"အိမ်မှာ ခွေးရိုင်းတွေနဲ့ ပြည့်နေရင် တနေရာရာမှာ စိတ်ချမ်းသာမှုကို ရှာရတော့မှာဘဲ" ဟု အိမ်တွင် နေရသည် ကို ရွံမုန်းစက်ဆုတ်လာတိုင်း ကြာပဒုံကို မူလကထက် စွဲလမ်းသတိရမိလေ တော့၏။
ဝမ်လန်း၏ သူငယ်ချင်း "ချင်း" သည်၎င်း၊ ၀မ်လန်း၏သခင်ကြီးသည်၎င်း၊ အိုလင်သည်၎င်း၊ ၀မ်လန်း တဖြစ်လဲနေသည့်အစကို မစဉ်းစားမရိပ်မိအောင် ရှိသော်လည်း ၀မ်လန်းဦးလေး၏ မိမ္မ ကား အကင်းပါး သူတယောက်ဖြစ်သည့်အတိုင်း ချက်ဆိုနားခွက်က မီးတောက်၍သွားလေ၏။
"ဟား ဟား ၀မ်လန်းက တနေရာမှာ ပန်းခူးထွက်နေတာကိုးဟု ပြောသည်ကို အိုလင်မှာ နားမလည် ရှာပေ၊ ရင်ကလေး တဖိုဖိုနှင့် ပြန်၍ကြည့်နေရှာလေ၏၊ ထိုအခါ ၀မ်လန်းဦးလေးမိန်းမက ဆက်လက်၍။
"ရှင်းရှင်း ပြောရရင် နင့်ယောက်ျားဟာ ဒိပြင် မိန်းမတယောက်အရူးအမူးဖြစ်နေပြီဟဲ့ သိရဲ့လား"ဟု အိုလင် နားလည်အောင် ပြောပြလိုက်လေ၏၊ ဤသို့ပြောနေသည်ကို ၀မ်လန်းသည် သူ့အိပ်ရာထဲမှ ကြားလိုက် ရလေ၏၊ ထိုအချိန်မှာ တခုသောနံနက်လင်းစဖြစ်လေ၏၊ အိုလင်နှင့် ၀မ်လန်းဦးလေး မိန်းမကား ၀မ်လန်း အိပ်သော အခန်းအပြင်ဘက် ပြူတင်းပေါက်နား၌ စကားပြော၍ နေကြလေရာ ၀မ်လန်းမှာ အိပ်ယာမှ လန့်နိုးလျက် ပြောသမျှစကားများကို ကြားလိုက်ရလေ၏၊
သို့ဖြစ်လေရာ နောက်ထပ်ဘာကြားရဦးမလဲဟု ဆက်လက် နားစွင့်၍နေလေ၏၊ ၀မ်လန်းဦးလေး၏ မိန်းမက ဆက်၍။
"ငါယောက်ျားတွေ တွေ့ခဲ့ရတာများပီ ဆံပင်ကို ကျကျနန ဖီးအ၀တ်အစားသစ်တွေဝတ် ကတ္တီပါ ဘိနပ်တွေ ၀ယ်စီးနဲ့ ဖြစ်လာရင် ဒီလူဟာ မညံ့တော့ဘူ မိန်းမအသစ်တယောက် တွေ့နေပီသာမှတ်" ဟု ပြောနေ လေ၏၊
ထိုခဏ၌ အိုလင်၏ အက်ကွဲသောအသံတခုကို ကြားလိုက်ရလေ၏၊ ဘာပြောလိုက်သည်ကိုမူ ၀မ်လန်း မကြား လိုက်ရပေ၊ သို့သော် တယောက်က ပြန်၍။
