Thursday, April 22, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၇)

ဤသို့တွေးရင်းသားဖြစ်သူ၏ မျက်နှာကိုလည်း အကဲခတ်၍နေလေ၏ လက်မထပ်မီက သတို့သား နှင့် သတို့သ္မီး ကို အချင်းချင်းမတွေ့နိုင်အောင် တကွဲစီထားခဲ့လေရာ၊ ယခုပွဲထုပ်မှ နှစ်ယောက် အတူယှဉ်၍ ထိုင်ကြရခြင်း ဖြစ်၏ သို့ဖြစ်လေရာ သတို့သ္မီး၏မျက်နှာကို သားဖြစ်သူလှည့်မကြည့် အကဲခတ်၍ နေလေ၏ သားဖြစ်သူက သတို့သ္မီးကိုတချက်စောင်း၍ ကြည့်လိုက်ပြီး၊ သဘောကျ သွားဟန်ကိုမြင်လိုက် ရသောအခါ၊ ၀မ်လန်းလည်းဝမ်းသာလျက်၊ “အဲဒါ ငါရှာပေးတဲ့မိန်းမကွ“ဟု ကြွားစရာမရှိ၊ ကိုယ့်ဟာကိုယ် ပြန်၍ ကြွားမိလေ၏ ။

သတို့သားနှင့်သတို့သ္မီးသည်၊ ၀မ်လန်းနှင့်ဝမ်လန်း၏ ဘခင်ကြီးတို့ ကန်တော့ကြပြီးနောက်၊ အိုလင်၏ အခန်း ထဲသို့ သွားကြလေ၏ အိုလင်ကား ထိုနေ့တွင် အကောင်းဆုံးအ၀တ်အစားများကို ၀တ်ဆင်၍ ထား၏ သားနှင့်ချွေးမ၀င်လာသည်ကို မြင်လျှင်၊ အိပ်ရာထဲမှထဲ၍ထိုင်လေ၏ နန်းအင်နှင့် သတို့သ္မီးသည် အိုလင် ကို ကန်တော့ကြသည့်အခါ၊ အိုလင်က ၎င်း၏အိပ်ရာကို လက်နှင့်ပုတ်ပြ လျက်။
“ဒီမှာထိုင်ကြ ဒီမှာ မင်္ဂလာအိပ်ရာဟာ မင်္ဂလာဝိုင်အရက်များ သောက်ကြ၊ ဒီအိပ်ရာဟာ မင်းတို့ရဲ့ အိပ်ရာဘဲ၊ ငါလဲဒီအိပ်ရာမှာ ကြာကြာမနေရတော့ပါဘူး၊ ငါမသွားရခင် မင်းတို့မင်္ဂလာထမင်း မင်္ဂလာဝိုင် အရက် သောက်ကြတာ ငါကြည့်သွားချင်တယ်“ဟု ပြောလေ၏ ။

ထိုအခါ နန်းအင်စုံတွဲသည်၊ တယောက်ကိုတယောက် ရှက်ဟန်ဖြင့် အတူယှဉ်၍ထိုင်ကြလေ၏ ထိုအခိုက် ၀မ်လန်း၏ အဒေါ်က ၀ိုင်အရက်နှစ်ခွက်ကို လာ၍ပေးလေ၏ သတို့သားနှင့်သတို့သ္မီး သည် ပဋ္ဌမ၌ ကိုယ့်ခွက်ကို ကိုယ်ယူ၍ သောက်ကြ၏ ထို့နောက် တခွက်မှအရက်နှင့်တခွက်မှ အရက်ချင်းရောနှောကာ သောက်ကြပြန်၏ အရက်သောက်ပြီးသောအခါ၊ မင်္ဂလာထမင်း ကို လက်ဆုံစားကြလေ၏ ။
ထို့နောက် အိုလင်ကိုကန်တော့၍ အပြင်သို့ ပြန်ထွက်ခဲ့ကြပြီးလျှင်၊ ပရိသတ်များအား ကန်တော့ကြ ပြီးနောက်၊ ဧည့်ခံကျွေးမွေးခြင်းကို စလေ၏ ။

သူဋ္ဌေးမင်္ဂလာဆောင်ဖြစ်သောကြောင့်၊ ရပ်ဝေးရပ်နီးမှ အားခဲ၍လာရောက်ကြသည့် ပရိသတ်မှာ တအိမ်လုံး ပြည့်ကြပ်၍ နေလေ၏ ထိုအထဲ၌ ၀မ်လန်း မသိသူများပင်ပါဝင်၏ အစားအသောက်အတွက် ဥသြမယ် ကိုယ်တိုင် ဟော်တယ်မှ စဖိုမှူးများနှင့် စီမံလျက်၊ ဟော်တယ်မှာပင် ချက်ပြုတ် စေပြီး အိမ်သို့ ယူခဲ့စေ၏ ကျွေးခါနီးမှ နွေး၍ကျွေးလေရာ၊ စားသောက်ကြသူများမှာ ပူပူနွေးနွေးစားသောက်ကြရလျက်၊ မစားဘူး သော မသောက်ဘူးသော အဘိုးတန်အစားအသောက်များ ဖြစ်သဖြင့်လည်းများစွာ ခံတွင်း တွေ့လျက် မြိန်ရှက်စွာ စားသောက်ကြလေ၏ တအိမ်လုံးမှာ ရယ်သံမောသံစကားပြောသံတို့ဖြင့်၎င်း၊ ဇွန်းသံ ပုဂံ တို့ဖြင့်၎င်း ပဲ့တင်ရိုက်လျက်ရှိပြီးလျှင်၊ သင်းပြန့်မွေးကြိုင်သော ဟင်းကျွေး ဟင်းရံ အနံ့ အသက် တို့ မှာ ခန်းလုံး အိမ်လုံးနှံ့မျှ ရနံ့တကြိုင်ကြိုင် သင်းပြန့်လျက်ရှိလေ၏ ။

ဤသို့ ပျော်ပျော် ပါးပါးကြီး အလှူအတန်းပြုလုပ်လျက်ရှိသည်ကို အိုလင်လည်း မြင်ကြားအားရ ၀မ်းသာ ၀မ်းမြောက် ရှိစေခြင်းဌါ၊ ၀မ်လန်းသည် အိုလင်၏ အခန်းတံခါးနှင့် အခန်းဆီးများကို ဖွင့်လှစ် ပင့်တင်၍ ပေးထား လေ၏ မကြာမကြာလည်း အိုလင့်ထံဝင်သွားလျက်၊ အခြေအနေကိုအကဲခတ်၏ ၀မ်လန်း ၀င်လာ တိုင်းလည်း၊ အိုလင်ကဆီး၍ စေ့စေ့ဌဌရှိမရှိ မေးမြန်းရာက၊ လိုလေသေးမရှိရ  အောင် ဂရုစိုက်၍ ကျွေးမွေး ကြောင်း ကြားရလျှင် အားရလျက်၊ အပြင်မှအသံများကို နားထောင်ရင်း ပီတိဖြစ်၍နေ၏ ။

သို့ဖြင့် မင်္ဂလာအခမ်းအနားသည် ပြီးစီးခြင်းသို့ ရောက်ခဲ့လေ၏ ထိုည၌တအိမ်လုံး တိတ်ဆိတ် လျက် ရှိသည့် အခါ၊ အိုလင်မှာ အမောဖေါက်၍နေလေ၏ သားနှင့်ချွေးမကို အိပ်ရာအနီးသို့ ခေါ်ယူလေ၏ ရောက်ကြ သောအခါ-
“ကိုင်း-ငါကျေနပ်ပြီ-ငါ့သား-မင်းအဘေကိုဂရုစိုက် အဘိုးကိုလဲဂရုစိုက်ပါ၊ ငါ့သ္မီးကလဲညီယောက်ျား ညီယောက္ခမ ညီးအဘိုး နဲ့ ညီးယောက်မလေး ကို ဂရုစိုက်ပါကွယ်၊ ဒိပြင်ဘယ်သူ့မှ ဂရုစိုက်ပြုစု စရာ မလိုဘူး“ ဟု မှာလေ၏ “ဒိပြင်ဘယ်သူမှ“ဆိုသောစကားမှာ ကြာပဒုံကိုဆိုလိုခြင်းပင်ဖြစ်၏ ထို့နောက် သတိလစ်၍ သွားလေ၏ အတန်ကြာမိန်းမောပြီးနောက်၊ ဂယောင်ဂတန်းပြောဆိုစပြုလေ ၏ မျက်လုံး မဖွင့်ဘဲ ခေါင်းကိုဟိုဘက်ဒီဘက်ရမ်းပြီး “ကျုပ်အ၇ုပ်ဆိုးပေမဲ့ ကျုပ်သားတွေ မွေးပေးခဲ့ပီ၊ ဟုတ်တယ်-ကျုပ်ကျွန်မကြီး ပါ ဒါပေမဲ့ကျုပ်မှာသား နဲ့“။
ငြိမ်သက် သွားပြန်လေ၏။

 ထို့နောက် ရုတ်တရက် “အို-သူု့ကိုငါပြုစုသလို ဒင်းပြုစုနိုင်ပါ့မလား ငါဂရုစိုက်သလို ဒင်းဂရုစိုက် နိုင်ပါ့မလား၊ လှတာက လှတာတခြားဘဲ၊ သားတော့ မွေးမပေးနိုင်ပါဘူး“ဟု ပြန်ပြောလေ၏ ထို့နောက် အနီး၌ လူရှိမှန်း မသိ ဘဲ၊ ဆက်လက်၍ ဂယောင်ဂတန်းပြောဆိုနေလေ၏။
ဝမ်လန်း သည် သားနှင့်ချွေးမကို အခန်းထဲမှအထွက်ခိုင်းလိုက်ပြီး အိုလင့်အနီးမှထိုင်၍ အိုလင့် မျက်နှာကို စိုက်ကြည့် နေလေ၏ ထိုခဏ၌ အိုလင်၏မျက်လုံးများသည် ပြူးကျယ်စွာပွင့်၍လာလေ၏ ထိုမျက်လုံးများ၌ ထူးခြားသော အရိပ်အရောင်များ ယှက်သန်း၍နေလေ၏ ၀မ်လန်း၏မျက်နှာကို အထူး အဆန်း တခုမြင်ရသည့်အလား မျက်လုံးမမှိတ်ဘဲ အံ့သြသလိုကြည့်နေလေ၏ ထို့နောက် ခေါင်းအုံးပေါ်မှ တဘက် သို့ လျှောကျ သွားလေ၏ ။

အသက်မရှိ တော့သည်ကို တွေ့ရသောအခါ ၀မ်လန်းသည် အိုလင့်အလောင်းနား၌ ဆက်လက် ထိုင်မနေနိုင် တော့ဘဲ အဒေါ်ဖြစ်သူကိုခေါ်၍အလောင်းကိုရေချိုးခိုင်း၏ ထိုအခါမှစ၍ အလောင်းရှိရာ  အခန်း ထဲသို့ မ၀င်တော့ပေ၊ သားနှင့် ချွေးမ အပြင် အဒေါ်ဖြစ်သူ သုံးယောက်ကိုသာ အလောင်းကို ခေါင်းသွင်းရန် ခိုင်းပြီးနောက်၊ ဈာပနအတွက် စီမံ၍နေလေ၏ သဂြိင်္ုလ်ရန် နေ့ကောင်းရက်သာကို ရွေးသည့် အခါ၊ နောက်သုံးလကြာမှ ရက်ကောင်းကြုံသဖြင့် အိုလင်၏အလောင်းအား သဂြိုင်္လ်မည့် နေ့အထိ ခေတ္တထားရန် မြို့သို့ထွက်သွားပြီး၊ ဘုန်းတော်ကြီးတပါးထဲ သုံးလအတွက် နေရာတခု ငှါးယူ လေ၏ ။

ဝမ်လန်းသည် သားနှင့်ချွေးမအား အိုလင်ကွယ်လွန်ခဲ့သော အခန်းကို ပေးလေ၏၊ သားနှင့်ချွေးမ ကလည်း ကျေကျေနပ်နပ်နှင့်ပင် ထိုအခန်းထဲသို့ ပြောင်း၍နေကြလေ၏ မကြာမီပင် တည၌ ၀မ်လန်း၏ဘခင်ကြီးမှာ အိုလင့် နောက်သို့ လိုက်သွားလေ၏ အိုလင့်အလောင်းကို ခေါင်းသွင်းနေ သည်ကို မြင်သွားခဲ့ရာမှ စိတ်ကို ထိခိုက် သွားပုံရလေ၏ ၀မ်လန်းသည် ဘခင်ကြီး၏ ရုပ်အလောင်းကို ကိုယ်တိုင်ပင် ရေချိုးပေးလျက်၊ မိမိအသင့် ၀ယ်ထားသော ခေါင်းတွင်ထည့်ကာ အိမ်အလယ်ခန်း၌ထားလေ၏ “ငါ့အဘေနဲ့ ငါ့မယား အလောင်း၊ တနေ့ထဲ သဂြိုင်္လ်မယ်ဟေ့”ဟု ပြောဆိုကာ၊ သင်္ဂြိုလ်မြုပ်နှံရန် နေရာအတွက် ၎င်းပိုင် ကုန်းမြင့် ကလေး တခုကို ရွေးချယ်လေ၏ “ချင်း”သည် ထိုနေရာ၌မြေ၀င်းထရံကာထားပြီး အလောင်းနှစ်ခုမြုပ်နှံရန် တွင်းများ တူးထားလေ၏။ ၀မ်လန်း၏အကြံပေးချက်အတိုင်း ၀မ်လန်းနှင့်တကွ ၀မ်လန်း၏ သားမြေး အစဉ်အဆက် တို့ပါ ကွယ်လွန်သည့်အခါ တနေရာတည်းမြုပ်နှံနိုင်ရန်၊ သင်းချိုင်းမြေကို ခတ်ကျယ်ကျယ်ပြုပြင်လျက်၊ ၀င်းခတ် ထားလေ၏၊ ၀မ်လန်းတို့အိမ်သားတစုကား စိတ်မကောင်းခြင်း အထိမ်းအမှတ်ဖြင့် တကိုယ် လုံး အ၀တ်ဖြူများကိုသာ ၀တ်ဆင်ထားကြလေ၏။

သို့ဖြင့် သင်းဂြိင်္ုလ်ရန်နေ့သို့ ဆိုက်ရောက်ခဲ့လေရာ၊ ၀မ်လန်းသည် မိမိတို့တအိမ်သားလုံးအတွက် ပခုန်းထမ်း ဝေါကုလားထိုင်သမားများကို မြို့မှမှာယူပြီး ဈာပနာ ကို ပခုန်းထမ်းဝေါကုလားထိုင်များ စီး၍ လိုက်ပို့ကြလေ၏ ကြာပဒုံလည်း ဝေါတခုဖြင့်စီး၍လိုက်၏ ၀မ်လန်းသည် အိုလင်၏ အလောင်း နောက်မှ လိုက်၏ ဘခင်ဖြစ်သူ၏ အလောင်းနောက်မှ ၎င်း၏ဦးလေးသည် လိုက်လာ၏ အလောင်း နောက်မှ ၎င်း၏ ဦးလေးသည် လိုက်လာ၏ ၀မ်လန်းသည် ဆွံ့အစိတ်မကောင်းဖြစ်နေရှာသော သ္မီးကလေးအတွက်ပင်၊ ဝေါသပ်သပ် မှာယူ၍ တင်ပြီး ထမ်းစေလေရာ ခလေးမကလေးကား လမ်းတလျှောက်လုံး စိတ်မကောင်း သူတို့ထုံးစံ ရယ်မော၍ လိုက်လေ၏။

အလောင်း ၂ ခုကိုမြေချသည့်အခါ အခြားသူတွေ ငိုယိုမြည်တမ်း ကြသလောက်၊ ၀မ်လန်းမှာ မျက်ရည် တစက်မှ မထွက်ဘဲရပ်၍ ကြည့်နေလေ၏ သို့သော် မြေဖို့ပြီးစီးသွားသည့်အခါ အပြန်တွင် ဝေါကို မစီးတော့ဘဲ ပြန်၍လွှတ်လိုက်ပြီး တကိုယ်တည်းလမ်းလျှောက်၍ ပြန်ခဲ့လေ၏ လမ်းတလျှောက်လုံးကား လေး နေသောရင်ထဲတွင် အသည်းကိုထင်ထင်ရှားရှား ခိုက်၍နေသည့် အနာတခုကို သိသာထင်ရှားစွာ ခံစား ရလေ၏ ထိုအနာမှာ တခါကမိမိအိုလင့်ထံမှ ပုလဲကလေး ၂ လုံးပြန်တောင်းမိသည့် ပြစ်ချက် ပင်ဖြစ်လေ၏ “ငါမေ့လို့ယူမိတာပဲ ငါမိုက်တာပဲ၊ ဒီပုလဲကလေး ၂ လုံး ကြာပဒုံနားမှာ ဆွဲထားတာကို ငါဘယ်နည်း နဲ့မှ ကြည့်လို့ ရမှာမဟုတ်တော့ဘူး….”ဟု နောင်တရလေ၏။

“အခု-ငါ့လယ်မြေထဲမှာ၊ ငါ့ဘ၀ရဲ့အကောင်းတ၀က်ကို မြုပ်လိုက်ရပီ..၊ ငါကိုယ်ကို ခါးကပိုင်းပီ တ၀က်ကို မြုပ်လိုက်ရသလိုပဲ၊ ရှေ့ရှောက်ပီးတော့တော့၊ ငါ့ဘ၀ဟာ ဘ၀သစ်တမျိုး ဖြစ်လာပီ…”ဟု တွေးရင်း အိမ်သို့ ဆက်လက်လျှောက်ခဲ့ရာ၌ မျက်ရည်တွေရုတ်တရက် ကျဆင်းလာလေ၏ ၀မ်လန်း သည် ကျလာသော မျက်ရည် များ ကို လက်ဖနောင့်ဖြင့် ခလေးလိုသုတ်လိုက်လေ၏ ။

ဆက်ရန်
.

No comments: