မည်သူနှင့်မည်ဝါစစ်ဖြစ်၍ မည်သည့်စစ်မျိုးတိုက်နေသည်ကိုမသိရ၊ ၀မ်လန်းမှာ မိမိအဆွဲခံရမည် ကိုသာ ထိတ်လန့်လျက်၊ နေ့ဘက်တွင် ကောက်ရိုးပုံနောက်၌ ကွေးနေအောင်ပုန်း ညဘက်တွင် အသားတွေ ပြတ်ထွက် လုမတတ် လှည်းဆွဲရနှင့် ကြီးစွာသော ဒုက္ခပင်လယ်တွင် လက်ပစ်ကူးနေခဲ့ ရရင်း၊ မိုးဃ်လယ် လောက်သို့ ရောက်လာသောအခါ၊ မြို့ကြီးမှာ ကျီးလန့်စာစား လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။
သူဋ္ဌေး လူချမ်းသာများမှာ ရထားကိုယ်စီနှင့် ၀န်စည်စလယ်များကိုတင်လျက်၊ မြို့မှ ပြောင်းရွေ့၍ နေကြ လေ၏ ၀မ်လန်းမှာအပြင် မထွက်သဖြင့် ထိုအချင်းအရာများကို မမြင်ရသော် လည်း၊ သားကလေး နှစ်ယောက် မှာ မြို့ထဲမှ မျက်လုံးမျက်ဆန်ပြူးပြူးနှင့် ပြန်ရောက်လာလျက် ရွေ့ပြောင်းနေကြပုံများကို ပြောပြ လေ ၏။

သားအကြီး က "သေတ္တာကြီးတွေ သေတ္တာကြီးတွေ နည်းပါဘူးအဘရာ.... လူကြီး တယောက် ကို ကျွန်တော် မေး ကြည့်တော့၊ အထဲမှာရွှေတွေရော-ငွေတွေရော အများကြီးပါတယ်ဗျ၊ အဲဒါ သူဋ္ဌေးကြီး တွေ ဒီမြို့ က ပြောင်းပြေးတော့၊ သူတို့ဟာတွေ ယူသွားတာတဲ့၊ ဒါပေမဲ့အဲဒီလူကြီးကပြောတယ်၊ ဒီသူဋ္ဌေးကြီး တွေဟာ ရွှေတွေငွေတွေ အားလုံး ယူ မသွားနိုင်ကြပါဘူးတဲ့၊ တနေ့ကျ ဒါတွေမင်းတို့ငါတို့မှာ ရ မှာပါ ဘဲ တဲ့၊ ဘာပြောလဲ အဘေ၊ ကျွန်တော်တော့ နားမလည်ဘူး"ဟု မျက်လုံးကလေး ကြောင်တောင်နှင့် ဘခင်ဖြစ်သူ အား မေးနေလေ၏။
"ဒီမြို့သားတွေပြောတာ ငါလဲ ဘယ်နားလယ်မလဲကွာ"ဟု ၀မ်လန်းက ဖြေလိုက်သောအခါ၊ သားကလေး က။
"ကျွန်တော်တို့ ဟာတွေသာဖြစ်ရင် ကျွန်တော်တို့ အခုချက်ခြင်းသွားယူလိုက်မှာဘဲ၊ ပီးတော့ကိတ် မုန့်လေ- အပေါ်က နှုမ်းကလေး တွေဖြူးထားတဲ့မုံ့မျိုးလေ၊ ကျွန်တော်သိပ်စားချင်တာဘဲဗျာ၊ တခါမှ အဲဒီမုံ့မျိုး မစားဘူးဘူးဗျ"ဟု ပြောဆိုနေပြန်ရာ၊ အဘိုးကြီးက ခေါင်းထောင်လာလျက်၊
"အင်း... မိုးဃ်းလေ၀သ ကောင်းတုန်းကဆိုရင် ပွဲတော်ကျတဲ့အခါ၊ ဒို့ ဒီမုံ့မျိုးလုပ် လုပ်စားကြတာ ပေါ့ကွယ်၊ နှမ်းတွေ အကုန်လုံး ရောင်းမပစ်ခင် ဒီမုံ့မျိုး လုပ်ရအောင် ဘဲ သက်သက်ချန် ချန်ထားတာ ကလား" ဟု ပြောဆိုလေ၏။
ဝမ်လန်း မှာလည်း နှစ်သစ်ကူးပွဲတော်တွင် ထိုမုံ့မျိုး အိုလင်လုပ်ခဲ့ပုံကို ပြန်သတိရလျက် စားချင်စိတ် များပင် ပေါ်လာကာ ရင်ထဲတွင် ဆို့သွားလေ၏ "တောက်-လယ်သာ ပြန်လုပ်ရရင် တော့လားကွာ" ဟု အံကြိတ်၍ တောက်ခေါက်မိလေ၏ ထိုခဏ၌ မိမိခြေထောက်များ ပင် မဆန့်သာသော ထိုတဲကလေး ၌ ကိုယ်လက် ကြုံ့လျက်၊ ခွေးလိုနွားလို နေရသော ဘ၀ကို ကြီးစွာ စက်ဆုပ် လာပြန်ပြီး၊ ထိုနေ့ပင် ရွာပြန် လိုက်ချင်သည့် စိတ်များ ဘွား-ခနဲ ပေါ်လာ ပြန်လေ၏။
ညဘက် ရောက်လာ၍၊ ကိုယ်တွင် ကြိုး ခွေကြီး များ သိုင်းလျက်၊ အသားမြုပ်လု မတတ် လှည်းဆွဲရသော အလုပ် ကို တွေးမိပြန်သော အခါ ထိတ်လန့် လျက် ခြေတလှမ်း လှမ်းတိုင်း ခြေဘ၀ါးပြင် ကို လှန်ချွန်နှင် ထိုးဘိ သကဲ့သို့ ချွန်ထက် လှ စွာသော ခဲလုံး များအား ရန်သူကြီးများ ပမာ ရွံ့ကြောက်မိပြီးလျှင်၊ မိမိ အဖြစ်ကို မိမိ ၀မ်းနည်းလာကာ၊ မျက်ရည်တွေ မဆည်နိုင်အောင် ကျလာလေ၏။ ထိုအခါကလေးများမှာ ကြောက် လန့်ပြီး ချောင်တွင် သွား၍ကုပ်နေကြလေ၏ အဘိုးကြီးကား- သားကိုကြည့်လျက်၊ ခေါင်းကို ခါနေ လေ၏ အိုလင် တယောက်သာ နှစ်သိမ့်ဖြောင့်ဖြပေါ်ရလေ၏။
"ခဏ သည်းခံပီးနေလိုက်ပါအုံးတော်၊ ကျုပ်တို့တခုခုမကြာခင်မြင်ရ ကြားရပါလိမ့်မယ်၊ အခုလူတိုင်း ဒီအကြောင်း ပြောနေကြတယ်တော့"
ဝမ်လန်းသည် ၎င်းပုန်းအောင်းနေသော ကောက်ရိုးပုံနောက်မှနေ၍ တဲနားကိုဖြတ်ကာ ချီတက်သွား လာနေ ကြသော ဘိနပ်သံများကို ကြားရလေ၏ ဘိနပ်သံများမှာ စစ်သားများ၏ ဘိနပ်သံဖြစ်လျက်၊ နာရီမစဲ တချီ ထဲချီ တဘက်ထဲတက်နေကြလေ၏ ၀မ်လန်းသည် အပေါက်ကလေးတခုမှ ချောင်းကြည့်လိုက်သောအခါ၊ မဆုံး နိုင်သော ခြေထောက်များကို မြင်ရလေ၏ ထိုညကုန်းလှည်းဆွဲ ရင်းလည်း မီးရောင်တွင် အမြောက် အမြား တွေ့ရလေ၏။
