Tuesday, April 20, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၂)

လက်ကျညီညီနှင့် ခိုးနည်းမျိုးစုံ
ယင်းသို့လျှင် ဗမာ့ခေတ် သတင်းစာတိုက်ကြီး၌ခိုးပုံ ခိုးနည်းနိသျှည်းအစုံစုံရှိသည့်အနက်မှ အချီကြီး စုံလိုက် ပုံလိုက် အပျောက်ရိုက်သော နည်းအမျိုးမျိုးများအပြင် အမှိုက်ကရွှေဖြစ် ငွေဖြစ် နည်းတွေလည်း တစ်ပုံကြီးရှိပါသေးသည်။ နေ့စဉ်သတင်းစာများအား ထောင်နှင့်ချီ၍ ခိုးထုတ်နည်း၊ ကော်မရှင်တွေ သိမ်းကြုံး ပြီး ဘုံးနည်းစသည်များထက် အောင်တန်းကျသော အမှိုက်ထဲက ငွေဖြစ် နည်းမှာ စက္ကူစုတ် များ ထုတ်၍ ရောင်းခြင်းဖြစ်ပါသည်။  သတင်းစာဟောင်းများ စက်ရိုက်ပြီး စာရွက်အပျက်များနှင့် စက္ကူလိပ်မှ ရိုက်မဖြစ်သော စက္ကူအစုတ်အပြဲံများကို တလတကျြိမ်လောက် ပိသာချိန်နှင့်ထုတ်ရောင်း ရှင်းလင်း ပစ်သော အခါတိုင်းနှစ်ထောင်ကျော်ဘိုးခန့် ပုံသေရရှိမြဲဖြစ်ပါ သည်။ ဒါတွေလဲ သူတို့အိပ်ထဲ သို့သာ ရောက်ကုန် ပါသည်။

ထိုမှ တဆင့် နယ်ချဲ့လာပြန်သည်၊ စက္ကူလိပ်ကြီများမှ မစုတ်မမြဲသော်လည်း ဒုတပေ လောက်ကျန် သော အခါ စက်ထဲထပ်မသွင်းတော့ဘဲ အကျန်အကြွင်းဆိုပြီး ဘေးဖယ်၍ ပယ်ထားစေ သည်။ ခွါယူပြီး အလိပ်ပေါင်း နှစ်ဆယ် အစိတ်ရသောအခါ စက်ခန်း၏နောက်ဖေးပေါက်မှ ၀င်းထရံ ကျော်ပြီး ခိုးထုတ် သွားစေသည်။ အပြင်မှသတင်းစက္ကူဈေးအလွန်ကြီးနေချိန် စက္ကူတထုပ် ၁၈-ကျပ် ၁၉-ကျပ်ပေး ၀ယ် နေရသော ပုံနှိပ်တိုက်ငယ် ကလေးများနှင့် စာအုပ်တိုက်ကလေးများသို့သွားသွင်း သောအခါ ၁၅ိ-ဈေး လောက် နှင့် ခပ်သွက်သွက်ကလေး ဖေါက်သယ်ဖြစ်ရောင်းချရသည်။

ဤအလုပ်နှင့် စပ်ဆိုင်ရာ ဒီပတ်တမင့်မှာတော့ ရုံးစေအချို့နှင့် အရက်သမားအယ်ဒီတာလူဟောင်း စားဖား တဦးက ဒိုင်းခံ၍ လုပ်ကိုင်အကျိုးခံစား နေပါသည်။ ၎င်းအယ်ဒီတာဟောင်းမှာ မယားနှစ် ယောက်နှင့် အရက် ကို မိုးမလင်းအောင် သောက်သူဖြစ်၏ သူအကျိုးရှိမည့်ကိစ္စမှန်သမျှ ဗမာ့ခေတ် တိုက်၏ အမည် တပ်ခါ အခွင့်အရေး အမျိုးမျိုးလည်း မလွတ်တမ်းယူလျက်  ရလျက်ရှိသူဖြစ်ပါ လျက်နှင့် မိမိ ဂုဏ်သိက္ခာ အတွက် ရှက်ရမှန်း မသိတော့ဘဲ ဇတ်ရဲလွန်းလှသည်။ ဤအသေးအဖွဲ့ အမှိုက်သရိုက်ထဲက အလုပ်ကိုပါ မရိုးမသား လုပ်စားရက်သည်မှာလည်း ဆယ်မရအောင် စိတ်ဓါတ် ပျက်စီးနေသူဖြစ်သည်တကြောင်း၊ စောရ ၄၀-တို့ နှင့် ပူးပေါင်းမိသည်တကြောင်း ဖြစ်တန်ရာပါ သည်။

