သို့သော် ဆာလောင်နေသော လူထုကြီးအား ဘယ်လိုမှ တောင်းပန်တားမြစ်၍မရ လူများမှာ တိရစ္ဆာန် တွေကို သူ့ထက်ငှါတိုးဝှေ့၍ ခွက်ကိုထိုးပေးကြလေ၏၊ ၀မ်လန်းကား လူအုပ်ကြီး၏ကြားထဲတွင် ညပ်နေ လျက် အဘေအိုကြီးနှင့် ခလေးများအား လွင့်မသွားအောင် ဆွဲထားရင်း ဒယ်အိုးကြီးအနီးသို့ ရောက်သွား လေ၏၊ ၄င်းသည် ခွက်ကို ထိုးခံလျက် ဆံပြုတ်ရသော အခါ ပိုက်ဆံကိုပစ်ချပေးပြီး နေရာမှ လွင့်စင်၍ ထွက် မသွားအောင် တောင့်၍ ခံထားရလေ၏။
သို့ဖြင့် ခွက်ကိုယ်စီပြည့်သွားသောအခါ လမ်းမသို့ ပြန်ထွက်လာကြပြီး ရပ်၍စားကြ လေ၏၊ ၀မ်လန်းသည် ၀သွား သောအခါ ခွက်ထဲ၌ ဆံပြုတ်အနည်းငယ်ကျန်နေသဖြင့်၊
"ဒါကို ညနေကျ စားရအောင် အိမ်ယူသွားမှဘဲ"ဟု ပြောလိုက်ရာ မဏ္ဍာပ်စောင့်နှင့် တူသည့် အနီးတွင် ရပ်နေ သော အင်္ကျီ ဘောင်းဘီပြာနှင့်လူက၊
"မယူရဘူး စားရုံသာစား ဘာမှ အိမ်ပြန်ယူမသွားရဘူး" ဟု တားလေ၏။
"ဘယ့်နှယ့်ဗျား-ကျုပ်ပိုက်ဆံပေးဝယ်တာဘဲ ပိုက်ထဲမှာထည့်ယူယူ-အပြင်ကခွက်နဲ့ဘဲ ထည့်ယူယူ- ဘာအရေးလဲ"ဟု ၀မ်လန်းကပြန်၍ပြောလိုက်ရာ၊ ထိုသူက၊
"ကျုပ်တို့ဒီဥပဒေလုပ်ထားရတယ်၊ ဘာပြုလို့လဲဆိုတော့၊ တချို့ကအင်မတန် လူပါးဝတယ်ဗျ။ ဆင်းရဲသား တွေ အတွက် သက်သက်ကျွေးနေတာ လာပီး ပိုက်ဆံတပဲ ပေးဝယ်ပီး အိမ်ယူသွား ၀က်ကျွေးပစ် တာပဲ-၊ အခု ကျွေးတာက လူတွေကို ကျွေးတာ-၀က်တွေ ကျွေးတာမဟုတ်ဘူး-ဟု ရှင်းလင်းပြောဆိုလေ၏"
ဝမ်လန်းမှာ အံ့သြသွားလျက်။
"သြော်-ဒီလို လူတွေလဲရှိသေးသကိုး၊ နို့ဘာပြုလို့အခုလို စတုဒီသာ လုပ်နေတာလဲဗျ၊ ဘယ်သူတွေက အလှူ လုပ်နေတာလဲ-ဟု ပြန်မေးလိုက်သည်တွင်"
"မြို့ပေါ်က ပိုက်ဆံရှိတဲ့ လူတွေ-လူကြီးသူကောင်းတွေက လုပ်ထားတာပေါ့၊ နောင်ဘ၀ကျ ကုသိုလ် အကျိုး ပေးကောင်း အောင်လို့ ဒီဘ၀က အလှူရေစက်လက်နဲ့မကွာ လုပ်တာပေါ့ဗျာ-တချို့ကလဲ လူချစ်လူခင်ပေါ အောင် နာမည်ကြီးအောင် လုပ်ကြတာပေါ့"
ဘာဘဲ ဖြစ်ဖြစ်လေ- တော်တော်တော့ မွန်မြတ်တဲ့အလုပ်ပဲ။ စိတ်ကောင်းနှလုံးကောင်းရှိလို့သာ လုပ်ကြ တာ ပေါ့ လေ။
အစောင့်က ဘာမျှပြန်ပြော သည်ကို မတွေ့ရသောအခါ၊ ၀မ်လန်းက၊
"ဒီလို လူမျိုးလဲ ရှားပါတယ်-"ဟု စကားကို အဆုံးသတ်လိုက်လေ၏။
သို့သော်မဏ္ဍပ်စောင့်ကား- စကားပြန်ပြော နေရသည်ကို ညီးငွေ့လာသကဲ့သို့ တဘက်သို့လှည့် သွားပြီး ပျင်းပျင်း ရိရိ လေချွန်၍နေလေ၏။ ထိုအခိုက် ခလေးများသည် ၀မ်လန်း၏ လက်ကို လာ၍ဆွဲကြ ရာ ၀မ်လန်း သည်၊ အားလုံးကို ခေါ်လျက် တဲသို့ပြန်ခဲ့ကြလေ၏။ တနွေလုံးတွင်၊ ယခုအကြိမ်မှာ ပဋ္ဌမဆုံး ၀၀လင်လင် စားသောက် ရခြင်း ဖြစ်ရကား၊ တဲသို့ပြန်ရောက်သော်၊ အတုံးအရုံး လှဲ၍ အိပ်ကြသည်မှာ၊ နောက်တနေ့ နံနက်အထိ ဖြစ်လေ၏။ အိပ်စက်ခြင်းဖြင့် လည်း အားပြည့်၍လာလေ၏။
နောက်တနေ့ မိုးလင်းသော အခါမနေ့က ပိုက်ဆံကုန်ခဲ့ပြီဖြစ်၍ ပိုက်ဆံ ရှာဖို့ ကိစ္စပေါ်လာလေ၏။ ၀မ်လန်း သည် ဘာလုပ်ရမည်မသိသကဲ့သို့ အိုလင်အား ကြည့်လေ၏။ သို့သော် ၎င်း၏ကြည့်ပုံမှာ မျှော်လင့်ချက် ကင်းသော ကြည့်ခြင်းမျိုး မဟုတ်- ပဒေသာပင် တွေ မြေမှပေါက်သလို- ပိုက်ဆံသာရှိလျင်၊ မြို့ပေါ်၌၊ ဘာမဆို လိုတာ ရနိုင်နေရကား၊ ငတ်ဘို့ကားမရှိပေ။
ဤသို့ ၀မ်လန်းက ကြည့်နေသော အခါ၊ အိုလင်မှာ ထိုဘ၀မျိုးတွင် လူးလာဆန်ခတ် အတွေ့အကြုံများ ခဲ့၍ ကျွမ်းကျင် နားလည်နေသူ တဦးကဲ့သို့-
"ကျုပ်ရယ်၊ ခလေးတွေရယ်- အဘိုးကြီးရယ်၊ ထွက်တောင်းမယ်- ကျုပ်ကို မသနားတဲ့လူတွေဟာ ခေါင်းဖြူ နေတဲ့ အဘိုးကြီးကိုမြင်ရင် သနားပေးကမ်းကြမှာပဲ ဟု ပြောလေ၏။ ထိုနောက် ခလေးငယ်များ ဖြစ်သည့် အားလျောစွာ အပူအပင် မသိ၊ လမ်းမထွက်၍ မမြင်ဘူးသော အရာများကို ငေးမောကြည့်ရှု နေကြသည့် သားကလေး နှစ်ယောက် ကို အော်ခေါ်၍။"
"ကဲ- မင်းတို့ က ဟောဒီ ခွက်တွေကိုင်- နောက်ပီးတော့"
အိုလင်သည် ၎င်း၏ခွက်ကလေးကိုကိုင်၍ မြှောက်လိုက်ပြီး သနားစဖွယ်အသံဖြင့်။
"အစ်ကိုကြီးတို့………….. အစ်မကြီးတို့ခင်ဗျာ၊ သနားသဖြင့် တပြားတချပ် ပေးကမ်း စွန့်ကြဲတော်မူ ကြပါ၊ အစ်ကိုကြီးတို့ အစ်မကြီးတို့ လွှင့်ပစ်တဲ့ကြေးပြားတပြားဟာ၊ မစားမသောက်ရတဲ့ ကျွန်တော်တို့ အဖို့ မတော့ ထမင်းဘိုးကလေးများ ရပါတယ်ခင်ဗျာလိုက ပြော-သိလား"ဟု ခလေးများအား တောင်းပုံ တောင်းနည်း ကို သင်ပြလေ၏။
ထိုအခါ ခလေးများသည် မိခင်ကို အထူးအဆန်းအဖွယ် စိုက်၍ကြည့်နေကြလေ၏။ ၀မ်လန်းမှာ ဇနီးသယ်ကို အံ့သြ စွာကြည့်ကာ "ဒင်း- ဒါတွေ ဘယ်ကတတ်လာတာပါလိမ့်၊ ဒင်းအကြောင်း ငါမသိသေးတာတွေ အများကြီး ရှိအုံးမှာပဲ'ဟု အံ့သြနေလေ၏။ အိုလင်က ထိုပြဿနာကို ဖြေရှင်းသော အားဖြင့်။
"ကျုပ်- ခလေးတုံးက ဒီလိုပဲ တောင်းစားခဲ့ရတယ်၊ အဲဒီနှစ်ပေါ့၊ ကျုပ်ကို ငွေဝယ် ကျွန်အဖြစ်နဲ့ ရောင်းစား လိုက်တာ-ဟု ပြောဆိုလေ၏။"
ထိုခဏ၌ အဘိုးကြီးသည်၊ အိပ်ရာမှနိုးလာလေရာ၊ ၎င်းအားလည်း ခွက်တခုပေးလျက် လေးယောက်သား လမ်းထဲသို့ တောင်းရန် ထွက်ခဲ့ကြလေ၏။ အိုလင်သည် မြင်မြင်သမျှအား- ခွက်ကလေးကို မြောက်လျက်၊ သနား စဖွယ် ဟစ်အော်တောင်းဆိုလေ၏။ ၎င်းမှာသမီးထွေးကို ရင်ခွင်ထဲတွင်ထွေးပိုက် ၍ထားလေရာ၊ ခလေးမှာ အိပ်ပျော်နေလျက်။ ခေါင်းကလေးမှာ အိုလင်လှုပ်ရှားတိုး ဘယ်ညာယိမ်း၍ လှုပ်ရှားရမ်းခါ နေလေ၏ အိုလင်က ရင်ခွင်ထဲမှ ခလေးကိုထိုးပြရင်း။
"အကိုကြီးတို့ အစ်မကြီးတို့မှ တပြားတချပ် မစွန့်ကြရင် ဒီခလေးသေရပါလိမ့်မယ်ရှင်- ငတ်သွန်းလို့ ပါ- ငတ်လွန်း လို့ပါ-"ဟု ပြောဆိုတောင်းရမ်းလေရာ၊ ခလေးမှာလည်းအကယ်ပြင် အသေကလေးလို ဖြစ်နေလျက်၊ ခေါင်းကလေးမှာ ဟိုရမ်း-ဒီရမ်း ရမ်းခါနေလေရကား- အချို့မှာ မပေးချင်ပေးချင်နှင့် တပြားတချပ် စွန့်ကြဲ၍သွားလေ၏။
ခလေးများကား လျှောက်တောင်း၍ အတန်ငယ်ကြာလာသောအခါ တောင်းရမ်းခြင်းကို ကစားစရာတခု သဖွယ် အောက်မေ့ လာလေလေ၏။ အကြီးခလေးမှာ မှု- တောင်းရသည့် အလုပ်ကိုရှက်လျက်၊ ခွက်ကလေး ကို ထိုးခံ၍ တောင်းတိုင်း မျက်နှာမထားတတ် ပဲ စပ်ဖြဲဖြဲဖြစ် နေလေ၏။ ဤအချင်းအရာကို မိခင်ဖြစ်သူ မြင်လျင်၊ ခလေးနှစ်ယောက် အား တဲထဲသို့ဆွဲခေါ်ခဲ့ပြီး ဒေါသထွက်ထွက် နှင့် ရိုက်နှက်ဆဲဆို ရင်း။
"ဟင်- ငတ်လို့ တောင်းရပါတယ် ပြောပြီးပါးစပ်ကတော့ စပ်ဖြဲဖြဲလုပ်နေရသလား မိုက်လုံးကြီးတဲ့ဟာ တွေ၊ ငတ်တာ ကောင်းတယ်"ဟု ဆိုပြီးရိုက်ပြန်လေ၏။ လက်များနာလာလျက်၊ ခလေးများမျက်ရည် ဆည် မရအောင် ဖြစ်ပြီး တရှိုက်ငယ်ငယ်ဖြစ်နေမှ၊
"ကဲ- ထွက်တောင်းကြ- နောက်တခါ ဒါမျိုးလုပ်ရင် ဒါထက်နာမယ်"ဟု ပြောကာလွှတ်လိုက်လေ၏။
ဝမ်လန်း ကား- လံခြားထောင်အိမ်ကို တမေးစမ်းစမ်းနှင့် လိုက်ရှာလျက်၊ တွေ့သောအခါ လံခြားတစီးကို တနေ့ ငါးမှုးနှင့် လံခြားအပ်ငွေ ခြေးငှါးပြီး ဆွဲထွက်လာခဲ့လေ၏။

သို့ဆွဲ၍ ထွက်လာခဲ့ရင်း ၄င်း၏စိတ်ထဲ၌ သူ့အား အရူးလို လူတိုင်းက ၀ိုင်းကြည့်နေသည် ဟု ထင်မိလေ၏၊ မကျင့် ရသေးသော နွားတကောင်ကို ထွန်တုံးတွင်တပ်ထားသလို လံခြားဆွဲတိုင်း ကြားထဲတွင် ဟန်မကျ ပန်မကျ နှင့် ဂွကျကျကြီးဖြစ်လျက် လမ်းလျှောက်၍ မရအောင်ရှိလေ၏၊
သို့သော် မိမိကဲ့သို့ ခရီးသယ်တင်ပြီး ဆွဲယူပြေးလွှားနေသော အခြား လံခြားသမား များကို မြင်ရသော အခါ ၀မ်းရေး အတွက် မဆွဲလျှင် မဖြစ်တော့ကြောင်း စဉ်းစားမိလေ၏၊ သို့ဖြစ်လေရာ ဈေးဆိုင်တွေမရှိသော လူနေ အိမ်သန့်သန့် များသာရှိသည့် လမ်းကျဉ်းကလေး တခုထဲသို့ ၀င်ခဲ့ လျက် အသားကျအောင် အစမ်း ဆွဲကျင့် နေပြီး စိတ်ပျက်ပျက်နှင့် "ဟယ်-တောင်းစားရတာ မှ ကောင်းသေး"ဟု ညည်းမိစဉ် အိမ်တအိမ်မှ တံခါး တချပ်ပွင့်လာပြီး၊ ကျောင်းဆရာတဦးဖြစ်ဟန် တူသည့် မျက်မှန်နှင့် အဘိုးကြီး တယောက် ထွက် လာကာ ၀မ်လန်းအား ခေါ်လေ၏။
ပဌမ၌ ၀မ်လန်းက မိမိမှာ ကောင်းစွာမဆွဲတတ်သေးကြောင်း ပြောသော်လည်း အဘိုးကြီး မှာ နားလေး နေသူ ဖြစ်ရကား ၀မ်လန်းပြောစကားကို ဘာမျှမကြားဘဲ လံခြားကို လက်ဟန်ဖြင့် ချခိုင်းပြီးနောက် တက်၍ ထိုင်တော့ရာ ၀မ်လန်းမှာ သပ်ယပ်ကောင်းမွန်စွာဝတ်ဆင်ထားသော ပညာတတ်ရုပ် လက္ခဏာနှင့် အဘိုးကြီး အားကြည့်ကာ ဘာမျှမလုပ်တတ်တော့ဘဲ ငိုင်၍နေ လေ၏၊ အဘိုးကြီးသည် လံခြားပေါ်၌ ထိုင်မိ သောအခါ။
"ငါ့ကို ကန်ဖြူရှပ် တန်ဆောင်းကိုပို့" ဟု ပြောပြီးဣနြေ္ဒကြီးစွာဖြင့် နောက်ထပ်စကား လက်မခံ လိုတော့ သကဲ့သို့ အေးဆေးထိုင်နေလေရာ ၀မ်လန်းမှာ ကန်ဖြူရှပ်တန်ဆောင်း မည်သည့်နေရာတွင် ရှိသည် ကိုမသိပဲ လံခြားကို ကောက်၍ ဆွဲခဲ့ရလေတော့၏။
လူသွား လူလာရထားလံခြား ရှုပ်ထွေးနေသော လမ်းကြီးပေါ်တွင် ၀မ်လန်းမှာ ဟိုလူမေး ဒီလူမေးနှင့် နောက်က ၀န်လေးကြီးက တလှုပ်လှုပ်နှင့် ခွပ်သွက်သွက်ကလေး ဆွဲခဲ့လေ၏၊ လယ်ထဲ၌ ကျောထမ်း ပုခုန်း အလုပ်ကို လုပ်နေကျ ၀မ်လန်းမှာ အလေးအပင်ကို လက်ဖြင့်တခါမျှ မဆွဲဘူးရကာ တန်ဆောင်း မရောက်မီ ဆုပ်ကိုင် ထားရသော လက်များမှာ ဖူးရောင်လာလျက် လက်မောင်းတွေ အောင့်လာလေ၏။
သို့ဖြင့် တန်ဆောင်းသို့ ရောက်သွားလေရာ၊ ၀မ်လန်းက လံခြားကို ချပေးသောအခါ အဘိုးကြီးသည် အိတ်ထဲ မှ ငွေစလေးတစကို နှိုက်ထုတ်လျက် ၀မ်လန်းကိုပေးပြီး။
"ငါ ဒါထက် ဘယ်တော့မှ ပိုမပေးဘူး ဒီတော့ထပ်တောင်းနေလို့လဲ အပိုဘဲ" ဟု ပြောပြော ဆိုဆို တန်ဆောင်း ထဲသို့ ၀င်သွားလေ၏။
ဝမ်လန်းမှာ ထိုငွေစကလေးကို တခါမျှ မမြင်ဖူးပေ အကြွေအမ်းလိုက်လျှင် မည်မျှရမည်ကို လည်း မသိ နားမလည် ရကား ငွေစကိုကိုင်၍ ကျန်ရစ်ခဲ့လေ၏၊ ၄င်းသည် အနီးရှိ ဆန်ဆိုင် သို့ လာခဲ့ ပြီးငွေစကို အမ်းရာ အကြွေနှစ်ဆယ့်ခြောက်ပဲနိပြန်၍ အမ်းသည်ကို တွေ့သော် အောက်အရပ်၌ လွယ်လွယ်နှင့် ငွေရှာ ၍ ရသည့်အဖြစ်ကို အံ့သြ၍ သွားလေ၏။
သို့သော် ထိုပိုက်ဆံအကြွေးများကို ရေတွက်၍ ကြည့်နေစဉ် အခြား လံခြားသမား တယောက်က အနား ကပ်လာလျက် ဘယ်လောက်ရသည်ကို ကြည့်ရင်း။
၂၆-ပဲနိ ဘဲလား ဒီခေါင်းဖြူကြီးကို ဘယ်နေရာက ဆွဲလာတာလဲဟု မေးလေ၏။ ၀မ်လန်းကပြောပြ လိုက်သော အခါ ထိုသူက။
"အင်မတန် လူပါးဝတဲ့ အကောင်ကြီးဘဲ ခင်ဗျားရသင့်တာထက် တ၀က်ဘဲ ရတာပါကလား သူ့မဆွဲ ခင် ခင်ဗျား က ဘယ်လောက်ပေးရမယ်လို့ တောင်းသလဲ။
"မတောင်းမိဘူး၊ သူကလာလို့ခေါ်တော့ ကျုပ်လဲ တင်ပြီးဆွဲခဲ့တာဘဲ"။
ထိုအခါ ၀မ်လန်းအား သနားသလို ကြည့်ပြီး ဘေးကလူများအား။
"ကျစ်ဆံမြီးနဲ့ ဂနိုင်တယောက်လာ တွေ့နေတာကိုး လူတယောက်က လာစမ်းဆိုတာနဲ့ သွားဆွဲ (ကျုပ်လိုက်မယ် ခင်ဗျား ဘယ်လောက်ပေးမလဲ) လို့တော့ ပြန်မမေး ဒီ လအ က၊ မွေးတဲ့ လနုံနှယ် ဒီမှာ ကြည့်ဗျ ကိုဘိုးအရဲ့ နိုင်ငံခြားသား မျက်နှာဖြူတွေ ကျရင်သာ ဈေးမဆစ်ဘဲ ဆွဲရတယ် ကိုယ့်လူ သူတို့ ကျရင် ဆွဲသာဆွဲ ဘာမှပြောမနေနဲ့ ဒီငနဲတွေဟာ အရူးတွေ လာဆိုရင် သွားဆွဲ ဘာဟာ ဘယ့်လောက် တန်တယ် ဆိုတာသိတဲ့ အကောင်မျိုး တွေ မဟုတ်ဘူး ပိုက်ဆံကို အိတ်ထဲ က ရေလို ထုတ်သုံးနေတာ" ဟု ပြောလေ ရာ ၀ိုင်း၍ ရယ်ကြလေ၏။
ဝမ်လန်းကား တိတ်ဆိတ်စွာ နေလေ၏။ မြို့သားတွေအလယ်တွင် လူနုံ၊ လူအ၊ လူကြောက် တယောက် အမှန် ဖြစ်နေရကာ ဘာစကားမျှ ပြန်မပြောဘဲ လံခြားကိုဆွဲ၍ ထွက်ခဲ့လေ၏။ သို့ထွက် ခဲ့ရင်း ဘာဘဲ ဖြစ်ဖြစ်လေ ငါ့သားသမီးတွေ နက်ဖြန်ကာ ကျွေးဘို့တော့ရတာဘဲဟု ပြောမိပြီးမှ လံခြားပြန်အပ်လျှင် ငှားခ ပေးရဦး မည်ဟု သတိရသွားကာ ရခဲ့သော ပိုက်ဆံမှာ လံခြားငှားခပင် မပြည့်သေးသည်ကို တွေ့ရလျက် စိတ်အိုက် သွားလေ၏။
ထိုနေ့ နံနက်ပိုင်းတွင် ခရီးသယ်တယောက် ထပ်ရလေ၏။ ထိုသူကိုမူ အဘိုးသားနား ပြောပြီးမှ ဈေးတည့်၍ ဆွဲလေ၏။ နေ့လယ်ဘက်တွင် နောက်ထပ် ၂-ယောက်ထပ်၍ ဆွဲရလေ၏။ ညဘက် ရောက်လာ၍ ရသမျှ ပိုက်ဆံ ကလေးများကို တွက်ကြည့်သောအခါ လံခြားငှါးခပေးပြီး မိမိအတွက် တပဲနိသာ ပိုလျှံတော့ သည်ကို တွေ့ရလေရာ စိတ်ထွက်လာလျက်၊ "အင်း …… လယ်ထဲမှာ တနေ့ လုံးလုပ်ရတာထက်လဲ ပင်ပန်း သေး ရတော့လဲ တပဲ" ဟု ပြောမိလေ၏။ ထိုအခိုက် လယ်ကိုပြန်၍ သတိရမိလေ၏။ မိမိပိုင်လယ်တွေ မိမိအား စောင့်မျှော်၍ ကျန်ရစ်သည်ကို တွေးမိသောအခါ စိတ်သက်သာရာ ရသွားလျက် တဲပြန်ခဲ့လေ၏။
တဲသို့ ရောက်သောအခါ ထိုနေ့အဘို့ အိုလင်တောင်းရသမျှသော ပိုက်ဆံ အကြွေ များမှာ အပြား လေးဆယ် ဖြစ်လျက် ၎င်းမှာ ၅-ပဲနိ မရှိတရှိ ဖြစ်၏။ သားအကြီးက ၁၀ပြား အငယ်က ဆယ်သုံးပြား ရပြန်ရာ အားလုံး စုပေါင်း လိုက်လျှင် နောက်တနေ့အတွက် စားဘို့ပြည့်စုံလေ၏။ သားငယ်ထံ မှ ၎င်း တောင်းရသော ပိုက်ဆံ ဆယ့်သုံးပြား ကို တောင်းယူသော အခါ ခလေးက မပေးဘဲ သူတောင်းရ သော ပိုက်ဆံကလေးများ ကို လက်ထဲ တွင် ချစ်မြတ်နိုးလှဟန်ဖြင့် တင်းကြပ်စွာ ဆုပ်လျက် အိပ်လေ၏။
နောက်တနေ့ နံနက် ဆန်ပြုတ်ဝယ် သွားတော့မှ သူ့ပိုက်ဆံကလေးများ ကို ထုတ်ပေးလိုက် ၏။
အဘိုးကြီး ကား တပြားတချပ်မျှ မရပေ။ တနေ့ပတ်လုံး သူ့အား ခိုင်းသည့် အတိုင်း လမ်းဘေးတွင် သွား၍ ထိုင်နေခဲ့၏။ သို့သော် တောင်းကား မတောင်းပေ။ ပျင်းပျင်း ရှိလျှင် အိပ်လိုက် နိုးလာလျှင် လူသွား လူလာ များကို ကြည့်နေလိုက် မျက်စိညောင်း လာလျှင် ပြန်အိပ်လိုက် နှင့် အချိန်သာ ကုန်ခဲ့ လေ၏။ အသက် ကြီးပြီ ဖြစ်သဖြင့် လည်း သူ့အား မတောင်းရ ကောင်းလားဟု တောက်တီးခြင်း မပြု ရက်ပေ။
အဘိုးကြီး ကား သူ့လက်ထဲတွင် တပြားတချပ်မှ မရသည်ကို တွေ့သည့်အခါ "ငါလယ်လဲထွန်ခဲ့ပြီ ပျိုးလဲ ရိတ်ခဲ့ပြီ ဒီအလုပ်နဲ့ ငါထမင်းစားခဲ့ပြီ အခု ငါ့မှာ သားလဲသားနဲ့ မြေးလဲ မြေးတွေနဲ့" ဟု ပြောကာ ခလေးငယ် များ အချိန် ကျလျှင် စားရမည်ကို တထစ်ချ သိနေသကဲ့သို့ သူလည်း သူ့သား နှင့် သူ့မြေး ကလေးများကို အားကိုး လျှက် အချိန်တန် ငါစားရမှာဘဲဟု ယုံကြည်၍ နေလေသတည်း။
ဆယ်နှစ်
မိမိက လံခြားဆွဲ အိုလင်က ထွက်၍တောင်းခြင်းဖြင့် မိမိလည်းဝ ခလေးများ နေ့စဉ် စားရသောက်ရ ဖြစ်လာ သောအခါ ၀မ်လန်းမှာ မိမိတို့ ခိုလှုံနေရသော မြို့၏အကြောင်းကို အနည်းငယ် ရိမ်မိ နားလည် လေ၏၊ နေ့စဉ် အမျှ မြို့ထဲထွက်၍ လံခြားဆွဲရင်း မြို့သဘောမြို့အကြောင်းနှင့် မြို့၏လျှို့ဝှက်သော ရပ်ကွက် ဒေသ များကို နှံ့စပ် ကျွမ်းကျင် လာလေ၏။
မနက်ဘက် တွင် မိမိလံခြား ဆွဲပို့ရသူများအနက် မိန်းမဖြစ်လျှင် ဈေးသို့ သွားတတ်ကြလျက် ယောကျာ်း ဖြစ်ခဲ့သော် စာသင်ကျောင်းများ အလုပ်တိုက်များသို့ သွားတတ်သည့်အကြောင်းကို နားလည်လာလေ၏၊
မည်သို့သော စာသင်ကျောင်းများ ဖြစ်သည်မူမသိရ အချို့မှာ အနောက်တိုင်း ပညာသင်ကျောင်းကြီးဟု ခေါ်လျက် အချို့မှာ တရုတ်နိုင်ငံစာသင်ကျောင်းကြီးဟု ခေါ်ဝေါ်ကြသည် လောက်သာမသိ၏၊ အလုပ် တိုက်များနှင့် စပ်လျဉ်း၍လည်း မည့်သည့်အလုပ်ကိုလုပ်သော အလုပ်တိုက်များဖြစ်ကြောင်းကို မစဉ်းစားမိ မိမိ လံခြား နှင့် ဆွဲပို့ရသူထံပိုက်ဆံရလျှင် လှည့်ပြန် ခဲ့ရုံလောက်သာ နားလည်လေ၏။
ညဘက် များတွင် လဘက်ရည်ဆိုင်ကြီးများ ပျော်ပွဲရွင်ပွဲရုံများကို လိုက်၍ပို့ရ၏ ထိုပျော်ပွဲရုံကြီး များမှာ တူရိယာသံတွေ တငြိမ့်ငြိမ့် တငြောင်းငြောင်းနှင့် ကစားဝိုင်းများ ဖွင့်ထားကာ အတွင်းဘက်တွင် လှမ်းမြင် ရသော သုခချမ်းသာ ပျော်မှု့ပါးမှု့ တွေ ရှိကြလေ၏၊ ၀မ်လန်းကား ၀င်ဝ အထိသာ လိုက်ပို့ ရသူ ဖြစ်လေရာ ဘာတွေ ပျော်၍ ဘယ်လိုမြူးနေကြခြင်းကိုမသိ ၄င်း၏ ဘ၀မှာ လူချမ်းသာ အိမ်တွင် စွန့်ပစ် သော ထမင်းလုံး ကလေး များကို ညဥ့်အခါ ခိုးကြောင် ခိုးဝှက်ထွက်စား၍ ပုန်းလျှိုကာ တကဲ့ စည်းစိမ် ကို မခံစား ရသည့် ကြွက်စုတ်လိုဖြစ်လေ၏။
၎င်းတို့ မိသားတစုမှာ ထိုနေရာထိုဒေသတွင် နိုင်ငံခြားသားများ ပမာ ဖြစ်နေလေ၏၊ တနိုင်ငံထဲတွင် နေထိုင် ကြလျက် တမျိုးသား ချင်းပင် မှန်စေကာမူ''အနွိုင်'' မြို့မှာ ကိအင်စုမြို့နှင့် တမျိုးစီခြားနား လေ၏၊ ၀မ်လန်း၏ ဖွားရာဇာတိ ဖြစ်သော အနွိုင်တွင် လူများစကား ပြောပုံဆိုပုံမှာ ခတ်လေးလေးနှင့် လည်ခြောင်း သံဖြင့် ပြောကြလေ၏၊
ယခု ၀မ်လန်း ရောက်ရှိနေသော ကိအင်စုမြို့ကြီး တွင်ကား လူများမှာ တိုတို တုတ်တုတ် နှင့် လျှာဖျားမှာ ဘလစ် ဘလစ် နေအောင် ပြောကြလေသည်၊ ၀မ်လန်းတို့ ဒေသ၌လယ်များမှာ တနှစ်လျှင် ဂျုံနှင့် ဆန်နှစ်သီး သာ မှန်မှန်ကြီးစိုက်လျက် ယာများတွင် ပြောင်းဆန်ကလေး ပဲကလေး ကြက်သွန်ခင်းကလေး နဲနဲ ပါးပါး စိုက်သော်လည်း ဤမြို့ အနှီးတ၀ိုက် မှ လယ်ယာ ကိုင်းကျွန်း များတွင် မူ ဆန်စပါး အပြင် ဟင်းသီး ဟင်းရွက် မျိုးစုံ အလောသုံးဆယ် သီးပွင့် ကြစေရန် လူတို့၏ မစင်များဖြင့် မပြတ်အောင် သြဇာ ဓါတ်ပေး ၍ စိုက်ပျိုးနေကြလေ၏။
ဝမ်လန်း တို့နယ်တွင် လူတယောက်သည် ပေါင်မုန့်တလုံးနှင့် ကြက်သွန်မြိတ်နဲနဲရလျှင် အခြားဘာမှမလိုပဲ ကောင်း ကောင်းကြီးစားနိုင်၏။ အေက်အရပ်တွင်ကား ၀က်သားနှင့်မျှစ်ရော ၍ ကတဖုံ ကြက်- ငှက်- ငန်း အူစုံ အသည်းစုံ တို့နှင့် သစ်ကြားသီး ရော၍ အချိုချက်က တပွဲ အသီးအရွက်မျိုးစုံ ဟင်းတွေက တသွယ် အမျိုးမျိုး သောပွဲရံတွေ ဖြင့် စားလေ့ရှိကြ၏။ အောက်သား ကယောက်မှာ ကြက်သွန်ဖြူနံ့ ရှူရှိက်မိလျှင် နှာခေါင်း ကိုရှုံ့လျက် "အညာသား ကျစ်ဆံမြီးနံ့ နံတယ်ဟေ့" ဟု အော်လေ့ရှိ၏။ ကြက်သွန်ဖြူ အနံ့ရလျှင်၊ အထည် ဆိုင်ရှင် များပင် နိုင်ငံခြားသား များကို ဈေးတင် ရောင်းသကဲ့သို့ ရောင်းချလိုက် သည်သာ များလေ သည်။
သို့သော်....... အုဋ္ဌ်တံတိုင်း ဘေးကတဲစုကလေးကား- ရွာတရွာခွဲ၍တည်ထား သကဲ့သို့ဖြစ်လျက် မြို့၏ တစိတ် တဒေသ လည်းမမည်။ မြို့စွန်ရှိဖျားက ရွာကလေးများနှင့်လည်းမတူ၊ တဘာသာတ ရွာသစ် ဖြစ်နေ လေ၏။
တခါတွင် ၀မ်လန်းသည် လံခြားဆွဲရင်း ကွန်ဖြုရှပ် တန်ဆောင်း အနီးသို့ ရောက်သွားလေရာ၊ လမ်းထောင့် တွင် လူငယ်တယောက်သည် ပရိသာတ်အလယ်၌ တရားဟောပြောလျက် ရှိသည်ကို တွေ့ရလေ၏။ ထိုလူငယ် က "တရုပ်ပြည်ကြီးဟာ တော်လှန်ရမယ်၊ မုန်းတီးရွံရှာဘွယ်ကောင်း သောနိုင်ငံခြားသား များကို ခံတိုက် ရမယ်"ဟု ဟောပြောနေလေရာ၊ ၀မ်လန်းမှာ နိုင်ငံခြားသားဆို သောစကားသည်။ မိမိကိုရည်ရွယ်၍ ပြောနေသည် ထင်လျက်၊ ထိတ်လန့် ပြီးရှောင်ရှား တိမ်းဖယ်လာခဲ့ မိလေ၏။
တခါတွင်လည်း လူငယ်တယောက်တရားဟော နေခြင်းနှင့် သွား၍ဆုံနေပြန်၏။ အကြောင်းမူထို မြို့တွင် တရားဟော လူငယ်ကလေးများဖြင့် ပြည့်လျက်ရှိလေ၏။ ထိုသူငယ်က "တရုပ်နိုင်ငံသူ နိုင်ငံသားတွေ တစည်းတဲ တလုံးတဲ သွေးစည်းရမယ်၊ ဒီလိုအချိန်မျိုးမှာ ပညာလေ့လာဆည်းပူး ရမယ်"ဟု ပြောဟော နေလေရာ၊ ၀မ်လန်းမှာ ဘာတလုံးမှ နားမလည်ပဲ၊ သူ့အား ရည်ရွယ်၍ပြော ဟောနေကြောင်းကိုပင် မရိပ်မိ ခဲ့ပေ။
နေ့တနေ့ လံခြားတစီးနှင့် ပိုးထည်ဆိုင်များ တ၀ိုက်တွင် လူရှာနေခိုက်၊ နိုင်ငံခြားသား ဆိုသောစကား၏ ရည်ရွယ်ရင်း သဘောမှန်ကို နားလယ်၍လာလေ၏။ မိမိလာခဲ့သော ဒေသထက်၊ ပို၍ဝေးလံကွာလှမ်းသည့် တိုင်းတပါး မှလာ၍ နေကြသည့် လူမျိုးကွဲတိုင်းခြား လူမျိုးများလည်း ရှိသေးကြောင်းကို သိရလေသည်။
၎င်းသည်လံခြားကိုဆွဲရင်း၊ မကြာမကြာပိုးထည်တွေဝယ်လျက် မိန်းမများထွက်လာလေံရှိသည့် ဆိုင်ပေါက် တခု ရှေ့မှ ဖြတ်သွားလေရာ ထိုနေ့တွင် ထူးထူးဆန်းဆန်း တခါမှမတွေ့ဘူး မမြင်ဘူးသော သတ္တ၀ါတခု ဆိုင်တဲ မှ ရုတ်တရက် ထွက်လာလေ၏။ ယောကျာ်းမှန်း- မိန်းမမှန်း မသိ သို့သော်- ထိုသတ္တ၀ါမှာ အရပ်အမောင်း ထောင်ထောင် မောင်းမောင်းနှင့် ထူထဲကြမ်းတမ်းသော အင်္ကျီရှည် အမဲကြီး ကို ၀တ်ထားသော လည်ပင်းတွင် အမွေးစုတ်ဖွားနှင့် သားသေကောင် တကောင်၏ အရေကိုပတ်၍ထားလေ၏။
လံခြား ဆွဲ၍လာသော ၀မ်လန်းကိုမြင်သောအခါ ယောင်္ကျားမှန်း မိန်းမမှန်း မသိရသော ထိုသတ္တ၀ါက လက်ရပ် ပြ၍ ခေါ်ပြီး လံခြားကို အချခိုင်းလျက် တက်၍စီးလေ၏ ထိုနောက်ဝမ်းလန်းအား မပီကလာ ပီကလာ နှင့် တံတားလမ်းကို အပို့ခိုင်းလေ၏။
ဝမ်လန်း သည် မိမိဘာလုပ်မိ၍ လုပ်မိမှန်းမသိ၊ လံခြားကိုကောက်ဆွဲ၍၊ ခပ်သုတ်သုတ်ပြေးခဲ့ မိ့ရင်းလမ်း တွင် တွေ့သောအလုပ်လုပ်၇င်း၊ မျက်မှန်းတန်းမိနေသည့် လံခြားသမားတဦးအား၊ "ဟေ့- ကြည့်စမ်းပါဦး၊ ကျုပ်လံခြား ပေါ်က ဟာကြီးဟာ ဘာကြီးတုန်းဟု မေးလိုက်ရာ။ ထိုသူက "နိုင်ငံခြားသူ အမေရိကန်မ ကြီးကွ၊ မင်းတော့ပွတာပဲ........."ဟု အော်ပြောလေ၏။
ဝမ်လန်းသည် ကြောက်ကြောက်လန့်လန့်နှင့် တအားဆွဲခဲ့ရာ၊ တံတားလမ်း သို့ ရောက်သည့် အခါ မောဟိုက် လျက်၊ ချွေးတဖြိုက်ဖြိုက် ကျနေလေ၏။
ထိုမိန်းမသည် လံခြားပေါ်မှာဆင်းပြီး၊ "ဒါလောက်တောင် သေလုမြောပါး ပြေးဖို့မလိုပါဘူး........"ဟု မပီ ကလာ ပီကလာပြောဆိုကာ၊ ငွေစ ၂-စပေးလျက်၊ ထွက်သွားလေ၏။ ဤတွင်မှ ၀မ်လန်းမှာ ဆံပင်နက်နက်၊ မျက်လုံး နက်နက်နှင့် မိမိတို့လူမျိုးကတမျိုး၊ ဆံပင်ရောင်ဖြော့တော့တော့၊ မျက်လုံးရောင်ပြာတာတာနှင့် ထိုလူမျိုး က တမျိုးဖြစ်ကြောင်း ခွဲခြားသိရှိ နားလယ်လျက်၊ နိုင်ငံခြားသား ဆိုသော စကားအဓိပ္ပါယ်ကို သိနားလယ် လာပြီးလျှင်၊ မိမိမှာ ထိုမြို့တွင် နိုင်ငံခြားသားတဦး မဟုတ် တော့ကြောင်း သဘော ပိုက်မိ သွား၏။
ဤနည်းဖြင့် ဘ၀သစ်ကို ထူထောင်ခဲ့ကြလေ၏ လင်က လံခြားဆွဲ မယားက ခွက်ဆွဲကာ တောင်းခြင်းဖြင့် ၂-ယောက် ရှာသောပိုက်ဆံမှာ မိမိတို့အိုးနှင့် မိမိတို့ ချက်ပြုတ်စားနိုင်လောက်ပင် မရပေ။ သို့ရာတွင်၊ ခွက် ဆွဲ၍ အ၀စားတပဲ၊ ဆန်ပြုတ်မဏ္ဍပ်ကိုသာ သွားရလေ၏။ တခါတရံ ဆန်ပြုတ်ဘိုးထက် တပဲ တမူး လောက် ပို၍ ရှာကြံရရှိလေရာ၊ မုံလာဥများဝယ်၍ ချက်စားရလေ၏။ အိုလင်က အုဋ္ဌ်ခဲ ၂လုံးကို မီးဖိုလုပ်လျက်၊ ခလေးများ က ထင်းထွက်၍ခွေကြလေ၏။
ခလေးများ သည် ထင်းစည်းများကို ဈေးတက်၍ ရောင်းသော ထင်းသယ်များထံမှ အလစ်တွင် ၀င်၍ ဆွဲလာလေ့ ရှိကြရာ၊ တခါတရံ ထင်းသယ်က မိသွားသဖြင့် ထိုးကြိတ် ရိုက်နှက်၍ လွှတ်လိုက်လေ၏။ အကြီး ခလေး မှာ စိတ်သဘောနူးညံသိမ့်မွေ့သူတဦးဖြစ်လျက်၊ ခိုးဝှက်ရသော အလုပ်ကို ရှက်လည်း ရှက်လေရာ၊ ညတည ထင်းခိုးရာမှ အပြန် ထင်းသယ်၏ လက်သီးချက် မိလာလျက်၊ ဖူးယောင်ဆို့ ပိတ်နေသော မျက်စိ တဘက်နှင့် ပြန်ရောက်လာလေ၏။
ဆက်ရန်
.
No comments:
Post a Comment