Monday, April 5, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၀)

"နို့- ဒီလိုပဲ အမြဲနေသွားရမှာလားဗျာ"ဟု ၀မ်လန်း က ခံပြင်းပြင်းနှင့် ပြန်မေးလိုက်သည့် အခါ၊ ဆေးတံ ကို ဖွာလျက် မြေကြီးပေါ်ပက်ကနဲ တံတွေးထွေးချလိုက်ရင်း၊
"အမြဲတမ်းတော့ ဘယ်ဟုတ်မလဲ သူဋ္ဌေးတွေသိပ်ချမ်းသာနေရင် လုပ်ရမဲ့နည်းလမ်းအများကြီးရှိ တယ်၊ ဆင်းရဲသား တွေ သိပ်ဆင်းရဲတယ်နော်၊ ထွက်လမ်း တွေလဲ အများကြီးရှိတာပဲ၊ လွန်ခဲ့တဲ့ ဆောင်းတုန်းက ကျုပ်တို့ သ္မီးနှစ်ယောက် ရောင်းစားခဲ့ရတယ်၊ အခုလဲ နောက်မွေးမဲ့ ခလေးဟာ မိန်းခလေး ဖြစ်ရင် ရောင်းစား ရအုံးမှာပဲ၊

ကျုပ်- ပဋ္ဌမ သ္မီးကြီး တယောက်ပဲ ရောင်းမစားတာ၊ နောက်မွေးတဲ့ဟာတွေတော့ သတ်ပစ် တာထက် ရောင်းစား တာက ပိုကောင်းသဗျ၊ တချို့ကတော့ မွေးမွေးချင်း သတ်ပစ်တဲ့နည်းပိုကြိုက်တယ်၊ အဲဒါ ဆင်းရဲသား လူမွဲတို့ရဲ့ ထွက်ရပ်လမ်းတခုပေါ့၊ သူဋ္ဌေးတွေသိပ်ချမ်းသာနေရင် လုပ်ရမဲ့ နည်းကတော့ ကျုပ်၊ အတွေးသာ မှန်ရင် ပေါ်လာဖို့ သိပ်မကြာတော့ပါဘူးဗျာ"ဟု ပြောဆိုကာ၊ ဆေးတံဖြင့်အုဋ္ဌ် တံတိုင်းကြီး အတွင်း ဘက်သို့ နောက်ပြန်ထိုးပြပြီး၊
"အထဲကို မြင်ပီပလား"ဟု မေးလေ၏။

ဝန်လမ်းက ခေါင်းခါပြသောအခါ၊ ထိုသူကဆက်လက်၍
"ကျုပ်တခါ- ကျုပ်သ္မီး ကလေး ကို အဲဒီအထဲသွားရောင်း တုန်းကမြင်ခဲ့ဘူးတယ်၊ အဲဒီအထဲက အိမ်ကြီးမှာ ငွေ ဘယ်လို ၀င်လို့ ငွေဘယ်လို သုံးနေတယ် ဆိုတာ ကျုပ်ပြောရင် ခင်ဗျား ယုံတောင် ယုံမှာ မဟုတ်ဘူး၊ ကျုပ် ပြောပြမယ်၊ အစေခံတွေတောင် ငွေကွပ် တဲ့ ဆင်စွယ်တူတွေနဲ့ စားကြတယ်၊ ကျွန်မ တွေဟာလဲ ပုလဲ နားပန်- မြနားပန် တွေဆွဲလို့၊ ဘိနပ်မှာ ပုလဲစီလို့၊ ဘိနပ် နဲနဲ မဲလာရင် ပုလဲရော- ဘိနပ်ရော လွှင့်ပစ် ကြတာပဲ"

ဝမ်လန်း ကား- ပါးစပ်အဟောင်းသား နှင့် နားထောင်နေမိလေ၏။
"ချမ်းသာတဲ့ လူတွေ သိပ်ချမ်းသာ နေရင် လုပ်ရမဲ့ နည်းလမ်းတော့ ရှိတာပဲ………"ဟု ထိုသူက ဆက် လက် ပြောဆိုပြီး ခဏမျှ ငြိမ်သက် သွားလေ၏။ အတန်ကြာ မှ စကား တမျိုး ပြောင်းလိုက်ကာ။
"ကဲ-ကဲ- အလုပ်သာ ဆက်လုပ်ပါဗျာ…….."ဟု ပြောပြော ဆိုဆို မှောင်ထဲ တွင် ကွယ်ပျောက် သွား လေ၏။

ထိုည ၀မ်လန်းမှာ အိပ်မပျော်တော့ပေ၊ အုဋ္ဌ်တံတိုင်းကြီး ၏ တဘက်တွင် ရှိသော အိမ်ကြီးမှ ဋ္ဌေးပုံ ကြွယ်ပုံ များကို စဉ်းစားနေမိပြီးလျှင်၊ စောင်မှ ခြုံ အိပ်စရာ မရှိသော မိမိအဖြစ် နှင့် ယှဉ်ကြည့် မိလေ၏။ ထိုအခါ ခလေး ကို ရောင်းလိုသော စိတ်က လှုံ့ကြွနှိုးဆော်လာပြီး၊ "အင်း- ငါ့သ္မီးကလေး ကို သူဋ္ဌေးအိမ် ရောင်းစားခဲ့တာမှ ကောင်သေး၊ ကြီးလာလို့ သူဋ္ဌေးသားတွေ သဘောကျလောက် တဲ့ရုပ်ကလေးများဖြစ်ရင်၊ စိန်တွေ- ရွှေတွေ ဆင်နိုင်မှာပဲ………" ဟု တွေးကာ။ သို့တွေးရင်းတွေး ရင်း ချီတုံချတုံဖြစ်နေ လေသတည်း။

အခန်း ၁၄

မိုဃ်းကျလာလေ၏ ထိုအခါ ဒွန်းစဏ္ဍများလို ထွက်၍မတောင်းကြတော့ပဲ၊ စိမ်းနုသော အလေ့ကျ ဟင်ရွက် ဟင်းသီး ကလေးများကို လိုက်ရှာကာ ချက်ပြုတ်စားသောက် ကြလေ၏ နံနက်လင်းလာ ပြီဆိုလျှင်ပင်၊ ၀မ်လန်းတို့ တဲစုမှ ကိုယ်ရောင်ကိုယ်ဝါ ညစ်ထေးစွာဖြင့် စီတန်း ထွက်လာကြသော မိန်းမနှင့် ခလေးမျာကို တွေ့ရ လေ၏။ ၎င်းတို့မှာ တောင်ကုန်တောင်စောင်း သုဿာန်သချိံင်း မြေမကျန် ဓားကျိုးဓားပဲ့ ကိုယ်စီ-ပလုံးကိုယ်စီ နှင့် ဟင်းသီးဟင်းရွက် အရှာထွက် သူများဖြစ်လေ၏။

ထိုသူသိုက် ၌ အိုလင်းတို့ သားအမိသုံးယောက်လည်း အပါအ၀င် ဖြစ်သတည်း။
ဆောင်းတွင်း တတွင်းလုံးကိုယ်အလုပ်နှင့်ကိုယ် နွမ်းရိပန်ခွေလျက်၊ တိတ်တိတ် ဆိပ်ဆိပ် ရှိခဲ့သော အလုပ်ကြမ်း သမား တဲနီးချင်းများမျာ၊ မိုဃ်းအကျတွင် အသက်ဝင်၍ လာလေ၏။  ညနေစောင်း- နီရဲသော တိမ်ရောင် တွေ အောက်တွင် တဲရှေ့သို့ ထွက်လျက် ၀ိုင်းဖွဲ့စုရုံး- တရုံးရုံး အစည်းအဝေး ဖွင့်နေတတ် ကြလေ၏ ၀မ်လန်းမှာဆောင်းတွင်း က မမြင်ဘူး သူများကို ယခုမြင်ရလေ၏။

 ၎င်းမှာ နေ့ဘက်တွင် လံခြားထွက်နေဆွဲခဲ့ရသဖြင့်၊ တဲနီးနားချင်းများ၏ အကြောင်းကိုကောင်းစွာမသိ၊ လူစုံ သူစုံ လည်း မမြင်ဘူးခဲ့ပေ၊ အိုလင်မှာစကားနည်းသူ တယောက်ဖြစ်သည့်အတိုင်း၊ ခင်ပွန်းသယ်အား၊ "ဟောဒီမှာ ကိုဝမ်လန်းရေ…… ကျုပ်တို့ တဲဟိုဘက်သုံတဲကျော်က လူကြီးဟာလေ မယားကို အင်မတန် နှိုပ်စက် တဲ့ လူကြီးတော့၊ ရိုက်လိုက်တာမှ ဖွတ်ဖွတ်ကြေပဲ၊ ဟိုဘက်တဲက လူကြီးကတော့ ကိုယ် မကောင်းဘူး၊ ကျုပ်မြင်ရတာဖြင့် ပါးကြီးနှစ်ဘက် ဟာ ကြောက်စရာတောင် ကောင်းတယ်၊ ပီး တယောက် ကလဲ ဓါးပြဗိုလ်ကြီး တဲ့တော့"ဟု နည်းနည်းပါးပါး ကလေးပြောပြဖော်မရ၊ မြင်ရကြားရသမျှ အမေး မရှိလျှင် အဖြေ မပေးတတ်သူ ဖြစ်ရကား၊ ၀မ်လန်းမှာ တဲနီးချင်းများ အကြောင်းကို ကောင်းစွာ မခေါက်မိပေ၊ သို့ဖြစ်လေရာ၊ တနေ့တွင် ၀ိုင်းဖွဲ့၍ စကားပြောနေသူများ အနီးသို့ သွားရပ်၍ ရောနှော နားထောင် နေမိလေ၏။

ထွက်လာသော စကားများမှာ ပိုက်ဆံအကြောင်းလောက်သာ ဖြစ်လေ၏ ၀ိုင်းဖွဲ့၍ ထိုင်လိုက်တိုင်း မပါလျှင် မပြီးသော ကိစ္စကား၊ တဲနောက်ဘက် ၀င်းကြီးထဲက အိမ်ကြီး အကြောင်းဖြစ်လျက်၊ နောက်ဆုံးတွင် "တောက်- ဒင်းတို့ပစ္စည်းတွေ စိန်တို့ ရွှေတို့ ငွေတို့သာ ရလိုက်ရင်တော့ကွာ" ဟူသော စကားမျိုးဖြင့် အဆုံး သတ်လေ၏။
ဝမ်လန်း သည် ဤသို့ကြုံးဝါးနေသူများအား အကယ်၍ သူတို့တောင့်တသည့်အတိုင်း ဖြစ်လာလျှင် မည်သည့် အလုပ်မျိုး အရင်းထုတ်၍ လုပ်ကြမည်ကို သိလိုသဖြင့်၊ ဆက်၍နားထောင် လိုက်ရာတွင်၊ သူ ထင်သလို အလုပ်အကိုင် တခုခုလုပ်မည့်သူ တယောက် မျှမပါ၊ အဘယ်လို ကောင်းကောင်းစား၍၊ အဘယ်လို ကောင်းကောင်း အိပ်ပြီးလျှင်၊ အဘယ်လို ချောလှသည့် နတ်ကညာ ကလေးတွေ ကို ငွေပေး၍ ၀ယ်ယူ ပျော်ပါးကြ မည့် အကြောင်း လောက်သာ ကြားရလေ၏။

 သို့ဖြစ်လေရာ "ကျုပ်တော့လက်ထဲမှာ စိန်တွေရွှေငွေသာရှိရင်၊ လယ်တွေချည့် ထပ်ဝယ်ပစ်မှာဘဲ" ဟူ၍ ၀င်ပြော လိုက်မိလေ၏ ထိုအခါ အားလုံးက လှည့်ကြည့်လျက်
"ဟာ-ကျစ်ဆံမြီး နဲ့ ဂနိုင်ကြီးပါ ကလားဟေ့၊ ပိုက်ဆံကို ဘယ်လိုသုံးရမှန်းမသိ၊ မြို့ပါးမ၀ နဲ့ နွားနောက်က တသက်လုံး ကျွန်ခံနေမဲ့ လူစားဘဲ"ဟု ၀ိုင်းသရော်ကြလေ၏ သို့ သရော်ကြရင်း မိမိတို့မှာ ပိုက်ဆံကို သုံးစွဲ တတ်သူများ ဖြစ်သောကြောင့်၊ ၀မ်လန်း ထက် ပို၍ တတ်သိလိမ္မာသူများ ဖြစ်သည်ဟု အောက်မေ့ကြလေ၏။

ဝမ်လန်းကား သူ့ကိုဘယ်လိုပင် နောက်ပြောင် သရော်ကြသော်လည်း စိတ်ပြောင်းလဲခြင်း မရှိ၊ လံခြား ဆွဲရင်း လည်း လယ်ကိုသာ စိတ်ရောက်နေလေ၏ "ငါဘယ်လိုပြန်ရပါ့မလဲ ငါ့လယ်တွေ ဆီဘယ်တော့မှ ပြန်ရောက် ပါ့မလဲ"ဟု အမြဲစဉ်းစားစိတ်ကူး၍ သာနေလေ၏ တခါတရံ မိမိ၏ ဘ၀ကို မိမိ ပြန်စဉ်းစား မိသောအခါ တဲနီးနားချင်းများနှင့်  နှိုင်းစာကြည့်မိလျက် "ငါဟာ ဒင်းတို့နဲ့တူတာ မဟုတ်ဘူး ဒင်းတို့ ဟာ အလေနတော့၊ အုဋ္ဌ်ကြားမြက်ပေါက် လူဗြောက်သောက်၊ လူဘော် ကြော့တွေ၊ ငါလိုကံမခိုင်လို့ ခေတ္တခဏ လူစွမ်း လူစ ညံ့နေတာ မဟုတ်ဘူး၊ ငါ့မှာလယ်နဲ့မြေနဲ့"ဟု မိမိဘ၀ကို မိမိ အရောင်တင်ကာ စိတ်ကို ဖြေလေ၏။

တနေ့သ၌ ၀မ်လန်းသည် မြို့ထဲ၌လံခြားဆွဲ၍နေစဉ်၊ လက်နက်ကိုင်စစ်သား တစု က လမ်းသွား လမ်းလာ များကို လိုက်ဆွဲနေသည်ကို တွေ့ရလေ၏ လူများ က မလိုက်လိုသဖြင့် ငြင်းဆန်ကြသော အခါ စစ်သား များ က လှံစွပ်ကြီးများဖြင့် ၀င့်ကာဝင့်ကာ ခြိမ်းခြောက်ကြလေ၏ ၀မ်လန်းသည် ထိုအချင်းအရာကို အံ့အားသင့် လျက်တွေ ကြည့်နေမိရာ၊ မိမိအနား တဖြည်းဖြည်းရောက်လာ သည်ကိုတွေ့ရမှ ထိတ်လန့်လျက် လံခြား ကို မြောင်းထဲတွန်းချခဲ့ပြီး နီးရာဆိုင်ကလေးတဆိုင်ထဲသို့ ၀င်ပြေးခဲ့မိလေ၏။

ထိုဆိုင်မှာ လဘက်ရည်ဆိုင်ကလေး တဆိုင်ဖြစ်လေရာ။ ၀မ်လန်းသည် စစ်သား များ ကျော်လွန် သွားသည့်တိုင်၊ မီးဖိုနောက်တွင် ပုန်းကွယ်၍ နေရလေ၏ ဤသို့ ၀ုန်းကွယ်ရင်း၊ ဆိုင်ရှင်အား အကျိုး အကြောင်း မေးကြည့်သည်တွင် ဆိုင်ရှင်က "စစ်ဖြစ်ပြန်ပီ ထင်တာဘဲ၊ ဘာတွေဘာပြုလို့ တိုက်နေတယ် ဆိုတာတော့ ငါလဲမသိဘူး၊ ငါငယ်ငယ် ကလေးက တဲကတိုက်တဲ့စစ်ဟာ၊ တော်တော်ကြာရင်း တိုက်ရင်း၊ တော်တော်ကြာရင်း တိုက်ရင်း၊ ငါသေလဲ တိုက်အုံးမှာလားမသိဘူး"ဟု ပြောလေ၏။

"လူတွေ လိုက်ဆွဲတာက ဘာပြုလို့လဲ၊ ကျုပ်တဲ့နားကလူတယောက်လဲ ပါသွားတာ တွေ့လိုက်ရတယ်။ ဒီလူဟာ ဘာအပြစ်မှ ရှိတာလဲမဟုတ်ဘူး။ ကျုပ်လိုဘဲ စစ်ဖြစ် မှန်းတောင်သိတာ မဟုတ်ဘူး"
"စစ်ကူလီဆိုပါတော့ကွာ စားနပ်ရိက္ခာတို့ထက်နက် ခဲ,ယမ်း,မီးကျောက်,တို့ ထမ်းရသယ်ရအောင် ခေါ်တာပေါ့၊ နေပါအုံး" မင်းကဘယ်အရပ်ကမို့လဲ၊ ဒီမြို့မှာဒါမျိုးဟာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်ဘဲ ဟာ နေအုံးကွ မထနဲ့အုံး ဟိုမှာစစ်သားတွေလာနေပြန်ပီ၊ ခြေသံတွေပျောက်၍ စစ်သားတွေထွက်သွားမှ ၀မ်လန်းသည် ပုန်းရာမှထွက်ခဲ့ပြီးတဲသို့ သေပြေး ရှင်ပြေးပြန်ပြေးခဲ့လေ၏။

ကြီးစွာ ထိတ်လန့် မိလျက်၊ တဲသို့ပြန်ရောက်သွားသည်နှင့် တပြိုင်နက်၊ "အိုလင်ရေ..."ဟု အူယား ဖားယာ ခေါ်ခါ ဖြစ်သမျှ အကြောင်း မောသံကြီးနှင့် ဇာတ်ကြောင်းလှန်ပြီး လျှင်
"ငါတော့ ကံကောင်းလို့လွတ်ခဲ့တာဘဲ၊ သီသီကလေးကွာ၊ သီသီကလေး၊ လက်မတင်ကလေး လွတ်ခဲ့ ရတယ်ကွ၊ ဒီမှာနေလို့တော့ မဖြစ်တော့ဘူး၊ ခလေးကို ရောင်းပီးပြန်ကြစို့ရဲ့"ဟု ပြောလိုက် သည်တွင်၊ အိုလင်မှာ ချက်ချင်းပြန်ရန် သဘောမတူသေးဘဲ၊ "ခဏစောင့်ပါအုံးတော့၊ ကျုပ် ထူးထူး ဆန်းဆန်း တွေ ကြားနေလို့" ဟု တားလေ၏။

ဝမ်လန်းသည် ထိုနေ့မှစ၍၊ လံခြား ထွက်မဆွဲရဲ တော့ပေ၊ တဲသို့ ပြန်လာပါလာသော လံခြားကို သားအကြီးအား ပိုင်ရှင် ထံရောက်အောင် ပြန်ပို့စေလျက် ၎င်းမူကား တဲထဲမှ တဲပြင်မထွက်၊ ပုန်းအောင်း ကာသာ နေပြီး လျှင် ညဘက်ရောက်လာမှ ကုန်းလှည်း ဆွဲသည့်အလုပ်ကို ထွက်လုပ်လေ၏ ထိုလှည်းကြီး များမှာ၊ နေ့ဘက်တွင် လူသွားလူလာရှုပ်ထွေးလွန်း သည်ကတကြောင်း၊ အခြားယဉ်များထက်လည်း ကြီးမား လှသည် တကြောင်းကြောင့်၊ ညဘက်လူသူရှင်းမှလူဆွဲလျက် ရွေ့ပြောင်းသယ်ယူရလေ၏ လှည်းဆွဲ သူများသည် ဂိုဒေါင်ကြီးများသို့ သွားကြပြီးလျှင် အထည်သေတ္တာကြီးများ၊ အရက် စည်ကြီးများ၊ ဆီအိုးကြီး များကို တင်ဆောင်ရကာ၊ တညလုံးကုန်တိုက်ကြီးများသို့ ဆွဲပို့ရလေ၏။

တစီးတစီးလျှင် လူ၁၂ယောက်ဆွဲရလျက်၊ တညလုံးကျောက်လမ်းမကြီးပေါ်တွင် အကျီမပါဘလာ ကိုယ်ထီး တိုက်လျက် ဆွဲကြရလေ၏ ခလေးတယောက် က လမ်းမြင်နိုင်အောင် ရှေ့မှမီးတုတ်ကြီးကို ကိုင်၍ လျှောက်လာ ရသည်တွင် မီးရောင်သည်ချွေရွဲနေသော ကိုယ်လုံးထီးများကို ဟပ်သည့်အခါ၊ မီးရောင်နှင့် ချွေးရောင် သည် ညအမှောင်တွင် စုံးတောက်သလို တလက်လက်ရှိလေ၏ ။
ဝမ်လန်း အလုပ်သိမ်း၍ပြန်ရသော အချိန်မှာနံနက်လင်းအားကြီးဖြစ်လျက်၊ တဲသို့ရောက်သည်နှင့် တပြိုင် နက် အားပြတ် လုမတတ်ဖြစ်ကာ အိပ်ရာထဲတွင် ထိုးလဲရှာလေ၏ သို့ဖြင့် စစ်သားများကို ရှောင်တိမ်းရင်း နေ့အခါ များတွင် လူရောင်မပြ၀ံ့ဘဲ၊ တဲထောင့် အိုလင် လုပ်ပေးထားသော ကောက်ရိုးပုံ အောက်တွင် ပုန်းလျှိုး၍ အိပ်စက် ရလေသတည်း။

ဆက်ရန်
.

No comments: