Thursday, April 22, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၄)

အယ်ဒီတာဟောင်း မူ မပြောင်း

နောက်တနေ့မှာ အယ်ဒီတာ အလုပ်ခန်းတွင် အဆင်မပြေမှု ပြဿနာတွေကို သူတို့တဖွဲ့လုံး ရင်ဆိုင် ဖြေရှင်းကြသည်ဟု သိရသည်။ အယ်ဒီတာ မောင်သန်းညွန့်ကလည်း သူမလုပ်ချင် ကြောင်း ပြောပြီး ထွက်စာ အသစ် ထပ်တင်သည်ဟု ဆိုသည်။ လကုန်ဘို့ကလဲ တရက်၊ နှစ်ရက် သာလိုတော့သဖြင့် အယ်ဒီတာ ဋ္ဌာနမှ ကျမထံသို့ နှုတ်ထွက်စာကို လာပို့သည်။ အယ်ဒီတာ မောင်သန်းညွန့်ကိုယ်တိုင်လည်း ကျမ ထံ လာတွေ့ပြီး တိုက်ရှိအယ်ဒီတာများနှင့် အဆင်မပြေ သဖြင့် ဆက်လက် လုပ်ကိုင်လိုခြင်း မရှိ၍ အလုပ် မှ နှုတ်ထွက်စာတင်ကြောင်း ပြောပြလေသည်။

ခြံဝင်းဝရှိ နေအိမ်ကလေးမှ သီတင်းကျွတ်လျှင် ပြောင်းရွှေ့ကြမည်ဆိုသည် သီတင်းကျွတ်ရန် ရက် ကလည်း နီးကပ်လျက် ရှိပါသည်။ ဗမာ့ခေတ် သတင်းစာတိုက်မှ အိမ်ဆောက်ရန် ငွေများ ထုတ်ယူ ချေးငှား ၍ တောင်ဥက္ကလာပ၌ အိမ်ဆောက်ထားသည်မှာလည်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အကြောင်း ကိစ္စရှိသော အခါ ခေါ်၍ ခိုင်းပါ။ ဘာမဆို ကူညီပါမည်ဟု ဆိုသည်။ ကျမကလည်း သူတို့တိုက်သား ချင်းချင်း မပြေလည်သော အရေးဖြစ်သည့်အတွက် ဘာမျှဝင်ရောက်စွက်ဘက် သြဇာမပေးတော့ ပါ။

 သြဇာပေးလျက် မနှုတ်ထွက်ရဘဲ ဆက်လက်လုပ်ကိုင် စေပြန်လျှင် အဆင်မပြေမှုတွေ သူတို့ ချင်း ပဋိပက္ခမှုတွေ ထပ်ပေါ်လာပါက ကျမကိုယ်ရေးကိစ္စတွေ အများအပြားရှိ၍ သတိနှင့်နေရချိန် ကျန်းမာရေး မခိုင်လုံသေး ဘဲနှင့် ကြီးလေးသော အလုပ်ကိစ္စ အထွေထွေကို မနေသာ၍ ကြည့်ကြပ် နေရစဉ် ရုံးအလုပ်ဋ္ဌာနတခုလုံး၏ မရိုးသား ကလိန်ကျထားသမျှတွေကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် နေရချိန် ၄၀သောမ၊ တရာသားများ ကျွမ်းကျင်စွာလိမ်လည် ကောက်ကျစ်မှုတွေကို အိမ်ပေးမှနေ ၍ မျက်စနှစ်လုံး၊ နားနှစ်ပေါက် နှင့် တယောက်တည်း ကြည့်ရှုနေရချိန်မှာ ကမ္ဘာမီးလောင်ရာ၌ ရေနံဆီ ခွက်မှောက်သောကိစ္စမျိုးကို ထပ်ပြီး ရင်မဆိုင် လို၍ မောင်သန်းညွန့် နှုတ်ထွက်ခြင်းကို လက်ခံ လိုက်ရပါသည်။ သို့ရာတွင် အလုပ်စားပွဲမှာ အလုပ် လာမလုပ်သော်လည်း ကျမထံသို့ မောင်သန်းညွန့်တို့ ဇနီးခင်ပွန်းနှစ်ယောက် မကြာမကြာ လာရောက် ၀င်ထွက်လျက် ရှိပါသည်။

