာ သေချာနေ ပါတယ်’
သူက မှတ်စု စာရွက်ကို ပြန်ကြည့်ပြီး ဆက်ပြောသည်။

‘လူကြီးမင်းများခင်ဗျား၊ မစ္စတာရို့စနော့ကီးက အခုလို ယုတ်မာတဲ့အကြံနဲ့ မတရားတိုက်ခိုက် လာတာကို အားလုံးက ၀ိုင်းဝန်းကာကွယ်ကြဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်၊ အဲဒီလို ၀ိုင်းဝန်း ကာကွယ်ဖို့အတွက်လည်း ကျွန်တော်ပိုင်ဆိုင်တဲ့ ရှယ်ယာအားလုံးနဲ့ ကျွန်တော်ပိုင်တဲ့ သီးသန်ငွေ ဒေါ်လာ ၁၀သန်းကို လူကြီးမင်းများ သဘောကျလိုအပ်သလို အသုံးပြုဖို့အတွက် ကျွန်တော်က စွန့်လွှတ်ကြောင်း ပြောလိုပါတယ်၊ လူကြီးမင်းများအားလုံးက ကျွန်တော့်ကို ထောက်ခံကြလိမ့်မယ် လို့ လေးလေးနက်နက် ယုံကြည်ပါတယ်ခင်ဗျား’
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ၀ီလျံက အားလုံးပင် သူ့ဘက်က ထောက်ခံကြလိမ့်မည်ဟု စိတ်ချ လက်ချ ယုံကြည်သည်။
ဂျိတ်ခ် က ထိုင်ရာမှ ထရပ်လိုက်သည်။

‘မစ္စတာရိုစနော့စကီးနဲ့ မစ္စတာကိန်းတို့ရဲ့ ပုဂ္ဂလိကဆက်ဆံရေးကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော် မေးချင်တာရှိနေပါတယ် မေးခွင့်ရှိပါသလား ခင်ဗျား’
ဝီလျံ က အံအားသင့်သွားသည်။ သို့သော်သူက သဘောတူလိုက်သည်။ ဂျိတ်ခတ်သောမတ် လောက်တော့ ကြောက်စရာမရှိပါဘူး။
‘ကျွန်တော်တို့ သိရသလောက်ဆိုရင် မစ္စတာကိန်းနဲ့ မစ္စတာရို့စနော့စကီးတို့ရဲ့ ကလဲ့စားတိုက်ပွဲ ဟာ နှစ်ပေါင်း ၃၀ကျော်ခဲ့ပါပြီ၊ အဲဒီလို လူနှစ်ယောက်ရဲ့ ပုဂ္ဂလိကတိုက်ပွဲမှာ ကျွန်တော်တို့အားလုံး ပါဝင်ရမယ်လို့ မစ္စတာကိန်းက ယုံကြည်ပါသလား’ ၀ီလျံက ဒေါသဖြင့် ပြန်မေးလိုက်သည်။
ကုမ္ပဏီအတွင်းရေးမှုးက ထ၇ပ်ပြီး ပြောသည်။

