Tuesday, May 4, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၆)

မင်းသားရူးနန်းတင်ပေးသလို

အလုပ်ခန်းထဲက အလုပ်သမားတွေမှာ ဘာအကြောင်းမှန်း မသိ၊ မျက်စိ မျက်နှာပျက်လျက် ခေါင်းငုံ့ ပြီး ၀င်းပေါက်ဆီသို့ ထွက်သွားနေကြသည်။ အလုပ်သမားများ ထွက်သွား၍ လူကုန်လျှင် စက်ခန်း နှင့် စာစီခန်း တံခါး များ ကို ဆွဲပိတ်သူက ပိတ်လိုက်ကြဒါကိုလဲ မြင်ရသည်။ ကျူးကျော်ဝင်ရောက်လာ ရုံမက အလုပ် တိုက် က တိုက်သားများကိုလည်း မောင်းထုတ်နေသည်ဟု ကြည့်ရင်းသိလာသည်။
တသက် လုံး ခေါင်းမဖေါ်ဝန့်သူက ဤသို့ ဇက်ရဲလက်ရဲ ပြုလူလာဝန့်သည်မှာ နောက်မှ ဘာဖြစ်ဖြစ် ခြံထဲ ပြန်ရောက် ပြီးရောဟု သိလိုက်ရသည့်အပြင် မောင်ဝမ်းကွဲဆိုသူ ရဲအရာရှိဟောင်းက ရန်သူ  အားပေး ပြုလာသည်။

အရှက်မရှိ ခေါင်းကြားဆန်ဆန်မျက်နှာပြောင်တိုက်၍ လာပို့သောကြောင့် နဂိုရ်သတ္တိမရှိသူကို ရောင့်တက် လာရန် ရဲဆေးတင်ပေးသည်။ အရက်ကိုးမောင်း တိုက်ထားသဖြင့် လူသားစိတ်ပျောက်ခါ အရူးတပိုင်း ဖြစ်နေသူ အား မင်းသားရူး နန်းတင်ပေးသလို အတင်းခေါ်ပြီး အိမ်ကလေးပေါ်တင်၍ အလုပ် တိုက်သား တွေကို နှင်ထုတ်ပစ်ပြီး ဒမြစီးသလို စီးစေခြင်း ဖြစ်ပါ သည်။ အတွင်းက လူတွေကလည်း ပါသည်။ အလုပ်သမား တို့ အင်အားအရ တင်းတင်းမာမာ ခံဝန့် သူမရှိ၍ ငလုံးဂျင်နိုင်နည်းမျိုး လုပ်ခံရခြင်း ဖြစ်လေ သည်။

ကျမသည် ရူးနေသည်နှင့် မခြားတော့သော အရက်မိုက်ရူးရဲအား အရူးနှင့် ပြိုင်လျက် အဖက်လုပ် ၍ စကားပြောရန်အခါ မဟုတ်ပါ၊ ဒေါမနဿ ဖြစ်သွားပါကလည်း ရောဂါအခြေအနေက ကောင်းသေး သည် မဟုတ်သော ကြောင့် စိတ်ကို သိပ်မလှုပ်ရှားစေ၀န့်ပါ။ ယခင်ငယ်စဉ်ကဆိုလျှင် ကျော်မကောင်း၊ ကြားမကောင်း အလောင်းချင်းထပ်၍ပင် ကုန်လိမ့်မည်ဟု ဆိုရဲပါသည်။

ယခုအခြေအနေက ခွေးရူးနှင့် ပြိုင်ကိုက်ရတော့မလို ကိန်းမျိုးဆိုက်နေသည်။ ကျူးကျော်စော်ကား မှု သာမက အောက်တန်းကျလှသော အပြုအမှုမျိုးကို ကျမက ယှဉ်ပြိုင် ပြုရမည်မှာ မိမိသိက္ခာဂုဏ် အသက်အရွယ်နှင့် မတန်မတရာကြီး ဖြစ်နေပါသည်။ အိမ်ထောင်သက် နှစ်ပေါင်း ၂၀မှာ တခါမျှ ဤသို့ ပြုမှုဝန်ခြင်းမရှိခဲ့၊ လွန်ခဲ့သော ၄-၅နှစ်အထိ စကားပြော အဆင်မပြေရုံနှင့်ပင် ကျမ စိတ်ထွက်လာပါက တွေ့ရာနှင့် ကိုင်ပေါက်တတ်သည်ကို တိမ်းရှောင် ဆင်းပြေးရပေါင်း များလှ၏။

ကျမ သဘောမျက်သော အလုပ်ကို ဗြောင်ကျကျ  ဘာမှမလုပ်ဝန့်၊ ကွယ်ရာမှာ ပုန်းလျှိုးကွယ်လျှိုး ပြုခဲ့ရသည်။ ဤသို့ ပုန်းလျှိုး၊ ကွယ်လျှိုး ပြုရင်း၊ ပြုရင်းမှ တရားလွန် ဖြစ်လာပြီး ဤအခြေအနေထိ အနာဝ ကျယ် လာရခြင်း ဖြစ်သည်။

အသက်အရွယ်ချင်းကလည်း သက္ကရာဇ်တခုတည်းဖြစ်၍တကြောင်း၊ လူချင်းပေါင်းစည်းမိသည်မှာ လည်း စီးပွားရေး အလုပ်သဘောအားဖြင့် အကျွမ်းဝင်နေရုံမက သူ့အဘို့ မျောက်သစ်ကိုင်းလွတ် ဖြစ်ရာ ဘ၀မှာ ကျမကို အမှီအခိုပြုခဲ့ရသူ ဖြစ်သည်။ ဘုရားပင်လျှင် အမှီရှိမှ ပွင့်ရသည်ဆိုသော စကားအတိုင်း ကျမကို အမှီအခိုပြုပြီးမှ ဤအခြေအနေမျိုးကို ရရှိလာသူ ဖြစ်သည်။ သည်တော့ ဘယ်တုံးကမှ မော်မကြည့်ဝန့်ခဲ့ဘဲ ယခုမှ လူဝါးဝဇာတ်ခင်းလာသည်။

ကိုယ့်အမှားကို ၀န်ခံ ရှင်းလင်းပြိးမှ ယုတ်မာ ညစ်ပတ်မှုတွေ သုံးလာသည်။ ဤမျှမက အလွန် အောက်တန်း ကျ၍ ရိုင်းစိုင်း လှသော အပြုအမူတွေကို ပက်ပက်စက်စက် သုံးဝန့်လာသည်။ ဇာတိစစ်စစ်က လူဖြစ် ခဲ့သူ များ အဘို့ ဒီလိုပုံပျက်၊ ပန်းပျက် အပြုအမူမျိုးကို လုပ်ရန် အရှက်အကြောက် တရားက တားဆီးထား မည် အမှန် ဖြစ်သည်။

နဂိုရ်ဇာတိမမှန်လျှင် ဆင်ခြင်နိုင်မည်မဟုတ်ပါ။ ထိုသို့ လူ့သဘာဝမှ အခြေအနေ အရှိန်ပြင်းစွာ ကျဆင်းသွားသူတဦးနှင့် ကျမက အဆင့်အတန်း မြင့်မြင့်သာ တရားဥပဒေဘောင်အတွင်းမှ ယှဉ်ပြိုင်မည်။ ထန်းရေမူသမား ငပြား၏ မယားမျိုးအဖြစ်နှင့် ဘက်ပြိုင်ရန် အကြောင်းမရှိတော့ပေ။ သို့ကြောင့် ၀ရံတာမှ ထွက်ကြည့် နေမိသော ကျမသည် ၀က်မစွတ် မောင်မောင်ကြီး၏သား မောင်ဝမ်းကွဲတော်သူ ပင်စင်ရ ခင်မောင်လတ် အား နင့်နှမ မမျှောင်မအတွက် ယောက်ဖကို လိုက်ပို့ လာရသလား၊ နင်တို့ တမိတဖသား အားလုံး ငါတို့ကို အမြဲ မကောင်းကြံခဲ့ကြဒါ ဒါအစွမ်းကုန်ဘဲလား ဟု သာ ပြောလိုက်မိသည်။

ဤတွင် အရက်မူးသမား ၄ကွက်သိုင်း နင်းနေသူက ဗလုံး ဗထွေး အိမ်ပေါ်မော့်ကြည့်ပြီး ပြောလိုက် သေးသည်။ (ကဲ ..... ပြန်လာပြီ၊ ဘာတတ်နိုင်သေးတလဲ ...... သတ္တိရှိ အောက်ဆင်းခဲ့)ဆိုသော စကားကို ကြားလိုက် သည်။ ပခုံးနှင့် ထမ်းခေါ်လာသူ ယောက်ဖရဲ ကို အားထားပြီး တော်တော်ကြီး ရဲစိတ် ရဲမာန် တက်လာ ပုံရသည်။ အနှစ် ၂၀လုံး ငုပ်လျှိုးနေသော အာဇာနည်သူရဲကောင်း အလောင်းဘုရား စိတ်ဓာတ် မျိုး လည်း ဒီအချိန်ကျမှ ပေါ်ပေါက်လာပုံရ သည်။ တသက်လု့း မော်မကြည့်ဝန့်သူက ဤမျှသူရသတ္တိ ပြည့်ဝ လာသည်။

ကျမသည် အရွယ်ကြီး ၍ တရားလက်ကိုင်နေပြီဖြစ်သူ မကျန်းမမာ၍ စိတ်ကို သက်သာသလို နေ နေရသူ တယောက် ဖြစ် ပါသည်။ ယခုမှ သတ္တိကောင်းယောက်ျားအဖြစ်နှင့် အရက် ကိုးမောင်းသောက်၍ လက်ပန်း ပေါက် ခပ်ပြလိုက်သည်။ သွေးတိုးရောဂါကြောင့် ဒေါသထွက်လျှင် ရုတ်တရက် သေနိုင်သည်ကို သိ၍ ဤသို့ ဒေါသ မထွက်လျှင် ထွက်အောင် တမင်ပြုခြင်းလည်း ဖြစ်သည်။ ကျမသည် လူယုတ်မာ၏ တိုက်စစ် ဆင်နည်း နည်းပရိယာယ်ကို နားလည်နေပြီ၊ သည်တော့ ဒေါသလည်းမထွက် အထက် တန်းကျကျသာ တရား ဥပဒေ နှင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပါသည်။

ညစ်ပတ်မှုအောင်ပွဲခံသည့်ည

ကျမကို အောက်မှနေ၍ ဘာတွေ ရန်ထောင်မှန်းမသိ၊ မိန်းမလိုတတွတ်တွတ် ပြောနေသော ရဲယောက်ဖ အား အရက်ရူးထနေသူက ပုခုံးကို ဖက်ပြီး သူ့ကားပေါ်တက်စေ၍ ပြန်စေရန် ချစ်ကြည် ရေး နှုတ်ခွန်း ဆက်လိုက် သောအခါ ကျေနပ်နှစ်သိမ့်စွာ ပြန်ထွက်သွားသည်။ လူ့သိက္ခာကျ တဏှာ ရာရူးဘ၀၊ အရက်ရူး ဘ၀ ရောက်နေသူကလည်း အိမ်ကလေး ပေါ်တက်သွားသည်။ ထိုခဏ၌ ခင်မောင်လေးအောက်မှ မော့၍ ပြောလာ သည်။

ကျွန်တော် တို့ ဒီည အလုပ်တိုက်ပိတ်လိုက်၍ သတင်းစာမထုတ်ရတော့ပါဟု ဆိုသည်။ ကျမအခန်းထဲ ပြန်ဝင် လာသော အခါ၌ စည်းဝါးညီညီ ညှိထားကြသည့်အတိုင်း ဒီညအဘို့ ညစ်ပတ်မှု အောင်ပွဲခံသည့် အထိမ်း အမှတ်နှင့် အယ်ဒီတာ အလိုတော်ရိများနှင့် ဘုန်းကြီးလူထွက် နောက်တော်ပါ အခါပေးတို့သည် အိမ်သစ် ကလေးပေါ်၌ အရက်ဝိုင်းဖွဲ့ကြသည်။ အမူးအရူးသောက်လျက် တယောက်တခွန်း ၀က်အော် အော်နေကြ သံတွေ ဆူညံနေသည်။

ရုံးအလုပ်ခန်း၊ စာစီခန်း၊ ပုံနှိပ်စက်စခန်း၊ မိုနိုစက်ခန်း၊ ဘလောက်လုပ်သော အခန်းနှင့် ဓာတ်ပုံ ကူးသော အခန်းများ အားလုံး ပိတ်ပြီးနောက် အယ်ဒီတာအများရှိ အပေါ်ထပ်တခုလုံးက အလိုတော် ရိ အယ်ဒီတာ များကို အိမ်သစ်ကလေးပေါ်သို့ မခေါ်ယူမှီ ညဘက် သတင်းထောက်များကိုလည်း လက်မကြီး တထောင်ထောင်နှင့် ဘိုဆန်ဆန် ကမ်းမွန် ဂက်ဒေါက် ဂက်ဒေါက်ဟု ရင်ကော့ကာ နှင်ထုတ်၍ သတင်း ထောက် ချုပ်ကအစ သတင်းထောက်များ ခေါင်းငုံ့ကာ တန်းစီပြီး ဆင်းသွားကြ ရသည်။ သည်အထိဘဲ ဘ၀င်မြင့် ရောဂါက သဲလာသည်။ လွန်ခဲ့သော ဘ၀ဟောင်းမှ ခြေသလုံးမွဲ နှင့် ခြေလျင် လမ်းလျှောက်ခါ လူတကာ ၏ အောက်သို့ ကြို့ကြို့ယို့ယို့ နေထိုင်ဆက်ဆံခဲ့ပုံမျိုးနှင့် အပြတ်အသတ် ကွာခြား ပြောင်းလဲ လာသည်။

တသက် နှင့် တကိုယ်မကြုံဘူး၊ မတွေ့ဘူးသော စည်းစိမ် ချမ်းသာမျိုးကို ရရှိလာရာ မပြည့်သော အိုးပမာ ဘောင်ဘင် ခပ်လာသည်။ လောကကြီး မှာ သူ့ထက်တောင်သူပင် မရှိသလောက် မောက်မာ သွေးကြွ စည်းစိမ် ယစ်ဝ လာသမျှ ဖုံးအုပ် ထိန်းချုပ်မရနိုင်အောင် ဖြစ်လာသည်။ ၁၉၃၈ခုနှစ် ပုံသဏ္ဍာန်နှင့် ၁၉၆၀ ခုနှစ် ပုံသဏ္ဍာန်မှာ အဖြူ နှင့် အမဲကဲ့သို့ ခြားနားပြောင်းလဲသွားသည်ဟူ၍ ဘ၀တူ အလုပ်ပြုတ်လာခဲ့သော နဂါးနီ တိုက်ထွက် လူဟောင်း များက အံ့တပါး ဖြစ်ကုန်ကြသည်။

သူ၏ သောက်ဖေါ်၊ သောက်ဘက် ဘုန်းကြီး လူထွက် အခါပေး ဆရာကပင် ကွာရှင်းပြီးစကလာ၍ ပြောဘူး သော စကားတရပ်၌ ယခုအုန်းခင် က အရင်ကျွန်တော်တို့သိခဲ့တဲ့ ခြေလျင်အုန်းခင်မျိုး မဟုတ်တော့ဘူး။ သိပ်သောက် ပြီး သိပ်မိန်းမ လိုက်၍ မိုက်နေတဲ့ အုန်းခင်ဖြစ်နေပြီး။ ဒီတော့ အရက်ကြောင့် အမှား အယွင်း တွေ ကို ဆက်ခါ ဆက်ခါ ကြူးလွန်နေခြင်း ဖြစ်ပါသည်ဟု ဆိုခဲ့သည်။

အရက်အလွန်အကျွံ သောက်သောကြောင့် အလွန်အကျွံမှားခဲ့သည်ဟုဆိုလျှင် အလွန်အကျွံမှား အောင် အရက် ကို အလွန်အကျွံ ခွက်ပြိုင်ချေပေးနေခဲ့ သူမှာလဲ ဒီဘုန်းကြီး လူထွက်ဘဲ ဖြစ်ပါသည်။ ဗိုလ်ချုပ် အစိုးရ ခေတ်မှစပြီး နေ့တိုင်း အိမ်သို့လာလျက် ဘိလိယက်ခန်းမှာ အရက်လာသောက်ရင်း၊ သောက်ရင်း ကုသိုလ် လဲရ ၀မ်းလဲဝ တပုလင်းက နှစ်ပုလင်း သုံးပုလင်း ကုန်အောင် ချစေရန် ပါရမီ ကူညီဖြည့်ခဲ့သည်။ 

ပြီးတော့ သူကဘဲ အရက်ကြောင့် မှားပြန်ပါသည်ဟု ကဲ့ရဲ့လိုက်သေး၏။ ယခု ထန်းရေမူးသမား ရမ်းကား ပုံမျိုး ၀င်ပြီးရမ်းကား လာသောအခါလည်း နောက်မြီးဆွလျက် အရက် ပုလင်းခါးထိုးလိုက်လာရာမှာလဲ သူဘဲ ဖြစ်ရာ၊ သူ၏အတိတ်ဖြစ်စဉ်တလျှောက်ကို လေ့လာလျှင် ဘာမျှ အံ့သြစရာမရှိပေ။ သည် လူစားမျိုး တွေ သည် သည်လမ်းကိုသာ သွားလျက် စားကျက် ရှာရ မည် ဖြစ်ပါသည်
 

ဤသို့ အဓမ္မ၀င်ရောက် ရမ်းကားခြင်းကိစ္စ ဖြစ်ပေါ်စ အချိန်က အိမ်မှာ လာရောက်နေသော ဆွေတစ၊ မျိုးတစ ကျောက်ပန်းတောင်းမှ ကျောင်းသားကလေး ဒုအတွင်းဝန် ဦးပုဇနီး၏ တူသည် ဒီမှာ ဖြစ်ပျက်နေသော သတင်းများ အရက်တွေမူးပြီး ၀င်ရောက်  ကျူးကျော် ရမ်းကားနေမှုများကို သွားပြော သည်။ ကျောက်ပန်းတောင်းမှ ခဏလာနေသူ သူတို့အဒေါ်ကြီးကလည်း အရေးကိစ္စကြီး သည်။ သူ့တူ ဦးကိုကြီး နှင့် ဦးပုအား သွားခေါ်မှ ဖြစ်မည်ဆိုပြီး စေလွှတ်လိုက်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ခဏကြာသောအခါ အတွင်းဝန်ဦးပုနှင့် သားမယားများသည် ဦးကိုကြီးပါ အတူခေါ်ယူ ပြီး ပေါ်လာကြသည်။ ပြည်လမ်းမှ ၎င်းတို့ သားချင်းများလည်း ရောက်လာကြရာ အိမ်ပေါ်မှ လူအတော် များ ပါသည်။ သူတို့ရောက်လာသောအခါ စောစောကဖြစ်ပျက်ပုံ၊ ခြံဝင်းထည်းသို့ အဓမ္မ ပိုင်နက် ကျူးကျော် ၀င်လာပြီး အိမ်သစ်ကလေးထဲသို့ သော့ခလောက် ရိုက်ချိုးပြီး ၀င်ခြင်း၊ အရက် မူးပြီး အလုပ်တိုက် ကြီး တခုလုံး မှ ဗရုံးသုံးကားဖြစ်အောင် အလုပ်သမားတွေအား အလုပ်ခွင်မှ အတင်း နှင်ထုတ်၍ အလုပ်တိုက်ကို ပိုင်စိုး ပိုင်နင်း ၀င်ရောက် ပိတ်ပစ်လိုက်ခြင်း၊ အားပေး အားမြှောက် အတူလိုက်ပါလာသူ ပင်စင် ရဲဟောင်း ယောက်ဖ ခင်မောင်လတ်ပါ အိမ်သစ် သော့ခလောက် ရိုက်ချိုးရာ၌ ပါဝင်ကြောင်းများကို ပြောပြကြသည်။

သူတို့ကို တရားဥပဒေအရ တိုင်တန်းရန် ပြောရသည်။ ထိုအချိန်ကတော့ ဦးကိုကြီးနှင့် ဦးပုတို့အား ကျမက ယုံစား နေခဲ့ချိန်ဖြစ်ပြီး သူတို့ကလည်း သွေးနီးတော့ ကြက်သီးထသေးသည်ဟု ထင်ပါ သည်။ သို့ကြောင့် ကွာရှင်း ပြီး ထွက်သွား၍ သုံးလကြာမှ ဤသို့ လာရောက် စော်ကားသူနှင့် အားပေးအားမြှောက် အတူ လိုက်ပါ လာသူ ရဲဟောင်းတို့အား ပိုင်နက်ကြူးလွန်မှုနှင့် ရာဇ၀တ် ကြောင်းမှ အရေးယူရန် ပိုင်ဆိုင်မှု မရှိ တော့ဘဲ အလုပ်တိုက်သားလူများစုအား အဓမ္မ အနိုင်ကျင့်၍ အလုပ်ခွင်မှ မောင်းထုတ်ပြီး တံခါးပိတ် လိုက်ခြင်း ကိုလည်း တမှုခွဲ၍ သက်ဆိုင်ရာ ရာဇ၀တ် တရားသူကြီးထံသို့ တိုင်ကြားရန် လွှတ်လိုက်ရာ သူတို့ ညီအစ်ကို နှစ်ယောက် ရှောရှော ရှူရှူ ဘဲ ကားနှင့် ထွက်သွားကြပါသည်။

ပုဒ်မ ၁၄၅အရ တိုက်ပိတ်ပစ်ရန် ဆက်ရန်
.

3 comments:

Anonymous said...

ဒီမိန်းမနှယ်..ညံ့တာ.. ကိုယ့်မှာလဲဂုဏ်ပုဒ်နဲ့ပဲဟာ..
ဖုန်းကောက်ဆက်လိုက်ရဲစခန်းကို..။ ပိုင်နက်ကျူးလွန်မှုနဲ့ အရင်တရားဆွဲလိုက်.
ကွာရှင်းပီးပီပဲဟာ.. ညံ့လိုက်တာ..
သူကတော့ သူ့ကိုယ်သူအမွှန်းတင်နေတာနဲ့ သူ့ဟာကွက်တွေများလာတာ သတိမှုမိပုံမရဘူးထင်တယ်။

မြတ်နိုး

Anonymous said...

Totally right !!!!

Anonymous said...

မမြတ်နိုးရေ။ ကျွန်တော်ထင်တာနော်---,

လင်မယားကွာတော့ လက်ထက်ပွား ပစ္စည်းအများစုကို သူ ယူလိုက်တာနဲ့ပတ်သက်လို့ မမျှတဘူးမြင်လို့ ဘေးက မြှောက်ပေးကြတာလဲ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ စာရေးဆရာဆိုတာ အလွန်ဆုံး တိုက်ဆောက်ကားစီးနိုင်ရုံပဲ။ သတင်းစာတိုက် ထောင်တာက ဒီထက် အများကြီး ပိုမြတ်တာ လူတွေ သိတာပဲ။ ဗမာ့ခေတ် ဦးအုန်းခင်လို့ နာမည်ရတာကိုက ဒီသတင်းစာတိုက် သူ့ဦးဆောင်မှု သူ့စီမံမှု အဓိကမို့လို့ ဖြစ်မယ်။ ဒီစီးပွားက ဦးအုန်းခင်စီးပွား တော်တော်အခရာ ကျမလားလို့။


သူ့ယောက်ျား မယားငယ်ထားတာ အကြောင်းပြုပြီး ကွာရှင်းခွင့်ရှိတယ်။ ပစ္စည်းခန်းကျ လက်ထက်ပွားဆို အတူခွဲယူရမှာ။ သူ လှူဖို့ပြောပြော ရေထဲပစ်ချဖို့ပြောပြော သူချည်း အပိုင်သိမ်းချင်လို့ မရဘူး။ ဒါ ထောက်ကွက်ရှိလို့လဲ သူ အစက သိပ်မပြတ်သားရဲတာလားလို့။

ကျွန်တော့်အထင်နော်။ မှားလားမှန်လားတော့ ဝိုင်းစဉ်းစားပေးပါဦး။