နောက်ထပ်ကျမစုံစမ်းသည်တွင် ပစ္စည်းခိုးထုတ်သော မလွယ်ပေါက်တွေ တွေ့ရသည်။ စက်နှင့် စာစီခန်းခဲစာလုံးသွင်းသော အခန်းများရှိရာအလုပ်တိုက်၏ နောက်ဖေးတွင်ရှိသော ၀င်းထရံများ ဖျက်ဆီး ထားသည်။ ခွေးတိုးပေါက်သဘွယ် မလွယ်ပေါက်ငယ်တစ်ခု ဖေါက်ထားသည်ကို ပိတ်ဆို့ ခိုင်းရသည်။ ခြံ၏ နောက်ဖေး တဘက်တွင်လည်း ခိုး၍သယ်ရာ လူသွားလမ်းကလေးတစ်ခုသည် ချောင်းကလေးသဘွယ် နက်ဝင် နေသည်ကိုပင် တွေ့မြင်နေရပါသည်။

ထိုနောက်ဖေးလမ်းကလေး နက်ဝင်နိမ့်ဆင်းနေအောင် သယ်ထုတ်သော ပစ္စည်းများကတော့ လေးလေး ပင်ပင် ပစ္စည်းများဖြစ် သောအိမ်မိုးသွပ်ပြားများပျဉ်တိုပျဉ်စများ သံထည်ကိရိယာများ၊ မှင်ပုံး အလွတ် ပီပါကြီး များနှင့် တစ်ခြားသောလေးလံစွာ ထမ်းပိုးသယ်ယူရသည့် ပစ္စည်းများ ခိုးထုတ်ယူရာ လမ်းကြောင်း တစ်ခု ဖြစ်ပါသည်။ ခဲစာလုံးအသစ်ဟောင်းများကိုလည်း လိုလျှင်လိုသလိုပုံကြီးပုံးငယ်နှင့် ထုတ်သယ်သူ ကသယ်၊ ထမင်းပို့သော သတ္တုချိုင့်ငယ်နှင့်သယ်ယူသူက သယ်ထုတ်ကြသည်။ တခါတရံလည်း ခဲစာလုံးသစ် များကို ထင်းရှုးသေတ္တာကြီးများနှင့် ထည့်ကာ  မန္တလေးစသော အဝေးဖေါက်သည်များ သို့ တင်ပို့ လိုက်သည်။

ခဲစာလုံး ရောင်သောကိုယ်စားလှယ်လည်ဆိုပြီးထားသေးသဖြင့် အဝေးမြို့က အမှာစာအော်ဒါရှိသလို ပို့နေရ သည်ဟု ၀င်ငွေစာရင်းကို ပြန်ကြည့်လျှင် ပြောပလောက်အောင်ရရှိ သည်ကို မတွေ့ရပါ။ စေတရှင်နရီ ခေါ်အလုပ်ရုံးသုံးပစ္စည်း၊  စာရေးစက္ကူ၊ စာအိတ်မှင်နှိပ်မှင်ခံစက္ကူ မှအစ မှင်အိုးခဲတန် တွယ်အပ် ညှပ်ကလစ်စသော အသေးအဖွဲ့မျှိရာ၊ လက်ဆော့သော ပါတီဝင် ၄၀တို့ က ဘယ်အခါမျှ လက်ချည်း သက်သက် အိမ်ပြန်သွားရိုး မရှိ၊ လိုသော ပစ္စည်းအိတ်ထဲ ထည့်သယ်ကြသည်။ အလကား ရလျှင် ရေကိုပင် အသေသောက်မည်ဆိုသော ၀ါဒကို လက်သုံး ပြုထားကြသဖြင့် ၎င်းတို့၏ သားသမီးများ အတွက် ကျောင်းစရိတ် မှာ စတေရှင်နရီပစ္စည်းများ ၀ယ်ယူပေးရာ၌ အတော်သက်သာနေကြပါသည်။

အတိုချုံး၍ အကျဉ်းရုံးရမည်ဆိုလျှင် သောင်းဂဏန်းက အစပြုပြီး ၅ပြားတန်အထိ ပိပိစီးစီး လက်ကျ ညီညီနှင့် ကိုယ်စီ၊ ကိုယ်စီ ကြိတ် ယူလာကြသည်မှာ နှစ်ပရိစ္ဆေဒကြာခဲ့ပြီ၊ ဒီရေတက်သကဲ့းသို့ တက်၍ နေသော သတင်းစာတိုက် ဖြစ်၍သာ ခံနိုင်ရည်ရှိခြင်း ဖြစ်ပါသည်။ ပေး၍မကုန် လှူ၍မခမ်းဆိုသော စကား ကဲ့သို့ ခိုး၍ မကုန် ယူ၍ မခမ်းနိုင် ရှိခဲ့သည်။ ကမ္ဘာဦးသူတို့သည် လောဘထူပြောလွန်းလာသောအခါ၌ ပဒေသာပင် ကွယ်ပျောက်ခဲ့ရသည် ဟူသော ကျမ်းဂန်စကားကဲ့သို့ ငွေပဒေသာပင်ကြီး ဖြစ်သော ဗမာ့ခေတ် သတင်းစာကြီးမှ  ဤသူယုတ်မာလောဘသားတို့၏ တရားမဲ့မှုတို့ကြောင့် အလွန်ခိုင်မာ တောင့်တင်း သော အင်းအားရှိနေပါလျက်က မတရားသူတို့၏ လောဘ ထူပြောလွန်းလှသဖြင့် ပဒေသာ ပင် ကြီးပျောက်ကွယ်သွားသည်တိုင်းအောင် ခုတ်လှဲဖျောက်ဖျက်ပစ်လိုက်ရသော အခြေ သို့ဆိုက်ရောက် ခဲ့ရ လေသည်။

တနည်း အားဖြင့်လည်း ခိုးသား ၄၀-တို့၏ အလွန်ကျယ်ဝန်းသော စားကျက်ကြီး ပျက်စီးသွားခဲ့ရာ သူခိုးဝိဇ္ဇာ အတတ်သင် ကျောင်းကြီး ပိတ်ပစ်လိုက်ရသည့်နှင့်လည်း တူပါသည်။ မူလက ဘယ်မျှ ရိုးသား ဖြောင့်မတ် သူပင်ဖြစ်စေ၊ ဦးစိးဗိုလ်လုပ်သူနှင့်စောရ ၄၀-ဂိုဏ်း  အခံကရှိနေသောကြောင့် သူတို့ သိမ်းသွင်းရာ ပါလျက် စားကျက်သိသွားကာ လက်ဆော့လာတတ် ပါသည်။

ကိုယ့်လူသူ့ဘက်သားတွေ

အလုပ်တိုက်မှာ ၀င်၍ ထိုင်ကြည့်နိုင်ခြင်း မရှိဘဲ ဖေါ်ပြခဲ့သည့်အတိုင်း မရိုးသားသော လှည့်ကွက် အမျိုးမျိုး ကို တွေ့ရသလောက်နှင့် အတော်သဘောပေါက်ခဲ့ရသည်။ သဘောပေါက်သလောက် လည်း ထွက်ပေါက်၊ ခိုးပေါက်၊ သယ်ပေါက်များကို ကျမ လက်လှမ်းမှီသမျှ သိမြင်သမျှ ပိတ်ဆို့ ပစ်လိုက်ရသော်လည်း အသား ထည်းက လောက်ထွက်၍ ကိုယ့်လူလိုလိုနှင့် သူ့ဘက်သားတွေသာ များနေပါသည်။ ရိုးရိုးသားသား လုပ်စားသော အလုပ်သမားများမှာလည်း အရေးကြီးသော ဋ္ဌာန အစိတ်အပိုင်း မှန်သမျှကို ကလိန်ချုံ၏ အကိုင်း အခက် များက လက်ဝါးကြီး အုပ်ထားခြင်း ခံရ၍ ဘာမျှ ၀င်ရောက်စွက်ဘက်ခွင့် မရကြသည့်အတူ မည်သူ၏ အမုန်းကိုမျှ မခံရအောင် နေကြရသည်။

အလုပ်ရုံးဋ္ဌာနတခုလုံးက မရိုးမသား လှည့်ကွက် အမျိုးမျိုးနှင့် လမ်းစဉ် ချပေးထားသည့်အတိုင်း ပိပိရိရိ လုပ်ကိုင် ပေးနေကြသည့်အတွက် အဖမ်းရလည်း အတော် ခက်နေပါသည်။ တခါ တခါ လက်ဆုပ်လက်ကိုင် မိထား ပါလျက် နှင့် ငါးအရှင်ကို ဖမ်းထားရသလို မိလျက်နှင့် လက်ထဲက ချော် ထွက်သွားမျိုးတွေလည်း မနည်း ကြုံကြိုက်ခဲ့ရသည်။

 ဥပမာပြရပါလျှင် ပုံနှိပ်စက် အဟောင်းကြီး တလုံးကို သိမ်ဖြူလမ်းက အမြှောင်မယား ညီအစ်ကိုတော်သူ တပည့် တဦးအား ငှါးရမ်းထားသည်ဟု ယာယီမန်နေဂျာ ဦးဗအေးက ပြောသည်။ ကျမ ကိုယ်တိုင်လည်း ငှါးထားစဉ် က သိရသည်။ (ထိုစဉ်က မယား ညီအစ်ကို တော်နေမှန်း မသိသေးပါ) နောက်ပိုင်း ကျမက ၎င်းစက် အကြောင်း မေးသောအခါ ဦးဗအေးကလဲ တလငါးရာ ငွေသွင်းသွားလို့ စက်ဘိုးကြေသွား ပြီဟု စကား ပြောင်းလွှဲ ပြောပြန်သည်။။ ၎င်းသွင်းငွေများကို ဘယ်စာရင်းမှာ ပါသလဲပြပါဟု တောင်း သောအခါ စာရင်း မပြနိုင်တော့ဘဲ ဟိုလိုလို၊ သည်လိုလို လှီးလွှဲ၍သာ နေလေသည်။
ဗမာ့ခေတ် သတင်းစာတိုက်အတွက် ရရှိသော စက္ကူမျိုးစုံ လိုင်စင်များ၊ စက်ကရိယာပစ္စည်းလိုင်စင် များ ကိုလည်း အပျောက်ရိုက် ရောင်းစားနေကြောင်း သိရသည်။

နောက်ဆံး ၁၉၆၁-ခုနှစ် ရရှိသော စက္ကူမျိုးစုံ လိုင်စင်ကိုပင် ကျမဆီမရောက်ဘဲ ၎င်းတို့နှင့်ကြိတ်၍ တိတ်တဆိတ် ထုတ်ယူ ရောင်းစား ထားကြောင်း သိရသဖြင့် ဆိုင်ရာဋ္ဌာနသို့ ကျမအနေနှင့် တိုင်ကြား လိုက်ရ ဘူးပါသည်။ ယင်းသို့ လိုင်စင်ချပေးရာ ဆိုင်ရာဋ္ဌနာသို့ ကျမက တိုင်တန်းမည် ပြုသောအခါ ယာယီ မန်နေဂျာ သည် မတိုင် ပါနှင့်ဟု အကြိမ်ကြိမ်လာ၍ တောင်းပန်ပါသေးသည်။ ကျမက စာတင် ထုံးစံအတိုင်း ခေါင်းမကပ် ဘဲ တင်သည်။ သို့ကြောင့် နောက်တချီ ပြန်တိုင်ကြားရပါသည်။ မခံချင်လွန်းလှသဖြင့် ကျမ ကိုယ်တိုင် သွား၍ အရာရှိကြီး တဦးနှင့်လည်း တွေ့ပြီး လိုင်စင်ပျောက်ဆုံးသွားမှုကို တိုင်ကြားသေး သည်။ သို့ရာ တွင် အကြောင်းမထူးလှဘဲ အဖျားရှူး သွားခဲ့သည်။ တနည်းနည်းနဲ့ လှည့်ကွက်တခု တော့ ရှိရမည်ဟု နားလည် လိုက်မိပါသည်။

နောက်ပိုင်း နေ့စဉ်ဝင်ငွေ ကော်မရှင်များနှင့် သတင်းစာစောင်ရေ အများအပြား ခိုးထုတ်ရန် မလွယ် ကူဘဲ ကြပ်တည်းလာသောအခါ အလုပ်ရုံးခန်းမှ လူများအား ကြော်ငြာခ ၀င်ငွေများကို ဗလောင်း ဗလဲလုပ်၍ ကဲ့ထုတ်ခိုင်း ပြန်ပါသည်။ လုပ်ပေးသူများကလဲ စေတနာထက်ထက် လက်သွက်သွက် နှင့် လုပ်ပေးကြ ရသည်။ လုပ်ပေးခတွေက ရနေကျ ဖြစ်သောကြောင့်လည်း ကိုယ့်အိတ်ထည်း ၀င်လာမည့် လာဘ်၊ သပ္ပကာ ကို အကြောင်းပြုလျက် လက်သွက်သွက် လုပ်ပေးကြခြင်း ဖြစ်ပါ သည်။ နိဗ္ဗာန်၊ မဂ်ဖိုလ်လို၍ မေတ္တာ ရိသက်သက် အကျိုးဆောင် ပေးခြင်းတော့ မဟုတ်ပါ။

နောက်တနည်း တလမ်းမှာလည်း သူတို့ပါတီဝင် သြဇာငြောင်းသော နယ်ကိုယ်စားသည် အချို့ထံသို့ သတင်းစာ ဘိုးငွေများကို မှန်မှန်မပို့စေဘဲ အကြွေးစုထားစေသည်။ ကိုယ်စားလည်စာရင်းမှာလည်း အကြွေး တွေသာ ပြထားသည်။ သူတို့သွားရင်းဟန်လွဲ ရောက်သည့်အခါ ယူလာခဲ့သည်။ သို့ရာတွင် ထိုနည်း မှာ စံနစ်တကျ လုပ်ကိုင်ဆက်သွယ်နေသော နယ်ကိုယ်စားလည်တို့အပေါ်တွင် လူလယ် မလုပ်နိုင် ဘဲ သူတို့အိတ်ထဲ ထည့်ထားနိုင်သော ကိုယ်စားလည်အချို့ကိုသာ ချယ်လှယ်နိုင်ပါသည်။

မန္တလေးမြိုကုမှ ကိုယ်စားလည်ဟောင်းအပေါ်တွင်လည်း လွန်ခဲ့သော ၁၉၅၈ခုနှစ်ဆီက သတင်းစာ ဘိုးကြွေးငွေ နှစ်သောင်းကျော် သုံးသောင်းနီးပါး စုထားလေသည်။ သို့ရာတွင် တိုက်ရှင်အဖြစ် တည်ရှိနေဆဲ ကာမသူရဲ နှင့် ပုလဲနံပသင့်လျက် အရှုပ်အယှက်တွေ အပေးအယူတွေနှင့် တယောက်တပြန် ချယ်လှယ်ခဲ့ပြီး၊ တယောက် လည် တယောက်လှီးထားကြသော ထင်ထင်  ပေါ်ပေါ်မဖေါ်ဝံ့။ အရေးမယူဝံ့ စာရင်း စာအုပ် ကြီး ထဲမှာ အကြွေးငွေဂဏန်းတွေက အိပ်မောကျနေခဲ့ ရပါသည်။ အကြွေးမတင်မှီ အချိန်ကာလ အတော်ကြာဆီကလည်း မန္တလေးမြို့အတွက် သတင်းစာ ကိုယ်စားလည်ထံမှ ရောက်လာသော ရှင်းတမ်း ၀င်ငွေမှ ဗမာ့ခေတ် သတင်းစာအလုပ်တိုက်၏ ၀င်ငွေစာရင်း စာအုပ်ထဲသို့ ထည့်သွင်းခြင်းမပြု၊ မှောင်ချ ထားခိုင်း သည်ဟု ယာယီမန်နေဂျာက ပြောပြန်ပါသည်။

ကျမက လစဉ် ၀င်ငွေထွက်ငွေ စာရင်းပိတ်ပြီးတိုင်း ယူကြည့်သောအခါ မန္တလေး အတွက် ၀င်ငွေ စာရင်း မပြကြောင်း သိရပါသည်။ ကျမအတွက် သီးသန့်ရေးပြသော စာရင်းဖြစ်ချင် လည်း ဖြစ်နေမည်။ စာရင်းချုပ်နှင့် ယာယီမန်နေဂျာမှာ အလိုတော်ရိ အသုံးတော်ခံ လူလယ်ကြီး တယောက်ဖြစ်ရာ စာရင်း အမျိုးမျိုး ပြရန် ကျင်လည်လှပါသည်။ ဤလိုလုပ်ဝံ့အောင်လည်း "အဖွားကြီး ဘာသိတာလိုက်လို့" ဆိုသော ဂါထာနှင့် ရဲဆေးတင် ပေးထားသော သူ၏ အရှင်သခင် အားကိုးကြောင့်လည်း ဖြစ်ပါသည်။

ကာမဂုဏ်ကြွေးကြီးလေးခဲ့လို့ အမြတ်တော်ကြွေး ၈သိန်းနဲ့ ဘာသာပြန်စာပေအသင်းမှ ပြည်ထောင်စု နီတိစာအုပ် ဘိုးကြွေး ၃သောင်းဘိုး တရားစွဲခံခဲ့ရခြင်း
ယင်းသို့လျှင် ကွေ့ကွေ့ကောက်ကောက် စဉ်းလဲညစ်ပတ်စွာ တဘက်သပ်ပင်း၍ အဘက်ဘက်မှ ကလိန်ကျပေး နေရသော အလုပ်ရုံခန်းက လူတစုနှင့် ကျမမှာ အလုပ်ကိစ္စ မှန်သမျှ၌ ရင်ဆိုင် စခန်းသွား နေရပါသည်။ အမျိုးမျိုးအဘက်ဘက်မှ ကဲ့ဝှက်ထုတ်ယူသုံးဖြုန်းနေရသော်လည်း စားဖါး ပရိသတ်နှင့် အဆွယ်မြှောင်တွေက အဆမတန်များပြားလှသဖြင့် ရသမျှငွေနှင့် မလောက်မငှနိုင် အောင် ရှိခဲ့သည်။ သည်တော့ ငွေသာအမြဲလိုနေသည်။ ယုတ်စွအဆုံး အရေးပေါ် အမြှောင်မ တယောက်ကို အိမ်ဆောက် ပေးရန် ငွေလိုလာသောအခါ ကျမအမည်နှင့် အသက်အာမခံထားသော ငွေများကိုပင် တိတ်တိတ်ခိုး ပြန်လည် ချေးယူကာ တဏှာ၏ အခွန်တော်ဆက်သလိုက်ပါသည်။

ဤကိစ္စကို ကျမသတင်းစာတိုက် အုပ်ချုပ်သော အခါတိုင်မှ သိရှိရပါသည်။ သိရသောအကြောင်း ကလည်း အခြားမဟုတ်ပါ။ ဗမာ့ခေတ်သတင်းစာတိုက်နှင့် ဆက်သွယ်ထားသော ဘဏ်တိုက်များ၌ ငွေလက်ကျန် များများ မထားခဲ့ဘဲ နာမည်မလွှဲမှီတပတ်အတွင်း ဘဏ်စာရင်းရှိ ငွေများကို အားလုံး ထုတ်၍ ဘုံးထား လိုက်ပြီး သားဖြစ်ရာ နောက်ပိုင်းကျမ ဦးစီးသောအချိန်မှာ အလုပ်တိုက်က နေ့စဉ် ၀င်ငွေ ထွက်ငွေမှာ သူ့ဟာနှင့် သူလည်နေရုံသာ ရှိပါသည်။ အပိုအသုံးပြုရန် ငွေလုံးကြေးလုံးမရှိ တော့ပါ။

ထိုအခိုက်မှာ သတင်းစာတိုက်အတွက် အခြား တိုက်ကြီးများနည်းတူ တနှစ်စာ စက္ကူ လိုင်စင် ၅သိန်းဘိုး ကျလာ ပါသည်။ ထုံးစံအတိုင်း လိုင်စင်ခွန် ဆောင်ရပါမည်။ ၅သိန်းဘိုး၏ အချိုးကျ ပေးဆောင်ရမည့် လိုင်စင်ခွန်မှာ နှစ်သောင်း ၅ထောင်ကျပါသည်။ ဘဏ်စာရင်းမှာလည်း ၎င်းအတွက် ငွေလုံလောက်အောင်မရှိ၊ မပိုမလျှံပါ။ သို့ကြောင့် ယာယီမန်နေဂျာနှင့် ငွေရေး၊ ကြေရေး ဆွေးနွေးသောအခါ အသက် အာမခံ ငွေကိစ္စများ ပေါ်လာရခြင်း ဖြစ်ပါသည်။

လွန်ခဲ့သော ၇နှစ်ကျော်ခန့်ကစ၍ ကျမအမည်နှင့် အကျိုးခံစားခွင့် (လင်သေမယားစား) အသက်အာမခံငွေ တသိန်း နှင့် ထားခဲ့ဘူးသည်။ ၎င်းအာမခံငွေများ ပေးသွင်းခဲ့သည်မှာ အတော် များပြီဖြစ်၍ လိုင်စင်ခွန် ဆောင်စရာ ရုတ်တရက် ငွေမလွယ်လျှင် ခေတ္တချေးကရမည်ထင်ကြောင်း ပြောမိသည်။ ယာယီမန်နေဂျာ လူယုံတော် သည် အသက်အာမခံကုမ္ပဏီသို့ သွားရောက် စုံစမ်း သည်တွင် ၁၉၅၇ခုနှစ်နှင့် ၅၉ခုနှစ်က ငွေနှစ်သောင်း ကျော် တိတ်တဆိတ် ထုတ်ယူချေးငှါးထားပြီး ဖြစ်၍ ငွေထပ် မချေးနိုင်ဟု ဆိုသည်။ ၎င်းငွေ များနှင့် နောက်တိုးလာသော မယားမြှောင်တဦးကို အိမ်ဆောက်ပေးရာတွင် သုံးသည်ဟု ပြောပြပါသည်။ သည်တော့ မှဘဲ ကျမအပေါ်မှာ ဤမျှ လောက် ကောက်ကျစ်ယုတ်မာမှု ပြုနိုင်ခဲ့လေသည်ကို အံ့အား သင့်စွာ သိရှိရပါသည်။

ထိုအသက် အာမခံကုမ္ပဏီ၏အမည်မှာ ချိုင်းနားအန်ဒါရိုက်တာကုမ္ပဏီဖြစ်၍ အသက်အာမခံ ပေါ်လစီ အမှတ်မှာ ၄၀၆၉၂ ဖြစ်ပြီး၊ အကျိုးခံစားခွင့်ရှိသူ၏ အမည်မှာ ကျမ၏အမည် ဖြစ်ပါသည်။ ဤရွေ့ ဤမျှ ကလိန်ကျပြီး အရင်းနှီးကြီးလေးစွာနှင့် ကာမစည်းစိမ်ခံရသည်မှာ ကြွေးတင် ကျွန်ဖြစ် သည်အထိ အရင်း ၀င်လှပါသည်။

တကြိမ်မှာလည်း မန္တလေးမှ နာမည်ကြီးပိုင်းလုံး အမျိုးသမီး တယောက်အား လူနှင့်ရင်းနှီး၍ အခွင့် အရေး အမျိုးမျိုး ရှာစားသောကြေးရေတတ် မိန်းမမှန်သိပါ လျက် တကြိမ်တခါ ကာမဓာတ်စားကျွေးလိုက်ရုံနှင့် ငွေသုံးသောင်းကို ကိစ္စတခုအတွက် လျှိုဝှက်၍ ထောက်ပံ့လိုက်ရကြောင်း။ ထိုအမျိုးသမီး ရန်ကုန် လာသောအခါများမှာလည်း သူ့အရေးကိစ္စ ဆောင်ရွက်ပေးနိုင်သော ကြီးကြီးမာစတာ ထန်းပင်ပေါ်က ဆရာကြီး တယောက်နှင့် ရပ်စပြူတင် ရုပ်ရှင်ပြာဆရာတို့ နှစ်ယောက်စပ်၍ ကာမစားပွဲထိုင်ကြဘူးသော အကြောင်း များကို ထိုအမျိုးသမီး ကိုယ်တိုင် ရေးပေးလိုက်သော သူတို့ အတွင်းရေးလျှို့ဝှက် စာအဟောင်း တစောင် သည် စာအုပ်ပုံ ကြားထဲမှ ကျမလက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့ရပါသည်။

အတော် အံ့သြ ချီးကျူးလောက် စရာ ကောင်းသော သူ့လက်ရာတမျိုးပါပေ။ နိုင်လွန်တ၀က်စာ၊ ခေါက်ဆွဲ တထုပ်၊ ရုပ်ရှင်တခါပြနှင့် ကိစ္စပြီးနိုင်သော ကြေးတန်းစားအပျက်များကိုလည်း တခါတည်းနှင့် ငါးထောင် တသောင်းပေးကာ ခါးပြဿနာဖြေခဲ့ရသော စားရိတ်စကတွေက ကြီးလေးလှစွာ ကြုံးရုန်း ခံလာ ခဲ့ရကြောင်း ထိုအချိန် တိုင်မှ စုပေါင်းကာ ကြားသိရပါတော့သည်။ ဤဒဏ်တွေကို ဗမာ့ခေတ် သတင်းစာ တိုက်ကြီး နှင့် တကွ ကျမက ပါဝင်၍ တန်ဆာခံနေရသည်မှာ အမြတ်တော်ကြေး ၈သိန်းကျော်အပြင် နောက်ဆုံး ၀င်၍ အဆစ်ထည့်လိုက်ခြင်းခံရသော ဘာသာပြန်စာပေဗမာန်မှ ပြည်ထောင်စုနီတိ စာအုပ်ဘိုး ကြွေး သုံးသောင်းကို တရားစွဲ၍ အတောင်းခံရသောအခြေထိ ဖြစ်ခဲ့ရပါ၏။

အမှန်မှာ ထိုပြည်ထောင်စုနီတိစာအုပ်များ ရောင်းရသော ငွေဆို၍ ဗမာ့ခေတ်အလုပ်တိုက်စာရင်းတွင် တပြား မှ မသွင်းဘဲ အလုပ်မှ ထုတ်ပစ်လိုက်သော မန်နေဂျာဟောင်းနှင့် သမီးယောက်ဖတို့ နှစ်ဦးသား ခေါင်းချင်း ဆိုင်ပြီး သီးသန့်စာရင်းကိုင်၍ အ၀တုတ်သွားကြခြင်းသာ ဖြစ်ပါသည်။ သို့ကြောင့် နောက်ဆုံး ပုဇွန် ဆိပ်ခေါင်းမှာ လာစုရုံမက လောလောဆယ်အားဖြင့် ဗမာ့ခေတ်သတင်းစာအတွက် စက္ကူလိုင်စင် ခွန်ဆောင် စရာ ငွေနှစ်သောင်းငါးထောင်ကိုပင် ကျမကအပြင်မှ ရှာဖွေ၍ ခေတ္တ စိုက်ဆောင်ထား လိုက်ရပါ တော့သည်။

ဗမာ့ခေတ်ဖျက်ရန် ရောက်လာသူ
.

1 comment:

Anonymous said...

ဖတ်လို့ကောင်းတယ်ဗျ။

ဇာတ်လမ်းအစမှာထဲက ဝန်ထောက်မြေးဖြစ်ကြောင်း ဂုဏ်လုပ်လွန်းတာကို မကြိုက်ဘူး။ ကျွန်တော်က တောသားလယ်သမားမြေးပါ။ ဒါမယ့် ဘုရင့်မြေးမြစ်တွေ ဒီခေတ်တွေ့တောင် ဘုရားထူးမိမှာမဟုတ်ဘူး။ ကျေးတော်မျိုး ကျွန်တော်မျိုးလို့တော့ လာမလုပ်နဲ့။ သူလဲလူ ကိုယ်လဲလူပဲ။

လူ့စိတ်များ တော်တော် ထူးဆန်းတာပဲ။ ဖတ်ရင်း အမြင်ကပ်နေတာတောင် တင်တိုင်း လာလာဖတ်မိနေတယ် မရွှေစင်ရေ။ တင်ပေးတာလဲ ကျေးဇူးတင်ပါရဲ့ဗျာ။

ဆရာမကြီး မြေပဒေသာ ဘာသာပြန်ပေးတာတော့ အရမ်းမွန်မြတ်တဲ့ လုပ်ဆောင်ချက်ပါ။ နှစ်ပေါင်း ၆၀ ဖတ်လို့ အူထဲက ယားလိုက်၊ မြေပဒေသာဖတ်ပြီး ကျေးဇူးတင်လိုက် လုပ်နေရမှာပဲ။