‘သူ ဘာမှမလုပ်သေးသမျှတော့ သူ ဘာလုပ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး၊ ဒါပေမဲ့ သူကလည်း မစ္စတာကိန်းလိုပဲ ရှစ်ရာခိုင်နှုန်း ရှယ်ယာပိုင်ထားတဲ့ ပုဂ္ဂိုလ်ဆိုတာ လုပ်ပိုင်ခွင့်တွေ ကတော့ အများကြီး ရှိပါတယ်၊ ပြီးတော့ ဒီကိစ္စဟာ သက်ဆိုင်သူနှစ်ယောက်ရဲ့ ပုဂ္ဂလိကတိုက်ပွဲ ဖြစ်နေပါတယ်၊ မစ္စတာကိန်းက မိမိပိုင်တဲ့ ဒေါ်လာ၁၀သန်းကို ရက်ရောစွာနဲ့ စွန့်လွှတ်ပေမယ့် မစ္စတာရို့စနော့ကီးက ဗီတိုအာဏာနဲ့ လုပ်ချင်တာလုပ်လာရင် ကျွန်တော်တို့ လုပ်ရပ်အားလုံး အကျိုးမဲ့ ဖြစ်သွားနိုင်ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ ကိုယ်စားပြုနေတဲ့ ဘဏ်တိုက်နဲ့ ကျွန်တော်တို့ကို အမှီသဟဲပြုနေရတဲ့ ကုမ္ပဏီတွေအနေနဲ့ အဆိုးရွားဆုံး အခြေအနေကို ရောက်သွားနိုင်ပါတယ်’
'မဟုတ်ဘူး မဟုတ်ဘူး၊ ကျုပ်တို့က မစ္စတာ ရို့စနော့စကီးကို အပြတ်တိုက်ပစ်နိုင်ပါတယ်၊ ဒါကြောင့်မို့ ကျုပ်က ကျုပ်ကိုယ်ပိုင်ငွေကို စွန့်လွှတ်တာပါ' ၀ီလျံက ပြောလိုက်သည်။
အတွင်းရေးမှုး က ဆက်ပြောသည်။

'ဒီနေ့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာကလည်း အဲဒီအချက်ပါပဲ၊ ကျွန်တော်တို့က မစ္စတာ ရို့စနော့စကီးကို အပြတ်တိုက်ထုတ်လို့ ရနိုင် မရနိုင်ဆိုတဲ့ အချက်ကိုပဲ ဆုံးဖြတ်ကြရမှာပါ၊ ကျွန်တော် စဉ်းစား မိသလောက် တော့ ရေရှည်တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က အရှုံးနဲ့ ရင်ဆိုင်ရဖို့ ကျိန်းသေနေပါတယ်'
'ကျုပ်ရဲ့ ပိုက်ဆံတွေကို လိုအပ်သလို အသုံးပြုသွားရင် ကျုပ်တို့ဘက်က ဘယ်တော့မှ မရှုံးနိုင် ပါဘူး'
ဂျိတ်ခ်သောမတ် က ၀င်ပြောသည်။

'အဲဒါက ဟုတ်ချင်ဟုတ်ပါလိမ့်မယ်၊ ဒါပေမဲ့ အခုဆွေးနွေးနေတာက ပိုက်ဆံပြဿနာမဟုတ်ပါဘူး၊ ကျွန်တော် တို့ ဘဏ်လုပ်ငန်းအတွက် အလွန်အရေးကြီးတဲ့ ပြဿနာကို ဆွေးနွေးနေကြတာပါ၊ အခုဆိုရင် မစ္စတာ ရိုစနော့စကီးအနေနဲ့ ပုဒ်မ(၇)ကို လုံးဝပိုင်သွားပါပြီ၊ ကျွန်တော်တို့ကို သူလုပ်ချင်သလို လုပ်နိုင်တဲ့ အာဏာ ရရှိသွားပါပြီ'
သောမတ်က ပရိသတ်ကို လှည့်ကြည့်လိုက်သည်။ အားလုံး ငြိမ်သက်နေကြသည်။ ထို့နောက် သူက ဆက်ပြောသည်။
‘ဥက္ကဋ္ဌကြီး ခင်ဗျား၊ ဆက်လက်ပြီး အင်မတန်အရေးကြီးတဲ့ မေးခွန်းတစ်ခုကို ကျွန်တော် မေးလို ပါတယ၊ ဒီကိစ္စ အတွက် အခုရောက်ရှိနေကြတဲ့ ကျွန်တော်တို့အားလုံး အကြီးအကျယ် ခေါင်းမီးတောက်နေကြရပါတယ်၊ ဥက္ကဋ္ဌကြီးအနေနဲ့ စိတ်မချမ်းသာစရာ ဖြစ်ပေမယ့် ဘဏ်အကျိုး အတွက် ရှေးရှုပြီး ပွင့်လင်းရိုးသားစွာ ဖြေကြားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’

ဝီလျံက မျက်နှာမော့်ကြည့်လိုက်သည်။ ဘယ်လိုမေးခွန်းများပါလိ့မ်ဟု တွေးလိုက်မိသည်။ သူ့နောက်ကွယ် မှာ သူတို့ဘာတွေ ကြိတ်ကြံနေကြပါလိမ့်၊ သူတော်တော် စိတ်ဓာတ်ကျသွား သည်။ ငါ့ကိုတော့ သူတို့ ၀ိုင်းသတ် နေကြပြီ။
သူက ဣနြေ္ဒဆယ်ပြီး ပြန်ပြောလိုက်သည်။
‘မေးစရာရှိရင် မေးနိုင်ပါတယ်၊ ကျုပ် ရိုးသားစွာ ပြန်ဖြေဖို့ အသင့်ပါပဲ၊ ကျုပ်က ဘယ်သူမှ ကြောက်စရာ မရှိပါဘူး’ သူက ဂျိတ်ခ်သောမတ်၏ မျက်နှာကို စိုက်ကြည့်နေသည်။
ကျေးဇူးတင်ပါတယ်
ဂျိတ်ခ်သောမတ်က ပြန်ပြောလိုက်သည်။

‘ဥက္ကဋ္ဌကြီးခင်ဗျား၊ မစ္စတာရို့စနော့ကီးဟာ ကျွန်တော့်ဘဏ်ရဲ့ အရေးပါတဲ့ ရှယ်ယာပိုင်ရှင် တစ်ဦးဖြစ်ကြောင်း၊ ဥက္ကဋ္ဌကြီးအသိ ဖြစ်ပါတယ်၊ အဲဒီလိုသိပါလျက်နဲ့ မစ္စတာရို့စနော့စကီးကို လိမ်လည်မှု နဲ့ ဖမ်းဆီးခံရအောင် လျို့ဝှက်စာရွက်စာတမ်းတွေကို တရားရေးဌာနကို ပေးပို့တာမှာ ဥက္ကကြီးကိုယ်တိုင် ပါဝင် ပါသလားခင်ဗျား’
‘ခင်ဗျားကို သူက အဲဒီလိုပဲ ပြောသလား’
‘ဟုတ်ပါတယ်၊ ကျုပ်လုပ်ခဲ့ပါတယ်၊ အဲဒီလျို့ဝှက်စာရွက်စာတမ်းတွေ ကျုပ်လက်ထဲ ရောက်လာပါတယ်၊ ကျုပ်က တာဝန်သိတဲ့ လူတစ်ယောက်အနေနဲ့ တရားရေးဌာနကို ပို့သင်တယ်ထင်လို့ ပို့လိုက်တာ ဖြစ်ပါတယ်’
‘အဲဒီစာရွက်စာတမ်းတွေ လူကြီးမင်းလက်ထဲကို ဘယ်လို ရောက်လာပါသလဲခင်ဗျား’
ဝီလျံက ပြန်မဖြေ။

ဂျိတ်ခ်သောမတ်က ဆက်ပြောသည်။
‘ဥက္ကဋ္ဌကြီးခင်ဗျား၊ ဥက္ကဋ္ဌကြီးက မဖြေပေမယ့် ကျွန်တော့်မေးခွန်းရဲ့အဖြေကို ကျွန်တော်တို့အားလုံး သိကြတယ်လို့ ကျွန်တော့် ယုံကြည်ပါတယ်၊ ဥက္ကဋ္ဌကြီးအနေနဲ့ အဲဒီိလိုပြုမှုခြင်းဟာ ဘုတ်အဖွဲရဲ့ စည်းကမ်းကိုလည်း ဖောက်ဖျက်ရာ ရောက်နေပါတယ်၊ တကယ်ဆို အဲဒီလိုမလုပ်ခင် ဘုတ်အဖွဲ့ဝင် အားလုံး ကို အသိပေးခဲ့ဖို့ သင့်ပါတယ်၊ ပုဂ္ဂလိက အာဃာတကို အကြောင်းပြုပြီး မိမိထင်သလို ပြုမှုကျင့်ကြံခြင်း အားဖြင့် ဘဏ်ရဲ့ ဂုဏ်သိက္ခာ၊ ကျွန်တော်တို့အားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အသက်မွေးမှုလုပ်ငန်းကိုပါ အဖတ် ဆယ် မရအောင် အန္တရာယ်ပြုနိုင်တယ်ဆိုတာ ဥက္ကဋ္ဌကြီး ကြိုတင်မတွေးမိခဲ့တာ ကျွန်တော်တို့အားလုံး အံ့သြလို့မဆုံး ဖြစ်ကြရပါတယ်ခင်ဗျုား’
‘ဒါပေမယ့် ရို့စနော့စကီးဟာ ကျုပ်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေတာမြင်နေလျက်နဲ့ ကျုပ်က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား’
ဝီလျံက စိတ်ကို မထိန်းနိုင်တော့ဘဲ ဒေါသဖြင့် အော်ပြောလိုက်သည်။