ထိုနေ့ မှ စ၍ တဲရှေ့ထိုင်စကားပြောသူများကို မတွေ့ရတော့ပေ၊ ဈေးများလည်း ပိတ်ထားလျက် ကျီး တဖုတ်ဖုတ် ရှိလေ၏ "ရန်သူတွေ နီးလာပြီတဲ့" ဟူသော သတင်းမှာလည်း တယောက်မှ တယောက် ကူးစက်ပြန့်ပွား ၍ လာလေ၏။ ထိုအခါ ပစ္စည်းရှိသူ များမှာ ကြောက်လန့် ထိပ်ပြာ ၍ နေကြလေ၏ ၀မ်လန်း နှင့် သူ့တဲနီနားချင်း များကား၊ မကြောက်ကြ လေ၊ အကြောင်းမူ- ဘာပစ္စည်းမှ လည်း ဆုံးပါး ဘို့မရှိ၊ အသက် ကိုပင် အမှု မထားသူများ ဖြစ်သည် တကြောင်း၊ ရန်သူ ဆိုသည်မှာ လည်း မည်သူ မည်ဝါမှန်း မသိသည် တကြောင်း ကြောင့် ဖြစ်လေ၏။ သို့ဖြစ်လေရာ၊ ရန်သူလာလျှင် လာပေစေ အခု ဘ၀ ထက်တော့ ပိုမဆိုးတော့ပါဘူး....ဟု နေမြဲတိုင်းနေကြလေ၏။
သို့ နေကြရင်း ကုန်လှည်းဆွဲရသည့် အလုပ်မှာ၊ ကုန်တိုက်ကြီးများက စစ်ဖြစ်၍ ၀ယ်သူမရှိ တော့ဟု ဆိုကာ ရပ်စဲ လိုက်လေရာ၊ အားလုံးအလုပ်လက်မဲ့ဖြစ်ကုန်ကြလေ၏။ အ၀စား တပဲ ဆန် ပြုတ်မဏ္ဍပ် များလည်း ပိတ်လိုက် ကြလေရာ၊ ၀မ်လန်းလည်း အလုပ် မရှိ၊ စားလမ်းလည်း ပိတ်လျက်၊ အားလုံး ကသီ ကလင် ဖြစ်ကုန် ကြလေ သတည်း။
ဝမ်လန်း သည် သ္မီးကလေးကို ရင်ခွင်တွင်ပိုက်လျက်၊ တဲထဲတွင် ထိုင်ရင်း ''ငါ့သ္မီး၊ သ္မီး ဟိုအိမ် ကြီးကြီး-ကြီးမှာ သွားမနေချင်ဘူးလားဟင်၊ ထမင်းလဲ စားရမယ်၊ အင်္ကျီကလေးတွေလဲ ၀တ်ရမယ်လေ'' ဟု မေးလိုက် သည်တွင် ခလေးမှာ ဘာပြောသည်ကို နားမလည်သော်လည်း၊ ၀မ်လန်းအား ပြုံးပြုံး ကလေး ကြည့်လျက်၊ လက်ကလေးဖြင့် မျက်လုံးများကို လှမ်းကိုင် ကစားလေ ၏။ ထိုအခါ ၀မ်လန်းမှာ စိတ်ထဲတွင် ယားကျိကျိ နှင့် မချိတယိ ဖြစ်လာပြီး အိုလင်အား လှမ်း၍
''ပြောစမ်းပါအုံးကွ၊ မင်း ဟိုအိမ်ကြီးမှာနေတုန်းက အရိုက်ခံရသလား'' ဟု မေးလေ၏။
''နေ့တိုင်း အရိုက်ခံရ တာဘဲ''
''ဘာနဲ့ ရိုက်သလဲ၊ တုတ်နဲ့လား၊ ကြိုးနဲ့လား''
''ကြာပွတ်နဲ့''
''အင်း၊ ဒို့သ္မီးကလေးဟာ သ္မီးချောကလေးကွ၊ ပြောစမ်းပါအုံးကွာ၊ ကျွန်မချောချော ကလေးတွေလဲ အရိုက်ခံ ရတာ ဘဲလား''
''ရိုက်ရင်ရိုက်၊ မရိုက်ရင်လဲ ခြေတော်တင်ခံရတာဘဲ တယောက်ထဲမဟုတ်ဘူး၊ သူဋ္ဌေးသား တွေက ကျရင်- အစေခံ တွေ လက်ထဲရောက်တာဘဲ၊ ရုပ်ကလေး ချောချောလှလှ နဲ့ ဆိုရင်၊ အပျိုတောင် မဖြစ်သေးဘူး ကိစ္စ ချောတာဘဲ''
ဝမ်လန်းမှာ သက်ပြင်းကြီးချလျက်၊ ခလေးကို ရင်ခွင်တွင်အပ်ကာ၊ "ဒုက္ခသယ် မကလေး ဒုက္ခသယ်မ ကလေး" နှင့် ယူကြုံးမရနိုင်အောင် သောက မီးလောင်၍ နေလေသတည်း။
သို့သော် ရေစီးတွင် ဒဟဟော ပြောပါလာသူတဦးကဲ့သို့ ဘာမှကြုံရာမရ-သ္မီးကလေးကို ရောင်း၍ ပြန်ဘို့သာ စိတ်ကူးမိပြီးလျှင် "သ္မီးရယ်-ဒီပြင်လမ်းမရှိတော့လို့ပါကွဲ့- မတတ်နိုင် တော့လို့ပါကွဲ့-" ဟု မျက်ရည် မဆည် နိုင်အောင် ဖြစ်လေ၏။
ထိုအခိုက်- မိုးပြိုသလို ကျယ်လောင်ပြင်းပြသော အသံကြီးတခု ရုတ်တရက် မြည်ဟီးလိုက်ရာ အားလုံး ရင်ထိတ် လျက် သေရတော့မည် ပမာ မြေကြီးတွင် ပြားပြားဝပ် ကြလေ၏ ၀မ်လန်းသည် ဘာသံမှန်း မသိဘဲ၊ သ္မီးကလေး ၏ မျက်နှာကို လက်ဝါးနှင့်ဖုံးအုပ်လျက် အသက်ပြင်းစွာ ရှူနေလေ၏ အဘိုးကြီးက၊ "ငါတော့ ဒီအသံမျိုး တသက်နဲ့ တကိုယ် မကြားဘူးဘူးကွာ" ဟု ပြောလျက် ခလေး များမှာလည်း လန့်ဖြန့်လျက်။ ဟစ်အော်နေကြလေ၏ ။
အိုလင်မူကား- အသံကြီး ပျောက်သွားလျက်၊ ငြိမ်သက်သွားသည်နှင့် တပြိုင်နက် ခေါင်းကိုမော်ကာ၊ ''ရန်သူတွေ မြို့တံခါးက ဝင်လာပီ-''ဟု ပြောလေ၏။ အားလုံး ဘာမှ မပြောနိုင်မီပင်၊ အုပ်အုပ်၊ အုပ်အုပ်နှင့် လူသံများကို မသဲမကွဲကြားရလေ၏ ကြာမီပင်ထိုအသံများမှာ ဖြည်းဖြည်းနီးလာလျက် အုတ်အုတ်ကြက် တခဲနက် ဆူညံ ကာလမ်းထဲသို့ ရောက်လာလေ၏ အားလုံးတယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသက် ရှူမှား လျက် ထရတာ့မလိုလို၊ ပြေးရတော့မလိုလို-ရတက် ဖိုရာက။ မကြုံဘူးသော ထိတ်လန့်ခြင်း ဖြင့်၊ စကားမပြောနိုင်အောင် ရှိလေ၏။
ထို ကာလ၌၊ တံတိုင်းကြီး တဘက်မှ-တံခါးကို ထုခွဲရိုက်နှက် ဖွင့်လှစ်နေသံ ကို ကြားရပြီး။ လူ တယောက်၏ မျက်နှာသည် တဲထဲ သို့ ထိုးပြူ ဝင်ရောက်၍ လာလေ၏။ ထိုသူမှာ ညတည-။ ဆေးတံတို တချောင်းကို ခဲလျက်။ ဝမ်လန်း ကို လာစကားပြောသော တဘက်တဲ မှ လူဖြစ်လေ၏။
''အောင်မယ် ထိုင်နေကြတုန်းဘဲလား အချိန်ကျလာပြီဗျ- သူဠေးအိမ်တွေ ဖွင့်ကုန်ကြပြီလေ-'' ဟု ထိုသူက အော်ပြော လေ၏။ ထိုအခိုက်။ အိုလင် မှာ ကိုယ်ရောင် ဖျောက်သွား သကဲ့သို့- ထိုသူ၏ လက်မောင်း အောက် မှ လျှိုဝင် ၍ ပျောက်ကွယ် သွားလေ၏။
ဝမ်လန်းသည် နှေးကွေးစွာ ထိုင်ရာမှထပြီး အိမ်မက် မက်သလို ဖြစ်နေရာမှ။ သ္မီးကလေးကို ချပြီး တဲထဲမှ ထွက်လိုက် ခဲ့လေ၏၊ အတန်ငယ် သွားမိသောအခါ တံတိုင်းကြီး၏ သံဝင်းတံခါးကြီးတွင် လူများ စုပြုံ တိုးဝှေ့ရင်း၊ ကျားနာများ ဟိန်းဟောက်သလို ဟိန်းဟောက် လျက်၊ သူ့ထက်ငါ တိုးဝှေ့နေသော လူထုကြီး သည်၊ တယောက် အပေါ်တယောက်ထပ် တယောက်ပေါ် တယောက် ညှပ်လျက်၊ အလုံး လိုက် အခဲလိုက် တခါတည်း ဘော်လုံးကြီးလှိမ့်သလို လိမ့်ဝင်သွားလေ၏။
ထိုသူများမှာ မိမိကဲ့သို့ပင် မစားရတနပ်၊ စားရတနပ် နှင့် တဲစုတ်တဲပုပ် ကလေးများတွင် နေထိုင်ကြ သူများ ဖြစ်ကြောင်း တွေ့ရလေ၏။ ဝမ်လန်းမှာ ထိုသူများကိုရပ်၍ ကြည့်နေစဉ်၊ နောက်မှ တိုးဝှေ့လာသော လူထုကြီး တခုထဲတွင်ညပ်လျက် တဖြည်းဖြည်း ပုရွက်ဆိတ်အုံတွင် ထမင်းလုံး လိမ်သလို လိမ့်ကာ လိမ့်ကာ ပါသွား လေရာ။ မကြာမီ အိမ်ကြီး၏ဘိနပ်ချွတ်သို့ရောက်သွားလေ၏။ ထိုအခါ လူထုကြီးသည်၊ တိရိစ္ဆာန်များအိမ်ထဲသို့ စုပြုံတိုးဝှေ့၍ ဝင်ကြပြန်လေ၏၊ ဘုံဆောင် တခုမှ တခုသို့ ဖြတ်သန်း တိုးဝင်ကြရာ တွင် အိမ်သူအိမ်သားများ၏ အရိပ်အရောင်ကို မမြင်မတွေ့ရ၊ အိမ်ကြီးမှာ နှစ်ရှည်လများစွန့်ပစ်ထားသော နန်းတော်ကြီး တခုနှင့် တူနေလေ၏။ သို့သော် ထမင်း စားခန်းတွင် ထမင်းပွဲများကို တွေ့ရ၏။ မီးဖို ထဲတွင် လည်း မီးတောက်သည် မငြိမ်းသေး တောက် လောင်လျက်ပင် ရှိပေသေးသည်။
သူရဲသူဘက် စီးနေသော လူထုကြီးကား.... အ၀တ်အစား သေတ္တာကြီး များကို ခုံ၍ အုပ်ကြလေ၏။ အခန်းတွေ ထဲသို့ လွှားကျော်၍ ၀င်ကြလေ၏။ အိမ်ရာ တွေပေါ်သို့ ဂျွန်းပစ်၍ တက်ကြလေ၏။ တယောက် ရသည်ကို တယောက်က လိုက်၍ လုကြလေ၏။ ထမင်းပုဂံ ဆွဲသူက ဆွဲကြ လေ၏။ အခန်းဆီး ဆွဲဖြုတ်သူက ဖြုတ်ကြလေ၏။ သေတ္တာကြီး တွေကို ပေါက်ခွဲသူက ပေါက်ခွဲကြလျက်၊ အရိုးပုံကို ခွေးအုံကာ ခဲသည့် အလား၊ လုပွဲယက်ပွဲကြီး ဆင်နေလေတော့သတည်း။
ဝမ်လန်း ကား ဘာတစ်ခုမျှ ၀င်၍ မဆွဲ၊ တသက်လုံး က သူများပစ္စည်းကို လိုချင် တတ်မက်လည်း မရှိခဲ့ သို့ဖြစ် လေရာ လူထုကြီးထဲညှပ်လျက် ရပ်၍သာ ကြည့်နေလေ သတည်း.။
သို့ကြည့် ရာမှ အိပ်ရာမှနိုးလာသကဲ့သို့ သတိရပြီး လူထုကြီးထဲမှ တိုးဝှေ့၍ ထွက်လေ၏။ အပြင် ရောက်ကာ နီးမှ ၀ဲထဲတွင် မြောသော လှေငယ်လို ပတ်ချာညပ်လျက် ပြန်ပါသွားပြန်လေ၏။ မိမိရောက် နေသော နေရာကို ဆန်းစစ် ကြည့်လိုက်သည့် အခါ အတွင်းဘက် အကျဆုံး အခန်းတခု ထဲတွင် ရှိနေကြောင်း တွေ့ရ လေ၏။ထိုအခန်းမှာ မိန်းမဆောင်တခုဖြစ်လျက် နောက်ဘေးဘက် တံခါးတခု သည် ပွင့်လျက် ရှိနေလေ၏။ အရေး အကြောင်း ပေါ်လျှင် အလွယ်တကူ မလွယ်ပေါက် တခုဖြစ်လေ၏။
ထိုမလွယ်ပေါက်မှ အိမ်ရှင်များ ထွက်ပြေးလိမ့်မည်ဖြစ်၏။ ၀မ်လန်းသည် ထိုအပေါက်သို့ ရောက်အောင် တိုးဝှေ့၍ ၀င်ခဲ့ရာ အခန်းကလေး တခုထဲ့သို့ ရောက်သွားလေ၏။ လူနှစ်ယောက် စာလောက် နီးနီးဝသော လူကြီး တယောက်မှာ ၀လွန်း ၍ပင် မပြေးနိုင်သလော၊ သို့မဟုတ် အရက်ပင် မူးနေသောကြောင့်လော မသိရ၊ ကုတင်တလုံး ပေါ်တွင် ကိုယ်၌ အ၀တ်အစား မကပ်ပဲ၊ တုံးလုံးကြီးဖြစ်နေခိုက်၊ ၀မ်လန်းနှင့် သွား၍ တိုးနေ လေ၏။ ထိုသူမှာ မိန်းမငယ် တယောက်နှင့် အိပ်ပျော်နေပုံရလေ၏။
အကြောင်းမူ သူ့ကိုယ်ကြီးတွင် ပန်းနုရောင် မိန်းမ၀တ် ဖဲအင်္ကျီ တထည်ကို လွှမ်း၍ ထားလေ၏။ ၀လွန်း သောကြောင့် အသားခေါက်ကြီး များမှာ တွဲကျ ၍ နှစ်ထပ်ဖြစ်နေလျက်၊ တောင်ပို့လို မို့မောက် နေသော ပါးစုံကြီး နှစ်ဘက် အထက်တွင် ကျဉ်းမြောင်းသော မျက်လုံးကလေး နှစ်လုံးမှာ ၀က်မျက်လုံး လို ခွက်၍ ၀င်နေ လေ၏။ ၀မ်လန်းကို မြင်သွား သောအခါ၊ ငယ်သံပါအောင် အော်လျက်၊ လူးလဲ၍ ထလေရာ၊ ၀မ်လန်း မှာ ရယ်ချင်စိတ်များပင် ပေါ်၍လာလေ၏။ သို့သော် အဆိုပါဝတုတ်ကြီးမှာ ကုတင်ပေါ်မှခုန်ဆင်းလျက်၊ ကြမ်းပေါ်တွင် ဒူးထောက်ပြီး ခေါင်းကို အခါခါကြမ်းနှင့် ထိရာက-

''အသက် ချမ်းသာပေးပါမောင်.... ချမ်းသာပေးပါ၊ ကျုပ်ကို မသတ်ပါနဲ့၊ မောင်ကိုပေးဘို့ ကျုပ်မှာ ငွေတွေ အများကြီး ရှိပါတယ်၊ အများကြီးပေးပါ့မယ်''ဟု အသနားခံလေ၏။ ''ငွေ''ဟူသော အသံကို ကြားရသည်နှင့် တပြိုင်နက်၊ ၀မ်လန်းမှာ ရွှင်လန်းဖြတ်လတ်၍ လာလေ၏။ သူကားငွေလိုချင်၍ နေ၏။ ရွာကိုပြန်ချင်၏။ ငွေရှိ မှသာ ရွာကို ပြန်နိုင်ပေမည်။ ထိုငွေသာရလျှင် သ္မီးကလေးကို ရောင်းဘို့မလိုတော့။
''ဒါဖြင့်ပေး'' ဟု ခတ်မာမာအော်လိုက်လေ၏။ ဘယ်လိုအသံမျိုးနှင့် အော်လိုက်မိသည်ကိုပင် မသိတော့ပေ။
ဝတုတ်ကြီး ကား တရှိုက်ငင်ငင်နှင့် ဒူးထောက်ရာမှထလျက်၊ အင်္ကျီစအိပ်ကို သွားနှိုက်ပြီး၊ ရွှေဒင်္ဂါးများကို ထုတ်၍ ပေးရှာသည်တွင် ၀မ်လန်းသည် အင်္ကျီဖြင့်ဖြန့်၍ ခံယူလေ၏။ ထိုတကြိမ်နှင့် အားမရသေးမူ၍ ''ဒါဘဲလား ထပ်ပေးအုံး''ဟု ခတ်ကြမ်းကြမ်းအော်ပြန်လေ၏။
ဝတုတ်ကြီး လည်း အိပ်ထဲ ၌ထပ်၍ နှိုက်ရပြန်ကာ ရှိသမျှ အကုန်ထုတ်ပေးရှာရင်း ''အဲဒါအကုန်ပါဘဲ၊ တပြား မှ မကျန်တော့ပါဘူး၊ ကျုပ်ကိုယ်မှာ ကျုပ်အသက်ဘဲ ကျန်ပါတော့ တယ်''ဟု ပြောကာ ငိုလေ၏။ ရှိုက်ကြီး တငင် ငိုကြွေးနေသော ၀တုတ်ကြီးအား ၀မ်လန်းသည် ကြည့်ရင်း ကြည့်ရင်း စက်ဆုပ် ရွံရှာ လာပြီး လျှင် ''သွား သွား သွား၊ ကျုပ်မျက်စိအောက်က ထွက်သွား၊ နို့မိုရင် ကျုပ်သတ်မိ လိမ့်မယ်''ဟု ပြောလိုက် လျှင်၊ ထိုသူ သည် ခွေးပြေးသလို တအားခုန်ပေါက်၍ ပြေးလွှား ကွယ်ပျောက် သွား လေ၏။
အိမ်က နွားကို မသတ်ရဲ မူ၍ စိတ်ထားနူးညံ သနားတတ်သော ၀မ်လန်းမှာ နဂိုရ်စိတ် ပျောက်လျက်၊ ပါးကွက် အာဏာသား စိတ်မျိုး ပေါက်နေလေ၏။
ငွေ ဟူသော အသံကြားရသောအခါ စိတ်ထဲတွင်၊ တမျိုးဖြစ်၍ သွားလေ၏။ ရွှေဒင်္ဂါး တွေနဲ့ အခန်းထဲတွင် တယောက် တည်း ကျန်ရစ်ခဲ့ပြီး၊ မည်ရွေ့မည် မျှရှိသည်ကိုပင် ရေတွက်မနေနိုင်တော့ဘဲ၊ အကျီအောက် ရင်ဘတ် ကြားသို့ထည့်လျက်၊ တဲသို့ပြန် ခဲ့လေ၏။

သို့ပြန်ခဲ့ရင်း - "နက်ဖြန်ခါ အညာကိုပြန်မယ်" ဟု တကိုယ်တည်း စိတ်ကူးကာ အူမြူး၍ နေလေတော့ သတည်း။
ဆက်ရန်
.
No comments:
Post a Comment