Tuesday, May 25, 2010

မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၅)

အခန်း (၅)

သူ၏ သံသယနှင့် သူ၏ဆန္ဒကို ထုတ်ဖော်ပြောပြလိုက်ရသဖြင့် ကောင်စစ်ဝန်၏ ရင်သည် များစွာမှပင် ပေါ့ပါးသွားသည်။ သူ့သဘောထားကို သဘောပေါက် နားလည်သွားသဖြင့် သူ့သား နီကိုလတ်စ် ကိုယ်တိုင် ကလည်း ယခင်ကထက် အဆများစွာတိုး၍ သူ့အပေါ် သံယောဇဉ်ရှိလာသည်ဟု သူယုံကြည် သည်။ နှစ်ဦးကြားတွင် ရှိနေသည့် အခုအခံများ ကင်းစင်ပြီး အညီအညွတ် ပြန်ဖြစ်လာရသဖြင့် ဘရန်းဒီးမှာ စိတ်လက် ကြည်လင်ချမ်းမြေ့ခြင်းဖြစ်ခဲ့ရ၏။

သို့သော်လည်း သူ့စိတ်သည် ဂျိုစီအပေါ်၌ အတင်အကျ ရှိလာခဲ့သည်။ ထိုနေ့က သူတို့ သားအဖကြားတွင် အထင်မှားအမြင်မှား ဖြစ်အောင် ဖန်တီးခဲ့သူမှာ ဂျိုစီဟုသူစွဲသည်။ ဂျိုစီကြောင့် သူသည် သူ့သားအပေါ်၌ တဒင်္ဂ အားဖြင့် ချစ်ခင်တွယ်တာမှုပင် လျော့နည်းသွားခဲ့ရ၏။

နံနက်ခင်း သူ ရုံးသွားပြီဆိုလျှင် ဥယျာဉ်မှူး ဂျိုစီသည် သူ့အား ပြုံးရွှင်သော မျက်နှာဖြင့် ဆီးကြိုကာ တရိုတသေ တလေးတစား အလေးပြု၍ နှုတ်ဆက်နေကျ ဖြစ်သည်။ သူကလည်း ဂျိုစီ၏ နှုတ်ဆက်မှု ကိုယ်နှုတ်အမူအရာဖြင့် တုံ့ပြန်၍ အသိအမှတ်ပြုနေကျ ဖြစ်၏။ သို့သော်လည်း အခုကျတော့ သူစိတ်ပြောင်း သွားခဲ့လေပြီ။ ဂျိုစီနှင့်တွေ့လျှင် တမင်သက်သက်မမြင်ဟန် ဆောင်သည်။ မျက်နှာကို လွှဲထားသည်။ မျက်လုံးများ ကိုရှေ့တည့်တည့်သို့စူးစိုက်ထားသည်။ ဂျိုစီ၏ မျက်နှာကို မကြည့်ချင်သည့် သဘော ပေါ်လွင် ထင်ရှားအောင် ပြသည်။

ထိုကဲ့သို့ ပြုလုပ်နေသည့် ကြားမှပင် သူသည် ဂျိုစီ၏ နုပျိုလန်းဆန်းပုံ၊ မြက်ရိတ်တံစဉ်ကြီးကို ကျွမ်းကျင်စွာ ကိုင်တွယ် ၍ တလှုပ်လှုပ် လုပ်ကိုင်နေသော အပင်ပန်း ခံနိုင်မှုနှင့် ရိုးသားဖော်ရွေပြီး နှစ်လိုဖွယ် ကောင်းသော အပြုံးများကို သတိထားမိနေသည်။ မည်သို့ပင်ဖြစ်စေ ဂျိုစီအပေါ်၌ မနှစ် သက်သည့် စိတ် ကတော့ ပျောက်မသွား။ လျော့နည်းသွားသည်ဟုလည်း မရှိ။ တနေ့တခြား တိုး၍ သာလာသည်။ သူရုံး ရောက်ချိန် အထိ ဂျိုစီ၏ အကြောင်းသည် ခေါင်းထဲကမထွက်။

ဤစိတ်လှုပ်ရှားမှုကို မကောင်းမှန်းသိသဖြင့် သူ့ရင်ထဲမှ ဖယ်ထုတ်ပစ်ရန် ကြိုးစားသည်။ သူ့လက် အောက် မှ သာမန်အစေခံတယောက်အတွက် သူ့စိတ်တွင် ဤမျှလောက်အထိ အနှောင့်အယှက် ဖြစ်သင့်ပါ၏လော။ အစေခံမှာ မလောက်လေးမလောက်စားဟု ဆိုရမည့် အလွန်ဆင်းရဲနိမ့်ကျသော မြို့ခံ လူငယ် တယောက် မျှသာ ဖြစ်၏။ သို့ပါလျက်နှင့် ဤမျှလောက်အထိ ခေါင်းအရှုပ်ခံ၍ စဉ်းစားနေသင့်ပါ၏လော။ ဂျိုစီသည် မသိ နားမလည် ရှာသော နီကိုလတ်စ်အား ပီလိုတာ ဘောလုံး ကစားရာ၌ သူအလွန်တော်ကြောင်း၊ ကျွမ်းကျင် ကြောင်း ၀ါကြွားကာ ဘောလုံးပွဲကို ကြည့်ချင်လာ အောင် သွေးဆောင်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိ။

အတွေ့အကြုံနည်းရှာသော နီကိုလတ်စ်က လည်း သူ့စကားကိုနားယောင်ကာ ဘောလုံးပွဲကြည့်ချင်စိတ် ပေါ်လာခဲ့ခြင်းဖြစ်မည်။ သူတို့နှစ်ဦး၏ ခင်မင်မှုသည် ထိုအခြေအနေထက်တော့ ပိုလိမ့်မည်မထင်။ မည်သို့ ပင်ဖြစ်စေ သံသယကတော့ မပျောက်သေး။ ထူးဆန်းလှသော သ၀န်ကြောင်စိတ်သည် ကောင်စစ်ဝန်၏ ရင်ထဲတွင် ဖြစ်ပေါ်လာ သည်။ ထိုစိတ်နှင့်အတူ ဂျိုစီ၏အပေါ်၌ မုန်းတီးရွံ့ရှာသောစိတ်သည် တနေ့ထက် တနေ့ တိုးတက် ကြီးထွားလာလျက်ရှိလေသည်။

ဤအချက်ကို ဂျိုစီကတော့ လုံးဝမသိပေ။ သို့သော်လည်း နံနက်တိုင်း သူ့အလုပ်ရှင်နှင့်ဆုံမိသည်။ ဆုံမိသည့် အခါတိုင်း သူ့သခင်၏ မျက်နှာထားမှာ သူ့အပေါ် အလိုမကျသည့် ပုံမျိုးဖြစ်နေသည်ကို ရက်ကြာ လာသောအခါ ရိပ်မိလာသည်။ ထိုအခါ စိုးရိမ်စိတ်ဝင်လာသည်။ သူ့သခင် မကျေနပ်အောင် သူ ဘာများ လုပ်မိပါလိမ့်ဟု တွေးစပြုသည်။ ဆန်ဂျော်ဂျီမြို့တွင် အလုပ်တခုရဖို့ ဆိုသည်မှာ လွယ်သည်မဟုတ်။ သူသည် သူ့အမေ မာရီယာနှင့် နှမများအပြင် အဘိုးမက်ဒရိုတို့ အား လုပ်ကျွေးသမှု ပြုနေသူဖြစ်သည်။

သူ့မှာသာ အလုပ်မရှိလျှင် သူ့အား မှီခိုအားထား၍ စားသောက်နေကြရရှာသည့် ဤလူစုံဒုက္ခဆင်းရဲနှင့် ကြုံကြ ရပေတော့မည်။ ဂျိုစီသည် အလုပ်ပြုတ် မည်ကို ကြောက်စိတ်ဖြင့် ယခင်ကထက် အလုပ်ကို တဆ တိုး၍ ကြိုးစားလုပ်သည်။ အလုပ်ခွင်သို့ လည်း ယခင်က လာနေကျအချိန်ထက် နာရီဝက်စော၍ ရောက်အောင် လာသည်။ အပြန်ကျတော့ လည်း စောစောစီးစီးမပြန်။ နေ၀င်ခါနီးမှ ပြန်သည်။
 
တမနက်ခင်းတွင် ဂျိုစီသည် ကျောက်ဆောင် နံရံတဘက်ရှိ မရှင်းလင်းရသေးသော မြေကွက်ထဲတွင် အလုပ် လုပ်နေရင်းနှင့် ရေညှိများ ထူထပ်စွာ တက်လျက်ရှိသော နေရာ တနေရာတွင် မိုင်ယာတဲလ် ပန်းချုံ တချုံကို တွေ့သည်။ ဤပန်းပင်မျိးမှာ အလေ့ကျ ပေါက်သည့် အပင်မျိုးဖြစ်သော်လည်း တဆယ့် နှစ်ရာသီ လုံး အမြဲတစေ စိမ်းလန်းစိုပြည်နေသော အပင်မျိုးဖြစ် သည်။

အပွင့်ကျတော့လည်း အလွန်လှ အလွန်မွှေးသဖြင့် လူတိုင်းက နှစ်သက်ကြသည်။ အခု သူ တွေ့နေသော မိုင်ယာတဲလ်ပင် မှာ အပွင့်များ ပွင့်လျက် ရှိ၏။ သူသည် ပန်းများ၏ အလှတွင် အတန်ကြာမျှ သာယာ လိုက်ကာ ပန်းများကို တယုတယ ခူးယူသည်။ ပြီးတော့ စိုက်ပျိုးပစ္စည်းများ ထားရာ တဲဆီသို့ ပြန်လာခဲ့ပြီး ပန်းများ ကို လျှော်ပင်တပင်နှင့် လှနေအောင် စည်းလိုက်သည်။ တဲနံရံတွင် ချိတ်ထားသော မှန်ကွဲ တချပ် တွင် သူ့မျက်နှာကို ကြည့်ကာ ဖွာရရာကြဲနေသော ခေါင်းမှ ဆံပင်များကို လက်နှင့် သပ်၍ ပြု့ပင်သည်။ ထို့နောက် အိမ်ရှေ့ဆင်ဝင်အောက်သို့ သွားရပ်သည်။ သူကြာကြာ မစောင့်လိုက်ရပေ။ သူ့ သခင် အိမ်ရှေ့ ၀ရန်တာ ဘက် အထွက်နှင့် ကြုံကြိုက်သည်။

' ဆီညော်.. ' ဟု ဂျိုစီက အသံပြုသည်။ သို့သော်လည်း ဘာဆက်ပြောရမှန်းမသိ။ စောစောက ပြောဖို့ စိတ်ကူးစီစဉ်ထားသမျှ စကားလုံးများသည် ဘယ်ဆီရောက်မှန်းမသိ။ သူသည် တချက်မျှ ပြုံးလိုက်ပြီး လက်ထဲ မှ ပန်းစည်းကို လှမ်းပေးသည်။
ခဏမျှ ငြိမ်ဆိတ်သွားသည်။ ကောင်စစ်ဝန်သည် ကျောပေး၍ရပ်နေရာမှ စိတ်မပါ့တပါဖြင့် နောက်သို့ လှည့်ကြည့်သည်။ ပီလိုတာ ဘောလုံးပွဲပြီးကတည်းက ဂျိုစီ၏ မျက်နှာကို သူမကြည့်ခဲ့။ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ပြန်၍ကြည့်ခြင်း။ ဂျိုစီ၏ အပေါ်၌ မကျေမနပ်ဖြစ်နေသော စိတ်ကို သူ မျိုသိပ်ထားခဲ့ ရသည်မှာ ကြာပြီ။ အခု ကျတော့ ပေါက်ကွဲလုနီးနီးဖြစ်လာသည်။ သို့သော်လည်း အတွေ့အကြုံများသူ ပီပီ သူ့ကိုယ်သူ ထိန်းနိုင်သည်။

' ဘာလဲကွ ဟေ ' ဟု သူက လှမ်းမေးသည်။
' ဆီညော် အတွက် ပန်းစည်းတစည်း လာပို့တာပါခင်ဗျာ၊ နွေဦးပေါက်မှာ ပထမဆုံးပွင့်တဲ့ပန်းပါ '
' ဒီပန်းတွေကို မင်းခူးပစ်လိုက်တယ်ဆိုပါတော့ ဟုတ်လား'
' ဟုတ် ... ဟုတ်ပါတယ် ... ဆီညော် '

' မင်းမှာ ဒါမျိုး လုပ်ခွင့် မရှိဘူးကွ၊ ဒီပန်းတွေဟာ ငါ ပိုင်ဆိုင်တဲ့ပန်းတွေ၊ ပန်းတွေကို အခုလို ခူးပစ်တာ ငါ လုံးဝ မကြိုက်ဘူး၊ ဥယျာဉ်ထဲက သူ့အပင်မှာ သူ့လာသာသူပွင့်နေတာပဲ ငါကြိုက်တယ် '
' ဒါပေမယ့် ... ကျွန် ... ကျွန်တော်က ... ဟို ... ဟို ... ဆီညော် '
ဂျိုစီ ဘယ်လို ပြောရမှန်းမသိ။ အထစ်ထစ် အငေါ့ငေါ့ ဖြစ်လျက်ရှိ၏။

' တော်ပြီ၊ ဘာမှ ထပ်မပြောနဲ့၊ မင်းဟာ အလွန်မိုက်မဲတဲ့ အကောင်ပဲ၊ ခေါင်းလဲ တော်တော်မာပုံ ရတယ်၊ မင်းကိုယ် မင်းလဲ တော်တော် အထင်ကြီးပုံပေါ်တယ်၊ နောင် ဒါမျိုး မဖြစ်စေနဲ့၊ ငါ ပြောတာ နားလည်လား '
ကောင်စစ်ဝန် ၏ အေးစက်မာကျောလွန်းလှသော အကြည့်အောက်တွင် ဂျိုစီသည် မျက်လွှာကို ချကာ မလှုပ် မယှက် ရပ်နေသည်။ ကောင်စစ်ဝန်၏ စကားများသည် သူ့စိတ်ကို ထိခိုက်စေ ရုံမျှမက နာကျည်း စေသည်။ အရှက်လည်း ရစေသည်။ သူသည် လက်တွင်း၌ ဆုပ်ကိုင် ထားဆဲ ဖြစ်သော ပန်းစည်းကို ငုံ့ကြည့် နေမိ၏။ ပန်းပွင့်များကတော့ အစွမ်းကုန် လှပနေကြပေသည်။ သူကတော့ တဘက်သား သဘောကျ နှစ်ခြိုက်လိမ့်မည် ဟူသော မျှော်လင့် ချက်ဖြင့် လုပ်လာခဲ့မိခြင်းဖြစ်သည်။ အခုတော့..။

သူသည် ကောင်စစ်ဝန်၏ ရှေ့မှောက်မှ ဖြည်းလေးစွာ ထွက်လာခဲ့သည်။ သူ့အလုပ်ရှိရာ မြေကွက်ဆီသို့ ပြန်လျှောက် လာသည်။ ထိုအခိုက်မှာပင် မော်တော်ကားဘေး၌ ရပ်နေသော ဂရေစီယာကို လှမ်းမြင်သည်။ ဂရေစီယာ သည် သူ့အား ပြုံးဖြဲဖြဲလုပ်၍ ကြည့်နေသည်။ သူ့အပြုံးမှာ သရော်လှောင်ပြောင်သည့် အပြုံး။ သူ့အဖြစ် ကို အစအဆုံး မြင်ပုံရ၏။ ဂျိုစီ၏ မျက်နှာတခုလုံး ထူပူသွားသည်။ သူသည် နှုတ်ခမ်းကို ကိုက်ကာ ချာကနဲ လှည့်ထွက်လာခဲ့လေ၏။

*
မော်တော်ကားသည် မြို့ဘက်သို့ ဦးတည်၍ မောင်းလာသည်။ ကောင်စစ်ဝန်သည် အမိုးဖွင့်ထားသော ကားထဲ တွင် ကိုယ်ကိုမတ်၍ ခန့်ထည်စွာ ထိုင်လျက်ပါလာသည်။ လေနုအေး သည် သူ့အား တိုးဝှေ့ ကျီစယ် လျက်ရှိ၏။ သူ့စိတ်သည် ပီတိဖြစ်သော အရှိန်ဖြင့် ကျေနပ်အားရလျက် ရှိသည်။ သူ့ရင်ထဲ၌ ကျိတ်၍ မျိုသိပ် ထားခဲ့ရသော မုန်းတီးစက်ဆုပ်မှုကို တနည်းနည်းဖြင့် ထုတ်ဖော် ပြသခဲ့ရသဖြင့် ပေါ့ပါး လန်းဆန်း လျက် ရှိသည်။ ရုံးထဲ ၀င်လာသောအခါ အပြင်ခန်းတွင် စာရွက်စာတမ်း တထပ်ကြီးဖြင့် အလုပ်ရှုပ်နေသော အေလ်ဗင် ဘာတန်ကိုတွေ့သည်။ စိတ်လက် ကြည်သာနေချိန်များတွင် လုပ်တတ်သည့် အကျင့်ဝသီ အတိုင်း ကောင်စစ်ဝန်သည် ဘာတန်အား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စကားပြောသည်။

' မင်္ဂလာနံနက်ပါ ဘာတန်၊ စကားမစပ် ပြောရဦးမယ်၊ ကာဆာဘရီဇာ အိမ်ကြီးကို မင်းတို့ လင်မယား လာလည် ဖို့တော့ အချိန်ကျလာပြီ ' သူ့လက်ထောက်ကတော့ အံ့သြကျေနပ်သော မျက်နှာထားဖြင့် သူ့မျက်နှာ ကို ကြည့်နေသည်။ ' လာမယ့် တနင်္ဂနွေနေ့မှာ မင်းတို့ အလည်လာခဲ့ ကြ၊ လာရင်လည်း နေ့ခင်းပိုင်းမှာ လာခဲ့ကြ၊ မင်းတို့ကို လက်ဖက်ရည်နဲ့ ဧည့်ခံမယ် '
' ကျေးဇူး တင်ပါတယ်ခင်ဗျာ ' ဟု ဘာတန်က ၀မ်းသာအားရ ပြန်ပြောသည်။ ' သိပ်ကို ကျေးဇူး တင်ပါတယ် ... ခင်ဗျာ၊ ကျွန်တော် သိသလောက် ပြောရရင် ကျွန်တော့် ဇနီး မစ္စက်ဘာတန်ကလည်း ... '
' ခဏနေဦး ' ဟု ကောင်စစ်ဝန်က ကြားဖြတ်၍ တားသည်။ ' လာရင် ငါးနာရီတိတိ အရောက်လာ၊ အချိန် နောက် မကျစေနဲ့ '

သူသည် စကားဆုံးသည်နှင့် တပြိုင်နက် သူ့ရုံးခန်းထဲသို့ ၀င်ရောက်သွားသည်။ ယနေ့မှရောက်လာ သော ' ပါရီပဲ့တင်သံဂျာနယ်' သည် သူ့စားပွဲပေါ်မှ အသင့် ဆီးကြိုနေသည်။ ပေါ့ပါးသွက်လက်နေသော သူ့စိတ်သည် ဂျာနယ်ကို ဖတ်ဖို့ စိတ်မ၀င်စား။ အရေးကြီးသောစာ ၀င် မ၀င် ကြည့်သည်။ မ၀င်။ သူသည် ဆုံလည်ကုလားထိုင်ပေါ်တွင် ထိုင်ကာ စားပွဲ၏ အောက်ဆုံး အံဆွဲထဲ၌ ထည့်ထား သည့် အထုပ် တထုပ်ကို ယူလိုက်သည်။ တနေ့ကမှ အိမ်ကယူလာသည့် အထုပ်...။ အထုပ်မှာ တခြားမဟုတ်။ သူ၏ ' မေဘရန်းချီး အပေါ် ဝေဖန်သုံးသပ်ချက် ' အမည်ရှိ လက်ရေးစာမူ...။

ဤ ကမ္ဘာပေါ်ရှိ လူသားများ အဖို့တော့ နီကို လတ်စ် မေဘရန်းချီးသည် လူမသိ သူမသိ သာမည လူ တယောက်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဟာရင်တန် ဘရန်းဒီး အဖို့တော့ အားလုံး၏ မေ့လျော့ခြင်း ကို ခံထားရသော ဤပြင်သစ်အမျိုးသားသည် အလွန်စံနမူနာပြုအပ်သည့် ပုဂ္ဂိုလ် တဦး ဖြစ်နေသည်။ မေဘရန်းချီးသည် ဆယ့်ရှစ်ရာစုနှစ်အတွင်းတွင် ဒက်စ်ကားတီးစ်၏ ဟောပြော ချက် များကို ခွဲခြမ်းစိတ်ဖြာပြီး ဘာသာတရားနှင့် ယှက်နွယ်သည့် သူပိုင် ဒဿနိကအမြင် ပညာရပ် တခု ဖြစ်လာ အောင် ကြိုးပမ်း တင်ပြခဲ့သူ တဦးဖြစ်၏။ 

မေဘရန်းချီး၏ ဒဿနိကအမြင်ကို လေ့လာ ဖတ်ရှုရင်း ကပင် သူ၏ စိတ်နေစိတ်ထားနှင့် အပြုအမူ အကျင့်အကြံများကို သူ ကောင်းစွာ နားလည်သော ဘ၀ သို့ ရောက်ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့ကိုယ်သူ မေဘရန်းချီး၏ ဒဿနိက အမြင်ကို ပထမဆုံး စနစ်တကျ ခွဲခြမ်း စိတ်ဖြာ ပြောပြနိုင်သူ တယောက်အဖြစ် မြင်လာ ခဲ့သည်။

ထိုအမြင်အရ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်ခန့်မှစ၍ သူသည် သူကြည်ညိုကိုးကွယ်ခဲ့သော မေဘရန်းချီး ၏ ဘ၀အကြောင်းကို ရသမျှ မှတ်တမ်းမှတ်စု စာအုပ်များထဲမှ ရှာဖွေစုဆောင်းပြီး စာအုပ် တအုပ် ရေးခဲ့သည်။ သူရေးထားပြီးသား စာမူ၏ ပထမပိုင်းကို ထင်ရှားသော စာအုပ်တိုက်များ သို့ အကြိမ်ကြိမ် အထပ်ထပ် ပေးပို့ခဲ့ဖူးပြီ ဖြစ်၏။ သို့သော်လည်း မည်သည့် စာအုပ်တိုက်ကမျှ ထုတ်ဝေလိုသော ဆန္ဒမရှိ။ 

စာမူ၏ အကြောင်းအရာနှင့် အရေးအသားအပေါ်တွင်လည်း နည်းနည်းလေးမှ စိတ်ဝင်စား ဟန်မပြ။ ထိုအဖြစ်နှင့် ရင်ဆိုင်ရသော အခါ ကောင်စစ်ဝန်သည် အကြီးအကျယ် ဒေါသူပုန်ထခဲ့သည်။ သူ၏ စာမူ အပေါ် တွင် မည်သူကမှ အထင်မကြီးသော်လည်း သူကတော့ အထင်ကြီးသည်။ သူ့စာမူသည် လူပြိန်း များ နားလည်နိုင်မည့် စာမူမဟုတ်။ လူဖျင်း လူညံ့များအဖို့တော့ သူ့စာမူသည် နှစ်သက် လက်ခံ နိုင်လိမ့်မည် မဟုတ်။

နောက်ဆုံး တနေ့ သူ့စာမူကို ထုတ်ဝေလိုသူ တဦးမှ မရှိပါကလည်း သူကိုယ်တိုင် သူ့စရိုက်နှင့်သူ ထုတ်ဝေ မည် ဟု အခိုင်အမာ ဆုံးဖြတ်ထားသည်။ အကယ်၍ သူ့စာအုပ်သည် ဥရောပတိုက် နိုင်ငံ အသီးသီးမှ ပညာရှိ က၀ိ သုခမိန်များ လက်တွင်းသို့ ရောက်သွားခဲ့ပါမူ တရှိန်ထိုး ကျော်ကြားသွား လိမ့်မည် ဟု သူ တထစ်ချ ယုံကြည်ထားသည်။ မည်သို့ပင်ဖြစ်စေ သူကတော့ နီကိုလတ်စ် မေဘရန်းချီးကို လေးစား ကြည်ညို သည်။ ထို့ကြောင့်လည်း ဤစာအုပ်ကို ရေးဖြစ်ခဲ့ရသည်။ ထို့ ကြောင့်လည်း သူ့ဇနီးသည် အတန် အတန် တားမြစ်ကန့်ကွက်နေသည့်ကြားမှပင် သူ့သားကို ဖရန့် စစ်နီကိုလတ်စ်ဟု အမည်မှည့်ခဲ့၏။

အမှန်တော့လည်း သူ့ဇနီး မာရီယွန်သည် သူ များစွာ စိတ်ဝင်စားလျက်ရှိသော ဤစာအုပ်အပေါ်တွင် စိတ်ဝင်စား သူ မဟုတ်။ အားပေးရစကောင်းမှန်းလည်းမသိ။ ဤအဖြစ်မှာလည်း သူ့အဖို့ အလွန်ဝမ်းနည်း စိတ်ထိခိုက် ခဲ့ရသော အဖြစ်တခုဟုပင် ယူဆသည်။ သူကတော့ မိန်းမအပေါ် ချစ်မြတ်နိုးသောစိတ်ဖြင့် သူ၏ ထိပ်ထိပ်ကျဲလက်ရာဟု ယုံကြည်ထားသည့် ဤစာမူအခန်းအချို့ကို ဖတ်ခိုင်းခဲ့သည်။ ပြီးတော့ ထင်မြင်ချက် ပေးဖို့ တောင်း ခဲ့သည်။

' ကျွန်မ မပေးတတ်ဘူး...၊ ဒီ အကြောင်း အရာတွေကို စိတ်လဲမ၀င်စားဘူး...၊ ဥာဏ်လဲမမီဘူး' ဟု သူ့မိန်းမ က ငြင်းသည်။
' စိတ်မ၀င်စားဘူး ဥာဏ်မမီဘူးဆိုတာ သဘာဝကျပါတယ်၊ ဒဿနိကအမြင်တခုကို မင်းနားလည်လာဖို့လဲ ကိုယ် မမျှော်လင့် ပါဘူး၊ ဒါပေမယ့် ကိုယ့်ရဲ့ရေးဟန်ရယ်၊ ဇာတ်ကြောင်းရယ်၊ ပြီးတော့ အသက်ဝင်မှု ရှိ မရှိရယ်... ဒါတွေကို ဝေဖန်ပေးဖို့ ပြောတာပါ '

' အို ... ကျွန်မလုံးဝ စိတ်မ၀င်စားလို့ပါ ဟာရင်တန်ရယ်... ဝေဖန်နိုင်တဲ့ အရည်အချင်းလဲ ကျွန်မမှာ မရှိဘူး မဟုတ် လား '
' အို ... ကွာ ၊ မင်းကလဲ၊ လုပ်ပါကွာ ... ' သူကလည်း နောက်သလိုပြောင်သလိုနှင့် ဇွတ်ခိုင်းသည်။ ' မင်းကြိုက် သလိုသာ ဝေဖန်စမ်းပါ၊ အမှန်အတိုင်းသာ ရဲရဲဝေဖန်စမ်းပါ...၊ ကိုယ်လက်ခံပါတယ်'
မာရီယွန် ငြိမ်ဆိတ်သွားသည်။ ထို့နောက် သူ့ကိုကြည့်၍ ပြုံးသည်။ မာရီယွန်၏ အပြုံးတွင် သူတွေ့ နေကျ မြင်နေကျ အရိပ်အငွေ့ ကလေးကတော့ ယှက်သန်းလျက်ပင်...။

' ကျွန်မ ဝေဖန်မှ ဖြစ်မယ်ဆိုရင်လည်း ဝေဖန်ရတော့မှာပေါ့၊ ရှင့်စာအုပ်ဟာ အလွန်စိတ်ပျက်စရာ ကောင်းလောက် အောင်ကို ပျင်းစရာကောင်းတဲ့ စာအုပ်တအုပ်လို့ ကျွန်မတော့ ထင်တာပဲ '
အခု တော့ လည်း ဤအရာများသည် အတိတ်၏ အရိပ်များ ဖြစ်သွားကြလေပြီ။ သူ့စာမှာ ပြီးလုပြီးခင် ဖြစ်နေ ပေပြီ။ မည်သည့်အကြောင်းကြောင့်မှ နောက်တွန့်နေစရာ မလိုတော့ဟုပင် သူ ယူဆသည်။ ကောင်စစ်ဝန် သည် စားပွဲပေါ်မှ ကလောင်တံကို လှမ်းယူလိုက်သည်။

သို့သော်လည်း ရုတ်တရက် ချက်ချင်း မရေးနိုင်။ မမျှော်လင့်ပဲနှင့် တွေတွေငေးငေး ဖြစ်သွားသည်။ မနက်က မြင်ခဲ့ရသည့် ဂျိုစီ၏ မျက်နှာ။ အသိဥာဏ်ပညာ ကင်းမဲ့လွန်းလှသော ဂျိုစီ၏ မျက်နှာသည် ရှက်ခြင်း၊ ကြောက်ခြင်း နှင့် စိတ်ထိခိုက်ခြင်းတို့ကို ဖော်ပြခဲ့၏။ ကောင်စစ်ဝန်သည် ကျေနပ်အားရစွာဖြင့် တချက်မျှ ပြုံးလိုက် ပြီး သူ့စာအုပ်ကို ဆက်ရေးလေ၏။

အခန်း (၆) ဆက်ရန်
.

1 comment:

ahphyulay said...

စာ အလွန် ရေး နိုင် သော မမရွှေစင် ခင်ဗျား..
ဘာ သာပြန် တွေ ကတော့  ကျောင်းသား ဘဝ
တုံးက အလွန်ပဲ ဂျိုင်းကြားညှပ် ပြီး ဖတ်လေ့ ရှိ
ပါတယ်။ အခု အချိန်မှာ တော့  အတော် ဝေး နေပါပြီ။
မမရွှေစင် ရဲ့  ကျေေးဇူး ကြောင့်  ပြန်ဖတ်မိ ပေမဲ့ 
ဇက် တိုက်ကြီး ရှက်ဂျူး နဲ့  ရေး လာ တော့ ...
အင်း .. မော လာ တယ်။ ဖတ်ရတာ။
တစ်ချို့  အခန်းတွေ ဆို လွတ် ကုန်တယ်။
ကိုယ် တောင် စာတစ်ပုဒ် ကို ဖြစ်ဖြစ် မည်အောင်
ရေး နေ ရတာ မို့ ..။