‘ဒီလိုဆိုရင်  ကျုပ်လုပ်ရပ်အတွက် ဘုတ်အဖွဲ့ရဲ့ဆန္ဒကို တောင်းခံမယ်’
ဤတွင် ကုမ္ပဏီအတွင်းရေးမှုးကကြားဖြတ်ပြီး -
‘ဒီအဖွဲ့အစည်းအဝေးဟာ ဥက္ကဋ္ဌကြီးရဲ့လုပ်ရပ်အတွက် ဆန္ဒကို တောင်းခံမယ်’
ဤတွင် ကုမ္ပဏီအတွင်းရေးမှုးကကြားဖြတ်ပြီး -
‘ဒီအစည်းအဝေးဟာ ဥက္ကဋ္ဌကြီးရဲ့ လုပ်ရပ်အတွက် ဆန္ဒတောင်းခံဖို့ ပြုလုပ်တဲ့ အစည်းအဝေး မဟုတ်ပါဘူး ခင်ဗျား၊ တကယ်ဆန္ဒတောင်းခံရမှာက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ ဥက္ကဋ္ဌကြီးဟာ ဥက္ကဋ္ဌ ရာထူး နဲ့ ထိုက်တန်ပါသလားဆိုတာကိုသာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမယ့်အချိန် ရောက်နေပါပြီခင်ဗျား၊ ဒီအချက်ကို ဥက္ကဋ္ဌကြီး သဘောတူပါသလား ခင်ဗျား’

‘လုပ်ပါ….လုပ်ပါ၊ ခင်ဗျားတို့ သဘောရှိလုပ်ကြပါ၊ နှစ်ပေါင်းအစိတ်နီးပါး ဘဏ်အကျိုးအတွက် အမှုထမ်း လာတဲ့ လူတစ်ယောက်ကို သိက္ခာမဲ့ဖြုတ်ပစ်ပြီး ဘာမှမဟုတ်တဲ့ အညတရ ရာဇ၀တ် ကောင် တစ်ယောက် ကို သိက္ခာတင်ရေးအတွက် အခုအစည်းအဝေးက ဆုံးဖြတ်ချက် ချမှတ် ပါလိမ့်မယ်’
ဂျိတ်ခ်သောမတ် က အတွင်ရေးမှုးအား ခေါင်းညိတ်ပြလိုက်သည်။
အတွင်းရေးမှုးက ဆန္ဒမဲစာရွက်များ လိုက်ဝေသည်။

ဝီလျံက ပရိသတ်များဘက်သို့ ဝေ့ကြည့်လိုက်သည်။ စုစုပေါင်း ၂၉ယောက်။ အများစုမှာ သူကိုယ်တိုင် ရွေးချယ်ခန့်ထားခဲ့သူများ ဖြစ်သည်။ သို့သော် တချို့ကိုတော့ သူလုံးဝမသိ။ တချို့က သူ့မျက်နှာ ကြည့်နေကြသည်။ တချို့ကတော့ မကြည့်။ တချို့က သူ့ကို ကန့်ကွက်ကြ လိမ့်မည်။ မျှော်လင့်ချက် ကတော့ ကျန်ပါသေးသည်။
ဘုတ်အဖွဲ့ဝင် အသီးသီးက ဆန္ဒမဲစာရွက်တွေ ဖြည့်စွက်ပြီးနောက် အတွင်းရေးမှုးထံ ကမ်းပေး လိုက်ကြ သည်။
အတွင်းရေးမှုး က ဆန္ဒမဲစာရွက်များကို ဖြည်းဖြည်းချင်းဖွင့်၍ စာရင်းရေးသွင်းနေသည်။ တစ်ခန်းလုံး နားရွတ် မခတ် တိတ်ဆိတ်နေသည်။
အတွင်းရေးမှုးက တစ်စုံတစ်ရာ ပြောလိုက်သည်။ သို့သော် ၀ီလျံက သူနာ့းကိုပင် မယုံနိုင်အောင် ဖြစ်သွား သည်။

ထောက်ခံမဲ ၁၂မဲ။
ကန့်ကွက်မဲ ၁၇မဲ။
ဝီလျံရှုံးနိမ့်သွားခဲ့ပြီ။ သူက ကုလားထိုင်မှ ထရပ်လိုက်သည်။ ပြီးတော့ စည်းဝေးခန်းထဲမှ ထွက်လာ ခဲ့သည်။ သူ့ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။ ချိတ်ထားသော ကုတ်အင်္ကျိကို ယူသည်။ သူ့စားပွဲ နောက်မှ ချားလ်စ်လက်စတာ ၏ ဓာတ်ပုံကားချပ်ကြီးကို ခေတ္တရပ်ကြည့်နေမိသည်။
ထို့နောက် ချာခနဲလှည့်ကာ စင်္ကြလမ်းအတိုင်း လျှောက်လာခဲ့သည်။ တံခါးဝသို့ ရောက်လာသည်။

တံခါးစောင့်ကြီးက ဆီး၍နှုတ်ဆက်သည်။
‘ကျန်းကျန်း မာမာနဲ့ ပြန်ရောက်လာတာ ၀မ်းသာပါတယ် ဥက္ကဋ္ဌကြီးခင်ဗျား၊ မနက်ဖြန်မှ ထပ်တွေ့ ကြတာ ပေါ့’
မနက်ဖြန် သူ့ကို မတွေ့နိုင့်တော့ပါ။ တစ်သက်လုံးလည်း မတွေ့နိုင်တော့ပါ။

သူက နောက်သို့ ပြန်လှည့်ပြီး တံခါးစောင့်ကြီးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သည်ပုဂ္ဂိုလ်ကြီး သည် ၀ီလျံမှ လွှဲလျှင် သည်ဘဏ်တိုက်တစ်ခုလုံးတွင် လုပ်သက်အရင့်ဆုံး အမှုထမ်းကြီး ဖြစ်သည်။ သည်ပုဂ္ဂိုလ်ကြီး သည် လွန်ခဲ့သော နှစ်ပေါင်း ၂၃နှစ်ခန့်က ၀ီလျံအား ပထမဆုံးအကြိမ် အစည်းအဝေး ခန်းမထဲ သို့ လမ်းညွှန်လိုက်ပို့ခဲ့သည့် ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။

မရယ်မပြုံးဖြင့် မိမိလက်ကို ဆုပ်ကိုင်ထားသော ၀ီလျံအား တံခါးစောင့်ကြီးက တအံ့တသြ ကြည့်နေမိသည်။ နောက်ဆုံး တွင် သူက 'မင်္ဂလာညပါ ဥက္ကဋ္ဌကြီး' ဟူ၍ နှုတ်ဆက်လိုက်သည်။
ဝီလျံ ကားပေါ်တက်သွားသည်ကို တံခါးစောင့်ကြီးက ရပ်ကြည့်နေမိသည်။ သူသည် ဘဏ်ဥက္ကဋ္ဌ ကြီးအား နောက်ဆုံး အကြိမ် ကြည့်နေခြင်းဖြစ်ကြောင်း တံခါးစောင့်ကြီးက လုံးဝမသိ။