"ယောက်ျား တွေဟာ မိန်းမတယောက်ရရင် ပီးပီလို့လဲမထင်နဲ့လေ ဒီမိန်းမဟာ လုပ်ရကိုင်ရ ပင်ပန်း လွန်းလို့ အသားရေကျပီး မီးယပ်ပိန် မီးယပ်ချောက် ဖြစ်သွားပြီဆိုရင် ယောက်ျားအဘို့ စိတ်ကုန်စရာ ဖြစ်သွား တာဘဲဟဲ့ ဒီတော့ကာအပြင်မှာ အသစ်ကိုရှာကြတာပေါ့ နင်ဆိုရင်လဲ ယောက်ျားစိတ်နဲ့ တွေ့စရာ ရုပ်မှ မရှိတော့ဘဲ ခိုင်းထားတဲ့အိမ်ကနွားထက် နဲနဲလောက်သာ သာတွေ့တာကိုးဟဲ့၊ ဒီတော့ သူ့မှာ ပိုက်ဆံရှိလို့ အပြင်မှာ အသစ်ရှာပီး အိမ်ခေါ်ထားမယ်ဆိုရင် ဒီလိုချည်းလို့သာမှတ် ငါ့ယောက်ျားတောင် လက်ထဲ ပိုက်ဆံ မရှိလို့ ပိုက်ဆံသာရှိရင် သူလဲဘာ နေမလဲ။
ထိုသို့ ဆက်လက်ပြောဆိုနေသော စကားများကို ၀မ်လန်းမှာစိတ်မ၀င်စားတော့ပေ စိတ်ကြိုက် စကားလုံးကို တွေ့သွား သဖြင့် ထိုအကြောင်းကိုသာ ထပ်တလဲလဲ တွေးတောစဉ်းစား၍နေလေ၏၊ သောက်မပြေနိုင်သော ဆားငံရေ ကို မည်သို့ဝအောင်သောက်သုံးရမည် ဆိုသည့်နည်းကိုရှာဖွေ တွေ့ရှိသွားလေ၏၊ ကြာပဒုံ ကို ၀ယ်ယူပြီး အိမ်သို့ခေါ်ထားလျှင် သောက်သုံး၍ ၀လင်သောအချစ်ကို ရရှိမည်ဟု နားလည်လာလေ၏၊ ယခုမူ ကြာပဒုံကို မိမိတဦးတည်းမပိုင် သူ့တွင် ပိုင်သူတွေရှိသေး၏၊ မိမိကဲသို့ မပိုင်ဝက်မွေး လုပ်နေသူ တွေ ရှိသေး၏၊ မိမိသာ တကိုယ်လုံးဝယ်ယူခဲ့ပြီး အိမ်ခေါ်၍ထား မည်ဆိုလျှင် ဤမျှလောက်လည်း စိတ်ဆင်းရဲ ရတော့ မည်မဟုတ် ဤမျှလောက်လည်း အာသာမပြေ တထွေထွေဖြစ်နေရတော့မည်မဟုတ်ပေ။
ဤအကြံဖြင့် အိပ်ရာမထခဲ့ကာ ဦးလေး၏မယားအား တိတ်တဆိတ် လက်ရပ်ပြ၍ ခေါ်လိုက် လေ၏၊် စွံပလွံ ပင်အောက်မည်သူမျှ မကြာနိုင်သောနေရာသို့ ရောက်သွားသောအခါ။
"ခင်ဗျား ပြောနေတာတွေ ကျုပ်အကုန်ကြားတယ် ခင်ဗျားပြောတာတွေဟာ အမှန်ချည့်ဘဲ ကျုပ်မှာ လယ်တွေ အများကြီးရှိတယ် ကျုပ်မှာကျွေးထားနိုင်တဲ့ အင်အားရှိတယ်၊ ကျုပ်ဘာပြုလို့ အိမ်ခေါ် မထား ရမှာလဲ" ဟု ပြောလိုက်လေ၏။
