မိုးကွက်ကြားရွာတဲ့ ဗမာ့ခေတ်
ဗမာ့ခေတ် သတင်းစာတိုက်ကြီးမှ စောရဗိုလ်ချုပ်ကြီးသည် ကျမနှင့် ကွာပြီး၊ ရှင်းပြီး ဖြစ်ပါလျက် နှစ်ထပ်တော် ယောက်ဖက ထမ်းခေါ်လာသည့်နေ့မှစ၍ အိမ်သစ်ကလေးမှာ မျက်နှာပြောင် တိုက် လာနေရာမှ တရက်နှစ်ရက် ရှိသောအခါ အေးအေးကုပ်ကုပ် မနေသေးဘဲ အလုပ်တိုက်ဘက်သို့ လှည့်၍ သြဇာ ပေးခြင်း၊ ကျမ ခိုင်းစေထားသော ကိစ္စများကို လျှို့ထား၊ ချိုထားစေခြင်း၊ ဂိုဒေါင် ထည်းမှ စက္ကူလိပ်ကြီး များကို သတင်းစားရိုက်ရန် ထုတ်ယူသောအခါ လိုသည်ထက် ပို၍ ထုတ်ယူ ခိုင်းပြီး လော်ရီကားကြီးများနှင့် တနေရာသို့ တိုက်ထုတ်သယ်ယူသွားပြီး စက္ကူအလိပ်လိုက် အသုံး ပြုသူ ပုံနှိပ်တိုက် များသို့ ရောင်းစားခြင်းများ ပြုလေသည်။
ကျမအခန်းထဲမှ မထွက်နိုင်သေးချိန် ဖြစ်ရာ မန်နေဂျာအလုပ်ခန်းမှ ကြိုးကိုင်လူ ၄-၅ဦးမှာ သူ၏ ဘက်တော်သား သက်သက် မီးသေပြီသား လူတွေ ဖြစ်နေသောကြောင့် ထင်တိုင်းလုပ်၍ လွယ်ကူ နေသည်။ မြို့စောင်ရေမှ နင့်နေအောင် ရနေသော နှစ်ပြားခွဲ ကော်မရှင်နှင့်ပင် တင်းမတိမ်သေးဘဲ သတင်းစာ ဖြန့်ချီရေး ဋ္ဌညနက လူတွေနှင့်ခေါက်၊ ထုတ်ပို့သမား ၄-၅-၆ယောက်မှာ တောပိုင်းက ခေါ်ယူ စေခိုင်း ထားသော အနွယ်တော်များ ဖြစ်သဖြင့် စေသော ကျွန်ထွန်သောနွားကဲ့သို့ ၀တ္တရား ကျေပြွန်စွာနှင့် သတင်းစာ စောင်ရေကို နေ့စဉ်ထောင်ဂဏန်းနှင့် ချီ၍ ခိုးပေးနေကြရခြင်း၊ သူတို့ အဘို့ ခိုးခဝေစုတွေကလဲ နင့်နေ အောင်ရသည်။
တလလျှင် လခခြောက်ဆယ်မျှ စာရင်းပြထား သော ခေါက်ပို့အလုပ်သမား အနွယ်တဦး တဦးမှာ ပေတင် ရောင် တောက်ပြောင်အောင် ဘိုဆံ တောက်ဖီးပြီး စီးကရက်အမြဲ လက်ကြားညှပ်လျက် လက်ပတ်နာရီ ရွှေဆွဲကြိုးစသော ဘယက် တန်ဆာဒွါစရာများ ဆင်မြန်း၍ ဘန်ကောက် လုံချည်တရွမ်းရွမ်းနှင့် နေနိုင် သော်လည်း ရိုးရိုး သားသား အလုပ်သမားများမှာ ချည်လုံချည်ပေါက်အပြဲနှင့်သာ နေရရှာသည်။
ဤနည်းအတိုင်း အလုပ်သမားဋ္ဌာနအသီးသီးမှာ မိုးကွက်ကြားရွာ၍ အနွယ်ဝင် ၄၀ဂိဏ်းဝင်တွေချည် စားသာ လျက် ရှိကြဆဲ ဖြစ်ပါသည်။