ဒရိုင်ဘာက ကားကို မောင်းထွက်လာခဲ့သည်။ အရှေ့ ၆၈လမ်းမှ အိမ်သို့ ပြန်ရောက်တော့ ၀ီလျံသည် အိမ်ရှေ့လှေကားဦးတွင် အရုပ်ကြိုးပြတ် လဲကျသွားသည်။
ဒရိုင်ဘာနှင့် ကိတ်တို့က သူ့ကို အိမ်ထဲသို့ တွဲခေါ်လာခဲ့ကြသည်။
ဝီလျံ ငိုနေသည်။ မျက်ရည်တွေ သွယ်သွယ်စီးကျပြီး ကလေးငယ်တစ်ယောက်ပမာ ငိုနေသည်။

ကိတ် က သူ့ကို ပွေ့ဖက်ထားလိုက်သည်။
'ဟင်….မောင်၊ ဘာဖြစ်လို့လဲ မောင်၊ ဘာဖြစ်လို့လဲဟင်'
'မောင့်ကို ဘဏ်တိုက်က ကန်ထုတ်လိုက်ကြပြီ ကိတ်' သူကရှိုက်ရင်း ပြောသည်။ 'မောင့်ကို ဘုတ်အဖွဲ့ဝင် တွေက မယုံကြည်တော့ဘူး၊ သူ့တို့က ရို့စနော့စကီးနောက်ကို ကောက်ကောက် ပါအောင် လိုက်သွား ကြပြီ'
သူက တဟီးဟီးဖြင့် ဆက်၍ ငိုနေသည်။

ကိတ်က အိပ်ရာထဲ တွဲခေါ်လာခဲ့သည်။
သူသည် အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်နေသည်။ အိပ်လည်း မအိပ်၊ စကားလည်း တစ်ခွန်းမှ မပြော။

နောက်တစ်နေ့ထုတ် 'ဝေါလ်စထရိဂျာနယ်' သတင်းစာတွင် သတင်းတိုကလေးတစ်ပုဒ် ပါလာသည်။
'လတ်စတာဘဏ်၏ ဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ နာယကဖြစ်သူ မစ္စတာဝီလျံလိုဝယ်ကိန်းသည် ယမန် နေ့ကျင်းပသော ဘုတ်အဖွဲ့အစည်းအဝေးတွင် ရာထူးမှ နုတ်ထွက်သွားသည်ဟု သိရှိရ၏'

ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အခြားအကြောင်း တစ်ခုခုကြောင့်သော်လည်းကောင်း၊ ယခုကဲ့သို့ နုတ်ထွက်သွားရခြင်းဖြစ်ကြောင်း တစ်စုံတစ်ရာ ဖော်ပြခြင်း အလျင်းမရှိ။ ထို့ပြင် သူ့၏ ရာထူးတွင် သားဖြစ်သူက ဆက်လက်တာဝန်ယူ ဆောင်ရွက်မည်။ မဆောင်ရွက်မည်ဆိုသည့် အချက်ကိုလည်း သတင်းအစအနပင် ဖော်ပြထားခြင်း မရှိ။
၍သတင်းသည် ဝေါလ်စထရိ စီးပွားရေးရပ်ကွက်တွင် တောမီးပမာ ပျံနှံ့သွားပြီး အမြင်အမျိုးမျိုးဖြင့် တစ်ယောက် တစ်ပေါက် ဝေဖန်ပြောဆိုနေကြလိမ့်မည် ဆိုသည်ကို ၀ီလျံ တွေးမိသည်။

သူသည် အိပ်ရာပေါ်တွင် ငုတ်တုတ်ကြီး ထိုင်လျက်ပင် ရှိသေးသည်။
သူသည် ဤလောကတွင် ဘယ်အရာမျှ ဂရုမစိုက်တော့။

