အခန်း(၁၈)
အေဘယ်သည် နောက်တစ်နေ့မနက်တွင် ရှီကာဂိုသို့ပြန်ရောက်လာသည့်တိုင်အောင် သူ့အား ၀ီလျံကိန်းက ဆက်ဆံလိုက်ပုံကိုတွေးပြီး ဒေါသထွက်နေတုန်းပင်ဖြစ်သည်။ သူသည် တက္ကစီကားတစ်စီးကို လှမ်းခေါ်ပြီး နောက်ခန်းတွင် ၀င်ထိုင်လိုက်သည်။
' ရစ်ခ်ျမွန့်ဟိုတယ်ကို မောင်း '
' ဒါနဲ့ ခင်ဗျားက သတင်းစာတိုက်ကလား ' ဒရိုင်ဘာက ကားကို စတိတ်လမ်းမကြီးဘက်သို့ မောင်းထွက် လာရင်း မေးသည်။
' မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဗျ '
' သြော် ... ခင်ဗျားက ' ရစ်ခ်ျမွန့်ဟိုတယ်' သွားမယ်ဆိုလို့ပါ၊ အခုဆိုရင် အဲဒီမှာ ရှိသမျှ သတင်းထောက်တွေ အားလုံး ရောက်နေကြပြီဗျ'
ရစ်ခ်ျမွန့်ဟိုတယ်သို့ သတင်းထောက်တွေ လာစရာ အကြောင်းမရှိပါလားဟု အေဘယ်က တွေးလိုက်မိ သည်။ ဒါရိုင်ဘာက ဆက်ပြောသည်။
' ခင်ဗျား သတင်းထောက်မဟုတ်ရင် အဲဒီသွားမနေနဲ့တော့၊ တခြားဟိုတယ်တစ်ခုသာ သွားပါတော့ '
' ဘာဖြစ်လို့လဲ' အေဘယ်က ကမန်းကတန်း ပြန်မေးလိုက်သည်။
' အဲဒီမှာ သွားတည်းရင်း ခင်ဗျား တစ်ရေးမှ အိပ်ပျော်မှာ မဟုတ်ဘူး၊ ဟဲ ... ဟဲ၊ ရစ်ခ်ျမွန့်ဟိုတယ်က မီးလောင်လို့ ပြာပုံဘ၀ ရောက်သွားပြီဗျ '
တက္ကစီကားသည် လမ်းကွေ့ကို ပတ်ဝင်လိုက်သည်။ ရစ်ခ်ျမွန့်ဟိုတယ် မီးလောင်ပြင်ကို အေဘယ် မြင်ရပြီ။ လမ်းပေါ်တွင် ရဲကားများ၊ မီးသတ်ကားများ၊ မီးလောင်ထားသော သစ်တိုသစ်များ၊ ရေစီးကြောင်းများနှင့် ပြည့်နေသည်။
အေဘယ်က တက္ကစီပေါ်မှဆင်းပြီး မီးလောင်ပြင်ကြီးကို စိုက်ကြည့်နေသည်။ ဒေးဗစ်လီရွိုင်း၏ အကောင်း ဆုံးဟိုတယ်ကြီး ပြာပုံဘ၀ ရောက်သွားခဲ့ပြီ။ လီရွိုင်းကိုယ်တိုင်လည်း အသေဆိုးနှင့် သေဆုံးသွား ခဲ့ပြီ။
' နင်လားတဲ့ လောကဓံ၊ ပိုလန်သားတဲ့ကွ' သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အားတင်းလိုက် သည်။ သူ့ရင်ထဲတွင် ဘယ်လိုမှ မခံစားရ၊ ခံစားချက်လည်း ဘာမှမရှိတော့။
လမ်းပေါ်တွင်ရပ်ကာ အံတကြိတ်ကြိတ် လုပ်နေသော အေဘယ်ကို မြင်တော့ လက်ထောက်မန်နေဂျာက ပြေးလာသည်။ အေဘယ်က စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
' အမှုထမ်းတွေနဲ့ ဧည့်သည်တွေအားလုံး အန္တရာယ်ကင်းကြရဲ့လား '
' ဟုတ်ကဲ့၊ ဘာမှမဖြစ်သလောက်ပါပဲ၊ ဘုရားသခင်ကျေးဇူးပါပဲ၊ ဧည့်သည်ကလည်း မရှိသလောက်ဆိုတော့ ဘာမှပြဿနာမရှိပါဘူး၊ တစ်ယောက်နှစ်ယောက်လောက်ပဲ နည်းနည်းပါးပါး မီးဟပ်သွားတာ ရှိပါတယ်၊ အခု သူတို့ကို ဆေးရုံပို့လိုက်ပါပြီ၊ ဘာမှ မစိုးရိမ်စရာမရှိပါဘူး '
' တော်ပါသေးရဲ့၊ တစ်မျိုးတော့ စိတ်အေးသွားရတာပေါ့၊ ဒါနဲ့ ဟိုတယ်က မီးအာမခံထားတာဗျ၊ ဟုတ်ပြီ၊ အနည်းဆုံး တစ်သန်းလောက်တော့ ရမှာပဲ၊ အရှုံးထဲက အမြတ်ပဲ ဆိုပါတော့ '
' နောက်ဆုံး စက်ရပ်သတင်းအရဆိုရင်တော့ အာမခံငွေရဖို့ မလွယ်ပါဘူး '
' ဘာ ... ခင်ဗျား ဘာကို ဆိုလိုတာလဲ '
' သတင်းစာသာ ဖတ်ကြည့်ပါတော့ '
အေဘယ်သည် သတင်းစာဆိုင်သို့ လျှောက်သွားပြီး ' ရှီကာဂိုထရီးဗွန်း' တစ်စောင် ၀ယ်ယူလိုက်သည်။
ရစ်ခ်ျမွန့်ဟိုတယ် ပြာကျသွားပြီး မီးရှို့မှု ဖြစ်နိုင်သည်ဆိုခြင်းဟူသော ခေါင်းစီးစာလုံးများက သူ့ကို ပြူးကြည့် နှုတ်ဆက်နေကြသည်။
အေဘယ်က ဦးခေါင်းကို ခါယမ်းလိုက်သည်။ ပြီးတော့ သတင်းစာခေါင်းစီးစာတန်းကို ပြန်ဖတ်နေမိသည်။
လက်ထောက်မန်နေဂျာဆီသို့ ပြန်လျှောက်လာပြီး ...
' ရဲဘက်က တာဝန်ခံက ဘယ်သူလဲ '
' ဟိုမှာ ကားနားမှာ ရပ်နေတဲ့ ရဲမှူးပဲ သူ့နာမည်က အိုမာလီတဲ့ '
လက်ထောက်မန်နေဂျာက အရပ်ရှည်ရှည် ထိပ်ပြောင်ပြောင်နှင့် ရဲအရာရှိ တစ်ဦးကို လက်ညိုးထိုးပြသည်။
' အဲဒီတော့ အမှုထမ်းတွေ အားလုံးကို နောက်ဘက်က အဆောင်မှာပဲ စုထားပါ၊ မနက်ဖြန် ၁၀ နာရီကျတော့ သူတို့နဲ့ ကျွန်တော် တွေ့မယ်၊ ဒီကြားထဲ ကျွန်တော့်ကို တွေ့ချင်ရင် ' စတီဖင်' ဟိုတယ်ကို ဆက်သွယ်ပါ၊ ဒီကိစ္စတွေ ရှင်းသွားတဲ့အထိ ကျွန်တော် အဲဒီမှာပဲ တည်းနေမယ် '
' ကောင်းပါပြီ '
အေဘယ်သည်ူရဲအရာရှိထံသို့ လျှောက်သွားပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။ ရဲအရာရှိက အေဘယ်နှင့် လက်ဆွဲနှုတ်ဆက်သည်။
' အား ... မန်နေဂျာကြီး၊ ဘယ်ပျောက်ချက်သား ကောင်းနေတာပါလိမ့်၊ ပြန်လာတော့ ဟိုတယ်ကြီးကို မြင်ရတော့တယ် မဟုတ်လား ဟဲ ... ဟဲ '
' ဒီကိစ္စက ရယ်စရာမဟုတ်ဘူးခင်ဗျာ '
' အေးဗျာ ... ဆောရီးပဲ၊ ရယ်စရာတော့ မဟုတ်ပါဘူး၊ ညတာကလည်း တော်တော်ရှည်တာကိုးဗျ၊ အဲဒါကြောင့် ဒီလောက်ထိ ပျက်စီးသွားရတာပေါ့၊ လာပါဗျာ ... တစ်ခုခု သွားသောက်ကြရအောင် '
ရဲအရာရှိက အေဘယ်၏ လက်မောင်းကို ဆုပ်ကိုင်လျှက် မီရှီဂန်ရိပ်သာလမ်းကို ဖြတ်လျှောက်ကာ လမ်းထောင့်မှ ကဖေးဆိုင်သို့ လာခဲ့ကြသည်။ ရဲအရာရှိ အိုမာလီက ' မစ်လ်ခ်ရှိတ်' နှစ်ခွက် မှာလိုက်သည်။
' ကိုင်း ... ခင်ဗျား ပြဿနာကို စဉ်းစားကြည့်ရအောင် မစ္စတာရို့စ်နော့စကီး၊ ကျုပ်အထင်တော့ ခင်ဗျား ဟိုတယ် မီးအားမခံရဖို့ မလွယ်ဘူး ထင်တယ်ဗျ၊ မီးလောင်မှု ပါရဂူတွေက သေသေချာချာ စစ်ဆေးကြည့် တော့ ဓာတ်ဆီလောင်းထားတဲ့နေရာတွေ့ရတယ်၊ အောက်ခြေပတ်ပတ်လည်မှာ သဲလွန်စတွေ အများကြီး တွေ့ရတယ်၊ အဲဒါကြောင့်လည်း မီးခြစ်ဆံတစ်ချောင်း ညှိလိုက်ရုံနဲ့ အဆောက်အအံကြီး တစ်ခုလုံး ပြာပုံဘ၀ ရောက်သွားရတာပေါ့ '
' ဒီအမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ ထင်ပါသလဲ ' အေဘယ်က မေးသည်။
' အဲဒီ မေးခွန်း၊ ကျုပ်ကပဲ ပြန်မေးပါရစေ၊ ခင်ဗျားကို ပုဂ္ဂိုလ်ရေးအရဖြစ်ဖြစ်၊ ဟိုတယ် လုပ်ငန်းတစ်ခုလုံးကို ဖြစ်ဖြစ် မနာလိုဖြစ်နေတဲ့လူ ရှိသလား '
' မနာလိုတဲ့လူကတော့ ၅၀ လောက်တောင် ရှိပါတယ်ခင်ဗျာ၊ ကျွန်တော်ဟိုတယ်ကိုရောက်စက မလိုအပ်လို့ ဖြုတ်ပစ်လိုက်တဲ့ လူတွေပါ၊ လိုအပ်မယ်ဆိုရင် ကျွန်တော် နာမည်စာရင်း ရေးပေးပါ့မယ် '
' ကောင်းပါတယ်၊ လိုအပ်တဲ့အခါ တောင်းပါ့မယ်။
ဒီကြားထဲ သတင်းတစ်ခွန်းတစ်စရရင်လည်း ကျုပ်ကို အကြောင်းကြားပါ၊ ခင်ဗျားမှာက ရန်သူတွေ ရှိနေတယ် မစ္စတာ ရို့စနော့စကီး၊ အဲဒါတော့ သတိဝီရိယနဲ့ နေပါ၊ စောစောက လူအုပ်ထဲက လူတစ် ယောက် အပြောကတော့ ဒါဟာ ခင်ဗျားလက်ချက်ပဲတဲ့၊ ခင်ဗျားက စီးပွားပျက်ပြီး မီးအာမခံငွေ လိုချင်လို့ ပြောနေ တယ် '
အေဘယ်က ကုလားထိုင်မှ ခုန်ထလိုက်မိသည်အထိ ဖြစ်သွားသည်။
' စိတ်ကို အေးအေးထားပါ၊ အေးအေးထားပါ၊ မနေ့က ခင်ဗျား ဘော့စတွန်ရောက်နေပြီး ဒီနေ့မနက်မှ ပြန်ရောက်လာတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒီဟိုတယ်လုပ်ငန်းဟာ ခင်ဗျားကြောင့်ပဲ တိုးတက်လာခဲ့ တာပါ၊ အဲဒါကို ခင်ဗျားက ဘယ့်နှယ်လုပ်ပြီး မီးရှို့မှာလဲ၊ ဒါပေမဲ့ တစ်ယောက်ယောက် ရှိတာတော့ အမှန်ပဲ၊ အဲဒီလူကို တွေ့အောင် ရှာရမယ်၊ မပူပါနဲ့ တွေ့မှာပါ၊ အဲဒီတော့ လောလောဆယ် ကျုပ်က အဲဒီကိစ္စကိုပဲ ဖိလိုက် လိုက်ပါ့မယ် '
ရဲအရာရှိက စားပွဲထိုးမကလေးအား ပိုက်ဆံရှင်းပေးသည်။
' အကြွေးကို ယူလိုက်ပါ၊ ပြန်မပေးနဲ့တော့ '
' ကျေးဇူးတင်ပါတယ်ရှင် '
ထို့နောက် နှစ်ယောက်သား ပြန်ထွက်လာကြသည်။ တံခါးဝအရောက်တွင် ရဲအရာရှိက ဆက်ပြောပြန်သည်။
' ဒါနဲ့ အာမခံကုမ္ပဏီကလူတွေ ခင်ဗျားကို လိုက်ရှာနေကြတယ်၊ အဆင်ပြေအောင် ကြည့်ပြောပေါ့ဗျာ၊ သူတို့ ကတော့ ဒီကိစ္စမှာ ခင်ဗျားလည်း ပါတယ်ထင်မှာပဲ၊ ထင်ပါစေ၊ ဘာတတ်နိုင်မှာလဲ၊ ကဲ ... နောက်မှ ပြန်တွေ့ ကြတာပေါ့၊ အကြောင်းထူးရင် ကျုပ်ဆီ ဆက်သွယ်ဖို့ မမေ့ပါနဲ့ '
' ဟုတ်ကဲ့ စိတ်ချပါ၊ ကျေးဇူးတင်ပါတယ် '
ရဲအရာရှိ လူအုပ်ထဲ ပြန်ဝင်သွားသည်။ အေဘယ်က စတီဖင်ဟိုတယ်သို့ လမ်းလျှောက်လာခဲ့ပြီး ထိုညအတွက် ' ဘွတ်ကင်' လုပ်လိုက်သည်။ မှတ်ပုံတင်စာရေးက အေဘယ်အား သရော်ပြုံးနှင့်ကြည့်သည်။
အခန်းထဲ ရောက်တော့ မစ္စတာဝီလျံကိန်းထံသို့ စာတစ်စောင်ရေးသည်။ ရှီကာဂို ဟိုတယ် ရုတ်တရက် မီးလောင်ခံ ရကြောင်းကို သူ သိရသမျှ အချက်အလက် အပြည့်အစုံ ထည့်ရေးသည်။ ထို့ပြင် အခြားရစ်ခ်ျမွန့် ဟိုတယ်များ၏ လုံခြုံရေးအတွက်လည်း သူ့အနေဖြင့် ခရီးထွက်၍ လှည့်လည်ကြည့်ချင်ကြောင်း ဖော်ပြလိုက်သည်။
နောက်တစ်နေ့မနက်ကျတော့ အေဘယ်သည် နံနက်စာစားပြီးနောက် မစ္စတာကာ တစ်ဖင်တန်နှင့် တွေ့ရန် ကွန်တီ နင်တယ် ဘဏ်တိုက်သို့ လမ်းလျှောက်လာခဲ့သည်။
မစ္စတာဖင်တန်ဆီရောက်တော့ ၀ီလျံကိန်း၏ သဘောထားကို ပြောပြသည်။ ပြီးတော့ သူက သိပ်ပြီး မျှော်လင့်ချက် မရှိသော်လည်း ဖြစ်နိုင်လျှင် ရစ်ခ်ျမွန့်ဟိုတယ် လုပ်ငန်းအားလုံးကို ဒေါ်လာနှစ်သန်းနှင့် ရောင်းလို ကြောင်းကိုလည်း ပြောပြလိုက်သည်။
' မီးလောင်မှုဖြစ်သွားတာ တော်တော် ဆိုးသွားတယ်ဗျ၊ ဒါပေမဲ့ ကျုပ်တို့ဘဏ်က ဘာလုပ်ပေးနိုင်မလဲဆိုတာ ကြည့်ပါဦးမယ်၊ မစ္စအေမီရွိုင်းဆီက ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ခင်ဗျားဝယ်ယူခဲ့တုန်းက ဒီလုပ်ငန်းက တစ်နေ့ တိုးတက်လာနိုင်တယ်လို့ ကျုပ်ပြောခဲ့တာ ခင်ဗျား မှတ်မိဦး မှာပေါ့၊ အခုလို စီးပွားရေးကျလာပြီးတဲ့ နောက်မှာလည်း ကျုပ်ခံယူချက်က မပြောင်းလဲသေးပါဘူး၊ ခင်ဗျား ဦးဆောင်ပြီး နှစ်နှစ်တိတိ ကြိုးစားပမ်းစား လုပ်နေတာကို ကျုပ် စောင့်ကြည့်နေခဲ့တယ်၊ ဒီကိစ္စကို ကျုပ်ကို တာဝန် ပေးရင်ခင်ဗျားကို ကျုပ်ကူညီပါ့မယ်၊ ဒါပေမဲ့ ကျုပ်တို့ ဘဏ်ကတော့ ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းကို ဘယ်တော့ မှ အကူအညီပေးမှာ မဟုတ်ဘူး၊ သို့သော် မပူပါနဲ့၊ ကျုပ်မှာ တခြားအဆက်အသွယ်တွေ ရှိပါတယ်'
' အများကြီး ကျေးဇူးတင်ပါတယ် မစ္စတာဖင်တန် '
ထို့နောက် မစ္စတာဖင်တန်၏ ရုံးခန်းမှ ပြန်ထွက်လာခဲ့ပြီး ငွေထုတ်ကောင်တာသို့သွားကာ ဟိုတယ် စာရင်းမှ ဒေါ်လာငါးထောင် ထုတ်ယူသည်။
ထိုနေ့ နံနက်ပိုင်းတစ်ချိန်လုံးကို ရစ်ခ်ျ်စ်ဟိုတယ်နောက်ဆက်တွဲ အဆောင်တွင်ပင် ကုန်လွန်စေသည်။ ဟိုတယ် အမှုထမ်းများအား နှစ်ပတ်အတွက် လုပ်ခထုတ်ပေးပြီး နောက်ဆက်တွဲအဆောင်တွင် တစ်လ နေထိုင် ခွင့်ပြုသည်။ ထိုရက်အတွင်းအလုပ်ရှာကြရန်လည်း ပြောသည်။
ထို့နောက် စတီဖင်ဟိုတယ်သို့ ပြန်လာပြီး တခြားရစ်ခ်ျမွန့်ဟိုတယ်များအား စစ်ဆေးဖို့ ခရီးထွက်ရန် အ၀တ်အစားများ ထုပ်ပိုးသည်။
ထို့နောက်တော့ သူ့ကားကလေးဖြင့် စိန့်လူးဝစ်မြို့ရှိ ရစ်ခ်ျမွန့်ဟိုတယ်သို့ စတင်ထွက်ခွာလာခဲ့သည်။
သူ၏ ဟိုတယ်များ စစ်ဆေးရေးခရီးသည် တစ်လနီးပါးကြာသည်။ ဟိုတယ်များမှာ အရှုံးနှင့် ရင်ဆိုင် နေရ သော်လည်း အခြေအနေကတော့ အဆိုးကြီးဟု မဆိုသာ။ ဟိုတယ်အားလုံးသည် အချက်အချာ နေရာကောင်း တွင် ရှိကြသည်။ တချို့ဟိုတယ်များမှာ တစ်မြို့လုံးတွင် အကောင်းဆုံးနေရာတွင် ရှိကြသည်။ ဟိုတယ်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သော မစ္စတာလီရွိုင်း၏ ဖခင်ကြီးသည် သားထက် တော်လိမ့် မည်ဟု အေဘယ်က တွေးမိလေသည်။
အေဘယ်သည် ဟိုတယ်တိုင်း၏ မီးအာမခံစာချုပ်များကို စစ်ဆေးကြည့်ရှုသည်။ အားလုံးပင် ပရီမီယံကြေး မှန်မှန်သွင်းနေကြသည်ကို တွေ့ရသည်။
နောက်ဆုံး ဒါးလက်မြို့သို့ ရောက်လာသောအခါ သူက အချက်တစ်ချက်ကို တွေးမိသည်။ ဟိုတယ် အားလုံး ကို ဒေါ်လာနှစ်သန်းဖြင့် ၀ယ်သူသည် အချောင်ပွသူပင်ဖြစ်ရမည်ဟု သူက တွေးမိသည်။ အကယ်၍ သူသာ ၀ယ်လိုက်နိုင်လျှင်တော့ သိပ်ကောင်းမှာပဲဟုလည်း တွေးမိသည်။
ရှီကာဂိုသို့ ပြန်ရောက်တော့ စတီဖင်ဟိုတယ်မှာပင်တည်းသည်။ သူ့အတွက် စာတွေ တစ်ပုံကြီး ရောက် နေသည်။ ရဲမှူး အိုမာလီ၊ ၀ီလျံကိန်း၊ ကာတစ်ဖင်တန်နှင့် မစ္စတာ ဟင်နရီအော့စဘွန်းဆိုသူအားလုံးက သူ့ကို တွေ့ချင်နေကြသည်။
ပထမဆုံး ရဲမှူး အိုမာလီထံ ဖုန်းဆက်ပြီး မစ်ရှီဂန်ရိပ်သာလမ်းထဲမှ ကဖေးဆိုင်တွင် တွေ့ရန် ချိန်းလိုက်သည်။
သူသည် ကုလားထိုင်ပေါ်တွင် ထိုင်နေရင်းမှ ရစ်ခ်ျမွန်ဟိုတယ် မီးလောင်ပြင်ကြီးကို ငေးကြည့်နေသည်။
ရဲမှူး အိုမာလီသည် အနည်းငယ် နောက်ကျပြီး ရောက်လာသည်။ သူက အေဘယ်၏ ဘေးမှ ကုလား ထိုင်တွင် ၀င်ထိုင်သည်။
' ကျွန်တော့်ကို ဘာအတွက် တွေ့ချင်တာလဲ' အေဘယ်ကစားပွဲထိုးမိန်းကလေးအား ' မစ်လ်ခ်ရှိတ်' နှစ်ခွက် လှမ်းမှာလိုက်ပြီးနောက် အိုမာလီအား မေးသည်။ ' ဘာတွေများထပ်တွေ့ရသေးသလဲ'
' မီးသတ်ဌာနက လူတွေပြောတာ မှန်သမဗျ၊ မီးရှို့မှု အစစ်ပဲ၊ ကျုပ်တို့က ဒက်စမွန်ပါစီဆိုတဲ့အဘိုးကြီးကို ဖမ်းထား ပြီး၊ သူက ရစ်ခ်ျမွန်က မန်နေဂျာဟောင်းဆိုပဲ'
' သူ့လက်ချက် ဖြစ်နိုင်ပါတယ် '
' ဘာကြောင့်လဲ '
' ဟိုတယ်ပိုင်ငွေတွေ လိမ်လည်မှုနဲ့ ကျွန်တော်က သူ့ကို အလုပ်ဖြုတ်ပစ်ခဲ့တယ်'
' အဲဒီတော့ ဒီကိစ္စဟာ ပါစီနဲ့ ခင်ဗျားတို့နှစ်ယောက် ပူးပေါင်းပြီး ကြံစည်မှုမဟုတ်ဘူးဆိုတာ အတိအကျ သိရမှ အာမခံကုမ္ပဏီက ငွေထုတ်ပေးမှာပဲ၊ ဒီအမှု တရားရုံးရောက်တော့ ကျုပ် တတ်နိုင်သလောက် ကူညီ ပါ့မယ်၊ ဒီကြားထဲလည်း ကျွန်တော်နဲ့ အမြဲဆက်သွယ်ပါ'
ရဲမှူး ပြန်ထွက်သွားသည်။ အေဘယ်က စားပွဲထိုးမိန်းကလေးအား တစ်ဒေါ်လာပေးလိုက်ပြီးနောက် အပြင်သို့ ထွက်လာခ့သည်။ အပြင်ရောက်တော့ မီးလောင်ပြင်ကို ခေတ္တမျှ ရပ်ကြည့်နေမိသည်။ ထို့နောက် စတီဖင်ဟိုတယ်ဘက်သို့ အတွေးနက်နက်ဖြင့် လျှောက်လာခဲ့သည်။
နောက် စာတစ်စောင် ကျန်နေသေးသည်။ မစ္စတာ ဟင်နရီအော့စဘွန်းထံမှ စာဖြစ်သည်။ အော့စဘွန်းဆိုသူ သည် မည်သူမည်ဝါဖြစ်ကြောင်း သူ လုံးဝစသ်းစား၍မရ။
သို့ဖြင့် သူက ဖုန်းဆက်ကြည့်လိုက်သည်။ သည်တော့မှ မစ္စတာအော့စဘွန်းဆိုသူမှာ သူတို့ဟိုတယ် မီးအာမခံ ထားသော ' ဂရိတ်ဝက်စတန်' အသက်အာမခံကုမ္ပဏီမှ စစ်ဆေးရေးအရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။ အေဘယ်က ထိုပုဂ္ဂိုလ်နှင့် နေ့လယ်ပိုင်းတွင် တွေ့ဆုံရန် ချိန်းလိုက်သည်။
ထို့နောက် ဘော့စတွန်မှ ၀ီလျံကိန်းထံ လှမ်းဆက်သည်။ သူ သွားရောက်စစ်ဆေးခဲ့သော ဟိုတယ်များ၏ အခြေ အနေကို ပြောပြလိုက်သည်။
' ခင်ဗျားတို့ ဘဏ်က အချိန်နဲ့ငွေ အကူအညီပေးရင် ဒီဟိုတယ်တွေ အရှုံးမပေါ်အောင် ကျွန်တော် လုပ်နိုင်ပါ တယ် မစ္စတာကိန်း၊ ရှီကာဂိုဟိုတယ်က ကျွန်တော် အတွေ့အကြုံအများကြီး ရထားပြီးသားပါ'
' ခင်ဗျား လုပ်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဘဏ်ကတော့ ပိုက်ဆံထပ်ချေးနိုင်မှာ မဟုတ်ဘူး၊ အခုဆိုရင် ခင်ဗျားမှာ ရက်ချိန်းစေ့ဖို့ ငါးရက်ပဲ ရှိတော့တယ်၊ ဒီရက် အတွင်း ငွေထုတ်ချေးမယ့်သူ ရအောင်ရှာပါ၊ ဒါပါပဲ မစ္စတာ အေဘယ်၊ ကံကောင်းပါစေ'
' မအေပေး ... ခွေးမသား ' အေဘယ်က ဖုန်းထဲမှ လှမ်းဆဲလိုက်သည်၊ သို့သော် တစ်ဖက်မှ ဖုန်းပြန်ချသွား နှင့်နေပြီ။
နောက်တစ်ယောက် ကတော့ အာမခံကုမ္ပဏီမှ ဟင်နရီအော့စဘွန်း။
အော့စဘွန်း သည် အရပ်ရှည်ရှည်နှင့် လူချောတစ်ယောက်ဖြစ်သည်ကို တွေ့ရသည်။ မျက်လုံးက နက်နက်။ ဆံပင် က ဖြူစပြုနေပြီ။ သူကလည်း ရဲအရာရှိ ပြောသွားသော စကားမျိုးကိုပင် ပြောသည်။
' ဒါနဲ့ ခင်ဗျားတို့မှာ ဟိုတယ် ပြန်ဆောက်နိုင်တဲ့ပိုက်ဆံ လုံလုံလောက်လောက်ရှိရဲ့လား'
' မရှိပါဘူး၊ ဘဏ်တိုက်က ဟိုတယ်တွေ ရောင်းပြီး သူတို့အကြွေးဆပ်ဖို့ ကျွန်တော့်ကို အကျပ်ကိုင်နေပါတယ်'
' ခင်ဗျား နဲ့ ဘယ်လိုပတ်သက်နေလို့လဲ '
အေဘယ်က သူ့အနေဖြင့် ဟိုတယ်တွေကို တကယ်မပိုင်ဘဲနှင့် အစုရှယ်ယာရှင်တစ်ယောက် ဖြစ်လာရပုံကို ရှင်းပြလိုက်သည်။ အော့စဘွန်းက အံ့သြသွားပုံရသည်။
' ခင်ဗျှားအနေနဲ့ ဒီဟိုတယ်ကို ကောင်းကောင်းအုပ်ချုပ်နိုင်ခဲ့တာကို ဘဏ်တိုက်က လူတွေ သိသင့်ပါတယ်၊ မစ္စတာ လီရွိုင်းအတွက် ခင်ဗျား ဘယ်လောက် လုပ်ပေးခဲ့တယ်ဆိုတာကိုလည်း ရှီကာဂိုတစ်မြို့လုံး သိပါ တယ်၊ ဘဏ်တိုက်တွေ စီးပွားရေးအကျပ်ရိုက်နေတယ်ဆိုတာ ကျုပ်နားလည်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စမှာ သူတို့ အကျိုးအတွက် ခြွင်းချက်နဲ့ ခွင့်ပြုသင့်တယ်ဆိုတာကိုလည်း သူတို့ သိဖို့ကောင်းပါတယ် '
' ဒါပေမယ့် ဒီဘဏ်ကတော့ လုံးဝမသိပါဘူး '
' ကွန်တီနင်တယ်ဘဏ် မဟုတ်လား၊ ကာတစ်ဖင်တန်ဆိုတဲ့ အဘိုးကြီးက အမြဲတမ်း ခေါင်းမာတယ်၊ ဒါပေမယ့် ဆွေးနွေးလို့တော့ရတဲ့လူပါ '
' ကွန်တီနင်တယ်ဘ် မဟုတ်ပါဘူး၊ ဘော့စတွန်က ကိန်းနှင့်ကဘော့ဘဏ်ပါ၊ အခုဆိုရင် ဟိုတယ်တွေကို အဲဒီ ဘဏ်က ပိုင်သွားပါပြီ '
ဟင်နရီအော့စဘွန်း၏ မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။
' မစ္စတာအော့စဘွန်းက အဲဒီဘဏ်နဲ့ ဆက်ဆံဖူးပါသလား '
' ဟုတ်တယ်၊ ဟိုတုန်းက တစ်ကြိမ်ဆက်ဆံဖူးခဲ့ပါတယ်၊ ဒါပေမဲ့တစ်ကြိမ်တည်းနဲ့ တစ်ခါတည်း အော့ကြော လန် သွားတာပဲ၊ တရားရုံးရောက်ရတဲ့အထိ ဆိုပါတော့ '
' ဘာကြောင့်ပါလဲ '
' အသေးစိတ်တော့ ပြောလို့မဖြစ်ဘူး၊ ညစ်ပတ်တဲ့ စီးပွားရေးကိစ္စတစ်ခုနဲ့ ပတ်သက်လို့ပါ၊ အဲဒီက ဒါရိုက်တာ တစ်ယောက် ကျုပ်တို့အပေါ် မရိုးသားဘူး'
' ဘယ်သူပါလိမ့် '
' ခင်ဗျားနဲ့ ဆက်ဆံတဲ့လူက ဘယ်သူလဲ ' အော့်စဘွန်းက ပြန်မေးလိုက်သည်။
' ၀ီလျံကိန်းတဲ့၊ လူငယ်တစ်ယောက်ပါ၊ ကျွန်တော့်အရွယ်လောက်ပဲရှိပါသေးတယ်'
' အဲဒီအကောင်ကို ကြပ်ကြပ်သတိထားပါ၊ ဒီကောင်က လောကမှာ အကောက်ကျစ်ဆုံး လူတစ်ယောက်ပဲ၊ ခင်ဗျား သိချင်ရင် ဒီကောင့်အကြောင်း မကောင်းသတင်းတွေ ကျုပ်အများကြီး ပြောပြနိုင်တယ်၊ ဒါပေမဲ့ တခြားလူ တွေ မသိအောင်တော့ သတိပြုရလိမ့်မယ်'
' ဖြစ်ပါတယ်၊ မစ္စတာအော့စဘွန်း၊ စိတ်ချပါ၊ ဒီကောင်ကို ကျွန်တော်က ဘာမှ ငဲ့စရာမရှိပါဘူး၊ သူက မစ္စတာလီရွိုင်းအပေါ်မှာ ရက်စက်ထားတာတွေကို ကျွန်တော်က ပြန်ပြီး ကလ့စားချေရမှာပါ'
' ဒါဆို ဟုတ်ပြီ၊ ဒီကောင်နဲ့ပတ်သက်လာရင် ခင်ဗျားအနေနဲ့ ကျုပ်ကို အားကိုးပါ' အော့စဘွန်းက ထိုင်ရာမှ ထရပ် လိုက်သည်။ ' ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်ပဲ သိပါစေ၊ ဒီအချက်ကိုတော့ အထူးဂရုစိုက်ပြီး လိုက်နာ ရလိမ့်မယ်၊ တကယ်လို့ ဒက်စမွန်ပါစီက ဟိုတယ်ကို မီးတင်ရှို့တာအမှန်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် အဲဒီနေ့ မှာပဲ ကျုပ်တို့က အာမခံငွေ ထုတ်ပေးမယ်၊ အဲဒီတော့ အဲဒီနေ့အထိ စောင့်ကြည့်တာပေါ့ ဟုတ်လား'
' ကောင်းပါပြီ ခင်ဗျား၊ ကျေးဇူးတင်ပါတယ်'
*
စတီဖင်ဟိုတယ်သို့ ပြန်ရောက်တော့ သူ့အခန်းထဲမှ စားပွဲပေါ်တွင် ဖိတ်စာတစ်စောင် တွေ့ရသည်။ မစ္စတာ ဒေးဗစ်မက်တွန်ဆိုသူတစ်ယောက်က သူ့အား တစ်နာရီတွင် နေ့လယ်စာ အတူစားကြရန် ဖိတ်ထား သည်။
' ဒေးဗစ်မက်တွန်ဆိုတာ ဘယ်သူလဲဗျ '
အေဘယ်က ဧည့်ကြိုစာရေးမကို သွားမေးသည်။
' ဒီဟိုတယ်ပိုင်ရှင်ပါ မစ္စတာ ရို့စနော့စကီး '
' အား... ဟုတ်လား၊ ကျေးဇူးပြုပြီး သူ့ဆီအကြောင်းကြားပေးပါဗျာ၊ ကျွန်တော် ၀မ်းသာစွာ လက်ခံ ပါတယ်လို့' သူက လက်ပတ်နာရီကို စောင်းကြည့်လိုက်ပြီး ' တစ်နာရီတောင် ထိုးခါနီးနေပြီပဲ၊ မကြာခင် ကျွန်တော် လာခဲ့မယ်လို့ ပြောလိုက်ပါဗျာ'
' ဟုတ်ကဲ့ စိတ်ချပါရှင် '
အေဘယ် ရောက်သွားသောအချိန်တွင် စားသောက်ခန်းကြီးထဲ၌ လူတွေပြည့်နေပြီ။ စားပွဲထိုးမှူးက အေဘယ် အား သီးခြားအဆောင်ထဲမှ စားပွဲတစ်ခုသို့ ခေါ်လာခဲ့သည်။ ထိုစားပွဲတွင် စတီဖင်ဟိုတယ် ပိုင်ရှင် တစ်ယောက်တည်း ထိုင်နေသည်။ အေဘယ်ကို မြင်တော့ သူက ထိုင်ရာမှထ၍ ကြိုဆိုသည်။
' ကျွန်တော် အေဘယ်ရို့စနော့စကီးပါခင်ဗျာ' အေဘယ်ကပင် စတင်မိတ်ဆက်လိုက်သည်။
' ဟုတ်ပါပြီ၊ မောင်ရင့်ကို ကျုပ်သိပါတယ်၊ အတိအကျပြောရရင် မောင်ရင့်အကြောင်း ကျုပ် အသေးစိတ် နီးပါး သိထားပြီးပြီ၊ ထိုင်ပါ၊ ကြိုက်တာမှာပါ'
အေဘယ်က စတီဖင်ဟိုတယ်ကို အလွန်သဘောကျသည်။ အစားအသောက်နှင့် အပြုအစုအားလုံးပင် ပလာဇာဟိုတယ်လို ကောင်းသည်။ သူသာ ရှီကာဂိုမှာ ကိုယ်ပိုင်ဟိုတယ် ဆောက်ရလျှင် သည်ထက် ကောင်းအောင် ကြိုးစားနိုင်ဦးမည်ဟု သူ့ကိုယ်သူ ယုံကြည်မိသည်။
စားပွဲထိုးမှူးက အစားအသောက်စာရင်းကို ယူလာသည်။ အေဘယ်က စာရင်းကို ဖတ်ကြည့်ပြီး အမဲသား ကြော်တစ်ပွဲမှာလိုက်သည်။ မစ္စတာမက်တွန်က စာရင်းကို မကြည့်တော့ဘဲ ငါးသလောက်တစ်ပွဲ မှာသည်။ စားပွဲထိုးပြန်ထွက်သွားသည်။
' အခုလို ကျုပ်က နေ့လယ်စာစား ဖိတ်တာ အံ့သြနေသလား မစ္စတာရို့စနော့စကီး'
' အဲဒါ အမှန်ပါပဲ'
စားပွဲထိုးက အစားအသောက်များကို လက်တွန်းလှည်းဖြင့် သယ်ယူလာသည်။ မစ္စတာ မက်တွန်က ငါးသလောက်ကြော်ကို သံပရာရည်ဆမ်းပြီး ဆက်ပြောသည်။
' ကျုပ်ရဲ့ လက်ရှိမန်နေဂျာက လုပ်သက် ၂၂ နှစ် လုပ်ခဲ့ပြီးပြီ။ နောက် ငါးလ ဆိုရင် အငြိမ်းစားယူတော့မယ်၊ လက်ထောက်မန်နေဂျာကလည်း မကြာခင် ဆက်ယူတော့မှာပဲ၊ ဒါကြောင့် ကျုပ်က လူတော်လူကောင်း လိုက်ရှာနေတာ'
' ဒီ ဟိုတယ်က အလွန်သန့်ရှင်းတာပဲ '
' ကျုပ်က ပိုကောင်းအောင် အမြဲတမ်း ကြိုးစားနေတာ၊ ဘယ်တော့မှ ကျေနပ်မနေဘူး၊ မောင်ရင့်ကို ကျုပ် စောင့်ကြည့်နေတာ ကြာပြီ၊ ဒါပေမဲ့ မောင်ရင်က ရစ်ခ်ျမွန့်မှာ ကိုယ်ဖိရင်ဖိ လုပ်နေတော့ ကျုပ်အနေနဲ့ အတင်းဆွဲခေါ်လို့ ဘယ်ကောင်းပါ့မလဲ၊ မင်းဟိုတယ်ဟာ နောက်နှစ်နှစ် သုံးနှစ်ဆိုရင် စတီဖင်ဟိုတယ်ကို ကျော်တက် သွားနိုင်တယ်၊ ဒါပေမဲ့ ဘယ်အရူးကလည်းမသိ၊ ဟိုတယ်ကို မီးတင်ရှို့လိုက်တော့ မင်းအနေနဲ့ လမ်းခုလပ် မှာ ခါးကျိုးသွားတော့တာပေါ့ '
' အားလူးကြော်ပါရှင် '
ကြော့ရှင်းလှပသော ဟိုတယ်မယ်ကလေးကို အေဘယ်က မော့်ကြည့်လိုက်သည်။ သူကလေးက အေဘယ် အားပြုံးပြသည်။
'ကျေးဇူးတင်ပါတယ် ' အေဘယ်က သူမအား ပြန်ပြောလိုက်သည်။ ပြီးတော့ မစ္စတာမက်တွန်ဘက်သို့ လှည့်ပြီး အခုလို ကြားရတာ အများကြီး ၀မ်းသာပါတယ်ခင်ဗျာ၊ ကျွန်တော့်ကို ချီးကျူးစကားပြောပြီး အလုပ် ပေးတာ ကိုလည်း အများကြီး ကျေးဇူးတင်ပါတယ် '
' မောင်ရင် ဒီမှာလုပ်ရင် ပျော်မှာပါ၊ စတီဖင်ဟိုတယ်က အားလုံးအဆင်ပြေနေတဲ့ ဟိုတယ်ပါ၊ မောင်ရင် လုပ်မယ်ဆိုရင် တစ်ပတ်ကို ဒေါ်လာ ၅၀ ပေးမယ်၊ ပြီးတော့ အမြတ်ငွေရဲ့ နှစ်ရာခိုင်နှုန်းကိုလည်း ပေးဦးမယ်၊ မောင်ရင် အဆင်ပြေတဲ့နေ့မှာ အလုပ် စ ၀င်နိုင်တယ်'
' ကျွန်တော့်ကို အချိန်နည်းနည်းပေးပါဦးခင်ဗျာ၊ ကျွန်တော် နည်းနည်းစဉ်းစားကြည့်ပါရစေဦး၊ မစ္စတာမက်တွန်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် အများကြီး အားတက်မိပါတယ်ခင်ဗျာ၊ ဒါပေမဲ့ လောလောဆယ်မှာ ရစ်ခ်ျမွန့်ဟိုတယ်နဲ့ ပတ်သက်ပြီး ပြဿနာကလေးတွေ နည်းနည်းရှိနေသေးလို့ပါ'
' ပဲကြော်ပါရှင်'
စောစောက ဟိုတယ်မယ်ကလေး ရောက်လာပြန်သည်။ သူမက ယခင်အတိုင်းပင် ပြုံးပြသည်။ သည် မျက်နှာ ကို အေဘယ် မြင်ဖူးသလိုရှိသည်။ သို့သော် ဘယ်နေရာတွင် မြင်ဖူးခဲ့မှန်း လုံးဝမမှတ်မိ။ ရစ်ခ်ျမွန့်ဟိုတယ်မှာ အလုပ်လုပ်ဖူးတာလည်း ဖြစ်နိုင်သည်။
' ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် '
ဟိုတယ် မယ်ကလေး ပြန်ထွက်သွားတာကို အေဘယ်က လိုက်ကြည့်နေလိုက်သည်။ ငါ သူ့ကို သိပါတယ်၊ ဘယ်မှာလဲ၊ ဘယ်တုန်းကလဲ။
' အဲဒီတော့ မောင်ရင်က ကျုပ်ဟိုတယ်မှာ လေးငါးရက်လောက် တည်းခိုနေပြီးတော့ အခြေအနေကို လေ့လာ ကြည့်စေချင်တယ်၊ ကျုပ်ရဲ့ အထူးဧည့်သည်အဖြစ်နဲ့ပေါ့၊ အဲဒီလိုဆိုရင် မောင်ရင့်အနေနဲ့ ဆုံးဖြတ်ချက် ချဖို့ ပိုလွယ်မှာပေါ့'
' ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ဒါပေမ့ နေပါစေ ခင်ဗျာ၊ ဒီဟိုတယ်အကြောင်း ကျွန်တော် အများကြီး သိရပါပြီ၊ သိရသလောက်လည်း အများကြီး ကျေနပ်ပါတယ်ခင်ဗျာ၊ ဒါပေမဲ့ ရစ်ခ်ျမွန့်ဟိုတယ် လုပ်ငန်း အတွက် နည်းနည်း အချိန်ပေးစရာရှိသေးလို့ပါ'
မစ္စတာ မက်တွန်က အံ့အားသင့်သွားမိသည်။
' ကျုပ်တော့ မောင်ရင်ပြောမှပဲ သိရတော့တယ်၊ မောင်ရင်က ရိုးရိုးမန်နေဂျာပဲလို့ သိနေတာ၊ တကယ့်ပိုင်ရှင်က မစ္စတာလီရွိုင်းရဲ့သမီးလို့ပဲ မှတ်နေတာ '
' ဒီအကြောင်းကတော့ ပြောရမယ်ဆိုရင် အရှည်ကြီးပဲ ခင်ဗျာ' အေဘယ်က ရစ်ခ်ျမွန့်ဟိုတယ် လုပ်ငန်း၏ ရှယ်ယာများ သူ့လက်ထဲ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို အသေးစိတ် ပြောပြသည်။
' ပြဿနာ ကတော့ လွယ်လွယ်ကလေးပါ မစ္စတာမက်တွန် ' ကျွန်တော့်အနေနဲ့ ဒေါ်လာနှစ်သန်းရရင် ဖြေရှင်း လို့ ရပါတယ်၊ အဲဒီလိုဆိုရင် ဒီလုပ်ငန်းတစ်ခုလုံး ပြန်ပြီး တိုးတက်လာအောင် လုပ်လို့ ဖြစ်ပါတယ်'
' ဟုတ်ပါတယ်၊ ကျုပ်သဘောပေါက်ပါတယ် '
မစ္စတာ မက်တွန်က သူ့ရှေ့မှ ဟင်းကုန်သွားသော ပန်းကန်ကို ကြည့်လိုက်သည်။ စားပွဲထိုးက အလိုက် သိစွာ ပြန်သိမ်းသွားသည်။
' ကျုပ်တို့ ကော်ဖီသောက်ကြရအောင် '
စောစောက ဟိုတယ်မယ်လေးအနီးသို့ ရောက်လာသည်။ ထုံးစံအတိုင်း အေဘယ်အား ပြုံးပြသည်။ အေဘယ်၏ စိတ်ထဲတွင် မရိုးမရွဖြစ်နေပြီ။
' ဒါနဲ့ ကွန်တီနင်တယ်ဘဏ်က မစ္စတာဖင်တန်က မောင်ရင့်ကိုယ်စား ၀ယ်သူရှာနေတယ်လို့ မောင်ရင်ပြောခ့တယ်နော်'
' ဟုတ်ပါတယ် ခင်ဗျာ၊ သူရှာနေတာ တစ်လနီးပါးရှိသွားပါပြီ၊ တကယ်တော့ ဒီညနေမှာ ၀ယ်ယူတစ်ယောက် ယောက်တော့ တွေ့လိမ့်မယ် ထင်ပါတယ် '
' အင်း ... ဒီကိစ္စက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ရစ်ခ်ျမွန့်အုပ်စုက ဒီလို ပြန်ရောင်းဖို့ စဉ်းစားလိမ့်မယ်လို့ ကျုပ် လုံးဝမစဉ်းစားမိခဲ့ဘူး၊ ဘာပဲဖြစ်ဖြစ် အခြေအနေကိုတော့ ကျုပ်ကို မပြတ်အသိပေး စေချင်တယ် '
' ဟုတ်ကဲ့၊ ပေးပါ့မယ်ခင်ဗျာ၊ စိတ်ချပါ'
' ဘော့စတွန်ဘဏ်က မောင်ရင့်ကို ငွေနှစ်သန်းရှာဖို့ အချိန်ဘယ်လောက် ပိုပေးထားသလဲ '
' လေးငါးရက်လောက်ပဲ ပိုပေးပါတယ်၊ အဲဒီတော့ အချိန်သိပ်မရှိတော့ပါဘူး '
' အခုလိုသိရတာ ကျေးဇူးတင်ပါတယ်၊ မောင်ရင်နဲ့ တွေ့ရတာကိုလည်း ၀မ်းသာပါတယ်၊ မောင်ရင်နဲ့အတူ အလုပ်လုပ်ရရင် ကျုပ်အနေနဲ့ အများကြီး စိတ်ချမ်းသာမှာ သေချာတယ်'
သူက အေဘယ်၏ လက်ကို လှိုက်လှဲစွာ ဆွဲကိုင်နှုတ်ဆက်သည်။
' ကျေးဇူးတင်ပါတယ် ခင်ဗျာ '
အေဘယ်က စားသောက်ခန်းရှေ့မှ ဖြတ်လျှောက်လာစဉ် စောစောက ဟိုတယ်မယ်ကလေးက အေဘယ် အား ပြုံး၍ ပြပြန်သည်။
အေဘယ် က စားပွဲထိုးမှူးအနားသို့ လျှောက်သွားပြီး မေးကြည့်သည်။
' ဟိုတယ်မယ် နာမည်က ဘယ်သူတုန်းဗျ '
' ၀မ်းနည်းပါတယ်ခင်ဗျာ၊ ဒီဟိုတယ်အမှုထမ်းတွေ နာမည်ကို ဧည့်သည်တွေကို ပြောခွင့်မရှိပါဘူး၊ ဒါဟာ ဒီဟိုတယ်ရဲ့ သံမဏိစည်းကမ်းတစ်ရပ်ပါပဲ၊ ဒါပေမ့ မကျေနပ်စရာ တစ်စုံတစ်ရာတွေ့ရင် ကျွန်တော့်ကို ပြော နိုင်ပါတယ်'
' မကျေနပ်တာ ဘာမှမရှိပါဘူး၊ နေ့လယ်စာလည်း အလွန်ကောင်းပါဗျာ '
*
စတီဖင်ဟိုတယ်တွင် မန်နေဂျာလုပ်ရန် ကမ်းလှမ်းချက်ရလာခဲ့ပြီးနောက် အေဘယ်သည် ကွန်တီနင်တယ် ဘဏ်မှ မစ္စတာဖင်တန်နှင့် တွေ့ဆုံရမည်ကို အလွန်အားတက်မိသည်။ သူ့ကိုယ်သူလည်း ယုံကြည်ချက်ပို၍ ရှိလာခဲ့သည်။ မစ္စတာဖင်တန်အနေဖြင့် ၀ယ်သူမရရှိသေးကြောင်း သူ သေချာပေါက်သိ သည်။ သို့သော် သူက ဘာမှမစိုးရိမ်၊ သူ့အနေဖြင့် အနာဂတ်အတွက် ပူစရာမရှိတော့ပြီ မဟုတ်လား။ သူက ရှီကာဂိုမြိ့တွင် အကောင်းဆုံး ဟိုတယ်တစ်ခု၏ မန်နေဂျာ ဖြစ်ရမည်ကို သဘောကျနေသည်။ ယင်းဟိုတယ်ကို အမေရိကန်တစ်ပြည်လုံးတွင် အကောင်းဆုံးဟိုတယ်ဖြစ်အောင် သူ လုပ်နိုင်သည်ဟု ယုံကြည်ထားသည်။
ဘဏ်တိုက်ရောက်တော့ ဘဏ်စာရေးက သူ့အား မစ္စတာဖင်တန်၏ အပြုံးပန်းပွင့်သွားသည်။
' အတော်ပဲ မစ္စတာရို့စနော့စကီး၊ ဒီအချိန် ခင်ဗျားရောက်လာတာ အလွန်ကောင်းတယ်၊ နံနက်အစောကြီး ကသာ ခင်ဗျားလာရင် ဘာမှအကြောင်းထူးမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခုတင်ကလေးပဲ စိတ်ဝင်စားတဲ့ ပုဂ္ဂိလ် တစ်ယောက်က ကျုပ်ဆီ ဖုန်းလှမ်းဆက်တယ်'
အေဘယ်က အံ့အားလည်း သင့်မိသည်။ ၀မ်းလည်းသာမိသည်။ သူက ခေတ္တငြိမ်နေပြီးတော့မှ ...
' အဲဒီပုဂ္ဂိုလ်က ဘယ်သူပါလဲခင်ဗျာ '
' အဲဒါတော့ ပြောလို့မဖြစ်ဘူး၊ သူ့အကြောင်း ဘယ်သူမှ မသိပါစေနဲ့လို့ ကျုပ်ကို လေးလေးနက်နက် တောင်းပန် ထားတယ်၊ ဒီလိုလုပ်ရတာကလည်း သူ့စီးပွားရေးလုပ်ငန်းမှာ အနှောင့်အယှက်မရှိစေဖို့အတွက် လုပ်ရတာပါပဲလို့ ပြောတယ်'
' ဒေးဗစ်မက်တွန်ဆိုတာ ဟုတ်ပါသလား၊ သူဆိုရင် မဆိုးပါဘူး '
မစ္စတာဖင်တန်က ဘာမှမပြော၊ အတန်ကြာတော့မှ ...
' ကျုပ် စောစောက ပြောခဲ့တဲ့အတိုင်းပါပဲ၊ ကျုပ်အနေနဲ့ ထုတ်ဖော်ပြောပိုင်ခွင့်မရှိလို့ပါ '
' ဟုတ်ကဲ့၊ ကျွန်တော် သဘောပေါက်ပါပြီ ခင်ဗျာ၊ ဒီတော့ သူ့ဆုံးဖြတ်ချက်ကို ဘယ်တော့ သိရမှာပါလဲ'
' အဲဒါလည်း အတိအကျပြောလိ့ မရသေးဘူး၊ ဒါပေမဲ့ တနင်္လာနေ့ကျတော့ တစ်ခုခုတော့ သိရပါလိမ့်မယ်၊ အဲဒီနေ့ကျတော့ ခင်ဗျားအချိန်ရင် ၀င်လာခဲ့ပါဦး '
' အချိန်ရမှ ၀င်လာခဲ့ရမှာလားခင်ဗျား၊ ကျွန်တော်ကတော့ လူကြီးမင်းဟာ ကျွန်တော့်ဘ၀ ပြဿနာတစ်ခုလုံးအတွက် ဆွေးနွေးနေတယ်လို့ ယုံကြည်ပါတယ်၊ အဲဒါကြောင့် အချိန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော့်အနေနဲ့ လာကို လာရမယ်လို့ ယူဆပါတယ်'
' ဟုတ်ပါပြီလေ၊ အဲဒီတော့ တနင်္လာနေ့ကို လာဖြစ်အောင်သာလာခဲ့ပါလို့ ကျုပ် ဖိတ်ခေါ်ပါတယ် '
*
အေဘယ်သည် မစ်ရှီဂန်ရိပ်သာလမ်းအတိုင်း စတီဖင်ဟိုတယ်သို့ ပြန်လျှောက်လာခဲ့သည်။ ထိုအချိန်တွင် မိုးဖွဲဖွဲကျလာသဖြင့် သူက ' မိုး ... မိုး ရွာလိုက်ပါမိုး ' သီချင်းကို ညည်းလာမိသည်။
ဟိုတယ် ရောက်တော့ သူ့အခန်းသို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။ ထို့နောက် ၀ီလျံကိန်းထံသို့ ဖုန်းဆက်ပြီး တနင်္လာနေ့အထိ ရက်တိုးပေးရန် မေတ္တာရပ်ခံသည်။ ထိုနေ့တွင် ၀ယ်သူရနိုင်စရာရှိသည်ဟု ပြောလိုက်သည်။ ၀ီလျံကိန်းက ပထမတွင် ဆုတ်ဆိုင်းဆိုင်းဖြစ်နေပြီးမှ နောက်ဆုံးတော့ သဘောတူလိုက်သည်။
' ခွေးမသား' အေဘယ်က တစ်ဖက်မှ တယ်လီဖုန်း ပြန်ချသွားပြီးတော့မှ ကျိန်ဆဲလိုက်သည်။ နေနှင့်ဦး ပေါ့ကွာ၊ မစ္စတာလီရွိုင်းကို မင်း သတ်ခဲ့တဲ့အတွက် တစ်နေ့တော့ ကောင်းကောင်းကြီး နောင်တရ စေရ မှာပေါ့'
ထို့နောက် ခုတင်စွန်းတွင်ထိုင်ပြီး ခုတင်ဘောင်ကို လက်နှင့် ပုတ်ကာ ပုတ်ကာ စဉ်းစားခန်းထုတ်သည်။ တနင်္လာနေ့ရောက်အောင် ဘယ်လိုအချိန်ဖြုန်းရပါ့မလဲဟု အကြံထုတ်သည်။
သူသည် ရည်မှန်းချက် ထွေထွေထူးထူးမရှိဘဲ ဟိုတယ်ဧည့်ခန်းသို့ ပြန်လာခဲ့သည်။
သူမကို တွေ့ပြန်ပြီ။ မစ္စတာမက်တွန်နှင့် နေ့လယ်စာ စားသည့်နေ့က သူတို့အားပြုစုခဲ့သော ဟိုတယ်မယ်ကလေး။ သူမသည် လက်ဖက်ရည်ခန်းတွင် ဧည့်ခံနေသည်။ အေဘယ်က အခန်းအစွန်ရှိ စားပွဲ လွတ် တစ်လုံးတွင် ၀င်ထိုင်လိုက်သည်။ သူ့ကိုမြင်တော့ သူမ လျှောက်လာသည်။
' မင်္ဂလာ နေ့လယ်ခင်းပါရှင်၊ လက်ဖက်ရည်သုံးဆောင်မှာပါလားရှင်'
ဟိုတယ်မယ်ကလေးက ထုံးစံအတိုင်း ပြုံးပြီးမေးသည်။
' ခင်ဗျားနဲ့ ကျွန်တော် သိကြတယ်ထင်တယ် '
' ဟုတ်ကဲ့၊ သိကြတာပေါ့ ၀လာဒက် '
အေဘယ်က မသိမသာ မျက်နှာနီသွားပြီး ကမန်းကတန်း ပြန်စဉ်းစားလိုက်သည်။ ဟုတ်ပြီ သတိရပြီ။
' ဟင် ... နင် ဇာဖီယာ မဟုတ်လား၊ အခု နင် ဒီမှာ ဘာလာလုပ်နေတာလဲဟင် '
' ရှင်မြင်တဲ့ အတိုင်းပေါ့၊ ဟိုတယ်မယ် လာလုပ်နေတာလေ၊ ကျွန်မ လက်ဖက်ရည်ပွဲ သွားယူလိုက်မယ် '
' နေပါဦး ဇာဖီယာ၊ မင်း ငါနဲ့ ညစာလိုက်စားပါလားဟင် '
' မဖြစ်ဘူး ၀လာဒက်၊ ကျွန်မတို့ကို ဧည့်သည်တွေနဲ့ အပြင်တွဲသွားခွင့်မပြုဘူး၊ တွဲသွားရင် ကျွန်မ အလုပ်ပြုတ်လိမ့်မယ် '
' ငါက ဧည့်သည်မှမဟုတ်တာ၊ မိတ်ဆွေဟောင်းတစ်ယောက်ပဲ '
' ရှင်က ကျွန်မကို မြင်တောင်မှ မှတ်မိတဲ့လူမှ မဟုတ်တာပဲ '
' ငါ တောင်းပန်ပါတယ် ဇာဖီယာ၊ ငါ့ကို ခွင့်လွှတ်ပါ၊ ငါ တကယ်မမှတ်မိတာပါ၊ နင်ကလည်း ရုပ်တွေ ပြောင်းပြီး ပိုလှသွားတာကိုး၊ ဒီည ငါနဲ့ ညစာ လိုက်စားပါနော်၊ ဒီတစ်ခါတည်းပါ '
' ကောင်းပြီလေ၊ ဒီတစ်ခါတည်းဆိုရင်တော့ '
' ဒီည ခုနစ်နာရီတိတိမှာ ' ဘရန့်ဒေ့ဂ်ျ ' စားသော်ဆက်က စောင့်ပါ၊ ဘယ့်နှယ်လဲ၊ ဖြစ်ပါ့မလား '
ဇာဖီယာက နာမည်ကြားရရုံနှင့် လန့်သွားသည်။ ဘရန့်ဒေ့ဂ်ျ စားတော်ဆက်က ရှီကာဂိုတွင် ဈေးအကြီးဆုံး စားသောက်ဆိုင်ဖြစ်သည်။ ဖြစ်နိုင်လျှင် သူမသည် ယင်းစားတော်ဆက်တွင် စားပွဲထိုးလုပ်ချင်စိတ်ပင် ဖြစ်ပေါ်ခဲ့မိသည်။
' အဲဒီ မသွားပါနဲ့၊ ခမ်းနားလွန်းပါတယ် '
' အဲဒီတော့ ဘယ်သွားမလဲ '
' ရှင် ၄၃ လမ်းထောင့်က ' ဆော့ဆေ့ဂ်ျ' စားသောက်ဆိုင်သိသလား '
' ဟင်အင်း ... မသိဘူး၊ ဒါပေမယ့် ဖြစ်ပါတယ်၊ ငါ ရှာပြီး လာခဲ့မယ်၊ ခုနစ်နာရီ တိတိနော် '
' ခုနှစ်နာရီတိတိ၊ အဲဒါ ကောင်းပါတယ်၊ ဒါနဲ့ အခု ရှင် လက်ဖက်ရည်သောက်မှာလား '
' ဟင့်အင်း၊ ငါ မသောက်ချင်တော့ဘူး၊ မင်းနဲ့အတူ တွေ့ရတော့မှ အတိုးချပြီး တ၀ကြီး စားလိုက်တော့မယ် '
ဇာဖီယာက ပြုံးပြီး ပြန်ထွက်သွားသည်။ တခြားဧည့်သည်များအား ဇာဖီယာက လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံနေသည်ကို အေဘယ်က စိမ်ပြေနပြေ ထိုင်ကြည့်နေမိသည်။
သူကလေးသည် ' မြားနက်' သင်္ဘောပေါ်တွင် တွေ့ခဲစဉ်ကထက် အများကြီး ချောလာသည်။ ယခင်က ဆံပင်တိုတို၊ ယခုတော့ ရှည်လာသည်။ ၀ိုင်းစက်သော မျက်လုံးများကလည်း တစ်လက်လက်နှင့် ညှို့အား ကောင်းလာသလို ထင်ရသည်။
ဟုတ်ပြီ၊ တနင်္လာနေ့ရောက်တဲ့အထိ သူကလေးနဲ့ အချိန်ဖြုန်းရတာ သိပ်ပျော်စရာ ကောင်းမှာပဲ။
*
အေဘယ်သည် ဂျင်ဂျာဘီ ယာဖန်ခွက်ကို တစိမ့်စိမ့် စုပ်သောက်ရင်း ဇာဖီယာကို ထိုင်စောင့်နေသည်။
သူသည် စပ်စုတတ်သူပီပီ စားပွဲထိုးများ လုပ်ပုံကိုင်ပုံနှင့် အစားအသောက်များကို အကဲခတ်လေ့လာနေမိသည်။ သူက အစားအသောက်ကိုလည်း မကြိုက်။ စားပွဲထိုးများ ပြုစုပုံကိုလည်း အားမရ။
မိနစ်နှစ်ဆယ်လောက် လွန်သွားပြီးတော့မှ ဇာဖီယာ ပေါက်ချလာသည်။ သူမသည် နောက်ဆုံးပေါ်ပုံစံ အ၀ါ ရောင်ဝတ်စုံကို အချိုးကျကျ ၀တ်လာသည်။ စားသောက်ခန်းထဲရှိ မျက်လုံးတိုင်းက သူမဆီ စုပြုံရောက်နေ သဖြင့် သူမ၏ ပန်းရောင်ပါးနှစ်ဖက်တွင် နှင်းဆီသွေးရောင်များပင် ပေါ်သွားသည်။
' မင်္ဂလာညပါ ၀လာဒက်' သူမက ပိုလန်စကားနှင့် နှုတ်ဆက်သည်။
အေဘယ်က ထိုင်ရာမှထ၍ သူ့ဘေးမှ ကုလားထိုင်ကို ထိုးပေးသည်။
' မင်းရောက်လာတာ ငါ သိပ်ပြီး ၀မ်းသာသွားတာပဲ ' အေဘယ်က အင်္ဂလိပ်လို ပြန်ပြောလိုက်သည်။
' ကျွန်မ နည်းနည်းနောက်ကျသွားတာခွင့်လွှတ်ပါ '
သူမကလည်း အင်္ဂလိပ်လိုပင် ပြန်၍ တောင်းပန်သည်။
' ရပါတယ်၊ ငါက သတိတောင် မရပါဘူး၊ ဒါနဲ့ မင်း ဘာသောက်မလဲ '
' နေပါစေ၊ ကျေးဇူးတင်ပါတယ် '
နှစ်ယောက်သား ခေတ္တမျှ စကားမပြောဖြစ်ကြ။ အတန်ကြာတော့မှ အေဘယ်က စပြောသည်။
' မင်း အလျင်ကထက် ပိုလှနေတာ ငါ ခုမှပဲ သတိထားမိတော့တယ် '
' ရှင် မတွေ့ရတာကြာလို့ ဖြစ်ပါလိမ့်မယ် '
မှန်ပါသည်။ သူတို့ချင်းမတွေ့ရတာ ရှစ်နှစ်ပင် ကျော်သွားခဲပြီ။
' ဒါနဲ့ ဂျော့က ဘယ်ရောက်နေသလဲ '
' ငါလည်း သူနဲ့မတွေ့တာ နှစ်နှစ်လောက်ရှိပြီ။ ငါက ဒီမြို့မှာ ဟိုတယ် အလုပ်နဲ့ မအားသလောက်ပဲ '
' ဟုတ်ပါတယ်၊ ကျွန်မ သိပါတယ်၊ ရှင်တို့ ဟိုတယ်ကို မီးရှို့ခံရတယ် မဟုတ်လား '
' ဒါနဲ့ ငါတို့တွေ့တော့ မင်းက ဘာဖြစ်လို့ ရင်းရင်းနှီးနှီး လာပြီး မနှုတ်ဆက်ရတာလဲ '
' ရှင်က မမှတ်မိရင်၊ ရှက်စရာကြီး ဖြစ်နေမှာစိုးလို့ပါ၊ ကျွန်မ ထင်တဲ့အတိုင်းပဲ ဟုတ်နေတာပါပဲ '
' မင်းက ငါ့ကို ဘယ်လိုလုပ်မှတ်မိတာလဲ၊ ငါက အလျင်ကထက် အများကြီး ၀သွားတာ '
' ကျွန်မက ငွေလက်ကောက်ကို အမြဲတမ်း မှတ်ထားတယ်လေ '
အေဘယ်က သူ့လက်ကို ငုံ့ကြည့်မိသည်။ ပြီးတော့ ရယ်လိုက်သည်။
' ဒီလိုဆို ငါ ဒီလက်ကောက်ကိုပဲ ကျေးဇူးတင်ရဦးမှာပေါ့၊ သူ့ကြောင့် အခုလို ငါတို့ ပြန်တွေ့ကြရတာ မဟုတ်လား '
သူမက အေဘယ်၏ မျက်လုံးကို ရှောင်လိုက်ပြီး ..
' အဲဒီတော့ လောလောဆယ် ရှင် ဘာလုပ်နေသလဲ၊ ရှင့်ဟိုတယ်က ပျက်စီးသွားပြီ မဟုတ်လား '
' ငါ အလုပ်ရှာနေတယ် '
' ကျွန်မလုပ်နေတ့ စတီဖင်ဟိုတယ်မှာ အလုပ်တွေ ပေါ်လိမ့်မယ်၊ ကျွန်မ မိတ်ဆွေတစ်ယောက်ပြောလို့ သိရတယ် '
' မင်းမိတ်ဆွေက ဘယ်သူလဲ '
' စားပွဲထိုးလုလင်တစ်ယောက်ပါ ' အေဘယ်၏ ရင်ထဲတွင် မနာလိုစိတ်ပင် ဖြစ်ပေါ်သွားမိသည်။ ' စတီဖင်မှာ လက်ထောက်မန်နေဂျာရာထူး လစ်လပ်မယ်တဲ့၊ သူပြောလို့ သိရတယ်၊ အဲဒီနေရာ ရှင် လျှောက်ပါလား၊ ရှင်ရမှာ သေချာပါတယ်၊ ရှင့်လို လူတစ်ယောက်အနေနဲ့ အမေရိကမှာ အောင်မြင်မှုရမှာပါ ၀လာဒက်၊ ကျွန်မ ရှင့်အရည်အချင်းကို ယုံကြည်ပါတယ် '
' အဲဒီရာထူးကို ငါ လျှောက်သင့်ရင် လျှောက်မှာပါ၊ ငါ့ကို သတိရတာ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ မင်းရဲ့ မိတ်ဆွေက ဘာကြောင့် မလျှောက်တာလဲ '
' သူက လုပ်သက်နုပါသေးတယ်၊ ပြီးတော့ အခုမှ စားသောက်ခန်းမှာ စားပွဲထိုး လုပ်နေတာပါ '
အေဘယ်က ထိုသူငယ်နှင့် နေရာချင်း လဲလိုက်ချင်စိတ်ပင် ပေါ်လာမိသည်။
' တို့ ညစာ စားကြတော့မှာလား '
' ကျွန်မက အခုလို အပြင်ထွက်စားလေ့ မရှိဘူး '
ဇာဖီယာက အစားအသောက်စာရင်းကို ကြောင်ကြည့်နေသည်။ သူမ အင်္ဂလိပ်လို မဖတ်တတ်သေးကြောင်း အေဘယ်က အကဲခတ်လိုက်မိသည်။ ထို့ကြောင့် သူကပင် နှစ်ယောက်တွက် မှာလိုက်သည်။
ဇာဖီယာ ထမင်းစားဍ္ဍင တော်တော်မြိန်သည်။ အထူးအဆန်းမဟုတ်သော ဟင်းလျာများကိုပင် ချီးမွမ်းမဆုံး ဖြစ်နေသည်။ ခေတ်မီပြီး ပညာတတ်သော မယ်လာနီနှင့် တွဲနေခဲ့ရသော အေဘယ်သည် ရိုးသားပြီး ပညာ မတတ်သော ဇာဖီယာကို ပို၍ သဘောကျမိသည်။
နှစ်ယောက်သား အမေရိကန်ပြည်ရောက်ပြီးမှ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို စားမြုံပြန်ကြသည်။ ဇာဖီယာသည် အိမ်ဖော်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးမှ လက်ရှိ စတီဖင်ဟိုတယ်သို့ ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ သည်ဟိုတယ်တွင် လုပ်ကိုင်ခဲ့သည်မှာ ခြောက်နှစ်ပင် ရှိပြီ။ အေဘယ်ကလည်း သူ့အကြောင်း ပြန်လည်ပြောပြသည်။
နောက်ဆုံး ဇာဖီယာက အေဘယ်၏ လက်ပတ်နာရီကို တစ်ချက်စောင်းကြည့်ပြီး ...
' အချိန်လည်း ကြည့်ပါဦး ၀လာဒက်၊ ၁၁ နာရီတောင် ကျော်သွားပြီ၊ မနက်ကျတော့ ကျွန်မက ခြောက်နာရီ မှာ အလုပ်ဝင် ရမယ် '
လေးနာရီတိတိ အချိန်ကုန်လွန်သွားခဲ့သည်ကို အေဘယ်က သတိပင် လုံးဝမပြုမိ။ ဆက်ပြောရဦးမည် ဆိုလျှင် မိုးအလင်း ထိုင်ပြောချင်သေးသည်။ သူက ဇာဖီယာ၏ ပင်ကိုအလှတွင် ယစ်မူးနေမိပြီ မဟုတ်လား။
' တို့နှစ်ယောက် ဒီလိုပဲ ခဏခဏ တွေ့ကြရအောင် ဇာဖီယာ '
' ရှင်ဆန္ဒရှိရင် ရပါတယ် ၀လာဒက် '
စတီဖင်ဟိုတယ် ၀င်ရမယြ်၊ ရှင် လက်ထောက်မန်နေဂျာ ဖြစ်လာရင်တော့ ရှေ့ပေါက်က ၀င်ရမှာပဲ ၀လာဒက် '
' ငါ့ကို ၀လာဒက်လို့ မခေါ်ပါနဲ့တော့၊ အေဘယ်လို့ ခေါ်ပါ '
' ဘယ့်နှယ် ... အေဘယ်ဟုတ်လား၊ ဒါပေမဲ့ ရှင့်နာမည်က ၀လာဒက်ပဲဟာ '
' အလျင်ကတော့ ဟုတ်ပါတယ်၊ အခု အဟုတ်တော့ဘူး၊ ငါ့နာမည်ကို အေဘယ်ရို့ စနော့စကီးလို့ ပြောင်း လိုက်ပြီ '
' အေဘယ်ဆိုတဲ့ နာမည်က တစ်မျိုးကြီးပဲ၊ ဒါပေမဲ့ ရှင်နဲ့တော့ လိုက်ပါတယ်၊ ညစာကျွေးတာ ကျေးဇူးတင် ပါတယ် အေဘယ်၊ နောက်မှ ပြန်တွေ့ကြသေးတာပေါ့၊ ကဲ ... သွားမယ်နော် ဂွတ်နိုက် '
' ဂွတ်နိုက် ... ဇာဖီယာ '
ဇာဖီယာ အမှုထမ်းတန်လျားသို့ ၀င်သွားသည်အထိ အေဘယ်က ရပ်ကြည့်နေသည်။
ထို့နောက် ပြန်လျှောက်လာပြီး ဟိုတယ်ရှေ့ပေါက်မှ ၀င်လာခဲ့သည်။
ထိုအချိန်တွင် သူသည် သူမ၏ အထီးကျန်ဘ၀ကို ပထမဆုံးအကြိမ် သဘောပေါက်လိုက်မိလေသည်။
*
အေဘယ်သည် သီတင်းပတ်ရက်အားများတွင် ဇာဖီယာအကြောင်းကိုသာ တွေးနေမိသည်။ ဇာဖီယာ နှင့်အတူ နေခဲ့ရပုံ၊ သင်္ဘောပေါ်တွင် ခရီးသည်အခန်းများ ပေရေညစ်ပတ်နေပုံ၊ အယ်လစ်အိုင်လင်းတွင် ခရီးသည်များ တန်းစီ၍ ဆေးစစ်ခံကြရပုံ စသည်တို့ကို မြင်ယောင်နေမိသည်။ အထူးသဖြင့် သူတို့ နှစ်ယောက် အသက်ကယ်လှေထဲတွင် တဒင်္ဂတွေ့ဆုံခဲ့ရပုံကို ပို၍ သတိရမိသည်။
သူသည် ထမင်းစားချိန်တွင် ဟိုတယ်စားသောက်ခန်း၍ အမြဲတမ်း သွားစားလေ့ရှိသည်။ ရည်ရွယ်ချက် ကတော့ ဇာဖီယာနှင့် နီးကပ်မှုရှိရန်နှင့် သူမ၏ စားပွဲထိုး မိတ်ဆွေဆိုသူအား အကဲခတ်ရန် ဖြစ်သည်။
တနင်္ဂနွေနေ့ တစ်နေ့တွင် ဇာဖီယာက အေဘယ်အား ဘုရားရှိခိုးကျောင်းသို့ ခေါ်၍ လိုက်သွားရသည်။ ပိုလန် အမျိုးသားဘုန်းကြီး၏ တရားဟောသံကို ကြားရသောအခါ အေဘယ်မှာ ဇာတိရပ်ရွာကို လွမ်းချင် သလိုလို ခံစားရသည်။
ဘုရားရှိခိုးပွဲ ပြီးသောအခါ တစ်ယောက်လက် တစ်ယောက်ဆွဲကာ ဟိုတယ်သို့ ပြန်လျှောက်လာခဲ့ကြသည်။
' ဒါနဲ့ စတီဖင်ဟိုတယ်က အလုပ်ကိစ္စက ဘယ်လိုလဲ အေဘယ် '
' မနက်ဖြန် မနက်မှာ သူတို့ ဆုံးဖြတ်ချက်ထုတ်ပြန်မယ်လို့ ပြောတာပဲ '
' ရှင်သာရရင်တော့ ကျွန်မ သိပ်ဝမ်းသာမှာပဲ၊ ရှင့်အနေနဲ့ လက်ထောက်မန်နေဂျာ ကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျွန်မ သံသယမရှိ ယုံကြည်တယ် '
' ကျေးဇူးတင်ပါတယ် ဇာဖီယာ '
' ဒါနဲ့ ဒီညမှာ ကျွန်မ အစ်မ၀မ်းကွဲတွေနဲ့အတူ ညစာလိုက်စားပါလား၊ တနင်္ဂနွေနေ့ ညနေတိုင်း ကျွန်မက သူတို့ဆီကို အမြဲတမ်းသွားတယ် '
' ကောင်းပါတယ်၊ ငါ ၀မ်းသာပါတယ် '
ဇာဖီယာ၏ အစ်မ၀မ်းကွဲများမှာ မြို့လယ် ' ဆော့ဆေ့ဂ်ျ ' စားသောက်ဆိုင်အနီးတွင် နေထိုင်ကြသည်။ ' အစ်ခ် ' ကားသစ်ကလေး မောင်းလာသော ပိုလန်မိတ်ဆွေ တစ်ယောက်နှင့် ဇာဖီယာ ရောက်လာသော အခါ သူတို့က တော်တော်ကလေး အထင်ကြီးသွားကြသည်။
သူတို့မိသားစုသည် ' ကတ်ယာ ' နှင့် ' ဂျာနီနာ ' ဆိုသော ညီအစ်မနှစ်ယောက်နှင့် ကတ်ယာ၏ ခင်ပွန်း ဂျနက် တို့ ဖြစ်ကြသည်။
အေဘယ်က ကတ်ယာတို့ ညီအစ်မအား နှင်းဆီတစ်စည်း လက်ဆောင်ပေးသည်။ ကတ်ယာတို့ ညီအစ်မက သူ၏ အနာဂတ် တိုးတက်ရေးရည်မှန်းချက်ကို မေးသောအခါ အေဘယ်က ပိုလန်သံပီပီသသဖြင့် မေးခွန်း တိုင်းကိုဖြေသည်။
ညစာစားပွဲတွင် ပိုလန်အစားအစာများ စုံနေသဖြင့် အေဘယ်အဖို့ ၁၅ နှစ်ကာအတွင်း အမြိန် ရှက်ဆုံး ထမင်း တစ်နပ်ပင် ဖြစ်သည်။
စတီဖင်ဟိုတယ်သို့ ကားမောင်းပြီး ပြန်လာကြစဉ် အေဘယ်က မေးသည်။
' မနက်ဖြန် ငါနဲ့တွေ့ဖို့ အချိန်ရပါ့မလား '
' ရနိုင်ပါတယ်၊ အဲဒီအချိန်ကတော့ ရှင်က ကျွန်မတို့ရဲ့ လက်ထောက်မန်နေဂျာကြီး ဖြစ်နေပြီပေါ့ '
အေဘယ်က ဘာမှပြန်မပြော၊ ပြုံးရုံသာ ပြုံးနေသည်။
ဇာဖီယာက ကားတံခါးကို ဖွင့်ပြီး ဟိုတယ်နောက်ဘက် တံခါးဆီသို့ လျှောက်သွားသည်။ အေဘယ်က ကားပေါ် မှ ထိုင်ကြည့်ရင်း မနက်ဖြန် ဖြစ်ပေါ်လာမည့် အခြေအနေကို သိရရင် သူမ ဘယ်လိုများ ခံစား ရလိမ့်မလဲဟု တွေးမိသည်။
*
နောက်တစ်နေ့တွင် မနက်ငါးနာရီမထိုးခင် မိနစ်အနည်းငယ်အတွင်း အေဘယ် အိပ်ရာမှ နိုးလာသည်။ အခန်းထဲတွင် မှောင်နေတုန်း ရှိသေးသည်။ သို့သော် သူက မိုးလင်းအောင် မစောင့်နိုင်တော့ဘဲ ' ရှိကာဂိုထရီဗွန်း' သတင်းစာ လှမ်းမှာလိုက်ပြီး စီးပွားရေးကဏ္ဍကို ဟိုလှန်သည်လှန် ဖတ်လိုက်သည်။
ထို့နောက် အ၀တ်အစားလဲပြီ ၇ နာရီတိတိတွင် စားသောက်ခန်းသို့ ဆင်းလာခဲ့သည်။ စားသောက်ခန်းတွင် ဇာဖီယာကို မတွေ့ရ။ သူ၏မိတ်ဆွေဆိုသူ စားပွဲထိုးလူငယ်ကိုသာ တွေ့ရသည်။ အေဘယ်က မကောင်း သောနိမိတ်ဟု ယူဆလိုက်သည်။
နံနက်စာစားပြီး သူ့အခန်းသို့ ပြန်လာခဲ့သည်။ ပြီးတော့ မှန်ရှေ့တွင်ရပ်ကာ အ၀တ်အစားကို သေသေ သပ်သပ် ပြန်ဝတ်ပြီးနောက် ဘဏ်တိုက်သို့ ထွက်လာခဲ့သည်။ ၉ နာရီ ၄ မိနစ်တွင် ဘဏ်တိုက်သို့ ရောက် သည်။
' လောလောဆယ် မစ္စတာဖင်တန် မအားသေးပါဘူးရှင်၊ နာရီဝက်လောက်တော့ ကြာပါလိမ့်မယ်၊ စောင့်ချင်ရင်လည်း စောင့်နေပါ၊ ဒါမှတဟုတ် နောက်တစ်ခေါက် ပြန်လှည့်လာရင်လည်း ရပါတယ် ' အတွင်း ရေးမှူးစာရေးမက ပြောသည်။
' ကျွန်တော် ပြန်လှည့်လာခဲ့ပါမယ် '
သူသည် ဘဏ်တိုက်မှ ပြန်ထွက်လာပြီး လာဆလီလမ်းထဲမှ ဈေးဆိုင်မှန်ပြူတင်းပြခန်းများကို လျှောက်ကြည့်သည်။ မိန်းမ၀တ် အထည်လှလှများကိုမြင်တော့ ဇာဖီယာကို သတိရလာမိသည်။
နာရီဝက်ခန့်ကြာတော့ ကွန်တီနင်တယ်ဘဏ်သို့ ပြန်လာခဲ့သည်။
' မစ္စတာဖင်တန် အားပါပြီရှင့် '
အေဘယ်သည် ဘဏ်န်နေဂျာ၏ ရုံးခန်းသို့ ၀င်လာခဲ့သည်။ သူ့လက်တွေ ချွေးပြန်နေသလို ခံစားမိသည်။
' မင်္ဂလာနံနက်ပါ မစ္စတာရို့စနော့စကီး၊ ထိုင်ပါ '
မစ္စတာဖင်တန်က စားပွဲအံဆွဲထဲမှ ဖိုင်တွဲတစ်ခုကို ဆွဲထုတ်လိုက်သည်။ အပေါ်တွင် ' လျှို့ဝှက် ' ဟူ၍ ရေးထားသည်။
' ကျုပ်ရထားတဲ့သတင်းကို ကြားရတော့ မင်းအနေနဲ့ ၀မ်းသာလိမ့်မယ်ထင်တာပဲ၊ ဟိုတယ်တွေ ၀ယ်မယ့်ပုဂ္ဂိုလ်ကတော့ ဆက်လုပ်ဖို့ အသင့်ဖြစ်နေပြီ၊ ဒါပေမဲ့ မင်းနဲ့ အပေးအယူတစ်ခုတော့ လုပ်ရလိမ့်မယ်၊ နှစ်ဦးနှစ်ဖက် ကောင်းဖို့အတွက်ပါ '
' အလွန်ကောင်းပါတယ် ခင်ဗျာ '
' သူက မစ္စတာလီရွိုင်း ပေးဆပ်စရာရှိတဲ့ အကြွေးနှစ်သန်းကို ထုတ်ပေးမယ်၊ တစ်ချိန်တည်းမှာ ကုမ္ပဏီ အသစ်တစ်ခုလည်း ထောင်မယ်၊ အဲဒီကုမ္ပဏီမှာ သူက အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ပြီး မင်းက ၄၀ ရာခိုင် နှုန်းပိုင်ရမယ်၊ ဒီတော့ မင်းပိုင်မယ့် ၄၀ ရာခိုင်နှုန်းက ငွေတန်ဖိုးအားဖြင့် ဒေါ်လာရှစ်သိန်း တန်ဖိုးရှိတယ်၊ ဒါပေမဲ့ မင်းက အဲဒီငွေကို လက်ငင်းပေးသွင်းစရာ မလိုဘူး၊ ကုမ္ပဏီကပဲ ချေးငွေသဘော ထုတ်ပေးမယ်၊ ၁၀ နှစ်အတွင်း အကျေပြန်ဆပ်ရမယ်၊ အတိုးက ၄ ရာခိုင်နှုန်းတိုး၊ အမြတ်ငွေထဲက ခုနှိမ်ပြီး ပြန်ဆပ် သွားရမယ်၊
ဆိုလိုတာက ကုမ္ပဏီအနေနဲ့ အမြတ်ငွေ တစ်သိန်းရလာတဲ့နှစ်မှာ အဲဒီအမြတ်ထဲက လေးသောင်းကို အတိုးနဲ့တကွ မင်းရဲ့ ချေးငွေအတွက် ပြန်ဆပ်ပေးမယ်၊ မင်းရဲ့ချေးငွေ ဒေါ်လာရှစ်သိန်းကို ၁၀နှစ်အတွင်း ရှင်းနိုင် တဲ့အခါကျတော့ ကုမ္ပဏီရဲ့ ကျန်ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို မင်း ၀ယ်ချင်ရင် ၀ယ်ခွင့်ပြုမယ်၊ မင်းက နောက်ထပ် ဒေါ်လာသုံးသန်း ထပ်ပေးရုံပဲ၊ ဒီနည်းအားဖြင့် မူလ၀ယ်သူက သူ့ရဲ့ရင်းနှီးမြှုပ်နှံငွေကို ပြန်ရ သွားပြီ၊ မင်းက ရစ်ခ်ျမွန့်ဟိုတယ်တစ်ခုလုံးရဲ့ ပိုင်ရှင် ဖြစ်လာမယ်။
' ပြီးတော့လည်း မင်းအနေနဲ့ တစ်နှစ်ကို လစာငွေ ဒေါ်လာသုံးထောင်ရဦးမယ် မင်းက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ် လာပြီး လုပ်ငန်းတစ်ခုလုံးကို ကြီးကြပ်အုပ်ချုပ်ရမယ်။
ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်လာရင် ငါနဲ့ အမြဲတမ်း တိုင်ပင်ရမယ်၊ ဘဏ္ဍာရေး အခြေအနေမှန် သမျှကို ငါက မင်းဆီ မှန်မှန် အစီရင်ခံစာတင်ပြဖို့ ငါ့ကို တာဝန်ပေးထားတယ်၊ မူလပိုင်ရှင်က လုပ်ငန်းကရလာတဲ့ အမြတ်မှန်သမျှကို လုံးဝထုတ်မယူဘူး။ လုပ်ငန်းထံမှာပဲ ပြန်လည် မြှုပ်နှံ ရင်းနှီးသွားမယ်၊ ပြီးတော့ သူကိုယ်တိုင်လည်း ဒီလုပ်ငန်းမှာ ဘယ်လိုမှ ကိုယ်ထိလက်ရောက်ဝင် လုပ်မှာ မဟုတ်ဘူး၊ သူ ဘယ်သူ ဘယ်ဝါဆိုတာကို မင်းအနေနဲ့ စုံစမ်းနေစရာ မလိုဘူး၊ စုံလည်း မစုံစမ်းစေချင်ဘူး။
"အဲဒီတော့ ဒီအစီအစဉ်ကို မင်းအနေနဲ့ စဉ်းစားချိန် ၁၄ရက်ပေးတယ်၊ မင်းဆုံးဖြတ်ချက်ကိုသာ အဲဒီနေ့မှာ အပြီး အပိုင် သိချင်တယ်"
အေဘယ်က ဘာမှပြန်မပြောဘဲ ငြိမ်နေသည်။
"ငြိမ်မနေပါနဲ့၊ စိတ်ထဲရှိတာသာ ပြောပါ"
"ဆုံးဖြတ်ချက်ချဖို့အတွက် ၁၄ရက်တောင် မလိုပါဘူး ခင်ဗျာ၊ ကျွန်တော် အခုချက်ချင်းပဲ လက်ခံပါ တယ်၊ သူ့ကို ကျေးဇူးအထူးတင်ကြောင်း ပြောပြစေချင်ပါတယ်။ သူ့အကြောင်းကိုလည်း ကျွန်တော် ဘယ်တော့မှ မစုံစမ်း ပါဘူးဆိုတာ ကတိပေးပါတယ်"
"အဲဒါ ကောင်းတယ်" မစ္စတာဖင်တန်က ပြုံးပြီး ပြန်ပြောသည်။
"နောက်တစ်ခုကတော့ အသေးအဖွဲကိစ္စကလေးပါ၊ ဟိုတယ်ငွေစာရင်းအားလုံးကို ကွန်တီနင်တယ် ဘဏ်ကိုပဲ အပ်ရမယ်၊ အဓိကစာရင်းကို ငါ့လက်အောက်မှာ ထားမယ်၊ ငါက ကုမ္ပဏီသစ်ရဲ့ ဒါရိုက်တာ တစ်ယောက် အဖြစ် တစ်နှစ်ကို ဒေါ်လာတစ်ထောင်ရမယ်"
"အခုလို လူကြီးမင်းကိုယ်တိုင် ပါဝင်တဲ့အတွက် ကျွန်တော်အများကြီး ၀မ်းသာပါတယ်ခင်ဗျာ၊ လူကြီးမင်းနဲ့အတူ လုပ်ကိုင်ရတာကို ကျွန်တော် အများကြီး ဂုဏ်ယူမိပါတယ်"
"နောက်တစ်ခု က သူက လောလောဆယ် လုပ်ငန်းကိစ္စတွေအတွက် သုံးစွဲနိုင်အောင် ဒေါ်လာ ၂၅၀၀၀၀ လည်း ဘဏ်တိုက်မှာ ပေးသွင်းထားမယ်၊ အဲဒီအတွက် အတိုးနှုန်းကလည်း ၄ရာခိုင်နှုန်းပဲ၊ တကယ်လို့ အဲဒီငွေ နဲ့ မလောက်ရင် ကျုပ်ဆီကို တင်ပြပါ"
"ညွှန်ကြားချက်အတိုင်း ကျွန်တော် လုပ်ပါ့မယ်ဗျာ"
မစ္စတာဖင်တန်က စားပွဲအံဆွဲဖွင့်ပြီး ကျူးဘားနိုင်ငံထွက် ဟားဗားနား ဆေးပြင်းလိပ်ကြီးတစ်လိပ် ထုတ်ပေးသည်။
"မင်း ဆေးလိပ်သောက်တတ်သလား"
"ဟုတ်ကဲ့၊ သောက်တတ်ပါတယ် ခင်ဗျာ"
အေဘယ်က သူ့တစ်သက်တွင် တစ်ခါမျှ မသောက်ဖူးသော ဆေးပြင်းလိပ်ကို လှမ်းယူလိုက်သည်။
အေဘယ် ဘဏ်တိုက်မှ ပြန်လာခဲ့သည်။ ဆေးပြင်းလိပ်မသောက်ဖူးဘဲ သောက်လာခဲ့မိ၍ တစ်လမ်းလုံး ချောင်းဆိုးလာခဲ့သည်။
စတီဖင်ဟိုတယ်ရောက်တော့ မစ္စတာမက်တွန် ဆင်ဝင်တွင် ရပ်နေသည်ကို တွေ့ရသည်။
အေဘယ်က တစ်ဝက်ခန့် ကျန်သေးသော ဆေးပြင်းလိပ်ကို မီးငြှီမ်းလိုက်ပြီး မစ္စတာ မက်တွန်အနီး သို့ လျှောက် လာသည်။
"မစ္စတာ ရို့စနော့ကီး ကြည့်ရတာ ဒီနေ့မနက် တော်တော် ပျော်နေပုံပါပဲလား"
"ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော်က ဒီဟိုတယ်မှာ မန်နေဂျာ မလုပ်ရတာတစ်ခုအတွက်ပဲ စိတ်မကောင်း ဖြစ်နေ မိပါတယ်"
"ကျုပ်လည်း အဲဒီလိုပဲ ခံစားရတယ်၊ ဒါပေမဲ့ ကြားရတဲ့သတင်းအတွက် ကျုပ်က ပိုပြီးတောင် ၀မ်းသာ ပါသေးတယ်"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ"
အေဘယ်သည် မစ္စတာ မက်တွန်ထံမှ ထွက်လာခဲ့ပြီး စားသောက်ခန်းထဲသို့ ၀င်လာခဲ့သည်။ ဇဖီယာကို လိုက်ရှာသည်။ သူမ တာဝန်ပြီးသွားပြီ။
ဓာတ်လှေကားဖြင့် သူ့အခန်းသို့ တက်လာခဲ့သည်။ ဆေးပြင်းလိပ်တိုတို ပြန်ညှိပြီး အေးအေး ဆေးဆေး ဖွာရှိုက် နေသည်။
ပြီးတော့ ကိန်းနှင့် ကဘော့ဘဏ်တိုက်သို့ ဖုန်းဆက်သည်။ အတွင်းရေးမှူး စာရေးမက ၀ီလျံကိန်း ဆီသို့ တန်း၍ ဆက်ပေးသည်။
"မစ္စတာကိန်း၊ ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်းက ပေးစရာရှိတဲ့ အကြွေးကို ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ ပါပြီ၊ ကွန်တီနင်တယဘဏ်က မစ္စတာ ကာတစ်ဖင်တန်ဆိုတဲ့ ပုဂ္ဂိုလ်က ဒီနေ့ပဲ ခင်ဗျားနဲ့ ဆက်သွယ်ပြီး အသေးစိတ် ပြောပြပါလိမ့်မယ်၊ ဒါကြောင့် ဟိုတယ်တွေကို ရောင်းပစ်ဖို့ မလိုတော့ပါ ဘူး"
တစ်ဖက်မှ ဘာသံမှမကြားရ။ အေဘယ်က ကျိတ်ပြီး ၀မ်းသာနေသည်။ ခဏကြာတော့မှ တစ်ဖကှ် အသံ ပေါ်လာသည်။
"ဒီလိုသိရတာ ကျေးဇူးတင်ပါတယ် မစ္စတာရို့စနော့စကီး၊ အခုလို ခင်ဗျားအနေနဲ့ အဆင်ပြေ သွားတာ ကျွန်တော် ၀မ်းသာကြောင်း ပြောလိုပါတယ်။ ခင်ဗျားရဲ့ အနာဂတ်စီမံကိန်း အောင်မြင်ပါ စေလို့လည်း ဆုတောင်း လိုက်ပါတယ်"
"အဲဒီတော့ အနာဂတ်မှာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ တွေ့ကြသေးတာပေါ့ ... ဟုတ်လား"
အေဘယ် ဖုန်းကို ဆတ်ခနဲ ပြန်ချပစ်လိုက်သည်။ ပြီးတော့ အိပ်ရာပေါ်လှဲချလိုက်ပြီး သူ၏ အနာဂတ် စီမံကိန်း ကို တွေးနေမိသည်။
"အေး၊ နေနှင့်ပေါ့ကွာ၊ တစ်နေ့ကျတော့ မင်းဘဏ်တိုက်ကို ငါ ၀ယ်ယူနိုင်အောင် ကြိုးစားပြပါ့မယ်၊ အဲဒီတော့မှ မစ္စတာလီရွိုင်းလိုပဲ မင်းလည်း ၁၂ထပ်ပေါ်က ခုန်ချပြီးတော့ အသေဆိုးနဲ့ သေရစေ့ မယ်၊ စောင့်သာ ကြည့်နေပေတော့"
အေဘယ်က အခန်းမျက်နှာကြက်ကို ကြည့်ကာ တစ်ကိုယ်တည်း ပြောနေသည်။
ထို့နောက် တယ်လီဖုန်းကို ပြန်ကောက်ပြီး "ဂရိတ်ဝက်စတန်အာမခံကုမ္ပဏီ"မှ မစ္စတာ ဟင်နရီ အော့စဘွန်း နှင့် ဆက်ပေးရန် အော်ပရတာကို ပြောလိုက်သည်။
.................................
အခန်း (၁၉) ဆက်ရန်
.

3 comments:
အေဘယ့်ကို ပိုက်ဆံထုတ်ချေးထားတဲ့သူက ၀ီလျံကိန်းလို့ ထင်ပါတယ်ရှင့်၊
အမ..ကျနော်က နောက်ကွယ်က လူက ၀ီလျံကိန်းလို့ထင်တယ်..
ဇာတ်လမ်းကို ကိုယ့်ဘာသာပုံဖော်ကြည့်ရင် အော့စဘွန်းက ၀ီလျံပျက်ဆီးအောင်ကြံဆောင်ဖို့ အေဘယ်ကို တွန်းပို့ပေးနိုင်တယ်။
ဒါပေမဲ့ ၀ီလျံကအကျပ်အတည်းကြားရောက်သွားနိုင်ပေမဲ့
မပျက်ဆီးလောက်ဘူးလို့ထင်ပါတယ်။
အေဘယ်လ်ကတော့ အတော်ချမ်းသာသွားနိုင်ပေမဲ့
သူက နဲနဲ စိတ်ထားလေးက..တမျိုးဖြစ်နေတော့..မှန်းသေးဘူး..သူ့ကို..။
မြတ်နိုး
ဟေ့ ဟေ့ အဲဒီလို ဇာတ်လမ်းကြိုပြောတာ တို့
ခန့်မှန်းတာ တို့ မလုပ်ကောင်းဘူးလေ..
Post a Comment