မူရင်း စာရေးဆရာ - Jeffrey Archer
စာအုပ် အမည်- KANE AND ABEL
ကျနော် အခု တင်ချင်တာကတော့ (မောင်ထွန်းသူ ဘာသာပြန်တဲ့ အကျဉ်းစံ) AJ Cronin ရဲ့ ကျနော် အကြိုက်ဆုံး ဝတ္ထု တပုဒ်ဖြစ်တဲ့ SPANISH GARDENER ကို တင်ပေးမလို့ ပါ.. စာအုပ်ရှာ မတွေ့တဲ့ အတွက် ယခု စာအုပ် ကို အရင်တင်ပေးလိုက်ပါတယ်..။
(၁)
ပိုလန်နိုင်ငံ
ဆလိုနင်မြို့ကလေး
၁၉ဝ၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
အမျိုးသမီး၏ အော်ညည်းသံသည် အသက်ထွက်တော့မှပင် ရပ်သွားသည်။ ထို့နောက် ကလေးငိုသံ ပေါ်ထွက် လာသည်။
လူငယ်မုဆိုးကလေးသည် တောထဲ၌ ယုန်လိုက်ရင်း လုံးဝမမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသော အသံများကြောင့် အထိတ်တလန့် ဖြစ်သွားမိသည်။ အမျိုးသမီး၏ နောက်ဆုံးအော်ညည်းသံလေလော၊ သို့ တည်းမဟုတ် ကလေးငယ်၏ ပထမဆုံး ငိုသံလေလား ... ဆိုသည်ကိုပင် ဝေခွဲ၍မရ။
သူသည် အသံလာရာသို့ မျက်ကလူးဆန်ပျာ လှည့်ကြည့်လိုက်သည်။ အန္တရာယ်တစ်ခုခုနှင့်များ ကြုံရတော့ မှာလား ... ဟူသော စိုးရိမ်စိတ်က သူ့စိတ်အာရုံကို ဖုံးလွှမ်းနေသည်။ ဒဏ်ရာရနေသော တိရစ္ဆာန်တစ် ကောင်ကောင်များ ဖြစ်လေမလားဟူသော အတွေးကြောင့် သူ့မျက်လုံးများက ဟိုဟိုသည်သည် ကျီးကန်း တောင်းမှောက်ရှာဖွေကြည့်ရှုနေမိသည်။
ယခုလို ငြိမ်ငြိမ်သက်သက် အော်ညည်းနေသော တိရစ္ဆန်မျိုးကို သူ့တစ်သက်တွင် တစ်ကြိမ်တစ်ခါမျှ မတွေ့ မမြင်ခဲ့ရစဖူး။
ခြေကို ဖော့နင်းလျက် အသံလာရာသို့ သတိကြီးစွာဖြင့် လျှောက်လာခဲ့သည်။
စူးစူးဝါးဝါးအော်သံသည် လေးလေးပင်ပင် ညည်းတွားသံသို့ ပြောင်းလဲသွားသည်။ သူသည် သည်လိုညည်း တွားတတ်သော တိရစ္ဆာန်မျိုးကို လုံးဝမတွေ့ခဲ့စဖူး။ တကယ်တော့ သည်အသံသည် တိရစ္ဆန်မျိုး တစ်ကောင် ၏အသံနှင့်လုံးဝမတူ။
ထို့ကြောင့် တိရစ္ဆန်သည် အကောင်သေးကလေးသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ်၊ နေ့စဉ်နေ့တိုင်း ယုန်သားချည်း စားနေခဲ့ရသည်မှာ ကြာပြီ။ ယနေ့ညစာအတွက် မစားရစဖူး ဟင်းစား တစ်နပ် တော့ ရကောင်း ရနိုင်ပေတော့မည်။
မုဆိုးကလေးသည် ထူးဆန်းသော အသံလာရာ မြစ်ကမ်းနားဆီသို့ ခြေကို ဖော့နင်းကာ အပြေးကလေး လျှောက်သွားသည်။ သို့သော် တစ်ခါတည်း တန်းတန်းမတ်မတ် လျှောက်သွားခြင်းတော့ မဟုတ်။ သစ်ပင် တစ်ပင်တွင် ပြေးကပ်လိုက်၊ တစ်ဖန် ရှေ့ဆီသို့ လှမ်းကြည့်လိုက်ဖြင့် သတိနှင့် လျှောက်သွားခြင်းမျိုးဖြစ် သည်။
အမဲလိုက်လျှင် ဟင်းလင်းပြင်တွင် ဘယ်တော့မှမနေနဲ့ဟူ၍ သူ့ဖခင်က အမြဲတမ်း သတိပေးခဲ့ဖူးသည် မဟုတ်လား။
တောစွန်သို့ ရောက်လာသည်။ မြစ်ဘက်သို့ ဦးတည်နေသော လျှိုမြောင်လမ်းဆီသို့ လှမ်းမျှော်ကြည့်လိုက် သည်။ အတန်ကြာကြာ နားစိုက်ပြီးမှ စောစောက အသံသည် တိရစ္ဆန်တစ်ကောင်၏ အော်ညည်းသံ လုံးဝ မဟုတ် ဆိုသည်ကို အခိုင်အမာ သိလိုက်ရသည်။
သူသည် တောစပ်အလွန် လျှိုမြောင်လမ်းဝအထိ သတိနှင့် ဆက်လျှောက်လာသည်။
သူ့ရှေ့ မလှမ်းမကမ်းတွင် အမျိုးသမီးတစ်ယောက်ကို ဘွားခနဲ မြင်လိုက်ရသည်။
အမျိုးသမီးသည် ခြေနှစ်ဖက်ကို ကားရားကြီးဖြန့်ကာ ခါးအောက်ပိုင်းတွင် အ၀တ်အစား ဗလာ ကျင်းလျက် မြက်ခင်းပြင် တွင် ပက်လက်ကြီး လဲနေသည်။
မုဆိုးကလေးသည် သည်လိုအဖြစ်မျိုးကို တစ်ခါတစ်ရံမျှ မတွေ့မမြင်ခဲ့ရစဖူး။
သသည် အမျိုးသမီးအနီးသို့ ပြေးကပ်သွားပြီး ၀မ်းဗိုက်ကို ငုံ့ကြည့်လိုက်သည်။ သို့သော် လက်နှင့်တော့ လုံးဝ မတို့ရဲ၊ မထိရဲ၊ သူ တော်တော်ကလေး ကြောက်နေသည်။ အမျိုးသမီး၏ ပေါင်ကြားထဲတွင် မြင်လိုက် ရသော အရာကတော့ ကြိုးလိုလို တစ်စုံတစ်ရာဖြင့် ချည်နှောင်ကာ တစ်ကိုယ်လုံး ချွဲကျိပေကျံနေသော နီတွတ်တွတ် နှင့် မွေးခါစကလေးငယ်တစ်ယောက်။
မုဆိုးကလေးသည် လောလောလတ်လတ် အရေခွာထားသော ယုန်စည်းကို လက်ထဲမှ ပစ်ချကာ အမျိုးသမီး ၏ ဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။
သူသည် ကလေးငယ်ကိုကြည့်လိုက်၊ အမျိုးသမီးကို ကြည့်လိုက်ဖြင့် အတန်ကြာမျှ ဝေခွဲမရနိုင်အောင် ဖြစ်နေမိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို အပြီးအပိုင်ချလိုက်သည်။ ယင်းသို့ ဆုံးဖြတ်လိုက်မိ သည့် အတွက်လည်း သူ့ကိုယ်သူ စိတ်မကောင်းဖြစ်မိရသည်။
အမျိုးသမီး သည် တစ်ကိုယ်လုံး ပြာနှမ်းပြီး ရေခဲတုံးတုံးလို အေးစက်နေပြီ။ သူမသည် အသက်အရွယ်အား ဖြင့် ၂၀ ကျော်ကျော်ကလေးသာ ရှိပေဦးမည်။ အလွန်ဆုံးရှိပါမှ ၂၃ နှစ်ခန့်။
သူမ သေနေပြီဆိုသည်ကိုတော့ မြင်ရရုံနှင့် သိသာလှသည်။
သူက အချွဲအကျိတွေ ပေကျံနေသော ကလေးငယ်ကို ကောက်ကိုင်လိုက်သည်။ ကလေးငယ် က အသံသေး သေးဖြင့် ၀ါးခနဲ အော်ငိုလိုက်ပြီး သူ့လက်ထဲတွင် ခြေလက်ကလေးတွေ ရုန်းကန်လှုပ်ရှားနေသည်။
ကလေးငယ် နှင့် မိခင်တို့ကို ဆက်သွယ်ထားသော ကြိုးသေးသေးကလေးကြောင့် သည်အတိုင်းတော့ ဘယ် လိုမှ ဖြတ်၍ မရနိုင်ဆိုသည်ကို ချက်ချင်းသိလိုက်သည်။
သူသည် မကြာခင်က သိုးကလေးမွေးဖွားသည်ကို မြင်ခဲ့ရဖူးသည်။ သူပြန်လည်စဉ်းစားသည်။
ဟုတ်ပြီ။ သိုးထိန်းကြီးက ဘယ်လိုလုပ်ခဲ့သည်ကို သတိရပြီ။ သို့သော်သည်ကလေးကို ထိုအတိုင်း သူလုပ်ရဲ ပါမည်လော။
ကလေး အငိုတ်တ်သွားပြီ။ တစ်ခုခုတော့ အမြန်ဆုံးလုပ်မှ ဖြစ်တော့မည်။
သူသည် ခါးထဲမှ ဓားမြှောင်ကို ဆွဲချွတ်လိုက်သည်။ ယုန်ကလေးများကို သူအမြဲတမ်း အရေခွံခွာနေကျ ဓား မြှောင်ကလေး။
သူက ဓားမြှောင်ကို အင်္ကျီလက်မောင်းပေါ်တွင် ဘယ်ပြန်ညာပြန် သုံးလေးချက်မျှ ကျင်းပစ်လိုက်သည်။ ပြီး တော့ ခေတ္တမျှ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေလိုက်သေးသည်။
နောက်ဆုံးတော့ သူသည် ကလေးငယ်၏ ချက်တွင် တန်းလန်းချည်ထားသော ကြိုးမျှင်ကလေးကို ဓားမြှောင်ဖြင့် တစ်ချက်တည်း တိခနဲ ဖြတ်လိုက်တော့သည်။
ဖြတ်ရာမှ သွေးတွေစီးကျလာသည်။
သိုးကလေးမွေးတုန်းက သိုးထိန်းကြီး ဘယ်လိုလုပ်ခဲ့သလဲ။ သတိရပြီ၊ သိုးထိန်းကြီးက သိုးကလေး၏ ချက်မှ ကြိုးစကို ထုံးချည်ထားလိုက်သည်။
မုဆိုးကလေးသည် သူ့ဘေးမှ မြက်တစ်ဆုပ်ကို ဆွဲနုတ်လိုက်ပြီး ကလေးငယ်၏ ချက်ကြိုးနှင့် ပူးချည် လိုက် သည်။
ထို့နောက် ကလေးငယ်ကို ကောက်ချီလိုက်သည်။
ဒူးထောက်ထိုင်နေရာမှ ဖြည်းဖြည်းကလေး ပြန်ထသည်။ သူရလာသော ယုန်သုံးကောင်နှင့် သည်မိန်းမ အလောင်း ကိုတော့ သည်နေရာမှာဘဲ ထားပစ်ခဲ့ရတော့မည်။
သူက အမျိုးသမီး၏ ခြေနှစ်ဖက်ကို ပြန်စေ့ထားလိုက်သည်။
ဗိုက်ပေါ် စု နေသော အ၀တ်ကို ပြန်ပြီး ဆွဲဖုံးလိုက်သည်။
' ဘုရား ... ဘုရား '
သူက အသံထွက်၍ ဘုရားတလိုက်မိသည်။ ကောင်းသောအရာတစ်ခုကို လုပ်မိသည့်အခါတွင်ဖြစ်စေ၊ ဆိုး သောအရာတစ်ခုကို လုပ်မိသည့်အခါတွင်ဖြစ်စေ သူက သည်စကားကို အမြဲတမ်းရွတ်လေ့ရှိသည်။ သို့သော် ယခု သူလုပ်လိုက်သောအရာသည် ကောင်းသောအရာလား၊ ဆိုးသောအရာလားဆိုသည်ကိုတော့ သူ မပြော တတ်။ သူဝေခွဲ၍မရ။
ထို့နောက်တော့ မုဆိုးကလေးသည် ကလေးငယ်ကို ရင်ခွင်ပိုက်ကာ သူတို့၏ တဲအိမ်ဆီသို့ သုတ်ခြေတင် ပြေးလာခဲ့တော့သည်။
အိမ်တွင် သူ့မေမေသည် ယုန်သားဟင်းချက်ရန် သူ့ကို တမျှော်မျှော် စောင့်နေလိမ့်မည်။ ယုန်ဘယ်နှစ် ကောင်လောက် များ ရလာမလဲ။ တစ်အိမ်သားလုံးမှ စားလောက်ပါ့မလားဟု သူ့မေမေက တွေးနေလိမ့် မည်။ သူတို့မိသားစုက စုစုပေါင်း လူရှစ်ယောက်ဆိုတော့ မေမေက အနည်းဆုံး ယုန်သုံးကောင်လောက် တော့ ရလာစေချင်လိမ့်မည်။
တစ်ခါတစ်ရံ သူသည် သူ့ဖခင်အလုပ်လုပ်သော နယ်စားကြီး၏ ခြံထဲမှ တောဘဲဖြစ်ဖြစ်၊ ဘဲငန်းဖြစ်ဖြစ်၊ ရစ်ဖြစ်ဖြစ် တစ်ကောင်တစ်လေ ရလာတတ်သည်။
သည်နေ့တော့ သူရလာသော အမဲကောင်မှာ ခါတိုင်းရတတ်သော အကောင်တွေနှင့် လုံးဝမတူ။ မေမေက ဘယ်လိုများပြောလိမ့်မလဲ။ ညစာအတွက် ယုန်မရခဲ့လို့ ဆူများ ဆူနေမလား။ မတတ်နိုင်တော့။ ဆူချင် လည်း ဆူပါစေတော့။
အိမ်ရှေ့တံခါးဝရောက်လာသည်။ သူ့လက်ထဲမှ ကလေးငယ်အတွက် မသက်မသာ ဖြစ်သွားမည်စိုးသဖြင့် တံခါးကို လက်နှင့်မခေါက်ဘဲ ခြေထောက်နှင့် ခေါက်လိုက်သည်။
သူ့မေမေ တံခါးလာဖွင့်သည်။ သူက ဘာစကားမျှ မပြောဘဲ ကလေးငယ်ကို သူ့မေမေဆီသို့ ညင်သာစွာ ကမ်းပေးလိုက်သည်။
သို့သော် မေမေက ကလေးငယ်ကို လှမ်းမယူ။ လက်ဆစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ဖိကာ ကလေးငယ်ကို သာ တအံ့တသြ စိုက်ကြည့်နေသည်။
ခဏကြာတော့မှ ' ဘုရား ... ဘုရား ' ဟူ၍ ရွတ်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ကြက်ခြေခတ်၍ မေတ္တာပို့လိုက်သည်။
မုဆိုးကလေးက သူ့မေမေ၏ မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သူ့မေမေ၏ မျက်နှာတွင် ဒေါသရိပ် လုံးဝမတွေ့ရသောအခါတွင်မှ သူ့ရင်ထဲ အေးခနဲ ဖြစ်သွားမိသည်။
မေမေသည် ကလေးငယ်ကို ကြင်နာသော မျက်လုံးများဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။ သည်အလို အကြည့်မျိုးကို မုဆိုးကလေးအနေဖြင့် သည်တစ်ခါသာ မြင်ဖူးသေးသည်။ သည်တော့မှ သူလုပ်ခဲ့သော အရာသည် ကောင်းသောအရာဖြစ်ကြောင်း မုဆိုးကလေးက သဘောပေါက်သွားတော့သည်။
'ကလေးက ချစ်စရာကလေးပဲမေမေ '
' ဟုတ်တယ်၊ ချစ်စရာ ယောက်ျားကလေးပဲ '
မေမေက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောသည်။
' သား ဘယ်ကတွေ့လာခဲ့တာလဲ '
' မြစ်ကမ်းနားမှာ မေမေ '
' ဒီတော့ သူ့အမေကရော '
' သေနေပြီ မေမေ '
' ဘုရား ... ဘုရား '
မေမေက ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်၍ ဆုတောင်းလိုက်ပြန်သည်။
' ကဲ၊ သား ဖေဖေဆီသာ မြန်မြန်ပြေးပေတော့၊ သူ့ကို အားလုံးပြောပြ၊ ကြားလား၊ သူက ၀မ်းဆွဲသည် အာဇူလာကို သွားခေါ်လိမ့်မယ်၊ ပြီးတော့ သူတို့နှစ်ယောက်ရော သားပါ မြန်မြန်လည်း ပြန်လာခဲ့ဦး၊ ကြားလား '
မုဆိုးကလေးက ကလေးငယ်ကို သူ့မေမေဆီသို့ ကမ်းပေးလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဘောင်း ဘီတွင် သုတ်ပစ်လိုက်ပြီး သူ့ဖေဖေ အလုပ်လုပ်နေသော နယ်စားကြီး ခြံသို့ ၀မ်းသာရွှင်မြူးစွာဖြင့် ပြေး ထွက်သွား တော့သည်။
*
မေမေက တံခါးကို ပခုံးနှင့်တွန်း၍ ပိတ်လိုက်သည်။ ပြီးတော့ သမီးအကြီးကို လှမ်းခေါ်ပြီး မီးဖိုတွင် ဟင်းအိုး တင်လိုက်ရန် ပြောလိုက်သည်။
သူမသည် ခွေးခြေပေါ်တွင် ထိုင်ချလိုက်ပြီး အင်္ကျီကြယ်သီးကို ဖြုတ်သည်။ ပြီးတော့ သူမ၏ ပျော့အိနေ သော နို့သီးကို ကလေးငယ်၏ ရှုံ့တွနေသော ပါးစပ်ကလေးပေါ်တွင် တင်ပေးသည်။
သည်အတိုင်းဆိုလျှင် သူမ၏ အငယ်ဆုံး ခြောက်လသမီးငယ် ဆိုဖီလာသည် သည်နေ့ညတွင် နို့စို့ရတော့ မည်မဟုတ်။
*
ခမျာကလေးက မနက်အထိမှ အသက်ရှည်ပါ့မလားသိ၊ သူ့ကိုယ်ခန္ဓာလေးကလည်း သေးသေးညှက်ညှက် ကလေးရယ်။
မေမေက ကလေးငယ်ပါ လုံအောင် သူမ၏ပခုံးပေါ်တွင် တဘက်ကို လွှားခြုံရင်း ညည်းပြော ပြောလိုက် သည်။
' သူ့ ကုသိုလ်ကံအကြောင်းပေါ့ကွယ် '
ဝမ်းဆွဲသည်မကြီး အာဇူလာက ကလေးငယ်၏ ချက်ကြိုးကို သေသေချာချာ ပြန်ချည်ပေးသည်။ ပြီးတော့ သန့်သန့်စင်စင် ရေလည်း ချိုးပေးသည်။
အိမ်ရှင်ယောက်ျားဖြစ်သူကမူ ဘာစကားမှမပြောဘဲ သူတို့လုပ်တာ ကိုင်တာကိုသာ မလှုပ်မယှက် ရပ်ကြည့် နေသည်။
' အိမ်ကို ဧည့်သည်ရောက်လာတာဟာ ဘုရားသခင် ကြွလာတာနဲ့ အတူတူပါပဲတဲ့ ' မိန်းမဖြစ်သူက ပိုလန် ရိုးရာ စကားပုံကို ကိုးကားစပြီး ပြောလိုက်သည်။
ဤတွင် ယောက်ျားလုပ်သူက ထွီခနဲ တံတွေးတစ်ချက် ထွေးပစ်လိုက်ပြီးလျှင် -
' ဘုရား ကြွလာတာ မဟုတ်ဘူးကွ၊ ကာလရောဂါ ရောက်လာတာ သိရဲ့လား၊ တို့မှာ ကလေးတွေ ဒီလောက် များနေတာ နောက်ထပ် ဘာလုပ်ဦးမှာမို့လဲ '
မိန်းမဖြစ်သူက မကြားယောင်ဆောင်ကာ ကလေးငယ်၏ ဆံပင်နက်နက်ကလေးတွေကိုသာ အသာအယာ ပွတ်သပ်ကစားနေလိုက်သည်။ ပြီးတော့ သူမက လင်ဖြစ်သူအား မော်ကြည့်ရင်း -
' ဒီတော့ သူ့ကို ဘယ်လိုနာမည်ပေးမလဲဟင် '
လင်ဖြစ်သူက မျက်နှာကို ရှုံ့မဲ့ကာ ပခုံးနှစ်ဖက်ကို တွန့်လိုက်ပြီးနောက် -
' ဘာနာမည်လဲ၊ ဘာနာမည်မှ မပေးဘူး၊ သူ့ဟာသူ တစ်သက်လုံး နာမည်မရှိဘဲနဲ့ သင်္ချီုင်းကုန်းရောက်တဲ့ အထိ ဒီလိုပဲ နေသွားပါစေ'
..........................................
အခန်း (၂) ဆက်ရန်
.
4 comments:
Hi,
FYI, In Myanmarcupid Forum this novel is posting up to Chapter 36.
ဒီဝတ္ထုဖတ်ချင်နေတာ ကြာပြီ
ကျေးဇူးပါနော်
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် စာအုပ်ကို ကိုယ်တိုင် ရိုက်တာ မဟုတ်ရင်တော့ ကော်ပီကူးတဲ့ နေရာကိုတော့ ဖော်ပြသင့်ပါတယ်။ မြန်မာကျူးပစ်ဖိုရမ်မှာ ရိုက်တင်နေတဲ့ဟာကို ကော်ပီကူးတင်ပေးနေတာဆိုရင်တော့ မြန်မာကျူးပစ်ဖိုရမ်က မူရင်းရိုက်တင်ပေးသူထံမှာ ခွင့်တောင်းသင့်ပါတယ်။
Hi Yong-sama,
Please read the introduction of part II. The blogger already replied.
My purpose in first comment is just give information to the blogger to safe time and effort.
Hi Ma Shwe Zin U,
My apology for this misunderstanding.
All the best.
Post a Comment