Saturday, May 1, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၅)

ဥသြမယ်မှာ စုံထောက်ဖြစ်လေ၏ နံနက်ဝေလီဝေလင်း အချိန်များတွင် ၀မ်လန်းအခန်းထဲမှ ထွက်၍ လာ သော မယ်သစ်ကို မြင်သူမှာဥသြမယ်ပင် ဖြစ်လေ၏ ဥသြမယ်ရိပ်မိသွားကြောင်း ၀မ်လန်း သိရသော အခါ ကြာပဒုံစိတ်မဆိုးအောင် ပြောပေးပါမည့်အကြောင်း တောင်းပန်ရလေ၏ ဥသြမယ်ကား မုတ်ဆိတ် ပျားစွဲသည့်ကိန်း ကြုံ၍နေလေ၏။

ဝမ်လန်းထံမှ ကြာပဒုံကို စိတ်မဆိုး အောင် သွားပြောပေးခအတွက် ဆုလာဘ်လက်ဆောင်များရရှိလေ၏ ကြာပဒုံက ဥသြမယ်မှတဆင့်  နိုင်ငံခြားမှလာသော နာရီတလုံး၊ လက်စွပ် ၂ကွင်းနှင့် မယ်သစ်အစား ကျွန်မ တယောက် ထပ်ဝယ် ပေးရန်နှင့် ၀မ်လန်းအားလည်း သူ့အဆောင်သို့ဘယ်တော့မှမကူးခဲ့ရန် အကြောင်းစကားပြန်ပြော လိုက်လေ၏ ၀မ်လန်းသည် ကြာပဒုံတောင်းဆိုသည့်အတိုင်း ၀ယ်ခြမ်း၍ ပေးရ လေ၏။

ဝမ်လန်းမှာ ရှက်လည်းရှက်မိလေ၏ သားများကို ပို၍ရှက်လေ၏ ထိုအခါ "ဒီအိမ်ဟာငါ့အိမ်၊ ငါ့အိမ်မှာ ငါလူကြီး၊ ငါ့ပိုက်ဆံနဲ့ ငါပေးဝယ်ထားတဲ့ မိန်းခလေးကို ငါယူတာဘာဖြစ်သလဲ"ဟု ကိုယ့်စိတ်ကိုကိုယ်ပြန်၍ ရဲဆေး တင်ရလေ၏။

သားများကား တယောက်ပြီးတယောက် ဘခင်၏အခန်းကိုလာ၍ စိစောင်းကြည့်ကြလေ၏ ပဋ္ဌမဆုံး ရောက်လာ သူမှာ နန်းဝင်ဖြစ်လေ၏ ပါးစပ်ကရမယ်ရှာ၍ လယ်အကြောင်း စပါးအကြောင်းပြောနေ သော် လည်း မျက်လုံးများမှာဘခင်ထံမရောက် အခန်းထဲ၌သာ ချာလပတ်လည်၍နေလေ၏ မယ်သစ် ကို ရှာနေမှန်း ရိပ်မိသော ၀မ်လန်းက ခတ်ပြောင်ပြောင်ပင် အထဲသို့လှမ်း၍
"ခလေးရေ-လဘက်ရည်ယူခဲ့ကွယ် ၂ခွက်ယူခဲ့ဟေ့ ကိုယ့်သားပါသောက်ဘို့"ဟု ခေါ်လိုက်လေ၏ ထိုအခါ မယ်သစ် သည် ခေါင်းကလေးကိုအောက်ချလျက် မျက်နှာကလေးနီကာ လဘက်ရည်ဘန်း ကိုကိုင်၍ ထွက်လာ လေ၏။

နန်းဝင်မှာ ဤသို့ဘခင်ဖြစ်သူက ပြောင်ပြောင်ပင်လုပ်လိုက်သောအခါ ဘာမျှမပြောနိုင်ဘဲ "သြော်-ကြားတဲ့ အတိုင်း ဟုတ်သကိုးး"ဟု အောက်မေ့ရင်း ပြန်ထွက်လာခဲ့ ရလေ၏
ဒုတိယ ရောက်လာပြန်သူမှာ သားကြီးနန်းအင်ဖြစ်လေ၏ ထိုအခါ၌ကား ၀မ်လန်းမှာ မယ်သစ်ကို ပဋ္ဌတကြိမ် က ကဲ့သို့ ရုတ်တရက်ခေါ်မထုတ်ရဲပေ၊ သားကြီး၏ ဂိုက်တင်းမာန်ပါလှသော မျက်နှာကိုသာ အကဲခတ် ၍ နေလေ၏။

နန်းအင်ကား ဘခင်ရှေ့တွင်ထိုင်လျက် ဘခင်နေကောင်း မကောင်းမေးနေလေ၏ ၀မ်လန်းက နေကောင်း ကြောင်း ပြန်ဖြေကာ သား၏မျက်နှာကို ပြန်ကြည့် လေ၏ ထိုအခါ ရွံ့ကြောက်နေခြင်းများ ပျောက်၍ သွားလေ၏ "ဒင်းဟာ လူလုံးလူထယ်ကြီး သလောက်မယားကြောက်ရတဲ့ အကောင်ဘဲ"ဟူသော အသိဥာဏ် ၀င်စားလျက် "ငါလဲဒင့်ကို ဘာကြောက်စရာရှိသလဲ"ဟု ရဲစိတ်ဝင်လာကာ အခန်းထဲသို့လှည့်၍ "ခလေးရေ -လာပါအုံးကွယ် ဟောဒီမှာ ငါ့သားတယောက် ရောက်လာပြန်ပီ လဘက်ရည်ယူခဲ့ပါအုံး" ဟု မယ်သစ် ကို လှမ်းခေါ်လိုက်လေ၏။

မယ်သစ် သည် မျက်လွှာကိုချလျက် လဘက်ရည်ဘန်းဖြင့် ထွက်လာလေ၏ ဤအကြိမ်၌ကား ပဌမ အကြိမ် ကလောက် မျက်နှာမနီတော့ပေ၊ လဘက်ရည်ဘန်းကိုချလျက် ပန်းကန်ထဲတွင် ငှဲ့ထဲ့ပေးပြီး ပြန်ထွက် သွားသော အခါ ၀မ်လန်းသည် လဘက်ရည်ပန်းကန်ကို ကောက်ကိုင်ပြီး နန်းအင်၏မျက်နှာ ကိုစိုက်၍ ကြည့်နေ လေ၏ သို့ကြည့်လိုက်သောအခါ အံ့သြခြင်း ချီးမွှမ်းခြင်း၊ မနာလိုခြင်းစသော အရိပ် အယောင် များ ထင်ရှားပေါ်လွင်နေသည်ကို မြင်ရလေ၏ လဘက်ရည်ကိုယ်စီသောက်ပြီးကြ သောအခါ နန်းအင်က "ဒါမျိုး ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး"ဟု ပြောလေ၏။

"ဘာလို့ မဖြစ်ရမှာလဲ ဒါငါ့အိမ်"ဟု ၀မ်လန်းကပြန်၍ပြောလိုက်လေ၏ ထိုအခါ နန်းအင်က ဟင်း-ခနဲ သက်ပြင်းကြီး ချလိုက်ပြီး အတန်ကြာမှ၊
"အဘေကချမ်းသာနေမှကိုး အဘေထင်သလိုလုပ်ပေါ့"ဟု ပြောရာက ဟင်း-ကနဲ သက်ပြင်းကြီးချ ပြန်လေ ၏။ ထို့နောက်ဘခင်ကို အားကျဟန်နှင့် သူ့အခန်းသူ ပြန်သွားလေ၏။ ထိုည၌ ၀မ်လန်းထံ သားအငယ်ဆုံး ရောက်လာပြန်လေ၏ ထိုအချိန်၌၀မ်လန်းမှာ ဖယောင်းတိုင်တွေ တင်ထွန်းထားသော စားပွဲတလုံးတွင် မယ်သစ်ကလေးနှင့်အတူ ထိုင်၍နေခိုက်ဖြစ်၏ မယ်သစ်သည် ၀မ်လန်း၏မျက်နှာကိုပြန်၍ကြည့်ပြီး ပီတိ ဖြစ်၍ နေလေ၏။

ထိုအခိုက် သားအငယ်ဆုံးမှောင်ထဲမှ ဘွားကနဲထွက်လာကာ ၂ယောက်သားရှေ့၌ လာ၍ရပ်နေလေ၏ ၎င်းမျက်လုံးများမှာ ဖရောင်းတိုင် မီးရောင်တွင် တလက်လက်တောက်ပြောင်၍ နေလေ၏ ကိုယ်မှာ အငြိမ်မနေဘဲ လှုပ်ရှားလွန့်လူး၍ နေလေ၏ ဤအချင်းအရာကိုမြင်ရသော ၀မ်လန်းမှာတခါက ရွာသားတွေ တောင်ပေါ်မှ ကြိုးနှင့်တုပ် ၍ ထမ်းလာခဲ့သော ကျားသစ်ကြီးတွန့်လိမ်နေသည်ကို အမှတ်ရမိလေ၏ သား၏ ၀င်းလက် နေသော မျက်လုံးများမှာ အဆိုပါကျားသစ်ကြီး၏ မျက်လုံးနှင့်တူသည်ဟု အောင့်မေ့မိလေ၏ ထူထဲ နက်မှောင် လှသော မျက်ခုန်းမွေးကြီးများကို ပင့်တင်လျက် ၎င်း၏မျက်လုံးများမှာ ၀မ်လန်း၏ မျက်နှာ ကို စိုက်၍ ကြည့်နေလေ၏။

 နောက်ဆုံး၌ စောင်၍ ထွက်လာသော အသံမျိုးဖြင့်- "ကျွန်တော်စစ်ထဲဝင်တော့မယ် စစ်သား သွားလုပ် တော့မယ်" ဟု ပြောဆိုလေ၏ သို့ပြောလျက်ရှိစဉ် မျက်လုံးများမှာ မယ်သစ်ကိုမကြည့် ဘခင်ကို သာကြည့်လေ၏ သားကြီးကိုလည်းမကြောက်၊ သားလတ်ကိုလည်းမရွံ့ခဲ့သော ၀မ်လန်းမှာ ထိုသားထွေး ကျကာမှ ထိတ်လန့်မိလေ၏ ထိုထိတ်လန့် ခြင်းမှာ ယခုမှပေါ်ပေါက်ခဲ့ခြင်းမဟုတ်ပေ၊ မွေးလာကာစကပင် မသိမသာ ရင်ထဲ၌ ကိန်းအောင်း လျက်ရှိလေ၏ ၀မ်လန်းမှာ စကားပြန်ပြောရန် ကြိုးစား၍ကြည့်၏ သို့သော် အသံမထွက်ဘဲ ဆွံအ၍ နေလေ၏။

"ကျွန်တော် သွားတော့မယ် အခုဘဲသွားတော့မယ်"ဟု ထပ်ပြောသံကိုကြားရလေ၏ ဤုသို့ ပြောရာက ရုတ်တရက် မယ်သစ် အား လှည့်ကြည့်လိုက်သည်ကို တွေ့ရလေ၏ မယ်သစ်ကလည်း ပြန်၍ကြည့်လေ၏ ထို့နောက် သူ့လက်ကလေးများဖြင့် မျက်နှာကိုအုပ်ထားလိုက်လေရာ ၀မ်လန်း၏ သားထွေးလည်း အခန်း ထဲ မှ ချာကနဲလှည့်၍ထွက်သွားပြီး မှောင်ထဲတွင် ပျောက်ကွယ် သွားလေ၏
အခန်းကြီး တခုလုံးမှာ ဆိတ်ငြိမ်၍ကျန်ရစ်ခဲ့လေ၏။

ဝမ်လန်းသည် မယ်သစ်အား ဖြည်းညင်းစွာလှည့် ၍ကြည့်လေ၏ ထိုနောက် ၀မ်းနည်းယူကြုံးမရသော အသံဖြင့်-
"ကိုယ်ဟာ မင်းနဲ့မတန်ဘူး ကိုယ့်အသက်ကြီးလှပီ ဟုတ်တယ် ကိုယ်သိပါတယ် ကိုယ်သိပ်အိုပီ"ဟု ပြောလိုက် ရာ မယ်သစ်သည် မျက်နှာတွင်အုပ်ထားသော သူ့လက်ကလေးများကို ခွာချလိုက်လေ၏ ထိုနောက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာသောအသံဖြင့်- "လူငယ်တွေဟာ အင်မတန် ရက်စက် တယ် သစ်သစ်တော့ လူအိုကြီးတွေမှဘဲ ချစ်တယ်"ဟု ပြန်ပြောရှာလေ၏
နောက်တစ်နေ့ နံနက်၌၀မ်လန်း၏ သားအငယ်ဆုံးမှာ အိမ်မှပျောက်ချင်းမလှပျောက်၍ သွားလေ၏ ဘယ်ဆီ ဘယ်ဌာန သို့ ထွက်ခွာသွားသည်ကိုလည်း မည်သူမျှမသိကြပေ။

သုံးဆယ့်လေး 
ဝမ်လန်းသည် မယ်သစ်ကိုချစ်၏၊ ထိုအချစ်မှာ ၅၂၈ လှေခါးထစ်တက်ခဲ့လျက် ထောင့်ငါးရာ အထက်ထပ်သို့ ရောက်၏၊ ထိုအထက်ထပ်မှာ မြင့်လှ၏ အသက်၇၀နီးနေသော ၀မ်လန်းမှာ ထိုအထက်ထပ်၌ ကြာရှည်နေ ၍ မဖြစ်ပေ၊ မူး၍လာ၏၊ မိုက်-ခနဲဖြစ်၍လာ၏ စိတ်သာ ရှိသော်လည်း ထိုမူးကနဲ မိုက်-ကနဲ ဖြစ်လာသော အားမရှိသည့် ဝေဒနာကြောင့် ကြာရှည်မနေနိုင်ဘဲ အောက်ထပ်ငါးရာ့နှစ်ဆယ့်ရှစ်သို့ ပြန်ဆင်းခဲ့ ရလေ သည်၊ ထိုအောက်ထပ်၌ ၀မ်လန်းသည် မယ်သစ်ကို သ္မီးအရင်းလိုသဘောထားကာ စိတ်ချမ်းသာ နေထိုင် လေ၏။

မယ်သစ်မှာ ၀မ်လန်းစိတ်ကြိုက်ကိုလိုက်၏၊ အောက်ထပ်၌ နေနေလှေခါးထစ်ပေါင်း ထောင့်ငါးရာ မြင့်သော အပေါ်ထပ် ၌ပင်နေနေ ကြည်ဖြူသည်သာဖြစ်၏၊ ကြည်ဖြူသဖြင့်လည်း မဖေါက်မပြန် နေလေ၏၊ ၀မ်လန်း နှင့် ပတ်သက်၍ ၀မ်လန်း၏သ္မီးစိတ်မနှံ့သူကိုပါ အရေးစိုက်၏၊ ကြင်ကြင်နာနာ ပြုစုယုရ၏။ 

ဆက်ရန်

.

No comments: