အခန်း (၃၁)
အေဘယ်သည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် အီစတန်ဘူမြို့သို့ ခရီးထွက်ခဲ့ရာမှ ပြန်ရောက် လာသည်။ ဒေးဗစ်မက်တွန် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ခရီးရောက်မဆိုက်ပင် သိရှိ ရသည်။ ကျေးဇူးရှင်ကြီး ရုတ်တရက် ကွယ်လွန်သွားခြင်းအတွက် အေဘယ်သည် အထူးပင် စိတ်မကောင်း ဖြစ်မိ ရလေသည်။
သူသည် ရှိကာဂိုမြို့တွင် ပြုလုပ်သော အသုဘအခမ်းအနားသို့ ဂျော့၊ ဖလော်ရင်တီနာတို့နှင့်အတူ တက်ရောက်သည်။ မစ္စက်မက်တွန်အား မည်သည့်နိုင်ငံရှိ နယ်စားဟိုတယ်တွင်မဆို အထူး ဧည့်သည် တော် အဖြစ်ဖြင့် တစ်သက်လုံးနေလိုပါက နေနိုင်ကြောင်း အေဘယ်ကပြောသည်။ အေဘယ်အနေဖြင့် ဤမျှ ရက်ရော လှသော ကူညီမှုမျိုး အဘယ့်ကြောင့် ပေးလိုကြောင်း မစ္စက်မက်တွန်က နားမလည်နိုင်အောင်ပင် ဖြစ်ရ သည်။
အေဘယ်သည် နောက်တစ်နေ့တွင် နယူးယောက်သို့ ပြန်လာခဲ့သည်။ သူ၏၄၂ထပ်မှ ရုံးခန်း စားပွဲ ပေါ်တွင် ဟင်နရီအော့စဘွန်းထံမှ အစီရင်ခံစာတစ်စောင့် အဆင်သင့် ရောက်ရှိနေသည်ကို တွေ့ရသည်။ ယခု အချိန်တွင် စတော့ဈေးကွက်အခြေအနေ တည်ငြိမ်မှုရှိလာခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ကြာလာ ခဲ့ပြီဖြစ်၍ အိုက်ဆင်ဟောင်အစိုးရအဖွဲ့က အင်တာစတိတ်ကုမ္ပဏီ၏ ဇာတ်ရှုပ်ကို အရေးယူ စုံစမ်း စစ်ဆေး ပြုလုပ်ရန် စိတ်ဝင်စားမှုရှိပုံ မပေါ်တော့ကြောင်း ထို့ကြောင့် ယင်းပြဿနာမှာ ဤမျှနှင့်ပင် ပြီးပြတ် သွားပြီဟု ယူဆရကြောင်း အော့စဘွန်းက အစီရင်ခံစာတွင် တင်ပြထားသည်။ အိုက်ဆင်ဟောင်ဝါ၏ ဒုတိယ သမ္မတ ရစ်ချက်နစ်ကဆင်မှာလည်း ဂျိုးဇက် မက္ကာသီ မကိုင်နိုင်ခဲ့သော ကွန်မြူနစ်ပြဿနာကို လိုက်ရင်း နှင့်ပင် အလုပ်ရှုပ်နေဟန်တူသည်။
အေဘယ်သည် နောက်နှစ်နှစ်အတွင် ဥရောပတစ်ခွင်သို့ လှည့်လည်ကာ နယ်စားဟိုတယ်များ တည် ဆောက်ရင်း ဖြင့်သာ မအားလပ်နိုင်အောင် ရှိနေခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ပါရီနယ်စား ဟိုတယ် ကို လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် လန်ဒန် နယ်စားဟိုတယ်ကိုလည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့သည်။ ဘရပ်ဆဲ(ဘယ်လ်ဂျီယံ)၊ ရောမ (အီတလီ)၊ အမ်စတာဒမ် (နယ်သာလန်)၊ ဂျီနီဗာ (ဆွစ်ဇာလန်)၊ ဘွန်း(ဂျာမနီ)၊ အီဒင်ဘာရာ (အင်္ဂလန်)၊ ကိန်း(ပြင်သစ်)နှင့် စတော့ဟုမ်း (ဆွီဒင်)စသော မြို့များတွင်လည်း ၁၀နှစ်တာ တိုးချဲ့ရေးစီမံကိန်းအရ နယ်စားဟိုတယ်များ ဖွင့်လှစ်နိုင်ရေးအတွက် ဆောက်လုပ်ဆဲ၊ ဆောက်လုပ် လတ္တံ့ အခြေအနေတွင် ရှိနေကြသည်။
ထို့ကြောင့်လည်း သူသည် ၀ီလျံကိန်းအကြောင်းကို မစဉ်းစားနိုင်လောက်အောင် အလုပ်များလျက် ရှိသည်။ လက်စတာဘဏ်နှင့် ယင်း၏ လက်အောက်ခံကုမ္ပဏီများတွင် နောက်ထပ် ရှယ်ယာများ ၀ယ်ယူရန် လည်း လုံးဝမကြိုးစား၊ သို့သော် တစ်နေ့တွင် ၀ီလျံကိန်းအား နာလန်မထူနိုငအောင် အလဲထိုး နိုင်မည့် အခွင့်အရေးရရှိရေးအတွက် ယခင်ဝယ်ယူထားပြီး ရှယ်ယာများကိုတော့ ဆက်လက် ထိန်းထား ဆဲပင် ဖြစ်သည်။ နောက်တစ်ကြိမ်ဆိုလျှင်တော့ ဥပဒေနှင့် မလွတ်မကင်းမဖြစ်အောင် ပိပိရိရိလုပ်ရမည်ဟု အေဘယ် က ဆုံးဖြတ်ထားသည်။
