Saturday, April 24, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၆)

မိန်းမဥာဏ်သုံးတဲ့ယောက်ျား

ယင်းသို့လျှင်ပြင်ပ၌ စေ့စပ်နေကြတုန်းရှိသည်ဟု သတင်းဖြန့်ထားဆဲမှာဘဲ တဘက်ကလဲ စာချုပ်များ မှတ်ပုံမတင်ဖြစ်စေရန် အချိန်လွန်လာစေရန် ဒလန်ရှေ့နေတို့နှင့် ပူးပေါင်းကြံစည်လေ သည်၊ မောင်ဝမ်းကွဲ အရာရှိ ၂-ယောက်ကလည်း သူတို့အသိမိတ်ဆွေ ရှေ့နေ ၀တ်လုံများနှင့် တိုင်ပင် နေပါသည် ဟု ကျမအား သင့်သလို ဖြီးဖြန်းထားကြဆဲဖြစ်ပါသည်၊ ဤတွင် ကျမသည် ကွာရှင်းထားသော ကိစ္စကို လူသိ ရှင်သိ ဖြစ်သွားအောင် ကြေညာလိုက်ရန် ဆုံးဖြတ်ပါသည်။

ယခင်က ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီး၊ ပြီးခြင်း ကြေညာရန် ဖြစ်သော်လည်း ကိုယ့်လူလိုလိုနှင့် လာပူး ကြသော ဘက်တော်သားများက ရုတ်တရက် အလန့်တကြား ဖြစ်သွားအောင် ကြေညာခြင်း မပြုပါနှင့် အေးအေး နှင့်ကိစ္စပြီးနေမှဘဲ ကျန်သော ကိစ္စများများလဲတိတ်တိတ် ဆိတ်ဆိတ်နှင့်ဘဲ ပြုလုပ်သွားရန် မေတ္တာရပ်ခံကြခြင်းအရ နေခဲ့ရခြင်းဖြစ်ပါသည်၊ ယခုကဲ့သို့ ညစ်ပတ် ယုတ်မာမှု ဖက်လာသောအခါ လူသိ ရှင်သိ တရားဥပဒေ၀င်သည့် ကွာရှင်းစာချုပ်များကို သတင်းစားများမှ နေ၍ အထင် အရှား ကြော်ငြာ ရတော့မည်ဖြစ်ပါသည်။ တရားဥပဒေအရ ရင်ဆိုင်ရမည်၊ ထို့ကြောင့် ထိုကိစ္စကို အချိန်ဆွဲလာမှုကြောင့် သတင်းစာ မှ အတည့်အလင်း ထည့်သွင်းကြေညာတော့မည်ဟု ပြောလိုက်ပါသည်။

ဒီလိုဆိုလျှင် ကျွန်တော် နောက်ဆုံး ကြိုးစားပါရစေ၊ ၄-၅ရက် အချိန်ပေးပါ၊ ၄-၅ရက် လွန်လျှင် စီမံချင် သလို စီမံပါ၊ လုပ်ချင်သလို လုပ်ပါတော့ဟု အယ်ဒီတာဦးကိုလေးက ဆိုပြန်ပါသည်၊ ကျမက ၅-ရက်ဟု တိတိ ကျကျ သူတောင်းသည့် အခွင့်ကို ပေးလိုက်ပါသည်၊ ၅ ရက်ရှိလို့ ကကြော်ငြာချင်သလို ကြော်ငြာမည်၊ သည်တော့ မျက်နှာပူလင် သတင်းစာတာဝန်ခံ အယ်ဒီတာ အမည်ကိုပါ ကျမအမည်နှင့် ခရိုင် ရာဇ၀တ် တရားသူကြီးရုံး၌ ပြောင်းလွှဲပေးရန် တခါတည်းအပြည့်အစုံ စီစဉ်ထားပါဟူ၍ အဖြေပေးလိုက်ပါသည်။

ကျမသည် တာဝန်ခံ အယ်ဒီတာဦးကိုလေးသို့ ကတိပေးပြီး ၅-ရက် တိတိ စောင့်ခဲ့သည်။ ကြိုးစား နေပါသည်ဟု ဆိုပြီး၊ ၀င်ချည်၊ ထွက်ချည်၊ သွားချည်၊ လာချည် လုပ်နေပါသည်။ ကျမစိတ် ထင် ကြိုးပမ်း ဆောင်ရွက် နေသည်ဟု အထင်ရောက်နေမိပါသည်။ ထို့ကြောင့် သူပြောသော အကြောင်းပြချက်များလည်း ဟုတ်လေမလားဟု စဉ်းစားမိပါသည်။ ပူးသတ်ညာစား သမားမိန်းမ နှင့် မြှစားသမားများ မဟုတ်ဘဲ  နှစ်ရှည်လများ ရိုးရိုးသားသား လုပ်လာခဲ့သော အလုပ်တိုက်သား တဦးအနေနှင့် ကြည့်မည်ဆိုလျှင် ဤမျှ ကြီးပွား လျက် နာမည်ကြီး ထိပ်တန်း တက်နေသော အလုပ် တိုက်ကြီး၌ အလုပ်တိုက်ရှင် ၂ဦး အစေး မကပ်ကြတော့ဘဲ ခွါပြဲ သွားကြသည်ကို မြင်လိုကြမည် မဟုတ်ပါ။

တောင်ရုံ၊ တန်ရုံအပြစ်များ သည်းခံ ခွင့်ပြုပြီး စည်းစည်းလုံးလုံး ဣနြေ္ဒမပျက်၊ ဟန်မပျက် ဆက်လက် နေထိုင်သွားကြသည်ကိုသာ ကြည့်လို၊ မြင်လိုကြမည် ဖြစ်ပါသည်။ မှန်ပါ၏ ကာယကံ ရှင် တဦးအနေနှင့် ရှိနေသူ ကျမသည် ကိုယ်တိုင်လည်း ဤနည်းနှင့် စောစောပိုင်းက တွက်ကိန်းချ စဉ်းစားကြည့်ခဲ့ဘူး သူ ဖြစ်ပါသည်။ သို့ရာတွင် ကောက်ကျစ်စဥင်္းလဲသော ကျားငစဉ်လဲ စိတ်ရှိသူ နည်းပရိယာယ်အမျိုးမျိုးနှင့် ကျမ၏ အသက်အန္တရာယ်အထိ အချိန်ရွယ်ခဲ့သူအား ယုံစား စိတ်ချဝံ့ တော့သည် မဟုတ်ပါ။

ကျမသည် မိန်းမတဦး ဖြစ်နေစေကာမူ သတ္တိရှိရှိနှင့် ရင်ဆိုင်ရမည့် ကိစ္စဆို လျှင် ယောက်ျားများလိုဘဲ ရဲရဲကြီး ရင်ဆိုင်ရဲသူ ဖြစ်သော်လည်း ယခုလို ယောက်ျားတဦးက မိန်းမ လို မိန်းမရ မိန်းမဥာဏ်မျိုးဟူ၍ ရှေးရိုး အစဉ်အလာ က နာမည်ဆိုး ကင်ပွန်းအတပ်ခံ ခဲ့ကြရသော (မိန်းမဥာဏ်)မျိုးကို မိန်းမက မသုံးစွဲရဘဲ ယောက်ျားကြီး တဦးက ကိုယ့်လိပ်ပြာ ကိုယ့်သိက္ခာ ကိုယ်မရှက်ဘဲ ပက်ပက်စက်စက် သုံးရဲလာခဲ့သည်။ ဤကဲ့သို့ မိန်းမလိုမိန်းမရ အောက်တန်းကျကျ သေးနုတ်စုတ်ပဲ့စွာ စဉ်းလဲကောက်ကျစ်မှုသည်။ ယုတ်ညံ့ သိမ်ဖျင်း ၍ လူမပီသသူဟူ၍ မှတ်ချက် ချကာ တံထွေးပေါက်ကဲ့သို့ ထွေး စွန့်ပစ်လိုက်ရခြင်းသာ ဖြစ်ပါသည်။

သတင်းစာလောကမှ သိလျက်နဲ့ နှာစေးနေခြင်း
တာဝန်ခံ အယ်ဒီတာ ဦးကိုလေးကို ပေးလိုက်သော ၅ရက်သည် စေ့ရောက်လာပြီ၊ ထိုနေ့ ညနေ ၃နာရီအထိ ဦးကိုလေး အလုပ်တိုက်သို့ မရောက်လာသေးပေ၊ အတန်ကြာမှ ယနေ့ဖျားလို့ အလုပ် မလာနိုင်ကြောင်း အပြော လွှတ်သည်ဟု သိရပါသည်။ ယနေ့မလာလျှင် နက်ဖြန်တော့ လာရမည် မလာလျှင် သွားခေါ် စေမည် ဟု ပိုင်းဖြတ်ထားပါသည်။ သူသည် အခက်အခဲအကြပ်အတည်း တွေ့လျှင် ဖျားလေ့ ရှိပါသည်။ ဆရာဝန် ဆေးလက်မှတ်နှင့် မကျန်းမမာရသည်မှာလည်း မကြာခဏ ဖြစ်လေ့ ရှိ၏။ ဆေးရုံလည်းခဏ ခဏ တက်ရ၏။

နောက်တနေ့ညနေပိုင်းအထိ စောင့်ကြည့်နေပါသည်။ အိမ်ပေါ်မှ တယ်လီဖုန်းနှင့် အလုပ်တိုက်ကို လှမ်းမေးမိသည်။ ဦးကိုလေး လာပါပြီ၊ ယခုဘဲအိမ်ပေါ်လာပါလိမ့်မည်ဟု အဖြေရပါသည်။ ခဏနေ လျှင် အိမ်ပေါ်ရောက်လာသည်။ မနေ့က ကျွန်တော်ဖျားလို့ မလာရပါဟု ဆိုသည်။ ကျမက သူတာဝန်ခံသွားသော ကိစ္စကို မေးပါသည်။

ကျွန်တော် သွားမေးပြီးပါပြီ၊ ယခုလဲဗမာ့ခေတ် သတင်းစာတတိုက်လုံးကို လွှဲပေးထားခဲ့သားဘဲ၊ ကျမ လက်ထဲ မှာ လုပ်ချင်ရာလုပ်နိုင်၊ စီမံချင်သလို စီမံနိုင်နေမှ နောက်ထပ်ဘာလုပ်ပေးစရာလိုသေး လဲလို့ ပြောလိုက်ပါသည်ဟူ၍ ဖြေလေသည်။ ဤတွင်မှ သူကလဲ အချိန်ကလေး ၄-၅ရက်ဘဲ ဆွဲရ၊ ဆွဲရ၊ နည်းသလားဆိုသော ရည်ရွယ်ချက်နှင့် ၀င်ပြီး ညာဖြန်းပေးရခြင်းသာဟု ကျမက နားလည် လာပါသည်။
ထို့ကြောင့် ကောင်းပြီ၊ ဒါဖြင့် သတင်းစာမှာ မနက်ဖြန်ကစ၍ ထည့်ရမည်၊ မရဲလျှင် တာဝန်ခံ အယ်ဒီတာ အမည် ကိုလည်း ကျမနာမည်နှင့် ပြောင်းလဲရန် ခရိုင်ရာဇ၀တ်တရားသူကြီး ဦးသန်းနွဲ့ ရုံးနှင့် ပြန်ကြားရေး ရုံးဌာန ဆိုင်ရာတို့သို့ စတင်ပို့ရန် အသင့်စီမံပါဟု ဦးကိုလေးအား ပြောကြားလိုက် ပါသည်။

သတင်းစာ တာဝန်ခံ အယ်ဒီတာအမည် မပြောင်းလွှဲဘဲနှင့်လဲ ထည့်ချင်သည့်ကြော်ငြာထည့်ပါ၊ ရေးချင်သည့် ကျော်ညာချက်ကိုလည်း ရေးပါ၊ ကိစ္စမရှိပါဟူ၍ ဆိုပြန်ပါသည်။ ထိုကြောင့် ကျမသည် နောက်တနေ့ က စပြီး နှစ်ပေါင်း ၂၀-ဆောင်းပါးကို စ၍ ရေးသည်၊ နှစ်ပေါင်း ၂၀-ကို ရေးရသည်မှာ ကွာရှင်းကြောင်း ကြော်ငြာကြီး ပြူးတူးပြဲတဲ ပါမလာခင် ကြိုတင်ပြီး ကျမ၏အဖြစ်အပျက်တွေကို သိစေချင် ၍ အကျဉ်းချုံး ရေးသားခြင်း ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀-သည် နှစ်ပေါင်း ၆၀-လောက် မကျယ်ဝန်းပါ၊ အရှည် အဝေးကြီး ခရေစေ့တွင်းကျရေးပြနေရန်လည်း မရည်ရွယ်ပါ။ ၅-ရက် သို့မဟုတ် ၇-ရက် လောက် နှင့် ဘဲ ကွာရှင်းပြီးစီးသော စာချုပ်ပါ စာသားအဓိပ္ပာယ်များ ပြည့်ပြည့်စုံစုံ ဖေါ်ပြ ကြော်ငြာခြင်းဖြင့် နိဂုံးချုပ် ရန် ရည်မှန်းထားပါသည်။

ဤသို့ ရေရေလယ်လယ်မှ မသိရလျှင် လျှာနှင့် သွားပမာ စိတ်အခန့်မသင့်ကြရာ ပေါချာချာ ကွာရှင်း ကြော်ငြာမျိုး လို ဖြစ်နေပါသည်။ ဤလို ပေါချာချာစိတ်လိုက်မာန်ပါမျိုး မဖြစ်စေလိုသည် တကြောင်း၊ လူတွေက သိနေသည်မှာ အသက်အရွယ်ဂုဏ်သိက္ခာနှင့်ညီမျှစွာ ဗမာပြည်အမြို့မြို့ အရွာရွာ၌ ကုသိုလ် ဒါန တွေ လှည့်လည်ပြုလုပ်လျက် အလှူရေစက်လက်နှင့်မကွာ စိတ်တူ သဘောတူ ပြုနေကြသော သတင်းတွေ သာ ကြားနေခဲ့ရာမှ ယခုလို ရုတ်တရက်ကြီး အသက် အရွယ်ကြီးကာမှ ကွာကြရှင်းကြရသော ကိစ္စမျိုး အထိ ဖြစ်လာရသည်ကို သို့လော၊ သို့လော တွေးတောစရာတွေ ဖြစ်လာမည်ကိုလည်း ကိစ္စက မပြီးကြ တော့မည့်အတူ လူသူလေးပါး နားလည် သိကြားအောင် ရှင်းလင်းရမှ ကွာရှင်းပြတ်စဲရသော ကြော်ငြာ ၏ သဘောမှန်ကို လက်ခံနားလည် နိုင်ကြလေမည် ဖြစ်ပါသည်။

သို့အတွက် ကျမက ဤသို့အရွယ် ဂုဏ်သိက္ခာနှင့် မမျှသော ဖြစ်သမျှတို့ကို အတိုးချုံး၍ ဖေါ်ပြရန် တာဝန်ရှိလာသည့်အလျောက် နှစ်ပေါင်း ၂၀-ဆောင်းပါးနှင့် စတင်ရှင်းပြရခြင်း ဖြစ်ပါသည်။ ၎င်း နှစ်ပေါင်း ၂၀-ဆောင်းပါးမပါမှီမှ ရုပ်ရှင်ပြောမင်းသားကြီး၏ အညှီအဟောက် သတင်းများမှာ သတင်းစာရပ်ကွက်၌ အတော် ပြန်နှံ့နေပြီ ဖြစ်ပါသည်။ သို့ရာတွင် သတင်းစာသမားများသည် အတော်ငြိမ်ချက်သား ကောင်းနေကြပါသည်။ နှာစေးနေကြသည်။ ဇာတ်လိုက်မင်းသားပြာကြီး ကိုယ်တိုင်သာဆိုလျှင် ကိုယ့်မှာ ခြောက်ပြစ်ကင်း သဲလဲစြင် မဟုတ်ပါဘဲနှင့် သူတပါးအတွင်းရေး ကိစ္စမျိုးဆိုလျှင် မိတ်ဆွေသော ဘာသော မရှောင်၊ သူများအရှက်တကွဲ သတင်းမျိုးကို ကြိုးကြိုး စားစား အားရ၀မ်းသာ ရှာဖွေထည့်သွင်းခဲ့သည်။

ဒီလို သတင်းမျိုးကို လိုက်ရမည်ဆိုလျှင် လူငယ် သတင်းထောက်ကလေးများကိုပင် မခိုင်းတော့ဘဲ ကိုယ်တိုင် ကြိုးကြိုးပမ်းပမ်း ၀မ်းသာအားရ လိုက်သွား၍ သတင်းထောက်လှမ်းပြီး တ၀တအီကြီး ရေးပြ ခဲ့သည်။ ဤလိုရေးပြရသည့် အတွက် သတင်းစာတွေ တကျပ် အထိ ပေးဝယ်ဘတ်ကြရသည်ကြားလျှင် အူရွှင် ၀မ်းသာ ဖြစ်လေ့ရှိသည်။ ဆွေ့ဆွေ့ခုန် ခြေဖျားထောက်လေသည်။ သူတပါး၌ တရားသဖြင့် တမယား သေ၍ တမယား အသစ် ယူသည်ကိုလည်း တအံ့တသြကြီး ဖြစ်အောင် ပုံကြီးချဲ့ကာ သတင်းစာ မှာ ထည့်ရေးမိ၍ သိန်းနှင့်ချီပြီး လျော်ကြေးရလိုမှု တရားစွဲခံခဲ့ရဘူးသည်။ ယခုလို ကိုယ့်အတွင်းရေး အညှီ အဟောက် သာမက ဒု၊ သ၊ န၊ သော ပိုးတွေကျ၍ လောက်ထိုး ပုပ်ပွနေသမျှတွေကိုတော့ မရေးကြရန် လေးဘက်ထောက် ၍ ကြိတ် တောင်းပန်ခိုင်း ထားလေသလားမသိ၊ ဖုံးဖုံးဖိဖိ လုပ်ပေးနေကြသည်ဟု သိရှိ ရပါသည်။ ဤနေရာမျိုးတော့ လက်ပါးစေ အယ်ဒီတာကြီးက စိတ်ချရသည်။ နှုတ်ပိတ်ပေးခဟု ခန့်မှန်း၍ ရနိုင် စကောင်း သော ကိစ္စ မဟုတ်ပါ။

ငြိမ်ချက်သား ကောင်းလိုက်သည်မှာတော့ အတော် ကြီး မီးသေနေပါသည်။ အခါတိုင်း ပုဂ္ဂိုလ်စွဲအရ ဗလာဆဲ နေကျ သတင်းစာများကပင် ညှတာ ထောက်ထားနေသည်ကို တွေ့ရပါသည်။ ဗမာ့ခေတ် ကျောင်းထွက် ကိုယ့်သတင်းစာနှင့် ဖြစ်နေကြ သူများက ၎င်းအခြားသတင်းစာတို့တွင် အယ်ဒီတာ ၀င်လုပ် နေကြသူများ သည်၎င်း၊ သတင်းစာ ရောင်းကောင်းမည့် သတင်းမှန်း သိပါလျက် သူ့လက်ကျအတိုင်း မလိုက်ကြဘဲ မိမိတို့ အိတ်ထဲ ၀င်လာမည့် ပိုက်ဆံကိုပင် အနာခံ၍ နေကြရရှာပါသည်။ သို့ရာတွင် ဗူးတရာ အပေါက်ကိုသ ပိတ်နိုင် မည်။ ပါးစပ်တပေါက်စီ၊ တပေါက်စီကို လိုက်မပိတ်နိုင်ပါ။

တနင်္သာရီနေ့စဉ် မျက်နှာဖုံးသတင်း ဆက်ရန်
.

2 comments:

ကိကိ said...

မိုးကြိုးဦးအုန်းခင်နဲ့ ဆရာမကြီင်္း ဒေါ်ခင်ခင်လေးတို့ရဲ့ အိမ်ထောင်ရေးပြဿနာမှာ ဘယ်သူ မှားတယ်မှန်တယ် ဆိုတာ ဒီနေရာမှာ ကျွန်တော် မပြောလိုပါ။ ဒါပေမယ့် ဘေးကဝန်ထမ်းတွေ၊ မိတ်ဆွေတွေ၊ အိမ်က အလုပ်သမားတွေဆိုတာ ကျေးဇူးရှင်မကြီး ဒေါ်ခင်ခင်လေးကို ကျေးဇူးကန်းသူတွေအဖြစ် တဦးမကျန် မကောင်းရေးခံနေရတဲ့ ကိစ္စတော့ ကြားဝင်ရှင်းပြခွင့်ပြုပါ။

ဆရာမကြီးဒေါ်ခင်ခင်လေးဟာ ဘုရင်ခေတ်ကလို ကျေးဇူးရှင်အရှင်သခင်နဲ့ ကျေးဇူးတော်ခံ ကျေးတော်မျိုးကျွန်တော်မျိုး ဘဝမျိုးကို သူလိုချင်ရှာပုံ ရပါတယ်။ လခယူပြီး သူ့အိမ်မှာ၊ သတင်းစာတိုက်မှာ၊ သူ့အနီးအနားမှာ လုပ်ပေးနေရတဲ့ လူတွေအားလုံးကို သူ့ကျေးဇူးခံလို့ သဘောထားတယ်။ လခကို မိုးကြိုးဦးအုန်းခင်ကပေးပေး သူကပေးပေး ဇနီးမောင်နှံမို့ သူပေးရတာလို့ ပြောရင် ရတဲ့နေရာ ရပါတယ်။ ဒါပေမယ့် ကျေးဇူးရှင်လို့ ပြောချင်ရင်တော့ အလုပ်သမားတွေ၊ အယ်ဒီတာ စာပြင် ဖိုမင် စတဲ့ ဝန်ထမ်းတွေဖက်ကလဲ ဒေါ်ခင်ခင်လေးစီးပွားတက်ဖို့ လာလုပ်ပေးနေရတာ သူ့ကျေးဇူးရှင်တွေလို့ ပြန်စကားကပ်ပြောလို့ ရတာပေါ့။ အိမ်ဖော်ကလဲ ငါချက်ကျွေးတဲ့ထမင်း စားနေရတာ၊ ငါလဲသူ့ကျေးဇူးရှင်လို့ ပြန်ကပ်ရင် ရတာပဲ။

ဆရာမကြီးက သူဟာ မင်းဆွေစိုးမျိုးဆိုပြီး ဂုဏ်ယူတာလဲ အဲဒီခေတ်က စာပေနယ်မှာ ဖိုမင်ကအစ စာဖတ်နောကျေနေတော့ သိပ်လက်ခံချင်စရာ မရှိဘူး။ ကုန်းဘောင်ခေတ် ဘုရင်တွေ မှူးးမတ်တွေမှာ ဘယ်သူက ဘယ်လောက်အဆင့် ကြီးတယ်ငယ်တယ်ဆိုတာ စာသမားတွေ အကုန်သိနေတာ။ အနုပညာရှင်တွေ၊ စာရေးဆရာ သတင်းစာဆရာတွေထဲမှာ မင်းမျိုးအစစ်တွေ ရှိတယ်။ မန္တလေးမှာ ပိုများတယ်။ နာမည်ကြီး မင်းသမီး မထွေးလေးဆို ဘိုးတော်ဘုရားမြစ်တော်၊ နန်းတော်ရှေ့ဆရာတင်ဆို သံရွာမင်းသားမြေးတော်။ အားလုံး သာမန်လူတွေနဲ့ ရောနှောပေါင်းသင်းနေတာပဲ။ မှူးမတ်မျိုးထဲမှာလဲ မဟာဆွေက တိုင်တားမင်းကြီးနဲ့ ဆွေမျိုးတော်တယ်။ တိုင်တားမင်းကြီးဆိုတာ ဆရာမကြီးအဖိုး ဝန်ထောက်ထက် အများကြီးမြင့်တယ်။ ဒီလိုပဲ သာမန်လို နေကြတာပါပဲ။

ဆရာမကြီးက မှူးမတ်မျိုး ဖြစ်ခဲ့ရတာကို ဘုရင့်သမီးတော်မြေးတော် ဖြစ်ခဲ့ရသလို ဂုဏ်ယူနေတော့ ဘာအမျိုးကမှ ဆင်းသက်လာတာမဟုတ်တဲ့ တခြားလူတွေ မျက်စိနောက်မှာပဲ။ စာရေးဆ၇ာတစ်ယောက်အနေနဲ့ လေးစားနိုင်ပေမယ့် မှူးမတ်မြေးဖြစ်လို့တော့ ရိုသေစရာမှ မလိုတာ။

ကုန်းဘောင်ခေတ် ရှိသေးရင်လဲ ဆရာမကြီးဟာ မှူးမတ်မြေးအနေနဲ့ အပျိုတော် ဖြစ်ကောင်းဖြစ်မယ်။ ဒါဆိုလဲ အပျိုတော်ခင်ခင်လေးဆိုပြီး ဘုရင့်သမီး မင်းသမီးတွေကို လက်အုပ်ချီပြီး ဘုရားချည်း ထူးနေရမှာပဲ။ ဘုရားထူးခံ ဖြစ်ဖို့ထက် ကိုယ်ကချည်း ဘုရားထူးနေရဖို့ ရှိတာပဲ။

ဆရာမကြီးက အနားမှာ ခြွေရံသင်းပင်းတွေနဲ့ နေရသွားရတာကို ကျေနပ်တယ်။ ဆွေကြီးမျိုးကြီးအဖြစ်လဲ အနားကလူတွေက မြှောက်ပင့်နေတာကို ခံချင်တယ်။ ဒီတော့ ဆရာမကြီးအကြိုက်ဆောင်ပြီး မြှောက်ပင့်ညာစားမယ့် မိတ်ဆွေတုလဲ အနည်းနဲ့အများတော့ ပေါ်လာနိုင်တယ်။ ဒါကို လှူတယ်တန်းတယ် အလှူအတန်း ရက်ရောတယ်လို့ ဆရာမကြီး သူ့ကိုယ်သူ မွှန်းသလို ပြောဖို့ ခက်ပါတယ်။

Anonymous said...

ဟီး..ကိကိမပြောလဲ.. စာကိုသေချာဖတ်ပီးခန့်မှန်းပီးသိရှိပါကြောင်းးး
အစီရင်ခံပါသည်။

သူပဲကောင်းပီးကျန်တာမကောင်းမှတော့ ..စဉ်းစားကြည့်မိပါကြောင်း။

အတော် ငယ်ငယ်ကဖတ်မိရင်တော့ သနားစရာကောင်းလိုက်တာလို့ပြောမိကောင်းပြောမိနိုင်ပေမဲ့ ခုချိန်မှာတော့ ..သူ့ကိုသနားတယ်လို့ မပြောနိုင်ပါ။ စာရေးဆရာမ ဘုရားဒကာ အလှူရှင်ကြီး ဖြစ်ရဲ့သားနဲ့ ဒီလို တဖက်စောင်းနင်းဆန်တဲ့ စာအရေးအသားဟာ..ဂုဏ်ဖော်နေတယ်လို့ထင်မိပါကြောင်း။

မြတ်နိုး