သွေးအေးအေးနှင့် ရှိစဉ်အချိန် ၅နှစ်၊ ၆နှစ်ခန့်တုံးက ချလာသော လမ်းကြောင်းအတိုင်း ကိုယ့်ပစ္စည်း ကိုယ်ပြန် ခိုးထုတ်သော အလုပ်က ကျွမ်းကျင်လှသည်ဖြစ်ရာ ကွာရှင်းပြီးကြသော ယခု ရက်ပိုင်းမှာပင် ပွဲဆက် မကုန်သေးဘဲ ခိုးသား ၄၀လက်ထဲမှာ ဋ္ဌာနအသီးသီးက ကျန်ရှိနေသေးသည့် အတွက် ရှေးအခါများ ကထက် လက်သွက်ကုန်ကြပါသည်။ ကျမသာ ကျန်းမာလာပြီး အိမ်အောက် ထပဆင်းလာနိုင်လျှင် စောရ သိဒ္ဓိဂိုဏ်းဝင်များ၏ အခွင့်အရေးတွေ ဆုံးပါးရတော့မည်မှာ အမှန် ဖြစ် ပါသည်။
ယခု လက်ရှီ အခြေအနေမှာ ကျမက အလုပ်တိုက်ကို ပြန်ကြည့်တော့ကြောင့် စောစောပိုင်းက ကြည့်နေကျ ဖြစ်သော နေ့စဉ်ဝင်ငွေထွက်ငွေစာရင်းနှင့် အပ်ငွေများကို ၀င်ပြန် မကြည့်နိုင်တော့ပြန်သောအခါ အဖွဲ့ဝင် ၄၀တို့ အဘို့ အခွင့်အရေး သာနေဆဲ ဖြစ်ပါသည်။
ထုအထည်း မှာ မမာနေသူ ကျမအား မောင်ဝမ်းကွဲ ဦးပုက ပူးသတ်ခြင်းခံရပြန်ပါသည်။ ကျမ အိပ်ရာမှ ထထိုင် နိုင်စပြုချိန်အခါက ဖေါက်လွဲဖေါက်ပြန် လုပ်ထားသမျှ စာရင်းအင်းများကို မန်နေဂျာအခန်းမှာ သွားကြည့်ပေးစမ်းပါ အရေးကြီးသော စာရင်းစာအုပ်များကိုလည်း သိမ်းဆည်း ပေးစမ်းပါဟု ယုံကြည် မှုတခုကို ထား၍ အားကိုးကြီးနှင့် ဒုအတွင်းဝန် ဦးပုအား ခိုင်းမိပါသည်။ သူသည် ကျမခိုင်းစဉ်အခါက လုပ်ပေးပါမည်ဟု ခေါင်းငြိမ့် ၀န်ခံပါလျက် တဘက်မှ ယောက်ဖနှင့် တူသမက်အဖြစ် နှစ်ထပ်တော်နေသူကို မျက်နှာလို မျက်နှရ သွားပြီး သတင်းပို့လိုက်ပါသည်။ သည်အချိန်က စပြီး ဗမာ့ခေတ်သတင်းစာ အလုပ်တိုက် မန်နေဂျာခန်းရှိ အရေးပါအရာရောက် သော စာရင်းအင်းမှန်သမျှ ၁၉၅၉ခုနှစ်နှင့် ၁၉၆၀ခုနှစ် သြဂုတ်လ အထိ တခုမျှမကျန်ရစ်တော့ဘဲ ၀င်းခြံအပြင်ဘက်သို့ သယ်ပို့ ဖျောက်ဖျက် ထားလိုက်ကြ ပါသည်။
ကျမက စာရင်းစာအုပ်များ တောင်းသောအခါလည်း ဝေ့လည် ကြောင်ပတ် လုပ်ထားသည်။ ဦးဗအေးက မန်နေဂျာ ခင်မောင်အေးဆီမှာ အရေးကြီးတဲ့သော့တွေအားလုံးပါသွားသည်ဟု စကား ပြန်ထားသည်။ စာရွက် စာတမ်းတွေ သယ်မကုန်သေးသမျှ သော့တောင်းမရသေးဘူး ဆိုသော ဆင်ခြေကိုသာ ပေးကြ ပါသည်။ နောက်ပိုင်းသော့ တောင်းရ၍ ဖွင့်ကြည်သောအခါ မီးခံသေတ္တာ များ၊ ဘီရိုများမှာ ဗလာကျင်း လျက်သာ တွေ့ရပါတော့သည်။
ဤသို့ ဖြစ်ရသည်မှာ မောင်ဝမ်းကွဲ ဦးပုက ပူးသတ်ခြင်း ခံရသော ပွဲဦးထွက်ကိစ္စတရပ် ဖြစ်ပါသည်။ ဤမျှနှင့် မပြီးသေး ဘဲ နောက်ဆက်တွဲ ပူးသတ်ပေးသော ကိစ္စအရပ်ရပ်တွေမှာ ထပ်ခါ ထပ်ခါ ဆင့်၍ ရင်ဆိုင် ရပါသေး သည်။ ကျမ၏ ဘ၀မှာ မကျန်းမမာ ဖြစ်နေချိန်တွင်လဲသေလည်းမသေဘဲနှင့် အတွင်းရန် အပရန် အမျိုးမျိုးတွေ ကောက်ကျစ်စဉ်းလဲမှု အမျိုးမျိုးတွေနှင့် ရင်ဆိုင်လျက် ရှိနေပါသည်။ တရားသဘော လည်း မပေါက် စိတ်ဓ်ာကြံ့ခိုင်မှုလည်း အခံမရှိဘဲ စိတ်ငယ်တတ်သော မိန်းမသဘာဝလောက်သာ ရှိသူ တဦး ဖြစ်ပါက ယခု ဘယ်အခြေအနေ ဆိုက်နေရပြီဟု မတွေးဝံ့လောက်စရာပင် ဖြစ်ပါသည်။
သူ့အိတ်ထဲက အစိုးရလိုလို
အလုပ်တိုက်မှ မန်နေဂျာ မောင်နှစ်ဝမ်းကွဲ၏ မရိုးသားမှု ယောက်ဖဘက်မှနေပြီး မတရား တဘက်သတ် ပြုပေးမှုတွေကို သိရလေပြီ၊ ရဲအရာရှိဟောင်း ယောက်ဖတဦးကလည်း ကွာရှင်းပြီး မှန်းသမိလျက် ခြံဝင်းတည်း ရောက်အောင် ထမ်းပို့ခေါ်လာသည်။ ဒုအတွင်းဝန် ယောက်ဖက စာရင်း တွေ သိမ်းလိမ့်မည်ဟု လက်တို့ သတင်း ပေးလိုက်သောအခါ မန်နေဂျာယောက်ဖက အရေးကြီး သော စာရွက်စာတမ်းနှင့် စာရင်း စာအုပ် များ အပြင်ထုတ်သယ်သွားရသည် စာချုပ်နှင့်သော့များ အပ်ထားသော ယောက်ဖတဦးကလည်း တစုံတရာ ၀င်ရောက်ဆောင်ရွက်ပေးခြင်း မေးမြန်းခြင်း မပြုဘဲ၊ နေ့တိုင်း လူမမာမေး ရောက်လာသော အဆင့် ထက် မပိုအောင်နေလျက် ရှိသည်။
ကျမ ခေါ်ယူထား၍ ဓါတ်ပုံသတင်းထောက်ချုပ် ဖြစ်နေသော မောင်မြင့်ဆိုသည့် ယောက်ဖ အငယ်စား ကလည်း စလေသူ အမျှောင်မနှင့် ဖြစ်ပျက်နေသည်ကို အိမ်ပေါ်၌ လက်ပူးလက်ကြပ်ရင်ဆိုင်မိဘူး လျက် နှုတ်ပိတ်ရေငုံလုပ်ခါ၊ အိမ်ပေါ်မှ ပြောင်းရွှေ့ ဆင်းပေးရပြီး၊ အယ်ဒီတာအခန်းမှာ လာအိပ် နေရသည်။ ထိုမျှ မက အလုပ်တိုက်ဘလောက်လုပ်သော အခန်းမှ အသုံးအဆောင် ပစ္စည်း အဘိုးတန်များကို ခိုင်းသလို တိတ်တဆိတ် ထုတ်ယူပေးနေရသည်။ ပေးရသော ဋ္ဌာနကလည်း၊ အခြားမယားမျှောင်တဦး၏ ညီမ လင်မယား ပိုင် ပုံနှိပ်တိုက်သို့ သွးပေးရခြင်း ဖြစ်ပါသည်။
ယောက်ဖများသည် ရှက်တတ်ရမှန်း မသိ မိန်းမ (ထိန်း) စားသော သူများကဲ့သို့ ကိုယ်စားရ (သောက်)ရ အခွင့် အရေး ရမည့်အချက်တခုကို သာနားလည်သော (ခေါင်း) ဆန်ဆန်ကျင့်သုံးနေ ကြသူများ ဖြစ်နေကြ ပါသည်။
သို့ကြောင့် ကောက်ကျစ်စဉ်းလဲသူက တအားတက်၍ ရှေ့ဆက်ပြီး ဇက်ရဲလက်ရဲနှင့် ပြုမူလာဝန့်ခြင်း ဖြစ်ပါသည်။ သူတို့၏ပြော့ကွက်ကို ကြည့်၍ လူမထင် လူရာ မသွင်း ပမာမခန့်သည်ကိုလဲ နားမလည်၊ သူတို့၏ နှမ၊ အစ်မ၊ တူမများကိုပါ တိတ်တဆိတ် အမျှောင်မတွေ ပြုထားသမျှကို သိရ၍လည်း နှစ်ထပ်တော် ဘ၀နှင့် ယောက်ဖအပေါ် အတော် သံယောဇဉ်ကြီးများ တွယ်တာနေပုံရပါသည်။ သို့ကြောင့် လည်း နောက်ပိုင်းမှာ မျက်နှာပြောင် တိုက်လျက် ယောက်ဖဘက်မှ ဆက်လက်ပြီး နည်းအမျိုးမျိုးနှင့် အကျိုးဆောင် ပေးနေကြပါသည်။
ကျမထံသို့ လူမမာမေးရန် နေ့စဉ်လာတွေ့ရာ၌ ဒုအတွင်းဝင်က သူ့တူမစလေသူကို အိမ်မှာ ပြန်လက္ခံ ထားပါဟု အယူခံသည်။ ကျမက ငြင်းဆံသဖြင့် နောက်ထပ်မပြောတော့ပါ။ သို့ရာတွင် ရဲအရာရှိဟောင်းက အခန်းထဲ ရောက်တာနှင့် တပြိုင်တည်း နားချလွင်းသဖြင့် သူအိမ်ပေါ်တက် လာသည် ဆိုဒါနှင့် တပြိုင်နက် အခန်း ပိတ်ကန့်လန့် ချထားခိုင်းရတော့သည်။ ဤသို့ပြုသည်တိုင် အောင် အပြင်မှနေပြီး တံခါးကိုမရမက ခေါက် နေသည်။ အခန်းထဲ ၀င်မလာရသောအခါ အပြင် ဘက်အိမ်ရှေ့ခန်းမှာ ရှိသော ကုလားထိုင်မှာ တအောင့် တနားကြာအောင်ထိုင်ကာ အိမ်ရှိ လူများ အား ယေ၀ံဖဂုဏော အနန္တော စကားတွေပြောလျက် ချီးကျူး နေသည်။ အင်မတန်တော်သောသူ၊ ၀န်ကြီးတနေရာရနိုင်သောသူ၊ ပထမအစိုးရကို သူတဦးထဲနှင့် တင်ပေး နိုင်သောသူ၊ ယခု အစိုးရ တဖွဲ့လုံးဟာ သူထားရာနေ၊ သူထင်ရာ လုပ်ရမည်ဖြစ်သည်။ အစိုးရ တဖွဲ့လုံးကို သူ့အိတ်ထောင်ထဲ မှာ ထည့်ထားနိုင်သည့်လူ ဖြစ်သည်။
(မှတ်ချက်။ ။ ကာယကံရှင်ကိုယ်တိုင်ကလည်း ဤနည်းအတိုင်း အထင်ကြီး၍ တပည့်တပန်း အသိ မိတ်ဆွေ ဟူသမျှအားလည်း အထင်ကြီးနေစေသည်။ ယနေ့လက်တွေ့ အခြေအနေမှာ ဟိတ်ထုတ်ဝါကြွား ထားမှုသာ ဖြစ်သည်ဟု ရွံရှာစက်ဆုတ် သွားကြလေသည်)။
ဒီလို လူအဘိုးတန်ကြီးမျိုးကို သူက ဘာကြောင့် ကွာပစ်ချင်ရသနည်း၊ မိန်းမတယောက်အဖြစ်နှင့် သူက ဘာနားလည်လို့လဲ၊ ဒီသတင်းစာတိုက်ကြီးကို သူဦးစီးနိုင်လို့လား၊ သူကဘာမှတခုမှ နားလည် တာ မဟုတ် ဘဲနဲ့ ဘယ်ဖြစ်နိုင်မှာလဲ စသော စကားများကိုသာ ရေရွတ်နေသည်ဟု သူပြန်သွား သောအခါ ကျမကို တဆင့် ပြန်ပြောပြကြပါသည်။ သူသ်ည ယောက်ဖထဲမှာ အကဲဆုံး၊ အသဲဆုံး ဖြစ်ပါသည်။ ကျမ အိမ်ပေါ် မှာလာပြီး ကျမ မကောင်းကြောင်းတွေ ပြောပြောသွားသည်မှာလဲ ၀က်မစွတ်မောင်မောင်ကြီး၏သား ပြီသစွာ ကျမအပေါ်တွင် စေတနာပုပ်လှသောကြောင့် ပြောထုတ်ဝန့်ခြင်း ဖြစ်ပါသည်။ ထိုကြောင့် နောက်တော့ သူလာလျှင် အိမ်အောက်ထပ်က တံခါး များကိုပါ ဖွင့်မပေးရန်မှာထားရပါသည်။ အလားတူ အခြားသူ တွေကိုလည်း အိမ်ထဲဝင်ခွင့်မပေးတော့ ပါ။ သူတို့လာတိုင်း၊ လာတိုင်း ကျမအဘို့ မခံချည့် မခံသာ စိတ်မချမ်း သာဘွယ်ရာ စကားတွေကို သာ ပြောသွားတတ်ကြပါသည်။
ထိုသို့မ၀င်မရမထွက်ရဘဲရှိသောအခါ ကျောက်ပန်းတောင်းက အမျိုးတွေက အနားကပ်ပြီး ချယ်လှယ် နေကြပြီ၊ မန္တလေးက ဟာတွေကို ဘေးဖယ်ထုတ်လိုက်ပြီဟု မနာလိုစွာ သတင်းဖြန့်ချီ ပြန်လေသည်။ ကောက်ကျစ် စဉ်းလဲသော တဏှာ့ကျွန်ကြီးကလည်း အဖွားကြီး စိတ်နောက်နေ တယ်။ ဒါကြောင့် ကျောက်ပန်း တောင်းက သူ့အမျိုးတွေက တံခါးပိတ်ထားရသည်ဟု အပြင်အပက လူများအား ၀ါဒဖြန့် သတင်း လွှင့်ထားလိုက်သည်။ ဤလိုဝါဒဖြန့်ထားခြင်း၊ သတင်းလွှင့်ထားခြင်း များမှာ အကြောင်း ရှိပါသည်။
အကြံအစည် ရှိပါသည်။ ကျမက မသေတဲ့အပြင် ခေါင်းမာနေသူဖြစ် ၍ တနေ့မတတ်သာတဲ့ အဆုံးမှာ ယုတ်မာသော အဖွဲ့အစည်း တသိုက်လုံးက ကျမအား စိတ် နောက်နေသည်ဟု အမည် တပ်စွပ်စွဲကာ အရူးထောင် သို့ ပို့ထားရန် ကြံစီထားပြီး စီးဝါးကိုက်ပြီး သား ဖြစ်ကြောင်း အတွင်းကျကျ လူများဆွက အပြင် ပရိသတ်ထံ သတင်းပေါက်ကြားနေပြီးသား ဖြစ်ပါသည်။ အားလုံးက သူ့ဘက်သားတွေဖြစ်နေရာ မိုးခါးရေ မသောက်မိသူ တယောက်ထဲက အရူးဖြစ်ရသလို ကျမတဦးထည်း အရူးထောင် ပို့ခံရတော့မည်မှာ သေချာ လှပါသည်။
မွန်မြတ်သည့် အဓိဋ္ဌာန် ဆက်ရန်
.

1 comment:
ကျောင်းမသွားခင် လာဖတ်သွားတယ် မရွှေစင်ရေ ... ။
ဘာမုန့်တွေလုပ်စားလဲ။ မန်းသင်္ကြန်စည်လား။
ဒီနေ့ခေတ်ရဲ့ မန်းသင်္ကြန်က နန်းဆန်မဆန် မရွှေစင်ရဲ့ ကလောင်စွမ်းထက်ထက်နဲ့ ရေးပါအုံးနော်။
Post a Comment