အေဘယ်သည် နိုင်ငံခြားသို့ ခရီးထွက်နေသော အချိန်များတွင် နယ်စားကုမ္ပဏ လုပ်ငန်းအရပ်ရပ်ကို ဂျော့ ကပင် တာဝန်ယူကြီးကြပ်အုပ်ချုပ်သည်။ ၁၉၅၅ ခုနှစ် ဇူလိုင်လတွင် ဖလော်ရင်တီနာ တက္ကသိုလ်မှ ပြန်ရောက် လာသောအခါ အုပ်ချုပ်ရေးအဖွဲ့တွင် ခန့်ထားရန် အေဘယ်က ရည်ရွယ်ထားသည်။ နယ်စား ဟိုတယ် များ၌ ဖွင့်လှစ်ထားသော အရောင်းဆိုင်များကို ဖလော်ရင်တီနာအား တာဝန်ယူကြီးကြပ်စေပြီး လုပ်ငန်းစုကြီး တစ်ရပ် ဖြစ်လာအောင် လုပ်ရမည်ဟု ရည်မှန်းထားသည်။
ဖလော်ရင်တီနာက သူမ၏ အနာဂတ်တိုးတက်လမ်းကို တွေးမိပြီး အလွန်ဝမ်းသာလာသည်။ သို့ပေမဲ့ သူမ သည် ဖခင်ကြီး၏ ကုမ္ပဏီတွင် ၀င်ရောက်မလုပ်ကိုင်မီ အပြင်လုပ်ငန်းတစ်ခုခုတွင် ခေတ္တ၀င်ရောက်၍ အတွေ့ အကြုံယူချင်သေးသည်ဟု ဖခင်ကြီးကိုပြေပြသည်။
'အေဘယ်က ဆွစ်ဇာလန်နိုင်ငံ လိုစန်းမြို့မှ နာမည်ကျော် ဟိုတယ်လုပ်ငန်း အတတ်သင် သိပ္ပံကျောင်း သို့သွား တက်ရန် အကြံပေးသည်။ သို့သော် ဖလော်ရင်တီနာက ဖခင်ကြီး၏ အကြံကို လက်မခံ။ သူမ ဆန္ဒက နယူးယောက်မြို့မှ ကုန်ပဒေသာတိုက်မှာ လုပ်ရင်ရတာပေါ့၊ ဖေဖေ ဝေါလတားဟိုးဗင်းဆီ ဖုန်း လှမ်းဆက် လိုက်မယ်၊ အဲဒီမှာ လက်ထောက်မန်နေဂျာ အဆင့်လောက်က ၀င်လုပ်ရင်ရပါတယ်'
'ဟင့်အင်း...အဲဒီအဆင့်အထိ သမီးတက်မလုပ်ချင်ဘူး ဖေဖေ၊ အောက်ဆုံးကပဲ စလုပ်ချင်တယ်၊ ပလာဇာ ဟိုတယ် က လက်ထောက်စားပွဲထိုးအဆင့်လောက် ဆိုပါတော့'
'ကုန်ပဒေသာတိုက်က အရောင်းစာရေးမ အဆင့်လား'
အေဘယ်က ပြောပြီး ရယနေသည်။
'ဟုတ်ပါတယ်၊ သမီးကအဲဒီအဆင့်လောက်ကပဲ စပြီးလုပ်ချင်ပါတယ်'
'သမီးတကယ်ပြောနေတာလား၊ ရက်ကလစ်တက္ကသိုလ်ကလည်း ဘွဲ့ရထားပြီ ဥရောပတစ်ခွင် ခရီး ထွက်ပြီး လေ့လာမှု အတွေ့အကြုံတွေကလည်း ရှိနေပြီ၊ အဲဒီလို မိန်းကလေးတစ်ယောက် အညတရ အရောင်းစားရေးမကလေးပဲ ၀င်လုပ်ချင်တယ်ပေါ့ ဟုတ်လား'
'ဖေဖေလည်းပဲ ပလာဇာဟိုတယ်မှာ အညတရစားပွဲထိုးကလေး ၀င်လုပ်ခဲ့တယ် မဟုတ်လား၊ အဲဒီလို လုပ်ခဲ့ တာဟာ တစ်နေ့မှာ ကမ္ဘာကျော်ဟိုတယ်လုပ်ငန်းကြီးတစ်ခုကို အောင်အောင်မြင်မြင် ထူထောင်တဲ့ နေရာ မှာ အဟန့်အတားမဖြစ်ခဲ့ပါဘူး ဖေဖေ'
'အင်း...ငါကတော့ ခံလိုက်ရပြီ'ဟု အေဘယ်က တွေးလိုက်မိသည်။ သူက သမီးဖြစ်သူ၏ မျက်နှာကို စိုက်ကြည့် နေသည်။ သူမဘယ်လိုပြောလို့မှ ရတော့မည်မဟုတ်ဆိုသည်ကို သူ၏ မျက်နှာ အမူအရာ က ဖော်ပြ နေသည်။
ဖလော်ရင်တီနာ ရက်ကလစ်တက္ကသိုလ်မှာ ဘွဲ့ယူပြီးသောအခါ ဖခင်ကြီးနှင့်အတူ ဥရောပသို့ ဒုတိယ အကြိမ် လေ့လာခရီး ထွက်ရပြန်သည်။ အသစ်ဖွင့်စနယ်စားဟိုတယ်များ၏ လုပ်ငန်း တိုးတက်မှုကို လေ့လာကြသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် "ဘရပ်ဆဲနယ်စားဟိုတယ်"ကို ဖလော်ရင်တီနာ ကိုယ်တိုင် ဖွင့်လှစ် ပေးခဲ့သည်။ ယင်းဟိုတယ်မှ ပြင်သစ်စကား ပြောသော လူငယ်အုပ်ချုပ်ရေးမှူးကလေးကို မြင်တော့ ဖလော်ရင်တီနာက စွဲချစ်မိသည်။ အေဘယ်သိသွားသောအခါ'ကြက်သွန်ဖြူစော်နံပါတယ် သမီး ရယ်' ဟု ပြောပြီး ဟန့်တားသည်။ နောက်သုံးရက်ကြာတော့ ချစ်သူနှစ်ယောက် ပွေ့နမ်းရှုပ် သည့် အဆင့် သို့ ရောက်သည်။ ထိုနေ့တွင် ဖလော်ရင်တီနာက အဆိုပါလူငယ်ကို လုံးဝကျောခိုင်းလိုက်သည်။ သို့သော် အဓိကအကြောင်းရင်းသည် ကြက်သွန်ဖြူစော်နံသောကြောင့် ဖြစ်သည်ဆိုတာကိုတော့ ဖခင်ကြီး အား ဘယ်တော့မှ ဖွင့်ဟ၀န်ခံခြင်းမပြုခဲ့။
နယူးယောက် သို့ ပြန်ရောက်ပြီး ရက်ပိုင်းအတွင်းမှာ ဖလော်ရင်တီနာက ဘလူမင်ဒယ်ကုန် ပဒေသာ တိုက်တွင် အကူအရောင်းစာရေးမ တစ်နေရာ လျှောက်ထားလိုက်သည်။ လျှောက်လွှာတွင် သူမ၏ အမည် ကို ဂျက်စီကိုဗက်ဟု ရေးထည့်လိုက်သည်။ လျှောက်လွှာတွင် နယ်ဟားဟိုတယ်လုပ်ငန်း ပိုင်ရှင်ကြီး ၏သမီးဖြစ်ကြောင်း ကုန်တိုက်မှလူတွေ သိကုန်လျှင် ပယ်ပယ်နယ်နယ် ခိုင်းရဲကြတော့မည်မဟုတ်ဟု ယူဆ သောကြော်င့ ဖြစ်သည်။
ထို့နောက် သူမသည် နယ်စားဟိုတယ်မှ အခန်းကြီးတွင်မနေဘဲ အပြင်တွင် သီးသန့်ခန်းတစ်ခန်း ငှားနေလိုကြောင်း ဖခင်ကြီးအား ပြောပြသည်။ ဖခင်ကြီးက အတန်တန်တားသော်လည်း သမီးဖြစ်သူအား အရှုံးပေး ရပြန်သည်။ သို့ဖြင့်၅၇လမ်းပေါ်မှ ခပ်ငယ်ငယ် အကောင်းစား အခန်းတစ်ခန်းကို ဖလော်ရင်တီနာ ၂၂နှစ် မြောက် မွေးနေ့လက်ဆောင်အဖြစ် ငှားပေးရပြန်သည်။
လျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်အကြာတွင် အလုပ်ခန့်စာရသည်။ သို့သော် အသိမိတ်ဆွေများအား လုံးဝ အသိမပေး။ သူတို့သိသွားလျှင် သူမအလုပ်တိုက်သို့ လာကြမည်။ ယင်းသို့ဆိုလျှင် ကုန်တိုက်မှ လူတွေ သိကုန်တော့မည်။ သူမအား ကုန်တိုက်မှ လူတွေက သာမန် အရောင်းစာရေးမ ကလေး တစ်ယောက် လို ဆက်ဆံတာကိုသာ သူမလိုချင်သည်။
သူမနေ့စဉ် အပြင်ထွက်သွားတာမြင်တော့ အသိမိတ်ဆွေတွေက မေးကြမြန်းကြသည်။ နယ်စား ဟိုတယ် က အရောင်းဆိုင်ကို သွားကြီးကြပ်နေတာပါဟု သူမက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ သူတို့ က ပြန်မမေးကြတော့။
သူမသည် ဂျက်စီကိုဗက်ဟူသော နာမည်သစ်ကို မနည်းကြီး သတိနှင့်နေရသည်။ သတိလွတ်သွားပြီး နာမည်ရင်းကို ပြောမိ၊ ရေးမိတော့မလို မကြာခဏကြုံရသည်။
သူမသည် ကုန်တိုက်၌ အလှကုန်ကောင်တာတွင် တာဝန်ကျေသည် နောက်နှစ်နှစ်ဆိုလျှင် သူမ ကိုယ်တိုင် အလှကုန်ဆိုင်တွေကို ကြီးကြပ်အုပ်ချုပ်ရတော့မည်။
ဘလူမင်ဒယ်ကုန်တိုက်တွင် အရောင်းစာရေးမများကို နှစ်ယောက်တစ်တွဲစီ တာဝန်ချထားသည်။
ဖလော်ရင်တီနာနှင့်တွဲ၍ ကျသော မိန်းကလေးနာမည်က မယ်စီ၊ မယ်စီက ရုပ်ရည်ချောမောသော်လည်း ထက်ထက် မြက်မြက်တော့ မရှိ အပျင်းကလည်းအလွန်ထူသည်။ လောကတွင် သူမ စိတ်ဝင်စား တာ နှစ်ခုသာ ရှိသည်။ ပထမတစ်ခုက ညနေခြောက်နာရီ ထိုးသံ။ နောက်တစ်ခုကတော့ ဆန့်ကျင်ဘက် လိင်ပိုင်ရှင်ဖို သတ္တ၀ါ။ ပထမအချက်က တစ်နေ့တွင် တစ်ကြိမ်သာကြုံရသည်။ နောက်တစ်ချက်ကတော့ တစ်ချိန်လုံး မှာ ကြုံရသည်။
ဖလော်ရင်တီနှင့် မယ်စီတို့သည် မကြာခင်မှာပင် ရင်းနှီးခင်မင်သွားကြသည်။ မယ်စီသည် လုပ်သက်ရင့် နေသူ ဖြစ်၍ အတွေ့အကြုံရှိသည်။ ဖလော်ရင်တီနာသည် မယ်စီထံမှ ပညာတော်တော်ရသည်။ မန်နေဂျာ မသိအောင် အလုပ်ခိုနည်း နှင့် ယောကျားကလေး တွဲဖော်ရှာနည်းကိုလည်း မယ်စီကပင် သင်ပေးသည်။
အလှကောင်တာတွင် ဖလော်ရင်တီနာက အရောင်းတာဝန်ယူပြီး မယ်စီ ပစ္စည်းအခင်းအကျင်း တာဝန် ယူသည်။ ပထမခြောက်လကုန်ဆုံး၍ စာရင်းပိတ်သောအခါ အမြတ်ငွေတော်တော်ရသည်။ မယ်စီသည် လက်သည်း ခြေသည်း ဆိုးရာတွင် အနည်းဆုံး နှစ်နာရီလောက် ကြာတတ်သည်။ သို့သော် ဖလော်ရင်တီနာ က မတွက်မကပ်ဘဲ ခွင့်လွှတ်သည်။ ဖလော်ရင်တီနာမှာ ပင်ကိုကပင် ဈေးရောင်း ၀ါသနာ ပါလာသူဖြစ်၍ ၀ယ်သူများ၏ ကျေနပ်မှုကို အမြဲတမ်းရသည်။ ထို့ကြောင်း အရောင်းတွင်ကျယ်ပြီး အထက် လူကြီး များက သူမကို အလွန်သဘောကျသည်။
နောက်ပိုင်းတွင် မယ်စီတို့သည် အ၀တ်အစားကောင်တာ စာရေးကိရိယာကောင်တာ တို့တွင် ရွှေ့ပြောင်း တာဝန် ထမ်းကြရသည်။ သူတို့သည် စရိုက်ချင်းတခြားစီဖြစ်သော်လည်း တစ်ယောက်အပေါ် တစ်ယောက် နားလည်ခွင့်လွှတ်ကြသည်။ ခြောက်လပတ် စာရင်းချုပ်သောအခါ သူတို့ကောင်တာမှ အမြတ်ငွေ သည် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်လာသည်ချည်းပင်ဖြစ်သည်။
အေဘယ်သည် ဂျော့အား ကုန်တိုက်သို့လွှတ်ပြီး သူ့သမိးအခြေအနေကို လေ့လာခိုင်းသည်။ အခြေ အနေ အလွန်ကောင်းကြောင်း သိရသောအခါ အေဘယ်သည် သမိးဖြစ်သူအတွက် အလွန် ဂုဏ်ယူ မိသည်။ ကုန်တိုက်တွင် နှစ်နှစ် သင်တန်းပြီးဆုံးသောအခါ မိမိတို့ ကုမ္ပဏီတွင် ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ပြီး နယ်စားဟိုတယ် စတိုးဆိုင်များကို ကြီးကြပ် အုပ်ချုပ်စေရန် ရည်ရွယ်ထားသည်။
ဒုတိယနှစ် ခြောက်လပတ်တွင် ဖလော်ရင်တီနာသည် လာက်ထောက်ကြီးကြပ်ရေးမှူးဖြင့် ကောင်တာ ခြောက်ခုကို တာဝန်ယူနေရပြီ။ သူမသည် လက်ကျန်ပစ္စည်းများကို စစ်ဆေးခြင်း၊ ငွေစာင်းစစ်ဆေးခြင်းနှင့် အရောင်း စာရေး ၁၈ယောက်တို့အား ကြီးကြပ်ခြင်း တာဝန်များကို ယူရသည်။
ထိုညနေတွင် ဖလော်ရင်တီနာသည် ကော်တာတွင်ထိုင်ရင်း ၀ယ်သူကို မျှော်နေကြသည်။ ကောင်တာများရှေ့တွင် ဟိုဟိုသည်သည် လျှောက်ကြည့်နေသော လူငယ်တစ်ယောက်ကို မယ်စီက ဖလော်ရင်တီနာ အား လက်တို့ပြီး ညွှန်ပြသည်။
“သူ့ကို ဘယ်လိုသဘောရသလဲ” မယ်စီက ခစ်ခနဲ တစ်ချက်ရယ်ပြီး မေးသည်။
ဖလော်ရင်တီနာက လူငယ်ဆီသို့ လှမ်းကြည့်လိုက်သည်။ တော်တော့ကို ချောမောခန့်ညားသော လူရည်သန့်တစ်ယောက်။ မယ်စီ၏ အဆက်များလားဆိုပြီး မနာလိုစိတ်ပင် ဖြစ်သွားမိသည်။
“သူလိုချင်တာတစ်ခုပဲရှိပါတယ် မယ်စီ”
“ဟုတ်ပါတယ် ငါလည်းသိပါတယ် သူလိုချင်ရင် ရနိုင်တဲ့အရည်အချင်းလည်း ရှိပါတယ်”
“ဒါဖြင့် ညည်းက သူ့ကိုသွားပြောပါလား၊ ညည်းကိုကျေးဇူးတင်မှဲာ”
ဖလော်ရင်တီနာက ရယ်လိုက်ပြီး တခြားအမျိုးသမီး ဈေးဝယ်သူတစ်ယောက်ဆီသို့ လျှောက်ထွက် သွားသည်။ မယ်စီက ၀မ်းသာသွားပြီး စောစောက လူချောလူငယ်ဆီသို့ မသိမသာ အကဲခတ်ကြည့်နေ သည်။ လူငယ်က မယ်စီနှင့်စကားပြောနေရင်း ဖလော်ရင်တီနာဆီသို့ ဂနာမငြိမ်စွာဖြင့် လှမ်းလှမ်း ကြည့်သည်။ ခဏကြာတော့ လူငယ်က အပြာရင့်ရောင် သားရေလက်အိတ် တစ်စုံဝယ်ပြီး ပြန်ထွက် သွားသည်။
“ကဲ...ဘယ့်နှယ့်လဲ အခြေကောင်းရဲ့လား မယ်စီ”
ဖလော်ရင်တီနာက သူမအနီးရောက်လာသော မယ်စီအား မေးလိုက်သည်။ စိတ်ထဲကလည်း မယ်စီအပေါ် မသိမသာ မနာလိုစိတ်ဖြစ်မိသည်။
' မကောင်းပါဘူး၊ သူက အဲဒီအကြောင်း ဘာမှမပြောမသွားဘူး၊ ဒါပေမဲ့ သူ မကြာခင်ပြန်လာဦးမှာ ပါ၊ ငါ သေချာပေါက် ပြောရဲပါတယ် '
မယ်စီ၏ ကြိုတင်ခန့်မှန်းချက် တကယ်ပင် မှန်နေသည်။ တကယ်ပင် နောက်တစ်နေ့တွင် အဆိုပါ လူငယ် ပေါက်ချ လာသည်။
' ကဲ ... သွားလိုက်ပါဦး ညည်းလူဆီကို '
ဖလော်ရင်တီနာက ပြောလိုက်သည်။
မယ်စီက အပြေးကလေး လိုက်သွားသည်။ လူငယ်က ယမန်နေ့ကလိုပင် လက်အိတ်တစ်စုံဝယ်ပြီး ပြန်ထွက်သွားပြန်သည်။ ဖလော်ရင်တီနာက သဘောကျစွာဖြင့် တခစ်ခစ်နှင့် ရယ်ကျန်ရစ်သည်။
' သူဝယ်တာ လက်အိတ်နှစ်စုံတောင် ရှိသွားပြီ မယ်စီ။ တို့ ကုန်တိုက်က သူ့ကို ကျေးဇူးတင်ရမှာပဲ၊ အဲဒီတော့ ညည်းက ဆက်ကြိုးစားပေတော့ '
' ဒါပေမဲ့ သူက အဲဒီအကြောင်း တစ်ခွန်းမှမဟတာ ခက်တယ် ဂျက်စီရဲ့ '
' သူ့ကြည့်ရတာ လက်အိတ်ရှူးနဲ့ တူပါတယ်အေ၊ လက်အိတ်လှလှကလေးတွေ ၀ယ် ၀ယ်ပြီး စုထားတယ်ထင်ပါရဲ့ '
' အဲဒါ ခွကျတာပေါ့ ဂျက်စီ၊ သူ့ကြည့်တော့လည်း လည်ပုံလည်လက်နဲ့ '
' စိတ်မပျက်ပါနဲ့ဦးလေ၊ ဆက်ကြိုးစားကြည့်ပါဦး '
နောက်တစ်နေ့တွင်လည်း အဆိုပါ လူငယ်ရောက်လာပြန်သည်။ မယ်စီသည် ထခုန်တော့မတတ် ၀မ်းသာသွားမိသည်။ သူမသည် ၀ယ်သူ မိန်းမကြီးတစ်ယောက်နှင့် စကားပြောတန်းလန်းမှ လူငယ် ဆီသို့ အပြေး ကလေး လျှောက်ထွက်သွားသည်။ ဖလော်ရင်တီနာက သူမနေရာ ၀င်လိုက်ပြီး မသိ မသာ အကဲခတ်ကြည့်နေသည်။ သည်တစ်ကြိမ်တွင်တော့ သူတို့နှစ်ယောက် တော်တော်ကြာကြာ စကား ပြောနေကြသည်။ အတော်ကလေးကြာတော့ လူငယ်သည် လက်အိတ်တစုံဝယ်ပြီး ငေါက် ခနဲ ပြန်ထွက် သွားပြန်သည်။
' သူ့ပုံကြည့်ရတာတော့ မရိုးတော့ဘူးထင်တာပဲ မယ်စီ'
' ဟုတ်တယ်၊ တစ်ခုခုတော့ တစ်ခုခုပဲ၊ ဒါပေမ့ သူက အပြင်ထွက်ဖို့ လုံးဝ မခေါ်တာတော့ တော် တော်အခံရခက်တာပဲ ဂျက်စီရဲ့၊ အဲဒီတော့ ဒီလိုလုပ်ကြရအောင်လား၊ မနက်ဖြန် သူလာရင် ညည်းက သွားတွေ့ လိုက်၊ သူက ငါ့ကို တိုက်ရိုက်ပြောရမှာ ရှက်နေတာဖြစ်မယ် '
' အမယ်လေး... ကြည့်လည်း လုပ်ပါဦး မယ်စီရယ်၊ သူက လက်အိတ်မ၀ယ်ဘဲနဲ့ ငါ့ကို ဆွဲခေါ်သွား ရင် ခက်နေပါဦးမယ် '
မယ်စီက ဖလော်ရင်တီနာ၏ နံရိုးကို လက်ညိုးနှင့်ထိုးပြီး ကျီစယ်လိုက်သည်။ ဖလော်ရင်တီနာက လည်း အနည်းဆုံး တော့ ပျော်ရတာပေါ့ဆိုပြီး မယ်စီ၏ အကြံကို လက်ခံလိုက်သည်။
နောက်တစ်နေ့ ဆိုင်ထဲသို့ လူငယ်ဝင်လာပြန်သည်။
' မင်္ဂလာညနေခင်းပါရှင် ' ဖလော်ရင်တီနာက ကြိုဆိုနှုတ်ဆက်လိုက်သည်။
' အို... ဟုတ်ကဲ့၊ မင်္ဂလာညနေခင်းပါ '
လူငယ်က ဖလော်ရင်တီနာနှင့် နဖူးတွေ့ ဒူးတွေ့ဆုံရ၍ အနည်းငယ်ရှက်သွားပုံရသည်။
' ကျွန်မ ဘာကူညီရပါမလဲရှင် '
' အို... ဟုတ်ကဲ့... ဟိုဒင်း ကျွန်တော် လက်အိတ်တစ်စုံ ၀ယ်ချင်လို့ပါ '
' ဟုတ်ကဲ့ ရပါတယ်ရှင်၊ အပြာရင့်ရင့် သားရေလက်အိတ်ပဲနော်၊ ရှင်နဲ့တော်တဲ့အရွယ် ရှိပါလိမ့်မယ်'
ဖလော်ရင်တီနာက လက်အိတ်ကို ကမ်းပေးလိုက်သည်။ လူငယ်က လက်အိတ်ကို မကြည့်ဘဲ သူမ၏ မျက်နှာကိုသာ ရွှန်းရွှန်းစားစားကြည့်နေသည်။ ပြီးတော့မှ လက်အိတ်ကို သူ့လက်တွင် စွပ် ကြည့်သည်။ နည်းနည်းပွနေသည်။ ဖလော်ရင်တီနာက နောက်ထပ် တစ်စုံပေးသည်။ နည်းနည်း ကျပ်နေပြန်သည်။ လူငယ်က မယ်စီဆီသို့ မသိမသာ လှမ်းကြည့်လိုက်သည်။ မယ်စီက တခြားဝယ် သူတွေကြားထဲ လက်မလည်အောင် အလုပ်များနေသည်။ သို့ပေမဲ့ သူမက ကြည့်ဖြစ်အောင် လှမ်း ကြည့်ပြီး ပြုံးပြ လိုက်သေး သည်။ လူငယ်ကလည်း ပြန်၍ ပြုံးပြလိုက်သည်။
ဖလော်ရင်တီနာက နောက်ထပ် တစ်စုံထုတ်ပြသည်။ သည်တစ်စုံကတော့ လက်နှင့် အတော်ပင် ဖြစ်နေသည်။
' ဒါဆို ရှင်လိုချင်တာ ရပြီပေါ့ '
' အို ... မဟုတ်ဘူး၊ ကျွန်တော် လိုချင်တာက လက်အိတ်မဟုတ်ပါဘူး '
' ဒါဖြင့် ခဏနေပါဦး၊ ကျွန်မ မယ်စီကို သွားကူလိုက်ပါဦးမယ်၊ ရှင်က သူ့ကို တိုက်ရိုက်ဘာလို့ မပြောတာလဲ၊ ရှင်ခေါ်ရင် သူက လွယ်လွယ်နဲ့ လိုက်မှာပါ'
' အို ... အဲဒါမဟ်ုတ်ဘူး၊ အဲဒါလည်း မဟုတ်ဘူး၊ ကျွန်တော် ခေါ်ချင်တာက ခင်ဗျားကိုပါ '
ဖလော်ရင်တီနာမှာ ပါးစပ်ဟောင်းလောင်းဖြစ်သွားမိသည်။
' စိတ်တော့ မရှိပါနဲ့၊ ခင်မင်မိလို့ပါ၊ ဒီညနေ ကျွန်တော်နဲ့အတူ ညစာလိုက်စားပါလား '
' ဟုတ်ကဲ့ '
ဖလော်ရင်တီနာ၏ ပါးစပ်မှ အလိုလိုထွက်သွားသည်။
' ခင်ဗျားအိမ်မှာ ကျွန်တော် ကားနဲ့လာခေါ်ရမှာလား '
' ဟင့်အင်း ... အဲဒီလိုမလုပ်ပါနဲ့၊ စားသောက်ဆိုင်တစ်ဆိုင် ချိန်းလိုက်ကြတာပေါ့ '
' အဲဒီတော့ ဘယ်နေရာကောင်းမလဲ၊ ခင်ဗျားသဘောကျတဲ့ဆိုင်ပြောပါ'
ဖလော်ရင်တီနာက လူရှင်းသော ဆိုင်တစ်ဆိုင်ကို ကမန်းကတန်း စဉ်းစားကြည့်လိုက်သည်။
' ၇၃ လမ်းက အလန် စားတော်ဆက်ဆိုရင် မကောင်းဘူးလား '
' ကောင်းပါတယ်၊ ကောင်းပါတယ် '
' ဒါဖြင့် ရှစ်နာရီလောက်မှာ ဆုံကြရအောင် '
' ရှစ်နာရီကောင်းပါတယ် '
လူငယ်သည် မျက်နှာတွင် အပြုံးပန်းဝေေ၀ဖြင့် ဆိုင်ထဲမှ ပြန်ထွက်သွားသည်။ ဖလော်ရင်တီနာက မျက်စိတစ်ဆုံး ရပ်ကြည့်ကျန်ရစ်သည်။ အတန်ကြာတော့မှ လူငယ်သည် လက်အိတ်မ၀ယ်ဘဲ ပြန်ထွက် သွားမှန်း သတိရမိတော့သည်။
*
ဖလော်ရင်တီနာသည် ညနေစာစားပွဲအတွက် အ၀တ်အစားများကို အကြာကြီး ရွေးနေမိသည်။ သူမသည် ဘလူမင်ဒယ် ကုန်ပဒေသာတိုက်မှ အရောင်းစာရေးမကလေးတစ်ယောက် ဖြစ်သော် လည်း အ၀တ်အစားကိုတော့ ဖြစ်သလို ၀တ်မသွားချင်။
စိတ်ကြိုက်အ၀တ်အစားများကို ရွေးချယ်ဝတ်ဆင်ပြီးတော့မှ ရှစ်နာရီမထိုးမီ ဆယ်မိနစ်လောက်တွင် အခန်းထဲမှ ထွက်လာခဲ့သည်။ လမ်းပေါ်တွင် တော်တော်ကြာကြာ ရပ်စောင့်နေရပြီးတော့မှ တက္ကစီ ကားငှား၍ ရသည်။
' အလန်စားတော်ဆက် သွားမယ် '
' ၇၃ လမ်းကလား '
' ဟုတ်ကဲ့ '
' စိတ်ချပါ မစ္စ '
စားတော်ဆက်ရောက်တော့ ၁၀ မိနစ်လောက် နောက်ကျသွားကြောင်း တွေ့ရသည်။ သူမက စားသောက်ခန်းထဲ မျက်လုံးကစားကြည့်လိုက်သည်။ လူငယ်သည် အရက်ကောင်တာ ရှေ့တွင် ရပ်နေ သည်။ သူမကို မြင်တော့ လက်ကို ဝှေ့ယမ်းပြသည်။ သူသည် မီးခိုးရောင် ဘောင်းဘီနှင့် အပြာရောင် ဘလေဇာကုတ်ကို ၀တ်လာသည်။ ယခင်ကထက်ပို၍ ခန့်ညားနေသလိုထင်ရသည်။
' ကျွန်မ နည်းနည်း နောက်ကျသွားတယ် '
' ကိစ္စမရှိပါဘူး၊ ရောက်လာတာပဲ ၀မ်းသာလှပါပြီ '
' ရှင်က ကျွန်မ မလာချင် မလာဘူးလို့ ထင်နေလို့လား '
' အမှန်ပြောရရင် ကျွန်တော်က သိပ်ပြီး စိတ်မချမိဘူး၊ ရင်ထဲမှာ တထိတ်ထိတ်ပဲ၊ ဒါနဲ့ ခင်ဗျားနာမည် ကျွန်တော် မသိရသေးဘူး '
' ဂျက်စီကိုဗက်ပါ၊ ရှင့်နာမည်က '
' ရစ်ချတ်ကိန်း '
သူကလက်ကို ကမ်းပေးလိုက်သည်။
သူမက လှမ်းဆွဲနှုတ်ဆက်လိုက်သည်။ သူက လိုအပ်သည်ထက် ပိုပြီး ခပ်ကြာကြာ ကလေး ဆုပ်ကိုင် ထားသည် ဟု ထင်မိသည်။
' ဒါနဲ့ ရှင်က ဘလူမင်ဒယ်တိုက်မှာ လက်အိတ်လာမ၀ယ်တဲ့အချိန်မှာ ဘာတွေ လုပ်နေသလဲ '
' ဟားဗတ်တက္ကသိုလ် စီးပွားကုန်သွယ်ရေးကျောင်းမှာ တက်နေတယ် '
' လူတိုင်းလိုလိုမှာ လက်နှစ်ဖက်သာရှိတယ်ဆိုတာ သူတို့က ရှင့်ကို မသင်ပေးတာ ကျွန်မ အံ့သြမိတယ် '
သူက သဘောကျပြီး ရယ်လိုက်သည်။
' ကဲ ... ဘာစားမလဲ၊ ထိုင်ကြရအောင် '
သူက သူမ၏ လက်ကိုဆွဲပြီး စားပွဲသို့ လျှောက်လာသည်။
ရစ်ချက်က သူမအား နယူးယောက်မြို့အကြောင်း၊ ပြဇာတ်အကြောင်း၊ ဂီတအကြောင်းဝေေ၀ ဆာဆာ ပြောပြသည်။ သူမက တော်တော် ပျော်နေမိသည်။
သူကတော့ သူမအား အရောင်းစာရေးမကလေးတစ်ယောက်ဟုပင် ထင်ကောင်း ထင်လိမ့်မည်။ သို့ပေမဲ့ သူမအား မျိုးကြီးဆွေကြီး ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်လို သူက ဆက်ဆံပြောဆို နေသည်။ သူ ပြောနေသမျှကို သူမက နားလည်မှုအပြည့်ဖြင့် လိုက်၍ နားထောင်နိုင်သည်ကို သူက တစ်စုံတစ်ရာ အံ့သြ မိပုံ မပြ။
သူမ မိသားစု အကြောင်းကို မေးတော့လည်း ပိုလန်သူဖြစ်ပြီး နယူး ယောက်တွင် မိဘများနှင့်အတူနေကြောင်းလောက်သာပြောသည်။ ရစ်ချတ်ဘက်မှ ပွင့်လင်းမှုရှိ သော်လည်း ဖလော်ရင်တီနာဘက်မှ ဟန်ဆောင်မှုတွေရှိနေသည်။ သူမအဖြစ်ကို ပြန်တွေးပြီး သူမက စိတ်မကောင်း ဖြစ်မိသည်။ သို့ပေမဲ့ တို့နှစ်ယောက်က ဒီတစ်ကြိမ်တွေ့ပြီး နောက်ထပ် ဘယ်တော့မှ တွေ့နိုင်တော့မှာ မဟုတ်တော့ပါဘူးဟု တွေးပြီး ဖြေသိမ့်ရသည်။
စားသောက်ပြီးသွားတော့ ရစ်ချတ်က တက္ကစီတစ်စီး လိုက်ရှာသည်။ လာသမျှကားတွေ လူပြည့် နေ၍ တစ်စီး မှ ငှား၍မရ။
' ဘယ်မှာ နေသလဲ' ရစ်ချတ်က မေးသည်။
' ၇၅ လမ်းမှာ '
' ဒါဖြင့် လမ်းလျှောက်ကြတာပဲ ကောင်းပါတယ် '
ရစ်ချတ်က ဖလော်ရင်တီနာ၏ လက်ကိုလှမ်းကိုင်သည်။ ဖလော်ရင်တီနာက ပြုံးပြီး သဘောတူလိုက်သည်။
နှစ်ယောက်သား လက်ချင်းယှက်ကာ စကားတပြောပြောနှင့် လျှောက်ရင်း ကုန်တိုက်မှ မှန်ပြတင်း များကို ကြည့်လာ ကြသည်။
လူမပါသောတက္ကစီများ သူတို့ဘေးမှ ဖြတ်မောင်းသွားကြသည်။ တစ် ယောက်မျှ သတိမရကြ။ တစ်နာရီနီးပါးမျှ လျှောက်လာခဲ့ကြသည်။ ဖလော်ရင်တီနာက အမှန်အတိုင်း ဖွင့်ပြောလိုက်ရ ကောင်းမည် လားဟု အကြိမ်ကြိမ် စိတ်ကူးမိသေးသည်။
၅၇ လမ်းရောက်တော့ ဖလော်ရင်တီနာက သူမ၏ တိုက်ခန်းနှင့် ကိုက် ၁၀၀ လောက်ဝေးသော တိုက် ဟောင်း တစ်ခုရှေ့တွင် ရပ်လိုက်သည်။
' ကျွန်မ မိဘတွေ ဒီတိုက်မှာပဲ နေကြတယ် '
ရစ်ချတ်က တစ်စုံတစ်ခုကို ပြောချင်သလိုလိုဖြင့် တုံ့ဆိုင်းဆိုင်း လုပ်နေသည်။ နောက်တော့မှ သူမ၏ လက် ကို လွှတ်လိုက်သည်။
' နောက်လည်း ပြန်တွေ့ကြဦးမယ်နော် '
' ကောင်းပါတယ် '
' ဒါဖြင့် မနက်ဖြန် မကောင်းဘူးလား '
' မနက်ဖြန် ... ဟုတ်လား '
' ဟုတ်တယ်၊ "မိုးပြာနတ်မယ်" ကိုသွားကြရအောင်၊ ပြီးတော့ ဘော်ဘီရှော့ သီချင်းလည်း နားထောင်ကြမယ်' သူက သူမလက်ကို လှမ်းဆုပ်လိုက်ပြန်သည်။ 'အဲဒီမှာက အလန်စားတော်ဆက်ထက် စိတ်ကူး ယဉ်စရာကောင်းတယ်'
ဖလော်ရင်တီနာက ရင်ထဲနည်းနည်းထိတ်သွားသည် သူမကမနက်ဖြန် သူနှင့်ပြန်ထွက်ရန် ကြိုတင် စိတ်ကူး ထားခြင်း လုံးဝမရှိ။
'ခင်ဗျား….ရပါတယ်၊ ကျွန်မစိတ်ပါပါတယ်'
ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။
'ဒါပေမဲ့…နည်းနည်းတော့စောင့်ပါ၊ ကျွန်တော်က ဖေဖေနဲ့ညစာ စားရဦးမယ်၊ အဲဒီတော့ ဆယ်နာရီလောက်မှာကျွန်တော်လာခေါ်ပါ့မယ်'
'မလုပ်ပါနဲ့၊ ကျွန်မအဲဒီကိုလာခဲ့ပါ့မယ် နှစ်လမ်းကျော်လောက်ပဲ ဝေးတာပဲဥစ္စာ'
'ဒါဖြင့်ကောင်းပြီ၊ ဆယ်နာရီတိတိနော်' သူက ကိုယ်ကိုကုန်းကာ သူမ၏ပါးကို နမ်းသည်။ 'ဂွတ်နိုက်…. ဂျက်စီ'
ထို့နောက်သူသည် အမှောင်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
ဖလော်ရင်တီနာသည် သူမ၏တိုက်ခန်းသို့ ပြန်လျှောက်လာခဲ့သည်။ သူမအကြောင်း များများစားစားညာ၍ မပြောမိခဲ့သည်ကို ပြန်တွေးပြီးဝမ်းသာနေမိသည်။
အရေးတော့သိပ်မကြီးပါဘူးလေ၊ သူနဲ့ငါနဲ့က လေးငါးရက်အတွင်း အဆက်ပြတ်သွား ပါသည်။
သူမ၏စိတ်ထဲကတော့ ယင်းသို့မဖြစ်ပါစေနဲ့ဟု ကျိတ်ပြီး ဆုတောင်းနေမိသည်။
နောက်တစ်နေ့တွင် မယ်စီက ရစ်ချက်အကြောင်းကိုသာ တစ်ချိန်လုံးလိုလို တစ်မေးတည်း မေးနေသဖြင့် ဖလောရီတီနာမှာ ဟိုအကြောင်း သည်အကြောင်း ခေါင်းစဉ်ပြောင်းပြီး မနည်းကြီး ကြိုးစားဖြေနေရသည်။
ထိုနေ့က သူမသည် ကုန်တိုက်မှ မယ်စီမပြန်ခင် အလျင်ပြန်လာခဲ့သည်။ နှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အိမ်ပြန်စောခြင်းပင်ဖြစ်သည်။
အိမ်ရောက်တော့ ရေချိုးသည်။ အကောင်းဆုံး၊ အလှဆုံးအ၀တ်အစားများကို စိတ်တိုင်းကျ ရွေးဝတ်သည်။ ထို့နောက် "မိုးပြာနတ်မယ်"ကလပ်သို့ လျှောက်လာခဲ့သည်။
ရစ်ချတ်က သူမကိုအဆင်သင့် စောင့်နေသည်။ သူကသူမ၏လက်ကိုဆွဲပြီး ခန်းမဆောင်ထဲသို့ ၀င်လာသည်။ ဘော်ဘီရှော့၏တေးသံက ခန်းလုံးပြည့်ဝဲပျံလွင့်မျောနေသည်။
'အမှန်ကိုပြောပြစမ်းပါ အချစ်ရယ်၊ ကိုယ့်ကိုလှည့်စားမနေပါနဲ့တော့လားကွယ်'
ဖလော်ရင်တီနာက လျှောက်ဝင်လာစဉ် ဘော်ဘီရှော့က လက်မြှောက်၍ လှမ်းနှုတ်ဆက်သည်။ ဖလော်ရင်တီနာက မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ ဘော်ဘီရှော့သည် နယ်စားဟိုတယ်ခန်းသို့ ဧည့်သည်တော် အဆိုကျော်အနေဖြင့် လာရောက်ပြီး နှစ်ကြိမ်မျှ ဧည့်ခံဖျော်ခဲ့ဖူးသည်။ ဘော်ဘီရှော့ က မိမိအား မှတ်မိလိမ့်မည်ဟု ဖလော်ရင်တီနာက လုံးဝမထင်မိခဲ့။ ဖလော်ရင်တီနာ အား ဘော်ဘီရှော့က လှမ်း နှုတ်ဆက်သည်ကို မြင်တော့ ရစ်ချက်က ဇဝေဇ၀ါဖြစ်သွားသည်။
တခြားတစ်ယောက်ယောက်ကို နှုတ်ဆက်တာဖြစ်မည်ဟု သူကတွေးလိုက်မိသည်။
နှစ်ယောက်သား စားပွဲတွင် ၀င်ထိုင်ကြသည်။ ဖလော်ရင်တီနာက စန္ဒရားဘက်သို့ ကျော်ပေးပြီး ထိုင်သည်။ နောက်တစ်ကြိမ် ယခင်လိုမဖြစ်စေချင်သောကြောင့်ဖြစ်သည်။
ရစ်ချက်က ၀ိုင်အရက်တစ်လုံးမှာလိုက်သည်။ သူက ဖလော်ရင်တီနာ၏ လက်ကိုမလွှတ်ဘဲ ဆုပ်ကိုင်မြဲ ဆုပ်ကိုင် ထားသည်
'ဟိုင်း…..ရစ်ချတ်'
အရပ်ရှည်ရှည်လူငယ်တစ်ယောက် ရစ်ချတ်ဘေးသို့ ရောက်လာပြီး နှုတ်ဆက်သည်။
'ဟေး….စတီးဖ်၊ သူက ….. ဂျက်စီကုဗက်တဲ့၊ ဟောဒါ ငါ့သူငယ်ချင်း စတီဖင် မယ်လွန်ပဲ ဂျက်စီ၊ တို့နှစ်ယောက်က ဟားဗတ်တက္ကသိုလ်မှာ အတူတက်ခဲ့ကြတာ'
သူငယ်ချင်းနှစ်ယောက် ဘောလုံးပွဲအကြောင်း၊ ဂေါက်သီးကစားပွဲအကြောင်း ဆက်လက် ပြောနေ ကြသည်။ ဖလော်ရင်တီနာက ငြိမ်၍ နားထောင်နေသည်။
အတန်ကြာတော့မှ စတီးဖ်က 'တွေ့ရတာဝမ်းသာပါတယ် ဂျက်စီ'ဟု နှုတ်ဆက်ပြီး ပြန်ထွက်သွားသည်။
နှစ်ယောက်သား စကားတပြောပြောနှင့် အချိန်တဖြည်းဖြည်းကုန်သွားသည်။
ရစ်ချတ်က သူစီးပွားကုန်သွယ်ရေးကျောင်းမှထွက်လျှင် သူ့ဖခင်၏ လက်စတာဘဏ်တွင် ၀င်ရောက် လုပ်ကိုင်မည့်အကြောင်း ပြောပြသည်။ ယင်းဘဏ်နာမည်ကို ဖလောရင်တီနာကြား ဖူးသလိုလိုရှိသည်။ ဘယ်လို ပတ်သက်ပြီး ကြားဖူးမှန်းတော့ အမှတ်မရ။ သို့သော် ထိုနာမည်ကို ကြားရတော့ သူမစိတ်ထဲ တစ်မျိုး တစ်မည် ခံစားရသလိုလိုဖြစ်မိသည်။
နှစ်ယောက်သား စကားပြောလိုက်၊ ရယ်လိုက်ဖြင့် ဘော်ဘီရှော့၏ တေးသီချင်းများကို နားထောင် ကြသည်။
အချိန်တန်တော့ အိမ်သို့ပြန်ကြသည်။ ရစ်ချတ်က ၇၅လမ်းထောင့်တွင် ရပ်ပြီး ဖလော်ရင်တီနာကို နမ်း၍နှုတ်ဆက်သည်။
နောက်တစ်နေ့တွင် ရစ်ချတ်က ဘလူမင်ဒယ်ကုန်တိုက်သို့ ဖုန်းလှမ်းဆက်ပြီး သောကြာနေ့ညနေတွင် အပြင်ထပ်ထွက်ကြရန် ဖလော်ရင်တီနာအား ပြောသည်။
ဖလော်ရင်တီနာက ၀မ်းသာစွာဖြင့် လက်ခံလိုက်သည်။
နောက်အပတ် စနေ၊ တနင်္ဂနွေရက်များတွင်လည်း နှစ်ယောက်ချိန်းတွေ့ကြပြန်သည်။ ရုပ်ရှင်ကြည့်ကြ သည်။ ဤမျှနှင့် အဆုံးသတ်ပြီဟု ဖလော်ရင်တီနာက သဘောပိုက်ထားလိုက်တော့ သည်။ သို့သော် သူမထင်သလိုမဟုတ်၊ ရစ်ချတ်က နေ့တိုင်းလိုလို ဖုန်းဆက်သည်။ အားလပ်ရက် တိုင်း ဆုံကြရန် ချိန်းဆို သည်။ သည်တော့မှ သူတို့ဇာတ်လမ်း လွယ်လွယ်နှင့်ဆုံးနိုင်ဦးမည် မဟုတ်ဟု သဘောပေါက်မိတော့သည်။
တကယ်တော့ သူမက ရစ်ချတ်ကို ချစ်နေမိပြီး မဟုတ်ပါလား၊ နောက်တစ်ကြိမ်ဆုံလျှင် ရစ်ချက်အား သူမ၏ဘ၀မှန်ကို ဖွင့်ပြောလိုက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
အခန်း (၃၂) ဆက်ရန်
(ကျနော် လည်း တပိုင်း ထဲ ကို ခွဲ မတင်ချင်ပါဘူးဗျာ တခါတလေ ကြတော့ ကလေး တွေ ရိုက်တာ မပြီးသေး လို့ သိပ်ကြာ နေမှာ ဆိုးလို့ အပိုင်း ခွဲ လိုက်ရတာပါ ... ကျေးဇူးပါ)
.
No comments:
Post a Comment