ထိုအခါ ဦးလေး၏မယားက စိတ်အားထက်သန်လှစွာဖြင့်။"ဟုတ်သားဘဲ ဘာပြုလို့ အိမ်ခေါ်မထား ရမှာလဲ ပိုက်ဆံ ချမ်းသာတဲ့ လူမှန်သမျှ ဒီလိုလုပ်ကြတာဘဲ ဆင်းရဲတဲ့လူတွေသာ ဒါဆိုဒါနဲ့ ဘဲ ပီးနေရတာ"ဟု သွက်သွက် လက်လက် ပြန်ပြောလေ၏။
"ဒါပေမဲ့-နေပါအုံး ဘယ်သူက သွားအကျိုးဆောင်ပေးမှာလဲ ဒါမျိုးဆိုတာ ကြားလူတော့ရှိမှာမဟုတ် လား" "အို ငါ့သာ လွဲလိုက်ပါကွယ် ဘယ်မိန်းမ ဆိုတာ သာပြော ငါစီမံပေးမယ်" ထိုအခါ ၀မ်လန်းမှာ နာမည်ကို မပြောချင် ပြောချင် ရှက်ရှက်နှင့် ပြောလိုက်ရလေ၏။
"ကြာပဒုံ တဲ့""
"ဘယ်ကလဲ"
"မြို့က ဟော်တယ်ကဘဲ"
"ဘယ်ဟော်တယ် လဲ ပန်းမာလာဟော်တယ်ကလား"
"ဘယ်ဒင်း ရှိသေးလို့လဲ"
ထိုအခါ ဦးလေး၏မိန်းမသည် သဘောကျသွားသကဲ့သို့ အောက်နှုတ်ခမ်လေးကိုလက်ညှိုး နှင့်တို့ပြီး။ အဲဒီက ဟာတွေတော့ တယောက်မှ မသိဘူး၊ ဒါပေမဲ့ သွားရှာမယ်လေ ထိမ်းတဲ့မိန်းက လေးက ဘယ်သူ တဲ့လဲ"
ဝမ်လန်းက ဟွံ့အိမ်တွင် နေခဲ့ဘူးသော ဥသြမယ်ဆိုသူဖြစ်ကြောင်စပြောပြလျှင် ဦးလေး၏မိန်းမ ရယ်ပြီး။ "အို-ဒါလား သူဌေးကြီး သေသွားတဲ့နောက် သူဒီအလုပ်ကို လုပ်နေသလား၊ အင်းလေ-ဒီလုပ်မျိုးဘဲ လုပ်မှာပေါ့" ဟုပြောလေ၏၊ ထိုနောက် ဟဲ-ဟဲ-ဟဲ နှင့် ရယ်ပြန်ပြီး။ "ဒီကောင်မလား မထူးဆန်းလှပါဘူး၊ ပိုက်ဆံ ရတဲ့အလုပ်ဆိုရင် လုပ်မဲ့ကောင်မ ဘဲ မခက်ပါဘူး"
ထိုအခါ ၀မ်လန်းက။
"အကုန်ခံ မယ်ဗျာ ငွေဖြစ်ဖြစ် ရွှေဖြစ်ဖြစ် လယ်ပါ ကုန်ပါစေ" ဟုပြောလေ၏၊ ထိုနေ့မှစ၍ ၀မ်လန်းသည် ကြာပဒုံထံ မသွားတော့ပေ၊ ကိစ္စပီးအောင် စောင့်၍နေလေ၏၊ အကြံ မအောင်မြင် မည်စိုးသဖြင့်လည်း မဖြစ်ဘူး ဥသြမယ်ကို ခင်ဗျားပြောမပြဘူးလား၊ ကျုပ်မှာငွေမရှားဘူးလို့ ပီးတော့ ကျုပ်အိမ်မှာနေရရင် ဘာအလုပ် မှ မလုပ်ရဘူး၊ ကောင်းကောင်ဝတ်ရမယ်၊ ကောင်း ကောင်းစားရမယ်လို့လဲ ပြောခဲ့စမ်းပါ" ဟု တံပြာတို့ ၍ နေလေ၏ ထိုအခါ ဦးလေး၏ မယားမှာ စိတ်မရှည်နိုင်တော့ဘဲ။
