လင်ခန်းမယားခန်းပြတ်စဲသည့် စာချုပ်
နောက်ဆက်လက်၍ သူတို့ကျမ,မသိအောင် ငွေတသိန်းမ,တည် ဖွဲ့ထားသော လီမိတက်မှ ရာထားသော အစုရှယ်ယာရှင်များ၏ အမည်စာရင်းကို ယူကြည့်လိုက်သောအခါ တကယ်တန်းငါး ထောင်တသောင်း ထည့်ဝင် နိုင်သူ သုံးလေးဦးကလွဲ၍ ကျန်အမည်များမှာ ငါးထောင် တသောင်း ထည့်နိုင်ရန် အခြေ အနေ မရှိသူ အင်အားမရှိသူတွေ၏ အမည်များဖြစ်နေသည်။ အစုကြီးရှင် မန်နေဂျင်းဒါရိုက်တာ လုပ်ထားသူ မှာလည်း ဤနည်းနှင်နှင်။
သည်တော့က တသိန်းကျော် ငွေတွေမှာ ဘယ်ကလာသည်ကို လယ်ပြင်မှာ ဆင်သွားသ လို ထင်ရှား လှပါသည်။ ဤမျှမကသေး လီမိတက်ကုမ္ပဏီမှာ အခန်းနှစ်ခု ယှဉ်ပြိုင်လျက် အခြားနာ မည်နှင့် မန္တလေး ပရိသတ် များက ဖွင့်ထားသေးသည်ဟု သိရသည်။ သည်ဘက်ခန်းက လူများရော ဟိုဘက်ခန်းက လူများ ရော၊ ယောယိရောရာ၊ ရှယ်ယာရှင်တွေချည်းသာ ဖြစ်ကြောင်းထပ်ပြီးသိရ ပြန်ပါသည်။ ပရိုက်ဘိတ် လီမိတက်နှစ်ခု၏ တန်ဘိုးမှာလည်း စည်းကမ်းအရ နှစ်သိန်းကျော်ရှိရမည် ဖြစ်ပါသည်။
သည်လို သိန်းနှင့်ချီ၍ လုပ်သော ကိစ္စမျိုးမှာ ကျမကို လူရာသွင်း၍ မတိုင်ပင် အသိမပေးဘဲ လျှို့ဝှက် ထားသည် မှာ မရိုးသားသော ကောက်ကျစ် စဉ်းလဲမှု တခုဖြစ်နေပါသည်။ သူ၏စာဆိုအတိုင်း အနှစ် ၂၀-အချိန် ကာလပတ်လုံး အတူရုံး၍ စီးပွားရေးလမ်းမှာ ကြိုးကြိုး ပမ်းပမ်း လျှောက်လာ ကြသူ ဘ၀တူ သမားချင်း အား ဘေးဖယ် ထုတ်ထားခြင်းဖြင့် တရားလွန် လျက်ရှိကြောင်း ထင် ရှားနေလေသည်။ ယင်းသို့ တရား ပျက်မှု၊ ဖောက်ပြားမှု၊ ကောက်ကျစ်မှုတွေထက် ပိုကဲသော အန္တ ရာယ်တွေပင် ရှိနေသေးသည်ကို ထိုစဉ် အချိန်က ကျမသည် လုံးဝ မရိပ်မိခဲ့သေးပါ။
၁၄-၈-၆၀ ခုနေ့ ၂-နာရီခန့် အချိန်လောက်မှာ မွန်စံလှိုင်ရှေ့နေ ရုံးခန်းမှ ကွာရှင်းစာချုပ်စာ တမ်းများ လက်နှိပ်စက် နှင့် ရိုက်နှိပ်ပြီးစီးလာသည်။ ကျမကို ဖတ်ပြသည်။ အသိသက်သေများ နှင့် လက်မှတ် ထိုးကြ ဘို့ဘဲ လိုတော့သည်။ ကွာရှင်းစာချုပ်သဘောမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ရန်ကုန်မြို့ ဘောင်ဒရီလမ်း အမှတ် ၂၅၃-နေ ဗမာ့ခေတ် သတင်းစာတိုက် ပိုင်ရှင်များ ဖြစ် ကြသော ဦးအုန်းခင် နှင့် ဒေါ်ခင်ခင်လေး ဇနီးမောင်နှံ တို့က ဆက်လက်၍ အကြင်လင်မယား အဖြစ် ဖြင့် နေထိုင် ပေါင်းသင်း သွားရန် မလိုလားကြတော့ပါသဖြင့်-
၁။ (က) ဦးအုန်းခင်-ဒေါ်ခင်ခင်လေးတို့ နှစ်ဦးပိုင် ပြောင်းရွေ့နိုင်သော ပစ္စည်းများ (ပုံနှိပ် စက်များနှင့် သတင်းစာ လုပ်ငန်းတွင် အသုံးပြုနေသော အခြားစက်ကရိယာပစ္စည်း၊ 'ဗမာ့ခေတ်' အမည်၏ အကျိုး အာနိသင် အပါအ၀င်) အားလုံး။
(ခ) ဦးအုန်းခင်-ဒေါ်ခင်ခင်လေး နှစ်ဦးအမည်နှင့်ရှိသော မပြောင်းမရွေ့နိုင်သော အ ဆောက်အဦး အိမ်ယာမြေများနှင့် ဦးအုန်းခင် တဦးတည်းအမည်ဖြင့်၎င်း၊ ဒေါ်ခင်ခင်လေး တဦး တည်း အမည်ဖြင့်၎င်း၊ ရှိသော မပြောင်းမရွေ့နိုင်သော အဆောက်အဦး အိမ်ယာမြေအားလုံးတို့ကို
ဦးအုန်းခင်က ဒေါ်ခင်ခင်လေးသို့ ၄င်းရထိုက်သော မယားအစုအဖြစ်ဖြင့် ခွဲဝေပေးရန် သဘောတူညီခဲ့သည့်အတိုင်း ဒေါ်ခင်ခင်လေးသို့ ဦးအုန်းခင်က လွှဲအပ်ပေးပါသဖြင့် ဒေါ်ခင်ခင်လေး ကလည်း လက်ခံရရှိပြီးဖြစ်ကြောင်းနှင့်
၂။ ဦးအုန်းခင်ကလည်း လင်ယောက်ျားအနေနှင့် ရထိုက်သော အစုအဖြစ်ဖြင့် ငွေ၁၀၀၀၀၀ိ ကျပ်တသိန်း တိတိကိုသာယူရန် သဘောတူခဲ့ပါသည်။ ထိုသို့သဘောတူခဲ့သည့်အတိုင်း ငွေ ၁၀၀၀၀၀ိ၊ ကျပ်တသိန်း တိတိကို ဦးအုန်းခင် လက်ခံရရှိပြီဖြစ်ကြောင်း တို့ကို ဦးအုန်းခင်နှင့် ဒေါ်ခင်ခင်လေးတို့ အသီးသီးက ၀န်ခံကြပါသည်။
ဦးအုန်းခင် ဒေါ်ခင်ခင်လေးတို့က ၄င်းတို့ လင်မယားပိုင်ပစ္စည်းများ (ပြောင်းရွေ့နိုင်သော ပစ္စည်း၊ မပြောင်း ရွေ့နိုင်သော ပစ္စည်း)များ အားလုံးတို့မှ အသီးသီး ရသင့်ရထိုက်သော အစုကို ခွဲဝေရရှိပြီး ဖြစ်ကြသည့် အတိုင်း ဤစာချုပ်ချုပ်ဆိုသည့်အချန်မှစ၍ လင်ခန်း-မယားခန်းကို ရပ်စဲရန် သဘောတူကြပါသည်။
ထိုကဲ့သို့ လင်ခန်း-မယားခန်း ပြတ်စဲသည့် ဤစာချုပ်ကို ရန်ကုန်မြို့၌ ၁၉၆၀-ပြည့်နှစ် သြဂုတ်လ ၁၄-ရက်နေ့တွင် အောက်ပါအသိသက်သေများအရှေ့၌ လက်မှတ်ရေးထိုး ချုပ်ဆိုကြပါ သည်။
(ပုံ) ခင်ခင်လေး။ (ပုံ) အုန်းခင်။
အသိသက်သေများ။
၁။ (ပုံ) မောင်ရန်အောင်။
လွှတ်တော်ရှေ့နေကြီး။
၂။ (ပုံ) ရန်နိုင်။
ဗိုလ်ရန်နိုင်။
စသည် စာချုပ်မိတ္တူအတိုင်းဖြစ်ပါသည်။

၁။ အမှတ် အသိသက်သေ ဦးရန်အောင်မှာ ထိုအချိန်တွင် နိုင်ငံတော်ရှေ့နေချုပ်ကြီး အဖြစ် ရောက်ရှိ နေသည်မှာ ဧပြီလမှစ၍ တွက်လျှင် ယခု သြဂုတ်လ၌ (၃)လကျော် (၄)လနီးပါးရှိ နေပြီဖြစ်ပါသည်။ နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်သည် သည်စာချုပ်သဘောကို သေချာစွာ ဖတ်ရှုလေ့လာပြီးမှ အသိ သက်သေအဖြစ် လက်မှတ်ထိုးခြင်းဖြစ်ပါသည်။ အိမ်သို့နေ့စဉ် ရက်ခြား ဆိုသလို မနက်စောစောမှာ လာရောက်လည်ပတ်လေ့ရှိသူဖြစ်၍ ဤသို့ဖြစ်ပျက်ကြရသည်ကို ၀မ်း နည်းကြောင်းလည်း နိုင်ငံတော် ရှေ့နေချုပ်ကြီး ဦးရန်အောင်က ပြောပါသေးသည်။
ဂတိသာတည်ခဲ့လျှင်
ကျမကလည်း နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်အား ကျမကမလွှဲမရှောင်နိုင်သော အခြေအနေအရ အသက်အရွယ်ကြီးမှ ဖြစ်လာရသည်။ လှုရေးတန်းရေးတို့ကြောင့် ဤသို့မပြုလျှင် မဖြစ်နိုင်တော့၍ ကိစ္စ ရှိသမျှ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောရပါသည်။
နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်အိမ်ပေါ်ထပ်မှ ပြန်ဆင်းသွားသောအခါ ဗိုလ်ရန်နိုင် က ကျန်နေရစ် ပါသေးသည်။ အမကြီး ဒီစာချုပ်ကို ကျွန်တော်သိမ်းထားပေးပါရစေဟု ပြောပါသည်။ ကျမက ဗိုလ်ရန်နိုင် သိမ်းစရာ မလိုပါ၊ အမကြီးဘဲ သိမ်းထားမည်ဆို၍ သူ့လက်မှစာချုပ်ကို ပြန်ဆွဲယူ ထားရပါသည်။ ဒါဖြင့် ဒီစာချုပ် နှင့် ကွာရှင်းတဲ့အကြောင်းတွေများ ရုတ်တရက်သတင်းစာထဲ သွား ထည့်မပစ်လိုက်ပါနှင့်ဦး။ ကျွန်တော် အထူးတောင်းပန်ပါတယ်။ ဒီလိုဂုဏ်သိက္ခာတွေ အသက်အ ရွယ်တွေနဲ့ တိုင်းပြည်ကလဲ အလှု ရေစက်ချပွဲ သတင်းဓါတ်ပုံတွေကိုသာ အမြဲတွေ့မြင်လာရပြီးမှ ဒီသတင်းဆိုးကြီးမျိုး ရုတ်တရက် တွေ့မြင် လိုက် ရလျှင် အင်မတန် အရုပ်ဆိုးပါလိမ့်မည်။
ဒါကြောင့် အမကြီးက စိတ်လိုက်မာန်ပါ သတင်းစာထဲ ထည့်မကြော်ငြာမိဘို့ တောင်းပန် ပါတယ် ဟု ဆိုပါ သည်။
ကျမက ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းနှင့် ကိစ္စအားလုံးပြီးသွားလျှင် သူ၏၀န်ခံချက် ကတိပြုချက် စာအတိုင်း (စိတ်ရိုင်း စိတ်ယုတ်မာများကို အကြွင်းမဲ့သုတ်သင်ရှင်းလင်းရန် အကယ်၍ အကြွင်းမဲ့ သုတ်သင် ရှင်းလင်း ၍ မရခဲ့လျှင်လည်း တတ်နိုင်သမျှ ထိန်းသိမ်း နိုင်ရန် သင်္ကန်း ၀တ်နှင့် ၀ိပဿနာ တရား များကို မင်းကွန်း ဋ္ဌာန တခုခုသို့ သွားရောက်၍ အားထုတ်မည် ဟု စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်ပါသည်။ ကျွန်တော် လာမည့် တနင်္လာနေ့လောက်တွင် ဗမာ့ခေတ်တိုက်ဝင်း အတွင်းမှ ထွက်သွားပါမည်) ဆိုသည့်အတိုင်း တကယ် တရားရပြီး သင်္ကန်းဆီးနေသမျှ အချိန်ကာလပတ်လုံး သတင်းစာထဲ ပါလာရန် ပြဿနာ ပေါ်စရာမရှိပါ။ စာချုပ်အရ အမကြီးက သိုသိုသိပ်သိပ် နှင့် လှုဒါန်းရေး ကိစ္စတွေပြီးပြတ်အောင် ဆောင်ရွက် နေမည်သာ ဖြစ်သည်။
ဤသို့ သင်္ကန်းဝတ်နှင့် ခြောက်လမျိုး တနှစ်မျိုးသာ တရား ကျင့်သုံး နေအုံးမည် ဆိုလျှင် ကျောင်းငယ် တဆောင်ပင် ဆောက်၍ လှုဒါန်းပြီး ဆွမ်းကွမ်း စသော ပစ္စည်း ၄-ပါး ဒါယကာ ပြုနေအုံး မည်ပင် ဖြစ်ကြောင်း ပြောပြ လိုက်ပါသေးသည်။
ဒီတော့မှ ဗိုလ်ရန်နိုင်က စိတ်ချပြီး ပြန်ဆင်းသွားပါသည်။ သွားကာနီး၌ (အမကြီး ကျွန်တော် အရင် ပြောထားသလို ခါတိုင်းလိုဘဲအောက်ထပ်ဆင်းပြီး ဟန်မပျက် နေစေချင်ပါသည်)ဟု ထပ်ဆင့်မှာ သွားလိုက် ပါသေးသည်။
ထိုနေ့ ညနေပိုင်းမှာတော့ အယ်ဒီတာဦးသန်းညွှန့် (ယခုနိုင်ငံသစ်နှင့် ပဲခူးသတင်းစာ ကိုယ်စားလည် မောင်အေးကြည်၊ နောက်တယောက် (မမှတ်မိ) သုံးယောက် ကျမကိုလာတွေ့ရန် အခန်းထဲ ၀င်လာကြပါသည်။ သူတို့ပြောလိုသည်မှာ ပြေရာပြေကြောင်းစကားမျိုးဖြစ်သော်လည်း ကွာရှင်း စာချုပ် များပင် လက်မှတ်ထိုးပြီး နေကြပြီဖြစ်၍ အပိုလိုဘဲ ဖြစ်နေသောကြောင့် ၎င်းစကားကိုမူတည် ၍ မပြောကြတော့ဘဲ၊ ဦးပဉ္ဇင်းကလည်း ဒီမှာ ဧည့်သည်တွေလာတွန်း၍ တိတ်တဆိတ် ငြိမ်သက် ရာမှာ တရားအား ထုတ်နေလိုပါသည်။ ကျန်ရှိသော ကိစ္စများအတွက် လက်မှတ်ရေးထိုးခိုင်းနိုင်ပါ သည်ဆိုသော စေလွှတ် လက်မှတ်ရေးထိုးခိုင်းနိုင်ပါသည် ဆိုသောကြောင့် မမအား ကျေနပ်အောင် လာပြောပါသည်ဟု ပြောဆို ကြပါသည်။
ကျမက ကောင်းသော ကိစ္စဖြစ်၍ ဘာမှမကျေနပ်စရာမရှိ၊ အမှန်စင်စစ်လည်း ကွာရှင်းပြီးနောက်မှ တော့ ကျမက ဘာမှဝင်ရောက် စွက်ဘက်နေရန် မလိုတော့ကြောင်း ပြောလိုက်ရပါသည်။ အယ်ဒီတာ ဦးသန်းညွှန့် က ကျွန်တော်တို့လည်း ပဲခူးသို့ မကြာမကြာ သွားပြီး မပြီးပြတ်ကျန်ရှိသေး တဲ့ လွှဲပြောင်းမှု ကိစ္စရှိသမျှ ဆောင်ရွက် ပေးကြပါမည်။ ယခုမိုးမချုပ်မီ ပဲခူးကိုယ်စားလည် မောင်အေးကြည်တို့ အစီအစဉ်အတိုင်း ၎င်းတို့ ကားများနှင့် ပဲခူးသို့ ခေါ်ဆောင် သွားပါလိမ့်မည်ဟု ပြောပြီး ပြန်ဆင်း သွားကြပါသည်။
ခဏကြာသော အခါ အောက်ထပ်မှာ ဂျစ်ကားစက်နှိုးသံများနှင့် ထွက်ခွာသွားကြသော အသံများ ကြားလိုက် ရပါသည်။ အရွယ်ကြီးရင့် ဆံပင်ဖွေးဖွေးဖြူခါမှ အဖြစ်ဆိုးရလေသည်။ သင်္ကန်းဝတ်ကြီး နှင့်ကျမှ ယူကျုံးမရ ကရုဏာဒေါသနှင့် သနားလိုက်ရသေးသည်။
ကျမမှာ သာ၍ နားလာသော ရွှေရှိလို့ တော်လာသော ရွှေမျိုး တစုမှ တပါးမွေးချင်းသားချင်း အရင်း အခြားမရှိ၊ သားသမီး သံယောဇဉ်လည်းမရှိ၊ သူနှင့်သာ အနှစ်၂၀-လုံး နေလာခဲ့သည်ဖြစ်ရာ အသက်ချင်း လည်း တနှစ် တည်းလိုလိုသာ ရှိသည်။ အရွယ်ကြီးရင့် လာသောအခါ သားချင်း အရင်းအခြာ ကဲ့သို့ သဘောထား လာခဲ့သောကြောင့်လည်း ၀မ်းနည်းမိသည်။ သို့သော်အဆိုးထဲမှ အကောင်းရဆိုသလို ဤဘ၀ ဤမျှ နှင့် တခါထည်း အကျွတ်တရား ရသွားပါစေ၊ မကောင်းသော ကာမဂုဏ်နွံအိုင် အတွင်းသို့ ပြန်လည် မသက်ဆင်း မိပါစေနှင့်တော့ဟု ဆုတောင်း လိုက်မိသေးသည်။
တဘ၀၌ အကုသိုလ်ဂြိုဟ်မွှေလာလျှင် အမြင်မှန်ကို မရဘဲ မကောင်းသည်ကို အကောင်း ထင်၍ သာယာ နစ်မြော ချင်သော ဇောစိတ်တွေသာ ၀င်လာတတ်သည်။ အရွယ်လွန်မှထပ်ခါ၊ ထပ်ခါ မှားမိ ရသော ကိစ္စ တွေကို နောင်တ တရားရရန် အမြင်မှန်ရရန် ကုသိုလ်ကံက ပြန်၍ ကယ်မှသာ ဘ၀မှန် ကို ပြန်၍ ရ ရပါ တော့မည်။
ဘဏ်တိုက်အသီးသီးမှ ငွေများ ထုတ်ထားခြင်း ဆက်ရန်
.
No comments:
Post a Comment