Monday, May 17, 2010

မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၁၄)

အခန်း (၁၄)

ဝီလျံနှင့် မက်သယူးတို့သည် ၁၉၂၄ ခုနှစ်၊ ဆောင်းဦးပေါက်တွင် ဟားဗတ်တက္ကသိုလ်၏ သစ်လွင် ကျောင်းသား များဖြစ်လာခဲ့ကြသည်။
ဝီလျံသည် အဘွားနှစ်ယောက်က သဘောမတူသည့်ကြားမှ ဟင်မီလ်တန်ပညာသင်ဆုကို လက်ခံယူခဲ့ သည်။ သူသည် ဤဆုကို လက်ခံခြင်းဖြင့် တစ်နှစ်အတွက် ထောက်ပံ့ကြေးငွေ ဒေါ်လာ ၂၉၀ ရရှိသည်။ ဖို့ဒ် ကုမ္ပဏီ မှ နောက်ဆုံးထုတ် ' တီမိုဒယ်ဒေစီ ' ကားကလေးတစ်စီးဝယ်သည်။ ကားကလေးကို အ၀ါရင့်ရောင် ပြန်သုတ်ရာ ကားခ ၏ တစ်ဝက်ခန့် ကုန်ကျသည်။

ဝီလျံနှင့် မက်သယူးတို့သည် နှစ်ယောက်စလုံး ဥာဏ်ထက်ကြသော်လည်း မက်သယူးက အားကစားဘက် ကိုသာ သဲသဲမဲမဲ လိုက်နေသည်။ ၀ီလျံကတော့ ကျောင်းစာကိုသာ အဓိကထားသည်။
ဝီလျံသည် မောင်မယ်သစ်လွင် စကားရည်လုပွဲအသင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်။ အဘွား ကိန်း ၏ မောင်ဝမ်းကွဲဖြစ်သူ လိုဝယ်သည် ဟားဗတ်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌဖြစ်သည်။ ၀ီလျံ သည် တက္ကသိုလ်ကျောင်းသားများအနေဖြင့် အသက်အာမခံထားရန် စီမံကိန်းကို ပထမဆုံးအဖြစ် အကောင် အထည်ဖော်လိုကြောင်း သူ့အဘိုးလေးအား တင်ပြသည်။ ၀ီလျံ၏ အကြောင်း ပြချက် ခိုင်လုံ သဖြင့် သူ့အဘိုးလေး ကလည်း ရှောရှောရှုရှုပင် သဘောတူသည်။

ကျောင်းသားတစ်ယောက်အတွက် တစ်ပတ် လျှင် တစ်ဒေါ်လာပင် မပြည့်သဖြင့် အသုံးစရိတ်ကို မထိ ခိုက်နိုင်။ ၀ီလျံ၏ ကြိုးပမ်းမှုကြောင့် ကျောင်းသား အများစု အသက်အာမခံထားလာကြသည်။ သူ့လုပ်ငန်း အတွက် တက္ကသိုလ်အနေဖြင့်လည်း တစ်နှစ်လျှင် ဒေါ်လာ သုံးသန်းခန့် ၀င်ငွေတိုးလာသည်။

တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သူ့အဘိုးလေးက ၀ီလျံ၏ စီမံကိန်းကို အပြည့်အ၀ ထောက်ခံအားပေး သည်။ နောက်တစ်နှစ်ကြာသောအခါ ၀ီလျံအား တက္ကသိုလ် ရန်ပုံငွေရှာဖွေရေးကော်မတီတွင် အဖွဲ့ဝင် အဖြစ် ခန့်လိုက်သည်။

ဝီလျံက သူ့အား ယင်းသို့ခန့်ထားသည့်အတွက် ဂုဏ်ယူဝမ်းသာမိသည်။ သို့သော် ယင်းရာထူးမှာ ရာသက်ပန် ခန့်ထားခြင်းဖြစ်ကြောင်း သူက နောက်မှ သိရှိရသည်။ ၀ီလျံသည် မိသားစုမျိုးဆက်တွင် စီးပွား ရေး ဦးနှောက်အရှိဆုံး လူငယ်တစ်ယောက်ဖြစ်သည်ဟု သူ့အဘိုးလေးက အစ်မ၀မ်းကွဲဖြစ်သူ အဘွားကိန်း ထံသို့ စာရေးအကြောင်းကြားသည်။

အဘွားကြီးက သူမ၏ မောင်ဖြစ်သူထံသို့ ပြန်စာတွင် ' ငှက်ပျောပင်စိုက်မိလိုက် ဖပါဆိုတာ ဒါပဲပေါ့၊ သည် အရွယ် က အခြေခံကျထားမှ အရွယ်ရောက်တဲ့အခါ မိသားစု လုပ်ငန်းကြီး တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ် နိုင်မယ် ' ဟူ၍ ဂုဏ်ယူ ၀င့်ကြွားစွာဖြင့် ပြန်ရေးလိုက်သည်။

*
၁၉၂၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် ၀ီလျံသည် အသက် ၂၁ ပြည့်သည်။ ထိုနေ့တွင် သူ၏ ဘဏ္ဍာထိန်း အဖွဲ့ နောက်ဆုံးအစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် သူ့မွေးနေ့ကို ဂုဏ်ပြုသည်။ ဘဏ်ဥက္ကဓ အလန်လွိုက် နှင့် ရင်းနှီးမြှုပ်နှံရေး ဒါရိုက်တာလူကြီး တိုနီဆိုင်မွန်တို့က ၀ီလျံ လက်မှတ်ထိုးရန် စာရွက် စာတမ်း များကို အဆင်သင့်ကြိုတင်ပြင်ဆင်ထားကြသည်။

' ကဲ... ၀ီလျံ ဒီအချိန်ကစပြီး လုပ်ငန်းတာဝန်အားလုံး မင်းပခုံးပေါ်ရောက်လာပြီ၊ တို့လုပ်ခဲ့သလို မင်းလည်း အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။
ဘဏ္ဍာာထိန်း အဖွဲ့ဝင် တစ်ဦးဖြစ်သူ မီလီပရက်စတန်က သူမ၏ ပခုံးပေါ်တင်ထားသော ၀န်ထုပ်ဝန်ပိုးကြီး တစ်ခုကျ သွားသည့်အလား ပြောလိုက်သည်။

' ဟုတ်ကဲ့ ... ကျွန်တော်လည်း အဲဒီလို မျှော်လင့်ပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ကျွန်တော့်ကြောင့် နေ့ချင်းညချင်း ဒေါ်လာ ငါးသိန်းလောက် ဆုံးရှုံးသွားခဲ့တဲ့အခါ ဘယ်သူ့ဆီ အကူအညီပြေးတောင်းရမယ်ဆိုတာကတော့ ကျွန်တော် ကြိုသိထားဖို့လိုပါလိမ့်မယ် '
ဝီလျံ ၏ သရော်စကားကြောင့် မစ္စက်ပရက်စတန် မျက်နှာကြီး နီရဲသွားသည်။ သို့သော် သူမက ဘယ်လိုမှ ပြန်မပြော ဘဲ ငြိမ်၍သာ နေလိုက်သည်။

ယခုအခါ ဘဏ္ဍာထိန်းငွေ စုစုပေါင်းမှာ ဒေါ်လာ ၂၈ သန်းကျော်ရှိနေပြီ။ ထိုငွေများကို ဘယ်လုပ်ငန်း များတွင် မြှုပ်နှံရင်းနှီးရမည်ဆိုသော အနာဂတ်စီမံကိန်းကို ၀ီလျက ကြိုတင်စဉ်းစားထားပြီး ဖြစ်သည်။ သူ ဟားဗတ် တက္ကသိုလ်မှ မထွက်ခင်ကာလအတွင်း ကိုယ်ပိုင် ရင်းနှီးမှုဖြင့် အနည်းဆုံး ဒေါ်လာတစ်သိန်း အထိ ရရှိရန် ကိုလည်း အတိအကျ စီမံကိန်းချထားပြီးဖြစ်သည်။ ယင်းငွေမှာ ဘဏ္ဍာထိန်းအဖွဲ့ငွေနှင့် ယှဉ်ကြည့် လျှင် အသေးအဖွဲ့မျှသာဖြစ်သည်။ သို့သော် ယင်းသို့ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံခြင်းကြောင့် သူ့ အနေ ဖြင့် ရရှိသော အတွေ့အကြုံမှာကား တန်ဖိုးမဖြတ်နိုင်ချေ။

ထိုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်း ၀ီလျံနှင့် မက်သယူးတို့အား အဘွားနှစ်ယောက်က ဥရောပသို့ လေ့လာရေး ခရီးထွက်ခိုင်းသည်။ ကျောင်းအားရက်တွင် စိတ်လေပြီး မိန်းကလေးတွေနှင့် အပျော်လျှောက် တွဲနေမည့်အစား နိုင်ငံခြားဗဟုသုတရရန် ရည်ရွယ်သောကြောင့်ဖြစ်သည်။

ဥရောပခရီးသည် နှစ်ယောက်စလုံးအတွက် အကျိုးရှိသည်။ မက်သယူးက ဘာသာစကား တော်တော်များ များ တတ်ကျွမ်းသူဖြစ်၍ ရောက်လေရာမြို့တွင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေသည်။ ' အချစ်ဆိုသော နိုင်ငံ တကာ စားသုံးကုန်ပစ္စည်းပဲကွ ' ဟု ၀ီလျံအား သူ့အဘိဓမ္မာကို ဖွင့်ဆိုပြောပြသည်။ ၀ီလျံကတော့ မက်သယူးလို 'မ' မပွေ၊ အချိန်ရတိုင်း ဘဏ်တိုက်ကြီးများ၏ ဒါရိုက်တာလူကြီးများနှင့်သာ သွားရောက်ဆွေး နွေးသည်။ ဗဟုသုတယူသည်။

' ပိုက်ဆံဆိုတာလည်း နိုင်ငံတကာကြိုက် ပစ္စည်းတစ်ခုပါပဲ မက်သယူး' ဟူ၍ သူကပြန်ပြောသည်။
သူငယ်ချင်းနှစ်ယောက်သည် လန်ဒန်၊ ဘာလင်၊ ရောမ စသော မြို့ကြီးများကို အိမ်ဦးနှင့် ကြမ်းပြင်ပမာ လည်ပတ်လေ့လာခဲ့သည်။ မြို့တိုင်းလိုလိုတွင် မက်သယူးက မိန်းကလေးတွေကို အသည်းခွဲပစ်ခဲ့သည်။ ၀ီလျံ ကတော့ ဘဏ်လုပ်ငန်းပိုင်ရှင်ကြီးများက ဘယ်တော့မှ မမေ့နိုင်တော့ အရည်အချင်းများကို သိ ခဲ့သည်။

စက်တင်ဘာလ တွင် ဟားဗတ်တက္ကသိုလ်သို့ ပြန်ရောက်သောအခါ နောက်ဆုံးနှစ် စာမေးပွဲအတွက် ကျောင်းသုံး စာအုပ်တွေ တစ်ပုံတစ်ခေါင်းကြီးက သူတို့အား အသင့်ကြိုဆိုလျက်ရှိကြသည်။

*
၁၉၂၇ ခုနှစ်၊ ဆောင်းတွင်းတွင် အဘွားကိန်း ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီ။ ၀ီလျံသည် မိခင်ဆုံးစဉ်က တစ်သက်တာတွင် ပထမအကြိမ် ငိုခဲ့သည်။ ယခု အဘွားဆုံးသောအခါ ဒုတိယ အကြိမ် ငိုရပြန်သည်။

ဝီလျံ၏ ကြေကွဲမှုအတိုင်းအတာကို အနီးကပ်ဆုံး သိရှိခံစားရသော မက်သယူးက သူ့မိတ်ဆွေအား နှစ်သိမ့် စကား ဆိုသည်။
' ဖြစ်ပြီးခဲ့တာတွေ မေ့ပစ်လိုက်တာ ကိုယ့်အတွက် အကောင်းဆုံးပါပဲ ၀ီလျံ၊ တကယ်တော့ မင်းအဘွားဟာ ကြွေချိန်တန် လို့ ကြွေသွားတာပါ၊ မင်းကိုလည်း လူလားမြောက်အောင်အထိ ပြုစုစောင့်ရှောက်ခဲ့ပြီးပါပြီ၊ သူ့ အနေနဲ့ လည်း သေရကျိုးနပ်ပါတယ်၊ မင်းအနေနဲ့လည်း ဖြေရကျိုးနပ်ပါတယ် သူငယ်ချင်းရာ '

ဘယ်လိုပင် ဖြေဖြေ ၀ီလျံအဖို့တော့ အချစ်ဆုံးအဘွား အတွက် ဖြေမပြေနိုင်သော အချက်တွေ အများကြီးရှိ သည်။ အဘွား မရှိတော့မှ အဘွားကျေးဇူးကိုပို၍ အောက်မေ့မိသည်။ အဘွား ဆိုဆုံးမခဲ့သော အဖိုးတန် သြ၀ါဒ စကားများကို ပို၍ သတိရမိသည်။ သူက အဘွားကျေးဇူးကို မမေ့သည့်အနေဖြင့် အသုဘအခမ်း အနား ကို ကြီးကြီးကျယ်ကျယ်ပြုလုပ်ပြီး ခမ်းခမ်းနားနား သဂြိုလ်သည်။ အဘွားသာ မြင်လိုက်ရလျှင် ၀မ်းသာ ဂုဏ်ယူ ရမည့် အခမ်းအနားမျိုးပင် ဖြစ်သည်။

အဘွားကိန်း ကွယ်လွန်ပြီးသည့်နောက်တွင် အဘွား၏ မေတ္တာစေတနာတို့ကို တုံ့ပြန်သောအားဖြင့် ကျောင်း စာကို ဆတက်ထမ်းပိုးတိုး၍ ကြိုးစားသည်။ သည်နှစ်သည် သူ့အဖို့ ဟားဗတ်တက္ကသိုလ်တွင် နောက်ဆုံး နှစ်ဖြစ်သည်။ အဘွားကျေးဇူးကိုပြန်ဆပ်သည့်အနေဖြင့် သင်္ချာဘာသာတွင် ထိပ်ဆုံးအဆင့်ထိရအောင် ကြိုးစားရန်လည်း အလေးအနက် သိန္နိဋ္ဌာန်ချလိုက်သည်။
နောက်ခြောက်လခန့်ကြာတော့ အဘွားကတော့ ကွယ်လွန်သွားပြန်သည်။ တိုးတိုးဖော် စကားပြောစရာလူ မရှိတော့၍ စိတ်ပျက်အားငယ်ပြီး ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ၀ီလျံက ယုံကြည်သည်။

*
ဝီလျံနှင့် မက်သယူးတို့သည် နောက်ဆုံးစာမေးပွဲကြီးအတွက် လပေါင်းများစွာ မအိပ်မနေစာကျက်ကြသည်။ သို့ပေမဲ့ သူတို့သည် စာမေးပွဲအတွက် အဆင်သင့် မဖြစ်သေးဟု နှစ်ယောက်စလုံးကပင် ထင်ကြသည်။

သည်လိုနှင့်ပင် စာမေးပွဲနှင့် ရင်ဆိုင်ကြရတော့သည်။ ခြောက်ရက်တိတိ အကြိတ်အနယ် ဖြေကြရသည်။
စာမေးပွဲဖြေပြီးတော့ အောင်စာရင်းထွက်မည့်ရက်ကို ရင်တဖိုဖိုနှင့် စောင့်ကြရသည်။ သူတို့၏ ရင်ဖိုမှုမှာ အချည်းနှီး တော့ မဖြစ်၊ အဘယ်ကြောင့်ဆိုသော် ၁၉၂၈ ခုနှစ်၊ ဇွန်လတွင် သူတို့နှစ်ယောက်လုံး ဟားဗတ် တက္ကသိုလ် မှ ဘွဲ့ရကြသောကြောင့် ဖြစ်သည်။

နောက်တစ်ပတ်ခန့်ကြာသောအခါ ၀ီလျံအား တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သင်္ချာထူးချွန်ဆုကို ချီးမြှင့်လိုက်ကြောင်း ကြေညာချက်ထွက်လာသည်။ ဆုပေးပွဲတွင် သူ့ဖခင်ရှိနေခဲ့လျှင် ဘယ်လောက်များ ဂုဏ်ယူ လိမ့်မလဲဟု ၀ီလျံက တွေးမိသည်။ မက်သယူးကတော့ တတိယအဆင့်လောက်သာ ချိတ်သည်။ သည် အတွက် သူ့ကိုယ်သူလည်း ကျေနပ်သည်။ တခြားလူတွေကလည်း အံ့သြခြင်းမဖြစ်ကြ။

သူတို့နှစ်ယောက်သည် နောက်ထပ် ပညာဆက်သင်ရန် စိတ်မ၀င်စားကြတော့။ အလုပ်ခွင်သို့ အမြန်ဆုံး ၀င်ရန် ကိုသာ အားသန်နေကြတော့သည်။
ထိုအချိန် တွင် ၀ီလျံမှာ ကိုယ်ပိုင်ဘဏ်စုငွေ တစ်သန်းကျော်မျှ ရှိနေလေပြီ။ ၀ီလျံက သူ၏ အနာဂတ်စီးပွား ရေးစီမံကိန်း ကို မက်သယူးနှင့် ဆွေးနွေးသည်။ သူက လက်စတာဘဏ်ကို ကိန်းနှင့် ကဘော့ဘဏ်နှင့် ပေါင်းပစ် ချင်သည်။

မက်သယူးကလည်း ၀ီလျံ၏ အကြံကို သဘောကျသည်။
' မင်းအကြံဟာ အကောင်းဆုံးအကြံပဲ ၀ီလျံ၊ ဒါမှ ငါ့အဖေက သူမသေခင် ငါ့အနာဂတ်အတွက် စိတ်ချသွား မှာ သူ့ခံစားချက် ကို အမှန်အတိုင်း ဖွင့်ဟ၀န်ခံသည်။
ဘွဲ့နှင်း သဘင် အခမ်းအနားသို့ အလန်လွိုက်လည်း တက်ရောက်သည်။ ယခုအခါ အလန်လွိုက်မှာ အသက် ၆၀-အရွယ် အဘိုးကြီးဘ၀ရောက်နေပြီ။ အခမ်းအနားပြီးသောအခါ ၀ီလျံက အလန်အား လက်ဖက်ရည်သောက်သွားရန် ဖိတ်ခေါ်သည်။ အလန်က အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် ခန့်ချော ချောနေသော ၀ီလျံအား ချစ်ခင်စွာဖြင့် ရွှန်းရွှန်းစားစားကြည့်နေသည်။

' ဒီတော့ မင်းအနေနဲ့ ပညာတော့ ပြည့်စုံသွားပြီ ၀ီလျံ၊ ဘာလုပ်မယ်စိတ်ကူးထားသလဲ '
' ကျွန်တော် နယူးယောက်က လက်စတာဘဏ်မှာ သွားလုပ်မယ်လို့ စိတ်ကူးထားတယ် အလန်၊ နောက်သုံး လေးနှစ် ဆိုရင် ကျွန်တော်တို့ဘဏ်ကို ၀င်ရမယ်ဆိုတော့ အတွေ့အကြုံရတာပေါ့ '

' မင်းစိတ်ကူးတာ မှန်တော့ မှန်ပါတယ်၊ ဒါပေမဲ့ မင်းက ၁၂ နှစ်သားကတည်းက ကျောင်းအားရက်တိုင်း လက်စတာဘဏ်မှာ ၀င်လုပ်နေခဲ့ပြီးပြီပဲ၊ ဘာလို့ အချိန်ကုန်ခံနေဦးမှာလဲ၊ တစ်ခါတည်း ကိုယ့်ဘဏ်မှာပဲ ၀င်လုပ်လိုက်တာ ပိုမကောင်းဘူးလား၊ မင်းဝင်လာရင် တို့က ချက်ချင်း ဒါရိုက်တာခန့်မှာပဲ '
ဝီလျံက ဘာမှပြန်မပြော။ အလန်လွိုက်၏ ရက်ရောသော ကမ်းလှမ်းစကားကြောင့် သူ့အနေဖြင့် အံ့သြ၍ ပင် သွားမိသည်။ သူက တစ်နေ့တွင် ဖြစ်ကိုဖြစ်ရမည်ဟု ရည်မှန်းချက်တော့ရှိသည်။ သို့သော် အသက် ၂၅ နှစ်မပြည့်ခင် မှာ သူ့အား ဒါရိုက်တာလူကြီးအဖြစ် တိုက်ရိုက်ခန့်ထားလိမ့်မည်ဟူ၍ကား လုံးဝ မမျှော်လင့် ခဲ့သည် အမှန်။ သူ့ဖခင်သည်လည်း အသက် ၂၅ နှစ်ရောက်မှသာ ယင်းရာထူးကို ရခဲ့သည် မဟုတ်လား။

အလန်က ၀ီလျံ၏ အဖြေကို စောင့်နေသည်။ ၀ီလျံနှုတ်ဆိတ်မြဲ ဆိတ်နေတော့သူကပင် ဆက်ပြောသည်။
' ကဲ ... ပြောပါဦးလေ၊ ဒီအတိုင်းငြိမ်နေလို့ ဘယ်ဖြစ်မလဲ '

' ကျွန်တော် အသက် ၂၅ နှစ်မပြည့်ခင် ဒီရာထူးမှာ ခန့်လိမ့်မယ်လို့ ကျွန်တော်လုံးဝ မမျှော်လင့်ခဲ့ဘူး အလန်၊ ပြီးတော့ ကျွန်တော့်ဖေဖေလဲ '
' ဟုတ်ပါတယ်၊ မင်းအဖေဟာ အသက် ၂၅ နှစ်ရောက်မှ ဒီရာထူးမှာ ခန့်အပ်ခံခဲ့ရတာ မှန်ပါတယ်၊ ဒါပေမ့ အဲဒီ အကြောင်း ကြောင့် မင်းကိုလည်း အသက် ၂၅ နှစ်ပြည့်မှ ခန့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် မရှိ ပါဘူး၊ အရေးကြီးတာက တခြားဒါရိုက်တာလူကြီးတွေက လက်ခံဖို့ပဲ အဓိကပါ၊ သူတို့က လက်ခံ ကြမယ် ဆိုတာ ကိုလည်း ငါ သိပြီးသားပါ၊ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ဒါရိုက်တာလူကြီးအဖြစ် အမြန်ဆုံး ခန့်ချင်ရတဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အကြောင်းကလည်း ရှိနေတယ်။

 နောက်ငါးနှစ်ဆိုရင် ငါက အငြိမ်းစားယူရ တော့မယ်၊ ဒါကြောင့် အသင့်တော်ဆုံး ဥက္ကဋ္ဌလောင်းကို အခု ကတည်းက ကြိုတင်မွေးထားချင်တယ်၊ အဲဒီ တော့ အဲဒီငါးနှစ်အတွင်းမှာ မင်းက လက်စတာ ဘဏ်မှာ သွားပြီး အချိန်ဖြုန်းနေမယ့်အစား ကိုယ့်ဏ်မှာပဲ ၀င်လုပ်နေမှ အချိန်ရောက်တဲ့အခါ အဆင် သင့်ဖြစ်နေမယ် မဟုတ်လား၊ ကဲ ... ဒီတော့ ဘယ်လိုသဘောရသလဲ၊ လုပ်မယ် မဟုတ်လား '
သည် အချိန် မှာ ဖေဖေရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ ဟူ၍ ၀ီလျံက ဒုတိယအကြိမ် ကျိတ်၍ တောင့်တလိုက် မိပြန် သည်။

' ဟုတ်ကဲ့။ ကျွန်တော် ၀မ်းမြောက်ဝမ်းသာ လက်ခံပါတယ်ခင်ဗျာ '
အလန်က ၀ီလျံ၏ မျက်နျာကို စေ့စေ့ကြည့်ရင်း '
' မင်းက ငါ့ကို ခင်ဗျားတွေ၊ ဘာတွေ ' သုံးပြီးပြောတာ ဒီအကြိမ်ဟာ ဒုတိယအကြိမ်ပဲ၊ ပထမအကြိမ်က ဂေါက်သီးရိုက်ခဲ့ကြတုန်းက၊ ငါတော့ မင်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေရတော့မှာပဲ '
ဝီလျံ က ဘာမှမပြောဘဲ ပြုံး၍သာနေသည်။
' ကောင်းပြီ၊ ဒါဆို ကိစ္စပြတ်ပြီပေါ့၊ ဒီနေ့ကစပြီး မင်းက အငယ်တန်း ဒါရိုက်တာအနေနဲ့ ရင်းနှီးမြှုပ်နှံရေးလုပ် ငန်းကို ကြီးကြပ်ရမယ်၊ မင်းအထက်မှာက တိုနီဆိုင်မွန်ရှိလိမ့်မယ် '
' ကျွန်တော့် အောက်မှာ လုပ်ရမယ့် လက်ထောက်ကို ကျွန်တော် ခန့်လို့ရမလား '

အလန်က ၀ီလျံ၏ မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး-
' ဘာလဲ၊ မက်သယူးလက်စတာကို ခန့်ချင်လို့လား '
' ဟုတ်ပါတယ် '
' မလုပ်ပါနဲ့၊ မင်းက သူတို့ဘဏ်မှာ ၀င်လုပ်ဖို့ စိတ်ကူးခဲ့တယ်၊ ဒါပေမဲ့ သူတို့ကိုတော့ တို့ဘ်မှာ ၀င်မလုပ် စေချင်ဘူး '
ဝီလျံက ဘာမှပြန်မပော။ အလန်၏ ဆုံးဖြတ်ချက်ကို သူ လေးစားသည်။

ဝီလျံက သူနှင့် အလန်တို့ ဆွေးနွေးချက်ကို ချားစ်လက်စတာအား သည်၏မလွဲပြောပြသောအခါ ချားလ် လက်စတာ က ရယ်နေသည်။ ပြီးတော့မှ သူက လေသံငြိမ့်ငြိမ့်ဖြင့် ပြောသည်။
' မင်းက တို့ဘဏ်ကို စပိုင်အဖြစ်နဲ့တောင်မှ မလာတော့ဘူးဆိုတော့ ငါ့အနေနဲ့ စိတ်မကောင်းပါဘူး ၀ီလျံ၊ ဒါပေမဲ့ မင်းဟာ တစ်နေ့နေ့မှာ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့ တို့ဘဏ် ရောက်လာ လိမ့်မယ် ဆိုတာ တော့ ငါက ခြွင်းချက်မရှိယုံကြည်ပြီးသားပါ '

................................
အခန်း (၁၅) ဆက်ရန်
.

1 comment:

An Asian Tour Operator said...

စောင့်ရပြန်ပြီ.. အပိုင်း ၁၅။