Wednesday, April 21, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၆)

နှစ်ဆယ့်ခြောက်

အိုလင်ကား ရုတ်ရက် ပျောက်ပျက်၍မသွားပေ၊ တဆောင်းတွင်းလုံး အိပ်ရာထဲတွင် ဝေဒနာခံစား၍ နေရှာလေ၏။ ထိုအခါ ၀မ်လန်းမှာ တသက်တွင် ပဌမဆုံးအကြိမ် အိ၌အိုလင်ရှိသည့်အတ်ွက မိမိတို့ မည်သိုက ဧဧသက်သာနေရပုံ အိုလင်ကြောင့် မည်သို့ အိမ်သာယာခဲ့ပုံ အိုလင့်ကြောင့် မည်သို့ သုခ ရရှိခဲ့ပုံကို သိမြင်လာလေ၏။

အိုလင်အိပ်ရာ ထဲတွင်လဲကာမှ မီးမွှေးတတ်သူပင် မရှိအောင်ဖြစ်သွားလေ၏။ ငါးကျော်ပြန်လျှင် တဘက်ဖြူ တဘက်ခြစ် ဖြစ်မနေအောင် ငါးအကောင် လိုက်မပျက် တဘက်မှ တဘက်သို့ယောင်းမဖြင့် လှန်တတ်သူ လည်း မရှိဖြစ်နေ၏ ဟင်းသီးဟင်းရွက်ကျော်ပြန်လျှင်လည်း ပဲဆီနှင့်ကျော်သင့်သော ဟင်းရွက် နှမ်းဆီနှင့်ကျော်သင့်သော ဟင်းရွက် မခွဲတတ် မကျော်တတ်အောင် ဖြစ်နေကြပြန်လေသည်။ ထမင်းစားပြီး ကြပြန်သည့် အခါ စားပွဲအောက် ပြန့်ကြဲနေသော ထမင်းလုံးဟင်းလုံးများကို လှဲမည့်သူပင်မရှိ တခါတခါ ၀မ်လန်း မှာ ဒေါသထွက်မိလျက် ခွေးတကောင်ကိုခေါ်ပြီး လျှာနှင့် ရက်အပြစ်ခိုင်းလေ၏။ တခါတလေ လည်း သ္မီးငယ်ကလေးကို ငေါက်ငန်းကြိမ်းမောင်း၍ အလှဲခိုင်းရလေ၏။

သားအငယ်ကလည်း အဘိုးအေ၏ ဝေယျာဝစ္စကို မိခင့်ကိုယ်စား ပြုလုပ်ပေးရှာ၏။ အဘိုးကြီးကား တနေ့တခြား အိုမင်းလာလျက် အိမ်တွင်ဘာဖြစ်၍ ဘ၀ပျက်နေမှန်းမသိ ခါတိုင်းကဲ့သို့ အိုလင်ကိုယ်တိုင် မိမိ၏ ဝေယျာဝစ္စကို လာမလုပ်ဘဲနေသည်ကို တွေ့လျှင် စိတ်ကောက်လျက် တကျော်ကျော်အော်၍ ခေါ်၏။ ထမင်းပုဂံကို လွှင့်၍ပစ်၏။ ဘလက်ရည်ပုဂံကို ပေါက်၍ပစ်၏။ ၀မ်လန်းက အကျိုးအကြောင်း ရှင်းပြသော်လည်း နားမလည် နောက်ဆုံး၌ အဘိုး ကြီး၏ လက်ကိုဆွဲ၍ အိုလင်လဲနေသော အခန်းထဲသို့ ခေါ်သွားကာ ပြမှ အဘိုးကြီးသည် ရိပ်မိနား လယ်သွားဟန်ဖြင့် မျက်ရည်တွေ ကျလာလေ၏။

ဥဏှောက်ပျက်နေရှာသော ၀မ်လန်း၏ သမီးအကြီးကလေးသာ ဘာမှန်းညာမှန်းမသိရှာတဲ့၊ သူ့တယောက် တည်း ပြုံးလိုက် ရယ်လိုက် က စားလိုက်နှင့်နေလေ၏။ ယခုအခါ သူ့အားမည်သူကမှ ဂရုမစိုက်နိုင်တော့၊ အိမ်ပေါက်ဝ သူ့ဘာသာ သူ ကစားနေသည်ကိုသာ လျစ်လျူရှုလျက်၊ အိမ်ကိစ္စဖြင့် ဗျာများနေကြ၏။ အစက မူ-သူ့အား အိုလင်ကိုယ်တိုင် ထမင်းကျွေးရ၏။ အိုလင်ကိုယ်တိုင်ရေချိုးပေးရ၏။ 
 
အိုလင်ကိုယ်တိုင် အ၀တ်လဲ ပေးရ၏။ အိုလင်ကိုယ်တိုင်ပင် အိပ်ချိန်ကျလျှင် အိပ်ရာသို့ ခေါ်သွင်း၍ သိပ်ပေးနိုင်ခဲ့၏။ ယခုကား ခလေးမှာ တကိုယ်တည်း ကြည့်မည့်ရှုမည့်သူမရှိဖြစ်၍ နေလေရာ၊ တညတွင် အိမ်ပေါက်ဝ၌ ကစား နေသောသူ့ကို မည်သူကမျှ အိမ်ထဲသွင်းရန် သတိမရဘဲ တံခါးပိတ်၍ အိပ်ကြလေ၏။ နောက်တနေ့ နံနက် တံခါးဖွင့်သောအခါ ချမ်းလွန်းသဖြင့် ခိုက်ခိုက်တုံကာ ငိုနေသော ခလေးအား တွေ့ကြ ရလေ သည်။ ထိုအခါ ၀မ်လန်းမှာ ဒေါသကြီးစွာ ထွက်ရင်း အငယ်နှစ်ယောက်ကို ကြိမ်းမောင်း ဆဲဆိုမိ လေ၏။ ထိုနေ့မှစ၍ ၀မ်လန်းသည် ဒုက္ခသယ် သမီးကလေးကို ကိုယ်တိုင်ပင် ဂရုစိုက်လေတော့ သည်။

အိုလင်ကား မသက်သာပေ။ တဆောင်းတွင်းလုံး ဝေဒနာကို ခံစား၍သာ နေလေ၏။ ၀မ်လန်းသည် လယ် အလုပ် ကို “ချင်း”အား လွှဲ၍ထားလေရာ၊ ချင်းကလည်း ရိုးသားဖြောင့်မတ်စွာဖြင့် လုပ်ကိုင်ရှာ ၏။ နံနက် အလုပ်မဆင်းမီ နှင့် ညအလုပ်သိမ်း၍ပြန်လာတိုင်းလည်း ကုတ်ကုတ်-ကုတ်ကုတ်နှင့် အိုလင့်အခန်းဝသို့ ရောက်လာ လျက်၊ “ဘယ့်နှယ်နေသေးသလဲ”ဟု တိုးတိုးမေးမြန်းရှာ၏။ ကြာသောအခါ ၀မ်လန်းမှာ အဖြေ ပေးရခြင်းကို စိတ်ရှုပ်လာလျက် ချင်းအား အလုပ်ကိုသာ ဂရုစိုက် ရန်ပြောမိလေ၏။

ဆောင်းတွင်းတတွင်းလုံး ၀မ်လန်းသည် အိုလင့်အိပ်ရာ ဘေး၌ အမြဲလိုလို ထိုင်၍နေလေ၏။ အိုလင် က ချမ်းသည် ဆိုလျှင် မီးလင်းဖို-ဖို၍ ပေး၏။ ထိုအခါ အိုလင်က “ကျောက်မီးသွေးက အဘိုးတန်လှ တယ်”ဟု ပြော၏။ မီးလင်းဖို-ဖိုပေးတိုင်း အိုလင်သည် ကျောက်မီးသွေးအတွက် ပိုက်ဆံကုန် ကြောင်းကိုသာ ပြော၍ နေလေရာ၊ ၀မ်လန်းမှာ ငြိမ်မနေနိုင်တော့ဘဲ၊ “ဒါမျိုးမပြောစမ်းပါနဲ့ကွ၊ မင့်ရောဂါသာ ပျောက်မယ်ဆိုရင် ငါ့မှာရှိတဲ့ လယ်တွေ ငါအားလုံးရောင်းပီးကုမယ်”ဟု ပြောလိုက်မိ လေ၏။ ထိုအခါ အိုလင်ကပြုံး၍ နေလေ၏။ ထိုနောက်လေသံကလေးဖြင့် “ဘယ်... မဟုတ်တာ တော် ကျုပ်ရောဂါပျောက်မယ်ဆိုတောင် ကျုပ်တော့ ရောင်းပစ်ဘို့ သဘောမတူဘူး၊ အခုကျန်းမာ လာတောင် နောက်တော့ သေရအုံးမှာမို့ မထူးပါဘူး” ဟု ပြန်ပြောရှာ၏။ “သေစကား”ကို ကြားရသောအခါ ၀မ်လန်းမှာ နားထောင်မနေနိုင်ဘဲ အပြင်သို့  ရုတ်တရက်ထ၍ သွားမိလေ၏။

သို့သော်-အိုလင်မှာ တနေ့တွင် မုချကွယ်လွန်တော့မည်ကို သိရှိနေပြီးဖြစ်ရကား၊ တရုတ်ထုံးစံ အတိုင်း လူသေခေါင်း များလုပ်သော ဆိုင်သို့သွား၍၊ အကောင်းဆုံးသစ်သားဖြင့် ပြုလုပ်သော ခေါင်းတလုံးကို ရွေးယူလေ၏ ခေါင်းလုပ်သူက သေလာစားတို့ထုံးစံ။

“ခင်ဗျားခေါင်းနှစ်ခုယူရင် ကျုပ်ဈေးရင်းထက် လျှော့ပေးမယ်လေ၊ ဘာလို့တခုထဲယူသလဲ၊ ခင်ဗျားလဲ တနေ့ သေရမှာ နှစ်ခုတခါထဲ ၀ယ်ပေးပါလား”ဟု ပြောလေ၏
“မဟုတ်တာဗျာ ကျုပ်အတွက်ကျတော့ ကျုပ်သားတွေကျတော့ ကျုပ်သားတွေက ၀ယ်လိမ့်မပေါ့” ဟု ၀မ်လန်း က ပြန်၍ဖြေရင်း၊ ဘခင်ကြီးကို သတိရပြီးလျှင်၊ “သြော်…ဟုတ်တယ်….ဟုတ်တယ်… ကျုပ်အဘေကြီး ရှိသေးတယ်၊ သူလဲမကြာခင် အနိစ္စရောက်တော့မှာဘဲ၊ ဟုတ်တယ်…ကျုပ်သူ့ အတွက်ပါ အားလုံး နှစ်လုံးဝယ်သွားမယ်”
ထိုအခါ ခေါင်းလုပ်သူက ခေါင်းများကို ကောင်းမွန်စွာ ဆေးနက်သုတ်၍ အိမ်သို့အပို့လွှတ်လိုက်မည် ဟု ဂတိ ပေးလေ၏ ၀မ်လန်းသည် အိမ်သို့ပြန်ရောက်၍၊ ခေါင်းမှာထားပြီဖြစ်ကြောင်း အိုလင်ကို ပြောသည့် အခါ၊ အိုလင်ကလည်း မိမိအတွက်ဂရုစိုက်ရှာသည့်အတွက် ၀မ်းသာကြောင်း ပြန်ပြော လေ၏။

သို့ဖြင့် ၀မ်လန်းသည် ခေါင်းကိစ္စပြီးစီးသွားသောအခါ၊ အိုလင့်အနီး၌သာ အမြဲလိုလို စောင့်နေလေ ၏ စကား ကိုမူ များများမပြောကြတော့ပေ။ အိုလင်မှာ တဖြည်းဖြည်း အားနည်းလာခဲ့ပြီဖြစ်၏ တခါတရံ အိုလင်မှာ သတိလစ်၍သွားလေ၏ အနီး၌ငြိမ်သက်စွာ ထိုင်စောင့်နေသော ၀မ်လန်းကိုပင် မမြင်တော့၊ ခလေး ဘ၀ က အကြောင်းများကို ပြန်၍ ဂယောင်ကတန်း ပြောဆိုနေလေ၏
“အို…ငါဒီ ဟင်းပုဂံတွေကို အခန်းဝအထိ ယူလာရမယ်၊ ဟုတ်ပါတယ် ငါသိပါတယ်၊ ငါအကျည်း တန် ရုပ်မလှမှန်း ငါသိပါတယ်၊ ဒါကြောင့် ငါ့သူဌေးကြီးရှေ့ မ၀င်နိုင်မှန်း ငါသိပါတယ်”။
ထို့နောက် မောဟိုက်နေသည့် အသံဖြင့်-
“အောင်မလေး မရိုက်ပါနဲ့၊ ကျမကိုမရိုက်ပါနဲ့ နောက်တစ်ခါ ပုဂံထဲကဟာ နှိုက်မစားတော့ ပါဘူး”ဟု ယောင်ပြန် လေ၏ ထို့နောက်တဖန် “အဘေ အမေ-အဘေရေ အမေကော”နှင့် မိဘကို ယောင်၍ ခေါ်ပြန်လေ၏ နောက်ဆုံး၌ “ဟုတ်ပါတယ် ကျုပ်မလှမှန်း ကျုပ်သိပါတယ် ဒါကြောင့် ကျုပ်ကို မချစ်နိုင်တာ” ဟု ဂယောင်ဂတန်း ပြောလေ၏ ။

ထိုအခါ ၀မ်လန်းမှာ ဆက်လက်နားထောင် မနေနိုင်တော့ဘဲ၊ အိုလင်၏ လက်ကို ကောက်ကိုင်လိုက် ပြီးလျှင်၊ ဖြည်းညင်းစွာ ပွပ်သပ်၍ နေမိလေ၏ ထိုလက်မှာ ကြမ်းတမ်း တောင့်တင်း နေလျက်၊ သေနေသော လက်ကို ကိုင်ရသလို ဖြစ်လေ၏ အမှန်တွေကိုချည့်ယောင်နေသော အိုလင်၏ ဂယောင်ဂတန်း စကား များကို ကြားရသောအခါ ရင်ထဲ၌ဆို့၍သွားလေ၏ သို့သော်-သနားဂရုဏာ ပြင်းစွာဖြင့် အိုလင်၏ လက်ကို ကောက်၍ ကိုင်လိုက်မိသည့် အခါနူးညံ့ပြော့ပြောင်းခြင်းကိုမတွေ့ရ၊ ကြာပဒုံလက်ကလေးကို ကိုင်ရပုံမျိုး နှင့် မတူ၊ အိုလင်၏သစ်သားလိုလက်ကို ကိုင်ရခြင်း၌၊ ကြာပဒုံက နှုတ်ခမ်းတချက်စူ၍ ညုလိုက်ရုံမျှဖြင့်၊ အရေပျော် အသည်းခိုက်သွားပုံမျိုး ယခုအသည်းကိုမခိုက် အသည်းနှလုံးကို သိမ်းကြုံးညှစ်ဆုတ်လိုက်သလို မချိတရိ ဖြစ်ရမည့် ဤနေရာတွင်ဤလက်ကြမ်း ကြီးကိုကိုင်မိခြင်းမှာ ပေါ်လာသောသနားဂရုဏာ စိတ်ကို ပင် ဖျက်ဆီးပစ်လိုက်သလို ဖြစ်လေ၏။

ထို့ကြောင့်ပင် အိုင်လင်အား ပို၍ကြင်နာမိလေ၏ အကောင်းဆုံးအစားအသောက်ကို ရွေး၍ကျွေး၏ အနူးညံ့ ဆုံးစွပ်ပြုတ်ကို ကြို၍တိုက်၏ ကြာပဒုံနှင့် ပျော်လိုပါးလိုစိတ်များ လည်း လွင့်စင်ပျောက် ပျက်၍ သွားလေ၏ တခါတခါ ဆွေးမြေ့နေသောစိတ်ပင် လန်းဆတ်သစ်လွင် လာပါစေတော့ဟု အလှဖြင့် ဆေးကျော့ခြင်း ဌာ ကြာပဒုံထံသွားမိသည့်အခါ၊ အိုလင့်မျက်နှာမှာ ရှေ့၌ဘွား-ကနဲပေါ် လာသဖြင့် ပွေ့ပိုက် ထားမိသော ကြာပဒုံကိုပင် လက်ထဲမှ လွှတ်ချလိုက်မိလေ၏ ။

တခါတခါ အိုလင်သည် သတိလစ်နေရာမှ သတိပြန်၍လည်လာလေ၏ တခါတွင်သတိပြန်လည်လာ ခိုက် ဥသြမယ် ကို ခေါ်ပေးရန်ပြောလေ၏ ၀မ်လန်းမှာအံ့အားကြီးသင့်လျက်၊ ခိုင်းသည့်အတိုင်း ခေါ်ပေးလိုက် သော အခါ၊ အိုလင်သည် အိပ်ရာထဲမှမထနိုင်ထနိုင် အားယူ၍ထပြီးလျှင်။

“နင်ဟာ သူဌေးကြီးအိမ်မှာ ရုပ်ချောလို့အဆောင်တွေထဲမှာ နေခဲ့ရတယ်၊ ငါ့မှာတော့ အရုပ်ဆိုးလို့ မီးဖိုချောင် ထဲမှာနေရတယ်၊ ဒါပေမဲ့-ငါ့မှာလင်နဲ့-ငါ့မှာသားတွေနဲ့၊ နင်ကတော့ အခုထက်ထိ ကျွန်မ-ကျွန်မဘဲ” ဟု ပြောလေ၏ ဥသြမယ်က ဒေါသထွက်လျက် ပြန်ပြောမည်လုပ်သောအခါ “ကွာ- သူဘာပြော လို့ ပြောမှန်းသူဟာသူလဲမသိပါဘူး”ဟု ရန်ဖြေရလေ၏
ဝမ်လန်း သည် အိုလင်၏အခန်းထဲသို့ ပြန်ဝင်သွားသောအခါ အိုလင်မှာ အိပ်ရာထဲပြန်မလှဲသေးဘဲ၊ လက်နှစ်ဘက် ဖြင့် ကိုယ်ကို အားယူ၍ ထောက်မြဲထောက်ကာ ထိုင်မြဲထိုင်နေသေးလျက်၊ ခေါင်းကို ပခုန်းပေါ် မှေး၍ တင်ထားသည်ကို တွေ့ရလေ၏။

ဝမ်လန်းပြန်ဝင် လာသည်ကိုမြင်လျက်၊ “ဒီမှာကျုပ်သေသွားရင်လေ ဒီကောင်မကော ဒင့်သခင်မကော ကျုပ်အခန်းထဲ ကို တယောက်မှ မ၀င်ပါစေနဲ့၊ ကျုပ်ပစ္စည်းတွေဆိုရင်လဲ ဘာတခုမှမကိုင်ပါစေနဲ့ ၀င်တာ ကိုင်တာနဲ့ တွေ့ရင်တော့ လား၊ ကျုပ်သေရာ က အစိမ်းဘ၀နဲ့ဒင်းတို့ကို ကျိန်ဆဲရ အောင်ပြန်လာ ခဲ့မယ်”ဟု ပြောကာပြန်၍ လဲကျသွားလေ၏ ထို့နောက် အိပ်ပျော်သွားလေ၏။

တနေ့သ၌ သေခါနီးဖယောင်းတိုင်မီးထ၍ တောက်သလို အိုလင်မှာ ထူးထူးခြားခြားသက်သာ၍ လာလေ၏ အိပ်ရာထဲမှ ထထိုင်ပြီး ဆံပင်ကို ကိုယ်တိုင်ထုံးလေ၏ ထို့နောက် လဘက်ရည်တောင်း၍ သောက်၏ ၀မ်လန်း ရောက်လာသောအခါ၊ “နှစ်လဲဆန်းတော့မယ်နော်၊ နှစ်ဆန်းပွဲတော်အတွက် မုန့်တွေဘာတွေလဲ မလုပ်ရဘူး၊ ကျုပ်တခု ကြံမိတယ်၊ ဟိုကောင်မတော့ ကျုပ်မီးဖိုထဲကို ၀င်တာမကြည့်ချင်ဘူး၊ ကျုပ်ချွေးမ လောင်းကလေး ကိုခေါ်ပေးပါ၊ တခါမှမမြင်ဘူးပေမဲ့၊ သူလာရင် ကျုပ်မုန့်လုပ်ဘို့ကိုပြမယ်”ဟု ပြောလေ၏။

ဝမ်လန်းမှာ ထူထူထောင်ထောင်ဖြစ်လာသော အိုလင်ကိုမြင်ရလျှင် အားရ၍သွားလေ၏ အိုလင် ပြောသည့် အတိုင်း ဥသြမယ်ကို လိုင်ယူထံလွှတ်၍ အကျိုးအကြောင်းပြောခိုင်းသည့်အခါ၊ လိုင်ယူ ကလည်း အိုလင်ကြကြာ နေရတော့မည် မဟုတ်တော့ကြောင်း သိရသဖြင့် တကြောင်း၊ သ္မီးဖြစ်သူမှာ လည်း ယခုအခါ အသက် ၁၆ နှစ်ပြည်ပြီဖြစ်သည် တကြောင်းကြောင့်၊ သ္မီးကိုကြည်ဖြူစွာပင် လွှတ်လိုက်လေ၏။

လိုင်ယူ၏ သ္မီးသည် လူထိုင်သောကုလားထိုင်ကိုစီးကာ၊ မိခင်ဖြစ်သူနှင့်အစေခံမကြီးကိုပါ ခေါ်လျက်၊ တိတ်တိတ် ဆိတ်ဆိတ်ရောက်လာလေ၏ သို့သော် မိခင်ဖြစ်သူကား ၀မ်လန်း၏အိမ်ထိအောင် လိုက်ပို့ပြီး နောက်၊ အစေခံကိုထားခဲ့လျက် ပြန်သွားလေ၏ ချွေးမလောင်းကလေးရောက်လာ သောအခါ ၀မ်လန်း၏ ခလေးများကို တခြားအခန်းသို့ပို့လျက်၊ ချွေးမလောင်းကိုထားလေ၏ ၀မ်လန်းကား ချွေးမလောင်း ကလေး ရှက်မည်စိုးသဖြင့် စကားမပြောဘဲနေသော်လည်း၊ ချွေးမ လောင်းကလေးက ရိုသေစွာဦးညွှတ်၍ အရိုအသေ ပြုသည်ကိုမှု၊ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ပြန်၍ခေါင်းညိမ့်လိုက်၏ သွားပုံလာပုံလုပ်ပုံကိုင်ပုံကို မြင်ရခြင်း အားဖြင့် စေ့စပ်သေချာသော မိန်းကလေးတယောက်ဖြစ်ကြောင်း သတိထားမိလေ၏ ယောက္ခမ လောင်း အိုလင်၏အခန်းထဲသို့ ၀င်၍အိုလင်အား ကြည့်ရှုပြုစုနေသည်ကို တွေ့ရသောအခါ၊ ၀မ်လန်းမှာ သာ၍ အားရသွားလေ၏ အိုလင်ကား ယခုမှပင် မိန်းမဖော် တယောက်ရတော့၏ အိုလင်မှာလည်း ချွေးမလောင်းကလေးကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်၍နေလေသည်။

သုံးရက်ကြာ ခဲ့သောအခါ အိုလင်သည် နောက်ထပ်အကြံတခုကို ရဟန်ဖြင့် ၀မ်လန်းအား အခွင့်တောင်း ပြန်လေ၏
“ကျုပ်မသေခင် တခုလုပ်ချင်သေးတယ်“
“ဘာလုပ် သေစကားပြောပြောနေရတာလဲ၊ မင်းက ငါဝမ်းသာမယ်များမှတ်လို့လား“ဟု ၀မ်လန်းက ပြန်ပြော လိုက်သည့်အခါ၊ အိုလင်က ပြုံး၍နေလေ၏ ထို့နောက်-
“ကျုပ်သေ ရမှာပဲ၊ ကျုပ်ဟာကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်သားကြီးပြန်မလာခင် ကျုပ်မသေ သေးပါဘူး၊ သူလက်ထက်ပီးမှဘဲ၊ ကျုပ်ကိုသူကောင်းကောင်းပြုစုတယ်၊ အခုကျုပ်သားကို ကျုပ်တွေ့ချင်တယ်၊ ကျုပ်သွားရ ခါနီးပီ၊ ကျုပ်မျက်စိအောက်မှာ ကျုပ်ချွေးမလောင်းကို လက်ထပ် စေချင်တယ်၊ ဒါမှ အသေဖြောင့်မှာ“ဟု ပြောလေ၏ ထိုအခါ ၀မ်လန်းကပြန်၍-
“အေး…အေး..ကိုယ်ဒီကနေ့ဘဲ ငါတို့သားကိုရှာဘို့ လူတယောက်လွှတ်လိုက်ပါမယ်၊ ဒါပေမဲ့ မင်းဂတိ တခုတော့ ထားစမ်းပါ၊ သေစကား နောက်မပြောပါနဲ့တော့၊ ကျန်းမာအောင် လုပ်စမ်းပါ၊ မင်းမရှိရင် ဒီအိမ်ကြီး ဟာ တိရစ္ဆာန်တွေနေတဲ့ လှောင်အိမ်ကြီးလိုဖြစ်နေလိမ့်မယ်“ဟု ပြောလိုက် လျှင်၊ အိုလင်မှာ စိတ်ချမ်းသာ သွားပုံရလေ၏ ။ နောက်ထပ် ဘာစကားမှမပြောတော့သော်လည်း၊ မျက်လုံးလေးမှိတ်၍ ပြန်လှဲအိပ် လိုက်သည့်အခါ၊ ပြုံးယောင်ယောင် ကလေးဖြစ်၍ နေလေ၏ ။

ဝမ်လန်းသည် သားကိုရှာပြီး ပြန်ခေါ်ခဲ့ရန် လူတယောက်ကို အောက်အရပ်သို့လွှတ်လိုက်ပြီး၊ ၎င်းအား“ ငါ့သားကိုတွေ့ရင် သူ့အမေအသည်းအသန်ဖြစ်နေတဲ့ အကြောင်း၊ သူ့ကိုမတွေ့ရမနေ နိုင်ဖြစ် နေတဲ့အကြောင်း၊ မသေခင်လက်ထပ်သွားတာ  ကြည့်သွားချင်တဲ့အကြောင်း၊ အဘေနဲ့ အမေကို သနားလေးစား လို့ရှိရင် ချက်ချင်းပြန်လိုက်လာဘို့အကြောင်း ဒီကနေ့ကစ နောက်သုံး ရက်မြောက်ရင် လက်ထက်ပွဲ လုပ်မဲ့အကြောင်းပြောကွာ“ဟု မှာလိုက်လေ၏ ဥသြမယ်အားလည်း မင်္ဂလာဆောင်အတွက် အကောင်းဆုံး အကျွေးအမွေးများ ကျွေးရန်၊ မြို့ကတော်ဟော်တယ်မှ ထမင်းဟင်းချက်ပြုတ်သူများကို အခေါ်ခိုင်း လျက် ကျနစွာစီမံလေ၏ လက်ထဲလည်း ငွေစ အနည်းငယ်ထည့်လိုက်ပြီး၊ “ကိုင်း-ဥသြမယ် သူဌေးကြီး ဟွမ်အိမ်မှာ ဘယ်လိုလုပ်သလဲ၊ အဲဒီလို သာလုပ်ကြားလား၊ ခန်းနားပါစေ နောက်လဲ မင့်ကိုပိုက်ဆံ ပေးအုံးမယ်“ဟု ပြောလေ၏။

ဝမ်လန်းသည် အသိရှိသမျှ မြို့ရောရွာရောမကျန်လိုက်၍  ဘိတ်လေ၏ ။ ဦးလေးဖြစ်သူ အားလည်း “ခင်ဗျား ဘိတ်ချင်တဲ့လူကို ဘိတ်ဗျာ၊ ခင်ဗျားမိတ်ဆွေသင်္ဂဟထွေကော၊ ခင်ဗျားသားမိတ်ဆွေတွေ ကော“ ဟု ပြောလေ၏ ၎င်းမှာဦးလေးကိုယခုထက်ထိ ကြောက်၍နေလေ၏ မုတ်ဆိတ်နီမျက်နှာဖုံးနီ ကိုမျက်လုံးထဲ မှ မထွက်နိုင်အောင် ရှိလေ၏ ။

လက်ထပ်မည့်နေ့နှင့်ကပ်၍ နန်းအင်ကိုအိမ်သို့ပြန်ရောက်လာလေ၏ မိခင်ကိုမြင်သောအခါ၊ မျက်ရည် တွေထွေ ကျ၍လာလေ၏ သို့သော်ဝမ်းနည်းစိတ်မချမ်းသာဘွယ် စကားဆို ၍တလုံးမျှမပြောဘဲ၊ “အမေ့ကိုမြင်ရတာ သူတို့ပြောသလို မဟုတ်ပါဘူး မသေနိုင်ပါဘူး“ဟူ၍သာ အားပေးစကားပြောရှာ၏ ၀မ်လန်းမှာ သားကိုမြင်ရသောအခါ၊ ဒေါသတွေပျောက်၍သွားလေ၏ အရပ်အနည်းငယ် ပို၍ ထွက်လာ လျက်၊ မြို့ဆန်လာသောသားကို ကြည့်ပြီးကြိတ်၍ ဂုဏ်မြောက်နေ လေ၏ ။

နောက်တနေ့၌ လက်ထပ်ပွဲကျင်းပလေ၏ သတို့သ္မီးအား၊ ကြာပဒုံဥသြမယ်နှင့် ၀မ်လန်းအဒေါ်တို့ က ဖီးလိမ်း ပြင်ဆင်၍ ပေးကြ၏ ပွဲထုတ်သောအခါ သတို့သ္မီးကို အိမ်တော်ပါမိန်းမကြီးနှင့် ၀မ်လန်းအဒေါ်က တွဲ၍ ထုတ်လေ၏ သတို့သားနောက်မှ သတို့သား၏ညီနှစ်ယောက်က လိုက်ကြ လေ၏ ၀မ်လန်းကား သားများ ကို၎င်း၊ သတို့သ္မီးကို၎င်း၊ ကြည့်၍ဂုဏ်တက်နေလေ၏ ၀မ်လန်း၏ ဘခင်ကြီးမှာ ပဋ္ဌမ၌ မင်္ဂလာ အခမ်းအနား ကျင်းပနေသည်က အဖြစ်ကို မသိနားမလည်ရှာပေ၊ ၀မ်လန်းက ရှင်းပြမှ သဘောပေါက် မိသွားဟန်ဖြင့်၊ “လက်ထပ်တယ်လား၊ လက်ထပ်တယ်ဆိုတာ ခလေးများအောင် လုပ်တာပေါ့၊ ပဋ္ဌမသား တွေ သ္မီးတွေရ နောက်မြေးကလေးတွေရ အား-ဟား- ဟား“နှင့်တအားကုန်ညှစ်၍ ရယ်လေ၏ အဘိုးကြီး၏ အဖြစ်ကို ကြည့်ပြီး ပရိဿတ်မှာပွဲကျ၍ သွားလေ၏ ထိုအခါ ၀မ်လန်းမှာပျော်ရွင်နေသော ပရိဿတ်ကြီး ကိုကြည့်ပြီး၊ “သြော်-အိုလင်သာ ဒီလိုအခါမျိုးမှာ မာမာချာချာနဲ့အိပ်ရာထဲကသာ ထနိုင်မယ်ဆိုရင်၊ ဒီနေ့ဟာ သိပ်ပျော်စရာကောင်း တဲ့နေ့တနေ့ဖြစ်မှာဘဲ“ဟု တွေးမိလေ၏ ။

ဆက်ရန်
.

No comments: