Wednesday, March 17, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၄၈)

စလေသူနှင့် မန္တလေးသားတို့အရှုပ်

ယင်းသို့ ကျန်းမာရေးကိစ္စမှာ သင်္ကာမကင်းချင်စရာ ဖြစ်၍ နေပါသည်။ မန္တလေးမှာ လာရောက် တည်းခိုနေကျ လူနှင့် စလေသူမ၏ ဇာတ်လမ်းမှာ တချီ တပွဲ ပြဿနာ ရှင်းပြီး ကြသော်လည်း နောက် မဆုတ်ဘဲ ရှေ့သို့တိုးလျက် ချီတက်နေကြဆဲ ဖြစ်သည်။ ပဋ္ဌမအချီ အထုပ်ဖြီရာ၌ ကျမအား တောမှာ ရှိသော စိတ်နောက် နေသည့် လူ့လင်ရဲသား (ပုလိပ်သား) အတွက် ရသင့်ရထိုက်သော စုငွေကလေးများ သွားထုတ် ပါရစေဟု ခွင့်တောင်းပြီး ပျောက် သွားခြင်း ဖြစ်သည်။ ၁၅-ရက်ခန့်ကြာသောအခါ ၎င်း၏အစ်မစစ်သားမယား ရောက်လာပြီး စလေမှာ သူ့ညီမ ၀မ်းကိုက်နေ၍ ရုတ်တရက် ပြန်မလာနိုင်သေးကြောင်း လာပြောသည်၊ ပြောရုံမက သူ့၏ လင်ဖြစ်သူ စစ်သားမှာ တနေရာခဏရွှေ့သွားရ၍ မစားလောက် သဖြင့် စရိတ် ထောက်ပါဦးဆိုသောကြောင့် တလ၁၅ိခန့် ၃-၄လ ထောက်နေရပြန်သေး၏။

တလကျော်လောက် ကြာသောအခါ စလေ သူမသည် ဆီတပုံးနှင့် ပြန်ရောက်လာသည်။ တကယ်စင်စစ် စလေမှ သယ်ယူလာသော ဆီပုံးမဟုတ်။ ရန်ကုန်ရှိ အညာ ဆီရောင်းသူ များထံမှ ၀ယ်ယူ ပေးလိုက်ရသူ တဦက ဇာတ်ပေါင်းခန်းရောက်မှ ပြန်လည်ပြောပြ၍ သိရှိရ ပါသည်။ အရှုပ်ထုပ်ကို ရှင်းရာ၌ ဇာတ်လမ်းကို ယုတ္တိယုတ္တာရှိအောင် ညာရသည်မှာ မန္တလေးသားဧည့်သည်၏ ကျင်လည်မှု ဖြစ်ပါသည်။ ထိုမန္တလေး သားကလည်း လူလွတ် မဟုတ်၊ သားမယားကြီး ငုတ်တုတ်နှင့် ဖေါက်ပြားကြခြင်း ဖြစ်ပါသည်။

သို့ရာတွင် ၁၅၅၉-ခုနှစ် လောက်စပြီး မန္တလေး ကြာကူရီ ဧည့်သည်တော်မှာ ဗမာ့ခေတ်တိုက်မှ မပြေ လည်သော ငွေရေး၊ ကြေးရေး ကြွေးကိစ္စကြောင့် အိမ်မှာ လာရောက်တည်းခိုခြင်း မပြု ၀န့်တော့ပါ။ ခြေထိုး ခံရ၍ ပြန်သွားကြသာ အိမ်ဖေါ်ကရင်မလေးများ နေ့ချင်းပြန်သွားကြပြီး နော့ တပတ်လောက်ရှိသောအခါ ယောက်ျားရှာ ကရင်မလေးနှစ်ဦး အလုပ်လုပ်ရန် အသင်းတိုက်မှ လာပို့ပါသည်။ ယခင်ပြန်သွားသူ နှစ်ဦးထံမှ ကျမ အိမ်တွင် အလုပ်လုပ်ရန် ကြောက်ရွံ့၍ ပြန်လာခဲ့သည်။ မီးဖိုထဲမှာ ညစာထမင်းစားချိန်၌ အိမ်သား မိန်းမနှစ်ဦး သုံးဦး က ညဒီအိမ်မှာ အလုပ်လုပ်သူများ အင်မတန် အနှိပ်စက် အညှဉ်းဆဲ ခံရသည်။

အိမ်ကြီး တစ်အိမ်လုံးက အလုပ်တွေကို နင်တို့နိုင်အောင် လုပ်နိုင်မှာလဲ မဟုတ်ဘူး။ အလုပ်ကို နိုင်နင်း အောင် မလုပ်နိုင်သောအခါ ဆူပူကြိမ်းမောင်းခံရမည့် စသည်ဖြင့် ပြောကြ၍ အလုပ် လုပ်ရန် ကြောက်ပြီး ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သို့ရာတွင် နောက်ရောက်လာ သူ နှစ်ယောက်မှာ ကိုယ်ရေး ကိုယ်တာ အတွက် လခကြေးငွေလိုသောကြောင့် ဘာဘဲဖြစ်ဖြစ် သူတို့ သွားလုပ်မည်ဟု စွန့်စား၍ လာခဲ့ကြသူ များဖြစ် ကြောင်း သိရှိရပါသည်။ သည်အခါတော့ ဘယ်သူတွေ ဖျက်လိုဖျက်ဆီး ပြောလိုက်သည်ဟု သိလိုသဖြင့် စုံစမ်း သော်လည်း ပေါ်ပြီးသား အစကလေးပါ စုံးစုံးမြှုပ် ပျောက်ကွယ်သွားသည်အထိ အိမ်သားအားလုံး ညီညီ ညာညာ ပါးစပ် ပိတ်ထားကြပါသည်။

သို့သော် စလေ သူမနှင့် ဂါဝန်ပြာမတို့လက်ချက်တွေဖြစ်ကြောင်း နောက်မှသိရပါသည်။ အိမ်ပေါ်မှာ လူသစ် ရောက်လာမှာကို မလိုလားဆုံးသော အချိန်ခါမို့လည်း ပိုမို ရောက်လာပြန်သည်။ မန္တလေးသား ကြာကူလီနှင့် အလှမ်း ဝေးသွားသော်လည်း ရန်ကုန်လာသောအခါ အပြင်အပ၌ အဆက်အသွယ် ရှိမြဲ ရှိနေရမှ  အိမ်တွင်း မှာ တွေ့မရှောင် လူသားစား ကာမဂုဏ် သရဲကြီးနှင့်လည်း တဘက်တလမ်းမှ စခန်းသွားကာ ငရံနှစ်ကောင် တပြိုင်နက် ဖမ်းထားမိပြီး ဖြစ်ပါသည်။ တောသူဆန်းတော့ အိုးလုံးမှောက်တော့မည်။

ကျွန်မသည် ဤအိမ်တွင်း ဇာတ်ရှုပ်များကို နားဖောက်မည့်သူ အလျင်မရှိ၍ အလျင်မသိ၊ သံသရာလည်း နည်းနည်း ကလေးမှ မရှိသေးသည်မှာ လူ့သိက္ခာ လူ့စည်းမျဉ်း အတွင်းမှ နေထိုင်ကြသော လူတွေဟူသော ယုံကြည် မှု တစ်ခုဖြစ်ပါသိည်။ ကျွန်မသာ မသိရှိ မရိပ်မိပေမဲ့ အိမ်ပေါ်တွင်အတူနေ ဓါတ်ပုံဆရာ မောင်နှမ ၀မ်းကွဲက ပက်ပင်းပါမိဘူးသည်။ ဤအချိန်ကစပြီး ဓါတ်ပုံဆရာကို အိမ်ပေါ်မှာ မအိပ်ရတော့ဘဲ မောင်းချကာ အလုပ် တိုက်ပေါ်က အခန်းတစ်ခုအား အပိုင်စားစေသည်။

ကျွန်မသည် ဒီကောင်ငယ် အိမ်ပေါ်မှာ မအိပ်သည်ကို ထွေထွေထူးထူး မတွေးမိဒါ အမှန်ပါ။ အရေးပေါ် ဓါတ်ပုံများ သတင်းစာ၌ ထည့်ဘို့ လိုလာလျှင် အချိန်မရွေး လုပ်ကိုင်ပေးနိုင်ရန် တကြောင်း၊ ယောက်ျား ကလေး ဖြစ်၍ အောက်ထပ်မှာ လွတ်လွတ်လပ်လပ် နေလို၍ ရွှေ့အိပ်ခြင်း ဖြစ်သည်ဟု ထင်မိသည် တကြောင်း၊ မေးမြန်းစုံစမ်း မနေတော့ပါ။ ဤအကြောင်းကို ယခုပြန်ရေး နိုင်ခြင်းပင် နောက်ပိုင်း အခြား ကိစ္စ တခုနှင့် သင်္ကာရှင်းရာတွင် ဓါတ်ပုံ ဆရာကောင်ငယ်၏ ၀န်ခံချက် သက်သေခံစာတခုမှာ သည်အကြောင်း ပါလာသဖြင့်သာသိရခြင်းဖြစ်ပါသည်။

ထိုမျှ မကသေး၊ နတ်မောက်လမ်းမှန် ဂေဟာမှာ နေကြသော ပညာရေးဌာနအတွင်းဝန် ဦးပု၏ အိမ်သူ အိမ်သား များကလည်း သူတို့နှင့် ဆွေမျိုးနီး၍ ၀င်ထွက်ဆက်သွယ်နေသူ သည်မိန်းမ၏ ဒုတိယ နောက်ဆက်တွဲ ကိစ္စကို စောစောစီးစီး သိရှိနေကြသည်။ သူတို့သည် ကျွန်မအား သတိပေးသင့်သော ၀တ္တရား ရှိပါလျက် တကြိတ်တည်း၊ တဥာဏ်တည်း လျှို့ဝှက်သိုသိတ်ထားခြငိးဖြင့် မတရားမှုကို အားပေးခြင်း ပြုနေသကဲ့သို့ရှိနေပါသည်။

သူရာဓုတ္တ၊ ကာမဓုတ္တစသော အရက်သေစာမှာ အလွန်အကြူးသောက်စား ယစ်မူးသူ၊ ကာမဂုဏ် ကိစ္စ၌ အလွန် အကြူး ယစ်မူးသူ၊ ငွေကြေးတတ်နိုင်သူများထံမှ စားလုပ် စားပေါက်ကောက်စားရုံမျှဆိုလျှင် တော်လေ သေးသည်။ ယခုမှာ အကြံက အလွန့်အလွန်ကြီးလှပါသည်။ ရှင်ဘုရင်ကို သတ်၍ နန်းရပ်ထီးဖြူ လုယူမည့် အကြံအစည်ကြီးမျိုး နှင့် အလားတူ ရှေ့ရှုလျက် ချီတက်ကြတော့မည်။

 ထောင်ချောက်တွေထဲမှ လွတ်ခဲ့ရပုံ

ဤအချိန်နှင့် တပြိုင်တည်းလိုလိုပင် ကျမစီးသော ကားနီကြီးကို မောင်းသူဒရိုင်ဘာ အားလည်း သူတို့ တားလိုသေးသည်။ ကျမ၏ ကားမောင်းသမားမှာ အလုပ်သက် (၇)နှစ်ခန့်ရှိသူဖြစ်၍ သူတို့ဘက်မှ အသိုင်း အ၀ိုင်းတစုက ကျမလူဟု ယူဆထားသည်။ သို့ကြောင့် သူတို့နှင့် တဂိုဏ်းတည်းဖြစ်အောင် သွေးဆောင် ယူလိုက်သောအခါ၊ ကျမဒရိုင်ဘာကလည်း တဘက်လူစု၏ အလိုတော်ယိဖြစ်သွားပါသည်။
ဘာမဆိုသူတို့ဂိုဏ်းမှ ခိုင်းစေသမျှလုပ်ပေးရန် အဆင်သင့်ဖြစ်နေသော်လည်း၊ ကျမအဘို့ ကဘာမျှ ရိပ်မိ ခဲ့ရသူ မဟုတ်သေးပေ။

ကျမက တပည့်တပန်းများအား ညှာညှာတာတာနှင့် ပေးစရာ ကမ်းစရာရှိလျှင် လက်မနှေးတတ်သဖြင့် အလုပ် ကို ဤမျှ နှစ်ကြာကြာစွဲစွဲမြဲမြဲ လုပ်လာသူသာ ဖြစ်ပါသည်။ သို့ပါသော် သူတို့၏ မူလအယူအဆမှာ အလုပ် တိုက်အတွင်းရေးနှင့် အိမ်တွင်းရေး အရှုပ်အထွေးများကို ကျမနားသို့ ပေါက်ကြားအောင် ပြောလိမ့် မည်ဟု သင်္ကာမကင်း၍ သိမ်းသွင်း ယူလိုက်ခြင်းဖြစ်ပါသည်။

အလုပ်တိုက်တွင် ဒရိုင်ဘာဘာ ၃-၄ယောက်ရှိရာ အခြားဒရိုင်ဘာတို့မှာ ကလိန်ချုံ ဇာတ်ထုတ်တွင် စီးတော်ယာဉ် မောင်း၍ အသုံးတော်ခံကြရသူ ဘက်တော်သားများအဖြစ် ရှေးမဆွ ကတည်း က ရှိနေကြ သူများ ဖြစ်သောကြောင့်၊ အထူးသွေးဆောင် နေကြသူများဖြစ်သောကြောင့်၊ အထူးသွေးဆောင်နေရန်မလို၊ အံတို နေကြပြီ၊ ကားနီကြီးမောင်းရသော ကျမဒရိုင်ဘာကလည်း နောက်ပိုင်းမှာ သူတို့ပေးသမျှတာဝန်ကို ကျေပြွန် အောင် လုပ်ဆောင်ကူညီဘို့ အပေးအယူတည့်သွားလျက် လျှို့ဝှက်ချက်ဟူသမျှ တစွန်းတစမျှ ပြောဘို့ မဆိုထားနှင့် အခြားဒရိုင်ဘာတို့ထက်ပင် အသုံးဝင်လာကာ ကြီးလေးသော သဲထိတ်ရင်ဖို တာဝန် များ ထမ်းရွက်ပေးရန် ကုလားဖန်ထိုးပြီးသားဖြစ်နေပါတော့သည်။

သို့သော် မြတ်စွာဘုရား ဂုဏ်ကျေးဇူးတော်ကြောင့် အန္တရာယ်တွေဝိုင်းနေသော ကျမအဘို့ နှစ်-နှစ်ကျော် အချိန် အတွင်း ဘေးဘယာကင်းစွာနှင့် အသက်ရှည်ခဲ့ရခြင်း ဖြစ်ပါသည်။
ကျမသည်ဤမျှ ဘက်ညီညီနှင့် အတွင်းအပြင်မှာ အန္တရာယ်ပြုမည့်သူတွေ ၀ိုင်းနေသော်လည်း စိုးစဉ်းမျှ မသိသဖြင့် ဘုမသိ, ဘမသိ, ဆိုသလို အနေမပျက်ခဲ့ရာ သွေးအေးအေးနှင့် ထောင်ထားသမျှ ထောင်ချောက် အမျိုးမျိုး မှ ကံထောက်မ၍ လွတ်မြောက်ခဲ့ရသည်ဟု ရေးခြင်းမှာ သီသီကလေးနှင့် လွဲ,လွဲလာရသည်တို့ကို ရုတ်ခြင်း သိသည်မဟုတ်ပါ။ နောင်သောအခါမှသာ ဘယ်နေ့ရက် ဘယ်အချိန်က ဘယ်နေရာတွင် ဘယ်သူ အကြံ နှင့် ဘယ်သူတွေကဘယ်လိုပြုရန် စောင့်စားလျက်ရှိသော်လည်း အကြောင်းမညီညွှတ် မအောင်မြင် စေရန် မမျှော်လင့်သော အဖျက်အဆီးတွေနှင့် တွေ့လျက် အကြံအစည်ပျက်၍ သွားရခြင်းအကြောင်းများကို စုံထောက် ဇာတ်လမ်းများ နားထောင်ရသကဲ့သို့ ဂွင်းဆက်တွေနှင့် အတိတ်ဆောင်သူ အချို့ထံမှ ကြားသိ ရ၍ အသဲတယားယားနှင့် ကြက်သီးထသွားမိပါသည်။

ယင်းသို့အတွင်း၌ လှိုက်၍စားနေသော ကိစ္စအရပ်ရပ်များကို ကြိုတင်ဖေါ်ပြစေကာမူ ထိုစဉ်အရပ်ရပ်များကို ကြိုတင်ဖေါ်ပြစေကာမူ ထိုစဉ်ကတော့ ကျမကဘယ်သူ့အပေါ်ကိုမျှ ၀င်္ကန္တဥာဏ် သုံးနေကြပြီဟု မထင်ဘဲ ကိုယ်နှင့် နှိုင်းကာ စေတနာဖြူစင်ကြသူတွေဟု ထင်ခဲ့သည်။ သူတို့တတွေ အပေါ်တွင် စေတနာဖြူစင်၍ ကြင်နာ သနားမှုရှိသောကြောင့်သာ လာလာသမျှ ဒုက္ခသယ်တို့ကို ကယ်ဆယ်စောင့်ရှောက်၍ အရိပ်အောက် သွင်းခဲ့ခြင်းဖြစ်သည်။ ဒါကိုလဲသူတို့သိသည်။

သို့ရာတွင် ကျမအပြစ်မှာတော့ တခါတရံ အမြင်မတော်တာတွေ့လျှင် မြည်တွန်တောက်တီးခြင်း ပြုတတ် သည် လူကြီးတစ်ယောက်အနေနှင့် လုပ်ကိုင်နေထိုင်ပုံ စံနစ်မကျသည်ကို မြင်လျှင် မိဘသဘွယ်  ပြောရမည်၊ အပြစ်တင်ရမည်ပင် ဖြစ်ပါသည်။ သို့ရာတွင် နောက်ပိုင်းမှာ ကျန်းမာရေးကိုငဲ့ညှာ၍ အမြင် မတော်ဒါ တွေ့သည်တိုင်အောင် မပြောမိအောင် ဥပေက္ခာပြုနေမိပါသည်။ ဤကိစ္စကလေးများမှာ အပရိက ကိစ္စသာဖြစ်၍ အတွင်းကျကျ လှိုက်စားထားသော မသဒီစရာ ကိစ္စကြီးများကို သိရသေးသည်မဟုတ်ပါ။

အပရိက ကိစ္စကလေးများတွင် အပြစ်တင်မှု၊ ဆုံးမသွန်သင်မှုကိုဘဲ ရေးကြီးခွန်းကျယ် လုပ်ခါ ဆူသည် ပူသည်ဟု လာလာသမျှကို ၀ါဒဖြန့်လျှက် ကျမကို ဘီးလူးသဘက်ကြီးပမာ အပြင်လူတို့က အထင် ရောက်စေ ပါသည်။ မိမိတို့ကျူးလွန်ထားသော ဇာတ်ရှုပ်ကြီးကိုမူကား အထူးတလည် လျှိ့ဝှက်ကာ ပြည်ဖုံး ကား ချထားလိုက်ကြပါသည်။ သို့ရာတွင် မကောင်းမှုတို့မည် သည်မှာ ဖုံးအုပ်၍ မရပါ။ ကျမ၏ နားတပေါက် ကိုသာ ခြိမ်းချောက်၍တမျိုး၊ ငွေထိုး၍တဖုံ၊ လူပါပုံအပ်၍ တနည်း အသီးသီးသော နှုတ်ဖျားကို ပိတ်ဆို့ ဖုံးအုပ်၍ ရစေကာမူ အပြင်အပက လူတွေမှာ နားလျှံ၍နေကြပါပြီ။ တမြို့လုံး အသိမိတ်ဆွေ များ တရပ်လုံး သတင်းကောင်းတွေက ကြူကြူမွေးလျှက် ရှိနေလေသည်။

ကာမသူရဲကြီး၏ လျှို့ဝှက်ဇာတ်လမ်း ဆက်ရန်

.

No comments: