Tuesday, April 20, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၃၅)

အခန်း(၂၅)

နန်းအင်အိမ်မှ ထွက်သွားသောအခါ ၀မ်လန်းမှာ ပခုံးပေါ်မှ ၀န်ထုပ်ကြီးတခု ကျသွားသည်ဟု အောက်မေ့ မိလေ၏။ ၀မ်လန်းသည် အိမ်တွင် ကျန်ရစ်သော သားငယ်နန်းဝင်၏ နောင်ရေးအတွက် စဉ်းစားမိ ပြန်လေ၏။ ၎င်းအား ကျောင်းမှ စောစောစီးစီး နှုတ်လိုက်ပြီး သားအကြီးလို တောင်တောင် မြောက်မြောက် မဖြစ်မီ စိတ်တည်ငြိမ် သွားစေရန် ကုန်သယ်အလုပ်ကို သင်ကြားစေမည်ဟု စိတ်ကူးမိလေ၏။

နန်းဝင်းကား နန်းအင်ကဲ့သို့ အရပ်မထွက်ဘဲ၊ နန်းအင် သူအမေနှင့် တူသလောက်၊ နန်းဝင်မှာ အရပ်ပုပုနှင့် သူအဘိုးအေ နှင့် တူ၏။ "ဒီအကောင်ဟာ ကုန်သယ်ဖြစ်မဲ့ရုပ်ဘဲ၊ ကျောင်းက ထုတ်ပြီး စပါးရောင်းတဲ့ဋ္ဌာနမှာ အကူစာရေးအဖြစ်နဲ့ အလုပ်သင်လွှတ်မှတဲ၊ ဒါမှ ငါစပါးရောင်းတဲ့အခါ သူတယောက်ရှိလို့ ငါ့အဘို့ နေရာကျမယ်"ဟု ၀မ်လန်းသည် စဉ်းစားစိတ်ကူးပြီးနောက်၊ တနေ့တွင် သြဥမယ်အား ခေါ်လျက်။

"ကိုင်း ငါ့သား နန်းအင်ရဲ့ ယောက္ခမလောင်းဆီကို သွားစမ်းပါအုံး၊ ပြီးတော့ ငါက ကိစ္စကလေး တခု တိုင်ပင်ချင်တယ်လို့ပြော၊ ဒို့နှစ်ယောက်ဟာ မကြာခင် ခမီးခမက် ဖြစ်ရတော့မှာမို့၊ ကိစ္စကို တိုင်ပင် ရင်း မိတ်ဖြစ် ဆွေဖြစ် အရက်ကလေးတခွက်စီလဲ သောက်ကြမယ်တို့ သွားပြောစမ်းကွာ"ဟု ခိုင်းလိုက်လေ၏။ ဥသြမယ် သည် ၀မ်လန်းခိုင်းသည့်အတိုင်း လိုင်ယူထံ သွားရောက် ပြောဆိုလေ ရာ၊ လိုင်ယူက ၀မ်လန်းနှင့် တိုင်ပင်ရန် ကိစ္စအတွက် မိမိအိမ်တွင်ဖြစ်စေ ၀မ်လန်း၏ အိမ်၌ ဖြစ်စေ၊ ၀မ်လန်းကြိုက်နှစ်သက်ရာအိမ်တွင် နှစ်ယောက် တွေ့ဆုံပါမည်။ အရက်လည်း သောက်ကြပါမည်ဟု စကားပြန်လိုက်လေ၏။

ဝမ်လန်းသည် ကောင်းမွန်စွာ ၀တ်စားပြီးနောက်၊ လိုင်ယူ၏ အိမ်သို့ သွားလေ၏။  တံတားလမ်းတွင် လိုင်ယူ ၏ အိမ်သို့ ရှာဖွေတွေ့ရှိ၍ တံခါးကို ခေါက်လိုက်သောအခါ အစေခံမကလေးတစ်ယောက် က တံခါးဖွင့် ပေးလေ၏။ ၀မ်လန်းမည်သူဖြစ်ကြောင်း သိလျှင် အခန်းတခုထဲသို့ ခေါ်သွားလျက် အထိုင်ခိုင်းပြီး၊ လိုင်ယူကို အကြောင်း ကြားရန် ပြန်ထွက်သွားလေ၏။ ၀မ်လန်းသည် အခန်းကို အကဲခတ်၍ ကြည့်ရှုနေလေရာ။ ငွေကြေး များစွာ ချမ်းသာပုံမရသော်လည်း အလတ်တန်းစားထဲက ဖြစ်ကြောင်း တွေ့ရ၍ ကျေနပ်သွား လေ၏။

ထိုခဏ၌ ၀မ်လန်းစောင့်လင့်နေသော လိုင်ယူသည် အခန်းထဲသို့ ၀င်လာသဖြင့် ထိုင်ရာမှ ထပြီး ဦးညွတ်၍  အရိုအသေ ပြုလေ၏။ လိုင်ယူကလည်း ပြန်၍ ဦးညွတ်ကာ အရိုအသေပြုလေ၏။ လိုင်ယူမှာ အရပ်ထောင် ထောင် မောင်းမောင်း ဖြစ်လျက် အရွယ်များစွာ မငယ်လှတော့ကြောင်းကို တွေ့ရလေ၏။ ၀မ်လန်းနှင့် လိုင်ယူသည် အသီးသီး ထိုင်ကြပြီးနောက်၊ အစေခံမကလေး ငှဲ့ထဲပေး သော ၀ိုင်အရက်ကို သောက်ကြရင်း၊ လယ် အကြောင်း စပါးအကြောင်း ဆန်အကြောင်းနှင့် ရှေ့နှစ် စပါးဈေး ဆန်ဈေး မည်သူရှိလိမ့်မည် စသည် တို့ကို အေးအေးဆေးဆေး စကားပြော၍ နေကြလေ ၏။ နောက်ဆုံး၌ ၀မ်လန်းက။

"ကျွန်တော်လာခဲ့တဲ့ ကိစ္စကတော့ မိတ်ဆွေကြီးသဘောကို မေးမြန်းရအောင် ဆိုပါတော့ ခင်ဗျာ၊ တကယ် လို့ မဖြစ်နိုင်ဘူးဆိုရင်လဲ ဒီကိစ္စအသာထားပြီး ဒီပြင်စကားပြောကြရပေါ့။ အကြောင်းက တော့ မိတ်ဆွေကြီး ရဲ့ စပါးဒိုင်မှာ ခိုင်းဘို့စေဘို့ သူငယ်ကလေး တယောက်လောက်များ လိုမလား လို့ မေးမြန်းရအောင် လာခဲ့ပါတယ်။ ကျွန်တော့်မှာလဲ သားအငယ်တယောက် ရှိနေတော့။ ဖြတ်လဲ အတော်ဖြတ်လတ်တဲ့ သူငယ် ကလေး ပါဘဲ၊ မိတ်ဆွေကြီး အလိုမရှိဘူးဆိုရင်လဲ၊ တခြားအကြောင်း ပြောကြတာပခင်ဗျား"
ထိုအခါ လိုင်ယူက အားရ၀မ်းသာစွာဖြင်။

"ကျုပ်လဲဘဲ သွက်သွက်လက်လက် ဖြတ်ဖြတ်လတ်လတ်နဲ့ စာရေး စာဘတ်တတ်တဲ့ သူငယ်ကလေး တယောက် လို နေတယ်ခင်ဗျာ။"
ဝမ်လန်းက ခတ်ကြွာကြွားပြန်၍။
"ကျွန်တော့်မှာ သားကျောင်းသားနှစ်ယောက် ရှိပါတယ်။ နှစ်ယောက်စလုံးဟာ စာအမှားမှား အယွင်းယွင်း များ ရေးထားတာတွေ့ရင် အမှားကို ဒေါက်ခနဲ တိုးပြနိုတဲ့ သားကလေးနှစ်ယောက်ပါ ဘဲ။
"အို - နေရာကျ ထားပေါ့ မိတ်ဆွေ၊ ဒီလိုဆိုရင် ဘယ်အချိန်မျိုးမဆို လွှတ်လိုက်ပါ။ အလုပ်သင် နေတဲ့ အချိန်အတွင်း တော့ ကျုပ်အထောက်အပံ့အဖြစ်နဲ့ ထမင်းအလကား ကျွေးထားပါ့မယ်၊ တနှစ်ကုန်လို့ အလုပ်ကို နားလည်ကျွမ်းကျင်သွားပြီဆိုရင် တလကို ငွေစတစပေးပေးသွားမှာပါဘဲ၊ သုံးနှစ်ကြာရင် ငွေစသုံးစ အထိ တိုးပေးပြီး အဲဒါအခါကျတော့ အလုပ်သင်စာရေးအဖြစ်နဲ့ မဟုတ် တော့ဘဲ။ အများကြီး တိုးတက်သွားဘို့ ရှိပါတယ်။ ကျုပ်ပြောတဲ့ လခအပြင် အပြင်က ပွဲခတွေ ဘာတွေလည်း၊ ရဘို့ ရှိပါသေးတယ်၊ ပီကျုပ်တို့နှစ်ယောက်ဟာ မကြာခင် တအိမ်ထဲသားများ ဖြစ်တော့မှာမို့၊ မိတ်ဆွေသားကို အလုပ်သင် ရဲ့ ကိစ္စမှာ အာမခံငွေတွေ ဘာတွေ ကျုပ်မတောင်းပါဘူး"ဟု လိုင်ယူကပြန်ပြောလေ၏။

ထိုအခါ ၀မ်လန်းက ထိုင်ရာမှထ၍ ၀မ်းသာအားရ-ရယ်မောလိုက်ရင်း.......
"ကိုင်း-ကျွန်တော်တို့ နှစ်ယောက်တော့ မိတ်ဆွေကြီးများဖြစ်သွားပီ၊ မိတ်ဆွေကြီးမှာ ကျွန်တော့ သမီးကလေး နဲ့ လက်ဆက်ရအောင် သားများမရှိဘူးလား"
"ဟား.......ဟား......ဟား..........ဟား........ကျုပ် သ္မီးအကြီးကလေးရဲ့အောက်၊ ၁၀ နှစ်အရွယ် သားကလေး တယောက်တော့ ရှိသဗျာ့၊ သူ့အတွက် အခုတော့ ဘယ်သူနဲ့မှ ကြောင်းလမ်းထားခြင်း မရှိသေးပါဘူး၊ မိတ်ဆွေ သ္မီးကလေးက ဘယ်အရွယ်ရှိပလဲ"

ဝမ်လန်းက ရယ်ပြန်ရင်း.........
"နောက် မွေးနေ့ကျ ၁၀ နှစ်ပြည့်ပါလိမ့်မယ် ရုပ်ကလေးကလဲလှပါတယ်"
ထိုအခါ နှစ်ယောက်သားပြိုင်တူရယ်မော်ကြပြီး လိုင်ယူက။
"ဒါဖြင့် ကျုပ်တို့ကြိုးနှစ်ကြိုး ဆက်ကြစို့ဗျား"

ဝမ်လန်ကား ဤကိစ္စအတွက် ယောက်ျားချင်း ဆက်လက် ပြောဆိုနေဘို့ရန် မလျော်ဟု ထင်မြင် သဖြင့်၊ လိုင်ယူ အား ဦးညွှတ်၍ နှုတ်ဆက်ကာ အိမ်သို့ ပြန်ခဲ့လေ၏။ စိတ်ထဲတွင်ကား ၀မ်းအသာ ကြီး သာ၍ နေလေ၏။ "ဒီကိစ္စတော့ လုပ်ဖြစ်အောင် လုပ်မှဘဲ"ဟု တကိုယ်တည်း စဉ်းစားရင်း အိမ်သို့ ပြန်ရောက် သွားသည့်အခါ သမီးကလေးကို သေချာစွာ ကြည့်မိလေ၏။ ထိုသမီးကလေးမှာ အမွှာပူးမွေးသော သမီး ကလေးဖြစ်၏။ အိုလင်က ခြေသေးမကလေးဖြစ်အောင် ခြေထောက် ကလေးများကို စီးနှောင် ပေးထား သဖြင့် လှုပ်တုပ်လှုပ်တုပ်နှင့် လမ်းလျှောက်နေသည်ကို တွေ့ရ၏။ မျက်နှာကလေးကာ မိန်းမချော တယောက် ၏ မျက်နှာကလေးပင် ဖြစ်ပေသည်။

ဝမ်လန်းသည် သမီးကလေး၏ မျက်နှာကို သေချာစွာကပ်၍ ကြည့်မိသည်တွင် မျက်ရည်ကလေးမျး ဥနေ သည်ကို တွေ့ရသဖြင့်
"ဟင် သမီး ဘာပြုလို့ ငိုနေသလဲ"ဟု ပေးလိုက်လျှင် ခလေးမလည်း ခေါင်းကလေးငုံ၍ ရှက်ဟန် ဖြင့်။
"မေမေ က သမီးခြေထောက်ကို တနေ့ထက်တနေ့ ပိုပိုကြပ်ကြပ် စီးပေးထားလို့၊ ညတိုင်ကျ သမီး အိပ်လို့ မရဘူး"ဟု ပြန်ပြောလေ၏။

"နို့ အဖေ သမီးငိုသံ လဲ မကြားရပါကလားကွဲ။" "ဘယ်ကြားမရလဲ၊ မေမေက လူကြားအောင် မငိုရ ဘူးတဲ့။ ဖေဖေ ဟာ သိပ်သဘော ကောင်းတယ်တဲ့ သနားတတ်တယ်တဲ့ စိတ်ညစ်မခံနိုင်ဘူးတဲ့၊ သမိးငိုတာတွေ့သွားရင် ခြေထောက် စီးထားတာကို ပြန်အဖြုတ်ခိုင်းလိမ့်မယ်တဲ့၊ ဖေဖေက မေမေ့ကို မချစ် သလို သမီးကိုယူမဲ့ ယောက်ျားကလဲ သမီးကို ချစ်တော့မှာ မဟုတ်ဘူးတဲ့။
ဝမ်လန်း မှာ ဓါးသွားနဲ့ အထိုးခံရသလို ဖြစ်သွားလေ၏။ အိုလင်ကား သူ့ဖြစ်အင်ကို သမီးကလေး အား ပြော၍ ပြလေပြီ၊ မိမိကဲ့သို့ တသက်ပန် စိတ်အဆင်းရဲကြီး ဆင်းရဲ၍ မသွားရစေရန် သမီး ကလေး သူချစ်လင် ၏ ဂရုစိုက်အရေးပေးခြင်းကို ခံရပါစေတော့"ဟု ယခုကပင် ခြေထောက်ကလေး များကို ကြပ်စီး ၍ ပေးထားရှာ၏။

"အို ဒီကနေ့လေ သမီးအတွက် ယောက်ျားလှလှကလေးတယောက် အဖေရှာတွေ့ခဲ့ပြီး၊ ဒီကိစ္စကို ဥသြမယ် ဆောင်ရွက် ပေးလိမ့်မယ်။"
ဤသို့ ပြောလိုက်လျှင် ခလေးမကလေးသည် ပြုံး၍ ခေါင်းကလေးငုံ့သွားလေ၏။ ၀မ်လန်းလည်း ထို နေ့မှာပင် ဥသြမယ်အား သမီးကိစ္စအတွက် စကားပြောရန် လိုင်ယူထံသို့ စေလွှတ်လိုက်လေ၏။
ထိုည ၀မ်လန်းသည်။ ကြာပဒုံနှင့်အတူ အိပ်လျက်ရှိစဉ် အိပ်မပျော်နိုင်ဘဲ မျက်လုံးတွေ ကြောင်၍ နေလေ၏။ အိုလင် ၏ အကြောင်းကို ပြန်၍ မြင်ရလေ၏။ "ဖေဖေက မေမေ့ကို မချစ်သလို သမီးကို ယူမဲ့ ယောက်ျား ကလဲ သမီးကို ........ "ဟု နေ့လည်က သမီးကလေးပြန်ပြောသည့် စကားများကို ကြားယောင်လာပြန်လျက် ၀မ်းနည်း ၍ သွားလေ၏။

နန်းဝင်ကို လိုင်ယူထံ အလုပ်သင်အဖြစ် လွှတ်လိုက်ပြီးနောက်၊ လိုင်ယူ၏ သားနှင့် မိမိ၏ သမီး ကလေးအား "မင့်အမေ လက်ထဲက တန်မြက်စီးယူပြီး လှဲစမ်း၊ မင့်အမေ နေမကောင်းဘူး"ဟု ခိုင်း လိုက်ပြီး၊ အိုလင်အား ခါတိုင်းထက်ပို၍ ကြင်နာလှသော  အသံဖြင့် "သွား ..... သွား ..... မင့်အိပ် ရာထဲမှာ သွားလှဲနေချေ ငါသမီး ကလေးကို ရေနွေးအပို့ ခိုင်းလိုက်မယ် ....... အိပ်ရာထဲက မထနဲ့ ...... "ဟု ပြောဆိုလေ၏။

အိုလင်သည် ၀မ်လန်၏ စကားကို နားထောင်လျက် စကားမပြောဘဲ ဖြည်းညှင်းစွာ အခန်းထဲသို့ ၀င်သွားပြီး ခပ်တိုးတိုး ညည်းရင်း အိပ်ရာထဲ လှဲချလိုက်လေ၏။ ၀မ်လန်ကား ကြားနေရသော အိုလင်၏ ညည်းသံ ကြောင့် မနေတတ်အောင်ဖြစ်ကာ မြို့ကို တက်၍ ဆရာဝန်ကို ရှာလေ၏။ အသက်ကြီးကြီး ဆေးဆရာကြီး တယောက်ကို တွေ့ရသောအခါ အကျိုးအကြောင်း ပြောပြလျက် ခေါ်ခဲ့လေ၏။ ဆရာကြီးနှင့်အတူ အိမ်သို့ပြန် ရောက်သွားသည့်အချိန်၌ အိုလင်မှာ နဖူးနှင့် အထက် နှုတ်ထမ်းတွင် ချွေးကလေးများစို့၍ အိပ်ပျော် နေပြီကို တွေ့ရလေ၏။

ဆရာကြီး သည် အိုလင်၏ မျက်နှာကို ကြည့်ပြီး ခေါင်းကို ခါ၍ နေလေ၏။ ထိုနောက် ၀ါ၍ မျောက်လက်လို ချောက်သွေ့ နေသော လက်များဖြင့် အိုလင်၏ သွေးကြောကိုစမ်း၍ ကြည့်နေလေ ၏။ ထိုနောက် ခေါင်းကို မသက်သာ စွာဖြင့် ခါပြန်ရင်း။

"ဖျင်းစွဲတဲ့ ရောဂါဘဲ၊ သားအိမ်ထဲမှာ တည်နေတဲ့ ကျောက်ဟာ  လူခေါင်း လောက်ရှိနေပြီ၊ အစာ အိမ်လဲ ကွဲနေပြီ၊ နှလုံးလဲအခုန်ရပ်နေတယ်၊ ပိုးဝင်စားနေပြီ ထင်တာဘဲ" ဟု ပြောလေ၏။
ထိုအခါ ၀မ်လန်း၏ နှလုံးသည်လည်း ခုန်ရာမှ ရပ်၍ သွားလေ၏။

"ဒါဖြင့် ဆရာကြီး ကုစမ်းပါ မကုနိုင်ဘူးလား"ဟု ဒေါသထွက်ထွက် နှင့် ခတ်ကျယ်ကျယ် အော်ပြော လိုက်မိ လေ၏။ ၀မ်လန်း၏ အသံကြောင့် အိုလင်သည် အိပ်ရာမှ လန့်၍ နိုးလာလေ၏။ ထိုနောက် အနီး၌ ရပ်နေသူများ အား နားမလည်ဟန်ဖြင့် မော်ကြည့်နေလေ၏။ ထိုအခါ ဆရာကြီးက
"အင်မတန် ခက်တဲ့ရောဂါဘဲ ပျောက်တဲ့အထိ ကုခ ငွေမတတ်နိုင်ရင် ကျုပ်ငွေတဆယ်နဲ့ ဆေးအညွှန်း ရေးပေး ခဲ့မယ်။ ဆေးမြစ်ရယ် ကျားသဲရယ် အခြောက်လှန်းပီး ခွေးသားနဲ့ရောပြီး ကျိုတိုက်ပေတော့။ ဒါမှမဟုတ် ပျောက်တဲ့အထိ ကုရမယ်ဆိုရင် ငွေငါးရာ ပေးရလိမ့်မယ်။"

ဤသို့ ပြောသည်ကို အိုလင် ကြားလျှင် အားနည်းနွမ်းခွေနေလျက်ကပင်ဝင်၍ "မကုနဲ့ ..... မကုနဲ့ ..... ကျုပ်အသက် ဟာ ဒီငွေ ၅၀၀ိလောက် မတန်ဘူး။ ဒါလောက်ငွေနဲ့ဆိုရင် လယ်ကောင်းကောင်းတကွက် ၀ယ်နိုင်တယ်"ဟု ပြောလေ၏။ ထိုအခါ ၀မ်လန်းမှာ ရင်ထဲတွင် ပို၍ ဆို့သွားပြန်ပြီး၊ ကြောက်ဖွယ်အသံဖြင့်  "ငါ့အိမ် မှာ မသာမပေါ်ရဘူး၊ ငါငွေတတ်နိုင်တယ်"ဟု ပြန်၍ ပြောလေ၏။ "ငါငွေတတ်နိုင်တယ်" ဆိုသော စကားကို ကြားသည့်အခါ ဆရာကြီး၏ မျက်လုံးများသည် တောက်ပြောင်၍ လာလေ၏။ သို့သော် အာမခံ၍ ငွေယူကာ ကုပြီးနောက်မှ လူနာသေဆုံးခဲ့လျှင် တရားဥပဒေက နေမည် မဟုတ် သောကြောင့် စကားကို ပြောင်းလိုက်ပြီး။

"မဟုတ်ဘူးမောင် ....... မဟုတ်ဘူး ....... မဟုတ်ဘူး - ကျုပ်မှားသွားတယ်၊ လူနာမျက်စိကို ကြည့် ရခြင်း ဟာ ကျုပ်ပဋ္ဌမပြောသလို လွယ်ပုံမရဘူး။ တခါထဲအပျောက်ဆိုရင် ငွေငါးသောင်းရမှ ကျုပ် ကုနိုင်မယ်"ဟု ပြောပြန်လေ၏။

ဤတွင် ၀မ်လန်းသည် စကားအရိပ် နိမိတ်ကို နားလည်သွားဟန်ဖြင့် ဆရာကြီးအား ၀မ်းနည်းစွာ ပြန်ကြည့် နေလေ၏။ "သေတော့မှာပါဘဲ မထူးတော့ပါဘူး" ဆိုသော စကားကို ဆိုလိုက်သည်နှင့် မခြားသောကြောင့် ဆရာကြီး နှင့်အတူ အခန်းထဲမှ ပြန်ထွက်၍ လိုက်လာခဲ့လေ၏။ အိမ်ဝသို့ ရောက်သောအခါ ဆရာကြီးအား ငွေတဆယ် ပေး၍ ပြန်လွှတ်လိုက်လေ၏။

ထိုနောက် ၀မ်လန်းသည် မဲမှောင်လျက်ရှိသော မီးဖိုထဲသို့ ၀င်ခဲ့လေ၏။ အိုလင်မှာ နေ့ရှိသမျှ ဤမီးဖိုထဲ ၌သာ အချိန်ကုန် ခဲ့၏။ ယခုမူ အိုလင်မှာ မီးဖိုထဲတွင် မရှိတော့သဖြင့် မိမိ ၀င်လာသည်ကို လည်း မည်သူ ကမျှ မြင်မည် မဟုတ်ရာ။ ၀မ်လန်း သည် မဲမှောင်လျက်ရှိသော မီးဖိုနံရံကို မျက်နှာမူ လိုက်လေ၏။ ထိုအချိန် တွင် မီးဖိုထဲ၌ တစုံတယောက်ရှိနေသည့်တိုင် အခန်းမှာ မှောင်အတိကျနေ သောကြောင့် ၀မ်လန်းပါးပေါ်၌ စီးကျ နေသော မျက်ရည်များကို မြင်နိုင်မည် မဟုတ်ပေ။        

ဆက်ရန်
.

2 comments:

မောင်မိုး said...

တရုတ်မတွေ ခြေထောက်ကျပ်စီးတဲ့ဓလေ့က ဒီနေ့ထိ ရှိသေးသဗျ။ ဒါမျိုးတွေ အခုခေတ်မှာ လုပ်ဖို့မကောင်းတော့ဘူးဗျာ။ သဘာဝကိုဖီလာလုပ်တဲ့ ယဉ်ကျေးမှုကို သိပ်မုန်းတယ်။ မြင်ရတဲ့သူလည်း စိတ်ဆင်းရဲတယ်။

မေဓာဝီ said...

အိုလင်သနားပါတယ်။
ဝမ်လန်းကလဲ သေခါနီးမှ သနားရကောင်းမှန်းသိတော့တယ်။
ဘာပဲဖြစ်ဖြစ် သူလဲ တဖြည်းဖြည်း သိလာလို့ လုံးဝမသိတာနဲ့စာရင် တော်ပါသေးတယ်။
တရုတ်မတွေ ခြေထောက်စည်းတဲ့ ကိစ္စ ဘာကြောင့်လဲ ဆိုတာ အစက မသိဘူး။ ခုတော့ အဲဒါမျိုးစည်းတာ မရှိလောက်တော့ ဘူးထင်ပါရဲ့။