အေးပါဟယ်-အေးပါဟယ် ငါ ဒါလောက်တောင် မိုက်ပါ့မလား အောင်သွယ် အလုပ် အခုမှ လုပ်ဘူး တဲ့ကောင်မမှ မဟုတ်ဘဲ စိတ်သာချနေစမ်းပါ ငါ့ကိုလွဲထား ငါလုပ်ပေးမယ် ငါအားလုံးလုပ်ပီးပီ" ဟု ပြောမှ နောက်ထပ် မလာတော့ဘဲ လက်သည်းကိုကိုက်ရင်း စဉ်းစားသလို ငြိမ်သက်၍သွားပြန်လေ၏။
ထိုနောက် ရုတ်တရက် စဉ်းစားမိပြန်သကဲ့သို့ ကြာပဒုံရောက်လာလျှင် အိမ်ကို သန့်သန့်ရှင်းရှင်း ဖြစ်စေခြင်း ငှာ အိုလင်အား ခေါ်၍ အမျိုးမျိုးခိုင်းပြန်လေသည်၊ တန်မြက်စီးလည်းအလှဲခိုင်း၏၊ စားပွဲတွေလည်း အရွေ့ခိုင်း၏၊ ကုလားထိုင် တွေလည်းနေရာအပြောင်းခိုင်းလေသည်၊ အိုလင်မှာ ၀မ်လန်းက ထုတ်ဖော်၍ ပြောမပြ သော်လည်း အိမ်ကို ဘာရောက်လာတော့မည်ကို သိထားနှင့်ပြီး ဖြစ်ရကား ကြောက်သထက် ကြောက်၍သာ လာတော့၏။
ဝမ်လန်း မှာကား အိုလင်နှင့်အတူပင် မအိပ်ချင်တော့ပေ အိမ်လည်းငယ်လှသည်ဆိုကာ နောက်ထပ် အခန်းများ ချဲ့ပြန်၏၊ အလုပ်သမားများ ကိုခေါ်၍ အခမ်းကြီးတခု အခန်းငယ်တခု ၂ -ခု ထပ်၍ ဆောက်ခိုင်း၏၊ သို့မှသာ ကြာပဒုံနှင့် လွတ်လွတ် လပ်လပ် ပျော်မွေ့နိုင်ပေမည်၊ အခန်းများ ဆောက်ပြီး သောအခါ ကြမ်းပြင်ကို သမံတလင်း ခင်း၏၊ တံခါးများ ၌ အခန်းစီးအနီးကြီးများ ၀ယ်၍တပ်၏၊ စားပွဲတလုံး နှင့် ကုလားထိုင် ၂ လုံးအပြင်နံရံတွင် အလှဆွဲချိတ်ရန် ပန်းလိပ် ကားကြီးများလည်း ၀ယ်ယူပြန်လေသည်။
ထို့ပြင် အဖုံးနှင့် ပန်းပုဂံကြီးတချပ် ၀ယ်ယူပြန်လျက် မုံ့များဝယ်ထည့်ပြီး စာပွဲပေါ်၌တင်ထား၏၊ နောက်ဆုံး ၌ အရေးကြီးသော အိပ်ရန် ကုတင် နှင့် ကန့်လန့်ကာကြီး တခုလည်း ၀ယ်ယူလေသည်၊ အိပ်ရာခန်းနားကို အိုလင်အား ပြင်ဆင်ခင်းကျင်း၍ ပေးစေလေသည်။
ထိုအချိန်ထိ ကြောင်းလမ်းရသော ကိစ္စမှာမပြီး ပြတ်သေးရကား ၀မ်လန်းသည် နောက်ထပ် ဆောက်လုပ် နေသော ခန်းမဆောင်တွင် ရေကန်ကလေး တခု တူးရန် အကြံရပြန်၏၊ ထို့ကြောင့် လုပ်သား တယောက်ကို ခေါ်၍ ၃-ပေပတ်လည် ရေကန်ကလေးတခုတူးစေပြီး ၎င်းမှာ မြို့ကိုတက်၍ ရွှေငါးကလေးငါးကောင် ၀ယ်ယူခဲ့ပြီး ရေထဲတွင်လွတ်ထားလေသည်။
ထိုနောက် ကား ၀မ်လန်းသည် ကြာပဒုံအိမ်သို့ရောက်လာမည့် အချိန်ကိုသာ တစောင့်စောင့်နှင့် စောင့်မျှော် ၍ နေလေ၏ ဤသို့စောင့်နေရသမျှ ကာလပတ်လုံးလည်း မည်သူ့အားမျှ စကားမပြောပေ ခလေး များကိုမူ ညစ်ညစ်ပတ်ပတ် မြင်ရလျှင် မာန်မဲတတ်၏၊
အိုလင် ကိုလည်း တခါတခါအပြစ်မရှိ အပြစ်ရှာ၍ "မင်းဘာပြုလို့ ဆံပင်မဖီးတာလဲ" ဟု ငေါင်ငန်း ကြိမ်းမောင်း တစောင်းမဲမဲ လုပ်တတ်လေရာ တနေ့တွင်အိုလင်မှာ ချုပ်တီးမျိုးသိပ်ခြင်းငှာ မတတ်နိုင် တော့မူ၍၊ ဟစ်အော် ငိုကျွေးမိလေ၏၊ ဘယ်တုံးအခါကမျှ ငိုယိုခဲ့သည်ကို မမြင်ဘူးခဲ့ မိမိတို့စန်းကျ ဂြိုဟ် ဖြစ်၍ အားလုံးငတ်ပြတ်နေစဉ် တုံးကပင် အိုလင်ငိုယိုခဲ့သည်ကိုမမြင်ခဲ့ဘူးသော ၀မ်လန်းမှာ ယခုအိုလင် ရှိုက်ကြီး တငင် ငိုကျွေးနေသည်ကို မြင်ရလျှင်။
"ဘာဖြစ်တာလဲ မြင်းမြီးလိုဖြစ်နေတဲ့ မင့်ဆံပင်တွေ ဘာလို့မဖီးသလဲလို့မှ ငါမပြော ရတော့ဘူလား" ဟု မေးလေ၏၊ သို့သော် အိုလင်မှာ "တော့ကို ကျုပ်သားတွေ မွေးပေးခဲ့ပီမဟုတ်လား၊ သားတွေ မွေးပေးခဲ့ပီ မဟုတ်လား" ဟုသာ ပြောနိုင်လျက် မျက်ရည် မဆယ်နိုင်အောင် ဖြစ်နေလေ၏။
ထိုအခါ ၀မ်လန်းမှာ ငြိမ်၍သွားလေ၏၊ တရားသဘော အရဆိုလျှင် ၎င်းမှာ ဇနီးသယ်အပေါ်၌ ဘာအပြစ်မှ ပြောစရာ မရှိ ဇနီးဖြစ်သူမှာ သားကောင်းသုံးယောက်ကို မွေးပေးခဲ့ပြီဖြစ်၏ သားများမှာ လည်း အသက် ထင်ရှား ပင်ရှိကြ၏၊ သို့ဖြစ်လေရာ စကားပြောကြမည်ဆိုလျှင် မိမိဘက်မှ ဘာအကြောင်းမျှပြရန်မရှိ စိတ်ဆန္ဒ မပြည့်ဝသော အကြောင်း တခုသာရှိလေသည်။
တနေ့သ၌ ကိစ္စအားလုံး ပြီးစီးသွားလေ၏၊ ဦးလေး၏ မိန်းမက။ "ကိစ္စတော့ ပြီးစီးခဲ့ပီ မောင်ရေ့ သူ့ထိမ်းတဲ့ မိန်းမက ငွေစတရာ ရရင်ထည့်လိုက်မတဲ့ ကြာပဒုံကလဲ ကျောက်စိမ်းနားဆွဲ က တရံ ကျောက်စိမ်း လက်စွပ် က တကွင်း ရွှေလက်စွပ် က တကွင်း အ၀တ်အစားကလဲ ပဲ ဖဲကနှစ်စုံ ပိုးကနှစ်စုံ ဘိနပ်က တဒါဇင် ပိုးစောင် က နှစ်ထည် ရရင်လိုက်မတဲ့" ဟု ပြောလာလေ၏။
"လုပ်သာလုပ် လုပ်သာလုပ်" ဟု ပြောပြီး ၀မ်လန်းသည် အိမ်ခန်းထဲသို့ ပြေးဝင်သွားပြီး ငွေတွေ ယူ၍ ဦးလေးမိန်းမ ၏ လက်ထဲသို့ထည့်လိုက်လေ၏၊ "ခင်ဗျားအတွက်က တဆယ်ယူ" ဟုပြောလိုက်၏၊ သူ့ဦးလေး မိန်းမက "အို.... မဟုတ်တာ တအိမ်သားချင်းဟာဘဲကွယ် ငါဟာ မင့်အမေ မင်းဟာ ငါ့သား ဒါ့ကြောင့် ငါဆောင်ရွက် ပေးတာ ငွေလိုချင်လို့ မဟုတ်ဘူး" ဟု ပါးစပ်က သာပြောသော်လည်း လက်ကမူ ဖြန့်ခံ နေသဖြင့် ၀မ်လန်းသည် ထိုလက်ထဲသို့ ငွေထည့် ပေးလိုက်လေ၏။
ထိုနောက် ၀က်သား အမဲသား ငါး မျှစ် ငှက်သိုက် စသည်တို့ကို ၀မ်လန်းသည် ၀ယ်ယူလျက် ကြာပဒုံ အလာကို စောင့်မျှော် နေလေသတည်း၏။
သို့ဖြစ် တနေ့တွင် ကြာပဒုံသည် နောက်ပါ ချွေရံသင်းပင်းတကွ ၀မ်လန်းအိမ်သို့ ပြောင်းရွှေ့၍ လာလေ၏၊ လာနေသည်ကို ၀မ်လန်းသည် အဝေးကြီးကပင် မြင်ရလေ၏၊ ကြာပဒုံသည် လူထမ်းသော ဝေါကုလားထိုင် ကိုစီး၍ လာလေ၏၊ ထိုဝေါမှာ ကွေ့ကာကောက်ကာနှင့် လယ်ကန်သင်းများအပေါ်၌ တဖြည်းဖြည်း လာနေသည်ကို မြင်ရလေ၏၊ ထိုဝေါနောက်မှ ဥသြမယ်သည် ခြေလျှင်လျှောက်၍ လိုက်လာ လျက် ရှိလေသည်၊ ထိုခဏ၌ ၀မ်လန်းမှာ ကြောက်ရွံ၍ လာ၏၊
ငါ့အိမ်ကို ငါဘာတွေများခေါ်မိပါလိမ့်" ဟုပြောရင်း စိတ်ချေက်ချားလျက် အိုလင် နှင့် နှစ်ပေါင်းများစွာ အိပ်ခဲ့သော အခန်းထဲသို့ ၀င်ပြေး လာခဲ့မိလေသည်၊ ထိုနောက် တံခါးကို အလုံပိတ်လိုက်ပြီး မှောင်ထဲ၌ စိတ်နောက် ကျိစွာဖြင့် အသံကိုနားထောင်၍ နေလေ၏၊ လာနေသူများ အိမ်ဝ သို့ ရောက်လာသဖြင့် ဦးလေး၏မိန်းမက အော်ခေါ်နေမှ အခန်းထဲမှ ထွက်ခဲ့လေ၏၊ သို့ထွက်ခဲ့ရာတွင် ကြာပဒုံအား တခါမှမတွေ့ဘူးသလို ခေါင်းကြီး အောင်ချ၍ ဖြည်းညှင်းစွာထွက်လာလေ၏၊ သို့သော် ဥသြမယ်က ၀မ်းမြောက် ၀မ်း သာ ဆီး၍ နှုတ်ဆက်ပြီး။
"အခုလို လာတွေ့ရမယ်လို့များ ကျမဖြင့်မထင်မိခဲ့ပါဘူးရှင်" ဟု ပြောလေ၏၊ ဤသို့ပြောပြီး ဥသြမယ်သည် ဝေါကုလားထိုင် ဆီသို့ သွားကာ ကန့်လန်ကာကို ဆွဲလှစ်လိုက်ပြီး လျှာထုတ် ၍ပြရာက။
"ကိုင်း.... ကြာပဒုံရေ ထွက်ခဲ့ပါတော့ ဟောဒါဟာ ရှင့်အိမ် ဟောဒါဟာ ရှင့်သခင်ဘဲ" ဟု ကြော်ငြာခြင်း ပြုလေ၏။ ဝေါထမ်းသူများ၏ မျက်နှာများမှာ ပြုံးစိစိဖြစ်နေကြသည်မြင်ရသော ၀မ်လန်းမှာ စိတ်ထဲတွင် အခံရ ခက်သွားလျက် ကောင်တွေဟာ လမ်းကြိုလမ်းကြားက ဂျပိုးတွေဘဲ ဘာမှ အသုံးကျတဲ့ ကောင်တွေ မဟုတ်ဘူး" ဟု စိတ်ထဲမှာ ပြောမိလေ၏၊ သို့သော်မျက်နှာကလည်းပူ ရှက်ကလည်းရှက် ဒေါသ ကလည်း ထွက်နေသဖြင့် ဘာမျှမပြောဘဲ ဆိတ်စွာသာနေလေ၏။
ထိုအခိုက် ဝေါပေါ်မှ ကန့်လန့်ကာကို လှစ်လိုက်ရာ နှင်းပန်းကလေးလို ဖြူဖြူဖွေးဖွေ အေးအေး ဆေးဆေး ထိုင်နေသည့် ကြာပဒုံအား မြင်ရလေ၏၊ ထိုအခါ ပတ်ဝန်းကျင်ကို မေ့၍သွားလေ၏ ဒေါသပင်လည်း ပျောက်ကွယ် ၍ သွားလေ၏ ဝေါပေါ်မှဆင်းလာနေသော ကြာပဒုံ အားတောင့် တောင့်ကြီးရပ်၍ ကြည့်နေ မိလေ၏ ကြာပဒုံသည် ဥသြမယ်ကိုတွဲလျက် ဦးခေါင်းကိုငုံ့ မျက်လွာကိုချကာ ဝေါပေါ်မှ ဆင်းသက်ခဲ့ လေ၏၊ သူ့ခြေသေး ကလေးများဖြင့် ဆတ်တောက် ဆတ်တောက်လျှောက် ၍ လာရာတွင် ၀မ်လန်းအနီးသို့ ရောက်လာသော်လည်း ၀မ်လန်းအား စကားမပြောဘဲ ဥသြမယ်ကိုသာ လေသံကလေးဖြင့် "ကျမအခန်း ဘယ်မှာလဲ" ဟု မေးလေ၏။
ဆက်ရန်
.

1 comment:
မုန်းလိုက်တာ..ဝမ်လန်းကိုသတ်ပစ်ချင်တယ်..
ပီးတော့ အိုလင်ကလဲ အသုံးမကျတာ..
၇ုပ်မ၇ှိလဲ ကိုယ့်အိမ်ထောင်မပြိုကွဲအောင်လုပ်လို့၇တာပဲဟာ ကို..နော်..
သူကအိမ်အလုပ်ပဲလုပ်နေယုံနဲ့ ကိုယ့်လင်ကိုထိန်းလို့မ၇ဘူးဆိုတာ မသိဘူးလား
ဘာပဲဖြစ်ဖြစ်ပါလေ..အဆုံးမှာတော့ ယေင်္ကျားကအလုပ်မှမဟုတ်တာ..ကောင်းကိုမကောင်းဘူး
MN
Post a Comment