အယ်ဒီတာ မောင်သန်းညွန့် အလုပ် မလုပ်သောအခါ ကျန်ရှိသော အယ်ဒီတာများနှင့် ဆက်လက် အလုပ် လုပ် သွားရာ ဦးကိုလေးမှာ လက်သက်ဝါရင့်သူ လူဟောင်းဖြစ်၍ ခါတိုင်းလို ပေါပေါ့့ဆဆ မနေစေဘဲ ထိန်းသိမ်း ပေးရန် တာဝန်ယူစေသည်။ ပုံနှိပ်ထုတ်ဝေသူ အမည်ခံထားသူ ဖြစ်သော ကြောင့်လည်း ပို၍ အဆင်ပြေ ရန် ရှိသည်ဟု ကျမ အထင်ကြီးခံမိလေသည်။ ဗမာ့ခေတ် စတည်ခါ အခါတုန်းက အတူတကွ ပါခဲ့သူ လူဟောင်း စြဖ်သည်။ အသောက်အစား အပျော်အပါး ဘက်သူ ဖြစ်သော်လည်း အသက်ကြီး၍ လုပ်သက် ၀ါရင့် လူဟောင်းအတွင်းကြောင်း အပြင်ကြောင်း ကောင်းစွာ တီးခေါက်မိသူ အရေလယ်သူ ဖြစ်သော ကြောင့် တဘက်သတ်မတရားမှုများကို တတ်အားသမျှ ထိန်းသိမ်းပေးသွားနိုင်လိမ့်မည်၍လည်း ယုံကြည် ချက် အနည်းငယ် ရှိမိသည်။

နောက် နောက်ကလည်း ၎င်းဦးကိုလေးအား အယ်ဒီတာ ဘ၀အနေနှင့်သာ ဆက်ဆံလာခဲ့သည် မဟုတ်ဘဲ ရွှေဂုန်တိုင် အိမ်ဟောင်း ဂျပန်ခေတ်မှ အစပြုပြီး သူ့သားမယား တတွေ တမျိုးလုံး ကျမ အိမ်မှာ ခေါ်တင် ကျွေးမွေး ပြုစုထား၍ ဆွေမျိုးသားချင်းသဘွယ် နေလာကြသူ ဖြစ်ရာ အတွင်းကျကျ ကိစ္စအထွေထွေကို  သူအကုန် သိနေသူ ဖြစ်ပါသည်။ သက်ကြားအို တရားပျက် နေသည်။ ဖေါက်ပြန်နေသည်။ ကောက်ကျစ် စဉ်းလဲ ပြုသည်။ ဘယ်အချိန်၊ ဘယ်ကာလက သူပါး သားမယား ခိုးယူထားသည်က အစ အူမအူသိမ်အထိ အတွင်း ကျကျ သိသူဖြစ်ကြောင်း အထောက် အထား တွေရှိပါသည်။ ယခု ကွာရှင်းကြရသော အချိန်မှာ မှန်ကန် တည့်မတ်စွာသော အလုပ် တာဝန်တွေ လ်ုပနေမည်ဟု ယုံကြည်ခဲ့ပါသည်။ နှစ်ဦးလုံး အပေါ်တွင် ကျေးဇူး တင်ပါသည်။

ကျေးဖူး ရှိပါသည်ဟူသော သူ၏ကြွေးကြော်သံအတိုင်း လမ်းမှန်မှန်နေသွားလိမ့်မည်ဟု စိတ်ချ နေလိုက် သည်။ အထူးသဖြင့် မိန်းသားတဦးအနေနှင့် ကျမဘက်ကိုပင် ပို၍ သက်ညှာရမည့် လူ့သဘာဝ စိတ်ဓာတ် မျိုး၊ တာဝန်မျိုး ရှိသင့်သည်ဟု ယူဆရန် ရှိသည်။ လူသားတို့ သဘာဝအတိုင်း လူ့ကျင့်ဝတ်နှင့် လူဆန်ဆန် ကျင့်သုံး သူ မှန်လျှင် ဤအတိုင်းပင် စိတ်ဓာတ်ပေါ်လွင် လာစေရမည် မှာ အမှန် ဖြစ်ပါသည်။

သို့ကြောင့် ညဥ့်ဘက်တွင် နိုင်ငံခြားရေးဆိုင်ရာ အယ်ဒီတာ ဦးချစ်သိမ်းက လူကြီးတဦး အနေနှင့် လူငယ် အယ်ဒီတာ များကို ထိန်းသိမ်းကြည့်ကြပ်သွားသလို နေ့ဘက်မှာ အသက်အကြီးဆုံး လုပ်သက်ဝါအရင့်ဆုံး ဦးကိုလေး က အယ်ဒီတာ ဋ္ဌာနသာ မက အလုပ်တိုက်က ကိစ္စမှန်သမျှကိုလဲ ကြည့်ကြပ် ထိန်းသိမ်း စီမံ သွားရန် လွှဲအပ်ထားပါသည်။ ထိုသို့ ထိန်းသိမ်းရန် လွှဲအပ်ထားသည့် အတိုင်း ထိန်းလည်းထိန်းပါသည်။ သိမ်းလည်း သိမ်းပါသည်။ ထိန်းကြောင်း၊ သိမ်းကြောင်းများ ကိုလည်း နောက်များ မကြာမှီ သိရ မြင်ရ ကြားရ ပါသည်။

ခွတုပ် အကျိုးတော်ဆောင်များ

 ၁၉၆၀ခု သြဂုတ်မှစ၍ ကျမအုပ်ချုပ်လာခဲ့သော်လည်း သတင်းစာတိုက်သား ဌာနအသီးသီးမှ ခေါင်းပိုင်း များသည် ဆရာသမားရှိရာသို့ မကြာမခဏသွားရောက်တွေ့ဆုံကြပါသည်။ အချို့က လည်း သဘောရိုးနှင့် ဆရာမို့ သွားတွေ့သည် အချို့ကတော့ (၎င်းအချို့မှာ ၄၀-သောပါတီဝင်များ ဖြစ်ပါသည်။) ချပေးသမျှ လမ်းစဉ် အတိုင်း မီးစင်ကြည့်က၍ အရက်ဘိုးစီးကရက်ဘိုးနှင့်တကွကြီး လေးလှစွာ ထမ်းနေရသော ကာမဂုဏ် စားစရိတ် များအတွက် သုံးငွေဇယား ကိုက်အောင် ဗမာ့ ခေတ်တိုက်က သုံးထောင် မှ ငါးထောင် အထိ ဖြစ်သည့်နည်းနှင့် လှည့်ထုတ်ယူပေးရန်တာဝန်ချထား ချက်အရ အားကြိုးမာန်တက် လုပ်ပေး ကြရသည်။ လုပ်ပေးရသော ပင်ပန်းခများကို ကဘုံးပေါ်ထိပ် ကွက်သူခိုးလက်က သူဝှက်လုသောနည်းနှင့် ခေါင်းပုံဖြတ် ယူနိုင်ကြသည်၊ သူတို့သည် ဤနည်းနှင့် တာရှည်စားသွားဘို့ ကြိုးစားကြသည်။

ကျမနှင့် တွေ့သောအခါလည်း အယုံသွင်း၍ သူတို့ဆရာအကြောင်းမကောင်းတာတွေ ဖွင့်အံ့ချပြ သည်။  ဟိုရောက် ပြန်တော့လည်း အဖွားကြီးအား ၀ိုင်းညာချပေးမည်။ သတင်းစာတိုက်ကြီးကိုလဲ လက်လွတ် မခံ ရအောင် အမျိုးမျိုးအကျိုးတော်ဆောင်ပေးမည်။  ကောံကျစ်စဉ်းလဲမှုတွေလည်း မွေနှောထားမည်။ ပူးသတ် ပေးမည်။ ကောံကျစ်စဉ်းလဲမှုတွေကို စေခိုင်းသလိုလုပ်ပေးမည်စသဖြင့်  တာဝန်ခံလျက် ရှုပ်ရှက် ခတ်နေကြသည်။

ကျမသည်နှစ်လကျော်ခန့်ရှိလာသောအခါ အထက်ပါသူ တို့၏နှစ်ဘက်လွှလက်ရများကို ရိပ်စားမိစ ပြုလာ ပါသည်။  ဤအချိန်အတောအတွင်းမှာလည်း မရိုးသားမှုများကို မိအောင်ဘမ်းနိုင်သမျှ လက်လှမ်းမှီသမျှ ဘမ်းဆီး နေရသည်။ ဒုက္ခများလှသည့်အ ဖြစ်က ကျမဘက်မှာယုံကြည်စိတ်ချစရာ လူရယ်လို့လဲ တစ်ဦး တစ်ယောက် မျှ မရှိသလောက်ဖြစ် နေသည်။ ဤမျှစိတ်ရှုပ်စရာကောင်းနေသော အလုပ်တိုက်မှ တစ်နေ့ လျှင် ရွှေလှည်းတစီးတိုက်ရ စေဦး မလိုချင်ပါ။ ပိတ်၍သာပစ်ချင်နေပါသည်။

အိမ်ပေါ်တွင် လာရောက် နေထိုင်ဝင်ထွက်သွားလာခွင့်ပြုထားမိသော ကျောက်ပန်းတောင်းဆွေမျိုး တစ်သိုက် ၏ အမှုအရာကလည်း ဇာတိနည်းနည်း ပြလာကြပါသည်။  နှစ်ဘက်လွှလုပ်နေကြသည် ဟုစတင် ရိတ်စား လာမိပါသည်။  ဒုက္ခရောက်စဉ်က ကယ်တင်ခဲ့သောကျေးဇူးရှင်ထမင်းရှင်ဟူ၍ မငဲ့ညှာဘဲ၊ သူယုတ်မာ ကျားငစဉ်လဲ ၏  ခိုင်းစေချက်အရ ကျမအား အစားအစာကျွေး၍ ပူးသတ် ပေးခဲ့သော စလေ သူမ နှစ်ဦးပုနှစ်မ မုဆိုးမသည် အပြင်အပမှာ သူတို့အမျိုးချင်း အဆက်အသွယ် ပြုနေကြသည်ကို ရိမ်မိစ ပြုလာ ပါသည်။ 

သို့ကြောင့် မကောင်းကြံသည့်ရန်သူနှင့်ဆက်သွယ်နေ သောအတွင်းကျကျ အိမ်မှာနေသူ ညီမ၀မ်းကွဲ မုဆိုးမ အား အမှတ်မထင်သတိထားနေရပြန်ပါသည်။ မုဆိုးမ၏ အဒေါ်တဦး ၊ ဒေါ်ဒေါ်က ဆိုနေသူ တဦး ကလည်း ကျောက်ပန်းတောင်းမှ တကူးတကန့် ခေါ်လာပြီး ကျမအိမ်မှာလာရောက်နေစေသေးသည်။ ကျမကလည်း လူကြီးတစ်ယောက်နှင့် သူနေ လိုသရွေ့နေစေရန် အကယ်၍ ပြန်ချင်လျှင်လည်း အချိန်မရွေး ပြန်နိုင်ကာ လွတ်လပ်စွာ နေစေပါ သည်။ သို့ရာတွင် နေ၍ အတန်ကြာသောအခါ မကျန်းမာ၍ အဖေါ် ရအောင် လာနေသူအဖြစ် မဟုတ်တော့ဘဲ စိတ်ရှုပ်စရာအနှောင့်အယှက်တွေ ပြုလာပါသည်။

ကျမကို မလိုသူတို့ အလွယ် တကူ အိမ်အောက်ထပ်  ၀င်မလာနိုင်စေရန် တံခါးများ ပိတ်ထားစေသည်ကို ဒေါ်ဒေါ်က မနှစ်သက် ကြောင်း။ အလုံထောင်ထဲမှာ လာနေရသည်နှင့် မခြားကြောင်း။ ဘယ်တော့မှ ပြန်လွှတ် မှန်းလဲ မသိရကြောင်း။ သူ့ တူဦးကိုကြီးလာသောအခါ အောက်ထပ်မှ ငို၍ငို၍ တိုင်သည်ဟု သိရ ပါသည်။ ကျမ၏ ကိုယ်ရေးကိုယ်တာ အန္တရာယ်အမျိုးမျိုးကြောင့် တံခါးပိတ်ထားရသည်ကို သိလျက်နှင့် မနေ လိုလျှင်လည်း ပြန်နိုင်ပါလျက် မျက်ရည်နှင့် မျက်ခွက်လုပ်နေခြင်း၊ ၀တ်ကြေ၀တ်ကုန်လာနေသော သူ၏ တူနှင့် တူမများ အား၎င်း၊ ၎င်းတို့ သားသမီးများအား၎င်း၊ ကျမထံသို့ ခဏ ခဏ မလာကြနှင့် တဘက် က မုန်းနေလိမ့်မည်ဟု တီးတိုးတားမြစ်ခြင်းများ ပြုလာသည်။ 

အိမ်တွင် ရိုးရိုးသားသား အလုပ်ဝတ္တရား ဆောင်ရွက်နေသော ကရင်မကလေးများကိုလည်း နည်းအမျိုး မျိုး နှင့် သွေးဆောင် ဖျက်ဆီးကာ ကျမအိမ်တွင် တာရှည်ဆက်လက် မနေနိုင်အောင် ကြံဆောင်ပါတော့သည်။ လုပ်နေ ကျ အလုပ်တာဝန်များ မလုပ်မကိုင် လစ်ဟင်းစေရန် အလုပ်လုပ်ချိန်မှာ သူ့ထံပါး၌ အခါများစွာ ခေါ်ထား ၍ ပေါက်ကရ စကားတွေ ပြောလျက်သာ နေပါတော့သည်။

ယင်းသို့လျှင် အပြင်မှ ကိစ္စ အကြီးစားများသာမက အိမ်တွင်းမှ အသေးအဖွဲကိစ္စ ရေနံဆီခွက် ကလေး တွေ ကလည်း မကြာခဏ ထ၍ ထ၍ တောက်ခါ မသင်္ကာစရာတွေနှင့် ရင်ဆိုင်လို့သာ နေခဲ့ ရပါသည်။ မကူညီ ချင် လျှင် နေနိုင်ပါလျက် စိတ်မချမ်းသာအောင် နှောင့်ယှက်မှုကိုတော့ မပြုသင့် မပြုထိုက်ပါ။ ထိုအတွင်းမှာ ဆောင်ရွက်စရာ ရုံးကိစ္စ အထွေထွေကို သူသာလျှင် ပြီးပြတ်အောင် ဆောင်ရွက်ပေးပါမည်ဆိုသော ရှေ့နေ မွန်စံလှိုင် အား သူချိန်းဆိုထားသည့် နေ့ရက်များ ကုန်ဆုံးခဲ့ပြီ ဖြစ်၍ ၄-၅ရက် တခါခေါ်ပြီး အလုပ်ကိစ္စ စရန် ပြောဆို တိုက်တွန်းပါသည်။ ပဋ္ဌမတကြိမ်၊ နှစ်ကြိမ် မှာတော့ စာချုပ်၌ လက်မှတ်ထိုးမည့်သူတွေကို စု၍ မရသေး ကြောင်း။ လူစုံတက်စုံ ခေါ်မရသည်မှာ အချို့က ခရီးသွားနေလို့၊ အချို့က ဘယ်ရောက်နေလို့ စသော ဆင်ခြေမျိုး ပေးနေလေသည်။ နောက်ဒုတိယ တကြိမ်၊ နှစ်ကြိမ်မှာတော့ ကိစ္စပြီးအောင် ဆောင်ရွက် ပေးပါမည်ဟု တာဝန်ကတိပြု ထားသူ ရှေ့နေမွန်စံလှိုင်သည် လေသံတမျိုး ပြောင်းသွားပြီး ကျမ အား ရွှေပြည်အေး တရားစ၍ ဟောပါလေတော့သည်။

အယုံသွင်းပြီး အချိန်ဆွဲခံခြင်း ဆက်ရန်
.

No comments: