အခန်း [၁၃]
ထိုညတွင် 'အေဘယ်'သည် ပလာဇာဟိုတယ်မှ အခန်းသေးသေးကလေးထဲမှ အိပ်မပျော် နိုင်ဘဲ ဖြစ်နေသည်။ သူသည် ဖခင်ရှိသေးလျှင် ဂုဏ်ယူမဆုံးဖြစ်ရမည့် ၀ီလျံဆိုသော လူငယ် အကြောင်းကိုသာ တစ်ချိန်လုံး တွေးနေမိသည်။ သူကိုယ်တိုင်လည်း ၀ီလျံကဲ့သို့ တစ်ခုခု ထွန်းထွန်းပေါက်ပေါက် ဖြစ်လိုစိတ် ဖြစ်ပေါ် မိသည်။
အေဘယ်သည် နယူးယောက်မြို့သို့ ရောက်လာပြီးသည့်နောက် အတော်ကလေး ပြင်းပြင်းထန်းထန် ရုန်းကန် လှုပ်ရှားခဲ့သည်။ သူသည် ဂျော့၏ ဦးလေးအခန်းတွင် အိပ်ရာနှစ်နေရာသာ ဆံ့သော အခန်း ကျဉ်းကျဉ်း ကလေးထဲ၌ ဂျော့နှင့် တစ်အိပ်ရာတည်း အိပ်ရသည်။ ကျန်အိပ်ရာတွင် ဂျော့၏ ၀မ်းကွဲ ညီအစ်ကို နှစ်ယောက် အိပ်သည်။
ဂျော့၏ဦးလေးက အေဘယ်အတွက် အလုပ်မပေးနိုင်သဖြင့် ပါလာသမျှ ရှိစုမဲ့စု ပိုက်ဆံကလေးမှာ မကြာခင် ကုန်သွားတော့သည်။ ထိုရက်များအတွင်း မြို့ထဲထွက်ပြီး နေထွက်မှ နေ၀င်အထိ ဆိုင်တကာ အနှံ့ ၀င်ကာ အလုပ်လိုက်ရှာသည်။
နောက်ဆုံးတွင် အသားဆိုင်တစ်ခု၌ အလုပ်ရသည်။ တစ်ပတ်လျှင် ခြောက်ရက်ခွဲ မျှ အလုပ်လုပ်ရသည်။ လုပ်ခက တစ်ပတ်လျှင် ကိုးဒေါ်လာ။ ဆိုင်ရှိ ထပ်ခိုး ကလေးပေး တွင် အိပ်ခွင့်ရ၍ တော်သေးသည်။
အသားဆိုင် မှာ အရှေ့ပိုင်းရပ်ကွက် အောက်ပိုင်းတွင်ရှိသည်။ ထိုရပ်ကွက်တွင် ပိုလန်အမျိုးသား တော်တော် များများ နေထိုင်ကြသည်။ သူတို့ တခြားအမျိုးသားများနှင့် မရောဘ သီးသီး သန့်သန့် နေထိုင် ကြသည်။ အင်္ဂလိပစကားကိုလည်း ပြောတတ်အောင် မကြိုးစားကြ။
ဂျော့ကတော့ ယခင်အတိုင်းပင် ရက်အားတိုင်းတွင် ကောင်မလေးတွေနှင့် တစ်ယောက်ပြီးတစ်ယောက် တွဲခုတ်နေသည်။ အေဘယ်ကတော့ ညနေပိုင်းတွင် ညကျောင်းတက်၍ အင်္ဂလိပ်စာသင်သည်။ တိုးတက်မှု နှေးသော်လည်း စိတ်တော့ လုံးဝမပျက်။ ရှစ်နှစ်သားအရွယ်မှစ၍ ကျောင်းထွက်ခဲ့ရသူဖြစ်သဖြင့် အခြေခံ မှ စပြီး ပြန်သင်နေရသည်။
သည်လိုနှင့် နှစ်နှစ်လောက်ကြာတော့် အင်္ဂလိပ်စာကို အဆင့်အတန်းမီမီ ပြောတတ် ရေးတတ်လာသည်။ စကား ပြောရာတွင် အင်္ဂလိပ်လေကို အတော်ကြီးမီသည်။ သတိထားပြီးနားထောင်မှ ပိုလံသံ နည်းနည်းဝဲ သည်ကို သိနိုင်သည်။
အတော်ကလေး လူရည်လည်လာတော့ အသားဆိုင်မှ ထွက်ချင်လာသည်။ သို့သော် ဘယ်အလုပ် လုပရမှန်း လုံးဝမသိ၊ ကံကောင်းချင်တော့ တစ်နေ့ နံနက် သိုးသားကိုင်နေစဉ် ဆိုင်ရှင်နှင့် ဧည့်သည် တစ်ယောက် တို့ စကားပြောနေသံကို အမှတ် မထင်ကြားလိုက်ရသည်။
ဧည့်သည်မှာ ပလာဇာဟိုတယ်မှ အ၀ယ်တော် မန်နေဂျာဖြစ်သည်။ အငယ်တန်း စားပွဲထိုး တစ်ယောက် အား ပစ္စည်းခိုးမှုဖြင့် အလုပ်မှ ထုတ်ပစ်လိုက်၍ အခက်အခဲ တွေ့နေကြောင်း အ၀ယ်တော်က ဆိုင်ရှင်ကို ပြောသည်။
'အဲဒါ ကျုပ်မှာ လူစားမရနိုင်လို့ အခက်အခဲ တွေ့နေတယ်ဗျ၊ အမြန်ဆုံရအောင် ဘယ်လိုလုပ်ရမလဲ မသိဘူး'
အသားဆိုင်ရှင်ကလည်း ဘယ်လိုမှ အကူအညီမပးနိုင်။ ဤတွင် အေဘယ်က အခွင့်ကောင်းပေါ်ပြီဆိုကာ ထိုင်ရာမှ ထသွားပြီး 'ကျွန်တော့်ကို သဘောကျရင် ခန့်နိုင်ပါတယ် ခင်ဗျာ'ဟု ရဲရဲတင်းတင်း ပြောလိုက် သည်။
အ၀ယ်တော်က သူ့ကို အကဲခတ်ကြည့်နေသည်။ အတန်ကြာအေင် ကြည့်နေပြီးနောက် 'မနက်ဖြန် ဟော်တယ် ကိုလာခဲ့ပါ'ဟု မှာခဲ့သည်။
သို့ဖြင့် နောက်နေ့မနက်တွင် အေဘယ်သည် သူ၏ တစ်စုံတည်းသော ၀တ်စိုံကု ကျကျနန ၀တ်ပြီး ဟိုတယ် သို့ ခြေကျင်လျှောက်ခဲ့သည်။ ဟိုတယ်ရောက်တော့ သူ့ကို ချက်ချင်းပင် အလုပ်ခန့်လိုက်သည်။
ပလာဇာဟိုတယ်တွင် အခြေကျကျ အလုပ်ရသွားသောအခါ ကိုလံဘီယာ တက္ကသိုလ်တွင် အင်္ဂလိပ်စာ ညကျောင်း ဆက်တက်သည်။ ကျောင်းမှ ပြန်ရောက်တော့ လည်း တော်တော်နှင့်မအိပ်။ သင်ခန်းစာများကို ကြိုးကြိုး စားစား လေ့လာ မှတ်သားသည်။ လက်တစ်ဖက်က အဘိဓာန်စာအုပ်၊ ကျန်တစ်ဖက်က ခဲတံကို ကိုင်ကာ မနားမနေ ကျက်မှတသည်။ မနက်အိပ်ရာထချိန်၊ ထမင်းစားအားလပ်ချိန်နှင့် တခြားကြိုးကြား ကြိုးကြား နားနေချိန်တွင်လည်း အလကားမနေ 'နယူးယောက်တိုင်း' သတင်းစာမှ ခေါင်းကြီး ပိုင်းဆောင်းပါးကို ရေးကူးပြီး အဓိပ္ပာယ်မသိသော စကားလုံးများကို တစ်ပတ်နွမ်း "၀က်ဘ်စတား အဘိဓာန်တွင် "ရှာဖွေလေ့ကျက်သည်။
နောက်သုံးနှစ်အတွင်း အေဘယ်သည ပလာဇာဟိုတယ်တွင် ရာထူးအဆင့်တိုး တက် ခဲ့ပြီး တစ်ပတ်လျှင် ၂၅ ဒေါ်လာ အပြင် ဘောက်ဆူးရငွေကို ယူခွင့်ရှိသော အဆင့်မြင့် စားပွဲထိုးတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အရေးကြီးသော ပုဂ္ဂိုလများတွက် သီးသန့်ထားရှိသော "၀က်သစ်ချဆောင်"တွင် စားပွဲထိုး ခွင့် ရရှိလာခဲ့သည။ ယခုအချိန်တွင် သူ့အနေဖြင့ ငွေရေးကြေးရေးအတွက် ဘာအခက်အခဲမျှ မရှိတော့။
ကိုလံဘီယာ တက္ကသိုလ်မှ ဆရာက အေဘယ်၏ ကြိုးစားမှုကို အလွန်သဘော ကျသည်။ ထို့ကြောင့် အဆင့်မြင့် ညကျောင်း ဆက်တက်ရန် အကြံပေးသည်။ ဤသို့ဖြင့် ၀ိဇ္ဇာဘွဲ့ရရှိသည်အထိ ကြိုးစားရန် တိုက်တွန်း သည်။
ဆရာ၏ အားပးမှုကြောင့် အေဘယ်အားတက်လားသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ခိုင်မာလာသည်။ သူသည် အားလပ်ချိနများတွင် စီးပွားရေးပညာရပ် များကို လေ့လာသည်။ နယူးယောက် တိုင်း သတင်းစာ မှ ခေါင်းကြီးပိုင်းများကို အပတ်တကုတ် ရေးကူးမှတ်သားသည်။ သူသည် ပညာသင် ရသည်ကို အလွန် ပျော်ရွှင်နေသည်။ အားလပ်ချိန်များတွင် စာအုပ်နှင့်မျက်နှာ ဘယ်တော့မှမခွာ။
"၀က်သစ်ချဆောင်"၌ စားပွဲထိုးရသောအခါများတွင်လည်း အခြားစားပွဲထိုး များလို အလကားမနေ။ လာရောက် စားသောက်ကြသော နာမည်ကျော်ပုဂ္ဂိုလ်များ၏ အပြောအဆို အပြုအမူများကို မျက်ခြည် မပြတ် လေ့လာမှတ်သားသည်။ စီးပွားရေး လုပ်ငန်း ပိုင်ရှင်ကြီးများအား အထူးဂရုစိုက်၍ ပြုစုသည်။
အထွေထွေဗဟုသုတနှင့် ဘ၀အမြင်ရင့် သန်ရေးအတါက်လည်း စကော့ဖစ်ဂျာရယ်၊ ဆင်ကလဲယားလူးဝစ်၊ သီအိုဒို ဒရိုက်ဇာ၊ အိပ်ခ်ျအယ်လ်မင်ကင်စသော စာရေးဆရာကြီးများ၏ သုတရသစာပေများကို အမြဲတမ်း ဖတ်သည်။ အခြားစားပွဲထိုးတွေက ပေါ်ပင်သတင်းစာ "မီရာ"ကို ဟိုလှန်သည်လှန် လုပ်နေချိန်တွင် အေဘယ်က "နယူးယောက်တိုင်း"သတင်းစာကြီးကို အသေးစိတ် ဖတ်ရှုလေ့လာသည်။
သူများတွေ အိပ်ငိုက်နေချိန်တွင် သူက "ဝေါစထရိဂျာနယ်" သတင်းစာကို ဖတ်နေသည်။ သူသည် ပညာဗဟုသုတကို အငမ်းမရ လိုချင်စိတ်ဖြင့် သဲသဲ မဲမဲ လေ့လာဆည်းပူးနေသော်လည်း ထိုပညာကို ဘယ်လို အသုံးချရမည်ဆိုသည်ကိုကား လုံးဝမစဉ်းစားမိ။ သို့သော် သူက ကျေးဇူးရှင်နယ်စားကြီး မကြာ ခဏ ပြောခဲ့ဖူးသော အဆုံးမကိုတော့ အမြဲတမ်း စွဲမှတ်ထားသည်။ "ပညာရွှေအိုး လူမခိုး"
*
၁၉၆၂ ခုနှစ်၊ သြဂုတ်လ၏ ကြာသပတေးနေ့ တစ်နေ့ကို အေဘယ်က ကောင်းကောင်း မှတ်မိနေသည်။ ထိုနေ့တွင် ရူဒေါ့ဗလင်တီနို ကွယ်လွန်သည်။ ပဉ္စမရိပ်သာလမ်းထဲတွင် ဈေးလာကြသော အမျိုးသမီး အများစု သည် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမည်းရောင်ဝတ်စုံများကို ၀တ်ဆင်လာကြသည်။
ထို့နေ့က အေဘယ်သည် ခါတိုင်းလိုပင် ထောင့်စွန်းစားပွဲများတွင် စားပွဲထိုးနေသည်။ ထောင့်စွန်း စားပွဲများကို ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအတွက် အမြဲတမ်း သီးသန့်စီစဉ်ထားသည်။ သူတို့က စီးပွားရေးကိစ္စများကို လူမကြား သူမကြား လွတ်လွတ်လပ်လပ် ပြောကြသည်။ ထိုပုဂ္ဂိုလ်များအာ ပြုစု ရသည်ကို အလွန်ကျေနပ်သည်။ သူတို့ပြောနေသော စကားတစ်ခွန်းတစ်ပါဒကို အမှတ်မထင် ကြားရ သည်မှာ အေဘယ်အတွက် အလွန်အကျိုးရှိသည်။
ဧည့်ခံကျွေးမွေးသော ပုဂ္ဂိုလ်သည် ဘဏ်လုပ်ငန်းရှင်တစ်ဦး၊ သို့မဟုတ် အိမ်ငှားမြေငျားလုပ်ငန်းရှင် တစ်ဦးဖြစ်ခဲ့လျှင် အေဘယ်က ဧည့်ခံပွဲ ပြီးဆုံးသွားသောအခါ ဧည့်သည်များ၏ လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံစာ များကို ရှာဖွေလေ့လာသည်။ ထို့နောက် များစွာလုပ်ငန်းမကျယ်ပြန့်သေးသော ကုမ္ပဏီတွင် ဒေါ်လာ တစ်ရာခန့်မျှ အစုရှယ်ယာ ၀င်လိုက်သည်။ ရည်ရွယ်ချက်ကတော့ ယင်းကုမ္ပဏီကလေးကို အခြားကုမ္ပဏီ တစ်ခုခုနှင့် ပေါင်းပစ်လိုက်လျှင်ဖြစ်စေ၊ ကုမ္ပဏီကြီးက ၀ယ်ယူလိုက်လျှင်ဖြစ်စေ သူအနေဖြင့် ငွေလုံးငွေရင်း ကြီးမားသော ကုမ္ပဏီကြီးတစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီးသား ဖြစ်သွားစေနိုင် သောကြောင့် ဖြစ်သည်။
အကယ်၍ ဧည့်ခံကျွေးမွေးသူက စားသောက်ပွဲအပြီးတွင် ဆေးပြင်းလိပ်မှာလျှင် အေဘယ်က သူ၏ ရင်းနှီး မြှုပ်နှံငွေကို ဒေါ်လာ ၂၀၀ အထိ တိုးမြှင့်သည်။ ဤနည်းအားဖြင့် ၁၀ ကြိမ်ရင်းနှီးမြှုပ်နှံသည့်အနက် ခုနှစ်ကြိမ် မှာ ခြောက်လအတွင်း နှစ်ဆတိုးလာသည်။ သူသည် ပလာဇာဟော်တယ်တွင် လေးနှစ်တာမျှ လုပ်ကိုင် သည့် ကာလအတွင်း သုံးကြိမ်မျှသာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
ထိုနေ့က အခန်းထောင့်စားပွဲတွင် လာရောက်စားသောက်သော ဧည့်သည်များ သည် ခါတိုင်းထက်ပို၍ ဆေးပြင်းလိပ် များ တောင်းကြသည်။ အေဘယ်သည် ဧည့်သည်မှတ်ပုံတင်စာရင်ကို သွားကြည့်သည်။ ဧည့်ခံသည့် ပုဂ္ဂိုလ်နာမည်က ၀ူးလ်ဝပ်။ သူသည် သည်နာမည်ကို စာနယ်ဇင်းပေါင်းစုံ၏ စီးပွားရေး ကဏ္ဍ များတွင် မြင်ဖူးသည်။ သို့သော် မည်သူမည်ဝါမှန်းတော့အ တအကျမသိ။ နောက်တစ်ယောက်က ချားလ်စ် လက်စတာ။ ပလာဇာဟိုတယ်၏ အချိန်မှန် ဖောက်သည်ကြီးတစ်ယောက် ဖြစ်သည်။
သည်ပုဂ္ဂိုလ်သည် ဘဏ်လုပ်ငန်းပိုင်ရှင်ကြီး တစ်ယောက်ဖြစ်ကြောင်း အေဘယ်က ကောင်းကောင်း သိထားပြီးဖြစ်သည်။ အေဘ်သည် စားသောက်ပွဲတွင် စားပွဲထိုးရင်း ဧည့်သည်များပြောနေသော စကားကို ဂရုစိုက် ၍ နားစွင့်သည်။ ဧည့်သည်တွေက အေဘယ်ကို လုံးဝဂရုမစိုက်ကြ။
ဧည့်သည်များ ပြောနေသော စကားအရဆိုသော် ယနေ့ညနေပိုင်းတွင် စီးပွားရေးနှင့် ပတ်သက်သော သတင်းတစ်ရပ်ကို ဆိုင်းရာမှ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်းသိရသည်။ ယခုမှ သူသတိရသည်။ ၀ူးလ်ဝပ်၏ နာမည်ကို ဝေါ့စထရိဂျာနယ် သတင်းစာတွင် သူမြင်ဖူးသည်။ ၀ူးလ်ဝပ်သည် အမေရိကန် နိုင်ငံ တွင် ငါးဆင့်မှ ဆယ်ဆင့်အထိ အစုရှယ်ယာ သတ်မှတ်ထားသော ကုန်စုံဆိုင်များကို ပထမဦးစွာ ဖွင့်လှစ်ရန် ကြိုးစား နေသော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အေဘယ်က သူလည်း ငါးဆင့်အစု ရှယ်ယာဝင်ရန် ဆုံးဖြတ် လိုက်သည်။
ဧည့်သည်များ ထမင်းစားသောက်ပြီး၍ အချိုပွဲ သုံးဆောင်နေစဉ်တွင် အေဘယ်သည် စားသောက်ခန်းမှ ခေတ္တ ထွက်လာခဲ့ပြီး ဝေါလ်စထရိရပ်ကွက်မှ စတော့ပွဲ စားထဲ တယ်လီဖုန်းလှမ်းဆက်သည်။
'၀ူးလ်ဝပ်လုပ်ငန်းမှာ အမြင့်ဆုံး ကန့်သတ်ရှယ်ယာအထိ ၀ယ်လိုက်ပါ၊ ညနေပိုင်း ကြေငြာချက် ထုတ်ပြန် လိမ့်မယ်'
'ကြေငြာချက်က ဘာတဲ့လဲ'
'ဒါကတော့ တယ်လီဖုန်းနဲ့ ပြောလို့မဖြစ်ဘူး'
ပွဲစားက တော်တော်ကျေနပ်သွားသည်။ အေဘယ်သည် စေ့စပ်သေချာသူ နှုတ်လုံသူဖြစ်ကြောင်း သူကောင်း ကောင်းကြီးသိထားသည်။
အေဘယ်သည် စားသောက်ခန်းသို့ အချိန်မီ ပြန်လာပြီး ဧည့်သည်များအား ကော်ဖီပွဲများ ချပေးသည်။
စားသောက်ပြီးသွားသောအခါ ဧည့်ခံပြုစုသူက ကုန်ကျစရိတ် ဘောက်ချာကို ငွေရှင်းပေးသည်။ ပြုစုဧည့်ခံမှု ကောင်း၍ အေဘယ်အား ကျေးဇူးတင်စကားပြောသည်။ ပြီးတော့ အခြားပုဂ္ဂိုလ်များ ကြားလောက် သောလေသံဖြင့် အေဘယ်အား မေးသည်။
'ဟေ့ သူငယ်၊ မင်းက ဘောက်ဆူးလိုချင်သလား'
'ကျေးဇူးတင်ပါတယ် ခင်ဗျား'
'ဒါဆို ၀ူးလ်ဝပ် လုပ်ငန်းမှာ ရှယ်ယာဝင်လိုက်ပါ'
ဧည့်သည်တွအားလုံး ရယ်လိုက်ကြသည်။ အေဘယ်ကလည်း ရောယောင်ရယ် လိုက်သည်။ ဘောက်ဆူး ငါးဒေါ်လာ ကို လက်ခံ၍ ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်သည်။
နောက်ခြောက်လ အတွင်းတွင် သူသည် ၀ူးလ်ဝပ်၏ ရှယ်ယာကို ၀ယ်ယူမြှုပ်နှံသော လုပ်ငန်းမှ အမြတ် ငွေ ၂၄၁၂ ဒေါ်လာတိတိ ရရှိခဲ့လေသည်။
*
အေဘယ်သည် အသက် ၂၁ နှစ်ပြည့်၍ ရက်အနည်းငယ်အကြာတွင် အမေရိကန်တိုင်းရင်း သားအဖြစ် အပြည့် အ၀ အသိအမှတ်ပြုခြင်း ခံရသည်။
သူက ၀မ်းသာခြင်းအထိမ်းအမှတ်အဖြစ် ပျော်ပွဲကလေးတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်သည်။ သူ့ မိတ်ဆွေ ဂျော့နှင့် ဂျော့၏ နောက်ဆုံးချစ်သူ ပိုနီကာအပြင် ဂျော့၏ ချစ်သူဟောင်း ကလာရာကိုပါ ဖိတ်သည်။ ပြီးတော့ လေးယောက်သား"အန်ဂျူအန်"ရုပ်ရှင်ကားကို သွားကြည့်ကြသည်။ ရုပ်ရှင် ကြည့်ပြီးတော့ "ဘီဂို"ဟိုတယ်တွင် ညစာစားကြသည်။
ဂျော့မှာ သူ့ဦးလေးမုန့်ဖိုတွင် တစ်ပတ်လျှင် ရှစ်ဒေါ်လာဖြင့် အလုပ်သင် အဆင့်က လုံးဝမတက်သေး။ အေဘယ် က ဂျော့အား အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်အဖြစ် သဘောထားသည်။ သို့သော် သူနှင့် ဂျော့တို့ ၏ အဆင့်အတန်းချင်း ကွာခြားချက်ကိုတော့ စိတ်မကောင်းဖြစ်မိသည်။ ဂျော့က ယခုအချိန်တွင် ပိုက်ဆံ တစ်ပြားမှ မရှိသော ပေါင်မုန့် ဖုတ်အလုပ်သင်ဘ၀။ သူကတော့ ဘဏ်စုငွေ ရှစ်ထောင်ကျော်ရှိသော ပလာဇာဟိုတယ်မှ အဆင့်မြင့်စားပွဲထိုး။ ပြီးတော့ ကိုလံဘီယာတက္ကသိုလ်တွင် စီးပွားရေး အဓိက ၀ိဇ္ဇာဘွဲ့ နောက်ဆုံးနှစ်ကျောင်းသား။ အေဘယ်က သူဘယ်ခရီးကို ဘယ်လို ရှေ့ ဆက်လျှောက် လှမ်းရမည်ဆိုသည်ကို ပြတ်ပြတ်သားသား သိထားပြီးဖြစ်သည်။ ဂျော့ကတော့ ယခင် အတိုင်းပင် တစ်နေ့ သူနယူးယောက်မြို့တော်ဝန် ဖြစ်ရမည်ဟု၍ လူတိုင်းကို လျှောက်ကြွားနေတုန်းပင်။
မည်သို့ပင်ဖြစ်စေ၊ ထိုနေ့က သူတို့လေးယေက်သား တော်တော်ပျော်ကြသည်။ စကားတွေလည်း ဖောင်လောက်အောင် ပြောဖြစ်ကြသည်။ အစားအသောက်တွေကလည်း အရသာရှိလှသည်။ အေဘယ်က ဟိုတယ် မှာ အစားအသောက်ကောင်းကြောင်း နောကျေ ထားသူမဟုတ်လား။ အေဘယ်က စားသောက် ရှင်းပေး လိုက်တော့ ဂျော့မှာ မျက်လုံးမျက်ဆံပင် ပြူးသွားမိသည်။ စားသောက်ခ ကုန်ကျငွေမှာ သူတစ်လ လုံးလုံး လုပ်ခရသော ငွေထက် ပိုနေသောကြောင့်ဖြစ်သည်။
သို့ပေမဲ့ အေဘယ်က ဘောက်ချာကို နှစ်ခါပြန်မကြည့်ဘဲ ခပ်တည်တည်နှင့် ရှင်းပေးလိုက်သည်။
'ဟိုတယ် တစ်ခုတွင် စားသောက်ခရှင်းလျှင် ဘောက်ချာကို လုံးဝဂရုမစိုက်နှင့်။ ဂရုစိုက်လျှင်လည်း ယင်းဟိုတယ် သို့ နောက်ထပ် လုံးဝမသွားနှင့်တော့။ သို့သော် ဘယ်လို ပဲ လုပ်လုပ် ဟိုတယ်အကြောင်း လုံးဝ မဝေဖန်ပါနှင့်။ အံ့သြမှုလည်း လုံးဝမပြပါနှင့်။'
ဤသည်မှာ သန်းကြွယ်သူဌေး တွေဆီက အေဘယ်ရလိုက်သော သင်ခန်းစာ ဖြစ်သည်။
သူတို့ စားသောက်ပြီးချိန်တွင် မနက်ရှစ်နာရီထိုးနေပြီ။ ဂျော့နှင့် ပိုနီကာတို့ အရှေ့ပိုင်းရပ်ကွက်သို့ ပြန်ကြ သည်။ ဂျော့နှင့် ပိုနီကာတို့က အရှေ့ပိုင်း ရပ်ကွက်သို့ပြန်ကြသည်။ ကလာရာမှာတော့ အတွဲမရှိ၍ စားပွဲ တွင် ငူငူကြီးထိုင် ကျန်ရစ်သည်။ သို့ဖြင့် မထူးတော့ပါဘူးဆိုပြီး အေဘယ်က ကလာရာကို ပလာဇာ ဟိုတယ် သို့ တိတ်တိတ်ကလေး ခေါ်သွင်းသွားပြီး တစ်ညတာကို ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်း လိုက်တော့ သည်။
*
ကိုလံဘီယာတက္ကသိုလ်မှ ဘွဲ့ရပြီးသောအခါ အေဘယ်သည် ပလာဇာဟိုတယ်မှ စားပွဲထိုး အလုပ် ကိုငြီးငွေ့ လာသည်။ သို့သော် ဘာအလုပ်လုပ်ရမည်ဆိုသည်ကိုလည်း တိတိကျကျ ဘာမှ မဆုံးဖြတ် နိုင်သေး။ သူ့ပတ်ဝန်းကျင်တွင် အမေရိကန်တစ်ပြည်လုံး၌ အကျော်ကြား ဆုံးသော ပုဂ္ဂိုလ်ကြီးများနှင့် ပြည့်နက် နေသော်လည်း ၄င်းတို့နှင့် ရင်းနှီးအောင် ချည်းကပ်ရန် ခက်ခဲလျက်ရှိနေသည်။ ၄င်းတို့က သူလို သာမန် စားပွဲထိုး ကလေး တစ်ယောက်အား ဘောက်ဆူးပေးရုံထက်အပြင် တရင်းတနှီး ဆက်ဆံလိုသော ဆန္ဒရှိပုံ မပြကြ။ တစ်ဖက်တွင်လည်း သူက ပလာဇာလို နာမည်ကြီးဟိုတယ်တွင် စားပွဲထိုးမှူး ဖြစ်ချင်စိတ် ကလေးကလည်း ရှိနေပြန်သေးသည်။
တစ်နေ့တွင် မစ္စတာ အယ်လ်စ်ဝပ် စတက်တလာတို့ လင်မယား ဟိုတယ်သို့ နေ့လယ်စာစားရန် ရောက်လာကြသည်။ အေဘယ်က ဒီတစ်ချီတော့ အခွင့်ကောင်းပေါ်ပြီ ဟု တွေးလိုက်သည်။ မစ္စတာ စတက် တလာမှာ နာမည်ကျော် ဟိုတယ်လုပ်ငန်းပိုင်ရှင်ကြီး ဖြစ်၍ အေဘယ်က သူတတ်နိုင်သမျှ အစွမ်းကုန် ပြုစုသည်။ စားသောက်ပြီးသောအခါ မစ္စတာ စတက်တလာက အေဘယ်အား ကျေးဇူးတင်စကားပြောပြီး ဆယ်ဒေါ်လာ ဘောက်ဆူးပေးသွားသည်။ အေဘယ်မှာ သည်မျှနှင့်ပင် ကျေနပ်လိုက်ရတော့သည်။
အေဘယ်က ဟိုတယ်လုပ်ငန်းရှင်ကြီး လင်မယား ပြန်ထွက်သွားသည်ကို ငေး၍ ရပ်ကြည့်ကျန်ရစ်စဉ် စားပွဲထိုးမှူး ဆန်မီက သူ့ပုခုံးကို လာပုတ်သည်။
'ဟေ့ကောင် အေဘယ်၊ မစ္စတာ စတက်တလာဆီက မင်းဘာရလိုက်သလဲ'
'ဘာမှ မရလိုက်ပါဘူး'
'သူက မင်းကို ဘောက်ဆူးပေးမသွားဘူးလား'
'အို.. ဟုတ်ကဲ့၊ ဘောက်ဆူးတော့ ပေးသွားတယ်၊ ၁၀ ဒေါ်လာပါ'
အေဘယ်က ပိုက်ဆံကို ဆန်မီအား ပေးလိုက်သည်။
'ပိုက်ဆံ တစ်ဆယ်က ဘာမှတန်ဖိုးမရှိပါဘူးကွာ၊ မင်းအနေနဲ့ သူတို့လင်မယားကို အကောင်းဆုံး ပြုစုလိုက်တာ အမြတ်ပဲပေါ့'
'ကျွန်တော့်အနေနဲ့ ဘာမှမမြတ်ပါဘူး'
'မင်းက ဘာကိုဆိုလိုတာလဲ'
'အို... ဘာမှမဟုတ်ပါဘူး'
အေဘယ်က ဆက်မပြောလိုတော့သဖြင့် နေရာမှ ထွက်သွားရန် ခြေလှမ်းပြင်လိုက် သည်။ ဆန်မီက လိုက်တားသည်။
'ခဏနေစမ်းပါဦးကွ၊ ငါပြောစရာရှိလို့၊ မင်းအတွက် ငါဆီမှာ စာတစ်စောင်ရောက် နေတယ်၊ စားပွဲနံပါတ် (၁၇) က မစ္စတာလီရွိုင်းဆိုတဲ့လူက မင်းနဲ့ နှစ်ယောက်ချင်း စကားပြောချင်လို့တဲ့'
'ဘာကိစ္စလဲ ဆန်မီ'
'အဲဒါတော့ ငါက ဘယ်သိမလဲကွ၊ မင်းရဲ့ မျက်လုံးပြာတွေကို ကြိုက်လို့ရှိမှာပေါ့'
အေဘယ်က စားပွဲနံပါတ် (၁၇)ဘက်သို့ လှမ်းကြည့်လိုက်သည်။ သည်စားပွဲမှာ မီးဖိုခန်းတံခါးနှင့် ကပ်နေသည်။ အရေးပါသော ပုဂ္ဂိုလ်များအတွက် နေရာမျိုးမဟုတ်။ သည်လိုစားပွဲမျိုးထိုင်သော ပုဂ္ဂိုလ် များကို ဧည့်ခံပြုစုရန် အေဘယ်က အမြဲတန်း ရှောင်နေခဲ့သည်။
'သူက ဘယ်သူလဲ ဆန်မီ၊ သူ ဘာကိစ္စရှိလို့လည်း'
'မင်းကလည်း ငါမသိပါ့ဘူး ပြောနေမှပဲ၊ ငါက မင်းလို ဟိုတယ်ရောက်လာတဲ့လူကို အစားအသောက် ကောင်းကောင်း စီစဉ်ပေးမယ်၊ ဘောက်ဆူးကောင်းကောင်း ပေးချင်အောင် ပြုစုရမယ်၊ နောက်ထပ် ဟိုတယ် သို့ လာချင်အောင် ဆွဲဆောင်မယ်၊ ငါက ဒါလောက်ပဲ လုပ်တတ်တယ်၊ ဒါလောက်ဆိုရင်ပဲ ငါ့အတွက် ကျေနပ်လောက်ပြီ၊ ကဲ... ကဲ၊ မင်းလူဆီ သွားကြည့်လိုက်ပါအုံး ပိုက်ဆံပေးရင်တော့ လက်မနှေး ပါနဲ့ ကိုယ့်လူ၊ ရဲရဲတင်းတင်းယူပြီး ငါ့ဆီသာ အမြန်လာခဲ့ပေတော့ကြားလား'
အေဘယ်က ဆန်မီ၏ ထိပ်ပြောင်ကြီးကိုကြည့်ကာ ပြုံးလိုက်သည်။ ပြီးတော့ စားပွဲနံပါတ် (၁၇) သို့ လျှောက်လာခဲ့သည်။
စားပွဲတွင် လူတစ်ယောက်နှင့် မိန်းမငယ်တစ်ယောက် ထိုင်နေသည်။ လူကြီးက ရေင်စုံ ဂျက်ကက် အင်္ကျီကို ၀တ်ထားသည်။ မိန်းမငယ်က ရွှေရောင်ဆံပင်နှင့် တော်တော် ချောသည်။ နယူးယောက်မြို့မှ အဘိုးကြီး ၏ တွဲဖက်မကလေး ဖြစ်လိမ့်မည်ဟု အေဘယ်က ခန့်မှန်းလိုက်သည်။
အေဘယ်သည် အဘိုးကြီးနားကပ်သွားပြီး လေးလေးစားစားဟန်နှင့် မေးလိုက်သည်။
'ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ပါခင်ဗျာ'
အေဘယ်က လီရွိုင်းထံမှ မျက်လုံးကိုခွာကာ မြစိမ်းရောင် မျက်လုံးပိုင်ရှင် အပျိုချောကလေးဘက်သို့ လှည့်ကြည့် လိုက်သည်။
'မင်းကို ငါစောင့်ကြည့်နေတာ ငါးရက်တိတိရှိသွားပြီ အေဘယ်'
မစ္စတာလီရွိုင်းက ရင်းနှီးသောလေသံဖြင့် ပြောသည်။ အေဘယ်က မစ္စတာလီရွိုင်း ကို လွန်ခဲ့သော ငါးမိနစ် လောက်ကမှ သတိပြုမိခဲ့သည်ကို အားနာခြင်း ဖြစ်မိသည်။
'မင်းလုပ်ပုံကိုင်ပုံတွေကို ငါမြင်ရတာ တော်တော်ကျေနပ်မိတယ်၊ မင်းက အဆင့်အတန်းရှိတဲ့ စားပွဲထိုး ကောင်း တစ်ယောက်ပဲ၊ ငါက အဲဒီလိုလူမျိုးကိုမှ သဘောကျတာ၊ ဒါကြောင့်မို့လို့လည်း မင်းနဲ့ စကား ပြောချင်လို့ ခေါ်လိုက်တာပဲ၊ မစ္စတာ စတက်တလာက ဟိုတယ်ပိုင်ရှင်ကြီးတစ်ယောက် လုပ်နေပြီး မင်းရဲ့ အရည်အချင်း ကို အကဲမခတ်မိတာ ငါတော့ အံ့သြလို့မဆုံးဘူး'
အေဘယ်က မစ္စတာလီရွိုင်းကို အနီးကပ် အကဲခတ်ကြည့်သည်။ ပါးနှစ်ဖက်က လည်း ခရမ်းရောင်၊ ဗိုက်ပူပူ နှင့်။ သည်ပုဂ္ဂိုလ်ကို ယခင်က သူသတိမထားခဲ့မိသည်မှာ အမှန်ပင်ဖြစ်သည်။ အက်ဒွပ် ခန်းမဆောင် တွင် စားပွဲ၃၉လုံးရှိသည့်အနက် ၃၇လုံးတွင် ထိုင်လာသမျှ၊ ပုဂ္ဂိုလ်တိုင်း၏ နောက်ကြောင်းကို သူ သိသည်။ ယခုတော့သည် ပုဂ္ဂိုလ်၏ နာမည်ကိုရော၊ မျက်နှာကိုပါ လုံးဝမျက်မှန်း မတန်းမိခဲ့သည်မှ အမှန်။
မစ္စတာလီရွိုင်းက ဆက်ပြောသည်။
'အမှန်အတိုင်းပြောရရင် ငါက မင်းတို့ဟိုတယ်မှာ တည်းနေတုန်းအခန်းထောင့် စွန်းက စားပွဲမှာ ထိုင်လေ့ ရှိတဲ့ ကုဋေကုဋာကြွယ်ဝတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး'
အေဘယ်က အဘိုးကြီး၏ ပွင့်လင်းမှုကို သဘောကျမိသည်။
'ဒါပေမဲ့ ငါကလည်း လူညံ့တစ်ယောက်တော့ မဟုတ်ပါဘူး၊ ငါရဲ့အကောင်းဆုံး ဟိုတယ်ကိုလည်း တစ်နေ့ နေ့မှာ ဒီဟိုတယ်လို နာမည်ကြီးအောင် ကြိုးစားဖို့ ရည်စူးထားတဲ့လူပါ'
'ဟုတ်ကဲ့၊ အများကြီး ကောင်းပါတယ် ခင်ဗျာ'
'အဲဒီတော့ မောင့်ကိုတိုတိုနဲ့ လိုရင်းပဲ ပြောပါရစေတော့၊ ငါရဲ့ဟိုတယ်တွေထဲက နံပါတ်တစ်ဟိုတ်မှာ လက်ထောက် မန်နေဂျာတစ်ယောက် လိုနေတယ်၊ စားသောက်ခန်းကို ကြီးကြပ်ရမယ့်လူ ဆိုပါတော့၊ မောင်ရင် စိတ်ဝင်စးလို့ရှိရင် တာဝန်အားတဲ့အချိန်မှာ ငါအခန်းကို လာခဲ့ပါ'
မစ္စတာလီရွိုင်းက အေဘယ်အား ဖောင်းကြွစာလုံးနှင့် ရိုက်ထားသော လိပ်စာ ကတ်ပြားကို ထုတ်ပေး သည်။
အေဘယ်က လိပ်စာကတ်ကို လှမ်းယူရင်း -
'ကျေးဇူးတင်ပါတယ် ခင်ဗျာ'
ပြီးတော့ လိပ်စာကတ်ကို ဖတ်ကြည့်လိုက်သည်။
"ဒေးဗစ်လီရွိုင်း၊ ရစ်ခ်ျမွန့်ဟိုတယ်လုပ်ငန်း၊ ဒါးလက်မြို့"
ယင်းအောက်မှ စာတန်းကတော့......
"တစ်နေ့တော့ ပြည်နယ်တိုင်းတွင် ဟိုတယ်တစ်ခုစီ တည်ထောင်ရမည်"
'မင်းကို ငါမျှော်နေပါ့မယ်၊ အားတဲ့အချိန် လာခဲ့ပါ'
'ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ'
အေဘယ် က မယ်လာနီဘက်သို့လှည့်ပြီး ပြံးပြလိုက်သည်။ ပြီးတော့ စားပွဲထိုးမှုး ဆန်မီထံသို့ ပြန်လာခဲ့သည်။
'ရစ်ခ်ျမွန် ဟိုတယ် လုပ်ငန်းဆိုတာ ကြားဖူးသလား ဆန်မီ'
ကြားဖူးတာပေါ့ကွ၊ ငါ့ညီတစ်ယောက်တောင် တစ်ခါတုန်းက သူတို့ပိုင်ဟိုတယ် တစ်ခုမှာ လုပ်ခဲ့ဖူး သေးတယ်၊ အမေရိကန်တောင်ပိုင်းမှာ သူပိုင်ဟိုတယ် ရှစ်ခုကိုးခုလောက် ရှိမယ်ထင်တယ်၊ ပိုင်ရှင် ကတော့ ခပ်ကြောင်ကြောင် တက္ကဆက်ပြည်နယ်သား တစ်ယောက်ပဲကွ၊ သူ့နာမည်တော့ ငါမမှတ်မိဘူး၊ မင်းကဘာလို့ မေးရတာလဲ'
'အို...ဘာကြောင့်ရယ်လို့ မဟုတ်ပါဘူး၊ သိချင်လို့ မေးကြည့်တာပါ'
'မင်း သိချင်ရင် အကြောင်းတစ်ခုခုတော့ ရှိရမှာပေါ့၊ အဲဒီတော့ စားပွဲ(17)က ဘာပြောလိုက်သလဲ'
'မီးဖိုခန်း က သိပ်ပြီးဆူတယ်တဲ့'
'အဲဒီတော့ သူ့ကိုဝရန်တာခန်း ပို့လိုက်ပါတယ်၊ ဒီလူက သူ့ကိုယ်သူ ရော့ခ်ဖဲလား များ မှတ်နေသလား မသိပါဘူး၊ ကြီးကျယ်လိုက်တာ'
အေဘယ်က စကားဆက်မပြောတော့ဘဲ လုပ်စရာရှိသည်များကို ဆက်လုပ်သည်။ တာဝန်ပြီးတော့ သူ့အခန်း ကလေးထဲ လာခဲ့ပြီး ရစ်ခ်ျမွန်ဟိုတယ်လုပ်ငန်းအကြောင်း ရှာဖွေ စုံးစမ်းသည်။ သက်ဆိုင်ရာ များကို တယ်လီဖုံးသုံးလေးခါ ဆက်ကြည့်ရုံလောက်နှင့် ကိစ္စပြီးသွားသည်။
ရစ်ခ်ျမွန် ဟိုတယ်လုပ်ငန်းသည် ပုဂ္ဂလိကပိုင်ဖြစ်သည်။ စုစုပေါင်းဟိုတယ် ၁၀ရှိသည်။ အကောင်းဆုံးမှာ ရှီကာဂိုမြို့ မှ အိပ်ခန်း၃၄၂ခန်းရှိသော "ရစ်ခ်ျမွန်ကွန်တီ နင်တယ်" ဟိုတယ်ကြီး ဖြစ်သည်။
အေဘယ် က သူ့အနေဖြင့် မစ္စတာလီရွိုင်းနှင့် သူ့သမီးအခန်းသို့သွားလည်ခြင်းဖြင့် အက်ျိုး မယုတ်နိုင် ဟု ဆုံးဖြတ်လိုက်ပြီး အခန်းနံပါတ်(၈၅)သို့ လာခဲ့သည်။ အခန်း(၈၅)မှာ အသေးစားအခန်းများထဲတွင် အကောင်းဆုံး အခန်းတစ်ခန်း ဖြစ်သည်။ သူသည် လေးနာရီမထိုးမီ မိနစ်အနည်းငယ်တွင် အခန်း (၈၅)သို့ ရောက်လာ သည်။ မယ်လာနီုအား သူ့ဖခင်နှင့်အတူ မတွေ့ရ၍ အနည်းငယ် စိတ်အားလျော့သွားသည်။
'လာလည်တာ ၀မ်းသာပါတယ် အေဘယ်၊ ထိုင်ပါ'
ပလာဇာဟိုတယ်တွင် အေဘယ်လေးနှစ်ကျော်ကျော် လုပ်ကိုင်လာခဲ့သည့် ကာလ အတွင်း ယခု အကြိမ်သည် ဧည့်သည့်တစ်ယောက်နှင့်အတူ ထိုင်၍ ပထမဆုံး စကားပြော ရသော အကြိမ်ပင်ဖြစ်သည်။
'ဒီမှာလုပ်တာ ဘယ်လောက်ပေးသလဲ' မစ္စတာလီရွိုင်းက လိုရင်းကိုမေးသည်။ အေဘယ်က အံ့သြ သွားမိ သည်။
'ဘောက်ဆူး အပြင် တစ်ပတ်ကို ၂၅ဒေါ်လာ ပေးပါတယ်'
'ငါက တစ်ပတ်ကို ၃၅ဒေါ်လာပေးပါ့မယ်'
'ကျွန်တော် ဘယ်ဟိုတယ်မှာ လုပ်ရမှာလဲခင်ဗျာ'
'မင်းအရည်အသွေးကို အကဲခတ်ပြီး ငါအမှန်အတိုင်းပြောရရင် မင်းကဒီနေ့ သုံးနာရီခွဲမှာ အလုပ် တာဝန် ပြီးတယ်၊ နေက်နာရီဝက်အတွင်းမှာ ငါ့ဟိုတယ်လုပ်ငန်း အကြောင်း စုံစမ်းထောက်လှမ်းခဲ့တယ်၊ ငါပြောတာ ဟုတ်ရဲ့လား'
အေဘယ်က အဘိုးကြီးကို သဘောကျသွားသည်။
'ဟုတ်ပါတယ် ခင်ဗျာ၊ ရှီကာဂိုက "ရစ်ခ်ျမွန့်ကွန်တီနင်တယ်"ပါ'
'ဟုတ်ရမယ်လေ၊ ဟုတ်ရမှာပေါ့'
အေဘယ် က အမြန်ဆုံးစိတ်ကို အလုပ်ပေးပြီး မေးလိုက်သည်။
'ဟိုတယ်အမှုထမ်းတွေထဲမှာ လက်ထောက်မန်နေဂျာအထက်က လူဘယ်နှစ် ယောက် ရှိပါသေးသလဲ'
'မန်နေဂျာ နဲ့ ငါပဲရှိတယ်၊ မန်နေဂျာက လူအေးတစ်ယောက်ပါ၊ ပင်စင်ယူခါလည်း နီးနေပြီ၊ ငါက ရှီကာဂို ဟိုတယ် ကို အကြိုက်ဆုံးပဲ၊ ဒါပေမဲ့ တခြားဟိုတယ်တစ်ခုကိုလည်း လှည့်ပြီးကြီးကြပ်ရသေးတယ်၊ မယ်လာနီ ကလည်း ရှီကာဂိုမှာပဲ ကျောင်းတက်နေတော့ ငါ့အနေနဲ့ လိုအပ်တာထက် ပိုပြီး ရှီကာဂို ဟိုတယ်မှာ အချိန်ကုန်နေရတယ်၊ ရှီကာဂိုဟိုတယ်က အမေရိကန်ပြည်မြောက်ပိုင်းမှာ ငါ့ရဲ့ ပထမဆုံး ဟိုတယ်လည်း ဖြစ်တယ်၊ နယူးယောက်သားတွေက ရှီကာဂိုမြို့ကို သိပ်အထင်မကြီးကြဘူး၊ သူတို့က ရှီကာဂိုမြို့ကို စာအိတ်ကြီးတစ်အိတ်ပေါ်က တံဆိပ်ခေါင်းလောက်ပဲ သဘောထားကြတယ်၊ သူတို့ကိုယ် သူတို့ စာအိတ်ကြီးဖြစ်နေတာတော့ မသိကြဘူး'
အေဘယ်က ပြုံးမိသည်။
'လောလောဆယ်မှာတော့ ဟိုတယ်က လုပ်ငန်းသိပ်မအောင်မြင်ဘူး၊ နောက်ဆုံး လက်ထောက် မန်နေဂျာ လုပ်တဲ့လူကလည်း ဘာမပြောညာမပြောနဲ့ အလုပ်က နုတ်ထွက်သွားတယ်၊ ဒါကြောင့်မို့လို့ သူ့နေရာမှာ လူကောင်းတစ်ယောက် အမြန်ဆုံး လိုနေတယ်၊ ဟိုတယ်တစ်ခုလုံး အစွမ်းကုန် လည်ပတ် အောင် ဦးဆောင်နိုင်မည့် လူစားမျိုးပဲ လိုချင်တယ်၊ အဲဒီတော့ ငါပြောမယ် အေဘယ်၊ ငါဟာ မင်း အရည် အသွေး ကို စောင့်ကြည့်နေတာ ငါးရက်တိတိရှိပြီ၊ မင်းဟာ ငါလိုချင်တဲ့လူပဲ၊ အဲဒီတော့ ရှီကာဂိုကို မလာချင် ဘူးလား၊ ဘယ်နှယ်လဲ'
'ကျွန်တော့်ကို တစ်ပတ်မှာ ဒေါ်လာလေးဆယ်နဲ့ အမြတ်ငွေထဲ ဆယ်ရာခိုင်နှုန်း ပေးပါ၊ အဲဒါဆိုရင် ကျွန်တော်လုပ်မယ်'
'ဘာ...ဘာ...ဘယ်လို...' မစ္စတာလီရွိုင်းက အံ့အားသင့်သွားသည်။ 'င့ါဟိုတယ်မှာ ဘယ်မန်နေဂျာကိုမှ အမြတ်ငွေ ပေါ်က ရာခိုင်နှုန်းနဲ့ မပေးဘူး၊ မင်းတစ်ယောက်တည်းကို သာ ကွက်ပေးရင် ကျန်လူတွေ မီးတောက် ကုန်ကြလိမ့်မယ်'
'မစ္စတာလီရွိုင်းကသာ သူတို့ကို ပြန်မပြောရင် ကျွန်တော်ကလည်း ဘယ်တော့မှ ပြန်မပြောပါဘူး'
'ငါက လူမှန်နေရာမှန်တော့ ရွေးပြီးပြီး၊ ဒါပေမယ့် ကိုယ့်လူက သိပ်ပြီး ကြေးကြီးတောင်းနေတာကိုး' သူက ကုလားထိုင် လက်တန်းကို လက်ဝါးနှင် တစ်ချက်ပုတ်လိုက်ပြီး 'ကောင်းပြီလေ၊ မင်းတောင်းတာ ငါသဘော တူပါတယ်'
'ထောက်ခံစာ လိုပါသေးသလား ခင်ဗျာ'
'ဘာထောက်ခံစာလဲ၊ မလိုပါဘူး၊ မင်းအကြောင်း ငါအားလုံး သိထားပြီးပြီး၊ မင်းပိုလန်က ထွက်လာတဲ့ နေ့ကစပြီး နောက်ဆုံးကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး ၀ိဇ္ဇာဘွဲ့ရထားပြီးတဲ့အထိ အကုန်သိပြီးပြီ၊ ဒီတော့ မင်းဘယ်နေ့အလုပ်စ၀င်မလဲ'
'ဒီနေ့ကစပြီး တစ်လမြောက်တဲ့နေ့'
'ကောင်းပြီ၊ မင်းကိုငါ မျှောနေမယ်၊ တစ်လပြည့်တဲ့နေ့မှာ ဆက်ဆက်လာခဲ့ပါ'
အေဘယ်က ကုလားထိုင်မှ ပြန်ထသည်။ သူ တော်တော်ဝမ်းသာနေသည်။ မစ္စတာလီရွိုင်းနှင့် လှိုက်လှဲ ၀မ်းသာ လက်ဆွဲနှုတ်ဆက်သည်။ ပြီးတော့ ယုံကြည်မှု အပြည့်နှင့် အခန်းထဲမှ ပြန်ထွက် လာခဲ့လေသည်။
အေဘယ်အဖို့ ပိုလန်နိုင်ငံ၊ ဆလိုနင်မြို့ကလေးမှ ထွက်ခွာလာခဲ့ပြီးသည့်နောက်ပိုင်းတွင် နယူး ယောက်မြို့သည် ဒုတိယမြောက် ဇာတိချက်ကြွေ မွေးရပ်မြေလို ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း နယူး ယောက်မြို့နှင့် ပလာဇာဟိုတယ်တို့ကို ခွဲခွာပြီး ရှီကာဂိုမြို့သို့ သွားရမည်ဆိုသောအခါ သူ့အဖို့ မျှော်လင့် ထားသည်ထက် ပို၍စိတ်ထဲတွင် ထိထိခိုက်ခိုက် ခံစားရသည်။
သို့သော်လည်း တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသည့်အတိုင်း မိမိ၏အနာဂတ် ဘ၀ ကောင်းကျိုး အတွက် လူမှန်လျှင် ရေကြည်ရာမြက်နုရာကို ရှာကြရမည်ပင် မဟုတ်ပါလား။
သူသည် ရှီကာဂိုမြို့သို့မသွားမီ သူငယ်ချင်းဂျော့နှင့် မိုနီကာတို့ကိုလည်းကောင်း၊ ကိုလံဘီယာ တက္ကသိုလ် မှ မိတ်ဆွေများကိုလည်းကောင်း၊ စိတ်မကောင်းစွာဖြင့် သွားရောက် နှုတ်ဆက်သည်။ သူတို့ အားလုံး ကလည်း သူ့လိုပင် စိတ်မကောင်းခြင်း ဖြစ်ကြရသည်။
ပလာဇာဟိုတယ်မှ စားပွဲထိုးမှု ဆန်မီနှင့် လုပ်ဖော်ကိုင်ဖက်များကမှု အေဘယ် အတွက် နှုတ်ဆက်ပွဲ ကလေး တစ်ခုပင် ကျင်းပလိုက်ကြသေးသည်။
'တို့အနေနဲ့မင်းရဲ့ကောင်းရာကောင်းကြောင်း သတင်းကောင်းကို အမြဲတမ်းကြား နေရပါစေလို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ် အေဘယ်ရို့နော်စကီး'
ဆန်မီ၏နှုတ်ဆက်စကားကို အားလုံးကပင် ခေါင်းညိတ်သဘောတူကြသည်။ "ရစ်ခ်ျမွန့်ကွန့်တီနင်တယ်" ဟိုတယ်သည် ရှီကာဂိုမြို့လယ် လူစည်ကားသော မစ်ရှိဂန် ရိပ်သာလမ်းပေါ်တွင် တည်ရှိသည်။ အေဘယ် က ဟိုတယ်ကြီးကို ကြည့်ပြီး အလွန် သဘောကျနေမိသည်။ ခမ်းနားသောဟိုတယ်ကြီးကို မြင်ရတော့ သူက ကမ္ဘာကျော် ဟိုတယ်လုပ်ငန်းပိုင်ရှင် သူဌေးကြီး မစ္စတာ အယ်လ်ဝပ်စတက်တလာ ပြောလေ့ရှိသော ဆောင်ပုဒ် ကို သတိရမိသည်။
'ဟိုတယ်တစ်ခု တည်ထောာင်ရင် အချက်သုံးချက်နဲ့ ပြည့်စုံရမယ်၊ ပထမအချက် အဆင့် အတန်း မြင့်ရမယ်၊ ဒုတိယအချက် အဆင့်အတန်းမြင့်ရမယ်၊ တတိယအချက် အဆင့်အတန်းမြင့်ရမယ်"
ရစ်ခ်ျမွန့်ဟိုတယ်နှင့် ပက်သက်၍ အဆင့်အတန်းမြင့်တာတစ်ခုမှလွဲပြီး တခြားဘာမှ မရှိသည်ကို အေဘယ် ရက်ပိုင်းအတွင်း သိရှိလာရသည်။ မစ္စတာလီရွိုင်း ကလည်း သည်အချက်ကို သဘောပေါက် ထားပြီး ဖြစ်သည်။ ဟိုတယ်ကကောင်း သလောက် အမှုထမ်းများဘက်မှ အားနည်းနေသည်။
မန်နေဂျာ ဒက်စ်မွန်ပါစီမှာ မစ္စတာ လီရွိုင်းပြောသလို လူအေးတစ်ယောက် မဟုတ်ဘဲ လူပျင်း တစ်ယောက် သာ ဖြစ်ကြောင်း သိလာရသည်။ သူက အေဘယ်အား အခန်းကောင်းကောင်းမပေးဘဲ လမ်းဘက် သို့ ထိုးထွက်နေသော အခန်းကျဉ်းကလေး တစ်ခုကိုသာ ပေးသည်။ သဘောမှာ ပင်မ ဟိုတယ်ကြီး နှင့် ခပ်ဝေးဝေးထားချင်သည့် သဘောဖြစ်သည်။
အေဘယ်က ငွေစာရင်းစာအုပ်များနှင့် တည်းခိုသူ မှတ်ပုံတင်စာအုပ်များကို စစ်ဆေးကြည့်သည်။ သည်ဟိုတယ် ၏ နေ့စဉ်လုပ်ငန်းမှာ လုပ်နိုင်စွမ်းရည်၏ ၄၀ရာခိုင်နှုန်း မျှသာရှိနေသည်။ စားသောက်ခန်း တွင်လည်း တစ်နေ့မှ လူ့အပြည့်မရောက်။ ဟိုတယ်အမှုထမ်းတွေကလည်း နိုင်ငံခြားသားမျိုးစုံ ရောပြွမ်း နေသည်။ သူတို့က အင်္ဂ်လိပ် စကားကိုလည်း လိုလိုချင်ချင် ပြောချင်ပုံမရကြ။ သူတို့သည် နယူးယောက်မှ ရောက်သော ပိုလန်သားစားပွဲထိုးကလေးကို သိပ်ပြီး ဟက်ဟက်ပက်ပက် မလုပ်ချင်ကြကြောင်းကိုလည်း သူတို့ ၏ အမူအရာကြည့်၍ သိသာသည်။
ထို့ကြောင်လည်း နောက်ဆုံးလက်ထောက်မန်နေဂျာ ဆိုင်းမဆင့် ဗုံမဆင့်အလုပ်မှ နှုတ်ထွက် သွားခြင်း ဖြစ်မည်ဟု အေဘယ်က မှတ်ချက်ချလိုက်မိသည်။
မစ္စတာ လီရွိုင်းအကြိုက်ဆုံးဖြစ်သော ရှီကာဂိုဟိုတယ်သည်ပင် သည်လိုအခြေ အနေမျိုးရောက်နေလျှင် တခြား ဟိုတယ် ဆယ်ခု၏် အခြေအနေ ဘယ်လိုရှိမည်ဆိုသည့်ကို အထူးစဉ်စားနေစရာပင် မလိုတော့။
ရှီကာဂိုသို့ အေဘယ်ရောက်လာပြီးနောက် ရက်ပိုင်းအတွင်း သိရှိရသော မင်္ဂလာ သတင်းကောင်း ကတော့ မယ်လာနီ သည် မစ္စတာလီရွိုင်း၏ တစ်ဦးတည်းသောသမီး ဖြစ်သည်ဟူသော အချက်ပင်တည်း။
အခန်း (၁၄) ဆက်ရန်
.

No comments:
Post a Comment