တစ်
ထိုနေ့သည်ကား ၀မ်လန်းအိမ်ထောင်ပြုရတော့မည့် နေ့ပင်ဖြစ်သည်။
မျက်စိနှစ်လုံး ပွင့်လာလျက်၊ အခန်းဆီးများကြောင့် မှောင်အတိကျနေသော အိပ်ရာနံဘေး ပတ်ဝန်းကျင် တ၀ိုက်ကို ကြည့်ရှုမိရင်း ပဌမသော်အခြားအခြားသော နံနက်ခင်းများနှင့်မတူ၊ ထူးခြား ပြောင်းလဲ နေသ လိုလို ရှိသော ထိုနေ့နံနက်ခင်းကို မစဉ်းစားတတ်အောင်ရှိလေ၏။
အိမ်တအိမ်လုံးကား မျက်နှာချင်းဆိုင် အခန်းမှ၊ တသဲ့သဲ့မျှထွက်ပေါ်လျက်ရှိသည့် ၄င်း၏သခင်အိုကြီး၏ ချောင်းဆိုး သံမှတပါး ဆိတ်ငြိမ်လျက်ပင် ရှိသေး၏ နံနက်လင်းလာပြီဆိုလျှင် ပင်၊ ပဌမဦးစွာ ကြားရလေ့ ရှိသောအသံမှာ အဘိုးကြီး၏ ချောင်းသံပင်ဖြစ်၏ ၀မ်လန်းသည် ထိုအသံ ကိုအိပ်ရာထဲမှ ပက်လက် နားထောင် ရင်း၊ အဘိုးကြီး၏အသံတဖြည်းဖြည်းနီးလာ၍၊ အခန်းတံခါး ဖွင့်ကာ၊ ကျိကနဲ မြည်သံ ကြားရကာ မှသာ အိပ်ရာကထလေ့ရှိ၏ ။
ထိုနေ့နံနက်၌ကား ၀မ်လန်းသည် အချိန်ဖြုန်း၍ မနေတော့ပေ၊ အိပ်ရာထဲမှခေါင်းထောင်၍ ထကာ၊ အခန်းဆီး များကို ဆွဲဖယ်လိုက်၏ နံနက်ခင်း၏အရောင်ကား နီကျင့်ကျင့်ရှိလျက်၊ စက္ကူစုတ်များ ဆွဲချိတ် ထားသဖြင့် တလူလူလွင့်နေသော သေးငယ်သည့်ပြူတင်းပေါက်ကလေးမှ အပြင်သို့ မျှော်ကြည့် လိုက်သော အခါ၊ ပြာလဲ့သောကောင်းကင်ကြီးကို မြင်ရလေ၏ ၀မ်လန်းသည် အပေါက် ဆီသို့သွားကာ စက္ကူ များကို စုတ်ဖြဲလိုက်လေ၏။
မိုးတွင်းရောက်နေပြီဘဲ ဒါတွေမလိုတော့ပါဘူး ဟူသည့်တကိုယ်တည်းပြောလေ၏၊ ထိုနေ့အဘို့ အိမ်ကို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်စေလိုသည့် ဆန္ဒကို အပြင်ထုတ်ဘို့ ရန်ကားရှက်၍နေလေ၏
ပြူတင်းပေါက်ကား လက်တဘက်အပြင်ထုတ် နိုင်လောက်အောင် ကျယ်လေရာ၊ ၎င်းသည်လက်ကို အပြင်သို့ ထုတ်လျက်၊ လေ၏အရသာကို ခံလေ၏ မိုးသက်ရောရှက်လာသော နူးညံ့သည့် လေညှင်း ကလေး သည်၊ အရှေ့ဘက်မှ ငြီးညူသံဖြင့် တသုံသုံဝှေ့ကာကစား လွင့်ပါ၍လာလေ၏ ၎င်းကား ကောင်းသော ရှေ့ပြေးနိမိတ်တစ်ခုပင် ဖြစ်၏ လယ်ကွင်းများမှာ မိုးလိုလျက်ရှိသည်။ ယနေ့အဘို့ မိုးရွာမည့် ပုံမပေါ်သော်လည်း။ ယခုရက်အနည်းငယ်အတွင်း၊ ထိုမိုးသက်ကလေးများ ရောပြွမ်းသည့် လေသာ ဆက်လက် ဝှေ့ရမ်း မြူးတူးမြဲ မြူးတူးနေခဲ့မည်ဆိုလျှင် ရေရတော့မည်ဖြစ် ၏၊ မနေ့ကပင် မိမိသည် ဘခင် ဖြစ်သူအား "ဒီအတိုင်းသာ နေ့စဉ်ရက်ဆက် နေတပူထဲပူနေရင် ဂျုံနှံ့တွေတော့ အဖျင်း တွေ ဖြစ်ကုန် တော့မှာပဲ အဘရေ့"ဟု ပြောခဲ့မိသေး၏။
ယခုမှု ၎င်းအတွက်ဘုရားမသကဲ့သို့ ရှိလေ၏ လယ်တွေကားအသီးအနှံတွေဖြင့် အောင်ပေ တော့မည်။
ဝမ်လန်း သည် အလယ်ခန်းမထဲသို့ သုတ်သီးသုတ်ပြာနှင့် တက်ခဲ့ရင် ဘောင်းဘီပြာကလေးကိုဆွဲ ၍ မကာ ခါးစီးကြိုး ကို ခိုင်ခိုင်ကြီးစီးလေ၏ ကိုယ်အထက်ပိုင်းကား ရေချိုးရန် ရေနွေး ကြိုပြီးသည်အထိ ကိုယ်တုံးလုံး နှင့်ပင်နေလေ၏ ၎င်းသည်ဆက်လျက်ရှိသော နောက်ဖေး ဆောင်ထဲသို့ထွက်ခဲ့လေရာ၊ တဘက်ခန်းထောင့် မှောင်ထဲမှ နွားတကောင်သည် ခေါင်းကိုဝှေ့ရမ်း လျက်၊ ၀မ်လန်းအား "၀တ် ထရိမ်း" ဟု နှုတ်ဆက်လေ၏။
မီးဖိုဆောင်မှာ အိမ်ကြီးကဲ့သို့ပင် မြေအုဋ္ဌ်များကား ၎င်းတို့၏လယ်ကွက်များမှ မြေကိုတူးကာ ဖုတ်ထား ခြင်းဖြစ်လျက်၊ အမိုးမှာလည်း လယ်ထဲမှထွက်သော ကောက်ရိုးသက်ကယ်များပင် ဖြစ်၏ မီးဖိုမှာဝမ်လန်း၏ အဖိုး ငယ်စဉ်က သူ့ခေတ်နှင့်သူ ခေတ်အလိုက် ဆောက်လုပ်ထားခဲ့သော မြေအုဋ္ဌ်မီးဖိုကြီးဖြစ်လျက်၊ ချက်ရေး ပြုတ်ရေးဘက်တွင် အပူခံဘက်မှ အသုံးတော်ခံရခဲ့သည့် နှစ်ကာလပေါင်း တာရှည်မြင့်ညောင်းခဲ့ ပြီဖြစ်သည့် အတိုင်း၊ ဖုတ်ပြီး ကင်ပြီး၊ အိုမဲဂျီးထူလဗြစ်နှင့် မဲနက်တောက်ပြောင်နေလေ၏ အဆိုပါ မီးဖိုကြီး ပေါ်တွင် နက်စောက်လှသော သံဒယ်အိုးအ၀ိုင်းကြီးတခု ရှိ၏ ။
ဝမ်လန်းသည် ဘူးသီးခြောက်ရေမှုတ်ဖြင့်၊ အနီးရှိစဉ် အိုးထဲမှေ၇ကိုခတ်ယူကာ ဒယ်အိုးထဲသို့ တ၀က် ပြည့်အောင် ထည့်လေ၏ သို့ထည့်ရာတွင် ရေရှားလှသည် ဖြစ်သောကြောင့်၊ မဖိတ်မစင်အောင် ဂရုတစိုက် ထည့်၏ ထိုနောက်ခဏမျှ တွေဝေနေပြီးလျှင်၊ ရုတ်တရက် စဉ့်အိုးကို မကာ ဒယ်အိုးကြီးထဲသို့ အကုန် လောင်းသွန်ကာ ထည့်လိုက်လေ၏ ထိုနေ့အဘို့ တကိုယ်လုံးကို ရေလောင်း၍ ချိုးတော့အံ့။
ဝမ်လန်းသည် မီးဖိုချောင်ထောင့်ရှိ ကောက်ရိုးနှင့် ထင်းချောင်းများကို သွား၍ယူပြီးနောက်၊ မီးဖိုတွင် သေချာစွာ စီထားကာ၊ မီးခတ်ကျောက်ကို သံဖြင့်ခတ်လျက် မီးမွှေးလေ၏ ယနေ့နံနက်ပြီးလျှင် ကိုယ်တိုင် မီးမွှေး ရသောဝဋ်မှ ကျွတ်ရတော့မည်ဖြစ်၏ လွန်ခဲ့သော ၆-နှစ်ခန့် မိခင်ကြီး အနိစ္စရောက်ခဲ့ကတည်းက နံနက်တိုင်း မီးမွှေးခဲ့ရ၏ မီးမွှေး-ရေနွေးကြို၊ ဆူလျှင် ဇလုံထဲထည့်၍ ခြေထောက်နှစ်ချောင်းတုပ်ထိုင်ကာ ချောင်း အဆက်မပြတ် ဆိုးရင်း ခြေထောက်နှစ်ချောင်းက ဂယောင်ဂတန်းနှင့် ဘိနပ်လိုက်စမ်းနေသော သခင်အိုကြီး ရှိရာ အခန်းထဲသို့ ယူသွားရ၏။
အဘိုးကြီးကာ အဆိုပါ ၆-နှစ်လုံးလုံးနံနက်မိုးသောက် အလင်းရောက်လာပြီဆိုလျှင်၊ အိပ်ရာထ ချောင်းဆိုး ခြင်း မှ သက်သာရာသက်သာကြောင်းဖြစ်သော ရေနွေးကိုသားဖြစ်သူလာပို့သည့် တိုင်အောင် စောင့်မျှော် နေလေ့ရှိ၏ ယခုသော် သားအဘနှစ်ယောက်စလုံး အနားယူနိုင် တော့မည်ဖြစ်၏ အိမ်သို့ မိန်းမ တစ်ယောက် ရောက်လာပေတော့မည်၊ နွေရောဆောင်းရော ၀မ်လန်း သည် နံနက် ဝေလီဝေလင်း မီးမွှေးရန် ထရ တော့မည်မဟုတ်ချေ၊ အိပ်ရာထဲ၌ပင် မထဘဲဇိမ်ခံနေနိုင် တော့မည်ဖြစ်လျက်၊ သူ့အဘိုးလည်း ရေနွေး ဇလုံ ယူလာပို့ဆောင်ခြင်းကို ခံရတော့မည်၊ ၎င်းပြင် အသီးအနှံသာ ဖွံ့ဖြိုးဦးမည်ဆိုပါက၊ လက်ဘက် ရည်ကြမ်း ကလေးလည်း ပါလာပေဦးတော့မည်။
အကယ်၍ မယားဖြစ်သူ ပင်ပမ်းခဲ့သည်ရှိသော်၊ ပေါက်ဖွားလာမည့် သားသ္မီးများက လုပ်ကိုင်ကြ မည်ဖြစ်၏၊ အိမ်တွင် အခန်းသုံးခန်းရှိလေရာ၊ ထိုအခန်းသုံးခန်းမှ ပြေးကာလွှားကာထွက်လိုက် ၀င်လိုက်လုပ်နေကြသော သားသမီး ကလေးများကို မြင်တွေ့နေရသည့် စခန်းအထိ အတွေးနယ် ချဲ့မိသောအခါမှ လန့်ဖြန့်ကာ စိတ်ကူး ကို အဆုံးသတ်လိုက်မိလေ၏ မိခင်ကြီးအနိစ္စရောက် ကတည်းက တ၀က်မျှ ခြောက်ကပ် ကပ်ကြီး ဖြစ်နေခဲ့သော အိမ်တွင် အခန်းသုံးခန်းရှိနေခြင်းမှ၊ ၎င်းတို့အဘို့ပိုလျှံနေသလိုလို အောင်းမေ့မိခဲ့၏ ထိုအခန်း များမှာ ဦးလေးတော်သူနှင့် ၎င်း၏ ခလေး တွေတပြုံတခေါင်းကြီးအတွက်၊ ခလေးချော့တေးဖြင့် မြူ့ချိုကာ အုပ်ထိမ်းရင်း အသုံးတော်ခံဘို့ သက်သက်မျှဖြစ်နေပေ၏။
"ကဲ-ကျုပ်တို့သားအဘ ၂-ယောက်ထဲနဲ့ ဒီအခန်းတွေ ဘာသွားအသုံးချမလဲအဘရာ၊ အဘနဲ့သား တူတူ မအိပ်နိုင်ဘူးလား အဘရ၊ လူငယ့်ကိုယ်ငွေ့နဲ့ အဘိုးကြီးရဲ့ ချောင်းဆိုးရောဂါ တောင် သက်သာစေနိုင်တယ် မဟုတ်လား အဘရ"ဟု ၀မ်လန်းသည် ဘအေအိုကြီးအား ပြောမိတိုင်း၊ အဘိုးကြီး၏ အဖြေကား "ငါက ငါ့အိပ်ရာကို ငါ့မြေး အတွက်ထားတာကွ၊ ငါအိုသထက်အိုလာရင် ငါ့အရိုးတွေကို သူ့ကိုယ်ငွေ့ ကလေး နဲ့နွေးအောင် လုပ်လိမ့်မပေါ့"ဟူ၍ ဖြစ်၏။
ယခုသော် အဘိုးကြီးအတွက် မြေးတွေရပေတော့မည်၊ မြေးတယောက်ပြီးတယောက် သူတို့တတွေ သူတို့ အိပ်ရာ တွေကို အလယ်ခန်းကြီးမှကော ထရံတလျောက်မှာကော ခင်းရတော့မည်၊ အိမ်တအိမ်လုံးကား အိပ်ရာ တွေဖြင့် ပြည့်နေပေတော့မည်၊ ၀မ်လန်းမှာတခြမ်းမျှ ခြောက်ကပ် နေသော် အိမ်ကြီးအတွင်း၊ အိပ်ရာ တွေအကြောင်းကို အတွေးခေါင်ရင်း မီးဖိုမှမီးများသည် ငြိမ်းလျက်၊ ဒယ်အိုးထဲမှ ရေများလည်း ဧစက်၍ ကုန်ကြ၏ အကျီကြီးကျွတ်လျက်လက်ဖြင့်ကိုင်ကာ အဘိုးကြီး၏မထင်မရှားသဏ္ဍာန်သည် တံခါးဝ၌ ပေါ်၍ လာလေ၏ အဘိုးကားချောင်းတဟုဟု တံတွေးတပြစ်ပြစ်နှင့်ရှိ၏။
"ငါ့အဆုပ်တွေနွေးအောင် ရေနွေးဘာပြုလို့ မရသေးသလဲဟ"
ဝမ်လန်းကား အကြောင်သားဖြစ်သွားကာ သတိပြန်ရလာလျက်၊ ရှက်ကိုးရှက်ကန်းဖြစ်သွားလေ၏
"ထင်းတွေက စိုနေတယ်အဘရ၊ လေကလဲ" အဘိုးကြီးသည် မနေမနား အဆက်မပြတ်အောင် ချောင်းဆိုး ပြန်ရာ ရေနွေးပွက်သည်အထိ မရပ်တော့ပေ၊ ၀မ်လန်းသည် ပုဂံလုံးတလုံးထဲသို့ ရေနွေးထည့်လျက်၊ ကြပ်ခိုးစင် ပေါ်မှ အိုးတလုံးကိုဖွင့်ကာ လဘက်ခြောက် ၁၂-ပွင့်ခန့်ကိုယူ၍ ခတ်လေ၏ အဘိုးကြီး၏ မျက်လုံးများကား မက်မောစုံမက်သည့် အရောင်ဖြင့် တောက်ထိန်ကျယ် လာရာမှ တခဏချင်းပင် ညည်းတွား လေတော့၏။
"ဘာပြုလို့မင်းဒါလောက်တောင် ဖြုန်းတီးရသလဲကွ၊ လဘက်ခြောက်က ငွေပြားကိုက်စားရဒါလို အဘိုးတန် ရတဲ့ အထဲ"
"ဒီနေ့မို့ပါအဘရာ၊ ဧဧသက်သာသောက်စမ်းပါ"ဟု ၀မ်လန်းကရယ်၍ပြန်ပြောလေ၏။
အဘိုးကြီး သည် အေ၇ခြောက်ခမ်းလျက် အရိုးအဆစ်တွေငေါပြူကာ ထွက်နေသော တုန်လှုပ်သည့် လက်များ ဖြင့် ပုဂံကိုလှမ်းကိုင်လိုက်ရင်း၊ ပါးစပ်ကလည်းဖြစ်တောက်ဖြစ်တောက် ၀က်ညည်း သလိုညည်း နေလေ၏ သို့ ညည်းရင်းက နှစ်သက်မြတ်နိုး အဘိုးထိုက်လှသော အရေကို မသောက်ရက်သည့်အလား၊ လိပ်ခွေ၍ နေသော လဘက်ခြောက်ရွက်ကလေးများ ရေနွေးပြင်ပေါ် တွင် ခါးဆန့်ပြန်ကညီ၍ သွားသည် အထိ စောင့်ကြည့် နေလေ၏။
"ဧကုန်တော့မည်အဘရ"ဟု ၀မ်လန်းကပြောလေ၏
"ဟုတ်သဟေ့-ဟုတ်သဟေ့"ဟု အဘိုးကြီးသည်၊ အလန့်တကြားပြောကာ လဘက် ရေကြမ်းပူပူကြီးကို ကြိုက်ခနဲ ကြိုက်ခနဲသောက်ချလေ၏ နို့စွဲနေသော ကလေးငယ်လို လက်ကမလွတ်ဘဲ ခွက်တခွက်လုံး ပြောင်အောင် ခွေးယက်သလိုယက်လေ၏ သို့နှင့်လည်း စည်ပိုင်းတခုထဲသို့ ဒယ်အိုးကြီးထဲမှ ရေတွေကို အရမ်းခတ်ထည့်နေသော ၀မ်လန်ထံသို့ မျက်စိရောက်သွားသောအခါတွင် ခေါင်းကိုဆပ်ကနဲ မော့လိုက်ပြီ ပြူးတူး ပြဲတဲကြည့်လျက်။
"မင်းရေတွေက စပါးတခါသီးနိုင်ပါပကောလား ၀မ်လန်းကား ဘာမျှပြန်မပြောဘဲ ရေကုန်အောင် ဆက်၍သာ လောင်းထည့် နေလေ၏"
"ကြည့်စမ်း"ဟု အဘိုးကြီးက အော်လေ၏။
"နှစ်ဆန်း ကတဲက တကိုယ်လုံး ဂျီးမချွတ်ခဲ့ရသေးသလို့ပါအဘရာ"ဟု ၀မ်လန်းက တိုးတိုး သက်သာ ပြန်၍ ပြောလေ၏
၎င်းမှာ ဇနီးလောင်း၏ မျက်စိထဲတွင် သူကိုယ်ကို သန့်သန့်ရှင်းရှင်းတွေ့မြင်စေလိုသည့် အကြောင်းကို ဘခင်ဖြစ်သူအား ဖွင့်ပြောရန်ရှက်၍ နေလေ၏ ရေစည်ပိုင်းကိုယူပြီး သူ့အခန်းထဲသို့ သုတ်သီးသုတ်ပြာ ၀င်ခဲ့လေ၏ အခန်းတံခါးရွက်မှာကောက်လိမ်နေသော အခန်းဘောင်တွင် တဲတဲမျှတပ်ထားရကား မလုံဘဲ ဟ၍နေလေ၏၊ အဘိုးကြီးသည် တုံချိတုံချိနှင့်လိုက်ပါလျက် ဟနေသောတံခါးကြားမှ ပါးစပ်တေ့ကာ ဒီလိုသာ မနက်အိပ်ရာထ လဘက်ရေကြမ်းကတမျိုး ရေချိုးဂျီးတွန်းပေးရတာက တမျိုးဆိုရင် မင်းမိန်းမအတွက် လာလာ ချင်း ဖိရာကျတော့မလို့ပေါ့ကွ ဟု အော်ပြောလေ၏။
"ဒီတနေ့ထဲပါ အဘရာ"ဟု ၀မ်လန်းသည် ပြန်၍အော်ပြီး ဆက်လက်၍ ရေချိုးပြီးရင် ဒီရေတွေ လယ်ကွက် ထဲသွားလောင်း ပစ်မှာပါဗျ အလဟဿမဖြစ်ပါဘူး ဟု ပြောလေ၏
ဤတွင် အဘိုးကြီးမှာ ငြိမ်သက်သွားလေ၏ ၀မ်လန်းလည်းဘောင်းဘီခါးစီး ကြိုးကိုဆွဲဖြေကာ ဘောင်းဘီ ကို ချွတ်လိုက်လေ၏ အပေါက်ငယ်တပေါက်မှ ထိုးဝင်နေသော အလင်းရောင်တွင် ၀မ်လန်းသည် မျက်နှာသုတ် ပ၀ါတထည်ကို ရေနွေးထဲတွင်နှစ်လျက်၊ ရေညှစ်ကာ တကိုယ်လုံးကို ခတ်ကြမ်းကြမ်းကလေး တိုက်ချွတ် ဆေးကြော လေ၏။
ပဋ္ဌမ၌ နွေးသလိုလိုထင်ရသော်လည်း အသားကို ရေထိသောအခါ ချမ်း၍လာလေ၏ မျက်နှာသုတ်ပ၀ါကို ရေထိသော အခါ ချမ်း၍လာလေ၏ မျက်နှာသုတ်ပ၀ါကို ရေနွေးထဲတွင် နှစ်လိုက်ရေညှစ်လိုက် ကိုယ်ကို တိုက်ချွတ် လိုက်နှင့် ခပ်သွက်သွက်ကလေး လှုပ်ရှားလိုက်မှ တကိုယ်လုံးမှာ အငွေ့တထောင်းထောင်းထ၍ လာလေ၏ ထို့နောက်သေတ္တာတလုံးဆီသို့ ထသွားလေ၏ ထိုသေတ္တာမှာ မိခင်ကြီး၏ သေတ္တာပင် ဖြစ်လျက်၊ သေတ္တာထဲမှ အပြာရောင်ချည်ထည် အ၀တ်တစုံကို ဆွဲထုတ်လေ၏။
ယနေ့ဆောင်းခံ အ၀တ်ထူထူထဲထဲကြီးများ မ၀တ်ခဲ့လျှင် အနည်းငယ်ချမ်းဧမည်ဖြစ်သော်လည်း ရေချိုးသန့်စင်ပြီး သော အသားပေါ်သို့ ထူထဲသောအ၀တ်ကြီးများကို မတင်ရက်ပေ၊ ထိုဆောင်းကာ အကျီကြီးများမှာလည်း အပြင်သားများ ပေါက်ပြဲညစ်ထေးနေကြပြီဖြစ်လျက်၊ အတွင်းရှိ မွဲချောက်ချောက် စိုထိုင်းထိုင်း ဖြစ်နေသာ မှိုတို့မှာလည်း၊ အပေါက်ကိုယ်စီမှ ခေါင်းပြူကာ ထွက်နေကြပေပြီ ပဋ္ဌမအကြိမ် တွေ့ဆုံ ရခြင်းတွင် ဇနီးလောင်းအား ဤသို့သော မှိုတစ်လစ် အပေါက်ဘရဗြစ် အကျီဖြင့် မိမိအား မတွေ့မြင် စေလိုပေ၊ နောက်နောင်အတွက်ကား သူ့မိန်းမသည် အ၀တ်အစားများကို ရှော်တန်ရှော်၊ ဖာထေး ချုပ်လုပ်တန် ချုပ်လုပ်ရတော့မည်အမှန် ပေ၊ သို့သော်တွေ့တွေ့ချင်း အစုတ်အပြဲတွေမြင်သွား၍ မကောင်း။
ထို့နောက် ၀မ်လန်းသည် ချည်ထည်နှင့်ပင် ယက်လုပ်သော အကျီရှည်ကြီးကို အပေါ်ထပ်မှထပ်၍ ၀တ်ဆင်၏ ထိုအကျီရှည်ကြီးကား တနှစ်တွင် ၁၀-ကြိမ်လောက်သာ ကြုံသော ပွဲလမ်းသဘင်များ တွင် ကျစ်ဆံမြီကိုဖြေလိုက်ကာ၊ ချိနဲ့သလို ခြေမခိုင်ဘဲ လှုပ်ရှားယိမ်းယိုင်နေသည့် စားပွဲကလေး တလုံး၏ အံဆွဲထဲမှ သစ်သားဘီးတစင်းကိုယူ၍ ဆံပင်ကို ဖြီးလေ၏ ၊
တံခါး အနီးသို့ အဘိုးကြီးရောက်လာပြန်ကာ ဟနေသော တံခါးကြားကို ပါးစပ်တေ့လျက် "ဒီနေ့ငါဘာမှ မစားရ တော့ဘူးလားကွ၊ ငါ့အရွယ်ဟာ မနက်တိုင်ကျ အစာတခုခုမစားရမချင်း အရိုးတွေ အရေပျော် နေတဲ့ဥစ္စာ…."ဟု ညည်းညည်း ညူညူပြောလေ၏။
"လာပါပြီအဘရ"ဟု ပြောရင်း ၀မ်လန်းသည် သပ်သပ်ရပ်ရပ် သွက်သွက်လက်လက် ဆံပင်ကို ကျစ်ဆံမြီး ပြန်ထိုးလျက်၊ အနက်ရောင်ပိုးပဲကြိုးကလေးဖြင့် ချည်ထုတ်လိုက်လေ၏ တခဏမျှကြာ သောအခါ အင်ကျီ ရှည်ကြီးကို ချွတ်လိုက်ပြီးလျှင် ကျစ်ဆံမြီးကို ခေါင်းတွင် ရစ်ပတ်လျက်၊ ရေအပြည့်နှင့် စီပိုင်းကိုလည်း သယ်ရင်းအပြင်သို့ထွက်ခဲ့လေ၏ နံနက်စာကိုပင် လုံးဝ မေ့လျော့နေလေ၏ ဘခင်ကြီးအတွက်မှု အသား ဆံပြုတ်ကလေးပြုတ်၍ ပေးဘို့ စိတ်ကူးလျက် ၎င်းကိုယ်တိုင် အတွက်ကား စားချင်သောက်ချင်စိတ် မရှိ တော့ပေ။
စီပိုင်းကြီးကို မလျက် အိမ်တစက်မိတ် အောက်သို့ထွက်ခဲ့ပြီ၊ ရေများကိုတံခါးအနီး၌ သွန်ပစ်လောင်း ချလေ၏ သို့သွန်ပစ်ရင်းက မိမိမှာရေချိုးရန်အတွက် ဒယ်အိုးကြီးထဲမှ ရေများ အားလုံးသွန်ပစ်မိလေ သည့်အဖြစ်ကိုသတိရကာ၊ မီးးပြန်မွေး၍ အသစ်ကြိုရဦးမည်ကို တွေးမိလေ၏ ထိုအခါ ဘအေအိုကြီးအား ဒေါပွသော အရိပ်အရောင်သည် မျက်နှာပေါ်၌ ဖြတ်သန်း၍သွားလေ၏။
"ဒီခေါင်းဖြူ စွယ်ကျိုးကြီးဟာ သူအပင်းလျှို့ ဘို့လောက်သာသိတာပဲ"ဟု မီးဖိုထဲသို့ ခတ်တိုးတိုး လှမ်း၍ ညည်းလေ၏၊ ကျယ်ကျယ်လောင်လောင်ကား ဘာတခုမျှမပြောပေ။ ယနေ့နံနက်ကား အဘိုးကြီး စား သောက် ရေး အတွက် နောက်ဆုံးအကြိမ် စီမံရခြင်းပင်ဖြစ်သည်။ တံခါး တဘက်ရှိ ရေတွင်း ထဲမှ ရေပုံးဖြင့် ရေဆွဲကာ ဒယ်အိုးထဲသို့ ရေအနည်းငယ်လောင်းထည့်လေ၏ ။ ခဏချင်းပင် ဆူပွက်လာသောအခါ၊ အသား အနည်းငယ် ထည့်၍ ပြုတ်ပြီး အဘိုးကြီးထံသို့ ယူသွားလေ၏၊ "ဆန်တော့ ညကျမှဘဲရမယ် အဘရေ အခုတော့ပြောင်းဆန်နဲ့ဘဲ စားပေဦးတော့"
ဆက်ရန်
.

5 comments:
ဒဂုန် ခင်ခင်လေး အတွဲ ဘယ်လောက်တောင် စုဆောင်းထား
ပါသလဲ ဗျို့ .....။
ဆက်တင်သူငယ်ချင်းရေ
ငါလည်းအခုမှ အေးအေးဆေးဆေးလာဖတ်ရတော့တယ်
ငါ အစကနေ စပြီပြီနော်
ခင်မင်စွာဖြင့်
သူငယ်ချင်းရေ
ငါလည်းအခုမှ အားလို့ အေးဆေး လာဖတ်တော့တယ်
အစကနေဖတ်ရပြီပေါ့
ပိုစ်သစ်လေးနဲ့တိုးတယ်
ဆက်ဖတ်ဖို့အတွက် စောင့်မျှော်နေတယ်ဟေ့
သူငယ်ချင်းရေ
ဆက်တင်ပါဗျို့
ငါ မျှော်နေမယ်
ခင်မင်စွာဖြင့်
မမ...ဒဂုန်ခင်ခင်လေးကိုကောင်းတယ်ဆိုလို့ လာဖတ်တယ်နော်...မူရင်းက တရုတ်ဝတ္ထုမို့လား...ဘာဖြစ်လို့လဲဆိုတော့ ၀မ်လန်းဆိုတဲ့နာမည်အပြင် အဲဒီလိုရေမချိုးပဲနေတာ တရုတ်ဝတ္ထုတွေထဲမှာပဲတွေ့ဘူးလို့ :P
ချစ်ညီမလေး
Post a Comment