ဝီလျံကိန်း နုတ်ထွက်သွားခြင်း သတင်းကို အေဘယ်သည် ထို့နေတွင်ပင် 'ဝေါလ်စထရိဂျာနယ်' သတင်းစာ၌ ဖတ်ရှုရသည်။
သူကစားပွဲပေါ်မှာ တယ်လီဖုံးကို ကောက်ကိုင်ပြီး၊ လတ်စတာဘဏ် ဖုံးနံပါတ်ကို လှည့်လိုက်သည်။
'ဥက္ကဋ္ဌသစ်နဲ့ စကားပြောချင်လို့ပါ'
'မင်္ဂလာ နံနက်ခင်းပါ  မစ္စတာရို့စနော့စကီး'

'မင်္ဂလာနံနက်ခင်းပါ မစ္စတာသောမတ်၊ ကျွန်တော်အခု ဆက်တာက တခြားမဟုတ်ပါဘူး၊ အင်တာစတိတ် လေကြောင်းကုမ္ပဏီမှာ ကျွန်တော်ပိုင်တဲ့ ရှယ်ယာတွေအားလုံးကို ဒီနေ့မနက် စတော့ ဈေးကွက်ပေါက်ဈေး နဲ့ လက်စတာဘဏ်က ၀ယ်ယူဖို့နဲ့ လက်စတာဘဏ်မှာ ကျွန်တော့် ရှယ်ယာရှစ်ရာခိုင်နှုန်းကို လူကြီးမင်း ကို ဒေါ်လာနှစ်သန်းနဲ့ ရောင်းဖို့အကြောင်း ပြောချင်လို့ ဆက်တာပါ'

'အများကြီး ကျေူးဇူးတင်ပါတယ် မစ္စတာရို့စနော့စကီး၊ အခုလို ရက်ရက်ရောရော စွန့်လွှတ်နိုင်တာ ကို ကျွန်တော်တို့အနေနဲ့ တစ်သက်မမေ့နိုင်ပါဘူး'
'ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး ဥက္ကဋ္ဌကြီးခင်ဗျား၊ ကျေးဇူးတင်ကြစတမ်းသာဆိုရင် ကျွန်တော် လိုအပ်နေတဲ့ ရှယ်ယာနှစ်ရာခိုင်နှုန်းကို စေတနာအပြည့်နဲ့ ရောင်းခဲ့တဲ့ ဥက္ကဋ္ဌကြီးကိုသာ ကျွန်တော်က ပြန်တင်ရမှာပါခင်ဗျား'

အခန်း (၃၉) ဆက်ရန်
.

2 comments:

Anonymous said...

မဆုံးနိုင်သော လက်စားချေမှုကြီးပါလား။
ဖတ်ရတာ ရင်မောလိုက်တာ။
သူတို့လက်စားချေပွဲထဲမှာ အမြတ်ထွက်တဲ့သူတွေလဲ မနည်းဘူး။ တရားကျစရာနော်။

Anonymous said...

စီးပွါးရေးလောကဆိုတာ ..ဒါပါပဲ..
ဒါပေမဲ့ ဒီလိုကောက်ကျစ်ပီး ရာထူးယူသွားတဲ့ သော့မတ်ကြောင့် ဒီဘဏ်ဟာ သိက္ခာပြန်ကျလာနိုင်စရာရှိပါတယ်။ ပီးတော့ ဒီလူဟာ အရည်အချင်းမရှိခဲ့ရင်လည်း ဘဏ်သိက္ခာထပ်ကျလာနိုင်ပါတယ်..
ဝီလျံသနားပါတယ်..
ထင်တော့ထင်တယ်.. စာရေးဆရာဟာ.. အေဘယ်လ်ပြန်လက်သင့်ခံတော့မဲ့အချိန်မှာ အရှိုက်ထိုးလိုက်သလို ၀ီလျံကိုလည်း ဒီလိုလုပ်တော့မယ်လို့ စာရေးဆရာသဘောကိုဆောကြောမိတယ်..အမ..

ကျေးဇူး..အမရေ..

မြတ်နိုး